Switch Mode

Chapter – 24

ပရော်ဖက်ဆာ ကိုဟင်နဲ့ ပြန်တွေ့ခြင်း

အခန်း (၂၄) ပရော်ဖက်ဆာ ကိုဟင်နဲ့ ပြန်တွေ့ခြင်း

အပြင်ဘက်က ကောင်းကင်ပြင်ဟာ တဖြည်းဖြည်း ရွှေရောင် သမ်းလာပါတယ်။ ကလိုင်းဟာ မလီဆာရဲ့ မျက်လုံးကို စိုက်ကြည့်နေပါတယ်။ ကလိုင်းဟာ မလီဆာကို ဘာပြောရမှန်း မသိတော့ပါဘူး။ ပြောဖို့ ပြင်ထားတဲ့ စကားလုံးတွေကလည်း သုံးစားလို့ မရတော့ပါဘူး။
ကလိုင်းဟာ ချောင်းနှစ်ချက် ဟန့်ပြီး သူ့ဦးနှောက်ကို ချက်ချင်း မွှေနှောက်ပါတယ်။
“မလီဆာ… ဒါက ပိုက်ဆံဖြုန်းတာ မဟုတ်ဘူး… နောက်ကျရင် အစ်ကိုရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဘန်ဆင်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အိမ်ကို လာလည်နိုင်တယ်… အဲဒီကျရင် အစ်ကိုတို့က ဧည့်သည်တွေကို ဒီလိုနေရာမျိုးမှာ ဧည့်ခံရမှာလား… ဘန်ဆင်နဲ့ အစ်ကို အိမ်ထောင်ကျရင်ရော ဒီနှစ်ဆင့်ကုတင်မှာပဲ ဆက်ပြီး အိပ်ရမှာလား…”
“အစ်ကိုတို့နှစ်ယောက်မှာ လက်ထပ်ရမဲ့လူလည်း မရှိသေးပါဘူး… ညီမတို့တွေ နည်းနည်း ထပ်စောင့်ပြီး ပိုက်ဆံ ပိုစုလို့ရတာပေါ့” မလီဆာဟာ ယုတ္တိကျကျ ပြန်ဖြေပါတယ်။
“မရဘူး… မလီဆာ… ဒါက လူ့အသိုင်းအဝိုင်းရဲ့ စည်းကမ်းပဲ” ကလိုင်းဟာ အကျပ်ရိုက်သွားပြီး အတွေးအခေါ် မြင့်မြင့်တွေကို ထုတ်ပြောလိုက်ရပါတယ် “အစ်ကိုက တစ်ပတ်ကို သုံးပေါင်ရမှတော့ တစ်ပတ်ကို သုံးပေါင်ရတဲ့ပုံ ပေါ်သင့်တယ်”
အမှန်အတိုင်း ပြောရရင် ကလိုင်းဟာ တခြားလူတွေနဲ့ တိုက်ခန်း ငှားနေဖူးပါတယ်။ အဲဒါကြောင့် ကျိုးမင်ရွေ့ဟာ ကလိုင်းရဲ့ လက်ရှိအိမ်ကို ကသိကအောက် မဖြစ်ပါဘူး။ တခြားလူတွေ ရှိတာကို အသားကျနေပြီးသားပါ။ ဒါပေမဲ့ ဒီအတွေ့အကြုံဟောင်းကြောင့်ပဲ ကလိုင်းဟာ တိုက်ခန်းအတူငှားနေတာက မိန်းကလေး တစ်ယောက်အတွက် ဘယ်လောက်တောင် အဆင်မပြေလဲ ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။
နောက်ပြီး ကလိုင်းရဲ့ ပန်းတိုင်က သာလွန်သူ ဖြစ်လာပြီး ဂမ္ဘီရနယ်ပယ်ကို လေ့လာဖို့ပါ။ ဒါမှ အိမ်ပြန်လမ်း ရှာနိုင်မယ် မဟုတ်ပါလား။ အဲဒါကြောင့် နောက်ကျရင် ကလိုင်းဟာ အိမ်မှာ အစီအရင်တချို့ လုပ်ကောင်း လုပ်နိုင်ပါတယ်။ ဒီတော့ လူတွေအများကြီး ရှိတာက ကလိုင်းအတွက် အဆင်မပြေပါဘူး။ မတော်တဆ ပြဿနာတက်ရင် ဒုက္ခများမှာပါ။
ကလိုင်းဟာ မလီဆာက ဆက်ပြီးတော့ ငြင်းခုံမှာကို စိုးရိမ်တဲ့အတွက်…
“မစိုးရိမ်ပါနဲ့… အစ်ကို့မှာ တိုက်အိမ် လုံးချင်းငှားဖို့ အစီအစဉ် မရှိပါဘူး… အိမ်ဆက်တစ်လုံးပဲ ငှားမှာပါ… အဓိကက အစ်ကိုတို့အတွက် ကိုယ်ပိုင် ရေချိုးခန်း ပါဖို့ပဲ… နောက်ပြီး အစ်ကိုလည်း မစ္စစမရင်ရဲ့ ပေါင်မုန့်၊ ထင်းဂန် ဘီစကစ်နဲ့ လီမွန်ကိတ်ကို ကြိုက်တယ်… အဲဒီတော့ အစ်ကိုတို့တွေ သံကြက်ခြေခတ်လမ်းနဲ့ ဒက်ဖဒိုလမ်းနားက နေရာတွေကို အရင်ဆုံး စဉ်းစားကြမယ်”
မလီဆာဟာ နှုတ်ခမ်းနည်းနည်း ဆူသွားပြီးနောက် တစ်ခဏ တိတ်ဆိတ်သွားကာ နောက်ဆုံးမှာတော့ ခေါင်းညိတ် သဘောတူလိုက်ပါတယ်။
“အစ်ကိုက အိမ်ပြောင်းဖို့ အလျင်မလိုပါဘူး… ဘန်ဆင် ပြန်လာတာကို စောင့်ဦးမှာပါ” ကလိုင်းဟာ တစ်ချက် ရယ်လိုက်ပါတယ် “ဘန်ဆင် ပြန်လာလို့ ဘာမှ မတွေ့ရင် လန့်ပြီး ဒီလိုပြောလိမ့်မယ်… ငါ့ပစ္စည်းတွေ ဘယ်ရောက်သွားလဲ… ငါ့ မောင့်နှမတွေ ဘယ်ရောက်သွားလဲ… ဒါက ငါ့အိမ် မဟုတ်ဘူးလား… ငါပဲ အခန်း မှားနေတာလား… အရှင်မ… ကျွန်တော် အိပ်မက်မက်နေတာလား… လေးငါရက် မပြန်မိတာနဲ့ဘဲ ကျွန်တော်အိမ်က ဘယ်ရောက်သွားတာလဲ”
ကလိုင်းရဲ့ ဘန်ဆင်သံကို အတုလုပ်ပြီး ပြောဆိုသံက မလီဆာကို ပြုံးသွားစေပါတယ်။
“မဟုတ်ဘူး… မစ္စတာဖရန်ကီက တံခါးဝမှာစောင့်ပြီး ဘန်ဆင်ဆီက အခန်းသော့ တောင်းလိုက်မယ်… ဘန်ဆင် အပေါ်တက်လာဖို့တောင် အခွင့်အရေးရမှာ မဟုတ်ဘူး” မလီဆာဟာ သူတို့ရဲ့ အိမ်ပိုင်ရှင်ကို မှိုချိုးမျှစ်ချိုး ပြောပါတယ်။
မိုရက်တီ မိသားစုမှာ အကုန်လုံးက ကိစ္စသေးသေးလေးလေးပဲ ဖြစ်ဖြစ် ကိစ္စကြီးတွေပဲဖြစ်ဖြစ် မစ္စတာဖရန်ကီကို ဟာသလုပ် ပြောတတ်ကြပါတယ်။ ဒီအကျင့်ကို စခဲ့တဲ့လူကတော့ ဘန်ဆင်ပါ။
“ဟုတ်တယ်… မစ္စတာဖရန်ကီက ဘယ်နည်းနဲ့မှ နောက်အိမ်ငှားအတွက် သော့ပြောင်းမှာ မဟုတ်ဘူး” ကလိုင်းဟာ အပြုံးနဲ့ သံယောင်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ တံခါးကို ညွှန်ပြပြီး…
“မစ္စမလီဆာ… ကျွန်တော်တို့တွေ ငွေသရဖူ စားသောက်ဆိုင်ကို အောင်ပွဲသွားခံကြမလား”
မလီဆာဟာ သက်ပြင်းချလိုက်ပါတယ် “အစ်ကို… ဆယ်လီနာကို သိလား… ညီမရဲ့ အတန်း‌ဖော် သူငယ်ချင်းလေ”
‘ဆယ်လီနာ…’ ကလိုင်းရဲ့ မျက်လုံးထဲမှာ ဝိုင်နီရောင်ဆံပင်နဲ့ မျက်လုံးညိုညို ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံရိပ် ထင်ဟပ်လာပါတယ်။ သူ့မိဘတွေကလည်း ထာဝရည နတ်ဘုရားမကို ကိုးကွယ်ယုံကြည်သူတွေပါ။ သူတို့တွေဟာ သူတော်စင် ဆယ်လီနာရဲ့ နာမည်ကိုစွဲပြီး သူတို့သမီးကို ဆယ်လီနာလို့ နာမည်ပေးခဲ့ပါတယ်။
ဆယ်လီနာက အသက် ၁၆ နှစ် မပြည့်သေးပါဘူး။ မလီဆာထက် နှစ်ဝက်လောက် ငယ်ပါတယ်။ ဆယ်လီနာဟာ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွရှိပြီး ဖော်ဖော်ရွေရွေရှိတဲ့ မိန်းကလေး တစ်ယောက်ပါ။
“သိတယ်လေ” ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။
“သူ့အစ်ကို ခရစ်က ရှေ့နေ… သူလည်း တစ်ပတ်ကို သုံးပေါင်နီးနီး ရတယ်… သူ့ဇနီးလောင်းက အချိန်ပိုင်း စာရိုက်သမား လုပ်တယ်… သူတို့တွေ စေ့စပ်ထားတာ လေးနှစ်ကျော်ပြီ… လက်ထပ်ပြီးရင် ကောင်းကောင်းနေရဖို့ ဒီနေ့ထိ ပိုက်ဆံစုတုန်းပဲ… မင်္ဂလာဆောင်ကိုလည်း နောက်တစ်နှစ်လောက်နေမှ ကျင်းပမှာ… ဆယ်လီနာ ပြောတာတော့ သူ့အစ်ကိုလိုမျိုး လူတွေ အများကြီးပဲတဲ့… သူတို့တွေက ၂၈ နှစ်ကျော်မှ လက်ထပ်ကြတာ… လက်ထပ်ဖို့ကို အများကြီး ကြိုပြင်ဆင်ပြီး ပိုက်ဆံစုထားရတယ်တဲ့… အစ်ကိုရဲ့ ပိုက်ဆံကို မဖြုန်းပါနဲ့လား”
‘စားသောက်ဆိုင်မှာ တစ်နပ်လောက် စားရုံတင်ပါ… ငါ့ကို ဒီလောက်ထိ တရားဟောဖို့ လိုလို့လား…’
ကလိုင်းဟာ မလီဆာရဲ့ စကားကို နားထောင်ပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားပါတယ်။ သုံးလေးစက္ကန့်လောက် တွေးပြီးနောက်…
“မလီဆာ… အစ်ကိုက အခုတောင် တစ်ပတ် သုံးပေါင်ရနေပြီ… နောက်ပြီး လစာက နှစ်တိုင်း တိုးသွားမှာ… အဲဒီတော့ အစ်ကိုရှေ့ရေးအတွက် ညီမ စိုးရိမ်စရာ မလိုပါဘူး”
“ဒါပေမဲ့ ညီမတို့တွေ အရေးပေါ်ကိစ္စတွေအတွက် ပိုက်ဆံကြိုစုထားရမယ်လေ… ဥပမာ အစ်ကိုရဲ့ လုံခြုံရေး ကုမ္ပဏီက ရုတ်တရက်ကြီး ပိတ်သွားရင် ဘယ်လိုလုပ်မလဲ… ညီမ အတန်းဖော်တစ်ယောက်ရဲ့ အဖေဆိုရင် သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီ ပိတ်သွားလို့ ဆိပ်ကမ်းမှာ ယာယီဝင်လုပ်ရမယ်… သူတို့ရဲ့ နေထိုင်မှုအခြေအနေက ရုတ်ခြည်း ဆိုးရွားသွားရော… အဲဒီတော့ ညီမရဲ့ အတန်းဖော်လည်း ရွေးချယ်စရာ မရှိဘဲ ကျောင်းထွက်သွားရတယ်”
မလီဆာဟာ ကလိုင်းကို လေးလေးနက်နက် အကြံပေးပါတယ်။
ကလိုင်းဟာ လက်ဆန့်ပြီး မျက်နှာကို အုပ်လိုက်ပါတယ် “အဲ… အဲဒီ လုံခြုံရေးကုမ္ပဏီက… အစိုးရ… အဲ… အစိုးရနဲ့ အဆက်အသွယ် ရှိတယ်… အဲဒီတော့ တခြားကုမ္ပဏီတွေလိုမျိုး လွယ်လင့်တကူ ပိတ်သွားမှာ မဟုတ်ဘူး”
“ဒါပေမဲ့ အစိုးရတောင် မတည်ငြိမ်ဘူးလေ… ရွေးကောက်ပွဲတိုင်းမှာ အာဏာရပါတီ ပြောင်းပြီး လူအများကြီး ရာထူးကနေ ထုတ်ပယ်ခံရတာပဲ”
မလီဆာဟာ အနိုင်မခံ အရှုံးမပေးဘဲ ပြန်ချေပပါတယ်။
‘ညီမ… နင် တကယ်ကို အများကြီး သိထားတာပဲ…’ ကလိုင်းဟာ စိတ်ရှုပ်စရာကနေ ရယ်ချင်စရာ ရှာတွေ့သွားပြီး ခေါင်းခါလိုက်ပါတယ် “အင်း… ကောင်းပြီလေ… အဲဒီလိုဆိုလည်း…”
“အဲဒီလိုဆိုလည်း အစ်ကို မနေ့က ကျန်တာကို နွေးလိုက်မယ်… ငါးကြော်၊ အမဲသား၊ ထောပတ် တစ်ပုလင်းနဲ့ မုယောဘီယာတစ်ခွက် သွားဝယ်ချည်… ဘာပဲဖြစ်ဖြစ် အောင်ပွဲတော့ ခံရမှာပဲ”
ဒီပစ္စည်းတွေက သံကြက်ခြေခတ်လမ်းပေါ်မှာ ပျံကျဈေးသည်တွေ ရောင်းနေကျပါ။ ငါးကြော်တစ်ပွဲက ခြောက်ပဲနိကနေ ရှစ်ပဲနိ၊ အမဲသား ခပ်လတ်လတ် တစ်ပွဲက ငါးပဲနိ၊ မုယောဘီယာ တစ်ခွက်က တစ်ပဲနိနဲ့ လေးအောင်စရှိတဲ့ ထောပတ် တစ်ပုလင်းက လေးပဲနိ ရှိပါတယ်။ ဒါပေမဲ့ ထောပတ်တစ်ပေါင် ဝယ်ရင်တော့ တစ်ဆိုလီနဲ့ သုံးပဲနိ ကျပါတယ်။
အရင်ကလိုင်းဟာ အားလပ်ရက်မှာ ဟင်းချက်စရာတွေ ဝယ်နေကျမလို့ ဒီဈေးနှုန်းတွေနဲ့ မစိမ်းပါဘူး။ ကလိုင်းဟာ စိတ်မှန်းနဲ့ တွက်ကြည့်ပြီး မလီဆာက တစ်ဆိုလီနဲ့ ခြောက်ပဲနိလောက် လိုလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ အဲဒါကြောင့် ကလိုင်းဟာ တစ်ဆိုလီတန် နှစ်ရွက်ကို ထုတ်လိုက်ပါတယ်။
“အင်းပါ…” မလီဆာဟာ ကလိုင်းရဲ့ အဆိုကို မငြင်းပါဘူး။ မလီဆာဟာ ကျောပိုးအိတ်ချပြီး ကလိုင်းဆီက ပိုက်ဆံကို ယူလိုက်ပါတယ်။
အဲဒီနောက် မလီဆာဟာ ထောပတ်ထည့်ဖို့ ပုလင်းသေးသေးလုံး တစ်လုံးနဲ့ တခြားဟင်းတွေထည့်ဖို့ ထည့်စရာယူပြီး တံခါးဆီ ခပ်သွက်သွက် လျှောက်သွားပါတယ်။ ကလိုင်းဟာ တစ်ခဏ တွေးပြီးနောက် လှမ်းအော်လိုက်ပါတယ်။
“မလီဆာ… ပိုတဲ့ပိုက်ဆံကို အသီးဝယ်လာခဲ့ချည်”
သံကြက်ခြေခတ်လမ်းမှာ တခြားနေရာကနေ အရည်အသွေးနိမ့် သစ်သီးတွေ သက်တမ်းကုန် သစ်သီးတွေ ဝယ်ပြီး ပြန်ရောင်းတဲ့ ပျံကျဈေးသည်တွေ အများကြီး ရှိပါတယ်။ ဒီလမ်းမှာနေတဲ့ လူတွေကလည်း ဒီလို အရည်အသွေးနိမ့်တာ သက်တမ်းကုန်တာတွေ ရောင်းလို့ ဒေါသ မထွက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကချိုလွန်းလို့ပါ။
မကောင်းတဲ့ အစိတ်အပိုင်းကို ဖယ်လိုက်ရင် အရသာရှိတဲ့ သစ်သီးကို ရပါပြီ။ ဒါက ဒီလမ်းမှာနေတဲ့ လူတွေအတွက်တော့ ဈေးသက်သက်သာသာနဲ့ ခံစားလို့ရတဲ့ ပျော်ရွှင်မှုတစ်ခုပါ။
အဲဒီနောက် ကလိုင်းဟာ ခြေလှမ်း လေးငါးလှမ်းလောက် ခပ်သွက်သွက်လှမ်းပြီး ကျန်တဲ့ ပဲနိစေ့တွေကို ထုတ်ကာ သူ့ညီမလက်ထဲ ထိုးထည့်လိုက်ပါတယ်။
“ဟင်…” မလီဆာဟာ သူ့အစ်ကိုကို နားမလည်နိုင်စွာ ကြည့်လိုက်ပါတယ်။
ကလိုင်းဟာ ခြေနှစ်လှမ်း နောက်ဆုတ်ပြီး ပြုံးလိုက်ပါတယ် “မစ္စစမရင်ဆီသွားပြီး လီမွန်ကိတ်သေးသေးလေး ဝယ်စားဖို့ မမေ့နဲ့”
“…..” မလီဆာရဲ့ ပါးစပ်ဟာ ကြက်ဥအလုံးလိုက် မြိုချလို့ရတဲ့အထိ ဟသွားပါတယ်။ နောက်ဆုံးမှာတော့ မလီဆာဟာ…
“ဟုတ်ကဲ့ပါ”
မလီဆာဟာ ချက်ချင်း တစ်ဖက်လှည့်ပြီး တံခါးဖွင့်ကာ လှေကားဆီ ပြေးသွားပါတယ်။
…..
မြစ်တစ်စင်းဟာ မြေပြင်ကို ထိုးခွဲပြီး သာယာငြိမ့်ညောင်းစွာ စီးဆင်းနေပါတယ်။ မြစ်ကမ်းနှစ်ဖက်မှာတော့ သစ်ကတိုးပင်နဲ့ မေပဲလ်ပင်တွေ အတန်းလိုက် ရှိနေပါတယ်။ မြစ်ကို ဖြတ်သန်း တိုက်ခိုက်လာတဲ့ လေနုလေအေးဟာ သန့်ရှင်းလတ်ဆတ်ပြီး ရှူလို့ကို မဝပါဘူး။
ကလိုင်းဟာ အင်တာဗျူး မဖြေဖြစ်တော့တဲ့အကြောင်း အကြောင်းကြားဖို့ ရောက်လာတာပါ။ ခြောက်လုံးပြူးလည်း ယူလာပါတယ်။ ကလိုင်းဟာ လက်ကိုင်တုတ် ကိုင်ထားရင်း အများသုံး မြင်းလှည်းကို ခြောက်ပဲနိ ချေလိုက်ပါတယ်။
ကလိုင်းဟာ အင်္ဂတေကိုင်ထားတဲ့ လမ်းပေါ်မှာ အေးအေးလူလူ လျှောက်ရင်း ကျောက်သားနဲ့ ဆောက်လုပ်ထားတဲ့ သုံးထပ် အဆောက်အဦးတစ်ခုဆီ ချဉ်းကပ်ပါတယ်။ ဒီအဆောက်ဦးကို အလှစိုက်ထားတဲ့ သစ်ပင်ပန်းမန်တွေက ဝန်းရံထားပါတယ်။ ဒီအဆောက်အဦးက ထင်းဂန်တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးဌာနပါ။
“လိုအင်နိုင်ငံရဲ့ အဓိက တက္ကသိုလ်နှစ်ခုထဲက တစ်ခုလို့ မပြောရဘူး…”
ကလိုင်းဟာ ထင်းဂန် တက္ကသိုလ်ကို အခုမှ ရောက်ဖူးတာပါ။ ကလိုင်းဟာ သက်ပြင်းချရင်း ဆက်လျှောက်ပါတယ်။
ထင်းဂန်တက္ကသိုလ်နဲ့ နှိုင်းယှဉ်ရင် ဟိုဘက်မြစ်ကမ်းမှာရှိတဲ့ ခွိုင်းတက္ကသိုလ်က ဆင်းရဲသား တက္ကသိုလ်လို့ ပြောလို့ရပါတယ်။
အဲဒီအချိန်မှာပဲ ကလိုင်းဟာ လှေလှော်ခတ်သံကို ကြားလိုက်ရပါတယ်။ လှေလှော်ခတ်သံနဲ့အတူ လှော်လှေနှစ်စင်းဟာ ခွိုင်းမြစ်ကို ဆန်တက်လာပါတယ်။ လှေလှော်သမားတွေဟာ လှော်တက်တွေကို တညီတညာတည်း စည်းချက်ကျကျ လှော်ခတ်နေပါတယ်။
ဒါက လိုအင်နိုင်ငံရဲ့ တက္ကသိုလ်တွေကြားထဲမှာ ရေပန်းစားနေတဲ့ လှေလှော်အားကစားပါ။ တက္ကသိုလ်ဆက်တက်ဖို့ ကလိုင်း စကောလားရှစ်အတွက် လုံးပန်းနေရချိန်မှာ ဝဲလ်နဲ့ သူ့သူငယ်ချင်းတွေဟာ ခွိုင်းတက္ကသိုလ် လှေလှော်ကလပ်ထဲ ဝင်ပြီး လှေလှော်ပြိုင်နေခဲ့ကြပါတယ်။
“ဟင်း… ဒါက လူငယ်ဘဝပဲ…” ကလိုင်းဟာ ခြေလှမ်းတွေ ရပ်ပြီး အဝေးကို ကြည့်ကာ သက်ပြင်းချလိုက်ပါတယ်။
ဒီလိုမြင်ကွင်းမျိုးက နောက်တစ်ပတ်နေရင် မြင်ရတော့မှာ မဟုတ်ပါဘူး။ နွေရာသီ ကျောင်းပိတ်ရက်ကို ရောက်တော့မယ် မဟုတ်ပါလား။
သစ်ပင်အရိပ်အောက်မှာ လမ်းလျှောက်ရင်း ကလိုင်းဟာ ကျောက်သားနဲ့ ဆောက်လုပ်ထားတဲ့ သုံးထပ် အ‌ဆောက်အဦးရှေ့မှာ ရပ်လိုက်ပါတယ်။ ကလိုင်းဟာ စာရင်းပေးပြီးနောက် အဆောက်အဦးထဲဝင်ကာ အင်တာဗျူး ဖြေရမဲ့နေရာဆီကို လွယ်လွယ်ကူကူပဲ ရှာတွေ့သွားပါတယ်။
“ဒေါက်… ဒေါက်… ဒေါက်…”
ကလိုင်းဟာ ပိတ်ထားတာလည်း မဟုတ် ဖွင့်ထားတာလည်း မဟုတ်တဲ့ တံခါးကို အသာခေါက်လိုက်ပါတယ်။
“ဝင်ခဲ့လေ”
အမျိုးသားတစ်ယောက်ရဲ့ အသံတစ်သံဟာ အခန်းထဲကနေ ထွက်ပေါ်လာပါတယ်။
အဖြူရောင် ရှပ်အင်္ကျီနဲ့ အနက်ရောင် ထက်ဆီဒို ဝတ်ထားတဲ့ သက်လတ်ပိုင်း အမျိုးသားဟာ ကလိုင်း ဝင်လာတာကို တွေ့လိုက်ရတဲ့အခါ မျက်မှောင်ကြုတ်သွားပါတယ် “အင်တာဗျူး ဖြေဖို့က တစ်နာရီ လိုသေးတယ်”
“မစ္စတာစတုန်း… ကျွန်တော်ကို မှတ်မိလား… ကျွန်တော်က အကြီးတန်း တွဲဖက်ပါမောက္ခ ကိုဟင်ရဲ့ ကျောင်းသား ကလိုင်းမိုရက်တီပါ… ကျွန်တော်ရဲ့ ထောက်ခံချက်ကို မစ္စတာစတုန်း ဖတ်ခဲ့တာလေ…” ကလိုင်းဟာ ဦးထုပ်ချွတ်ရင်း အပြုံးနဲ့ ပြောလိုက်ပါတယ်။
ဟာဗင်စတုန်းဟာ သူ့ရဲ့ မုတ်ဆိတ်နက်ကို သပ်ပြီး နားမလည်နိုင်တဲ့ မျက်နှာနဲ့ မေးလိုက်ပါတယ် “တစ်ခုခု မှားနေလို့လား… ငါက အင်တာဗျူးတာ တာဝန်ယူရတဲ့လူ မဟုတ်ဘူး”
“ဒီလိုပါ… ကျွန်တော် အလုပ်ရသွားပြီမလို့ ဒီနေ့ အင်တာဗျူးကို ဝင်မဖြေဖြစ်တော့ဘူး… အဲဒါ လာအသိပေးတာပါ” ကလိုင်းဟာ သူလာတဲ့ အကြောင်းရင်းကို ပြောပြလိုက်ပါတယ်။
“အင်း… သိပြီ”
ဟာဗင်စတုန်းဟာ ကလိုင်း ရောက်လာတဲ့ အကြောင်းရင်းကို သိလိုက်ရတဲ့အခါ မတ်တတ်ရပ်ပြီး ညာလက် ဆန့်ထုတ်လိုက်ပါတယ် “ဂုဏ်ယူပါတယ်… မင်းက တကယ်ကို ယဉ်ကျေးတဲ့ လူငယ်လေးပဲ… ငါ ပရော်ဖက်ဆာနဲ့ အကြီးတန်း တွဲဖက်ပရော်ဖက်ဆာကို အသိပေးလိုက်မယ်”
ကလိုင်းဟာ ဟာဗင်နဲ့ လက်ဆွဲနှုတ်ဆက်ပြီးနောက် စကားနည်းနည်းပါးပါး ပြောပြီးမှ နှုတ်ဆက်မယ်လို့ စဉ်းစားလိုက်ပါတယ်။ ဒီအချိန်မှာပဲ ကလိုင်းဟာ နောက်ဘက်ကနေ တရင်းတနှီးရှိလှတဲ့ အသံတစ်သံကို ကြားလိုက်ရပါတယ်။
“မိုရက်တီ… မင်း တခြားအလုပ် ရသွားတာလား”
ကလိုင်းဟာ နောက်လှည့်ကြည့်လိုက်တဲ့အခါ ငွေရောင်ဆံပင်တွေနဲ့ လူကြီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဒီလူကြီးရဲ့ မျက်လုံးတွေဟာ သမုဒ္ဒရာလို ပြာပြီး နက်ရှိုင်းပါတယ်။ သူ့မျက်နှာပေါ်မှာလည်း အရေးကြောင်းတွေ ရှိနေပါတယ်။
“မင်္ဂလာ နေ့လယ်ခင်းပါ ဆရာ… မစ္စတာအက်ဇစ်… တွေ့ရတာ ဝမ်းသာပါတယ်” ကလိုင်းဟာ ချက်ချင်းပဲ နှုတ်ဆက်လိုက်ပါတယ် “ဆရာတို့နှစ်ယောက် ဒီကို ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ”
မျက်လုံးပြာနဲ့ လူကြီးက ခွိုင်းတက္ကသိုလ် သမိုင်းဌာနရဲ့ အကြီးတန်း တွဲဖက်ပါမောက္ခ မစ္စတာကွမ်တင်ကိုဟင်ပါ။ ကလိုင်းရဲ့ ဆရာလည်း ဟုတ်ပါတယ်။ သူ့ဘေးက ကြေးရောင် အသားရောင်နဲ့ သက်လတ်ပိုင်း အမျိုးသားကတော့ မစ္စတာအက်ဇစ်ပါ။
မစ္စတာအက်ဇစ်ဟာ အနက်ရောင်ဆံပင်နဲ့ မျက်ဆံညိုတွေရှိပြီး လက်ထဲမှာ သတင်းစာတစ်စောင် ကိုင်ထားပါတယ်။ သူ့မျက်နှာအသွင်အပြင်က နူးညံပျော့ပျောင်းပြီး သူ့မျက်လုံးတွေက ဘဝရဲ့ သုခဒုက္ခတွေကို တွေ့မြင်ဖူးတာမလို့ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ငြီးငွေ့စိတ်ပျက်တဲ့အကြည့်မျိုး ထုတ်လွှတ်နေပါတယ်။ သူ့ညာနားရွက်အောက်မှာတော့ သေချာကြည့်မှ မြင်နိုင်မဲ့ မှဲ့နက်တစ်လုံး ရှိနေပါတယ်။
ကလိုင်း မစ္စတာအက်ဇစ်ကို မှတ်မိနေတာက မစ္စတာအက်ဇစ်ဟာ ခွိုင်းတက္ကသိုလ် သမိုင်းဌာနရဲ့ နည်းပြတစ်ယောက် ဖြစ်နေလို့ပါ။ နောက်ပြီး မစ္စတာအက်ဇစ်က အရင်ကလိုင်းကို မကြာခဏ အကူအညီပေးခဲ့ပါတယ်။
မစ္စတာအက်ဇစ်ဟာ ကလိုင်းရဲ့ဆရာ အကြီးတန်း တွဲဖက်ပါမောက္ခ ကိုဟင်နဲ့ စကားစစ်ထိုးရတာကို တော်တော် နှစ်သက်ပါတယ်။ သူတို့နှစ်ယောက်က မကြာခဏဆိုသလို အမြင်မတူလို့ စကားအချေအတင် ပြောကြပေမဲ့ အကောင်းဆုံး သူငယ်ချင်းတွေပါ။ မဟုတ်ရင် သူတို့နှစ်ယောက်က မကြာခဏ ချိန်းပြီး စကားပြောကြမှာ မဟုတ်ပါဘူး။
ကိုဟင်ဟာ ခေါင်းညိတ်ပြီး လေသံအေးနဲ့ “ဆရာနဲ့ အက်ဇစ်က ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတက်ဖို့ ဒီကို ရောက်နေတာ… မင်း ဘယ်လိုအလုပ်မျိုး ရသွားတာလဲ”
“ရှေးဟောင်း အမွေအနှစ်တွေကို ရှာဖွေစုဆောင်းပြီး ထိန်းသိမ်းကာကွယ်တဲ့ လုံခြုံရေးကုမ္ပဏီ… သူတို့တွေက ပရော်ဖက်ရှင်နယ် အကြံပေးလိုနေတော့ ကျွန်တော်ကို တစ်ပတ် သုံးပေါင်ပေးတယ်”
ကလိုင်းဟာ မနေ့က သူ့ညီမကို ပြောခဲ့တဲ့အတိုင်း ထပ်ပြောလိုက်ပါတယ်။
“ဆရာ သိတဲ့အတိုင်းပဲ… ကျွန်တော်က သမိုင်းကို အနှစ်ချုပ်ရတာထက် စူးစမ်းရှာဖွေရတာကို ပိုပြီးတော့ သဘောကျတယ်လေ”
ကိုဟင်ဟာ ခေါင်းအသာ ညိတ်လိုက်ပါတယ် “လူတိုင်းမှာ ရွေးချယ်မှုကိုယ်စီ ရှိတယ်… ဒါပေမဲ့ မင်းက အင်တာဗျူးကို လာမဖြေလည်းရတဲ့အစား အခုလိုမျိုး ထင်းဂန်တက္ကသိုလ်ကို တကူးတကလာပြီး အင်တာဗျူး မဖြေနိုင်တဲ့အကြောင်း လာအသိပေးတယ်… မင်းမှာ ဒီလိုစိတ်မျိုးရှိတာ ဆရာ ဝမ်းသာပါတယ်”
အဲဒီအချိန်မှာပဲ အက်ဇစ်က ဝင်မေးလိုက်ပါတယ် “ကလိုင်း… ဝဲလ်နဲ့ နာယာ ဘာဖြစ်သွားတာလဲ ဆိုတာကို မင်းသိလား… သတင်းစာထဲမှာ သူတို့နှစ်ယောက်ကို သူခိုးတွေက သတ်သွားတယ်လို့ ရေးထားတယ်”
‘အဲဒီကိစ္စက လက်နက်ကိုင်သူခိုးတွေအမှု ဖြစ်သွားတာလား… ဒါနဲ့ ဘာဖြစ်လို့ သတင်းစာမှာ ဒီလောက်မြန်မြန် ပါလာရတာလဲ’ ကလိုင်းဟာ လန့်သွားပြီး ဘာပြောရမလဲဆိုတာကို ချင့်ချိန် စဉ်းစားလိုက်ပါတယ်။
“ကျွန်တော်လည်း သေသေချာချာတော့ မသိဘူး… ဝဲလ်က စတုတ္ထယုဂ်က ဆော်လမန် အင်ပါယာ အန်တီဂိုနပ် မိသားစုရဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို ရထားတယ်… အစကတော့ ကျွန်တော် အဲဒီစာအုပ်ကို ကူပြီး ဘာသာပြန်ပေးသေးတယ်… နောက်တော့ ကျွန်တော် အလုပ်ရှာနေတာနဲ့ ဘာသာကူမပြန်ဖြစ်တော့ဘူး… လွန်ခဲ့တဲ့နှစ်ရက်က ရဲတွေ ရောက်လာမှပဲ ဝဲလ်နဲ့ နာယာ သေသွားတာကို ကျွန်တော် သိလိုက်ရတာ”
ကလိုင်းဟာ ဆော်လမန် အင်ပါယာနဲ့ အန်တီဂိုနပ် မိသားစုအကြောင်းကို တမင်ထည့်ပြောလိုက်တာက သူ့ဆရာနှစ်ယောက်ဆီကနေ သတင်းအချက်အလက် ရလိုရငြား မျှော်လင့်ချက်နဲ့ပါ။
“စတုတ္ထယုဂ်…” ကိုဟင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ကြေးရောင် အသားရေနဲ့ မစ္စတာအက်ဇစ်ဟာလည်း အသက်ရှူသွင်းပြီး နားထင်ကို သတင်းစာနဲ့ ပွတ်လိုက်ပါတယ် “အန်တီဂိုနပ်… ငါ အဲဒီနာမည်ကို ဘာဖြစ်လို့ မမှတ်မိရတာလဲ”

Comment

Leave a Reply

Options

not work with dark mode
Reset