အခန်း (၁၈) မူလဇစ်မြစ်နဲ့ အကြောင်းရင်း
ကလိုင်းရဲ့ မေးခွန်းကို ကြားလိုက်ရတဲ့အခါ ဒန်းစမစ်ဟာ ပြတင်းပေါက် အပြင်ဘက်က ချန်စီဂိတ်ဆီ ဦးတည်နေတဲ့ စင်္ကြန်လမ်းကို ကြည့်လိုက်ပါတယ်။ အဲဒီနောက် ဒန်းစမစ်ဟာ ဆေးတံထုတ်ပြီး ဆေးရွက်ကြီးနဲ့ ပင်စိမ်းရွက်တွေ သိပ်ထည့်ပါတယ်။ ပြီးတဲ့အခါမှာတော့ နှာခေါင်းနားကပ်ပြီး နက်နက်ရှိုင်းရှိုင်း ရှူရှိုက်လိုက်ပါတယ်။ သူ့အသံကလည်း အတွေးရေယာဉ်ကြောထဲ မျောပါသွားပါတယ်။
“အိမ်မှာပဲ ဆေးရွက်ကြီးနဲ့ ပင်စိမ်းရွက် ရောထားတဲ့ အရသာကို ငါ ဘာမှ စိုးရိမ်စရာ မလိုဘဲ အေးဆေး ခံစားနိုင်တယ်… ကလိုင်း… မင်း ဖန်ဆင်းရှင် ဒဏ္ဍာရီကို သိလား”
“သိတာပေါ့… ကျွန်တော် တနင်္ဂနွေကျောင်းမှာ အခြေခံပညာ သင်ယူတုန်းက ထာဝရညကျမ်းတွေနဲ့ စာဖတ်တတ်ဖို့ သင်ယူခဲ့ရတာ… အဲဒီထဲက ဉာဏ်ပညာစာအုပ်နဲ့ သူတော်စင်ဆီက ပေးစားများမှာ ဖန်ဆင်းရှင်ဒဏ္ဍာရီ အကြောင်း ပြောထားတယ်…”
ကလိုင်းဟာ အရင်ကလိုင်းရဲ့ မှတ်ဉာဏ် အပိုင်းအစတွေကို ပြန်ခေါ်ဖို့ ကြိုးစားရပါတယ်။ အဲဒါကြောင့် ကလိုင်းဟာ တစ်လုံးချင်းပဲ ပြောနိုင်ပါတယ် “ဖန်ဆင်းရှင်က ပဋိပက္ခကနေ နိုးထလာတယ်… ပြီးတော့ အမှောင်ထုကို ခွဲခြေပြီး ပထမဆုံး အလင်းရောင်ကို ဖန်တီးလိုက်တယ်… အဲဒါပြီးတော့ ဖန်ဆင်းရှင်က သူ့ကိုယ်သူ စကြဝဠာနဲ့ အပြီးတိုင် ပေါင်းစပ်ပြီး တည်ရှိမှု အကုန်လုံးကို ဖန်ဆင်းလိုက်တယ်”
“သူ့ခန္ဓာကိုယ်က မြေပြင်နဲ့ ကြယ်တာရာတွေ ဖြစ်သွားတယ်… သူ့မျက်လုံးတစ်လုံးက နေဖြစ်သွားပြီး မျက်လုံးတစ်လုံးက ကြက်သွေးရောင်လ ဖြစ်သွားတယ်… သူ့သွေးတချို့က မြစ်ချောင်းပင်လယ်တွေထဲ စီးဆင်းပြီး သက်ရှိတွေကို ပြုစုပျိုးထောင်ပေးတဲ့ အာဟာရဓာတ်တွေ ဖြစ်သွားတယ်…”
ဒီအရောက်မှာ ကလိုင်းရဲ့စကားသံဟာ ရပ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနောက်ပိုင်း မှတ်ဉာဏ်တွေက ဝေဝါးနေပြီး ဒီဖန်ဆင်းရှင် ဒဏ္ဍာရီက ပန်ကူးရဲ့ဒဏ္ဍာရီနဲ့ သွားဆင်နေလို့ပါ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ကမ္ဘာမတူတဲ့ လူတွေရဲ့ စိတ်ကူးယဉ်မှုက ဒဏ္ဍာရီထဲမှာ တူတာတွေ သွားရှိနေပါတယ်။
ကလိုင်း အကျပ်ရိုက်နေတာကို တွေ့တာနဲ့ ဒန်းစမစ်ဟာ ပြုံးပြီး စကား ထောက်ပေးပါတယ် “သူ့အဆုတ်က နတ်သူငယ်တွေအဖြစ် ပြောင်းလဲသွားတယ်… သူ့နှလုံးသားက လူ့ဘီလူးတွေအဖြစ် ပြောင်းလဲသွားတယ်… သူ့အသည်းက သစ်ပင်လူသားတွေအဖြစ် ပြောင်းလဲသွားတယ်… သူ့ဦးနှောက်က နဂါးတွေအဖြစ် ပြောင်းလဲသွားတယ်… သူ့ကျောက်ကပ်က မြွေပျံတွေအဖြစ် ပြောင်းလဲသွားတယ်… သူ့ဆံပင်က ဖီးနစ်တွေအဖြစ် ပြောင်းလဲသွားတယ်… သူ့နားရွက်က နတ်ဆိုးဝံပုလွေတွေအဖြစ် ပြောင်းလဲသွားတယ်… သူ့ပါးစပ်နဲ့သွားက မျိုးပြောင်းတွေအဖြစ် ပြောင်းလဲသွားတယ်…”
“သူ့ရဲ့ ကျန်နေတဲ့ ခန္ဓာကိုယ်အရည်တွေက နာဂမျိုးနွယ်စုနဲ့ နာဂမျိုးနွယ်စုက ကွဲထွက်သွားတဲ့ ပင်လယ်မွန်းစတားတွေ အဖြစ်ပြောင်းလဲသွားတယ်… သူ့အစာအိမ် အူသိမ် အူမကြီးနဲ့ ခန္ဓာကိုယ်ရဲ့ မကောင်းတဲ့ အစိတ်အပိုင်းတွေက နတ်ဆိုးတွေ မိစ္ဆာစိတ်ဝိညာဉ်တွေနဲ့ အမျိုးအမည်မသိ မကောင်းတဲ့ တည်ရှိမှုတွေအဖြစ် ပြောင်းလဲသွားတယ်… သူ့စိတ်ဝိညာဉ်က အနှိုင်းမဲ့တောက်ပတဲ့ နေမင်း၊ မုန်တိုင်းအရှင်နဲ့ အသိဉာဏ်ပညာ နတ်ဘုရားတွေ ဖြစ်သွားတယ်…”
“သူ့ဉာဏ်ပညာကနေ လူသားတွေ မွေးဖွားလာတယ်… အဲဒါက ပဋိပက္ခယုဂ်လို့ခေါ်တဲ့ ပထမယုဂ်ပဲ” ကလိုင်းဟာ နောက်ဆုံးစာကြောင်းကို ဒန်းအတွက် ပြောပေးလိုက်ပါတယ်။ ကလိုင်းဟာ ဒီဒဏ္ဍာရီက ရယ်စရာကောင်းပြီး အဓိပ္ပာယ်မရှိဘူးလို့ ခံစားလိုက်ရပါတယ်။
ဟိုစပ်စပ် ဒီစပ်စပ် ကီးဘုတ်သမားတစ်ယောက် အနေနဲ့ ကလိုင်းဟာ ဒီလောက်ထိ အသေးစိတ် စီစဉ်ထားတဲ့ ဖန်ဆင်းရှင် ဒဏ္ဍာရီကို ပထမဆုံးအကြိမ် ကြားဖူးတာပါ။ ဘယ်လောက်တောင် အသေးစိတ်ကျလဲဆိုရင် နာမည်ကြီးခဲ့တဲ့ မျိုးနွယ်စုတိုင်းက ဖန်ဆင်းရှင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုစီကနေ ဆင်းသက်လာတာ ဖြစ်နေပါတယ်။
ဒါက ကလေးတွေ တန်းစီထိုင်ပြီး ပန်းသီးစားတာကို သီချင်းစပ်ထားသလိုပါပဲ။
နောက်ပြီး ဒီဒဏ္ဍာရီက ထာဝရည နတ်ဘုရားမ ဘုရားကျောင်းမှာပဲ ရှိတာ မဟုတ်ပါဘူး။ မုန်တိုင်းအရှင် ဘုရားကျောင်း၊ ရေနွေးငွေ့နဲ့ မက္ကန်းနစ် နတ်ဘုရား ဘုရားကျောင်းတွေမှာလည်း ပါနေပါတယ်။ နတ်ဘုရားသုံးပါးစလုံးဟာ တခြားနတ်ဘုရားတွေထက် သာတယ်လို့ မပြောသလို့ တခြားနတ်ဘုရားတွေကိုလည်း မနှိမ့်ချပါဘူး။
ဒီဖန်ဆင်းရှင် ဒဏ္ဍာရီက ဘုရားကျောင်းတွေ အချင်းချင်း သဘောတူညီချက်မရခင် ပဥ္စမယုဂ်မတိုင်ခင် အကြီးအကျယ် ပြောင်းလဲခဲ့တယ်လို့ အရိပ်အမြွက်ပြနေသလိုပါပဲ။
ဒီအတွေးကြောင့်ပဲ ကလိုင်းရဲ့ စိတ်ထဲမှာ နောက်ထပ် မေးခွန်းတစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကြောင့် ကလိုင်းဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “ဒီဒဏ္ဍာရီက ပြဿနာရှိနေသလိုပဲ… အနှိုင်းမဲ့တောက်ပတဲ့ နေမင်း၊ မုန်တိုင်းအရှင်နဲ့ အသိဉာဏ်ပညာ နတ်ဘုရားတို့က ဖန်ဆင်းရှင်ရဲ့ စိတ်ဝိညာဉ်ကနေ တိုက်ရိုက်မွေးဖွားလာပြီး ကျွန်တော်တို့ နတ်ဘုရားမကျတော့ ဘာဖြစ်လို့ ဖန်ဆင်းရှင်ရဲ့ စိတ်ဝိညာဉ်ကနေ မမွေးဖွားလာရတာလဲ”
ထာဝရည ကျမ်းစာတွေရဲ့ သမိုင်းမတင်ခင် မှတ်တမ်းတွေအရ ထာဝရညနတ်ဘုရားမက ဒုတိယယုဂ် အဆုံးသတ်မှာ နိုးထလာခဲ့ပြီး မုန်တိုင်းအရှင်၊ အနှိုင်းမဲ့တောက်ပတဲ့နေမင်း၊ တခြားနတ်ဘုရားတွေနဲ့အတူ လူသားတွေကို ကောင်းချီးပေးပြီး ကမ္ဘာပျက်ကပ်မှာ ရှင်သန်နိုင်အောင် ကူညီခဲ့ပါတယ်။ အဲဒီအချိန်ကို တတိယယုဂ် ကမ္ဘာပျက်ကပ်ယုဂ်လို့ ခေါ်ပါတယ်။
အဲဒီအချိန်မှာပဲ မယ်တော်မြေနတ်ဘုရားမနဲ့ စစ်နတ်ဘုရားတို့လည်း ပေါ်ထွန်းလာခဲ့ပါတယ်။ ရေနွေးငွေ့နဲ့ စက်ယန္တရား နတ်ဘုရားကတော့ သူ့ရဲ့ မူလနာမည်က လက်မှုပညာသည် နတ်ဘုရားပါ။ သူက စတုတ္ထယုဂ်မှ ပေါ်လာတာပါ။
နတ်ဘုရားချင်း နှိုင်းယှဉ်ရင် သူတို့ ထွက်ပေါ်လာတဲ့ အချိန်က အကောင်းဆုံး သက်သေပါ။ ပိုပြီးတော့ ရှေးကျလေလေ ပိုပြီးတော့ တရားနည်းလမ်း ကျလေလေပါပဲ။ ဒါက တော်တော်လေးကို ရှင်းလင်းလွန်းတော့ ထာဝရည နတ်ဘုရားမ ကိုးကွယ်ယုံကြည်သူတွေကို ခေါင်းစားစေပါတယ်။
ဒန်းစမစ်ဟာ ကလိုင်းရဲ့ မေးခွန်းကို ဖြေရမဲ့အစား ဆေးတံကို တခြားလက်နဲ့ ကိုင်ပြီး ပြန်မေးလိုက်ပါတယ် “နတ်ဘုရားမရဲ့ ဘွဲ့အမည်နာမ အပြည့်အစုံကို ပြောစမ်းပါဦး”
ကလိုင်းဟာ ကိုယ်ပေါင် ကိုယ်လှန်ထောင်းတယ်လို့ ခံစားလိုက်ရပြီး ဦးနှောက်ကို မရမက ပြန်စဉ်းစားဖို့ တစ်ချက်လွှတ် အမိန့်ထုတ်လိုက်ပါတယ်။
“ထာဝရညနတ်ဘုရားမသည် ကြယ်တာရာတို့ထက် မြင့်မြတ်ပြီး ထာဝရနှင့် အနှိုင်းမဲ့တို့ထက် သာလွန်သည်… နတ်ဘုရားမသည် ကြက်သွေးရောင်မိန်းမပျို… လျှို့ဝှက်ချက်တို့၏ မယ်တော်.. ကပ်ဘေးဒုက္ခနှင့် ချောက်ချားမှုတို့၏ ဧကရီ… တိတ်ဆိတ်ငြိမ်သက်မှုတို့၏ သခင်မ ဖြစ်သည်…”
ကလိုင်းရဲ့ အမေက ထာဝရညနတ်ဘုရားမကို သက်ဝင်ယုံကြည်သူဖြစ်တာ ကျေးဇူးတင်ရပါမယ်။ ကလိုင်းရဲ့အမေ အသက်ရှင်နေတုန်းက ညစာစားတိုင်း ဒီစာပိုဒ်ကို ရွတ်ဆိုလေ့ရှိပါတယ်။ အရင်ကလိုင်းရဲ့ မှတ်ဉာဏ်တွေက အပိုင်းပိုင်းအစစ ဖြစ်နေပေမဲ့ အကုန်လုံး ဆုံးရှုံးသွားတာ မဟုတ်ပါဘူး။
“ကြက်သွေးရောင် မိန်းမပျိုက ဘာကို ရည်ညွှန်းလဲ”
“ကြက်သွေးရောင်လ” ကလိုင်းဟာ ဖြေလိုက်တယ်ဆိုရင်ပဲ ချက်ချင်း နားလည်သွားပါတယ်။
“ဖန်ဆင်းရဲ့ ဘယ်အစိတ်ပိုင်းကနေ လ ဖြစ်လာတာလဲ” ဒန်းစမစ်က အပြုံးနဲ့ မေးပါတယ်။
“မျက်လုံးတစ်လုံးကနေ ဖြစ်လာတာ”
ကလိုင်းနဲ့ ဒန်းစမစ်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ပါတယ်။
ဒီရှင်းပြပုံနဲ့ဆိုရင် ထာဝရည နတ်ဘုရားမက ဖန်ဆင်းရှင်ရဲ့ စိတ်ဝိညာဉ် သုံးပုံတစ်ပုံကနေ ဖြစ်တည်လာတဲ့ မုန်တိုင်းအရှင်ထက် မနိမ့်ပါဘူး။
မယ်တော်မြေနတ်ဘုရားမနဲ့ စစ်နတ်ဘုရားတို့မှာလည်း ဒီလိုမျိုး ဆင်တူတဲ့ ရှင်းပြချက်တွေ ရှိပါတယ်။ ရေနွေးငွေ့နဲ့ စက်ယန္တရား နတ်ဘုရားကတော့ နောက်ကျမှ ပေါ်လာတဲ့အတွက် အကြောင်းပြချက်ရှာဖို့ တ်ေတော် နောက်ကျသွားပါပြီ။
အဲဒါကြောင့်လည်း သူတို့ဘုရားကျောင်းက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်မှာ အားအနည်းဆုံး ဖြစ်နေခဲ့တာပါ။ ရေနွေးငွေ့စက်တွေ ပေါ်လာမှပဲ တခြားနတ်ဘုရားတွေနဲ့ ရင်ပေါင်တန်း ရပ်နိုင်မဲ့ အခွင့်အရေးကို အမိဖမ်းနိုင်ခဲ့တာပါ။
ဒန်းစမစ်ဟာ သူ့ဆေးတံကို အသာခေါက်ချလိုက်ပါတယ်။
“လူသားတွေက ဖန်ဆင်းရှင်ရဲ့ ဉာဏ်ပညာကနေ မွေးဖွားလာခဲ့တယ်… အဲဒီတော့ ငါတို့တွေမှာ သာမန်ထက် ထူးခြားပြီး ဉာဏ်ပညာထက်မြက်တဲ့ ဦးနှောက်တွေရှိပေမဲ့ မှော်စွမ်းအားတော့ မရှိဘူး… ဒါပေမဲ့ ဖန်ဆင်းရှင် ဒဏ္ဍာရီကနေ ငါတို့တွေ ရိုးရှင်းတဲ့ ကောက်ချက်တစ်ခု ချနိုင်တယ်… အရာအားလုံးက တစ်ခုတည်းကနေ ဆင်းသက်လာတယ်ဆိုတာပဲ”
“တစ်ခုတည်းကနေ ဆင်းသက်လာတယ်…” ကလိုင်းဟာ နောက်ဆုံးစကားကို တစ်ခေါက် ထပ်ပြောမိလိုက်ပါတယ်။
“ဒီကောက်ချက်အရဆိုရင် နတ်ဘုရားတွေရဲ့ ကာကွယ်မှုကို ရရှိခဲ့တဲ့ လူသားတွေက လူ့ဘီလူးတွေ နတ်ဆိုးတွေနဲ့ မျိုးပြောင်းတွေကို ခုခံနိုင်ခဲ့တယ်… တဖြည်းဖြည်းနဲ့ လူသားတွေက သာလွန်သူတွေရဲ့ စွမ်းအားကို ရယူနိုင်မဲ့ နည်းလမ်းတွေက ရှာဖွေလာနိုင်ခဲ့ကြတယ်”
“အဲဒီနည်းလမ်းက မိစ္ဆာစိတ်ဝိညာဉ်တွေ နဂါးတွေ မွန်းစတားတွေ မှော်သစ်ပင်တွေ ပန်းပင်တွေရဲ့ လိုက်ဖက်တဲ့ အစိတ်အပိုင်းတွေကို သလင်းကျောက်တွေ တခြားပစ္စည်းတွေနဲ့ ရောနှောပြီး ဆေးရည်စပ်တာပဲ… အဲဒီဆေးရည်ကို သောက်သုံးပြီး အဲဒီထဲမှာပါတဲ့ စွမ်းအားကို စုပ်ယူရင် ထူးခြားစွမ်းအားတွေကို ရလိမ့်မယ်… ဒါက ဂမ္ဘီရနယ်ပယ်မှာ လူတိုင်းသိတဲ့ အခြေခံဗဟုသုတပဲ”
ဒန်းစမစ်ဟာ ထဲထဲဝင်ဝင် မရှင်းပြဘဲ အကြမ်းဖျင်းပဲ မိတ်ဆက်ပေးပါတယ် “ဒီဖြစ်စဉ်မှာ ငါတို့ရဲ့ ဘိုးဘေးတွေက နာကျင်စရာကောင်းတဲ့ သင်ခန်းစာတွေကနေ အဆင့်မြင့်တဲ့ သာမန်မဟုတ်တဲ့ ဆေးရည်တွေကို သောက်သုံးမယ်ဆိုရင် ဝမ်းနည်းကြေကွဲဖို့ကောင်းတဲ့ အဖြစ်အပျက်တွေဆီ လွယ်လင့်တကူ ဦးတည်နိုင်တာကို ရှာတွေ့ခဲ့ကြတယ်… အဲဒီမှာ ဖြစ်နိုင်ခြေ သုံးခု ရှိတယ်”
“ဘာတွေလဲ” ကလိုင်းဟာ စိတ်ဝင်စား မေးလိုက်ပါတယ်။
“ပထမတစ်ခုက စိတ်ပိုင်းဆိုင်ရာ သေဆုံးပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးတာပဲ… အဲဒီအခြေအနေမှာ အသားစတိုင်းက ကြောက်စရာကောင်းတဲ့ မွန်းစတားတစ်ကောင် ဖြစ်လာလိမ့်မယ်… ဒုတိယတစ်ခုက ဆေးရည်ထဲမှာပါတဲ့ စွမ်းအားကြောင့် စရိုက်ပြောင်းသွားတာ… အဲဒီအခြေအနေမှာ သူတို့တွေက အေးစက်ပြီး ဆတ်ဆတ်ထိမခံတဲ့ ဒေါသတကြီး ရက်စက်တတ်တဲ့ ခံစားချက်မရှိတဲ့လူတွေ ဖြစ်သွားလိမ့်မယ်… တတိယတစ်ခုကတော့… အင်း…”
ဒန်းစမစ်ဟာ ဆေးတံကို အောက်ချပြီး ကြွေဖန်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်ပါတယ် “ဖာ့စ်မြစ်ဝှမ်းကလာတဲ့ ဖဲမားကော်ဖီက ခါးပေမဲ့ အနံ့လေးက တော်တော် သင်းတယ်… သောက်ပြီးရင် ပါးစပ်ထဲမှာ စွဲကျန်နေခဲ့တယ်… သောက်ကြည့်ပါလား…”
“ကျွန်တော်က ဖေးနာပေါ်တာ ကုန်းမြင့်ကလာတဲ့ ကော်ဖီကို ပိုကြိုက်တယ်… ဝဲလ်ရဲ့ အိမ်မှာ တစ်ခါနှစ်ခါပဲ သောက်ဖူးတယ်ဆိုပေမဲ့ပေါ့” ကလိုင်းဟာ ယဉ်ယဉ်ကျေးကျေး ငြင်းဆန်ပြီး သိချင်တာကို မေးမြန်းပါတယ် “တတိယ ဖြစ်နိုင်ခြေက ဘာလဲ”
“စိတ်ရောဂါရတာ… နေရာမှာတင် ရူးသွပ်ပြီး မိစ္ဆာထက် မိစ္ဆာပိုဆန်သွားတာ… ဒါကို စိတ်လွတ်သွားတယ်လို့ ခေါ်တာပဲ” ဒန်းစမစ်ဟာ စိတ်လွတ်သွားတယ်ဆိုတဲ့ စကားလုံးကို လေးလေးနက်နက် ပြောလိုက်ပါတယ်။
ကလိုင်းဆီက စကားတစ်လုံး ထွက်လာတာကို မစောင့်ဘဲ ဒန်းစမစ်ဟာ ကော်ဖီခွက်ကို ချပြီး ဆက်ပြောပါတယ်။
“နှစ်ပေါင်း မြောက်မြားစွာကြာအောင် စမ်းသပ်မှုတွေ ရှာဖွေမှုတွေ လုပ်ခဲ့ပြီးတဲ့နောက်မှာ ဘုရားသခင်စော်ကား ကျောက်ပြား ပေါ်ထွက်လာမှုနဲ့အတူ လူသားတွေက ဆေးရည်စနစ်ကို ပြီးပြည့်စုံအောင် တီထွင်ကြံဆနိုင်ခဲ့တယ်… အဆင့်သတ်မှတ်ထားတဲ့ အစဉ်အတိုင်းသွားရတဲ့ ဆုံမှတ်လို့ခေါ်တဲ့ စနစ်တစ်ခု ဖြစ်ပေါ်လာတယ်…”
“ဆုံမှတ်နံပါတ် နိမ့်လေလေ ဆေးရည်အဆင့်က မြင့်လေလေပဲ… အခုအချိန်မှာ အဓိက ဘုရားကျောင်း ခုနစ်ကျောင်းက တစ်ကျောင်းကို အနည်းဆုံး ပြီးပြည့်စုံတဲ့ ဆုံမှတ်လမ်းကြောင်းတစ်ခုစီ ထိန်းချုပ်ထားကြတယ်… အဲဒါတွေအပြင် လွန်ခဲ့တဲ့ နှစ်ပေါင်း ရာထောင်ချီမှာ သူတို့တွေ စုဆောင်းထားတဲ့ မပြီးပြည့်စုံသေးတဲ့ ဆုံမှတ် လမ်းကြောင်းတွေလည်း ရှိတယ်”
“ဘုရားသခင်စော်ကား ကျောက်ပြား…” ကလိုင်းဟာ ဒီစကားလုံးကို သေသေချာချာ ကြားမိလိုက်ပါတယ်။ ဆွေးနွေးပွဲမှာတုန်းက ဒီနာမည်ကို လူဇောက်ထိုး ပြောခဲ့တယ် မဟုတ်ပါလား။
လူဇောက်ထိုးရဲ့ စကားအရဆိုရင် ဘုရားသခင်စော်ကား ကျောက်ပြားက ဆေးရည်စနစ် ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာဖို့ အရေးအကြီးဆုံး အခြေခံအကြောင်းရင်းပါ။ ဒါက ဒန်းစမစ် ပြောတာနဲ့တော့ ဆန့်ကျင်နေပါတယ်။
“အဲဒီဟာတွေကို မိစ္ဆာနတ်ဘုရားတွေ ဖန်တီးထားခဲ့တာ… ဘယ်ခေတ်မှာ ပေါ်လာလဲ၊ ဘာတွေ ပါဝင်လဲ၊ ဘာတွေ ထူးခြားလဲဆိုတာတော့ ငါလည်း မသိဘူး… မင်း ဘာသဲလွန်စပဲ ရှာတွေ့တွေ့ ငါ့ဆီကို ချက်ချင်း သတင်းပို့ရမယ်… အဲဒီဟာက အဆင့်အမြင့်ဆုံး တုံ့ပြန်ချက်ပေးဖို့ တန်တယ်” ဒန်းစမစ်က မရှင်းမလင်း ပြောလိုက်ပါတယ်။
“ငါ မင်းကို စိတ်လွတ်တာတွေထဲက တစ်မျိုး ပြောပြပြီးပြီ၊ ကျန်တဲ့လေးမျိုးကို အခုဆက်ပြောပြမယ်”
“ပြောပါ” ကလိုင်းဟာ ဘုရားသခင်စော်ကား ကျောက်ပြားနဲ့ ပတ်သက်တဲ့ မေးခွန်းကို ခေါင်းထဲ ပြန်သိမ်းလိုက်ပြီး ဒန်းစမစ် ပြောလာမဲ့ အကြောင်းအရာတွေကို သေချာအာရုံစိုက် နားထောင်ပါတယ်။
“လူသားတွေက ထက်မြက်ပေမဲ့ ထူးခြားစွမ်းအားတွေ မရှိဘူး… ဒါက ယေဘုယျအားဖြင့် မှန်ပေမဲ့ အတိအကျကြီးတော့ ယူလို့ မရဘူး… ကံကောင်းတဲ့လူတချို့က အမြဲတမ်း ရှိတယ်… ငါကတော့ သူတို့ကို ကံဆိုးသူမောင်ရှင်လို့ပဲ ခေါ်ချင်တယ်… သူတို့တွေက မြင့်မားတဲ့ သိမြင်နားလည်နိုင်စွမ်းနဲ့ မွေးဖွားလာတော့ စိတ်ဝိညာဉ်တွေကို အာရုံခံနိုင်စွမ်း ရှိတယ်… တခြားလူတွေ မကြားနိုင်တဲ့ အသံတွေကို ကြားနိုင်ပြီး တခြားလူတွေ မမြင်နိုင်တာကို မြင်နိုင်ကြတယ်… သူတို့မှာ သာလွန်သူလက္ခဏာတွေ တစ်ပိုင်းတစ်စ ရှိကြတယ်”
ဒန်းစမစ်ဟာ ပြောဆိုရင်းနဲ့ သူ့ဘေးပတ်လည်က ဘာမှမရှိတဲ့ လေထုကိုကြည့်လိုက်ပါတယ်။ ဒန်းစမစ်ရဲ့ ဒီအပြုအမူက ကလိုင်းကို ကြက်သီးမွေးညင်း ထသွားစေပါတယ်။
“တခြားစကားနဲ့ ပြောရရင် သူတို့တွေက ဆုံမှတ် ၉ သာလွန်သူဖြစ်ဖို့ ခြေလှမ်းတစ်ဝက်ပဲ လိုတော့ပြီး တစ်သမတ်တည်း ဖြစ်နေတဲ့ သာလွန်သူ လက္ခဏာတွေ ရှိတယ်… အို ဒါနဲ့ ဆုံမှတ် ၉ က ကွင်းဆက်ထဲမှာ အနိမ့်ဆုံးအဆင့်ပဲ… အကျဉ်းချုပ်ပြောရရင်ကွာ… သူတို့တွေက သူတို့ရဲ့ တစ်သမတ်တည်း ဖြစ်နေတဲ့ သာလွန်သူလက္ခဏာနဲ့ လိုက်ဖက်တဲ့ ဆုံမှတ်လမ်းကြောင်းကိုပဲ ရွေးချယ်လို့ရတယ်… တခြားလမ်းကြောင်းက ဆေးရည်ကို သောက်သုံးခဲ့မယ်ဆိုရင် စိတ်ရောဂါရတာကနေ စိတ်လွတ်တဲ့အထိ ဖြစ်နိုင်ပြီး တစ်ခါတစ်လေကျရင် သေတာထက် ဆိုးရွားတဲ့ ဘဝကို ရောက်သွားနိုင်တယ်”
“နားလည်ပြီ” ကလိုင်းဟာ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပါတယ်။
“တတိယတစ်ခုကတော့ ဒုတိယတစ်ခုနဲ့ ဆင်တယ်… မင်း ဆုံမှတ်ကွင်းဆက်တစ်ခုကို ရွေးချယ်လိုက်တာနဲ့ ဘာတွေပဲဖြစ်ဖြစ် အဲဒီလမ်းကိုပဲ ဆက်လျှောက်ရလိမ့်မယ်… နောင်တရဖို့ အခွင့်အရေး မရှိဘူး… မင်း တခြားလမ်းကြောင်းက နောက်တစ်ဆင့် ဆေးရည်ကို သောက်သုံးခဲ့မယ်ဆိုရင် ရောထွေးပြီး ရှုပ်ယှက်ခတ်နေတဲ့ စွမ်းအားကို ရလိမ့်မယ်… လုံးဝနီးပါး သေချာတာတစ်ခုက စိတ်ဖောက်ပြန်ဖို့ လက်မှတ်ရသွားပြီ… အဲဒီအခြေအနေမှာ မင်းက ဆတ်ဆတ်ထိမခံဘူး… ဒေါသကြီးမယ်… သွေးဆာမယ်… ရက်စက်မယ်… တိတ်ဆိတ်ပြီးတော့ မှိုင်တွေနေလိမ့်မယ်”
“အဲဒီလို အခွင့်အရေးမျိုးကလည်း တစ်ခါပဲ ရှိတယ်… အဲဒီလိုလုပ်ပြီးလို့ မင်းရဲ့ မူလလမ်းကြောင်းက ဆေးရည်ပဲဖြစ်ဖြစ် မင်းအခုလက်ရှိ ရောက်နေတဲ့ လမ်းကြောင်းက ဆေးရည်ပဲဖြစ်ဖြစ် ထပ်သောက်မယ်ဆိုရင် ဖြစ်နိုင်ခြေက တစ်ခုပဲ ရှိတယ်… စိတ်လွတ်သွားတာပဲ… စိတ်ပိုင်းဆိုင်ရာ သေဆုံးပြီး ခန္ဓာကိုယ်က မွန်းစတား ဖြစ်သွားနိုင်တယ်… မိစ္ဆာစိတ်ဝိညာဉ်အဖြစ်လည်း ပြောင်းလဲသွားနိုင်တယ်”
ဒန်းစမစ်ဟာ စကားဆုံးတာနဲ့ ကော်ဖီခွက်ကို မပြီး နောက်တစ်ကျိုက် ထပ်သောက်လိုက်ပါတယ်။
ဒါကိုကြားပြီး ကြောက်လန့်သွားတဲ့ ကလိုင်းဟာ လေးငါးစက္ကန့်လောက် တိတ်ဆိတ်သွားပြီးမှ ထပ်မေးပါတယ် “လေးခုမြောက်ကရော…”
“လေးခုမြောက်လား… ဟီးဟီး… အဲဒါက အဖြစ်အများဆုံး ပြဿနာပဲ… ငါတို့တွေ သာမန်မဟုတ်တဲ့ သတ္တဝါတွေရဲ့ စွမ်းအားကို ရရှိဖို့ ဆေးရည် သောက်သုံးတဲ့အခါမှာ ငါတို့တွေလည်း သဘာဝမကျတဲ့ ပြောင်းလဲမှုကို ရင်ဆိုင်ရတယ်… အဲဒီဆေးရည်မှာ ပါဝင်တဲ့ စိတ်ဝိညာဉ်စွမ်းအား အကြွင်းအကျန်တွေက ငါတို့ကို အနည်းနဲ့အများ သက်ရောက်တယ်… ဒီလက္ခဏာတွေက ထင်ထင်ရှားရှား မရှိဘူး”
“တခြားလူတွေ ထောက်လှမ်းလို့ မရဘူးဆိုပေမဲ့ အဲဒီလူရဲ့ စိတ်ထဲမှာ သေချာပေါက် ခိုအောင်းနေတယ်… အဲဒီလူက ဆေးရည်သောက်သုံးလို့ ရရှိလာတဲ့ စွမ်းအားတွေကို သေသေချာချာ မဆုပ်ကိုင်နိုင်သေးဘဲ သိမ်မွေ့ညင်သာတဲ့ အကြွင်းအကျန် အစအနတွေကို ကုန်စင်အောင် မရှင်းပစ်ဘဲ သူ့လမ်းကြောင်းထဲမှာရှိတဲ့ နောက်ထပ်ဆုံမှတ် ဆေးရည်ကို အလျင်စလို သောက်သုံးမယ်ဆိုရင် အဲဒီဟာတွေက တဖြည်းဖြည်း စုပုံပြီး စိတ်လွတ်နိုင်တဲ့ ရာခိုင်နှုန်းကို တိုးသွားစေတယ်”
ဒန်းစမစ်ဟာ ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားပါတယ်။
“ဟင်း… ညသိမ်းငှက်ရဲ့ အတွင်းစည်းကမ်းအရ အဖွဲ့ဝင်တစ်ယောက်က ကြီးကြီးမားမား အကျိုးဆောင်ရင်တောင် အရင်သောက်ခဲ့တဲ့ ဆေးရည်က သုံးနှစ်ကြာသွားမှ နောက်တစ်ဆင့်ကို တက်ပေးတယ်… အဲဒါတောင် နှစ်တိုင်း စိတ်လွတ်တဲ့လူတွေ ရှိနေတုန်းပဲ”
‘တော်တော် ကြောက်စရာ ကောင်းတာပဲ’ ကလိုင်းဟာ ပင့်သက်ရှိုက်လိုက်ပါတယ် “အဲဒါဆိုရင် နောက်ဆုံးဟာကရော…”
ဒန်းစမစ်ရဲ့ မျက်နှာမှာ အပြုံးတစ်စက်မှ မရှိတော့ပါဘူး။
“ငါးခုမြောက်က သာလွန်သူတွေကို စိတ်လွတ်စေတဲ့ အဖြစ်အများဆုံး အကြောင်းရင်းပဲ… သာလွန်သူတွေက သာမန်လူတွေထက် အနည်းနဲ့အများ သိမြင်နားလည်နိုင်စွမ်း ပိုအားကောင်းလာတယ်… ဆုံမှတ်နံပါတ် ငယ်လေလေ သိမြင်နားလည်နိုင်စွမ်း ပိုအားကောင်းလာလေလေပဲ…”
“အဲဒီတော့ သူတို့တွေက တခြားလူတွေ မမြင်တာ မကြားတာကို မြင်တွေ့ ကြားသိလာရတယ်… တခြားလူတွေ မကြုံတာကို ကြုံလာရတယ်… သွေးဆောင်ဖြားယောင်မှုတွေ ပုံရိပ်ယောင်တွေရဲ့ ညှို့ယူဖမ်းစားမှုတွေကို ဆက်တိုက် တွေ့ကြုံလာရတယ်… လွန်လွန်ကဲကဲ ဖြစ်သွားမယ် ဒါမှမဟုတ် လောဘကြီးလွန်းမယ်ဆိုရင် သူတို့တွေက စိတ်လွတ်မဲ့ လမ်းကြောင်းထဲ ကျသွားပြီ”
ဒန်းစမစ်ဟာ ပြောဆိုရင်းနဲ့ ကလိုင်းကို စိုက်ကြည့်လိုက်ပါတယ်။ သူ့အသံကလည်း ညှို့မှိုင်းသွားပါတယ်။
“ညသိမ်းငှက်အဖွဲ့ကို တည်ထောင်ခဲ့တဲ့ ဂိုဏ်းချုပ်ချန်စီက ပြောဖူးတယ်… ငါတို့တွေက အစောင့်အရှောက်တွေ ဆိုပေမဲ့ ဘေးအန္တရာယ်တွေနဲ့ ရူးလောက်စရာကောင်းတဲ့ အရာတွေကို အဆက်မပြတ် တိုက်ခိုက်နေရတဲ့ သနားစရာကောင်းတဲ့ ဒုက္ခရောက်နေတဲ့ လူတွေတဲ့”