Switch Mode

Chapter – 21

ကမ္ဘာခြားက မိတ်ဆွေဟောင်း

အခန်း (၂၁) ကမ္ဘာခြားက မိတ်ဆွေဟောင်း

အဲဒီအချိန်လေးမှာ ကလိုင်းဟာ ၂၁ ရာစုကို ပြန်ရောက်သွားတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ကြေးလေးထောင့်ကွက် ကွပ်ထားတဲ့ ဓာတ်ငွေ့မီးအိမ်နဲ့ လူအိုကြီးနီးလ်ရဲ့ လက်ကြိတ်ကော်ဖီ ထည့်ထားတဲ့ ငွေရောင်သံဘူးက ကလိုင်းကို သူ ဘယ်မှာရှိနေတယ်ဆိုတာ ပြသနေပါတယ်။
‘ဘဝကူးပြောင်းလာတဲ့ ဧကရာဇ်ရစ်ဆဲလ်က တကယ်ကြီး ငါနဲ့ တစ်နိုင်ငံတည်းသားလား… သူက လျှို့ဝှက်ချက်တွေကို ဒီကမ္ဘာမှာမရှိတဲ့ ခေတ်သစ်တရုတ်စာနဲ့ မှတ်တမ်းတင်ခဲ့တာလား…’
ကမ္ဘာခြားမှာ မိတ်ဆွေဟောင်းကို တွေ့လိုက်ရတဲ့ ခံစားချက်ကြောင့် ကလိုင်းဟာ စာရွက်သုံးရွက်ကို ခပ်မြန်မြန် ကောက်ဖတ်လိုက်ပါတယ်။
“နိုဝင်ဘာလ ၁၈ ရက်… တကယ် စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စပဲ… ကောင်းကင်ပြာ စမ်းသပ်မှုနဲ့ မတော်တဆ အခွင့်အ‌ရေးတစ်ခုကြောင့် မုန်တိုင်းတွေကြားထဲက အမှောင်ထုထဲမှာ ပိတ်မိနေတဲ့ သနားစရာကောင်းတဲ့ လူတစ်ယောက်ကို ငါ ရှာတွေ့ခဲ့တယ်… သူက လပြည့်ညမှာပဲ ဒီကမ္ဘာရဲ့ လက်တွေ့လောကဆီ ချဉ်းကပ်လာနိုင်တယ်… သူ့ရဲ့ ငိုကြွေးသံတွေကိုတောင် ဒီကမ္ဘာဆီ ပို့နိုင်တာ မဟုတ်ဘူး… သူ ငါနဲ့တွေ့တာ ကံကောင်းတာ… ငါက ဒီခေတ်ရဲ့ ဇာတ်လိုက်မင်းသားလေ”
“ငါ ဒီစာကို ရေးပြီးတဲ့နောက် စိတ်ထဲမှာ တစ်မျိုးပဲ… ငါရဲ့ တရုတ်စာတောင် ဘာသာပြန်သလိုမျိုး ဖြစ်နေတယ်… ဘာလိုလိုနဲ့ နှစ်လေးဆယ်ကျော်တောင် ကြာသွားပြီ… ဘဝ‌ဟောင်းက မှတ်ဉာဏ်တွေက အိပ်မက်တစ်ခုလိုပဲ…”
“၁၁၈၄ ခုနစ်၊ ဇန်နန်ဝါရီလ ၁ ရက်… နှစ်သစ်ကူးပွဲတော်မှာ ဖလိုရီနာက တကယ်ကို ကြည့်ကောင်းတယ်”
“ဇန်နန်ဝါရီလ ၂ ရက်… ငါ့သံတမန်တွေ အကုန်လုံးက ငတုံးတွေချည်းပဲ”
“ဇန်နန်ဝါရီလ ၃ ရက်… အရင်တုန်းက ငါ အလျင်စလို ဆုံးဖြတ်ချက် ချမိခဲ့တယ်… တကယ်ဆိုရင် ငါ ပညာသင်၊ အကြားအမြင်ဆရာ ဒါမှမဟုတ် သူခိုးကို ရွေးခဲ့သင့်တာ… ကံဆိုးချင်တော့ ပြန်ပြောင်းလို့ မရတော့ဘူး”
“ဇန်နန်ဝါရီလ ၄ ရက်… ငါ့သားသမီးတွေက ဘာဖြစ်လို့ ဒီလောက်တောင် တုံးအရတာလဲ… ငါ ဘယ်နှခါတောင် ပြောပြီးပြီလဲ… အဲဒီ ဆရာယောင်ယောင် သမားယောင်ယောင် စကားတွေကို နားမထောင်ပါနဲ့လို့… ဆေးရည်ရဲ့ အဓိကသော့ချက်က ဆုပ်ကိုင်တာ မဟုတ်ဘူး… ချေဖျက်တာ… ထိတွေ့ကိုင်တွယ်တာ မဟုတ်ဘူး.. သရုပ်ဆောင်တာ… ဆေးရည်ရဲ့နာမည်က ဆေးရည်ရဲ့ ပင်မစွမ်းအားကို တိတိကျကျ ကိုယ်စားပြုတာ မဟုတ်ပေမဲ့ ဆေးရည်ကို ချေဖျက်ဖို့ အဓိက သော့ချက်ပဲ”
“စက်တင်ဘာလ ၉ ရက်… ငါ့ကို ဆန့်ကျင်တဲ့ မဟာမိတ်အဖွဲ့တစ်ဖွဲ့ ပေါ်လာတယ်… မြောက်ပိုင်းက ဖေးဆက်၊ အရှေ့ပိုင်းက လိုအင်၊ တောင်ပိုင်းက ဖေးနာပေါ်တာ… နောက်ဆုံးတော့ ငါ့ရန်သူတွေ ပူးပေါင်းသွားကြပြီပဲ… ဒါပေမဲ့ ငါ နည်းနည်းလေးမှ မကြောက်ဘူး… မျိုးဆက်သစ် လက်နက်တွေနဲ့ အသိပညာကို အရေအတွက်နဲ့ အဆင့်နိမ့် သာလွန်သူတွေ နှိုင်းယှဉ်လို့ မရဘူးဆိုတာ ငါ သူတို့ကို လက်တွေ့ ပြသပေးရမယ်… နောက်ပြီး ငါ့မှာ နောက်လိုက်ငယ်သားတွေ မရှိတာလည်း မဟုတ်ဘူး… အဆင့်မြင့် သာလွန်သူကတော့… ဟီးဟီး… သူတို့တွေ ငါ ဘယ်သူလဲဆိုတာကို မေ့သွားတာလား”
“စက်တင်ဘာလ ၂၃ ရက်… နတ်ဘုရားစွန့်ပစ်နယ်မြေကို သွားရှာတဲ့ သင်္ဘောနဲ့ အဆက်အသွယ် ပြတ်သွားတယ်… ငါ ကြိုးမဲ့တယ်လီဂရမ်ကို တီထွင်ဖို့ စဉ်းစားသင့်ပြီ ထင်တယ်… မုန်တိုင်းကြောင့် အဆက်အသွယ်မပြတ်ဖို့ မျှော်လင့်ရတာပဲ”
“စက်တင်ဘာလ ၂၄ ရက်… မစ္စအစ်သကာက ဖလိုရီနာထက် ပိုကြည့်လို့ကောင်းနေတယ်… ကြည့်ရတာ ငါ ငါ့ရဲ့ လူငယ်ဘဝကို လွမ်းနေပြီနဲ့ တူတယ်”
တရုတ်စာရဲ့ ရှုပ်ထွေးမှုကြောင့် စာလုံးအရွယ်အစားက သာမန်ထက် ပိုကြီးပါတယ်။ ဒီအကြောင်းကြောင့်ပဲ စာရွက်တစ်ရွက်မှာ စာလုံး သိပ်မပါပါဘူး။ နောက်ပြီး ပိုကြာရှည်ခံဖို့နဲ့ သုတေသနလုပ်ရင် သုံးဖို့အတွက် စာရွက်ရဲ့ နောက်ကျောဘက်မှာ ဘာမှ ရေးမထားပါဘူး။
ဒါတောင် ကလိုင်းဟာ ဒီဒိုင်ယာရီကို ဖတ်ပြီး ခံစားချက်တွေ အုံကြွလာပါတယ်။ ဧကရာဇ်ရစ်ဆဲလ်ရဲ့ မှော်ဆေးရည်အကြောင်း ရေးသားထားတာကလည်း ကလိုင်းကို အဖြေရှာဖို့ လမ်းစတွေ့သွားတယ်လို့ ခံစားရစေပါတယ်။ ကလိုင်းဟာ အဖိုးဖြတ်လို့မရတဲ့ လျှို့ဝှက်ချက်ကို သိလိုက်ရတာကြောင့်လည်း သည်းထိရင်ဖို ဖြစ်သွားပါတယ်။
‘ဒါက ငါရဲ့ အနာဂတ် သာလွန်သူ လမ်းကြောင်းအတွက် မီးပြတိုက် ဖြစ်လာမယ် ထင်တယ်… အင်း… ဒီစာရွက်သုံးရွက်က အချိန်မတူဘူး… ကြည့်ရတာ ဧကရာဇ်ရစ်ဆဲလ်က နှစ်တစ်နှစ်ရဲ့ အစမှာပဲ ခုနစ်သက္ကရာဇ်ကို ရေးတယ်နဲ့ တူတယ်… ကျန်တဲ့စာရွက်နှစ်ရွက်ရဲ့ စက်တင်ဘာလနဲ့ နိုဝင်ဘာလက ဘယ်နှစ်ကလည်း မသိဘူး… သူရှာတွေ့သွားတဲ့ သနားစရာကောင်းတဲ့လူကရော ဘယ်သူများပါလိမ့်…’
‘ချေဖျက်တာနဲ့ သရုပ်ဆောင်တာကရော ဘာကိုဆိုလိုတာလဲ’
‘နတ်ဘုရား စွန့်ပစ်နယ်မြေကရော ဘယ်မှာရှိတာလဲ’
ဒီမေးခွန်းတွေဟာ ကလိုင်းရဲ့ ခေါင်းထဲမှာ ဆက်တိုက် ထွက်ပေါ်လာပါတယ်။ ဒီမေးခွန်းတွေကြောင့်ပဲ ကလိုင်းဟာ ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီကို ချက်ချင်း စုစည်းပြီး အစကနေ အဆုံးအထိ ဖတ်ချင်သွားပါတယ်။
“ကလိုင်း…” အဲဒီအချိန်မှာ လူအိုကြီးနီးလ်က ပဟေဠိမျက်နှာနဲ့ ကလိုင်းကို ခေါ်လိုက်ပါတယ်။
ကလိုင်းဟာ တုံ့ခနဲ သတိပြန်ဝင်လာပြီး ချက်ချင်းပဲ တစ်ချက် ရယ်လိုက်ပါတယ် “ဟီးဟီး… ကျွန်တော်က ကျွန်‌တော်ကိုယ်ကျွန်တော် အထူးခြားဆုံးလို့ထင်လို့ ဒီစာလုံးတွေရဲ့ အဓိပ္ပာယ်ကို ဖော်ထုတ်ဖို့ ကြိုးစားကြည့်နေတာ”
“မင်းက တကယ်ကို တက်ကြွတဲ့ လူငယ်လေးပဲ” လူအိုကြီးနီးလ်ဟာ ခေါင်းညိတ်ပြီး ရယ်မောလိုက်ပါတယ် “ငါလည်း အရင်တုန်းက ငါ့ကိုယ်ငါ အထူးခြားဆုံးလို့ ထင်ခဲ့တာ”
ကလိုင်းဟာ သူ့လက်ထဲက စာရွက်သုံးရွက်ကို လှန်လှောကြည့်ပြီး အကုန်လုံး ဖတ်ပြီးသွားပြီ ဆိုတာကို အတည်ပြုပါတယ်။ ပြီးတော့မှ စာရွက်သုံးရွက်ကို လူအိုကြီးနီးလ်ဆီ ပြန်ပေးလိုက်ပါတယ်။
“ကျွန်တော်တို့ဆီမှာ ဒီစာရွက်သုံးရွက်ပဲ ရှိတာလား”
‘ငါ ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီကို ဖတ်ချင်သေးတယ်’
“မင်းက အများကြီး ရှိမယ် ထင်နေတာာလား” လူအိုကြီးနီးလ်ဟာ စာရွက်တွေကို တယုတယ ပွတ်သပ်ပြီး လှောင်ပြုံး ပြုံးလိုက်ပါတယ် “ဂမ္ဘီရနယ်ပယ်နဲ့ သာလွန်သူတွေ ပါဝင်တဲ့ ကိစ္စက တစ်နှစ်မှာ သိပ်ရှိတာ မဟုတ်ဘူး… ဟင်း… အဓိက အကြောင်းရင်းက ငါတို့ရဲ့ မြောက်ပိုင်းတိုက်မှာ ထူးခြားမျိုးစိတ်တွေ တဖြည်းဖြည်းနဲ့ မျိုးတုံး ပျောက်ကွယ်ကုန်တာကြောင့်ပဲ… သူတို့မရှိဘဲနဲ့ မှော်ဆေးရည်တွေ အများကြီး မထုတ်နိုင်ဘူး… အဲဒီတော့ သာလွန်သူ အရေအတွက်ကလည်း အချိန်နဲ့အမျှ လျော့နည်းလာတာပေါ့… ဟင်း… ပြီးခဲ့တဲ့ ရာစုနှစ်တွေမှာ နဂါးတွေ လူ့ဘီလူးတွေ နတ်သူငယ်တွေက စာအုပ်ထဲမှာပဲ ရှိတော့တယ်… ပင်လယ်သားတွေကိုတောင် ကမ်းရိုးတန်းနားက ရေပြင်မှာ မတွေ့ရတော့ဘူး”
လူအိုကြီးနီးလ်ရဲ့ စကားကြောင့် ကလိုင်းဟာ နာမည်တစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။ အဲဒါကြောင့် ချက်ချင်းပဲ အပြုံးနဲ့ ပြောလိုက်ပါတယ် “အဲဒါဆို ကျွန်‌တော်တို့တွေ နဂါးနဲ့လူ့ဘီလူး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ထောင်သင့်ပြီ”
လူအိုကြီးနီးလ်ဟာ ကလိုင်းရဲ့ စကားကို ကြားကြားချင်းမှာ ခေါင်းရှုပ်သွားပါတယ်။ အတန်ကြာအောင် စဉ်းစားပြီးမှပဲ ကလိုင်းဘာကို ဆိုလိုလဲဆိုတာ သဘောပေါက်သွားတာကြောင့် အသံထွက်အောင် ရယ်မောလိုက်ပါတယ်။
“ဟားဟား… ကလိုင်း… မင်းက တကယ်ကို ဟာသဉာဏ်ရွှင်တာပဲ… ဒါက ငါတို့လိုအင်နိုင်ရဲ့ အစဉ်အလာတစ်ခုပဲ… မင်းတို့လို လူငယ်တွေ ပျော်ပျော်နေတတ်တာ ကောင်းတဲ့ကိစ္စပဲ… ငါကတော့ ငါတို့တွေ နယ်ပယ်ကို ချဲ့သင့်တယ် ထင်တယ်… ဘာဖြစ်လို့ နဂါးတွေနဲ့ လူ့ဘီလူးတွေကိုပဲ ကာကွယ်ရမှာလဲ… အဲဒီအဖွဲ့ကို အံ့ဖွယ်သားရဲ ကာကွယ်ရေးအဖွဲ့လို့ ခေါ်သင့်တယ်”
“မဟုတ်သေးဘူး… မဟုတ်သေးဘူး… ကျွန်တော်တို့တွေ အဲဒီသနားစရာကောင်းတဲ့ အပင်တွေကိုလည်း မေ့ထားလို့ မရဘူးလေ”
လူအိုကြီးနီးလ်နဲ့ ကလိုင်းဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး တစ်ပြိုင်တည်း ပြောလိုက်ပါတယ် “အံ့ဖွယ်ဇီဝသက်ရှိများ ကာကွယ်ရေးအဖွဲ့”
အဲဒီနောက် လူအိုကြီးနီးလ်နဲ့ ကလိုင်းဟာ တစ်ပြိုင်တည်း ရယ်မောလိုက်ကြပါတယ်။ ဒီရယ်မောသံက သူတို့နှစ်ယောက်ကြားမှာရှိတဲ့ နေရထိုင်ရခက်မှုတွေနဲ့ မရင်းနှီးမှုတွေကို သိသိသာသာ ပပျောက်သွားစေပါတယ်။
“ဒီနေ့တွေမှာ မင်းလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ လူငယ်လေးတွေ သိပ်မရှိတော့ဘူး… ဒါနဲ့ ခုနက ငါပြောတာ ဘယ်ရောက်သွားပြီလဲ” လူအိုကြီးနီးလ်ဟာ ပြုံးရယ်ရင်း ပြန်စဉ်းစားပါတယ် “အင်း… မှတ်မိပြီ… ဂမ္ဘီရနယ်ပယ်နဲ့ သာလွန်သူတွေ ပါဝင်တဲ့ ကိစ္စက တစ်နှစ်မှာ သိပ်ရှိတာ မဟုတ်ဘူး… အဲဒီကိစ္စနည်းနည်းလေးထဲမှာ ဧကရာဇ်ရစ်ဆဲလ်နဲ့ ပတ်သက်တဲ့ ကိစ္စက ပိုလို့တောင် နည်းသေးတယ်… အဲဒီတော့ ငါတို့တွေ ဒီစာရွက်သုံးရွက် ရတာပဲ တော်တော် ကံကောင်းနေပြီ… တခြား ဘုရားရှိခိုးကျောင်းကြီးတွေနဲ့ တချို့နယ်တွေမှာတော့ ရှိကောင်း ရှိနိုင်တယ်”
အဲဒီနောက် လူအိုကြီးနီးလ်ဟာ ကလိုင်း စောစောက စားပွဲပေါ် တင်ထားတဲ့ မှတ်စုကို ကောက်ယူပြီး တစ်ချက် ကြည့်လိုက်ပါတယ်။
“ကျည်ဆံက ဘာကျည်ဆံလဲ… ပစ္စတိုကျည်ဆံလား… ရိုင်ဖယ်ကျည်ဆံလား ဒါမှမဟုတ် ရေနွေးငွေ့ဖိအားသုံး ကျည်ဆံလား”
“ခြောက်လုံးပြူး ကျည်ဆံပါ” ကလိုင်းဟာ ရိုးရိုးသားသား ဖြေလိုက်ပါတယ်။
“အင်း… ငါ သွားယူလိုက်မယ်… အဟမ်း… ဒါနဲ့ မင်းမှာ ချိုင်းသေနတ်အိတ်ရှိလား… လူကြီးလူကောင်း တစ်ယောက်အနေနဲ့ လူမြင်ကွင်းမှာ ခါးအောက်ပိုင်း ဆူထွက်မနေသင့်ဘူး” လူအိုကြီးနီးလ်ဟာ ယောက်ျားအားလုံး နားလည်တဲ့ စကားနဲ့ နောက်လိုက်ပါတယ်။
“ဟီးဟီး… မရှိသေးဘူး… ဒါနဲ့ ကပ္ပတိန်ကိုရော ဒီထဲ ထည့်လိုက်ရမလား” ကလိုင်းဟာ ပြုံးပြီး အလိုက်သင့် ပြန်မေးလိုက်ပါတယ်။
လူအိုကြီးနီးလ်ဟာ မတ်တတ်ရပ်လိုက်ပါတယ် “မလိုဘူး… ငါက မှတ်ထားဖို့လိုလို့ မေးတာ… ဒါက ဆက်စပ်ပစ္စည်းပဲ… ငါပြောတာကို လိုက်ပြောချည် – ဆက်စပ်ပစ္စည်းပဲ”
“ဦးလေး အရင်တုန်းက ကျောင်းဆရာ လုပ်ခဲ့တာလား” ကလိုင်းဟာ နောက်လိုက်ပါတယ်။
“ငါ ဘုရားကျောင်းရဲ့ တနင်္ဂနွေ စာသင်ကျောင်းနဲ့ အခမဲ့စာသင်ကျောင်းတွေမှာ ခဏတော့ သင်ဖူးတယ်” လူအိုကြီးနီးလ်ဟာ မှတ်စုစာရွက်ကို ဝှေ့ယမ်းပြီး အံဆွဲထဲကနေ သော့တစ်ချောင်း ထုတ်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အတွင်းခန်းထဲသွားတဲ့ သံတံခါးကို ဖွင့်လိုက်ပါတယ်။
‘သာလွန်သူတွေက သာမန်လူတွေနဲ့… ဘာမှလည်း သိပ်မကွာပါ့လား’ ကလိုင်းဟာ စိတ်ထဲမှာ တိတ်တဆိတ် ရေရွတ်ရင်း ဒိုင်ယာရီ စာရွက်သုံးရွက် တင်ထားတဲ့ စားပွဲပေါ်ကို လှမ်းကြည့်လိုက်ပါတယ်။
‘ဧကရာဇ်ရစ်ဆဲလ်က တကယ်ကို ဂမ္ဘီရနယ်ပယ်ထဲ ဝင်ခဲ့တာပဲ… သူ့ဒိုင်ယာရီက ငါ့အတွက် တန်ဖိုးဖြတ်လို့မရဘူး… တခြားလူတွေအတွက်တော့ ဒါက လျှောက်ခြစ်ထားတဲ့ စာရွက်သာသာပဲ ရှိလိမ့်မယ်… တခြားလူတွေ ဘယ်တော့ အဓိပ္ပာယ်ဖော်နိုင်မလဲ မသိပေမဲ့ အခုလောလောဆယ်မှာတော့ ဒီဒိုင်ယာရီက ငါ့အတွက် အဖိုးတန်ရတနာပဲ… ငါ ဒီဒိုင်ယာရီရဲ့ ကျန်တဲ့အပိုင်းတွေကို ဘယ်မှာ လိုက်ရှာရမလဲ မသိဘူး’
‘ငါ ဒီဒိုင်ယာရီကို ရဖို့ နည်းလမ်းရှာရမယ်’ ကလိုင်းဟာ ရင်ဖိုစိတ်လှုပ်ရှားလွန်းလို့ စိတ်ငြိမ်အောင် မနည်းထိန်းနေရပါတယ်။ ဒီလိုဖြစ်တာက လူအိုကြီးနီးလ် ပြန်ထွက်လာပြီး သံတံခါးကို ပိတ်လိုက်တဲ့အထိပါပဲ။
“နတ်ဆိုးပစ်ကျည်ဆံ ၁၀ တောင့်၊ ခြောက်လုံးပြူးကျည်ဆံ အတောင့် ၃၀၊ နွားသားရေနဲ့ လုပ်ထားတဲ့ ချိုင်းသေနတ်အိတ်… ပြီးတော့ အထူးစစ်ဆင်ရေးဌာန အဖွဲ့ခုနစ်ရဲ့ တံဆိပ်… စစ်ပြီးရင် မှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုး” လူအိုကြီးနီးလ်ဟာ သယ်လာတဲ့ ပစ္စည်းတွေကို စားပွဲပေါ်ချရင်း ပြောလိုက်ပါတယ်။
ခြောက်လုံးပြူးကျည်ဆံတွေကို စက္ကူဘူးထဲမှာ အလွှာသုံးလွှာနဲ့ စနစ်တကျ သေချာ စီထားပါတယ်။ ဝါလဲ့နေတဲ့ ကျည်ဆံတွေက ကလိုင်းမှာရှိတဲ့ ကျည်ဆံတွေလိုပါပဲ။ ဒါပေမဲ့ သူတို့တွေက လုံးပတ် နည်းနည်းသေးပါတယ်။
နတ်ဆိုးပစ်ကျည်ဆံတွေကိုတော့ သံဘူးလေးထဲမှာ ထည့်ထားပါတယ်။ နတ်ဆိုးပစ်ကျည်ဆံရဲ့ အရွယ်အစားက သာမန်ခြောက်လုံးပြူး ကျည်ဆံနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ နတ်ဆိုးပစ်ကျည်ဆံရဲ့ မျက်နှာပြင်က ငွေရောင်ပါ။
သေသေချာချာ စစ်ဆေးကြည့်မယ်ဆိုရင် ရှုပ်ယှက်ခတ်နေတဲ့ သေးငယ်လွန်းတဲ့ တံဆိပ်တော်တွေကို ကျည်ဆံအောက်ခြေမှာ ထွင်းထားတာ တွေ့မြင်နိုင်ပါတယ်။ ဒီတံဆိပ်တော်က အနက်ရောင် နောက်ခံနဲ့ ကြယ်တွေ ကြက်သွေးရောင်လခြမ်းကို ဝန်းရံနေတဲ့ပုံပါ။
နွားသားရေ သေနတ်အိတ်က ခိုင်ခံ့ပြီး ပတ်ကြိုးနဲ့ ချိတ်လည်း ပါပါတယ်။ သူ့ဘေးမှာတော့ လက်ဝါးတစ်ဝက်စာရှိတဲ့ တံဆိပ်တစ်ခု ရှိပါတယ်။ ဒီတံဆိပ်ဟာ သတ္တုရောင်လဲ့နေပြီး အာဝါခရိုင်ရဲဌာန အထူးစစ်ဆင်ရေးဌာန အဖွဲ့ခုနစ်ဆိုပြီး ငွေရောင်စာလုံးတွေ ရေးထိုးထားပါတယ်။ ဒီငွေရောင်စာလုံးတွေက ရဲဌာန အမှတ်အသားဖြစ်တဲ့ ကြက်ခြေခတ်ဓားနှစ်ချောင်းနဲ့ သရဖူကို စက်ဝိုင်းပုံ နှစ်ထပ် ဝိုင်းထားပါတယ်။
“ကံမကောင်းချင်တော့ ညသိမ်းငှက်တံဆိပ် မဟုတ်ဘူး” ကလိုင်း ဒီစကား ပြောလိုက်တာက ညသိမ်းငှက်တံဆိပ်ကို လိုချင်တာလည်း ပါသလို စပ်စုချင်တာလည်း ပါပါတယ်။
လူအိုကြီးနီးလ်ဟာ ပြုံးပြီး ကလိုင်းကို ချိုင်းသေနတ်အိတ် စမ်းဝတ်ခိုင်းပါတယ်။
ကလိုင်းဟာ သူ့အပေါ်အင်္ကျီကို ချွတ်ပြီး သေနတ်အိတ်ကို ဘယ်ဘက်ချိုင်းနားမှာ ဝတ်ဆင်လိုက်ပါတယ်။
“မဆိုးဘူး”
ပြီးတဲ့အခါမှာတော့ ကလိုင်းဟာ အပေါ်အင်္ကျီကို ပြန်ဝတ်လိုက်ပါတယ်။
လူအိုကြီးနီးလ်ဟာ ကလိုင်းကို ခေါင်းအစခြေအဆုံးကြည့်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါတယ်။
“မင်းနဲ့ တော်တယ်… ငါ့ခန့်မှန်းချက်က အရင်လို မှန်ကန်နေတုန်းပဲ”
တခြားပစ္စည်းတွေကို အိတ်ကပ်ထဲထည့်ပြီး မှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုးပြီးနောက် ကလိုင်းဟာ လူအိုကြီးနီးလ်နဲ့ စကားနည်းနည်းပြောက အခန်းထဲကနေ ထွက်ခွာသွားပါတယ်။
လမ်းတစ်ဝက်မှာ ကလိုင်းဟာ ရုတ်တရက်ဆိုသလို သူ့နဖူးသူ ပြန်ရိုက်မိလိုက်ပါတယ်။
‘ငါ ဆုံမှတ်နဲ့ မှော်ဆေးရည်တွေအကြောင်း မေးဖို့ မေ့သွားတယ်… ဒီလိုဖြစ်ရတာက ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီကြောင့်ပဲ’
အခုအချိန်အထိ ကလိုင်းဟာ ထာဝရည နတ်ဘုရားမ ဘုရားကျောင်း ပိုင်ဆိုင်တဲ့ ပြီးပြည့်စုံတဲ့ လမ်းကြောင်းရဲ့ ပထမဆုံး ဆုံမှတ်က ဘာလဲဆိုတာကို မသိသေးပါဘူး။ သူသိတာဆိုလို့ ဆုံမှတ် ၉ က စတယ်လို့ သိထားတာပဲ ရှိပါတယ်။
‘ရိုဇန်း ပြောပါသေးတယ်… အအိပ်မဲ့နဲ့တူတယ်’ ကလိုင်း လှေကားထစ်ဆီ တစ်လှမ်းချင်း လျှောက်နေတုန်းမှာပဲ အပေါ်ကနေ လူတစ်ယောက် ဆင်းလာပါတယ်။
ဒီလူဟာ လှုပ်ရှားရလွယ်အောင် ဘောင်းဘီကျပ်ကျပ် ဝတ်ထားပါတယ်။ သူ့ရှပ်အင်္ကျီကိုလည်း အပြင်ထုတ်ထားပါတယ်။ ဘောင်းဘီထဲ ထည့်မဝတ်ထားပါဘူး။ သူက တကယ်ကို ကဗျာဆရာ တစ်ယောက်လိုမျိုး ရိုမန်တစ်ဆန်လှပါတယ်။ သူက ကလိုင်းရဲ့ တိုက်ခန်းဆီ လာစစ်ဆေးခဲ့တဲ့ ဆံပင်နက်နဲ့ မျက်လုံးစိမ်းရှိတဲ့ ရဲအရာရှိပါ။ သူနဲ့ ကလိုင်းဟာ အပေါ်ထပ်မှာ တွေ့ခဲ့ပါသေးတယ်။ စကားမပြောခဲ့ကြရုံတင်ပါ။
“မင်္ဂလာ နေ့လယ်ခင်းပါ” ငယ်ရွယ်တဲ့ ကဗျာဆရာနဲ့တူတဲ့ ညသိမ်းငှက်က အပြုံးနဲ့ နှုတ်ဆက်ပါတယ်။
“မင်္ဂလာ နေ့လယ်ခင်းပါ… ကျွန်တော်ကိုယ်ကျွန်တော် မိတ်ဆက်ဖို့ မလိုတော့ဘူးမလား”
“မလိုပါဘူး… ငါ မင်းကို စွဲစွဲမြဲမြဲ မှတ်မိတယ်” ငယ်ရွယ်တဲ့ ညသိမ်းငှက် အဖွဲ့ဝင်ဟာ ညာလက်ထုတ်ပြီး နှုတ်ဆက်ပါတယ် “လန်နာ့ဒ်မစ်ချယ်… ဆုံမှတ် ၈ သန်းခေါင်ယံ ကဗျာဆရာ”
‘ဆုံမှတ် ၈… သူက တကယ်ကို ကဗျာဆရာပဲ…’ ကလိုင်းဟာ အပြုံးနဲ့ လက်ဆွဲနှုတ်ဆက်ရင်း မေးခွန်း ပြန်ထုတ်လိုက်ပါတယ် “ခင်ဗျားက ကျွန်တော်ကို စွဲစွဲမြဲမြဲ မှတ်မိတယ်”
မျက်လုံးစိမ်းတွေနဲ့ လန်နာ့ဒ်မစ်ချယ်ဟာ ခပ်ယဲ့ယဲ့ပြုံးလိုက်ပါတယ် “မင်းမှာ ထူးခြားတဲ့ စိတ်နေသဘောထား ရှိတယ်”
‘ဘယ်လိုကြီးလဲဟ… ဒီကောင်က ‌ဂေးဆန်လိုက်တာ’ ကလိုင်းဟာ ပြုံးရုံလေး ပြုံးလိုက်ပါတယ် “ကျွန်တော်ကတော့ ကျွန်တော်ကိုယ်ကျွန်တော် အဲဒီလို မထင်ဘူး”
“မင်းက ဒီလိုမျိုး မတော်တဆမှုကို ကြုံတွေ့ရတာတောင် ငါတို့ရဲ့ ကာကွယ်မှုကို ချက်ချင်းမရဘဲ အသက်ရှင်နိုင်ခဲ့တယ်… အဲဒါနဲ့တင် မင်းက ထူးခြားနေပြီ… အင်း… ငါ ကပ္ပတိန်နဲ့ တာဝန်လဲရတော့မယ်… နောက်နေ့မှ တွေ့မယ်”
“နောက်နေ့မှ တွေ့မယ်” ကလိုင်းဟာ လမ်းဖယ်ပေးလိုက်ပါတယ်။
လှေကားတစ်ဆစ်ချိုးကို ရောက်တဲ့အခါ လန်နာ့ဒ်မစ်ချယ်ဟာ ရုတ်တရက် နောက်လှည့် ကြည့်လိုက်ပြီး ရေရွတ်လိုက်ပါတယ် “မင်း တစ်ခုခုကို သတိထားမိခဲ့တာလား…”

“တကယ်ပဲ… သူက ဘာထူးခြားမှုမှ မရှိဘူး”

Comment

Leave a Reply

Options

not work with dark mode
Reset