Switch Mode

Chapter – 17

အထူး စစ်ဆင်ရေးဌာန

အခန်း (၁၇) အထူး စစ်ဆင်ရေးဌာန

“ဆူးနက် လုံခြုံရေးကုမ္ပဏီ”
ကလိုင်းဟာ ဆိုင်းဘုတ်ကို ကြည့်ပြီး အံ့အားသင့်သွားပေမဲ့ ဖြစ်သင့်တယ်လို့ ခံစားလိုက်ရပါတယ်။
‘အင်း… သူတို့လည်း ခေတ်မီတာပဲ…’ ကလိုင်းဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် တစ်ဝက်ပိတ်ထားတဲ့ တံခါးကို ညာလက်နဲ့ အသာအယာ ခေါက်လိုက်ပါတယ်။
“ဒေါက်… ဒေါက်… ဒေါက်…”
စည်းချက်မှန်တဲ့ တံခါးခေါက်သံက ဖြည်းဖြည်းချင်း ပဲ့တင်ထပ်သွားပါတယ်။ ဒါပေမဲ့ အထဲကနေ ဘာတုံ့ပြန်သံမှ မကြားရဘဲ တခေါခေါ အသံကိုပဲ ခပ်ယဲ့ယဲ့ ကြားလိုက်ရပါတယ်။
“ဒေါက်… ဒေါက်… ဒေါက်…”
ကလိုင်းဟာ တံခါးထပ်ခေါက်ပေမဲ့ ဘာမှ ထူးမလာပါဘူး။
ကလိုင်းလည်း တံခါးဟထားတာ ကျယ်သွားအောင် တွန်းဖွင့်ပြီး အထဲကို လှမ်းကြည့်လိုက်တဲ့အခါ ဧည့်သည်တွေထိုင်ဖို့ ဆိုဖာကောင်းကောင်းတစ်လုံး၊ လက်ရန်းပါတဲ့ ကုလားထိုင်တစ်လုံးနဲ့ ကော်ဖီတင် စားပွဲတစ်လုံးကို တွေ့လိုက်ရပါတယ်။ ဆံပင်ညိုညိုနဲ့ မိန်းကလေးတစ်ဦးကလည်း စားပွဲပေါ်လက်တင်ပြီး အိပ်နေပါတယ်။
‘လုံခြုံရေးကုမ္ပဏီက အယောင်ဆောင်ထားတယ် ဆိုရင်တောင် ဒါက ပရော်ဖက်ရှင်နယ် မဆန်လွန်းရာမကျဘူးလား… ဒီနေရာ အလုပ်အပ်တဲ့လူ မရှိတာ ဘယ်လောက်တောင် ကြာသွားပြီလဲမသိဘူး… ဟုတ်သားပဲ… သူတို့က အလုပ်အပ်တဲ့လူမှ မလိုတာ’
ကလိုင်းဟာ စိတ်ထဲမှာ စောဒကတက်ရင်း စားပွဲဆီ လျှောက်သွားကာ အိပ်မောကျနေတဲ့ မိန်းကလေးရဲ့ နားနားကပ်ပြီး စားပွဲကို လက်နဲ့ ခေါက်လိုက်ပါတယ်။
“ဒေါက်… ဒေါက်…”
ဆံပင်ညိုညိုနဲ့ မိန်းကလေးဟာ ချက်ချင်း ထထိုင်ပြီး သူမရှေ့မှာရှိတဲ့ သတင်းစာကို ဖျတ်ခနဲ ဆွဲယူကာ မျက်နှာရှေ့ ကာလိုက်ပါတယ်။
‘ထင်းဂန်မြို့ သတင်းမှန်… နာမည်ကောင်းပဲ’ ကလိုင်းဟာ စိတ်ထဲကနေ သတင်းစာနာမည်ကို ဖတ်ကြည့်ပြီး ‌ကောက်ချက် ချလိုက်ပါတယ်။
“ကွန့်စတန်မြို့ကို တိုက်ရိုက်ရောက်တဲ့ မိုးပျံရထားအမည်ရ ရေနွေးငွေ့မီးရထား ဝန်ဆောင်မှုက ဒီနေ့ စပြေးဆွဲတယ်… အို… ဘယ်တော့မှ ဘရန်ဒစ်စီ ဆိပ်ကမ်းဆီ တိုက်ရိုက်ပြေးဆွဲမှာလဲ… ငါ အဲဒီနေရာကို သင်္ဘောနဲ့ ထပ်မသွားချင်တော့ဘူး… စိတ်ဆင်းရဲဖို့ကောင်းတယ်… တ်ေတော် စိတ်ဆင်းရဲဖို့ကောင်းတယ်… ဟေး… ရှင်က ဘယ်သူလဲ”
ဆံပင်ညိုညိုနဲ့ မိန်းကလေးဟာ သတင်းစာ ဖတ်ချင်ယောင် ဆောင်ပြီး ထင်မြင်ချက် ပေးလိုက်ပါတယ်။ ပြီးတော့ သတင်းစာကို နှိမ့်ပြီး မျက်လုံးဖော်ကာ လန့်သွားတဲ့မျက်လုံးတွေနဲ့ ကလိုင်းကို ကြည့်လိုက်ပါတယ်။
“မင်္ဂလာပါ… ကျွန်တော်က ကလိုင်းမိုရက်တီပါ… ဒန်းစမစ် ဖိတ်ထားလို့ ရောက်လာတာပါ” ကလိုင်းဟာ သူ့ကိုယ်သူ မိတ်ဆက်ရင်း ဦးထုပ်ကို ရင်ဘက်ပေါ်တင်ပြီး အနည်းငယ် ဦးညွှတ်လိုက်ပါတယ်။
ဆံပင်ညိုညိုနဲ့ မိန်းကလေးဟာ အသက် နှစ်ဆယ်ကျော်လောက်ပဲ ရှိပါသေးတယ်။ သူမဟာ အစိမ်းရောင်ဖျော့ဖျော့ရှိတဲ့ လိုအင်စတိုင် အင်္ကျီကို ဝတ်ဆင်ထားပါတယ်။ သူမအင်္ကျီရဲ့ လက်စ၊ ကော်လံနဲ့ ရင်ဘက်မှာလည်း ဇာတပ်ထားပါတယ်။
“ကပ္ပတိန်… အင်း… ဒီနေရာမှာ ခဏစောင့်ဦး… ကျွန်မ သူ့ကို သွားခေါ်လိုက်ဦးမယ်” မိန်းကလေးဟာ သုတ်သုတ်ပျာပျာ မတ်တတ်ကောက်ရပ်ပြီး ဘေးနားက အခန်းထဲ ဝင်သွားပါတယ်။
‘ဒီကောင်မလေးက ရေတစ်ခွက်တောင် ဧည့်မခံဘူး… ဝန်ဆောင်မှု ဒီလောက်ကောင်းတာ ကုမ္ပဏီက တိုးတက်ဦးမယ်’ ကလိုင်းဟာ ခပ်ယဲ့ယဲ့ပြုံးပြီး နေရာမှာ စောင့်ပါတယ်။
နှစ်မိနစ် သုံးမိနစ် ကြာတဲ့အခါမှာတော့ ဆံပင်ညိုညိုနဲ့ မိန်းကလေးဟာ တံခါးဖွင့်ပြီး ထွက်လာပါတယ်။ အဲဒီနောက် ကလိုင်းကို အသံချိုချိုလေးနဲ့ ပြောလိုက်ပါတယ် “မစ္စတာ မိုရက်တီ… ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်ခဲ့ပေးပါ… ကပ္ပတိန်က ချန်စီဂိတ်ကို စောင့်ကြပ်နေရလို့ နေရာကနေ ခွာလို့မရဘူး”
“ကောင်းပြီလေ” ကလိုင်းဟာ ချက်ချင်း နောက်ကနေ လိုက်သွားပါတယ် ‘ချန်စီဂိတ်… ဘာမလို့ နေရာကနေ မခွာဘဲ စောင့်ကြပ်ရတာလဲ’
အခန်းကန့်ထားတာတွေကို ဖြတ်သွားတဲ့အခါ ကလိုင်း ပထမဆုံး မြင်လိုက်ရတာက တစ်ဖက်တစ်ချက်စီမှာ ရုံးခန်းသုံးခန်းရှိတဲ့ စင်္ကြန်လမ်းလေးပါ။ ရုံးခန်းတချို့က သော့ပိတ်ထားပြီး တချို့ကတော့ ပွင့်နေပါတယ်။ ပွင့်နေတဲ့အခန်းထဲမှာတော့ လူတစ်ယောက်က စာရိုက်စက်ကို တရစပ် ရိုက်နေပါတယ်။
ကလိုင်းဟာ တစ်ချက်လှမ်းကြည့်လိုက်တဲ့အခါ သူ့တိုက်ခန်းကို လာစုံစမ်းစစ်ဆေးတဲ့ ငယ်ရွယ်တဲ့ ရဲအရာရှိကို တွေ့လိုက်ရပါတယ်။ အနက်ရောင်ဆံပင် အပြာရောင်မျက်လုံးနဲ့ ကဗျာဆရာတစ်ယောက်လိုမျိုး စိတ်နေသဘောထားရှိတဲ့ ရဲအရာရှိပါ။
ဒီငယ်ရွယ်တဲ့ ရဲအရာရှိက အရာရှိဝတ်စုံကို မဝတ်ဆင်ထားပါဘူး။ သူ့ရှပ်အင်္ကျီအဖြူရဲ့ ကော်လံကိုလည်း ခေါက်မထားတာကြောင့် ဂျစ်ကန်ကန်ပုံ ပေါ်နေပါတယ်။
‘ဒီလူက တကယ်ပဲ ကဗျာဆရာထင်တယ်’ ကလိုင်းက ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်တဲ့အခါ သူကလည်း ပြုံးပြီး ပြန်နှုတ်ဆက်ပါတယ်။ ‌
ဆံပင်ညိုညိုနဲ့ မိန်းကလေးဟာ အခန်းအဆုံးမှာရှိတဲ့ ဘယ်ဘက်ရုံးခန်းတံခါးကို တွန်းဖွင့်ပြီး အထဲကို ညွှန်ပြကာ ပြောလိုက်ပါတယ် “ကျွန်မတို့တွေ အောက်နည်းနည်းတော့ ဆင်းရဦးမယ်”
ဒီအခန်းမှာ ဘာပရိဘောဂ ဘာပစ္စည်းမှ မရှိပါဘူး။ အောက်ကိုဆင်းသွားတဲ့ ဖြူမှိုင်းမှိုင်း ကျောက်လှေကားထစ်တွေပဲ ရှိပါတယ်။ လှေကားထစ်ရဲ့ ဘေးနှစ်ဖက်မှာတော့ ဓာတ်ငွေ့မီးအိမ်တွေ ရှိနေပါတယ်။ ဓာတ်ငွေ့မီးအိမ်က ထုတ်လွှတ်နေတဲ့ တည်ငြိမ်တဲ့ မီးအလင်ရောင်ဟာ အမှောင်ထုကို ဖယ်ရှားပြီး သဟဇာတဖြစ်တဲ့ ခံစားချက်ကို ပေးစွမ်းနေပါတယ်။
ဆံပင်ညိုညိုနဲ့ မိန်းကလေးဟာ သူမရဲ့ ခြေထောက်တွေကို စိုက်ကြည့်ပြီး ရှေ့ကနေ သေချာဂရုတစိုက် လျှောက်ပါတယ်။
“ကျွန်မ ဒီလှေကားကို မကြာခဏ လျှောက်ရပေမဲ့ စည်ပိုင်းလို လိမ့်ကျမှာ ကြောက်နေတုန်းပဲ… ရှင် မသိဘူး… လန်နာ့ဒ်က အဲဒီလိုမျိုး ပြုတ်ကျဖူးတယ်… သူ ပထမဆုံး အအိပ်မဲ့ ဖြစ်လာတဲ့နေမှာ သူ့စွမ်းအားကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးဘဲနဲ့ လှေကားပေါ်ကနေ ပြေးဆင်းတာ တစ်ခါတည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားတယ်… ခစ်ခစ်… ပြန်တွေးကြည့်တိုင်း ရယ်စရာကောင်းတုန်းပဲ… အို ဟုတ်တယ်… ခုနက ရှင့်ကို နှုတ်ဆက်လိုက်တဲ့လူက လန်နာ့ဒ်လေ… လွန်ခဲ့တဲ့ သုံးနှစ်က အဲဒီလိုဖြစ်ခဲ့တာ… ပြောရရင် ကျွန်မ ညသိမ်းငှက်ထဲ ရောက်နေတာ ငါးနှစ်ရှိသွားပြီ… ကျွန်မ ညသိမ်းငှက်ထဲ ဝင်လာတုန်းက ၁၇ နှစ်ပဲ ရှိသေးတယ်”
ဆံပင်ညိုညိုနဲ့ မိန်းကလေးဟာ စကား ဘယ်လောက်ပြောပြာ ခြေလှမ်းတိုင်းကို သတိမလွတ်ပါဘူး။ ရုတ်တရက်ဆိုသလိုပဲ ဆံပင်ညိုညိုနဲ့ မိန်းကလေးဟာ နဖူးကို လက်ဝါးနဲ့ ပြန်ရိုက်ပြီး ပြောလိုက်ပါတယ်။
“ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ဖို့ ‌မေ့နေတယ်… ကျွန်မနာမည်က ရိုဇန်း… ကျွန်မအဖေက လွန်ခဲ့တဲ့ငါးနှစ်က မတော်တဆမှုတစ်ခုမှာ သူ့ကိုယ်သူ စတေးသွားတဲ့ ညသိမ်းငှက်အဖွဲ့ဝင်ပဲ… ဒီနေ့ကစပြီး ကျွန်မတို့တွေ လုပ်ဖော်ကိုင်ဖက် ဖြစ်လာမယ်ထင်တယ်… ဟုတ်တယ် လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာမှာ… ကျွန်မတို့က သာလွန်သူတွေ မဟုတ်တော့ အဖွဲ့သားတွေ မဟုတ်ဘူး”
“ငါလည်း အဲဒီလိုဖြစ်ဖို့ မျှော်လင့်ပါတယ်… ဒါက မစ္စတာစမစ်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်သေးတယ်” ကလိုင်းဟာ အလုံပိတ်ထားတဲ့ ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ပြောလိုက်ပါတယ်။
“မစိုးရိမ်ပါနဲ့… ရှင် ဒီနေရာကို လာနိုင်တယ် ဆိုကတည်းက ကပ္ပတိန်က သဘောတူတယ်လို့ ဆိုလိုတာပဲ… ကပ္ပတိန်က ဖော်ရွေပေမဲ့ ကျွန်မ ကပ္ပတိန်ကို နည်းနည်းကြောက်တယ်… ကပ္ပတိန်က ကျွန်မအတွက် အဖေတစ်ယောက်လိုပဲ… ဘာဖြစ်လို့ကြောက်တာလည်း မသိဘူး… ကြောက်တာက ကြောက်တာပဲ…” ရိုဇန်းရဲ့အသံက တော်တော် ချိုလွင်လှပါတယ်။
ကလိုင်းကလည်း အပြုံးနဲ့ ပြန်ဖြေလိုက်ပါတယ် “အဖေကို ကြောက်တာ ထူးဆန်းလို့လား”
“အဲဒါလည်း ဟုတ်တာပဲ” ရိုဇန်းဟာ ခေါင်းညိတ်ရင်း ထောင့်ချိုးနံရံကို လက်နဲ့ ကိုင်လိုက်ပါတယ်။
ကလိုင်းနဲ့ ရိုဇန်းဟာ စကားတပြောပြောနဲ့ အောက်ဆက်ဆင်းတဲ့အခါ မကြာခင်မှာပဲ ကျောက်ချပ်ခင်းထားတဲ့ မြေအောက်ထပ်တစ်ထပ်ဆီ ရောက်သွားပါတယ်။
ဒီနေရာရဲ့ မင်းလမ်းက တော်တော်ရှည်ပါတယ်။ မင်းလမ်းရဲ့ ဘေးနှစ်ဖက်မှာ သံဆန်ကာ ကာထားတဲ့ ဓာတ်ငွေ့မီးအိမ်တွေ ရှိနေပါတယ်။ ကလိုင်းနဲ့ ရိုဇန်းရဲ့ အရိပ်တွေဟာ ဒီမီးအိမ်တွေရဲ့ အလင်းရောင်အောက်မှာ ရှည်ထွက်လာပါတယ်။
ကလိုင်းဟာ သုံးလေးမီတာခြားတိုင်း ထာဝရညနတ်ဘုရားမရဲ့ အမှတ်အသား အမှောင်ထု တံဆိပ်တော် ရှိနေတာကို သတိထားမိလိုက်ပါတယ်။ ဒီတံဆိပ်တော်ရဲ့ နောက်ခံက အမှောင်ထုဖြစ်ပြီး တောက်ပတဲ့ အစက်အပြောက်တွေက ကြက်သွေးရောင် လခြမ်းက ဝန်းရံ တန်ဆာဆင်ထားပါတယ်။
ဒီအမှတ်အသားတွေက ဘာထူးခြားမှုမှ မရှိပါဘူး။ ဒါပေမဲ့ ဒီကြားထဲမှာ လမ်းလျှောက်ရတာက ကလိုင်းကို လုံခြုံတယ်လို့ ခံစားရစေပါတယ်။ ရိုဇန်းလည်း စကားပြောတာ ရပ်သွားပါတယ်။ မသိရင် စကားပြောရတာ မကြိုက်တဲ့ ခပ်အေးအေး လူတစ်ယောက်လိုပါပဲ။
မကြာခင်မှာပဲ သူတို့နှစ်ယောက်ရှေ့မှာ လမ်းဆုံတစ်ခု ပေါ်လာပါတယ်။
“ဘယ်ဘက်လမ်းက သူတော်စင် ဆယ်လီနာ ဘုရားရှိခိုးကျောင်းဆီ ရောက်တယ်… ညာဘက်လမ်းက လက်နက်ခန်း၊ သိုလှောင်ခန်းနဲ့ မော်ကွန်းတိုက်ဆီ ရောက်တယ်… တည့်တည့် ဆက်သွားရင်တော့ ချန်စီဂိတ်ဆီ ရောက်လိမ့်မယ်” ရိုဇန်းက အကြမ်းဖျင်း ရှင်းပြပါတယ်။
‘သူတော်စင် ဆယ်လီနာ ဘုရားရှိခိုးကျောင်း… ဒါဆို ဇိုးတလန်လမ်းက လရောင်နီလမ်းရဲ့ နောက်ကျောတင်လား…’ ကလိုင်းဟာ နည်းနည်းတော့ မှင်တက်သွားပါတယ်။
သူတော်စင် ဆယ်လီနာ ဘုရားရှိခိုးကျောင်းတော်က ထင်းဂန်မြို့မှာ ထာဝရညနတ်ဘုရားမရဲ့ ဘုရားရှိခိုးကျောင်း ဌာနချုပ် ဖြစ်ပါတယ်။ ဒီဆယ်လီနာ ဘုရားရှိခိုးကျောင်းဟာ ထင်းဂန်မြို့က ထာဝရညနတ်ဘုရားမကို ကိုးကွယ်ယုံကြည်သူတိုင်း သွားလည်ဖို့ မျှော်လင့်နေတဲ့ နေရာတစ်ခုပါ။
ဒီလိုပဲ ထင်ဂန်းမြို့ ဆင်ခြေဖုံးမှာ တည်ရှိတဲ့ ရေနွေးငွေ့နဲ့ မက္ကန်းနစ် နတ်ဘုရားရဲ့ ကိန်းမြတ် ဘုရားရှိခိုးကျောင်းတော်၊ ထင်းဂန်မြို့ မြောက်ပိုင်းမှာတည်ရှိတဲ့ မြစ်နှင့်ပင်လယ် ဘုရားရှိခိုးကျောင်းတော်တွေကလည်း သူတို့ရဲ့ ကိုးကွယ်ယုံကြည်သူတွေ သွားရောက်လည်ပတ်ဖို့ မျှော်လင့်နေတဲ့ နေရာတွေပါ။
ဒီဘုရားရှိခိုးကျောင်းတွေက ထင်းဂန်မြို့နဲ့ ထင်းဂန်မြို့လက်အောက်မှာရှိတဲ့ မြို့တွေ ရွာတွေရဲ့ ကိုးကွယ်ယုံကြည်မှု အသိုင်းအဝိုင်းကို ထိန်းသိမ်းထားပါတယ်။
သူ့ရဲ့ လက်ရှိအခြေအနေက မေးခွန်းထုတ်ဖို့ မသင့်တော်တဲ့အတွက် ကလိုင်းဟာ တိတ်တဆိတ် နားထောင်ပါတယ်။
သူတို့နှစ်ယောက်ဟာ လမ်းဆုံကိုကျော်ဖြတ်ပြီး ရှေ့တည်တည့် ဆက်လျှောက်တဲ့အခါ တစ်မိနစ် မပြည့်ခင်မှာဘဲ သံနက်နဲ့ တည်ဆောက်ထားတဲ့ တံဆိပ်တော်ခုနစ်ပါးရှိတဲ့ ဂိတ်တံခါးတစ်ခုဆီ ရောက်ရှိသွားပါတယ်။
ဒီသံနက်တံခါးဟာ အထီးတည်း တည်ရှိနေပြီး အမှောင်ထုထဲမှာ စောင့်ကြပ်နေတဲ့ လူ့ဘီလူးကြီးတစ်ကောင်လို အေးစက် ခက်ထန်လှပါတယ်။
“ချန်စီဂိတ်ပဲ” ရိုဇန်းဟာ ကလိုင်းကို သတိပေးပြီး သူတို့ဘေးနားမှာရှိတဲ့ အခန်းတစ်ခန်းကို ပြလိုက်ပါတယ် “ကပ္ပတိန် အထဲမှာ ရှိတယ်… ရှင့်ဘာသာ ဝင်သွားတော့”
“အင်း… ကျေးဇူးပဲ…” ကလိုင်းဟာ ယဉ်ယဉ်ကျေးကျေး ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်။
ရိုဇန်းပြတဲ့အခန်းက ချန်စီဂိတ် ရှေ့နားလေးတင်ပါ။ ပြတင်းပေါက်တွေက ပွင့်နေပြီး အထဲမှာ မီးလင်းနေတာကို တွေ့နိုင်ပါတယ်။ ကလိုင်းဟာ အသက်အရှည်ကြီးရှူပြီး သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းလိုက်ပါတယ်။
“ဒေါက်… ဒေါက်… ဒေါက်…”
“ဝင်လာခဲ့ချည်…”
ကလိုင်းဟာ ဒန်းစမစ်ရဲ့ နက်နဲပြီး ဖော်ရွေတဲ့ အသံကို ကြားလိုက်ရပါတယ်။
ကလိုင်းဟာ ချက်မချထားတဲ့ တံခါးကို အသာဖွင့်ပြီး အထဲဝင်လိုက်ပါတယ်။ အထဲမှာ စားပွဲတစ်လုံးနဲ့ ကုလားထိုင်လေးလုံးပဲ ရှိပါတယ်။ ပြီးခဲ့တဲ့ညက ကုတ်အင်္ကျီနက်ကိုပဲ ဝတ်ဆင်ထားတဲ့ ဒန်းစမစ်ဟာ ရွှေနာရီတစ်လုံးကို ရင်ဘက်မှာ ဆွဲထားပြီး သတင်းစာတစ်စောင်ကို စိမ်ပြေနပြေ ထိုင်ဖတ်နေပါတယ်။
“ထိုင်လေ… မင်း ဆုံးဖြတ်ပြီးပြီလား… ညသိမ်းငှက်ထဲ ဝင်ချင်တာ သေချာလား” ဒန်းစမစ်ဟာ သတင်းစာကို အောက်ချပြီး အပြုံးနဲ့ မေးလိုက်ပါတယ်။
ကလိုင်းဟာ ဦးထုပ်ချွတ်ပြီး စားပွဲဘေးမှာ ဝင်လိုက်ပါတယ် “သေချာပါတယ်… ကျွန်တော် ဆုံးဖြတ်ပြီးပြီ”
“အဲဒါဆိုလည်း ဒီသဘောတူညီချက်ကို ဖတ်ကြည့်ချည်… အခုခေတ်မှာတော့ လူတွေက စာချုပ်လို့ ခေါ်တယ်” ဒန်းစမစ်ဟာ အံဆွဲတစ်ခုကို ဆွဲဖွင့်ပြီး ကော်ပီကူးထားတဲ့ စာချုပ်နှစ်စောင်ကို ထုတ်ယူလိုက်ပါတယ်။
စာချုပ်ထဲမှာ အပိုဒ်တွေ သိပ်မပါပါဘူး။ အပိုဒ်အများစုက ဒန်းစမစ် ပြောထားတာတွေချည်းပါပဲ။ အဓိကအကျဆုံးကတော့ လျှို့ဝှက်ရေးအပိုဒ်ပါ။ စာချုပ်ဖောက်ဖျက်သူက လိုအင်နိုင်ငံရဲ့ တရားရုံးမှာ တရားရင်ဆိုင်ရမှာ မဟုတ်ဘဲ ထာဝရည နတ်ဘုရားမ ဘုရားကျောင်းရဲ့ သမာဓိခုံရုံးမှာ တရားရင်ဆိုင်ရမှာပါ။ ဒီအချက်က စစ်သားတွေ စစ်ခုံရုံးတက်ရတာနဲ့ ဆင်ပါတယ်။
‘ငါးနှစ်စာချုပ်… အပတ်စဉ်လစာက နှစ်ပေါင်နဲ့ ၁၀ ဆိုလီ… စွန့်စားမှုနဲ့ လျှို့ဝှက်ကြေးက ၁၀ ဆိုလီ…’ ကလီဟာ စာချုပ်ကို ဖတ်ကြည့်ပြီးနောက် ပြတ်ပြတ်သားသား ပြောလိုက်ပါတယ် “ဘာပြဿနာမှ မရှိဘူး”
“အဲဒါဆို လက်မှတ်ထိုး” ဒန်းစမစ်ဟာ နီရဲနက်မှောင်တဲ့ ဖောင်တိန်နဲ့ မှင်ဘူးကို ပြလိုက်ပါတယ်။
ကလိုင်းဟာ စာရွက်စုတ်တစ်ရွက်ပေါ်မှာ အရင်ဆုံး ဖော့ပင်ကို စမ်းကြည့်ပါတယ်။ ပြီးတော့မှ စာချုပ်မှာ ကလိုင်းမိုရက်တီဆိုတဲ့ သူ့နာမည်ကို လက်မှတ်ထိုးပေးလိုက်ပါတယ်။ ကလိုင်းဟာ အခုထိ တံဆိပ် မရှိသေးတဲ့အတွက် လက်ဗွေရာပဲ နှိပ်လိုက်ပါတယ်။
ဒန်းစမစ်ဟာ စာချုပ်ကို လက်ခံပြီး အံဆွဲထဲက တံဆိပ်တစ်ခုကို ထုတ်ကာ စာချုပ်ရဲ့ အဆုံးသတ်နဲ့ အရေးကြီး နေရာတွေမှာ လိုက်ထုပါတယ်။
ပြီးသွားတဲ့အခါမှာတော့ ဒန်းစမစ်ဟာ မတ်တတ်ရပ်ပြီး ကလိုင်းကို လက်တစ်ဖက်နဲ့ စာချုပ် ပြန်ပေးကာ လက်ဆွဲနှုတ်ဆက်ဖို့ တခြားလက်တစ်ဖက်ကို ရှေ့ထုတ်လိုက်ပါတယ်။
“ကြိုဆိုပါတယ်… အခုအချိန်ကစပြီး မင်းက ငါတို့ထဲက တစ်ယောက် ဖြစ်သွားပြီ… ဒီစာချုပ်ကလည်း လျှို့ဝှက်ရတဲ့အထဲ ပါတယ်ဆိုတာ မှတ်ထားပါ”
ကလိုင်းဟာ မတ်တတ်ရပ်ပြီး စာချုပ်ကို လက်ခံကာ လက်ဆွဲနှုတ်ဆက်လိုက်ပါတယ် “အဲဒါဆို ကျွန်တော်က ခင်ဗျားကို ကပ္ပတိန်လို့ ခေါ်ရမှာပေါ့”
“ဟုတ်တယ်” ဒန်းစမစ်ရဲ့ မီးခိုးရောင် မျက်လုံးတွေဟာ မှေးမှိန်တဲ့ ပတ်ဝန်းကျင်မှာ ပိုပြီးတော့ နက်ရှိုင်းနေပါတယ်။
လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက် ကလိုင်းနဲ့ ဒန်းစမစ်ဟာ နေရာမှာ ပြန်ထိုင်ပါတယ်။ ကလိုင်းဟာ စာချုပ်ပေါ်ကို တံဆိပ်ကို ဖတ်ကြည့်လိုက်ပါတယ်။
“ညသိမ်းငှက်အဖွဲ့၊ ထင်းဂန်မြို့၊ အော့ဝါခရိုင်၊ လိုအင်နိုင်ငံ”
“ညသိမ်းငှက်အဖွဲ့က ဆူးနက်လုံခြုံရေးကုမ္ပဏီဆိုပြီး လုံခြုံရေးကုမ္ပဏီပုံစံ ရုပ်ဖျက်ထားလိမ့်မယ်လို့ ကျွန်တော် တကယ်ကို ထင်မထားမိဘူး” ကလိုင်းဟာ ရယ်မောလိုက်ပါတယ်။
“တကယ်တော့ ငါတို့မှာ တခြားနာမည်တွေ ရှိသေးတယ်” ဒန်းစမစ်ဟာ အံဆွဲထဲကနေ စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်ပါတယ်။
ဒီစာရွက်မှာတော့ မြို့တော်အစိုးရနဲ့ ရဲဌာနရဲ့ တံဆိပ်တွေ ထုထားပါတယ်။
အဖွဲ့ (၇)၊ အထူးစစ်ဆင်ရေးဌာန၊ အော့ဝါခရိုင်ရဲ၊ လိုအင်နိုင်ငံ။
“ပထမလေးဖွဲ့က အထွေထွေ လုံခြုံရေးကို တာဝန်ယူရတဲ့ ပုံမှန်ရဲတွေ… သူတို့တွေက ဗွီအိုင်ပီပုဂ္ဂိုလ်တွေနဲ့ အရေးကြီးတဲ့နေရာတွေကို ကာကွယ်တယ်… အဖွဲ့ငါးကနေစပြီး ကျန်တဲ့အဖွဲ့တွေက မြို့တစ်မြို့စီရဲ့ သဘာဝလွန် အမှုအခင်းတွေကို ကိုင်တွယ် ဖြေရှင်းရတယ်… ငါတို့အဖွဲ့က ထင်းဂန်မြို့မှာ ထာဝရညနတ်ဘုရားမ ကိုးကွယ်သူတွေရဲ့ အမှုအခင်းတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ရတယ်… ကိုးကွယ်သူတွေ ရောနေရင် နယ်မြေခွဲပြီး တာဝန်ယူတယ်… ငါတို့က မြောက်ပိုင်း အနောက်ပိုင်းနဲ့ ရွှေရောင်စက်မှုဇုန်ကို တာဝန်ယူရတယ်”
ဒန်းစမစ်က ကလိုင်းကို အကြမ်းဖျင်း ရှင်းပြပါတယ်။
“အဖွဲ့ခြောက်က မုန်တိုင်းအရှင် ဘုရားကျောင်း လက်အောက်မှာရှိတဲ့ ဒဏ်ခတ်သမားတွေ… သူတို့တွေက ဆိပ်ကမ်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို တာဝန်ယူတယ်… တက္ကသိုလ်ဧရိယာနဲ့ မြို့ဆင်ခြေဖုံးကိုတော့ အဖွဲ့ငါးဖြစ်တဲ့ မက္ကန်းနစ် ဟိုက်မိုင်းအဖွဲ့က တာဝန်ယူတယ်”
“အင်း…” ကလိုင်းဟာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာမှ မေးစရာ မရှိပါဘူး။ အဲဒီနောက် ကလိုင်းဟာ ရယ်ပြီး မေးလိုက်ပါတယ် “တကယ်လို့ တစ်ယောက်ယောက်က ဆူးနက် လုံခြုံရေးကုမ္ပဏီဆီ အလုပ်လာအပ်ရင်ရော”
“အလုပ်လက်ခံတာပေါ့… ငါတို့က ဘာအကြောင်းနဲ့ လက်မခံဘဲ နေရမှာလဲ… ငါတို့ရဲ့ နေ့စဉ်အလုပ်ကို မထိခိုက်ရင် ပြီးရော” ဒန်းစမစ်ဟာ ရယ်သံနှောပြီး ဖြေလိုက်ပါတယ် “အဲဒါက အပိုဝင်ငွေဆိုတော့ ငါတို့အဖွဲ့ဝင်တွေက အဲဒီလိုမျိုး အလုပ်တွေ လက်ခံချင်ကြတယ်… နောက်ပြီး အဲဒီလို ကြောင်ရှာ ခွေးရှာ ကိစ္စလေးတွေကို အလွတ်တမ်း စုံထောက်တွေက လက်ဝါးကြီးအုပ်ထားပြီးပြီ”
“အဲဒီတော့ ကျွန်တော်တို့ ဒီညသိမ်းငှက်အဖွဲ့ထဲမှာ လူဘယ်နှယောက်ရှိလဲ”
“သဘာဝလွန် အမှုအခင်းတွေက သိပ်ရှိတာ မဟုတ်ဘူး… သာလွန်သူတွေက ပိုလို့တောင် ရှားသေးတယ်… ထင်းဂန်မြို့ တစ်မြို့လုံးမှာမှ ငါအပါအဝင် တရားဝင်အဖွဲ့ဝင် ခြောက်ယောက်ပဲ ရှိတယ်… ဟီးဟီး… အရပ်ဘက်ဝန်ထမ်းကတော့ မင်းပါရင် ခြောက်ယောက်ပဲ”
ကလိုင်းဟာ ခေါင်းညိတ်လိုက်ပြီး သူ အသိချင်ဆုံး မေးခွန်းကို မေးလိုက်ပါတယ်။
“ကပ္ပတိန်… သာလွန်သူတွေ စိတ်လွတ်တယ်ဆိုတာ ဘာကိုပြောတာလဲ… ဘာလို့ အဲဒီလို ဖြစ်တာလဲ”

Comment

Leave a Reply

Options

not work with dark mode
Reset