အခန်း (၂၃) လက်ကိုင်တုတ်ဝယ်ခြင်း
ကလိုင်းဟာ ဇိုးတလန်လမ်းပေါ်မှာ နွေးထွေးအေးမြတဲ့ လေနုလေအေးကို ခံစားရင်း ခေါင်းထဲကို အတွေးတစ်ခု ရုတ်တရက် ဝင်လာပါတယ်။
အခု သူ့ဆီမှာ အကြွေက သုံးပဲနိပဲ ရှိပါတော့တယ်။ သူ သံကြက်ခြေခတ်လမ်းကို အများသုံး မြင်းလှည်းစီးပြီး ပြန်မယ်ဆိုရင် လေးပဲနိ ကျမှာပါ။ လေးပဲနိပဲကျမှာကို တစ်ပေါင်တန်နဲ့ ပေးရင် ၂၁ ရာစုမှာ ဒေါ်လာတစ်ရာတန်နဲ့ ရေသန့်ဘူးတစ်ဘူး ဝယ်သလိုမျိုး ဖြစ်နေမှာပါ။ မှားတော့မမှားပေမဲ့ အားနာစရာတော့ ကောင်းပါတယ်။
‘ငါ သုံးပဲနိနဲ့ မြင်းလှည်း ရောက်သလောက် စီးပြီး ကျန်တဲ့ခရီးကို လမ်းလျှောက်ရင် ကောင်းမလား’ ကလိုင်းဟာ အိတ်ကပ်ထဲ လက်ထည့်ပြီး ခပ်နှေးနှေး လျှောက်ရင်း နည်းလမ်းရှာပါတယ်။
‘ဒါလည်း မဖြစ်သေးပါဘူး’ ကလိုင်းဟာ သူ့အကြံကို ငြင်းလိုက်ပါတယ်။ သုံးပဲနိနဲ့ အများသုံး မြင်းလှည်းစီးပြီး ရောက်သလောက် သွားရင်တောင် ကျန်တဲ့ခရီးက ဝေးပါသေးတယ်။ အိမ်ကို ပြန်ရောက်အောင် လမ်းလျှောက်ဖို့က တော်တော်ကြာမှာပါ။ သူ့မှာ ပိုက်ဆံ ၁၂ ပေါင်တောင် ပါတာဆိုတော့ ကလိုင်းဟာ စိတ်မချပါဘူး။
ဒါ့အပြင် ကလိုင်းဟာ ညသိမ်းငှက်က သိမ်းမှာစိုးတဲ့အတွက် ခြောက်လုံးပြူးကို အိမ်မှာ တမင်ထားခဲ့ပါတယ်။ အဲဒါကြောင့် ဝဲလ်ကို သေစေခဲ့တဲ့ ဘေးအန္တရာယ်မျိုး ထပ်တွေ့ရင် ကလိုင်းဟာ ဘယ်လိုမှ ပြန်ခုခံနိုင်မှာ မဟုတ်ပါဘူး။
‘အနားက ဘဏ်မှာ အကြွေသွားလဲရင်ရော… မဖြစ်ဘူး… မဖြစ်ဘူး… သူတို့က ၀.၅ ရာခိုင်နှုန်းတောင် ဝန်ဆောင်ခယူတာဆိုတော့ ဈေးကြီးလွန်းတယ်’ ကလိုင်းဟာ ခေါင်းခါလိုက်ပါတယ်။ ကလိုင်းဟာ ဝန်ဆောင်ခ ပေးရမှာကို တွေးကြည့်ရုံနဲ့တင် ရင်ထဲမှာ တဆစ်ဆစ် နာကျင်သွားပါတယ်။
စဉ်းစားလို့ရတဲ့ နည်းလမ်းတွေကို တစ်ခုပြီး တစ်ခု ဖယ်ထုတ်ရင်း ကလိုင်းရဲ့ မြင်ကွင်းထဲကို အထည်ဆိုင်တစ်ဆိုင် ဝင်လာပါတယ်။ ကလိုင်းဟာ အထည်ဆိုင်ကို ကြည့်ပြီး မျက်လုံးတွေ ဝင်းလဲ့တောက်ပသွားပါတယ်။
‘ဟုတ်ပြီ… အကြွေရဖို့ ငါ့အတွက် လိုအပ်တာ တစ်ခုခု ဝယ်ရမယ်’
ကလိုင်းဟာ အလုပ်အတွက် ဝတ်စုံ၊ ရှပ်အင်္ကျီ၊ စွပ်ကျယ်၊ ဘောင်းဘီ၊ သားရေဖိနပ်နဲ့ လက်ကိုင်တုတ်တစ်ချောင်း ဝယ်ဖို့ ဘတ်ဂျက် ဆွဲထားပြီးသားပါ။ အခုဝယ်တာနဲ့ နောက်မှဝယ်တာပဲ ရှိပါတယ်။
‘ငါနဲ့ လိုက်တဲ့ အဝတ်အစားကို ရွေးရတာက ကရိကထများလွန်းတယ်… နောက်ပြီး ဘန်ဆင်က ဒီလိုနေရာမှာ ငါ့ထက် ပိုတော်တယ်… နောက်ပြီး သူက ဈေးလည်း ဆစ်တတ်တယ်… သူ ပြန်လာမှပဲ ငါ အဝတ်အစား ဝယ်သင့်တယ်… ဒါဆို ငါ လက်ကိုင်တုတ် ဝယ်လိုက်မလား… ဟုတ်တယ်… လက်ကိုင်တုတ်က ခုခံတဲ့နေရာမှာ လူကြီးလူကောင်း တစ်ယောက်အတွက် အကောင်းဆုံး ရွေးချယ်မှုပဲ… ဒီကောင်က သံချောင်း တစ်ဝက်လောက်တော့ သုံးစားရမှာပါ… လက်တစ်ဖက်မှာ သေနတ် လက်တစ်ဖက်မှာတုတ်… ဒါက လူယဉ်ကျေးတစ်ယောက် တိုက်ခိုက်တဲ့ပုံစံပဲ’
ကလိုင်းဟာ စိတ်ထဲမှာ စကားစစ်ထိုးပြီးနောက် ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ တစ်ဖက်လှည့်ပြီး ဝဲလ်ကာ အဝတ်အထည်နဲ့ ဦးထုပ်ဆိုင်ထဲ ဝင်လိုက်ပါတယ်။
ဒီအထည်ဆိုင်ရဲ့ ခင်းကျင်းပုံက ၂၁ ရာစုက အဝတ်ဆိုင်တွေလိုပါပဲ။ ဘယ်ဘက်နံရံမှာ ပွဲတက်ဝတ်စုံတွေ အတန်းလိုက် ပြည့်နေပါတယ်။ အလယ်အတန်းမှာတော့ ရှပ်အင်္ကျီတွေ ဘောင်းဘီတွေ စွပ်ကျယ်တွေ နက်ကတိုင်တွေ ရှိနေပါတယ်။ ညာဘက်မှာတော့ သားရေနဲ့ လုပ်ထားတဲ့ ရှူးဖိနပ် ဘွတ်ဖိနပ်တွေကို မှန်ဗီရိုထဲထည့်ပြီး ပြသထားပါတယ်။
“လူကြီးမင်း… ဘာများ ကူညီပေးရမလဲ ခင်ဗျာ” အဖြူရောင် ရှပ်အင်္ကျီနဲ့ စွပ်ကျယ်နီ ဝတ်ထားတဲ့ အမျိုးသား အရောင်းသမားတစ်ယောက်ဟာ ကလိုင်းဆီ ရောက်လာပြီး ယဉ်ယဉ်ကျေးကျေး မေးမြန်းပါတယ်။
လိုအင်နိုင်ငံမှာ ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိတဲ့ လူကြီးလူကောင်းတွေဟာ ရှပ်အင်္ကျီဖြူ စွပ်ကျယ်နက်နဲ့ ဘောင်းဘီနက်တို့ ပေါင်းစပ်ထားတဲ့ အနက်ရောင် ပွဲတက်ဝတ်စုံကို ဝတ်ဆင်ကြပါတယ်။ သူတို့အရောင်တွေက ရိုးရှင်းပြီး အရောင်ကွဲတွေ သိပ်မရှိပါဘူး။ အဲဒါကြောင့် သူတို့တွေဟာ သူတို့ရဲ့ အမျိုးသား အစေခံတွေ အရောင်းသမားတွေ ဝန်ဆောင်မှုပေးတဲ့လူတွေကို တောက်တောက်ပြောင်ပြောင် ဖြစ်အောင် အရောင်စုံ ဝတ်စားခိုင်းပါတယ်။ ဒါမှ သူတို့နဲ့ ကွဲထွက်နေမယ် မဟုတ်ပါလား။
ဒါပေမဲ့ ဂုဏ်သရေရှိ မိန်းမပျိုတွေနဲ့ အမျိုးသမီးတွေကတော့ ဒီလူကြီးလူကောင်းတွေနဲ့ ဆန့်ကျင်ဘက်ပါ။ သူတို့တွေဟာ ဖက်ရှင်မျိုးစုံ ဒီဇိုင်းမျိုးစုံ အရောင်မျိုးစုံကို ဝတ်ဆင်ကြပါတယ်။ အဲဒါကြောင့် အမျိုးသမီး အစေခံတွေဟာ အဖြူအမည်းပဲ ဝတ်ဆင်ကြရပါတယ်။
ကလိုင်းဟာ ခဏတွေးပြီး အမျိုးသား အရောင်းသမားရဲ့ မေးခွန်းကို ပြန်ဖြေလိုက်ပါတယ် “လက်ကိုင်တုတ်… လေးပြီး မာတဲ့ထဲကပြ”
‘တခြားလူတွေရဲ့ ခေါင်းကို ရိုက်ခွဲနိုင်မဲ့ တုတ်မျိုး…’
စွပ်ကျယ်နီနဲ့ အရောင်းသမားဟာ ကလိုင်းကို တစ်ချက် အကဲခတ်ပြီးမှ အထဲ ခေါ်သွားပါတယ်။ စွပ်ကျယ်နီနဲ့ အရောင်းသမားဟာ ထောင့်တစ်နေရာမှာ အတန်းလိုက် စီထားတဲ့ လက်ကိုင်တုတ်တွေကို လိုက်ပြပါတယ်။
“ဒီလက်ကိုင်တုတ်က သံနှလုံးသားနဲ့ လုပ်ပြီး ရွှေစီထားတယ်… လေးလည်း လေးသလို မာလည်း မာတယ်… ဈေးကတော့ ၁၁ ဆိုလီနဲ့ ၇ ပဲနိ ရှိတယ်… စမ်းကိုင်ကြည့်မလား”
‘၁၁ ဆိုလီနဲ့ ၇ ပဲနိ… ဒီလောက် ပိုက်ဆံမက်နေရင် ဘဏ်ကို ဓားပြသွားတိုက်ပါလား… ရွှေစီထားတာနဲ့ပဲ ဒီလောက်တောင် ဈေးကြီးသွားရလား’ ကလိုင်းဟာ လက်ကိုင်တုတ်ဈေးကို ကြားပြီး လန့်သွားပါတယ်။
ကလိုင်းဟာ ဈေးကို ဂရုမစိုက်တဲ့ မျက်နှာနဲ့ ခေါင်းညိတ်လိုက်ပါတယ် “အင်း…”
အရောင်းသမားဟာ သံနှလုံးသား လက်ကိုင်တုတ်ကို ယူပြီး ကလိုင်းဆီ ဂရုတစိုက် ကမ်းပေးပါတယ်။ ကလိုင်း လက်ထဲကနေ ပြုတ်ကျပြီး ပွန်းပဲ့သွားမှာကို စိုးရိမ်ပုံပါပဲ။
ကလိုင်းဟာ သံနှလုံးသား လက်ကိုင်တုတ်ကို ကိုင်ကြည့်လိုက်ပါတယ်။ သံနှလုံးသား လက်ကိုင်တုတ်က တော်တော် လေးပါတယ်။ ကလိုင်းဟာ သံနှလုံးသား လက်ကိုင်တုတ်ကို ဝှေ့ယမ်းကြည့်တဲ့အခါ လိုသလို ဝှေ့ယမ်းလို့ မရတာကို ရှာတွေ့သွားပါတယ်။
“လေးလွန်းတယ်” ကလိုင်းဟာ ခေါင်းခါလိုက်ပါတယ် ‘ဒါ ဆင်ခြေပေးတာ မဟုတ်ဘူး… တကယ်ကို လေးလွန်းတာ’
အရောင်းသမားဟာ သံနှလုံးသား လက်ကိုင်တုတ်ကို ပြန်ယူပြီး တခြား လက်ကိုင်တုတ် သုံးချောင်းကို ပြပါတယ်။
“ဒီဟာက သစ်ကြားသားနဲ့ လုပ်ထားတာ… နာမည်အကြီးဆုံး လက်ကိုင်တုတ် ပညာရှင် မစ္စတာဟေးစ်ရဲ့ လက်ရာပဲ… ဆယ်ဆိုလီနဲ့ သုံးပဲနိကျတယ်… ဒါကတော့ ရင်းတိုက်သားနဲ့ လုပ်ပြီး ငွေစီထားတယ်… သူလည်း သံလိုပဲ မာတယ်… ဈေးကတော့ ခုနစ်ဆိုလီနဲ့ ခြောက်ပဲနိ… ဒီဟာကကျတော့ ဝိုက်ဘွိုင်သားအနှစ်နဲ့ လုပ်ပြီး ငွေစီထားတယ်… ခုနစ်ဆိုလီနဲ့ ဆယ်ပဲနိ ကျတယ်…”
ကလိုင်းဟာ လက်ကိုင်တုတ် တစ်ချောင်းစီကို ကိုင်ကြည့်ပြီး ကိုင်လို့ကောင်းမဲ့ အလေးချိန်ကို ရှာပါတယ်။ ဒါ့အပြင် ကလိုင်းဟာ လက်ကိုင်တုတ်တွေကို တောက်ကြည့်ပြီး ဘယ်လောက် မာလဲဆိုတာကိုလည်း စစ်ဆေးပါတယ်။ နောက်ဆုံးမှာတော့ ကလိုင်းဟာ ဈေးအချိုဆုံး လက်ကိုင်တုတ်ကို ရွေးချယ်လိုက်ပါတယ်။
“ရင်းတိုက်သားနဲ့ လုပ်ထားတဲ့ဟာကို ယူမယ်” ကလိုင်းဟာ အရောင်းသမား လက်ထဲက ငွေစီထားတဲ့ လက်ကိုင်တုတ်တစ်ချောင်းကို လက်ညှိုးထိုပြီး ပြောလိုက်ပါတယ်။
“ရပါတယ် ဆရာ… ပိုက်ဆံရှင်းဖို့အတွက် ကျွန်တော့်နောက်က လိုက်ခဲ့ပေးပါ… နောက်ကျလို့ ဒီလက်ကိုင်တုတ် ပွန်းပဲ့တာပဲဖြစ်ဖြစ် ခြစ်မိတာပဲဖြစ်ဖြစ် စွန်းထင်းသွားတာပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီကိုသာ လာခဲ့ပါ… အခကြေးငွေမယူဘဲ အလကား ဝန်ဆောင်မှု ပေးပါ့မယ်” အရောင်းသမားဟာ ကလိုင်းကို ကောင်တာဆီ ခေါ်သွားရင်း ပြောလိုက်ပါတယ်။
ကလိုင်းဟာ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ သူ့လက်ထဲမှာရှိတဲ့ ရွှေပေါင်လေးရွက်ထဲက အသေးဆုံးရွှေပေါင်ကို အကြွေဖျက်ဖို့ စီစဉ်ထားပါတယ်။
“မင်္ဂလာပါ ဆရာ… ခုနစ်ဆိုလီနဲ့ ခြောက်ပဲနိကျပါတယ်” ကောင်တာနောက်က ငွေကိုင်ဟာ ကလိုင်းကို အပြုံးနဲ့ နှုတ်ဆက်ပါတယ်။
ကလိုင်းဟာ လူကြီးလူကောင်းပုံရိပ်ကို ထိန်းသိမ်းချင်ပေမဲ့ ရွှေပေါင်ကို လှမ်းပေးတဲ့အခါ ဈေးမဆစ်ဘဲ မနေနိုင်ပါဘူး “ဈေးမလျှော့တော့ဘူးလား”
“ဆရာ… ကျွန်တော်တို့ဆီမှာ ရှိတာတွေ အကုန်လုံးက လက်မှုပစ္စည်းတွေချည်းပဲ… အဲဒါကြောင့် ဈေးကြီးတာပါ” ကလိုင်းဘေးနားမှာရှိတဲ့ အရောင်းသမားက ဝင်ဖြေပါတယ် “ကျွန်တော်တို့ သူဋ္ဌေးက ဒီမှာမရှိတော့ ကျွန်တော်တို့ ဈေးလျှော့ပေးလို့ မရပါဘူး”
ကောင်တာနောက်က ငွေကိုင်ကလည်း “တောင်းပန်ပါတယ် ဆရာ”
“ရပါတယ်”
ကလိုင်းဟာ ပိုက်ဆံပေးပြီး ငွေစီထားတဲ့ လက်ကိုင်တုတ်ကို ယူလိုက်ပါတယ်။
ကလိုင်းဟာ ပိုက်ဆံပြန်အမ်းတာကို မစောင့်ဘဲ နောက်ကို ခြေလှမ်း သုံးလေးလှမ်း ဆုတ်ပြီး လက်ကိုင်တုတ်ကို ဝှေ့ယမ်းကြည့်ပါတယ်။
“ဝှစ်… ဝှစ်… ဝှစ်…”
လေသံကို နားထောင်ပြီး ကလိုင်းဟာ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ ကောင်တာပေါ်ကို လှမ်းကြည့်လိုက်တဲ့အခါ သူမျှော်လင့်ထားတဲ့ အကြွေတွေကို မတွေ့ရပါဘူး။
စွပ်ကျယ်နီနဲ့ အရောင်းသမားဟာ တော်တော်ဝေးဝေးကို နောက်ဆုတ်သွားပါတယ်။ ငွေကိုင်ဟာလည်း ကောင်တာနောက်က ဆုတ်သွားပြီး နံရံမှာ ချိတ်ထားတဲ့ နှစ်လုံးပြူး သေနတ်နားကို ရောက်သွားပါတယ်။
လိုအင်နိုင်ငံမှာ သေနတ်ကိုင်ချင်ရင် လိုင်စင်ရှိရပါတယ်။ အဲဒါကြောင့် သေနတ် ကိုင်ချင်ရင် အစုံသုံးလက်မှတ် ဒါမှမဟုတ် အမဲလိုက်လိုင်စင် ရှိဖို့ လိုပါတယ်။ ဘယ်အမျိုးအစားပဲဖြစ်ဖြစ် ဆင့်ပစ်လို့ရတဲ့ သေနတ်၊ ရေနွေးငွေ့ဖိအားသုံး သေနတ် ဒါမှမဟုတ် စက်သေနတ်စတဲ့ စစ်တပ်သုံး ကန့်သတ်လက်နက်တွေကိုတော့ အသုံးပြုခွင့်လည်း မရှိသလို လက်ဝယ် ပိုင်ဆိုင်ခွင့်လည်း မရှိပါဘူး။
အစုံသုံးလက်မှတ်ကို ရရင် ပြည်သူသုံး ဘယ်လက်နက်မျိုးကိုမဆို ဝယ်ယူလို့ရသလို သိမ်းထားလို့လည်း ရပါတယ်။ ဒါပေမဲ့ ဒီလက်မှတ်ရဖို့က တော်တော် မလွယ်ပါဘူး။ ချမ်းသာကြွယ်ဝတဲ့ ကုန်သည်တွေတောင် ရချင်မှ ရတာပါ။
အမဲလိုက်လိုင်စင်ကတော့ အစုံသုံးလက်မှတ်ထက်စာရင် အများကြီး လွယ်ကူတယ်လို့ ပြောလို့ရပါတယ်။ မြို့ဆင်ခြေဖုံးက လယ်သမားတွေတောင် ဒီလိုင်စင် လျှောက်လို့ရပါတယ်။
ဒါပေမဲ့ ဒီလိုင်စင်က အမဲလိုက်သေနတ်ပဲ သုံးခွင့်ရှိပြီး အရေအတွက်ကိုလည်း ကန့်သတ်ထားပါတယ်။ ဒီလိုင်စင်ကို ပိုင်ဆိုင်မှုများတဲ့ လူတွေက အခုလိုမျိုး အရေးကြီးအခြေအနေမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် လျှောက်ထားလေ့ ရှိကြပါတယ်။
ကလိုင်းဟာ သူ့ကို ထောင့်တစ်နေရာကနေ မျက်ခြေမပြတ် စိုက်ကြည့်နေတဲ့ အရောင်းသမား နှစ်ယောက်ကို ကြည့်ပြီး နှုတ်ခမ်းထောင့်ဟာ ဆတ်ခနဲ တွန့်သွားပါတယ်။ ကလိုင်းဟာ ခြောက်ခြောက်ကပ်ကပ် ရယ်လိုက်ပါတယ်။
“ဟီးဟီး… မဆိုးဘူး… ဒီလက်ကိုင်တုတ်က ဝှေ့ယမ်းဖို့ ကွက်တိပဲ… ကောင်းတယ်”
ကလိုင်းက သူတို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိတာ သိသွားတော့မှ ကောင်တာနောက်က ငွေကိုင်ဟာ စိတ်သက်သာရာ ရသွားပြီး အကြွေတွေကို လက်နှစ်ဖက်နဲ့ကိုင်ကာ တရိုတသေ အမ်းပါတယ်။
ကလိုင်းဟာ အကြွေတွေကို ကြည့်လိုက်တဲ့အခါ ငါးဆိုလီတန် နှစ်ရွက် တစ်ဆိုလီတန် နှစ်ရွက် ငါးပဲနိ တစ်စေ့နဲ့ တစ်ပဲနိ တစ်စေ့ကို တွေ့လိုက်ရပါတယ်။ ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ အရောင်းသမားတွေ သူ့ကို ကြည့်နေတာ ဂရုမစိုက်ဘဲ အကြွေလေးရွက်ကို ဖြန့်ကာ အလင်းရောင်ဘက် ထောင်ကြည့်ပြီး ရေစာပါမပါ စစ်ပါတယ်။
ကလိုင်းဟာ သေချာစစ်ကြည့်ပြီးမှ ပိုက်ဆံနဲ့ အကြွေတွေကို အိတ်ကပ်ထဲ ထည့်သိမ်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ လက်ကိုင်တုတ်ကို လက်တစ်ဖက်မှာကိုင်ပြီး လက်တစ်ဖက်နဲ့ ဦးထုပ်ကိုင်ကာ ဝဲလ်ကာ အထည်ဆိုင်ကနေ ထွက်လိုက်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ ရှန်ပိန်လမ်းကို လမ်းလျှောက်မသွားဘဲ ခြောက်ပဲနိ ဖြုန်းပြီး ခရီးတိုပြေးဆွဲတဲ့ သံလမ်းမဲ့မြင်းလှည်း ငှားစီးပါတယ်။ ရှန်ပိန်လမ်းကနေမှ အများသုံး မြင်းလှည်းစီးပြီး သံကြက်ခြေခတ်လမ်းဆီ ပြန်ပါတယ်။ ဒီလိုနဲ့ ကလိုင်းဟာ ဘေးမသီရန်မခဘဲ အိမ်ကို လုံလုံခြုံခြုံနဲ့ ပြန်ရောက်သွားပါတယ်။
အိမ်တံခါး ပိတ်ပြီးတဲ့နောက် ကလိုင်းဟာ ၁၁ ပေါင်နဲ့ ၁၂ ဆိုလီကို သုံးခါရေပြီးမှ အံဆွဲထဲ ထည့်သိမ်းပါတယ်။ အဲဒီနောက် ကလိုင်းဟာ ဖွက်ထားတဲ့ ခြောက်လုံးပြူးကို ထုတ်ယူလိုက်ပါတယ်။
“ကလစ်… ကလန်…”
ကလိုင်းဟာ အရင်ရှိနေတဲ့ ကြေးကျည်ဆံ ငါးတောင့်ကို ထုတ်ပြီး နတ်ဆိုးပစ်ကျည်ဆံကို ကျည်အိမ်ထဲ ထိုးထည့်လိုက်ပါတယ်။ ကလိုင်းဟာ နတ်ဆိုးပစ်ကျည်ဆံကိုလည်း ငါးတောင့်ပဲ ထည့်ပါတယ်။ အလွတ်တစ်နေရာ ချန်ထားတာက မှားပစ်မိမှာစိုးလို့ပါ။ ကျန်တဲ့ နတ်ဆိုးပစ် ကျည်ဆံတွေကိုတော့ ရိုးရိုးကျည်ဆံတွေနဲ့အတူ သံဘူးလေးထဲ ထည့်သိမ်းလိုက်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ ဆလင်ဒါကို ပြန်ရိုက်ထည့်လိုက်ပါတယ်။ ကလိုင်းဟာ လက်ထဲက ခြောက်လုံးပြူးသေနတ်ကို ကြည့်ပြီး လုံခြုံတယ်လို့ ခံစားလိုက်ရပါတယ်။
အဲဒီနောက် ကလိုင်းဟာ ခြောက်လုံးပြူးကို ချိုင်းသေနတ်အိတ်ထဲ သေချာထိုးထည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ သေနတ်ဆွဲထုတ်တာကို ထပ်ခါထပ်ခါ လေ့ကျင့်ပါတယ်။ ကလိုင်းဟာ လက်မောင်း အောင့်လာတိုင်း ခဏနားပါတယ်။ ပြီးရင် ဆက်လေ့ကျင့်ပါတယ်။ ကလိုင်း ဒီလိုလေ့ကျင့်တာ နေဝင်ချိန်ရောက်ပြီး အိမ်ငှားတွေ ပြန်လာသံကို ကြားရတဲ့အထိပါပဲ။
“ဟူး…”
ကလိုင်းဟာ လေပူတစ်ချက် မှုတ်ထုတ်ပြီး ခြောက်လုံးပြူးကို သေနတ်အိတ်ထဲ ပြန်ထိုးထည့်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ သူ့ရဲ့ ပွဲတက်ဝတ်စုံနဲ့ စွပ်ကျယ်ကို ချွတ်ပြီး သာမန်ဝတ်နေကျ ဝါညိုညိုအင်္ကျီကို ပြန်ဝတ်ပါတယ်။ ပြီးတဲ့အခါမှာတော့ လက်မောင်း လေ့ကျင့်ခန်းလုပ်ပြီး အကြောလျှော့ပါတယ်။
“ရှပ်… ရှပ်… ရှပ်…”
ကလိုင်းဟာ ခြေသံ ကြားလိုက်ရပြီးနောက် သောထည့်လှည့်သံကိုပါ တစ်ဆက်တည်း ကြားလိုက်ရပါတယ်။
ပိတုန်းရောင် ဆံကေသာနဲ့ မလီဆာ အိမ်ပြန်ရောက်လာပါတယ်။ မလီဆာဟာ ရောက်ရောက်ချင်းပဲ နှာခေါင်းရှုံ့ပြီး အနံ့ခံကာ မီးဖိုဆီ ကြည့်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ မလီဆာရဲ့ မျက်လုံးရောင်ဟာ မသိမသာ မှိန်ကျသွားပါတယ်။
“ကလိုင်း… မနေ့ညက ကျန်တာကို ညီမ နွေးလိုက်မယ်… ဘန်ဆင်က မနက်ဖြန်ဆို အိမ်ပြန်လာလောက်တယ်” မလီဆာဟာ ကလိုင်းကို ကြည့်ပြီး ပြောလိုက်ပါတယ်။
ကလိုင်းဟာ အိတ်ကပ်ထဲ လက်ထည့်ပြီး စားပွဲစွန်းကိုမှီကာ ပြုံးလိုက်ပါတယ် “မလိုဘူး… အစ်ကိုတို့တွေ အပြင်ထွက် စားရအောင်”
“အပြင်ထွက် စားမယ်” မလီဆာဟာ တအံ့တဩ မေးခွန်းထုတ်လိုက်ပါတယ်။
“ဒက်ဖဒိုလမ်းက ငွေသရဖူ စားသောက်ဆိုင်မှာ သွားစားကြမလား… အဲဒီဆိုင်က အရသာကောင်းတယ်လို့ ပြောတယ်” ကလိုင်းက အကြံပြုလိုက်ပါတယ်။
“ဒါ… ဒါပေမဲ့…” မလီဆာဟာ ကလိုင်းရဲ့ စကားကို နားမလည်နိုင်ပါဘူး။
ကလိုင်းဟာ ပြုံးဖြဲဖြဲနဲ့ “အစ်ကို အလုပ်ရသွားတာကို အောင်ပွဲခံရမယ်လေ”
“အစ်ကို အလုပ်ရသွားပြီလား” မလီဆာဟာ သူ့အသံကျယ်သွားတယ် ဆိုတာကို သတိတောင် မထားမိလိုက်ပါဘူး “ဒါ… ဒါပေမဲ့… ထင်းဂန်တက္ကသိုလ် အင်တာဗျူးက မနက်ဖြန်မှ မဟုတ်ဘူးလား”
“အဲဒီအလုပ် မဟုတ်ဘူး… တခြားအလုပ်တစ်ခု…” ကလိုင်းဟာ ခပ်ယဲ့ယဲ့ပြုံးပြီး အံဆွဲထဲက ပိုက်ဆံအထပ်လိုက်ကို ထုတ်ယူလိုက်ပါတယ် “သူတို့တွေက အစ်ကိုကို လေးပတ်စာ ကြိုထုတ်ပေးလိုက်တယ်”
မလီဆာဟာ ရွှေပေါင်တွေနဲ့ ဆိုလီတွေကို ကြည့်ပြီး မျက်လုံးပြူးသွားပါတယ်။
“အို အရှင်မ… အစ်ကို… အစ်ကို ဘယ်လိုအလုပ်မျိုး ရလာတာလဲ”
‘အဲဒါက…’ ကလိုင်းရဲ့ မျက်နှာပေါ်က အပြုံးဟာ တန့်သွားပါတယ်။ ကလိုင်းဟာ ပြောရမဲ့စကားလုံးတွေကို သေချာစီလိုက်ပါတယ်။
“ရှေးဟောင်း အမွေအနှစ်တွေကို ရှာဖွေစုဆောင်းပြီး ထိန်းသိမ်းကာကွယ်တဲ့ လုံခြုံရေးကုမ္ပဏီ… သူတို့မှာ ပရော်ဖက်ရှင်နယ် အကြံပေးလိုနေတာ… အဲဒါကြောင့် အစ်ကို့ကို တစ်ပတ် သုံးပေါင်နဲ့ ငါးနှစ် စာချုပ်ချုပ်လိုက်တယ်”
“မနေ့ညက အစ်ကို အဲဒီကိစ္စအတွက် ပူပန်နေတာလား…” မလီဆာဟာ တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် မေးခွန်းထုတ်လိုက်ပါတယ်။
ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်… ထင်းဂန်တက္ကသိုလ်မှာ ကထိက လုပ်တာက လူလေးစားတယ်ဆိုပေမဲ့ လက်ရှိအလုပ်ကို အစ်ကို ပိုသဘောကျတယ်”
“အင်း… ဒီအလုပ်လည်း မဆိုးပါဘူး” မလီဆာဟာ အားပေးပြုံး ပြုံးပြီး မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ မေးလိုက်ပါတယ် “သူတို့တွေက အစ်ကိုကို ဘာဖြစ်လို့ လေးပတ်စာ ကြိုထုတ်ပေးရတာလဲ”
“ဘာဖြစ်လို့လဲဆိုတော့ အစ်ကိုတို့ အိမ်ပြောင်းဖို့ လိုလို့ပဲ… အစ်ကိုတို့တွေ အခန်းအပိုပါပြီး ရေချိုးခန်းသပ်သပ်ပါတဲ့ နေရာတစ်ခုလိုတယ်” ကလိုင်းဟာ ပခုံးတွန့်ပြီး အပြုံးမပျက် ဖြေလိုက်ပါတယ်။
ကလိုင်းဟာ သူ့အပြုံးက ပြီးပြည့်စုံတယ်လို့ ခံစားလိုက်ရပါတယ်။
မလီဆာဟာ ခဏတော့ မှင်တက်သွားပြီး ကပျာကသီနဲ့ ရုတ်တရက် ပြောလိုက်ပါတယ် “ကလိုင်း… ညီမတို့တွေ အခုလည်း ကောင်းကောင်းမွန်မွန် နေနေရတာပဲ… ကိုယ်ပိုင် ရေချိုးခန်းမရှိဘူးလို့ ညီမ မကြာမကြာ ညည်းတာက ဒီအတိုင်း အကျင့်ဖြစ်နေလို့ပါ… အစ်ကို ဂျင်နီကို သိလား… အရင်က ကျွန်မတို့ အိမ်ဘေးမှာနေတဲ့ တစ်ယောက်လေ… သူ့အဖေ ဒဏ်ရာရပြီး အလုပ်ပြုတ်သွားကတည်းက အောက်လမ်းကို ပြောင်းသွားရရှာတယ်… သူတို့မိသားစု ငါးယောက်က တစ်ခန်းတည်းမှာ အတူနေရတယ်… သုံးယောက်က နံရံကပ်ကုတင်မှာ အိပ်ရတယ်… နှစ်ယောက်က ကြမ်းပြင်မှာ အိပ်ရတယ်… အဲဒါတောင် သူတို့မိသားစုက ကျန်တဲ့နေရာလွတ်ကို ငှားချင်နေတုန်းပဲ”
“သူတို့နဲ့ နှိုင်းယှဉ်ရင် ညီမတို့က တော်တော်လေး ကံကောင်းနေပြီ… အစ်ကိုရဲ့ လစာကို ဒီလိုနေရာမှာ မဖြုန်းပါနဲ့… နောက်ပြီး ညီမ မစ္စစမရင်ရဲ့ ကိတ်မုန့်ကို ကြိုက်တယ်”
‘မလီဆာ… နင့်ပုံစံက ငါ ထင်ထားတာနဲ့ ဘာလို့ တခြားစီ ဖြစ်နေရတာလဲ’ ကလိုင်းဟာ သူ့ညီမရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ ဘာပြောရမှန်း မသိတော့ပါဘူး။