Switch Mode

Chapter – 20

မေ့တတ်တဲ့ ဒန်းစမစ်

အခန်း (၂၀) မေ့တတ်တဲ့ ဒန်းစမစ်

“ဟုတ်ကဲ့ပါ…” ကလိုင်းဟာ အသာဦးညွှတ်ပြီး ဦးထုပ် ပြန်ဆောင်းလိုက်ပါတယ်။ ဒါပေမဲ့ ကလိုင်းရဲ့ စိတ်ထဲမှာ ချိပ်ပိတ်လက်နက် ၀-၀၈ က အပြည့်နေရာ ယူထားပါတယ်။
‘နေ့တိုင်းသုံးနေတဲ့ ငှက်မွေးတောင်ပုံစံလား… မှင်မရှိဘဲ စာရေးလို့ရတယ်ဆိုတော့ မှင်မကုန်တော့ဘူးပေါ့… သူ့အသုံးပြုပုံက ဒီလောက်ပဲတော့ မဟုတ်လောက်ဘူး… ဘာဖြစ်လို့ သူက အန္တရာယ်အရှိဆုံး ဖြစ်နေရတာလဲ’
‘နာမည်ရေးရုံနဲ့ လူတိုင်းကို သတ်လို့ရတဲ့ ဖော့ပင်ဖြစ်နေလို့လား… မဟုတ်သေးဘူး… အဲဒီလောက်ကြမ်းထော်နေရင် အင့်ဇင်ဂွယ်က ထွက်ပြေးပြီး ပုန်းနေစရာမှ မလိုတာ…’
ကလိုင်း တစ်ဖက်လှည့်ပြီး ထွက်သွားဖို့ ပြင်လိုက်စဉ်မှာပဲ ဒန်းစမစ်က ရုတ်တရက် အော်ပြောလိုက်ပါတယ်။
“နေဦး… ငါ တစ်ခု မေ့သွားတယ်”
“ဘာမေ့သွားလို့လဲ” ကလိုင်းဟာ ခေါင်းလှည့်ပြီး ပဟေဠိဖြစ်တဲ့ မျက်လုံးတွေနဲ့ မေးလိုက်ပါတယ်။
ဒန်းစမစ်ဟာ အိတ်ဆောင်နာရီကို ပြန်သိမ်းပြီး ပြုံးလိုက်ပါတယ် “နောက်ပြီးကျရင် စာရင်းကိုင် မစ္စအော်ရီယာနာဆီသွားပြီး လေးပတ်စာ ၁၂ ပေါင် ကြိုထုတ်သွားချည်… ပြီးရင် အပတ်တိုင်း လစာတစ်ဝက်ပဲ ရမယ်… မင်းကြိုထုတ်ထားတာ ပြန်ဆပ်လို့ မပြီးမချင်းပေါ့”
“မများဘူးလား… ကျွန်တော် အဲဒီလောက်ထိ မလိုပါဘူး… နည်းနည်းလည်း ရပါတယ်” ကလိုင်းဟာ လွှတ်ခနဲ ပြောမိလိုက်ပါတယ်။
ကလိုင်းဟာ ပိုက်ဆံကြိုထုတ်တာကို မကန့်ကွက်ပါဘူး။ အခု လောလောဆယ် သူ့ဆီမှာ အိမ်ပြန်ဖို့အတွက် အများသုံး မြင်းလှည်းစီးဖို့တောင် ပိုက်ဆံ မရှိပါဘူး။ ဒါပေမဲ့ ကလိုင်းဟာ တစ်ခါတည်း ၁၂ ပေါင် လက်ခံရမှာကိုတော့ နည်းနည်း ကြောက်နေပါတယ်။
“မဟုတ်ဘူး… လိုတယ်” ဒန်းစမစ်ဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ် “စဉ်းစားကြည့်လေ… မင်းအခု လက်ရှိနေတဲ့ တိုက်ခန်းမှာ ဆက်နေချင်သေးလို့လား… တခြားလူတွေနဲ့ ရေချိုးခန်း မျှသုံးနေရတဲ့ တိုက်ခန်းလေ… မင်းအတွက် မင်းမတွေးရင်တောင် မင်းညီမအတွက် တွေးပေးသင့်တယ်… နောက်ပြီး…”
ဒန်းစမစ်ဟာ ကလိုင်းက ခေါင်းညိတ်ပြီး သဘောတူတာ တွေ့ရတဲ့အတွက် ခဏရပ်လိုက်ပါတယ်။ အဲဒီနောက် ဒန်းစမစ်ဟာ ပြုံးပြီး ကလိုင်းကို ခေါင်းအစ ခြေအဆုံးကြည့်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “နောက်ပြီး မင်း လက်ကိုင်တုတ် တစ်ချောင်းနဲ့ ဝတ်စုံတစ်စုံ ဝယ်သင့်တယ်”
ကလိုင်းဟာ တစ်စက္ကန့်လောက် ကြောင်သွားပြီးမှ သတိပြန်ဝင်လာပါတယ်။ သတိဝင်လာတယ်ဆိုရင်ပဲ ကလိုင်းဟာ မျက်နှာထားစရာနေရာ မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဝတ်လာတဲ့ အဝတ်အစားက တကယ်ကို ဈေးပေါပြီး အရည်အသွေး နိမ့်နေတာကြောင့်ပါ။
ပိုးနဲ့လုပ်ထားတဲ့ ဦးထုပ်က ၅ ဆိုလီကနေ ၆ ဆိုလီကြား ရှိပါတယ်။ လည်စည်းနဲ့ အင်္ကျီက ၃ ဆိုလီစီကျပြီး ငွေစီလမ်းလျှောက်တုတ်က ၇ ဆိုလီကနေ ၈ ဆိုလီအထိ ရှိပါတယ်။ ဘောင်းဘီ၊ စွပ်ကျယ်နဲ့ အပေါ်အင်္ကျီတို့က ၇ ဆိုလီဝန်းကျင်လောက်ရှိပြီး သားရေဖိနပ်က ၉ ဆိုလီ ၁၀ ဆိုလီလောက် ကျပါတယ်။
အဲဒါကြောင့် ဝတ်စုံတစ်ခုလုံး ဝယ်ဝတ်မယ်ဆိုရင် ခုနစ်ပေါင် ရှစ်ပေါင်ကျော် ကုန်ကျမှာပါ။ တကယ်တော့ ကြည့်ကောင်းတဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်ဖို့ဆိုရင် နာရီချိန်းကြိုး၊ အိတ်ဆောင်နာရီနဲ့ ပိုက်ဆံအိတ်လည်း လိုပါသေးတယ်။
အရင်တုန်းက မူလကလိုင်းနဲ့ ဘန်ဆင်ဟာ ခြစ်ခြုတ်ပြီး ပိုက်ဆံနည်းနည်းရအောင် စုနိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက် အဝတ်ဆိုင်ဆီသွားပြီး ဈေးမေးကြည့်မိတဲ့အခါမှာတော့ ‌ဈေးတောင် မဆစ်နိုင်တော့ဘဲ ပြန်ပြေးလာခဲ့ရပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ သံကြက်ခြေခတ်လမ်းနားက လျှော့ဈေးနဲ့ရောင်းတဲ့ ဆိုင်တစ်ဆိုင်ဆီမှာ ဝတ်စုံတစ်စုံစီဝယ်တာ နှစ်စုံလုံးကို နှစ်ပေါင်တောင် မကျပါဘူး။
အဲဒီကိစ္စကြောင့်ပဲ အဝတ်အစားတွေရဲ့ ဈေးနှုန်းဟာ ကလိုင်းရဲ့ စိတ်ထဲမှာ စွဲနေအောင် ကျန်ရစ်နေခဲ့ပါတယ်။
“ဟု… ဟုတ်ကဲ့ပါ” ကလိုင်းဟာ ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေလိုက်ပါတယ်။
အခုကလိုင်းကလည်း အရင်ကလိုင်းလိုပဲ သူ့ရုပ်ရည် အသွင်အပြင်ကို ဂရုစိုက်ပါတယ်။
ဒန်းစမစ်ဟာ အိတ်ဆောင်နာရီကို ထပ်ထုတ်ပြီး ကလစ်ခနဲ နှိပ်ကာ တစ်ချက် ကြည့်လိုက်ပါတယ်။
“မင်း မစ္စအော်ရီယာနာဆီ အရင်သွားသင့်တယ်… လူအိုကြီးနီးလ်နဲ့က မင်း အချိန်တော်တော် ကုန်လိမ့်မယ်… မစ္စအော်ရီယာနာက မကြာခင် အိမ်ပြန်တော့မှာ”
“ဟုတ်ကဲ့ပါ” ကလိုင်းဟာ သူ့ရဲ့ ဆင်းရဲတဲ့ အခြေအနေကို သေချာသိတဲ့အတွက် ဒန်းစမစ်ရဲ့ စေတနာကို မငြင်းပါဘူး။
ဒန်းစမစ်ဟာ စားပွဲဘေးနားကို လျှောက်သွားပြီး တွဲလောင်းကျနေတဲ့ ကြိုးတချို့ကို ဆွဲလိုက်ပါတယ် “ငါ ရိုဇန်းကို ခေါ်လိုက်မယ်… သူ မင်းကို လိုက်ပို့လိမ့်မယ်”
ကြိုးဆွဲလိုက်တာနဲ့ ဂီယာတွေ လည်ပတ်သွားပြီး ဆူးနက် လုံခြုံရေးကုမ္ပဏီရဲ့ ဧည့်ကြိုခန်းမှာ ကလင် ကလင် မြည်သွားပါတယ်။ ရိုဇန်းဟာ ခေါင်းလောင်းသံကို ကြားတာနဲ့ ချက်ချင်း မတ်တတ်ရပ်ပြီး မြေအောက်ထပ်ကို သေချာဂရုတစိုက် ဆင်းပါတယ်။
မကြာခင်မှာပဲ ရိုဇန်းဟာ ကလိုင်းရှေ့ကို ထပ်ရောက်လာပါတယ်။
ဒန်းစမစ်က ရယ်သံနှောပြီး ပြောလိုက်ပါတယ် “ငါ မင်း အနားယူနေတာကို မနှောင့်ယှက်မိလောက်ပါဘူးနော်… မိုရက်တီကို မစ္စအော်ရီယာနာဆီ ခေါ်သွားပေးလိုက်”
ရိုဇန်းဟာ စိတ်ထဲမှာ မကျေမနပ် ဖြစ်သွားပေမဲ့ ပြုံးရွှင်တဲ့မျက်နှာနဲ့ ပြန်ဖြေလိုက်ပါတယ် “ရပါတယ် ကပ္ပတိန်”
“ဒါပဲလား” ဒီအချိန်မှာ ကလိုင်းဟာ တအံ့တဩ မေးမိလိုက်ပါတယ်။
‘ပိုက်ဆံကြိုထုတ်ဖို့ ကပ္ပတိန်ဆီကနေ ထောက်ခံချက် မလိုဘူးလား… တစ်ခုခုတော့ ရေးပေးသင့်တယ်မလား’
“ဘာဖြစ်လို့လဲ” ဒန်းစမစ်က ကလိုင်းကို မေးခွန်းပြန်ထုတ်ပါတယ်။
“ကျွန်တော် ပြောချင်တာက… မစ္စအော်ရီယာနာဆီကနေ ပိုက်ဆံကြိုထုတ်ဖို့ ကပ္ပတိန်ရဲ့ လက်မှတ် မလိုဘူးလား” ကလိုင်းဟာ နားလည်လို့ အလွယ်ဆုံး စကားလုံးကို သုံးလိုက်ပါတယ်။
“လက်မှတ်လား… မလိုပါဘူး… ရိုဇန်းရှိရင် ရတယ်” ဒန်းစမစ်ဟာ ရိုဇန်းကို လက်ညှိုးထိုးပြီး အဖြေပြန်ပေးပါတယ်။
‘ကပ္ပတိန်… ကြည့်ရတာ ကျွန်တော်တို့ ငွေရေးကြေးရေးက လုံးဝကို စီမံမှုမရှိတဲ့ပုံပဲ…’ ကလိုင်းဟာ ထေ့လုံးမှတ်ချက် ပေးချင်တဲ့ စိတ်ကို အတတ်နိုင်ဆုံး ခုခံပြီး ရိုဇန်းနဲ့ အခန်းထဲကနေ ထွက်သွားပါတယ်။
ဒီအချိန်မှာပဲ ကလိုင်းဟာ ဒန်းစမစ် ထပ်အော်တာကို ကြားလိုက်ရပါတယ်။
“နေဦး… နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်”
‘ကျွန်တော်တို့တွေ တစ်ခါတည်း ပြောလို့မရဘူးလား’ ကလိုင်းဟာ အပြုံးမျက်နှာနဲ့ နောက်လှည့်လိုက်ပါတယ်။
“ပြောပါ ကပ္ပတိန်”
ဒန်းစမစ်ဟာ သူ့နားထင်ကို နှိပ်ရင်း ပြောလိုက်ပါတယ် “မင်း လူအိုကြီးနီးလ်နဲ့ တွေ့ရင် နတ်ဆိုးပစ်ကျည်ဆံ ဆယ်တောင့် တောင်းဖို့ မမေ့နဲ့”
“နတ်ဆိုးပစ်ကျည်ဆံ… ကျွန်တော့် အတွက်လား…” ကလိုင်းက တအံ့တဩ ပြန်မေးလိုက်ပါတယ်။
“ဝဲလ်ရဲ့ ခြောက်လုံးပြူးက မင်းဆီမှာ ရှိနေသေးတယ်မလား… မင်း အဲဒီသေနတ်ကို ပြန်အပ်ဖို့ မလိုဘူး” ဒန်းစမစ်ဟာ အင်္ကျီအိတ်ကပ်ထဲ လက်တစ်ဖက် ထည့်လိုက်ပါတယ် “နတ်ဆိုးပစ်ကျည်ဆံနဲ့ဆိုရင် သဘာဝလွန် အန္တရာယ်တွေ့ရင် မင်းကိုယ်မင်း ကာကွယ်နိုင်လိမ့်မယ်… အင်း… အနည်းဆုံးတော့ ဒီကျည်ဆံတွေက မင်းကို သတ္တိနည်းနည်း ပေးနိုင်တာပေါ့”
‘ကပ္ပတိန်ကလည်း… နောက်ဆုံးစကားကို မပြောလည်း ရရဲ့သားနဲ့…’ ကလိုင်းဟာ စိတ်တိုသွားပေမဲ့ မဆိုင်းမတွ ပြန်ဖြေလိုက်ပါတယ် “ဟုတ်ကဲ့ပါ… ကျွန်တော် တောင်းဖြစ်အောင် တောင်းလိုက်ပါ့မယ်”
“ဒီနတ်ဆိုးပစ်ကျည်ဆံအတွက်က စာရွက်စာတမ်းလိုတယ်… ငါ ရေးလိုက်ဦးမယ်… ခဏစောင့်…” ဒန်းစမစ်ဟာ ကုလားထိုင်မှာ ထိုင်ပြီး နီရဲနက်မှောင်တဲ့ ဖောင်တိန်ကို ကောက်ကိုင်လိုက်ပါတယ်။ အဲဒီနောက် ကြောင်ခြစ်သလို လျှောက်ခြစ်ပြီး လက်မှတ်ထိုးကာ တံဆိပ်နှိပ်လိုက်ပါတယ်။
“ကျေးဇူးပါပဲ ကပ္ပတိန်”
ကလိုင်း နောက်ကို သုံးလေးလှမ်း ဆုတ်ပြီးမှ တစ်ဖက်လှည့်လိုက်ပါတယ်။
“နေဦး…”
ဒန်းစမစ်က နောက်တစ်ခါ ထပ်အော်ပြန်ပါတယ်။
‘ကပ္ပတိန်… ကပ္ပတိန်က သုံးဆယ်ဝန်းကျင်ပဲ ရှိသေးတာပါ… ဘာဖြစ်လို့ ဒီလောက်တောင် မေ့တတ်ရတာလဲ…’ ကလိုင်းဟာ ဟန်လုပ်ပြုံးပြီး တစ်ဖက်လှည့်ကာ မေးလိုက်ပါတယ် “တစ်ခုခုရှိလို့လား ကပ္ပတိန်”
“မင်း သေနတ်မပစ်တတ်တာကို ငါ မေ့သွားတယ်… အဲဒီတော့ နတ်ဆိုးပစ်ကျည်ဆံက မင်းအတွက် အသုံးဝင်မှာ မဟုတ်ဘူး… ဒီလိုလုပ်… ရိုးရိုးကျည်ဆံ အတောင့် ၃၀ ကို နေ့တိုင်းသွားယူ… မင်း အပြင်ထွက်လို့ရှိရင် လမ်းထောင့်ကိုသွား… အမှတ်(၃) ဇိုးတလန်လမ်းမှာ မြေအောက် သေနတ်ပစ်ကွင်း ရှိတယ်…”
“သေနတ်ပစ်ကွင်းအများစုကို ရဲဌာနက ပိုင်တယ်… ဒါပေမဲ့ ငါတို့ ညသိမ်းငှက်တွေ အတွက် သီးသန့်ပေးထားတဲ့ သေနတ်ပစ်ကွင်းတစ်ခု ရှိတယ်… အင်း… ဟုတ်တယ်… မင်း လူအိုကြီးနီးလ်ဆီကနေ တံဆိပ်တောင်းသွားလိုက်ဦး… မဟုတ်ရင် မင်း အဲဒီသေနတ်ပစ်ကွင်းထဲ ဝင်ခွင့်ရမှာ မဟုတ်ဘူး…”
ဒန်းစမစ်ဟာ သူ့နဖူး သူပြန်ရိုက်ပြီး ကလိုင်းဆီက မှတ်စုကို ပြန်ယူလိုက်ပါတယ်။ အဲဒီနောက် ကြောင်ခြစ်ထပ်ခြစ်ပြီး နောက်ထပ် တံဆိပ်တစ်ခု နှိပ်လိုက်ပါတယ်။
“ကျည်ဆံတွေ သုံးနိုင်မှ သေနတ်သမားကောင်း တစ်ယောက် ထွက်တာ… သေနတ်သမားကောင်း ဖြစ်ဖို့က လွယ်တယ် မထင်နဲ့” ဒန်းစမစ်ဟာ အသစ်ပြင်ထားတဲ့ မှတ်စုကို ကလိုင်းဆီ ပြန်ပေးလိုက်ပါတယ်။
“ဟုတ်ကဲ့ပါ” ‌သေမှာကြောက်တဲ့ ကလိုင်းဟာ သေနတ်ပစ်ကွင်းဆီ တစ်ချိန်ချိန် သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကလိုင်းဟာ အခန်းတံခါးဆီ ခြေနှစ်လှမ်း လှမ်းပြီးနောက် နောက်ပြန်လှည့်ကာ မေးလိုက်ပါတယ် “ကပ္ပတိန်… တခြားကိစ္စ ရှိသေးလား”
“မရှိတော့ဘူး” ဒန်းစမစ်ဟာ ပြတ်ပြတ်သားသား ဖြေပါတယ်။
ကလိုင်းဟာ သက်ပြင်းရှည်ကြီးချပြီး အခန်းအပြင်ဘက် ထွက်လိုက်ပါတယ်။ ကလိုင်းဟာ လမ်းလျှောက်ရင်း နောက်တစ်ခါ နောက်လှည့်ပြီး ဘာကိစ္စမှ မရှိတော့တာ သေချာလားလို့ ထပ်မေးချင်လာပါတယ်။
ဒါပေမဲ့ ကလိုင်းဟာ စိတ်ထိန်းပြီး ချန်စီဂိတ်ကို စောင့်ကြပ်တဲ့ အခန်းကနေ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့ပါတယ်။
“ကပ္ပတိန်က အမြဲတမ်း ဒီလိုပဲ… မကြာခဏ မေ့တယ်” ရိုဇန်းဟာ ကလိုင်းနဲ့ ရင်ပေါင်တန်း လမ်းလျှောက်ရင်း ဒန်းစမစ်ကို ချိုးချိုးဖဲ့ဖဲ့ ပြောပါတယ် “ကျွန်မရဲ့အဖွားတောင် ကပ္ပတိန်ထက် မှတ်ဉာဏ်ကောင်းတယ်… ဒီလိုဆိုပေမဲ့ ကပ္ပတိန်က အသေးအဖွဲလေးတွေပဲ မေ့တာပါ… ဟုတ်တယ်… အသေးအဖွဲလေးတွေပဲ မေ့တာ… ကလိုင်း… ကျွန်မ နောက်ကျရင် ရှင့်ကို ကလိုင်းလို့ ခေါ်မယ်နော်… မစ္စအော်ရီယာနာက တော်တော် ဖော်ရွေတယ်… သူနဲ့ မိတ်ဆွေဖြစ်ဖို့က ဘာမှမခက်ဘူး… သူ့အဖေက နာရီဆရာကောင်း တစ်ယောက်ပဲ”
ကလိုင်းဟာ ရိုဇန်းရဲ့ စကားတွေ နားထောင်ရင်း မကြာခင်မှာပဲ အပေါ်ထပ်ကို ပြန်ရောက်သွားပါတယ်။ ကလိုင်းဟာ မစ္စအော်ရီယာနာရဲ့ ရုံးခန်းက ညာဘက်ခပ်လှမ်းလှမ်းမှာ ရှိတာကို ရှာတွေ့သွားပါတယ်။
မစ္စအော်ရီယာနာဟာ ပိတုန်းရောင် ဆံကေသာရှိပြီး ဇာတွန့်တွေပါတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ မစ္စအော်ရီယာနာဟာ အသက်သုံးဆယ် ဝန်းကျင်လောက်ပဲ ရှိပုံပေါ်ပြီး ဆံပင်ကောက်ထားပါတယ်။ သူမရဲ့ မျက်လုံးစိမ်းတွေဟာ ကြည်လင်ပြီး ပြုံးနေတဲ့အတွက် မစ္စအော်ရီယာနာဟာ ကြောမော့သန့်ရှင်းပုံ ပေါ်နေပါတယ်။
အော်ရီယာနာဟာ ရိုဇန်းဆီက ဒန်းစမစ်ရဲ့ ညွှန်းကြားချက်ကို ကြားလိုက်ရတဲ့အခါ စာရွက်တစ်ရွက်ထုတ်ပြီး ကြိုငွေထုတ်ယူတဲ့အကြောင်း စာရေးပါတယ်။
“ဒီမှာ လက်မှတ်ထိုး… တံဆိပ်ရှိလား… မရှိရင် လက်ဗွေနှိပ်”
“အင်း…” ဒီကိစ္စတွေနဲ့ ရင်းနှီးလာပြီဖြစ်တဲ့ ကလိုင်းဟာ တစ်ခဏအတွင်းပဲ လက်မှတ်ထိုးပြီး လက်ဗွေနှိပ်လိုက်ပါတယ်။
အဲဒီနောက် အော်ရီယာနာဟာ ကြေးသော့တစ်ချောင်း ထုတ်ယူပြီး အခန်းထဲက မီးခံသေတ္တာကို ဖွင့်လိုက်ပါတယ်။ အော်ရီယာနာဟာ ပိုက်ဆံရေရင်း အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်း ကံကောင်းတယ်… ဒီနေ့ ငါတို့မှာ ငွေသားအလုံအလောက် ရှိနေတယ်… ဒါနဲ့ ကလိုင်း… ကပ္ပတိန် မင်းကို ဖိတ်ခေါ်တာက မင်း သဘာဝလွန် အမှုအခင်းတစ်ခုမှာ ပါဝင်ပတ်သက်မိပြီး ထူးခြားမှု တစ်ခုခု ရှိနေလို့လား”
“ဟုတ်တယ်… မစ္စအော်ရီယာနာရဲ့ ဆဋ္ဌမအာရုံက တော်တော် စူးရှတာပဲ” ကလိုင်းဟာ ချီးမွမ်းစကားပြောဖို့ မတွန့်တိုပါဘူး။
အော်ရီယာနာဟာ မီးခိုရောင်ဖျော့ဖျော့‌ နောက်ခံနဲ့ အနက်ရောင် အမှတ်အသားတွေ ရိုက်နှိပ်ထားတဲ့ ငွေစက္ကူလေးရွက်ကို ထုတ်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အော်ရီယာနာဟာ မီးခံသေတ္တာကို ပြန်ပိတ်ပြီး ကလိုင်းဘက်လှည့်ကာ ပြုံးလိုက်ပါတယ်။
“အဲဒါက ငါလည်း အဲဒီလိုမျိုး အတွေ့အကြုံ ရှိလို့ပါ”
“ဟုတ်လား” ကလိုင်းဟာ အံ့အားသင့်တဲ့မျက်နှာ ဖြစ်သွားပါတယ်။
“လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်က ထင်းဂန်မြို့မှာ သောင်းကျန်းခဲ့တဲ့ ကွင်းဆက် လူသတ်သမားကို သိလား” အော်ရီယာနာဟာ ရွှေပေါင်လေးရွက်ကို ကလိုင်းဆီ လှမ်းပေးလိုက်ပါတယ်။
“သိတယ်… သူက မိန်းကလေးငါးယောက်ကို ဆက်တိုက် သတ်ခဲ့တဲ့ လူသတ်သမားမလား… အဲဒီလူသတ်သမားက သူသတ်တဲ့ မိန်းကလေးတွေဆီကနေ နှလုံးတွေ အစာအိမ်တွေ ယူသွားတာလေ… ကျွန်တော်တို့ ငယ်ငယ်တုန်းက အမေက အဲဒီအကြောင်းကို မကြာခဏ ပြောပြီး ညီမလေးကို ခြောက်လေ့ရှိတယ်” ကလိုင်းဟာ စဉ်းစားပြီး ပြောလိုက်ပါတယ်။
ကလိုင်းဟာ သူ့လက်ထဲ ရောက်လာတဲ့ ပိုက်ဆံလေးရွက်ကို ကြည့်လိုက်တဲ့အခါမှာ နှစ်ရွက်က ငါးပေါင်တန် ဖြစ်ပြီး ကျန်တဲ့နှစ်ရွက်က တစ်ပေါင်တန်တွေ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ပိုက်ဆံလေးရွက်စာလုံးက မီးခိုးရောင်ဖျော့ဖျော့ နောက်ခံရှိပြီး အနက်ရောင် မှင်သားတွေ ပါပါတယ်။ ပိုက်ဆံရဲ့ ထောင့်လေးထောင့်မှာလည်း အတုလုပ်လို့မရအောင် အထူးပြုလုပ်ထားတဲ့ မှင်နဲ့ ရှုပ်ယှက်ခတ်တဲ့ အမှတ်အသားတွေ ရိုက်နှိပ်ထားပါတယ်။
ငါးပေါင်တန်က အရွယ်အစား နည်းနည်း ပိုကြီးပြီး အလယ်မှာ လိုအင်နိုင်ငံရဲ့ ငါးယောက်မြောက်ဘုရင်၊ ‌လက်ရှိ‌ ဂျော့ခ်ျသုံးရဲ့ တိုက်ရိုက် ဘိုးဘေး၊ ဟန်နရီ အော်ဂတ်စတစ်,တစ်ရဲ့ ပုံ ပါရှိပါတယ်။ ဟန်နရီ အော်ဂတ်စတစ်,တစ်ဟာ မျက်နှာဝိုင်းဝိုင်းနဲ့ ဝဝပြည့်ပြည့် ရှိပြီး အဖြူရောင် ခေါင်းစည်းကို စည်းထားပါတယ်။ သူ့မျက်လုံးတွေက သေးသွယ်ပြီး သူ့မျက်နှာအမူအရာက တော်‌တော်လေးကို လေးနက် တည်ကြည်နေပါတယ်။
ဒီလိုဆိုပေမဲ့ ကလိုင်းဟာ သူနဲ့ အရမ်းနီးကပ်တယ်လို့ ခံစားလိုက်ရပါတယ်။
‘ဒါက ငါးပေါင်တန်လား… ဘန်ဆင်ရဲ့ တစ်လစာနီးပါးပဲ’
တစ်ပေါင်တန်ရဲ့ အလယ်မှာတော့ ဂျော့ခ်ျသုံးရဲ့ အဖေ၊ ဘုရင်ဟောင်း ဝေလျံ အော်ဂတ်စတစ်,လေးရဲ့ပုံ ပါရှိပါတယ်။ ဝေလျံအော်ဂတ်စတစ်,လေးဟာ နှုတ်ခမ်းမွေးထူပြီး ခိုင်မာပြတ်သားတဲ့ မျက်လုံးတွေ ရှိပါတယ်။ သူ ဘုရင်လုပ်တုန်းက လိုအင်နိုင်ငံကို ဖွဲ့စည်းမှုအဟောင်းတွေကနေ လွတ်မြောက်ခွင့်ပေးပြီး အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာစေခဲ့ပါတယ်။
‘သူတို့အကုန်လုံးက ဘုရင်ကောင်းတွေပဲ..’ ကလိုင်းဟာ ပိုက်ဆံပေါ်က မှင်နံ့ကို ခပ်ရေးရေးလေး ရှူရှိုက်မိပါတယ်။ ဒီမှင်နံ့က ကလိုင်းကို စိတ်ကျေနပ်စေပြီး လန်းဆန်း တက်ကြွစေပါတယ်။
“ဟုတ်တယ်… ညသိမ်းငှက်တွေသာ အချိန်မီ ရောက်မလာခဲ့ရင် ငါ ခြောက်ယောက်မြောက် သားကောင် ဖြစ်သွားမှာ” လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဖြစ်ပျက်သွားခဲ့တာဆိုပေမဲ့ မစ္စအော်ရီယာနာရဲ့ လေသံဟာ ကြောက်လန့်တဲ့ အရိပ်အယောင်တွေ ပါဝင်နေတုန်းပါပဲ။
“ကျွန်တော် ကြားတာတော့ အဲဒီကွင်းဆက်လူသတ်သမား… မဟုတ်ဘူး…. အဲဒီသားသတ်သမားက သာလွန်သူဆို…” ကလိုင်းဟာ ပိုက်ဆံကို သေချာခေါက်ပြီး အတွင်းအိတ်ကတ်ထဲ ထည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ပိုက်ဆံရှိနေတာ အတည်ပြုဖို့အတွက် သုံးလေးခါလောက် ပုတ်လိုက်ပါတယ်။
“ဟုတ်တယ်” မစ္စအော်ရီယာနာဟာ ခေါင်းညိတ်လိုက်ပါတယ် “သူက အဲဒီမတိုင်ခင် လူအများကြီး သတ်ခဲ့ဖူးသေးတယ်… နတ်ဆိုးအတွက် အစီအရင်ပြင်နေလို့ သူ အဖမ်းခံလိုက်ရတာ”
“သူ ကိုယ်တွင်းအင်္ဂါတွေ လိုတာ အံ့ဩစရာ မရှိတော့ပါဘူး… ဒီစိတ်မချမ်းသာစရာကောင်းတဲ့ မှတ်ဉာဏ်တွေကို ပြန်တွေးစေမိလို့ တောင်းပန်ပါတယ် မစ္စအော်ရီယာနာ” ကလိုင်းဟာ စိတ်ရင်းနဲ့ တောင်းပန်လိုက်ပါတယ်။
အော်ရီယာနာဟာ ပြုံးလိုက်ပါတယ် “ကျွန်မ မကြောက်တော့ပါဘူး… အဲဒီတုန်းက ကျွန်မ စီးပွားရေးကျောင်းမှာ စာရင်းအင်းပညာ လေ့လာနေတာ… အဲဒီကိစ္စ ပြီးကတည်းက ကျွန်မ ဒီကို ရောက်လာခဲ့တာပဲ… အင်း… ရှင်လည်း တခြားလုပ်စရာတွေ ရှိဦးမှာပေါ့… ကျွန်မ ရှင့်ကို ဆက်ဆွဲမထားတော့ပါဘူး… ရှင် လူအိုကြီးနီးလ်ဆီ သွားရဦးမယ်မလား”
“နောက်မှတွေ့မယ် မစ္စအော်ရီယာနာ” ကလိုင်းဟာ ဦးထုတ်ချွတ်ပြီး ဦးညွှတ်ကာ ရုံးခန်းထဲက ထွက်လိုက်ပါတယ်။ ကလိုင်းဟာ အောက်မဆင်းခင် အတွင်းအိတ်ကပ်ထဲမှာ ၁၂ ပေါင် ရှိသေးလာဆိုတာကို သေချာအောင် ထပ်စမ်းကြည့်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ လမ်းဆုံမှာ ညာဘက်ကွေ့လိုက်ပါတယ်။ မကြာခင်မှာပဲ ကလိုင်းဟာ တစ်ဝက်ပိတ်ထားတဲ့ သံတံခါးကို တွေ့လိုက်ရပါတယ်။
“ဒေါက်… ဒေါက်… ဒေါက်…”
ကလိုင်း တံခါးခေါက်လို့ မဆုံးခင်မှာပဲ အခန်းထဲကနေ အိုမင်းရင့်ရော်တဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။
“ဝင်လာခဲ့ချည်”
ကလိုင်းဟာ သတ္တုတံခါးကို တွန်းဖွင့်လိုက်တဲ့အခါ စားပွဲတစ်လုံးနဲ့ ထိုင်ခုံနှစ်လုံးပဲဆန့်တဲ့ အခန်းကျဉ်းတစ်ခန်းကို တွေ့လိုက်ရပါတယ်။
အခန်းထဲမှာ တင်းတင်းကျပ်ကျပ် ပိတ်ထားတဲ့ သံတစ်ခါးတစ်ခုရှိပြီး စားပွဲရဲ့နောက်မှာတော့ အနက်ရောင်ဝတ်ရုံနဲ့ လူအိုကြီးတစ်ဦး ထိုင်နေပါတယ်။ ဒီလူအိုကြီးက နီးလ်ကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။
နီးလ်ဟာ ဓာတ်ငွေ့မီးအိမ်ရဲ့ အလင်းရောင်အောက်မှာ စာအုပ်တစ်အုပ်အုပ်က ဝါကျင့်ကျင့် စာရွက်တချို့ကို ဖတ်နေပါတယ်။ နီးလ်ဟာ ခေါင်းမော့ပြီး ပွင့်သွားတဲ့တံခါးကို ကြည့်လိုက်ပါတယ်။
“မင်းက ကလိုင်းမိုရက်တီလား… ရိုဇန်း ခုနကပဲ လာသွားတယ်… မင်းက တော်တော် ယဉ်ကျေးတယ်လို့လည်း ပြောသွားသေးတယ်”
“မစ္စရိုဇန်းက တကယ်ကို ခင်မင်စရာကောင်းတဲ့ မိန်းကလေးပါ… မင်္ဂလာနေ့လည်ခင်းပါ မစ္စတာနီးလ်…” ကလိုင်းဟာ ‌လေးစားသမှုနဲ့ ဦးထုပ်ချွတ်လိုက်ပါတယ်။
“ထိုင်ပါ” နီးလ်ဟာ စားပွဲပေါ်က ငွေရောင်သံဘူးကို ပြပြီး မေးလိုက်ပါတယ် “လက်ကြိတ်ကော်ဖီ တစ်ခွက်လောက် သောက်မလား”
လူအိုကြီးနီးလ်ရဲ့ မျက်လုံးထောင့်နဲ့ ပါးစပ်နားက အရေပြားတွေဟာ သိသိသာသာ တွန့်နေပါတယ်။ သူ့ရဲ့ နီရဲနက်မှောင်တဲ့ မျက်ဆံတွေကလည်း သိပ်မကြည်လင်ပါဘူး။
“ဦးလေးက ကော်ဖီသောက်ရတာ မကြိုက်ဘူးနဲ့ တူတယ်” ကလိုင်းဟာ နီးလ်ရဲ့ ကြွေဖန်ခွက်က ရေကြည်နဲ့ ပြည့်နေတာကို သတိထားမိလိုက်ပါတယ်။
“ဟားဟား… အကျင့်ဖြစ်နေလို့ပါကွာ… ငါက နေ့လယ်ခင်း သုံးနာရီ ထိုးပြီးရင် ကော်ဖီ မသောက်တော့ဘူး” နီးလ်ဟာ ရယ်မောပြီး ရှင်းပြပါတယ်။
“ဘာဖြစ်လို့လဲ”
နီးလ်ဟာ အပြုံးမပျက် ကလိုင်းရဲ့ မျက်လုံးထဲကို စိုက်ကြည့်လိုက်ပါတယ် “ဘာဖြစ်လို့လဲဆိုတော့ ညဘက် အိပ်မရမှာစိုးလို့ပဲ… ညဘက် အိပ်မရရင် အဲဒီအမျိုးအမည်မသိ တည်ရှိမှုတွေရဲ့ ရေရွတ်သံတွေကို ကြားရလိမ့်မယ်”
ကလိုင်းဟာ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတာကြောင့် စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ်။
“မစ္စတာနီးလ်… ကျွန်တော် ဘယ်လို စာရွက်စာတမ်းတွေနဲ့ စာအုပ်တွေကို ဖတ်သင့်လဲ”
ကလိုင်းဟာ ပြောပြောဆိုဆို ဒန်းစမစ်ရေးပေးလိုက်တဲ့ မှတ်စုစာရွက်ကို ထုတ်လိုက်ပါတယ်။
“သမိုင်းနဲ့ ပတ်သက်တာ ဘာပဲဖြစ်ဖြစ် ဒါမှမဟုတ် ရှုပ်ထွေးပြီး အပြည့်အစုံမရှိတဲ့ဟာတွေ ဖတ်လို့ရတယ်… ရိုးရိုးသားသား ပြောရရင် ငါက အမြဲတမ်း လေ့လာသင်ယူဖို့ ကြိုးစားနေတာ… ဒါပေမဲ့ ငါ အခြေခံလောက်ကိုပဲ ဖမ်းဆုပ်နိုင်တယ်… ဒိုင်ယာရီတွေ ခေတ်ပြိုင်ပေါ်ထွက်ခဲ့တဲ့ စာအုပ်တွေ သင်္ချိုင်းစာတွေ… ဒီလိုမျိုးစာရွက်စာတမ်းတွေ စာအုပ်တွေကို ဖတ်ရတာက တော်တော်လေးကိုမှ ကရိကထများတယ်”
“ဥပမာပြောရရင်ကွာ အခုငါဖတ်နေတဲ့ စာရွက်ထဲမှာ ဘာရေးထားလဲဆိုတာ သိရဖို့အတွက် ပိုပြီးအသေးစိတ်တဲ့ ပိုပြီးတိကျတဲ့ သမိုင်းမှတ်တမ်းလိုတယ်”
“ဘာဖြစ်လို့လဲ” ကလိုင်းဟာ နီးလ်ရဲ့ စကားကို နားမလည်နိုင် ဖြစ်သွားပါတယ်။
နီးလ်ဟာ သူ့ရှေ့က ဝါကျင့်ကျင့်ကျင့် စာရွက်တချို့က လက်ညှိုးထိုးပြပါတယ်။
“ဒါတွေက ပျောက်ဆုံးနေတဲ့ ရစ်ဆဲလ်ဂူစတာရဲ့ မှတ်တမ်းပဲ… အရေးကြီးကိစ္စတွေကို လျှို့ဝှက်ထားဖို့အတွက် ရစ်ဆဲလ်ဂူစတာကက သူတီထွင်ထားတဲ့ ထူးဆန်းတဲ့ သင်္ကေတတွေနဲ့ ဒီမှတ်တမ်းကို ရေးခဲ့တာ”
‘ဧကရာဇ်ရစ်ဆဲလ်… ငါ့ထက်အရင် ဘဝကူပြောင်းလာတဲ့ စီနီယာရဲ့ မှတ်တမ်းလား…’ ကလိုင်းဟာ တအံ့တဩ ဖြစ်သွားပြီး ချက်ချင်း အာရုံစိုက် နားထောင်ပါတယ်။
“လူတော်တော်များများက သူ တကယ် မသေသေးဘဲ ပုန်းအောင်းနေတဲ့ နတ်ဘုရားတစ်ပါး ဖြစ်သွားတယ်လို့ ယုံကြည်ကြတယ်… အဲဒီအကြောင်းကြောင့်ပဲ မိစ္ဆာဂိုဏ်းတွေက စွမ်းအားတွေ ရရှိဖို့အတွက် သူ့ကို အလေးအမြတ်ထားပြီး အစီအရင်တွေ လုပ်ကြတယ်… ငါတို့တွေ အဲဒီလို အဖြစ်အပျက်မျိုးတွေကို မကြာမကြာ ကြုံရတယ်… အဲဒီကနေ မူရင်း ဒါမှမဟုတ် ကော်ပီကူးထားတဲ့ ရစ်ဆဲလ်ရဲ့ မှတ်တမ်းစာရွက် တချို့ကိုရတယ်”
“အခုအချိန်အထိ ဒီထူးဆန်းတဲ့ သင်္ကေတတွေရဲ့ အဓိပ္ပာယ်ကို ဘယ်သူမှ မဖော်နိုင်သေးဘူး… အဲဒါကြောင့် သန့်ရှင်းစင်ကြယ်တဲ့ ဘုရားကျောင်းတော်က ငါတို့ကို ကော်ပီကူးပြီး သုတေသနလုပ်ခွင့် ပေးထားတယ်… တစ်ယောက်ယောက်ကများ အဓိပ္ပာယ်ဖော်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့”
အဲဒီနောက် နီးလ်ဟာ ဘဝင်ခိုက်တဲ့အပြုံးကို ပြုံးလိုက်ပါတယ်။
“ငါ သင်္ကေတ တချို့ကို အဓိပ္ပာယ်ဖော်နိုင်ခဲ့ပြီ… အဲဒီသင်္ကေတတွေက နံပါတ်တွေကို ရည်ညွှန်းတယ်ဆိုတာ အတည်ပြုပြီး… ငါ ဘာကို ရှာတွေ့ထားတယ်လို့ ထင်လဲ… ဒီမှတ်တမ်းက ဒိုင်ယာရီတစ်ခု ဖြစ်နေတယ်… ဟုတ်တယ်… ငါ အချိန်ကာလအမျိုးမျိုးက သမိုင်းတွေ အထူးသဖြင့် ဧကရာဇ်နဲ့ သက်ဆိုင်တဲ့ အဖြစ်အပျက်တွေနဲ့ ဒီဒိုင်ယာရီထဲမှာ ရေးထားတာတွေကို နှိုင်းယှဉ်ကြည့်ပြီး တခြားသင်္ကေတတွေရဲ့ အဓိပ္ပာယ်ကို ကြိုးစား ဖော်ကြည့်ချင်တယ်”
“ဒါက ဉာဏ်ကြီးရှင်ရဲ့ နည်းလမ်းပဲမလား” ဆံပင်ဖြူပြီး ပါးရေတွန့်နေတဲ့ လူအိုကြီးနီးလ်ဟာ တောက်ပတဲ့မျက်လုံးတွေနဲ့ ကလိုင်းကို စိုက်ကြည့်လိုက်ပါတယ်။
ကလိုင်းဟာ ခေါင်းညိတ်ပြီး ထောက်ခံလိုက်ပါတယ် “မှန်တာပေါ့”
“ဟားဟား… မင်းလည်း ကြည့်ကြည့်ပါဦး… မနက်ဖြန်ကျရင် မင်း ငါ့ကို ဒီဒိုင်ယာရီနဲ့ ပတ်သက်ပြီး ကူညီပေးရမယ်” နီးလ်ဟာ ဝါကျင့်ကျင့် စာရွက်တချို့ကို ကလိုင်းရှေ့ တွန်းပို့လိုက်ပါတယ်။
ကလိုင်းဟာ စာရွက်တွေကို တည့်အောင်လုပ်ပြီး တစ်ချက်ကြည့်မိလိုက်တဲ့အခါ ချက်ချင်းဆိုသလို မှင်တက်အံ့ဩသွားပါတယ်။ ဒီကူးယူထားတဲ့ သင်္ကေတတွေက ရုပ်ဆိုးလွန်းပြီး နည်းနည်း လွဲချော်နေပေမဲ့ သူ မှားမြင်စရာအကြောင်းတော့ မရှိပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဒီစကားလုံးတွေက သူနဲ့ အရင်းနှီးဆုံး ဖြစ်နေလို့ပါပဲ။
‘တရုတ်စာ… ဒါက ခေတ်သစ်တရုတ်စာပဲ’

Comment

Leave a Reply

Options

not work with dark mode
Reset