Switch Mode

Chapter – 19

ချိပ်ပိတ်လက်နက်များ

အခန်း (၁၉) ချိပ်ပိတ်လက်နက်များ

“ငါတို့တွေက အစောင့်အရှောက်တွေ ဆိုပေမဲ့ ချောက်ချားစရာကောင်းတဲ့ ဘေးအန္တရာယ်တွေနဲ့ ရူးလောက်စရာကောင်းတဲ့ အရာတွေကို အဆက်မပြတ် တိုက်ခိုက်နေရတဲ့ သနားစရာကောင်းတဲ့ ဒုက္ခရောက်နေတဲ့ လူတွေ…”
တံခါးအပြင်ဘက်က စင်္ကြန်လမ်းရဲ့ နံရံတွေဟာ ရေခဲလို အေးစက်နေပါတယ်။ အခန်းထဲမှာတော့ အဝါရောင် အလင်းရောင်က အမှောင်ထုကို ဖယ်ရှားထားပါတယ်။ ဒန်းစမစ်ရဲ့ စကားသံဟာ အခန်းထဲမှာ ပဲ့တင်ထပ်ပြီး ကလိုင်းရဲ့ အရှိုက်ကို တည့်တည့် ထိမှန်သွားပါတယ်။ ကလိုင်းဟာ ဒန်းစမစ်ရဲ့ နောက်ဆုံးစကားကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားပါတယ်။
ဒန်းစမစ်ဟာ ကလိုင်း တိတ်ဆိတ်သွားတာကို တွေ့လိုက်ရတဲ့အခါ ခေါင်းခါပြီး ပြုံးလိုက်ပါတယ်။
“မင်း စိတ်ပျက်သွားပြီလား… သာလွန်သူတွေက မင်း ထင်ထားသလို မဟုတ်လို့လေ… ငါတို့တွေက သေမင်းနှုတ်ခမ်းဝမှာ အမြဲတမ်း လမ်းလျှောက်နေကြရတာ”
“လောကမှာ ဘယ်ဟာက အလကားရလို့လဲ” ကလိုင်းဟာ ထိတ်လန့်သွားရာကနေ သတိပြန်ဝင်လာပြီး အသံတုန်တုန်နဲ့ ပြန်ဖြေလိုက်ပါတယ်။
အမှန်အတိုင်း ဝန်ခံရရင် ကလိုင်းဟာ သာလွန်သူတွေရဲ့ ထူးခြားဆန်းကြယ် စွမ်းအားတွေ နောက်ကွယ်မှာ ဒီလိုမျိုး လျှို့ဝှက်ခြိမ်းခြောက်မှုတွေ ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။
ကလိုင်းဟာ ဘာအတွေ့အကြုံမှမရှိဘဲ တစ်ဆင့်စကား ကြားရတာ ဘာမှန်းညာမှန်း မသိဘဲ ဒီပြဿနာတောထဲ ရောက်သွားတာကြောင့် ဒန်းစမစ်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ တော်တော် လန့်သွားပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ကလိုင်းဟာ သူ့ရဲ့ ကြောက်ရွံ့မှုတွေ စိတ်လေးလံမှုတွေ စိုးရိမ်ပူပန်မှုတွေ သောကဗျာပါဒတွေကို ပြန်ထိန်းချုပ်လိုက်ပါတယ်။
ဒီလိုဆိုပေမဲ့ နောက်ဆုတ်ချင်တဲ့ အတွေးဟာ ကလိုင်းရဲ့ စိတ်ထဲမှာ ဆက်ရှိနေပြီး ပျောက်ကွယ်သွားဖို့ ငြင်းဆန်နေပါတယ်။
“မဆိုးဘူး… ရင့်ကျက်ပြီး ယုတ္တိကျကျ တွေးခေါ်တတ်တယ်…” ဒန်းစမစ်ဟာ နောက်ဆုံး ကော်ဖီလက်ကျန်ကို မော့သောက်လိုက်ပါတယ် “နောက်ပြီး သာလွန်သူတွေက မင်း ထင်ထားသလောက် စွမ်းအား မကြီးဘူး… အထူးသဖြင့် ဆုံမှတ်နိမ့်တဲ့ သာလွန်သူတွေဆိုရင်ပေါ့… ဟေး… ငါတို့တွေ ၁ ကို ဘာဖြစ်လို့ အမြင့်ဆုံး ဆုံမှတ်အဖြစ် သတ်မှတ်ပြီး ၉ ကို အနိမ့်ဆုံး ဆုံမှတ်အဖြစ် သတ်မှတ်တာလဲ မသိဘူး… ဒါက ယုတ္တိဗေဒကို ဆန့်ကျင်နေတယ်လို့ မထင်ဘူးလား… ငါတို့တွေပြောတဲ့ အဆင့်နိမ့် ဆုံမှတ်ဆိုတာက အဆင့်နိမ့်တာ ဒါမှမဟုတ် ဆုံမှတ်မြင့်တာကို ရည်ညွှန်းတယ်… သူတို့တွေက ဆုံမှတ်ကွင်းဆက်ရဲ့ စမှတ်ပဲ”
“အင်း… ငါ ပြောတာ ဘယ်ထိရောက်သွားပြီလဲ… ဟုတ်တယ်… သာလွန်သူတွေက မင်းထင်ထားသလောက် စွမ်းအားမကြီးဘူးအထိ ရောက်သွားပြီ… အဆင့်နိမ့်ဆုံမှတ် သာလွန်သူတွေရဲ့ စွမ်းအားက အမြောက်ကို အသာထားလိုက်ဦး… သေနတ်ကိုတောင် မယှဉ်နိုင်ဘူး… သူတို့တွေက အဲဒီလက်နက်တွေထက် ပိုထူးခြားဆန်းကြယ်ပြီး ခုခံဖို့ ခက်ခဲရုံတင်ပဲ… နောက်ကျလို့ မင်း သာလွန်သူဖြစ်ဖို့ အခွင့်အရေး ရလာရင် ငါ ဒီနေ့ ပြောခဲ့တာတွေကို သေချာပြန်စဉ်စားပါ… အလျင်စလို ဆုံးဖြတ်ချက် မချနဲ့”
ကလိုင်းဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “အဲဒီလို အခွင့်အရေးက ဘယ်တော့မှ ရလာမလဲဆိုတာ ကျွန်တော် သိတောင် မသိသေးဘူး”
ကလိုင်းဟာ အခွင့်အရေးက သူ့ဘာသာ သူ့ရှေ့ရောက်လာရင် ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ပါဘူး။ ဆေးရည်တလွဲ သောက်သုံးတာ အဆင့်မြင့်ဆေးရည်ကို အဆင့်ကျော် သောက်တာက ရှောင်လို့ရပါတယ်။ အလားအလာအရှိဆုံး ဘေးအန္တရာယ်က ဆေးရည်ရဲ့ သိမ်မွေ့ညင်သာတဲ့ လွှမ်းမိုးမှုနဲ့ အကြားအမြင် အားကောင်းလာရင် တွေ့ကြုံခံစားရမဲ့ အရာတွေပါ။
ဆေးရည်ရဲ့ သိမ်မွေ့ညင်သာတဲ့ လွှမ်းမိုးမှုကတော့ သူ့အရင်လူတွေဆီက သင်ခန်းစာယူလို့ ရပါတယ်။ သူသာ အဆင့်တက်ဖို့ အလျင်မလိုဘူး။ သူ့မှာရှိတဲ့ စွမ်းအားကို စိတ်ရှည်လက်ရှည် ထိန်းချုပ်မယ်ဆိုရင် စိတ်လွတ်မဲ့ ရာခိုင်နှုန်းက တော်တော်လေးကို နည်းပါးသွားပါပြီ။
ဒါ့အပြင် ကလိုင်း လောလောဆယ် ဖြေရှင်းရမဲ့ ပြဿနာတစ်ခုလည်း ရှိနေပါသေးတယ်။ ၂၁ ရာစုကို ပြန်ပြီးတော့ ဘဝကူးပြောင်းနိုင်ဖို့အတွက် ဂမ္ဘီရနယ်ပယ်ရဲ့ အနှစ်သာရကို သူ နားလည်ဖို့ လိုပါတယ်။ အဲဒါကြောင့် သာလွန်သူ ဖြစ်လာဖို့က သူ မဖြစ်မနေ လျှောက်လှမ်းရမဲ့ ပထမဆုံးခြေလှမ်းပါ။
ကလိုင်းဟာ အဆင့်မြင့် သာလွန်သူဖြစ်ဖို့ မမျှော်မှန်းပါဘူး။ စိတ်လွတ်ဖို့ လွယ်ကူမယ်ဆိုရင် ကလိုင်းဟာ ရှေ့ဆက်မတက်ဘဲ သူ့ရဲ့ မူလဆုံမှတ်မှာပဲ ရပ်နေမှာပါ။ အဲဒီက အသိပညာတွေကို အမှီပြုပြီး အိမ်ပြန်ဖို့ လမ်းစရှာမှာပါ။
တကယ်တော့ ဘေးအန္တရာယ် ရှိတယ်ဆိုတဲ့ အချက်ကို ထည့်စဉ်းစားဖို့ မလိုပါဘူး။ ကလိုင်း ကံကောင်းစေတဲ့ အစီအရင်ကို စီရင်တုန်းက ရူးသွပ်ခါနီး ဖြစ်ခဲ့တယ် မဟုတ်ပါလား။
အဲဒီတုန်းက ရေရွတ်သံတွေဟာ ကလိုင်းရဲ့ ခေါင်းကို ပေါက်ကွဲထွက်စေလုနီး ဖြစ်စေခဲ့ပါတယ်။ အဲဒီတုန်းက အဖြစ်အပျက်တွေကို ကလိုင်းရဲ့ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေပါသေးတယ်။ ဒါတွေက သာလွန်သူ မဖြစ်လာလည်း ရင်ဆိုင်ရမှာဆိုတော့ ရှောင်လွှဲလို့မရမဲ့အတူတူ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ စွမ်းအားရလာအောင် ကြိုးစားတာက ပိုကောင်းပါတယ်။
ဒီအချက်ကြောင့်ပဲ ကလိုင်းဟာ ကောင်းကျိုးက ဆိုးကျိုးထက် ပိုများတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒါကြောင့်ပဲ နောက်ဆုတ်ချင်နေတဲ့ သူ့အတွေးတွေက ပျောက်ကွယ်လုနီး ဖြစ်သွားပါတယ်။
ဒန်းစမစ်ဟာ ဆေးတံကို ပြန်ကောက်ကိုင်ပြီး မီးခိုးရောင်မျက်လုံးတွေနဲ့ ကလိုင်းကို စိုက်ကြည့်လိုက်ပါတယ်။
“ငါ မင်းကို အတိအကျကြီးတော့ အဖြေမပေးနိုင်ဘူး… သာလွန်သူဖြစ်လာဖို့ ပထမဆုံး လုံလောက်တဲ့ အကျိုးဆောင်မှု ရှိရမယ်… မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါကျရင် အ‌ရေးကြီးတဲ့ ရှေးဟောင်း စာရွက်စာတမ်းတွေကို ဘာသာပြန်နိုင်တာ… ဒါမှမဟုတ် ငါတို့ရဲ့ အမှုတစ်ခုခုမှာ အသုံးဝင်တဲ့ အကြံဉာဏ်တွေ ပေးနိုင်တာ… တစ်ခုခုဖြစ်နိုင်တာပဲ… ဒုတိယတစ်ချက်အနေနဲ့ အထက်က ဆုံးဖြတ်ချက်အပေါ် မူတည်တယ်… ဒါကတော့ ဘယ်သူမှ သေချာ မပြောနိုင်ဘူး”
“ဒီလောက်ပဲ… အခု မင်းလည်း သာလွန်သူအကြောင်းကို နည်းနည်းပါးပါး သိသွားပြီ… နောက်ကျရင် အလျင်စလို ဆုံးဖြတ်ချက် မချနဲ့… အခု ငါ မင်းကို ငါတို့ ညသိမ်းငှက် အဖွဲ့ရဲ့ အရပ်ဘက် လုပ်ငန်းဆောင်တာတွေအကြောင်း ပြောပြမယ်”
ဒန်းစမစ်ဟာ မတ်တတ်ရပ်ပြီး တံခါးဆီ လျှောက်သွားပါတယ်။ အဲဒီနောက် ချန်စီဂိတ်ရဲ့ ဆန့်ကျင်ဘက်ကို ညွှန်ပြပြီး ပြောလိုက်ပါတယ်။
“ငါတို့မှာ စာရင်းကိုင် တစ်ယောက်နဲ့ ဘုရားကျောင်းနဲ့ ရဲဌာနက ထုတ်ပေးတဲ့ ပစ္စည်းပစ္စယတွေ ထောက်ပံ့ရေးပစ္စည်းတွေကို သယ်ယူပို့ဆောင်ရတဲ့ မြင်းလှည်းသမား တစ်ယောက် ရှိတယ်… သူတို့က ပရော်ဖက်ရှင်နယ်တွေဆိုတော့ အဆိုင်းမရှိဘူး… စနေ တနင်္ဂနွေ နားလို့ရတယ်…”
“တခြားအရပ်ဘက် ဝန်ထမ်းသုံးယောက်ကတော့ ရိုဇန်း ဘရက်နဲ့ လူအိုကြီးနီးလ်ပဲ… သူတို့အလုပ်တွေက ဧည့်သည် လက်ခံတာ အခန်းသန့်ရှင်းရေး လုပ်တာ အမှုအခင်းဖိုင်တွေ ရေးတာနဲ့ စာရင်းအင်းတွေ မှတ်တာပဲ… သူတို့တွေက လက်နက်ခန်း၊ သိုလှောင်ခန်းနဲ့ မော်ကွန်းတိုက်ကိုလည်း စောင့်ကြပ်ရတယ်… လူအဝင်အထွက်နဲ့ ပစ္စည်းတွေ ယူပြီး ပြန်ထားတာကိုလည်း သေသေချာချာ မှတ်တမ်းတင်ရတယ်… သူတို့သုံးယောက်က တနင်္ဂနွေနေ့ကလွဲရင် တစ်ပတ်ကို တစ်ရက်နားလို့ ရတယ်… ညဆိုင်းနဲ့ နားရမဲ့ရက်ကို သူတို့ဘာသာ အချင်းချင်း ညှိနှိုင်းကြတယ်”
“အဲဒါဆို ကျွန်တော်ရဲ့အလုပ်က ရိုဇန်းတို့နဲ့ အတူတူပဲလား” ကလိုင်းဟာ သာလွန်သူတွေအကြောင်းကို ဘေးချိတ်ပြီး သူ့အလုပ်အကြောင်းကို ရှင်းရှင်းလင်းလင်းသိအောင် မေးမြန်းပါတယ်။
“မဟုတ်ဘူး… အဲဒါတွေ မင်းလုပ်ဖို့ မလိုဘူး… မင်းက ပရော်ဖက်ရှင်နယ်ပဲ” ဒန်းစမစ်ဟာ ပြုံးလိုက်ပါတယ် “မင်းမှာ တာဝန်နှစ်ခု ရှိတယ်… ပထမတစ်ခုက မနက်ခင်းတိုင်း ဒါမှမဟုတ် နေ့ခင်းတိုင်း လမ်းလျှောက်ထွက်ရမယ်… ဝဲလ်ရဲ့နေရာကနေ မင်းအိမ်ဆီ ရောက်နိုင်မဲ့ လမ်းတွေမှာ လမ်းလျှောက်ရမှာ…”
“ဟင်…” ကလိုင်းဟာ ကြက်သေသေသွားပါတယ်။
‘ဒါက ဘယ်လို ဘယ်လို ပရော်ဖက်ရှင်နယ် အလုပ်မျိုးလဲ’
ဒန်းစမစ်ဟာ လေကာအပေါ်အင်္ကျီရဲ့ အိတ်ကပ်တွေထဲ လက်ထိုးထည့်လိုက်ပါတယ် “မင်း မင်းရဲ့ မှတ်ဉာဏ်တွေ ဆုံးရှုံးသွားတာကို အတည်ပြုပြီးရင် ငါတို့တွေ ဝဲလ်နဲ့ နာယာရဲ့ အမှုကို ပိတ်မယ်… အဲဒီ အန်တီဂိုနပ် မိသားစုရဲ့ ဒိုင်ယာရီက အစအနရှာမရအောင် ပျောက်နေတယ်”
“အဲဒီ ဒိုင်ယာရီစာအုပ်ကို မင်း ဝဲလ်ရဲ့နေရာကနေ သယ်ထုတ်လာတယ်လို့ ငါတို့တွေ သံသယရှိတယ်… မင်း အဲဒီဒိုင်ယာရီကို မင်းအိမ်ဆီ ဦးတည်တဲ့ လမ်းတစ်လမ်းလမ်းမှာ ဝှက်ထားတာ ဖြစ်နိုင်တယ်… အဲဒါကြောင့် ငါတို့တွေ မင်းရဲ့နေရာမှာ ဘာသဲလွန်စမှ ရှာမတွေ့တာ ဖြစ်နိုင်တယ်… အဲဒီအကြောင်းကြောင့်ပဲ မင်း ဝဲလ်ရဲ့နေရာမှာ ရှိမနေဘဲ မင်းအိမ်မှာ သတ်သေဖို့လုပ်တာ ဖြစ်နိုင်တယ်”
“မင်းက လွှမ်းမိုးခံရပြီး ဒီမှတ်ဉာဏ်အပိုင်းအစကို မေ့သွားပေမဲ့ လူသားတွေရဲ့ စိတ်ဝိညာဉ်က တစ်မူထူးခြားလွန်းတော့ အစအန သေးသေးလေး ကျန်နေကောင်း ကျန်နေလိမ့်မယ်… ဒေလီက နတ်ဝင်သည် နည်းလမ်းနဲ့ ဘာမှရှာမတွေ့ဘူးဆိုပေမဲ့ အဲဒါတွေက လုံးဝ မရှိဘူးလို့ မဆိုလိုဘူး… မင်း ရင်းနှီးတဲ့နေရာ ရင်းနှီးတဲ့အခြေအနေကို ရောက်ရင် အဲဒီခံစားချက်တွေ ပြန်ပေါ်လာနိုင်တယ်”
“ငါတို့ လိုချင်တာက အဲဒါပဲ”
“နားလည်ပြီ” ကလိုင်းဟာ သဘောပေါက်သွားပါတယ်။
ညသိမ်းငှက်တွေရဲ့ ဒိုင်ယာရီ တည်နေရာကို တွက်ချက်တာက ယုတ္တိရှိပါတယ်။ ဒီကိစ္စထဲ ပါဝင်ပတ်သက်တဲ့ လူတွေထဲမှာ သူတစ်ယောက်ပဲ အသက်ရှင်လျက် ရှိနေပါတယ်။ အဲဒီတော့ သူပဲ ဒီဒိုင်ယာရီကို ယူသွားဖို့ အချိန်ရှိပြီး အိမ်ပြန်လမ်းဖို့ ဝှက်ဖို့ အကြောင်းရင်း ရှိပါတယ်။
“မင်း ဒီနည်းလမ်းနဲ့ ဒိုင်ယာရီကို ရှာတွေ့မယ်ဆိုရင် မင်းမှာ သာလွန်သူ ဖြစ်လာဖို့ လုံလောက်တဲ့ အကျိုးဆောင်မှု ရှိသွားပြီ” ဒန်းစမစ်ဟာ ဒိုင်ယာရဲ့ အရေးပါပုံကို သွယ်ဝိုက်ပြောပြီး ကလိုင်းကို အားပေးပါတယ်။
“ကျွန်တော်လည်း အဲဒီလိုဖြစ်လာဖို့ မျှော်လင့်ပါတယ်” ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။
ဒန်းစမစ်ဟာ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ်။
“ဒုတိယတစ်ခုက မင်း တစ်ပတ်ကို တစ်ရက်နားလို့ရတယ်… အခုတော့ ဘယ်နေ့နားမယ်ဆိုတာ မင်းဘာသာ ဆုံးဖြတ်လို့ ရတယ်… မင်း အပြင်မှာမရှိတဲ့ အချိန်ကျရင် လက်နက်ခန်းမှာ စာအုပ်တွေ သွားဖတ်ချည်… ဒါက သမိုင်းပရော်ဖက်ရှင်နယ် တစ်ယောက်ရဲ့ အလုပ်ပဲ… မင်း စာအုပ်တွေ အကုန်လုံး ဖတ်ပြီးသွားရင် ကျန်တဲ့လူတွေနဲ့ အဆိုင်းယူရမယ်”
“ရတယ်… ကိစ္စမရှိပါဘူး” ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ် ‘ဒါက သိပ်မခက်ပါဘူး’
ဒီအချိန်မှာပဲ ဒန်းစမစ်ဟာ ခန္ဓာကိုယ် တစ်စောင်းလှည့်ပြီး တံဆိပ်တော်ခုနစ်ပါးရှိတဲ့ သံနက်ဂိတ်ကို ညွှန်ပြလိုက်ပါတယ်။
“ဒါက ချန်စီဂိတ်ပဲ… ခေတ်သစ် ညသိမ်းငှက်အဖွဲ့ကို တည်ထောင်ခဲ့တဲ့ ဂိုဏ်းချုပ်ချန်စီရဲ့ နာမည်ကို ယူထားတာ… မြို့ကြီးတိုင်းရဲ့ ဗဟိုဘုရားရှိခိုးကျောင်းတော်တိုင်းရဲ့ လက်အောက်မှာ တစ်ဂိတ်စီ ရှိတယ်”
“ဒီချန်စီဂိတ်ကို ညသိမ်းငှက်ရဲ့ တရားဝင်အဖွဲ့ဝင်တိုင်းက တစ်လှည့်စီ စောင့်ကြပ်ရတယ်… ဒီထဲမှာ ဘုရားကျောင်းက စေလွှတ်ထားတဲ့ အစောင့်နှစ်ယောက်နဲ့ ထောင်ချောက်တွေ အများကြီး ရှိတယ်… ဘယ်လို အခြေအနေမျိုးမှာမဆို မင်း ဒီဂိတ်နား မကပ်နဲ့… မဟုတ်ရင် ကံဆိုးမိုးမှောင်ကျလိမ့်မယ်”
“နားထောင်ရုံနဲ့တင် ကြောက်စရာ ကောင်းတယ်နော်”
“အဲဒီထဲက နယ်မြေကို လေးငါးခြောက်ခု ခွဲထားတယ်… တချို့နယ်မြေတွေမှာ ဆုံမှတ်တစ်ခုခုရဲ့ ဆေးရည် ဖော်မြူလာတွေနဲ့ မှော်ပစ္စည်းတွေကို သိမ်းထားတယ်… မိစ္ဆာဒိဋ္ဌိတွေ မျိုးပြောင်းတွေ မိစ္ဆာဂိုဏ်းသားတွေနဲ့ မြေအောက်အဖွဲ့အစည်းက အဖွဲ့အဝင်တွေကိုလည်း ခဏ ချုပ်ထားလေ့ ရှိတယ်… ဟီးဟီး… နောက်ဆုံးကျရင် အဲဒီလူတွေကို သန့်ရှင်းစင်ကြယ်တဲ့ ဘုရားကျောင်းတော်ဆီ ပို့မှာ” ဒန်းစမစ်ဟာ လမ်းလျှောက်ရင်း ကလိုင်းကို ချန်စီဂိတ်နဲ့ မိတ်ဆက်ပေးပါတယ်။
‘သန့်ရှင်းစင်ကြယ်တဲ့ ဘုရားကျောင်းတော်… လိုအင်နိုင်ငံ မြောက်ပိုင်း ဝင်တာခရိုင်မှာ တည်ရှိတဲ့ ထာဝရည ဘုရားကျောင်း ဌာနချုပ် ငြိမ်သက်ခြင်း ဘုရားရှိခိုးကျောင်းတော်ကို ပြောတာလား…’ ကလိုင်းဟာ ဒီအကြောင်းအရာကို တွေးတော စဉ်းစားရင်း ခေါင်းအသာ ညိတ်လိုက်ပါတယ်။
“နောက်ပြီး အခွင့်ရှိတဲ့လူပဲ ဖတ်လို့ရတဲ့ စာရွက်စာတမ်းတွေနဲ့ မှတ်တမ်းမျိုးစုံလည်း ရှိတယ်… နောက်ပိုင်းကျလို့ မင်း အခွင့်အာဏာ မြင့်မြင့်ရရင် အဲဒါတွေကို ဖတ်ဖို့ အခွင့်အရေး ရှိလာမှာပါ”
ဒန်းစမစ်ဟာ တစ်စက္ကန့် နှစ်စက္ကန့်လောက် တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောပါတယ် “ချန်စီဂိတ်နောက်က မြေအောက်ခန်းထဲမှာ ချိပ်ပိတ်ထားတဲ့ လက်နက်တွေ ရှိတယ်”
“ချိပ်ပိတ်ထားတဲ့ လက်နက်တွေ…” ကလိုင်းဟာ ဒီအထူးပြုထားတဲ့ ဝေါဟာရကို သေချာစဉ်းစားလိုက်ပါတယ်။
“ငါတို့တွေ စုဆောင်းထားတဲ့ ပြန်သိမ်းယူထားတဲ့ တချို့ပစ္စည်းတွေက တော်တော် အရေးကြီးပြီးတော့ မှော်စွမ်းအားကြီးတယ်… မကောင်းတဲ့လူတွေ လက်ထဲ ရောက်သွားရင် ကြီးမားတဲ့ ပျက်စီးမှုကို ဖြစ်စေနိုင်တယ်… အဲဒါကြောင့် ငါတို့တွေ ဒီလက်နက်တွေကို လုံခြုံအောင် သိမ်းဆည်းပြီး သေချာ စောင့်ကြည့်ရတယ်… သာမန်မဟုတ်တဲ့ အခြေအနေမှာပဲ ငါတို့တွေ အဲဒီလက်နက်တွေကို ထုတ်သုံးလို့ရတယ်… နောက်ပြီးတော့…”
ဒန်းစမစ်ဟာ ခဏရပ်ပြီးမှ ဆက်ပြောပါတယ် “နောက်ပြီး အဲဒီထဲမှာရှိတဲ့ တချို့ပစ္စည်းတွေက တော်တော်လေး ထူးခြားတယ်… သူတို့မှာ အစောင့်တွေကို သွေးဆောင်ဖြားယောင်းနိုင်တဲ့ သက်ရှိလက္ခဏာတွေ ရှိတယ်… သူတို့တွေက ပတ်ဝန်းကျင်ကို လွှမ်းမိုးပြီး ထွက်ပြေးဖို့ ကြိုးစားကြတယ်… တော်တော်လေးလည်း ထိခိုက်ပျက်စီးစေနိုင်တယ်… အဲဒါကြောင့် သူတို့ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားရတာ”
“တော်တော် ထူးခြားတဲ့ လက်နက်တွေပဲ” ကလိုင်းဟာ မှတ်ချက်ပေးလိုက်ပါတယ်။
“ညသိမ်းငှက် ဌာနချုပ်က ဒီချိပ်ပိတ် လက်နက်တွေကို အဆင့်လေးဆင့် ခွဲထားတယ်… အဆင့် သုညက အန္တရာယ် အကြီးဆုံးပဲ… သူတို့က အရေးအကြီးဆုံးနဲ့ လုံခြုံရေးအမြင့်ဆုံးပဲ… သူတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မရှာဖွေရဘူး… မဖြန့်ဖြူးရဘူး… မဆွေးနွေးရဘူး… မထောက်လှမ်းရဘူး… မစုံစမ်းရဘူး… သူတို့တွေကို သန့်ရှင်းစင်ကြယ် ဘုရားရှိခိုးကျောင်းတော်ရဲ့ မြေအောက်ခန်းထဲမှာပဲ ချိပ်ပိတ်ထားရတယ်”
ဒန်းစမစ်ဟာ အသေးစိတ် ရှင်းပြပါတယ်။
“အဆင့်တစ်က တော်တော် အန္တရာယ်ကြီးတာ… သူတို့တွေကို နည်းလမ်းတချို့နဲ့ အသုံးပြုလို့ရတယ်… သူတို့ရဲ့ လုံခြုံရေး ခွင့်ပြုချက်က ဂိုဏ်းအုပ်တွေ ဂိုဏ်းထောက်အဆင့်ရှိတဲ့ ညသိမ်းငှက်တွေနဲ့ သူတို့အထက်က လူတွေပဲ… ဘက်ကလင်လိုမျိုး ဘာသာရေးဌာနချုပ် ဗဟိုဘုရားရှိခိုးကျောင်းမှာ တစ်ခုနှစ်ခု သိမ်းထားလို့ရတယ်… ကျန်တာတွေကို သန့်ရှင်းစင်ကြယ် ဘုရားရှိခိုးကျောင်းတော်ဆီ အပ်ရတယ်”
“အဆင့်နှစ်ကတော့ အန္တရာယ်ရှိတာ… သူတို့ကို ဂရုတစိုက်နဲ့ ထိန်းထိန်းသိမ်းသိမ်း သုံးလို့ရတယ်… သူတို့ရဲ့ လုံခြုံရေး ခွင့်ပြုချက်က ဂိုဏ်းအုပ် ဒါမှမဟုတ် ညသိမ်းငှက်အဖွဲ့က ကပ္ပတိန်နဲ့ သူတို့အထက်က လူတွေပဲ… မြို့အသီးသီးမှာရှိတဲ့ ဗဟိုဘုရားရှိခိုးကျောင်းတော်တွေမှာ သုံးခုကနေ ငါးခုအထိ သိမ်းထားလို့ရတယ်… ကျန်တာတွေကို သန့်ရှင်းစင်ကြယ် ဘုရားရှိခိုးကျောင်းတော် ဒါမှမဟုတ် ဘာသာရေးဌာနချုပ် ဘုရားရှိခိုးကျောင်းတော်တွေဆီ အပ်ရတယ်”
“အဆင့်သုံးကတော့ အန္တရာယ်ရှိတယ်လို့ပဲ ယူဆတယ်… သူတို့တွေက ဂရုတစိုက်သုံးရင် ဘာပြဿနာမှ မရှိဘူး… လူသုံးယောက်နဲ့ သုံးယောက်ထက်ပိုတဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြုလို့ရတယ်… သူတို့ရဲ့ လုံခြုံရေး ခွင့်ပြုချက်က ညသိမ်းငှက်ရဲ့ တရားဝင်အဖွဲ့ဝင်တစ်ယောက် ပါဖို့ပဲ”
“နောက်ကျရင် မင်း ဒီလိုမျိုး စာရွက်စာတမ်းတွေ တွေ့မှာပါ… နံပါတ်ကို ကြည့်ရုံနဲ့ ဘာကို ရည်ညွှန်းလဲဆိုတာ နားလည်လာလိမ့်မယ်… ဥပမာ ၂-၁၂၅ ဆိုရင် အန္တရာယ်အဆင့်ရှိတဲ့ ချိပ်ပိတ်လက်နက် ၁၂၅ ပဲ”
ဒန်းစမစ်ဟာ လမ်းဆက်လျှောက်ရင်းနဲ့ ရုတ်တရက် ပြန်လှည့်ပြီး သူ့အခန်းဆီ ပြန်ပါတယ်။ အဲဒီနောက် ဒန်းစမစ်ဟာ အံဆွဲ အောက်ခြေကနေ စာရွက်တစ်ရွက် ဆွဲထုတ်လိုက်ပါတယ်။
“ဒါနဲ့ ဒါကို ကြည့်ထားဦး… လွန်ခဲ့တဲ့သုံးနှစ်က အသစ်တင်မြှောက်ခံရတဲ့ ဂိုဏ်းချုပ်တစ်ပါး စိတ်လွတ်သွားတယ်… ဘာအကြောင်းကြောင့်လည်းတော့ မသိဘူး… သူ အကာအကွယ် အဆင့်ဆင့်ကို တိုက်ခိုက် ကျော်ဖြတ်ပြီး အဆင့်သုည ချိပ်ပိတ် လက်နက်နဲ့ ပျောက်ချင်းမလှ ပျောက်သွားတယ်… ဒီပုံကို မှတ်ထားချည်… မင်း သူ့ကို ရှာတွေ့ခဲ့ရင် ဘာဆိုဘာမှမလုပ်နဲ့… ချက်ချင်း ပြန်လာပြီး သတင်းလာပို့ချည်… မဟုတ်ရင် မင်း တာဝန်ချိန်မှာ သေဆုံးဖို့က ၁၀၀၀ ရာခိုင်နှုန်း သေချာတယ်”
“ဟုတ်ကဲ့ပါ…” ကလိုင်းဟာ စာရွက်ကို လက်ခံပြီး ကြည့်လိုက်တဲ့အခါ ဘာခေါင်းစဉ်မှ မပါဘဲ အဖြူအမည်း ဓာတ်ပုံတစ်ပုံနဲ့ စာကြောင်းတစ်ကြောင်း နှစ်ကြောင်းကို တွေ့လိုက်ရပါတယ်။
“အင့်ဇင်ဂွယ်… ကျား… အသက် ၄၀… ဂိုဏ်းချုပ်ဟောင်း… အဆင့်တက်ရာတွင် မအောင်မြင်သော အစောင့်ဖြစ်ပြီး နတ်ဆိုး၏ သွေးဆောင် ဖြားယောင်းမှုကြောင့် ဖောက်ပြန်သွားသည်… ချိပ်ပိတ်လက်နက် ၀-၀၈ နဲ့အတူ ထွက်ပြေး လွတ်မြောက်သွားသည်… စရိုက်လက္ခဏာများမှာ…”
ပုံထဲက အင့်ဇင်ဂွယ်ဟာ နှစ်ဖက်စလုံးမှာ ကြယ်သီးတပ်ထားတဲ့ အနက်ရောင် ဘုန်းတော်ကြီးဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ သူဟာ ရွှေရောင်ဆံပင်နက်တွေ ရှိပြီး မျက်ဆံတွေက နက်တယ်လို့ ထင်ရလောက်တဲ့အထိ ပြာလွန်းနေပါတယ်။ နှာတံမြင့်မြင့်နဲ့ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားပြီး သူ့မျက်နှာသွင်ပြင်က ဂန္တဝင် ပန်းပုရုပ်တုလို ဘာအရေးအကြောင်းမှ မရှိပါဘူး။ အထင်ရှားဆုံး အမှတ်အသားကတော့ မျက်လုံးတစ်ဖက် ကန်းနေတာပါ။
“ဖောက်ပြန်တာကို ရေးထားတာက တော်တော်လေး အသေးစိတ်ကျတယ်… ဒါပေမဲ့ ချိပ်ပိတ်လက်နက်က လျှို့ဝှက်နာမည်ပဲ ရေးထားတယ်… ကျန်တာ ဘာအကြောင်းမှ ရေးမထားဘူး…” ကလိုင်းဟာ သူ့ရဲ့ ပထမဆုံးအမြင်ကို ရိုးရိုးသားသား ပြောလိုက်ပါတယ်။
“အမြင့်ဆုံး လုံခြုံရေးမလို့ လျှို့ဝှက်နာမည်ပဲ ရေးထားတာ… ချိပ်ပိတ်လက်နက် ၀-၀၈ ကို ရှာရင် ပါးစပ်နဲ့ပဲ ပြောတာ… ဘယ်တော့မှ စာနဲ့ မရေးဘူး… အဲဒါတောင် အကြောင်းအရာက နည်းနည်းလေးပဲ ရှိတယ်” ဒန်းစမစ်ဟာ သက်ပြင်းချလိုက်ပါတယ် “၀-၀၈ က သာမန် ငှက်မွေးတောင်တစ်ခု ပုံစံပဲ… ဒါပေမဲ့ စာရေးဖို့ မှင်မလိုဘူး… သူ့အကြောင်းက ဒါလေးပဲ ရှိတယ်”
ဒန်းစမစ်ဟာ ဒီအကြောင်းကို ထဲထဲဝင်ဝင် မရှင်းပြပါဘူး။ ဒန်းစမစ်ဟာ သူ့ရဲ့ အနက်ရောင် လေကာအင်္ကျီပေါ်က ရွှေရောင်ချိန်းကြိုးကို ဆွဲယူပြီး သေသပ်လှပတဲ့ ရွှေရောင် အိတ်ဆောင်နာရီကို ဖွင့်ကြည့်လိုက်ပါတယ်။ ဒန်းစမစ်ဟာ နာရီကို တစ်ချက်ကြည့်ပြီး အပြင်ဘက်ကို ပြန်ကြည့်လိုက်ပါတယ်။
“ငါ မင်းကို မင်းသိသင့်သိထိုက်တာတွေ အကုန်လုံး ပြောပြပြီးပြီ… လက်နက်ခန်းမှာ လူအိုကြီးနီးလ်ကို သွားရှာချည်… မင်းဖတ်ဖို့လိုတဲ့ စာရွက်စာတမ်းတွေကို သူ စီစဉ်ပေးလိမ့်မယ်… သူက သာမန် အရပ်ဘက်ဝန်ထမ်း မဟုတ်ဘူး… အရင်တုန်းက တရားဝင် ညသိမ်းငှက်အဖွဲ့ဝင် ဖြစ်ခဲ့ဖူးတယ်… အသက်ကြီးလာတော့ အဆင့်တက်တာ မအောင်မြင်တော့ဘူး… ကျန်းမာရေးကလည်း ချူချာလာတော့ အမှုလိုက်ဖို့လည်း မသင့်တော်တော့ဘူး… နောက်ပြီး သူက အတွင်းအစောင့်ရော အိမ်မှာ နားနေတာရော မလုပ်ချင်ဘူး… သူလိုချင်တာက စာရွက်စာတမ်းတွေ မှတ်တမ်းတွေနဲ့ အတူရှိနေချင်တာ”

Comment

Leave a Reply

Options

not work with dark mode
Reset