Switch Mode

Chapter – 16

ကြွက်လိုက်ပြိုင်ပွဲ

အခန်း (၁၆) ကြွက်လိုက်ပြိုင်ပွဲ

‘ဟူး… နောက်ဆုံးတော့ ငါ နတ်ဝင်သည်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ’
ကလိုင်းဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။ ကလိုင်းဟာ သူတို့တိုက်ခန်းတည်ရှိရာ အဆောက်အဦးဘက် လှည့်ပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ ညချမ်းမှာ တစ်လှမ်းချင်း လမ်းလျှောက်ကာ လေပြအေးကို ခံစားပါတယ်။
ကလိုင်းဟာ သော့တွဲကို ထုတ်ပြီး သော့တစ်ချောင်းရွေးကာ သော့ပေါက်ထဲ ထည့်လိုက်ပါတယ်။ အဲဒီနောက် သော့တံကို အသာအယာ လှည့်လိုက်တဲ့အခါ ချောက်ခနဲ တံခါးပွင့်သွားပါတယ်။
လူသူမရှိတဲ့ လှေကားထစ်မှာ လမ်းလျှောက်ရင်း လေအေးကို ရှူရှိုက်ရတာက ကလိုင်းကို ထူးဆန်းအံ့ဩဖို့ကောင်းတဲ့ ခံစားချက်တစ်မျိုး ခံစားသွားရစေပါတယ်။ သူ့မှာ တခြားလူတွေထက် အချိန်ပိုရှိနေသလိုပါပဲ။ ဒီခံစားချက်ကြောင့်ပဲ ကလိုင်းရဲ့ ခြေလှမ်းတွေဟာ သွက်လက်သွားပါတယ်။
ကလိုင်းဟာ သူ့အခန်းရှေ့ရောက်လို့ တံခါးဖွင့်လိုက်တဲ့အခါ အခန်းထဲ လှမ်းမဝင်ခင်မှာဘဲ စားပွဲခုံရှေ့မှာ တိတ်တဆိတ်ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဒီလူက နီညိုရောင်ဆံပင် အညိုရောင်တောက်တောက် မျက်လုံးတွေနဲ့ နုပျိုပြီး ချောမောလှပတဲ့မျက်နှာ ရှိပါတယ်။ မလီဆာ မိုရက်တီကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။
“ကလိုင်း… ဘယ်သွားတာလဲ” မလီဆာဟာ မျက်မှောင်တွေကို ဖြေလျော့ရင်း သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
မလီဆာဟာ ကလိုင်းဆီက အဖြေကို မစောင့်ဘဲ ထပ်ပြောလိုက်ပါတယ် “အခုလေးတင်ပဲ ညီမ ရေချိုးခန်းသွားဖို့ ထလာတော့မှ အစ်ကို အိမ်ထဲမှာ ရှိမနေမှန်း သိလိုက်ရတာ”
မလီဆာဟာ အဖြစ်အပျက် အကုန်လုံးကို အသေးစိတ် ရှင်းရှင်းလင်းလင်း သိချင်နေပုံပါပဲ။
ကလိုင်းဟာ အိမ်ကို လိမ်ညာဖူးတဲ့ အတွေ့အကြုံကြီး ရှိတာကြောင့် ချက်ချင်း ကောက်စဉ်းစားပြီး မချိပြုံးပြုံးကာ ခပ်တည်တည် ပြန်ဖြေလိုက်ပါတယ် “အစ်ကို တစ်ရေးနိုးလာပြီး ပြန်အိပ်မရလို့… အချိန်လည်း မဖြုန်းချင်တာနဲ့ တစ်ပတ်နှစ်ပတ်လောက် ပြေးပြီး ခန္ဓာကိုယ်ကို လေ့ကျင့်နေတာ… ဒီမှာ ချွေးတွေကို ကြည့်ပါလား…”
ကလိုင်းဟာ ရှပ်အင်္ကျီကို ချွတ်ပြီး ခန္ဓာကိုယ် တစ်စောင်းလှည့်ကာ ဗလာကျင်းသွားတဲ့ သူ့ကျောပြင်ကို ပြလိုက်ပါတယ်။
မလီဆာဟာ မတ်တတ်ရပ်ပြီး ကလိုင်းရဲ့ ချွေးတွေစိုနေတဲ့ ကျောပြင်ကို တစ်ချက်ကြည့်ကာ ခဏ စောင့်လိုက်ပါတယ် “ရိုးရိုးသားသားပြောရရင်… ကလိုင်းရယ်… ကိုယ့်ကိုယ်ကိုယ် ဖိအားပေးစရာ မလိုပါဘူး… အစ်ကို ထင်းဂန်တက္ကသိုလ်ရဲ့ အင်တာဗျူးကို အောင်မယ်ဆိုတာ ညီမသိတယ်… မအောင်ရင်တောင်… ညီမ ဆိုလိုတာက… အစ်ကို ဒီအလုပ်မရလည်း နောက်ထပ် အလုပ်ကောင်း တစ်ခုခုကို ရှာနိုင်မှာပါ”
‘ငါ အင်တာဗျူးအကြောင်းကို တွေးတောင် မတွေးမိဘူး’ ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ် “အစ်ကို နားလည်ပါတယ်”
ကလိုင်းဟာ ညသိမ်းငှက်ထဲ ဝင်ရင်ကောင်းမလား မဝင်ရင်ကောင်းမလား သေချာ မဆုံးဖြတ်ရသေးတဲ့အတွက် အဲဒီအလုပ်အကြောင်းကိုတော့ မပြောပါဘူး။
မလီဆာဟာ ကလိုင်းကို စိုက်ကြည့်နေပြီးနောက် ရုတ်တရက် တစ်ဖက်လှည့်ကာ အိမ်အတွင်းထဲ ဝင်သွားပြီး လိပ်နဲ့တူတဲ့ အရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်ပါတယ်။ ဒီအရာမှာ ဂီယာတွေ သံချေးတက်နေတဲ့ သံတွေ ရိုးရိုးစပရင်နဲ့ လိမ်အားသုံး စပရင်တွေ ပါဝင်ပါတယ်။
လိမ်အားသုံး စပရင်ကို တင်းကျပ်အောင် ခပ်မြန်မြန် လှည့်ပြီးနောက် မလီဆာဟာ ဒီလိပ်နဲ့တူတဲ့ အရာဝတ္ထုကို စားပွဲပေါ် တင်လိုက်ပါတယ်။
“တက်… တက်… တက်…”
လိပ်နဲ့တူတဲ့ အရာဝတ္ထုရဲ့ ရွှေ့လျားမှုက စည်းချက်ကျတဲ့အတွက် ဘယ်သူရဲ့ အာရုံကိုမဆို ဆွဲဆောင်နိုင်မှာ သေချာပါတယ်။
“ညီမ စိတ်ညစ်တိုင်း ဒီလိပ်လေး ရွှေ့လျားတာကို ကြည့်ရင် ပိုပြီးတော့ နေလို့ကောင်းသွားတယ်… တော်တော်လေး အသုံးဝင်တယ်… အစ်ကိုလည်း စမ်းကြည့်ပါလား” မလီဆာဟာ တောက်ပတဲ့မျက်လုံးတွေနဲ့ ကလိုင်းကို ဖိတ်ခေါ်လိုက်ပါတယ်။
ကလိုင်းဟာ သူ့ညီမရဲ့ စေတနာကို မငြင်းပါဘူး။ ကလိုင်းဟာ စားပွဲနားကပ်ပြီး လိပ်ကလေးကို ကြည့်လိုက်ပါတယ်။ လိပ်ကလေး ရွှေ့လျားတာ ရပ်သွားတဲ့အခါ ကလိုင်းဟာ ပြုံးလိုက်ပါတယ် “ရိုးရှင်းမှုနဲ့ စည်းချက်ကျတာက လူကို တကယ်ပဲ အပန်းပြေစေတယ်”
ကလိုင်းဟာ မလီဆာဆီက စကားပြန်ကို မစောင့်ဘဲ လိပ်ကလေးကို လက်ညှိုးထိုးကာ မေးလိုက်ပါတယ် “ဒီလိပ်ကို ညီမဘာသာ လုပ်ထားတာလား… ညီမ ဘယ်တုန်းက လုပ်လိုက်တာလဲ… အစ်ကိုတောင် မသိလိုက်ဘူး”
“ညီမ ကျောင်းက မလိုအပ်တဲ့ ပစ္စည်းတွေနဲ့ လမ်းမှာ ကောက်ရတာတွေ သုံးပြီး လုပ်ထားတာ… ပြီးခဲ့တာ နှစ်ရက်ကမှ ပြီးသွားတာ”
မလီဆာဟာ သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပေမဲ့ သူမရဲ့မျက်နှာကတော့ ပြုံးယောင်သမ်းသွားပါတယ်။
“တော်တော် တော်တာပဲ” ကလိုင်းဟာ စိတ်ရင်းနဲ့ ချီးကျူးလိုက်ပါတယ်။ ကလိုင်းဟာ ဒီလိုမက္ကန်းနစ်ပိုင်းမှာ တော်တော်လေး ညံ့ပါတယ်။ ကလေးကစားစရာ လေးဘီးကားကိုတောင် ဖြုတ်ပြီးရင် လွယ်လွယ်ကူကူ ပြန်တပ်နိုင်တာ မဟုတ်ပါဘူး။
မလီဆာဟာ မသိသာ ခေါင်းမော့ ရင်ကော့ပြီး မျက်လုံးတွေက ပြုံးယောင်သမ်းသွားပါတယ် “ဘာမှမဟုတ်ပါဘူး”
“နှိမ့်ချလွန်းတာကလည်း ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး” ကလိုင်းဟာ အသာပြုံးပြီး ဆက်ပြောပါတယ် “ဒီအရုပ်က လိပ်ရုပ်မလား”
ရုတ်ခြည်းဆိုသလို အခန်းထဲက လေထုဟာ ချက်ချင်း လေးလံသွားပါတယ်။ အဲဒီနောက် မလီဆာက နားလည်ဖို့ခက်တဲ့ လေသံနဲ့ ပြန်ဖြေပါတယ် “ရုပ်သေးရုပ်”
‘ရုပ်သေးရုပ်လား…’
ကလိုင်းဟာ ကသိကအောက် ပြုံးပြီး အတင်း ရှင်းပြဖို့ ကြိုးစားပါတယ် “ဒီပစ္စည်းတွေက ပြဿနာပဲ… စုတ်ပြတ်သပ်ပြီး ဟောင်းနွမ်းလွန်းတယ်”
အဲဒီနောက် ကလိုင်းဟာ စကားလမ်းကြောင်း ပြောင်းဖို့ ကြိုးစားပါတယ် “ဒါနဲ့ ညီမက ညလယ်ခေါင်ကြီး ရေချိုးခန်းဆီ ဘာသွားလုပ်တာလဲ… ညီမရဲ့အခန်းမှာ ဆီးအိုးရှိတယ်မလား… ပုံမှန်ဆို ညီမက အရုဏ်တက်ချိန်အထိ အိပ်တာမလား”
မလီဆာဟာ တစ်ခဏ ကြောင်သွားပါတယ်။ မလီဆာဟာ ရှင်းပြဖို့ ပြင်လိုက်ပေမဲ့ ဒီအချိန်မှာပဲ သူမရဲ့ ဗိုက်ကနေ ဂလုပ်ဂလုပ် မြည်လာပါတယ်။
“ညီ…ညီမ… ပြန်အိပ်တော့မယ်”
မလီဆာာ သူမရဲ့ လိပ်နဲ့တူတဲ့ ရုပ်သေးရုပ်ကို ဆတ်ခနဲ ကောက်ယူပြီး အိမ်တွင်းထဲ ပြေးဝင်ကာ သူမအခန်းရဲ့ တံခါးကို ဂျုံးခနဲမြည်အောင် ပိတ်လိုက်ပါတယ်။
‘မနေ့က ညစာက စားကောင်းလွန်းတော့… စားကောင်းကောင်းနဲ့ အများကြီး စားလိုက်လို့ အစာချက်ဖို့ ခက်နေတာ ဖြစ်လိမ့်မယ်’
ကလိုင်းဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ်။ အဲဒီနောက် သူ့စားပွဲဆီ တစ်လှမ်းချင်း လျှောက်သွားပြီး အသာအယာထိုင်ကာ ဒန်းစမစ်ရဲ့ ဖိတ်ခေါ်ချက်ကို တိတ်တဆိတ် တွေးခေါ် စဉ်းစားပါတယ်။ ဒီအချိန်မှာ ကြက်သွေးရောင်လကလည်း တိမ်တွေထဲကနေ ထိုးထွက်လာပါတယ်။
ညသိမ်းငှက်ရဲ့ အရပ်ဘက်ဝန်ထမ်း လုပ်တာကလည်း ထင်ရှားတဲ့ အားနည်းချက်တွေ ရှိပါတယ်။
‘ငါက ဘဝကူးပြောင်းလာတဲ့လူ… လျှို့ဝှက်တွေ့ဆုံပွဲကို တည်ထောင်တဲ့ အရူး… နောက်ပြီး ငါ့မှာ တခြား လျှို့ဝှက်ချက်တွေလည်း ရှိနေသေးတယ်… ဒီလိုအခြေအနေမှာ ထာဝရည နတ်ဘုရားမ ဘုရာရှိခိုးကျောင်းရဲ့ သာလွန်သူနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အထူးတလည် ကိုင်တွယ်ဖြေရှင်းရတဲ့ ညသိမ်းငှက်ရဲ့ မျက်စိအောက်မှာနေတာက အန္တရာယ်များလွန်းတယ်’
‘ငါ ဒန်းစမစ်ရဲ့ အဖွဲ့ထဲဝင်ပြီး သာလွန်သူဖြစ်လာရင် ငါ တွေ့ဆုံပွဲကရတဲ့ အကျိုးအမြတ်တွေကို ဖုံးကွယ်ထားလို့ရတယ်’
‘ဒါပေမဲ့ ငါ သူတို့အဖွဲ့ရဲ့ တရားဝင်အဖွဲ့ဝင် ဖြစ်သွားတာနဲ့ ငါ့ရဲ့ လွတ်လပ်မှု အများကြီးကို ဆုံးရှုံးရလိမ့်မယ်… အရပ်ဘက်ဝန်ထမ်းတောင် ထင်းဂန်မြို့ထဲကနေ သတင်းမပို့ဘဲ ထွက်သွားလို့ရတာ မဟုတ်ဘူး… ငါ အရင်လိုမျိုး သွားချင်တဲ့နေရာကို သွားချင်တဲ့အချိန် သွားလို့ရတော့မှာ မဟုတ်ဘူး… ငါ အခွင့်အရေးတွေ အများကြီးကို လက်လွတ် ဆုံးရှုံးရလိမ့်မယ်”
‘ညသိမ်းငှက်က တင်းကျပ်တဲ့ အဖွဲ့အစည်းပဲ… အထက်က တာဝန်ပေးတာနဲ့ ငါ့မှာ အုပ်ချုပ်မှုကိုလက်ခံပြီး အမိန့်ကို နားထောင်ရုံပဲ ရှိတယ်… ငြင်းဆန်လို့ရမှာ မဟုတ်ဘူး’
‘နောက်ပြီး သာလွန်သူတွေက စိတ်လွတ်သွားနိုင်တဲ့ အားနည်းချက်လည် ရှိသေးတယ်’
…..
အားနည်းချက်တွေကို တစ်ချက်ချင်း ဆွဲထုတ်ပြီးနောက် ကလိုင်းဟာ အားသားချက်တွေကို စဉ်းစားပါတယ်။
‘ကံကောင်းစေတဲ့ အစီအရင်ရဲ့ အကျိုးရလဒ်ကနေ ခန့်မှန်းရရင် ကံကောင်းတဲ့လူက ငါ တစ်ယောက်တည်း ရှိတာမဟုတ်ဘူး… နောက်ကျရင် ငါ့ဆီမှာ ဒီထက်ပိုပြီးတော့ ယုတ္တိမရှိတဲ့ကိစ္စတွေ ဖြစ်ပျက်လာနိုင်တယ်… ငါရင်ဆိုင်ရမဲ့ အန္တရာယ်တွေကလည်း ပိုပြီးတော့ ကြီးလာနိုင်တယ်’
‘သာလွန်သာ ဖြစ်လာအောင်လုပ် မဟုတ်ရင် ညသိမ်းငှက်ထဲဝင်မှ ငါ ဒီအန္တရာယ်တွေကို ရင်ဆိုင်ဖို့ အင်အား ရှိလာလိမ့်မယ်’
‘သာလွန်သူ ဖြစ်လာဖို့က တွေ့ဆုံပွဲကိုပဲ အားကိုးနေလို့မရဘူး… ဆေးရည်ဖော်မြူလာက ပြဿနာ မရှိရင်တောင် အဲဒီပါဝင်ပစ္စည်းတွေက ငါက ဘယ်ကနေ သွားရှာရမှာလဲ… အဲဒီပစ္စည်းတွေကို ဘယ်လိုဝယ်ပြီး ဘယ်လိုဖော်စပ်ရမှာလဲ’
‘နေ့တိုင်း လေ့ကျင့်လို့ အတွေ့အကြုံရလာတယ်ပဲ ထားဦး… ငါ့မှာ တခြားပြဿနာတွေ ရှိသေးတယ်… ကိစ္စတိုင်းကို တရားမျှတမှု လူဇောက်ထိုးတို့နဲ့ ဆွေးနွေးပြီး အရာဝတ္ထုတိုင်းကို သူတို့နဲ့ လဲလှယ်ဖို့က မဖြစ်နိုင်ဘူး… အဲဒီလိုလုပ်ရင် အရူးရဲ့ ပုံရိပ်ကို ထိခိုက်စေပြီး သူတို့တွေ သံသယဝင်လာလိမ့်မယ်… နောက်ပြီး အဲဒီလို သာမန်ကိစ္စလေးတွေ ဆွေးနွေးဖို့လည်း အချိန်လုံလုံလောက်လောက် ရှိမှာ မဟုတ်ဘူး’
‘ဒီလိုပဲ ငါကလည်း သူတို့ စိတ်ဝင်စားမဲ့ အရာတွေကို မပေးနိုင်သေးဘူး’
‘နောက်ပြီး ပစ္စည်းတွေ မကြာခဏ လဲလှယ်တာက ငါ့သရုပ်မှန်ရဲ့ သဲလွန်စတွေ ချန်ထားခဲ့နိုင်တယ်… အဲဒီလိုဆိုရင် အွန်လိုင်းပေါ်မှာ ပွဲဖြစ်တာနဲ့ အပြင်မှာလည်း ပွဲဖြစ်ဖို့ လွယ်သွားပြီ… အဲဒီလိုဆို ငါ ပြဿနာအကြီးကြီး တက်လိမ့်မယ်’
‘ငါ ညသိမ်းငှက်ထဲ ဝင်လိုက်ရင် ဂမ္ဘီရနယ်ပယ်နဲ့ ပတ်သက်တဲ့ အခြေခံ အသိပညာတွေ ယေဘုယျ ဗဟုသုတတွေ ဒီနယ်ပယ်နဲ့ ဆက်စပ်တဲ့ သတင်းလမ်းကြောင်းတွေကို သေချာပေါက် ထိတွေ့မိမှာပဲ… အဲဒီလိုဆို ငါ အဲဒီလူမှုအသိုင်းအဝိုင်းထဲ တဖြည်းဖြည်းဝင်ပြီး အဲဒီက သတင်းအချက်အလက်တွေကို ကုပ်အားအနေနဲ့ အသုံးချလို့ရတယ်’
‘အဲဒီတော့မှ ငါ တွေ့ဆုံပွဲမှာ ဦးဆောင်နိုင်ပြီး တရားမျှတမှုနဲ့ လူဇောက်ထိုးဆီက အကျိုးအမြတ် အများဆုံး ရနိုင်လိမ့်မယ်… သူတို့ဆီက ရတာတွေကိုလည်း လက်တွေ့လောကမှာ ပြန်ပေးလို့ရတယ်… အဲဒီလိုဆို ငါ ရင်းမြစ်တွေ ရဖို့ ပိုလွယ်သွားပြီ… အဲဒီလိုမျိုးသာ သံသရာလည်သွားရင် ငါတော့ ထောပြီ’
‘ငါ ဒန်းစမစ်ပြောတဲ့ စိတ်ပညာ အဂ္ဂိရတ်ဆရာတွေလိုမျိုး ဘုရားကျောင်းအသီးသီးက ဖိနှိပ်ထားတဲ့ အဖွဲ့အစည်းတွေဆီလည်း သွားလို့ရတာပဲ’
‘ဒါပေမဲ့ အဲဒီအဖွဲ့အစည်းတွေဆီမှာလည်း ငါ့ရဲ့ လွတ်လပ်မှုကို ဆုံးရှုံးရမှာပဲ… အဲဒီလိုအဖွဲ့တွေထဲဝင်ရင် အမြဲတမ်း စိုးရိမ်ကြောင့်ကြစိတ်နဲ့ နေထိုင်ရလိမ့်မယ်… ဒီထက် ပိုအရေးကြီးတာက ငါ သူတို့ကို ဘယ်မှာရှာရမလဲ မသိဘူး… တကယ်လို့ ငါ လူဇောက်ထိုးဆီက ဒီသတင်းအချက်အလက်ကို ရယူနိုင်ခဲ့ရင်တောင် အလျင်စလို ဆက်သွယ်တာက အသက်အန္တရာယ် ရှိနိုင်တယ်’
‘အရပ်ဘက်ဝန်ထမ်း လုပ်တာက ကြားခံထွက်ပေါက် ရှိတယ်… အခြေအနေမကောင်းရင် ထွက်လို့ရတယ်’
‘အားနည်းတဲ့ တစ်ကိုယ်တော်သမားက လူသူမသိအောင် ပုန်းနေရမှာပဲ… အားကြီးတဲ့လူပဲ လူအုပ်ကြားထဲမှာ ပေါ်ပေါ်ထင်ထင် နေနိုင်တာ… ညသိမ်းငှက်ဆိုတဲ့သရုပ်က မျက်နှာဖုံးကောင်း ဖြစ်နိုင်တယ်’
‘နောက်ကျလို့ ငါ ထာဝညနတ်ဘုရားမ ဘုရားကျောင်းမှာ အာဏာရလာရင် ငါက နောက်ကွယ်ကနေ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကို ကြိုးကိုင်နေတဲ့ မိစ္ဆာဒိဋ္ဌိ ခေါင်းဆောင်လို့ ဘယ်သူက ထင်မှာလဲ’
…..
မနက်ခင်းရဲ့ ပထမဆုံး နေရောင်ခြည် ထွက်ပေါ်လာတဲ့ အခါမှာတော့ ကြက်သွေးရောင်ဟာ လုံးဝ ပျောက်ကွယ်သွားပါတယ်။ ကလိုင်းဟာ မိုးကုပ်စက်ဝိုင်းဆီက အရုဏ်ဦးရောင်ခြည်ကို စိုက်ကြည့်ရင်း ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ကလိုင်းဟာ ဒန်းစမစ်ကို ဒီနေ့ပဲ သွားရှာပြီး ညသိမ်းငှက်ရဲ့ အရပ်ဘက် ဝန်ထမ်းလုပ်မှာပါ။
ဒီအချိန်မှာပဲ အိပ်ရာထပ်နိုးလာတဲ့ မလီဆာဟာ တံခါး တွန်းဖွင့်ပြီး အခန်းထဲ ဝင်လာပါတယ်။ မလီဆာဟာ သူ့အစ်ကိုက ပျင်းရိလေးတွဲစွာ သမ်းဝေတာ တွေ့လိုက်ရတဲ့အတွက် အံ့အားသင့်သွားပါတယ်။
“အစ်ကို မအိပ်ဘူးလား”
“အင်း… ငါ ကိစ္စတချို့ တွေးနေလို့” ကလိုင်းဟာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပါတယ်။
မလီဆာဟာ တစ်ခဏ တွေးတောပြီး ပြောလိုက်ပါတယ် “ညီမက ပြဿနာကြုံတိုင်း အားသာချက် အားနည်းချက်တွေကို တစ်ချက်ချင်းစီ ဆွဲထုတ်ပြီး နှိုင်းယှဉ်ကြည့်တယ်… အဲဒီလုပ်ပြီးရင် ဘာလုပ်သင့်တယ်ဆိုတာကို အရိပ်အမြွက် သိသွားရော”
“အဲဒါက အကျင့်ကောင်းပဲ… အစ်ကိုလည်း အဲဒီလိုလုပ်တယ်” ကလိုင်းဟာ အပြုံးနဲ့ ပြန်ပြောလိုက်ပါတယ်။
မလီဆာရဲ့ မျက်နှာဟာ ပြေလျော့သွားပြီး ဘာမှ ထပ်မပြောတော့ပါဘူး။ မလီဆာဟာ ဝါကျင့်ကျင့် စာရွက်တစ်ရွက်နဲ့ ဆပ်ပြာ သွားတိုက်ဆေး စတဲ့ ရေချိုးခန်းသုံးပစ္စည်းတွေကို ကိုင်ပြီး ရေချိုးခန်းဆီ လျှောက်သွားပါတယ်။
အပြင်ထွက်ဖို့ အလျင်မလိုတဲ့ ကလိုင်းဟာ မနက်စာစားပြီးလို့ သူ့ညီမ ကျောင်းသွားတက်တဲ့အခါ တစ်ရေးအိပ်ပါတယ်။ ကလိုင်း သိသလောက် အရက်ဆိုင်တွေ အကုန်လုံးနီးပါးက မနက်ခင်း မဖွင့်ပါဘူး။
နေ့လယ် နှစ်နာရီ ထိုးတဲ့အခါမှာတော့ ကလိုင်းဟာ သူ့ဦးထုပ်နဲ့ လက်ကိုင်ပဝါကို ဘရွတ်လေးတစ်ခုနဲ့ ပြေနေအောင် တိုက်ပါတယ်။ ဖုန့်မှုန့်တွေကိုလည်း သုတ်ပစ်ပြီး သေသေသပ်သပ်ဖြစ်အေင် လုပ်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ အင်တာဗျူး သွားဖြေမဲ့ပုံစံမျိုး ကျကျနန ဝတ်စားပါတယ်။
ဘက်ဆစ်လမ်းက နည်းနည်းဝေးတဲ့အတွက် ကလိုင်းဟာ ညသိမ်းငှက်တွေရဲ့ အလုပ်ချိန်ကို မမီမှာ စိုးရိမ်ပါတယ်။ အဲဒါကြောင့် ကလိုင်းဟာ ဘက်ဆစ်လမ်းဆီ လမ်းမလျှောက်ဘဲ သံကြက်ခြေခတ်လမ်းမှာ အများသုံး မြင်းလှည်းကို စောင့်စီးပါတယ်။
လိုအင်နိုင်ငံမှာ အများသုံး မြင်းလှည်းက နှစ်မျိုးနှစ်စား ရှိပါတယ်။ သံလမ်းရှိတာနဲ့ သံလမ်းမရှိတာပါ။
သံလမ်းမရှိတဲ့ မြင်းလှည်းကို မြင်းနှစ်ကောင်ဆွဲပြီး ခန့်မှန်းခြေ လူနှစ်ဆယ်လောက် ထိုင်လို့ရပါတယ်။ ဒီမြင်းလှည်းရဲ့ ဦးတည်ရာက အတိအကျ မရှိပါဘူး။ အကြမ်းဖျင်းပဲ ရှိပါတယ်။ အဲဒါကြောင့် ဒီမြင်းလှည်းရဲ့ လမ်းကြောင်းက ပြောင်းလွယ်ပြင်လွယ်ရှိပြီး လူမပြည့်ဘူးဆိုရင် ဘယ်နေရာကမဆို လှမ်းခေါ်လို့ ရပါတယ်။
သံလမ်းရှိတဲ့ မြင်းလှည်းကိုတော့ မြို့ပတ်လှည်းကုမ္ပဏီက ပြေးဆွဲပါတယ်။ ပထမဆုံး မီးရထားလမ်းလိုမျိုး သံလမ်းကို လမ်းမကြီးတွေမှာ လိုက်ခင်းပါတယ်။ မြင်းတွေက သံလမ်းအတွင်းကနေ ပြေးပြီး မြင်းလှည်းဘီးကတော့ သံလမ်းပေါ်ကနေ သွားပါတယ်။ အဲဒါကြောင့် ဒီလိုမြင်းလှည်းမျိုးက ဆွဲဖို့ ပိုလွယ်ပြီး ပိုပြီးတော့ လုပ်အားချွေတာရာ ရောက်ပါတယ်။
ဒီသံလမ်းရှိတဲ့ မြင်းလှည်းက နှစ်ထပ်လှည်းတွေဖြစ်ပြီး ခရီးသည်းငါးဆယ်နီးပါး တင်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ မြင်းလှည်း လမ်းကြောင်းနဲ့ မြင်းလှည်းရုံတွေက အသေဖြစ်တဲ့အတွက် နေရာတော်တော်များများကို မရောက်နိုင်ပါဘူး။
ဆယ်မိနစ်ကြာတဲ့အခါမှာတော့ ဘီးနဲ့ သံလမ်း ထိတွေ့သံဟာ အဝေးကနေ တဖြည်းဖြည်း ချဉ်းကပ်လာပါတယ်။ အဲဒီနောက် နှစ်ထပ်မြင်းလှည်းဟာ သံကြက်ခြေခတ်လမ်း မြင်းလှည်းရုံရှေ့မှာ ရပ်လိုက်ပါတယ်။
“ဘက်ဆစ်လမ်းကို သွားမှာ” ကလိုင်းဟာ မြင်းလှည်းမောင်းသမားကို ပြောလိုက်ပါတယ်။
“ဘက်ဆစ်လမ်းကို သွားမှာဆိုရင် မင်း ရှန်ပိန်လမ်းမှာ ဆင်းပြီး ဆယ်မိနစ်လောက် လမ်းထပ်လျှောက်ရလိမ့်မယ်” မြင်းလှည်းမောင်းသမားက ကလိုင်းကို ပြန်ရှင်းပြပါတယ်။
“အဲဒါဆိုလည်း ရှန်ပိန်လမ်းကို စီးမယ်” ကလိုင်းက ခေါင်းညိတ်ပြီး သဘောတူလိုက်ပါတယ်။
“လေးကီလိုမီတာကျော်တယ်ဆိုတော့ လေးပဲနိကျမယ်” မျက်နှာသန့်သန့်နဲ့ လူငယ်လေးဟာ လက်ဝါးဖြန့်လိုက်ပါတယ်။ ဒီလူငယ်လေးက ပိုက်ဆံတောင်းဖို့ တာဝန်ယူထားရတဲ့ အလုပ်သမားပါ။
“အင်း…” ကလိုင်းဟာ အိတ်ကပ်ထဲကနေ ကြေးပြားလေးပြား ထုတ်ပြီး လူငယ်လေးကို ပေးလိုက်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ မြင်းလှည်းပေါ် တက်လိုက်တဲ့အခါ မြင်းလှည်းပေါ်မှာ ခရီးသည် သိပ်မပါတာကို တွေ့လိုက်ရပါတယ်။ ပထမထပ်မှာတောင် ထိုင်ခုံလွတ်တွေ ရှိနေပါတယ်။
‘အခုငါ့မှာ သုံးပဲနိပဲ ကျန်တော့တယ်… အပြန်ကျရင် ငါ လမ်းလျှောက်ပြန်ရမှာပဲ…’ ကလိုင်းဟာ ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်ကို ဖိပြီး ထိုင်ခုံလွတ်တစ်ခုံမှာ ဝင်ထိုင်လိုက်ပါတယ်။
ဒီပထမထပ်မှာ ရှိနေတဲ့ ခရီးသည်အများစုက သေသေသပ်သပ် ဝတ်စားထားပါတယ်။ အလုပ်သမားဝတ်စုံနဲ့ တစ်ယောက်နှစ်ယောက်ကတော့ သတင်းစာ ဖတ်နေကြပါတယ်။ ဘယ်သူမှ စကားမပြောကြတဲ့အတွက် တော်တော်လေး တိတ်ဆိတ်ပါတယ်။
ကလိုင်းဟာ သူ့ဘေးနားက ဝင်လာလိုက် ထွက်သွားလိုက် ခရီးသည်တွေကို ဂရုမစိုက်ဘဲ မျက်လုံးမှိတ်ပြီး အနားယူပါတယ်။
ကလိုင်း စီးနင်းလာတဲ့ မြင်းလှည်းဟာ မြင်းလှည်းရုံတွေ တစ်ရုံပြီးတစ်ရုံ ဖြတ်သန်း မောင်းနှင်သွားပါတယ်။ နောက်ဆုံးမှာတော့ ကလိုင်းဟာ ရှန်ပိန်လမ်းဆိုတဲ့ စကားကို ကြားလိုက်ရပါတယ်။
မြင်းလှည်းပေါ်က ဆင်းပြီးနောက် ကလိုင်းဟာ ဟိုလူမေး ဒီလူမေးရင်းနဲ့ ဘက်ဆစ်လမ်းက ဝါညိုညို အမဲလိုက်ခွေးတံဆိပ်နဲ့ ဟောင်းအရက်ဆိုင်ဆီ ရောက်သွားပါတယ်။
ကလိုင်းဟာ ညာလက်နဲ့ တံခါးကို တွန်းဖွင့်လိုက်တဲ့အခါ လေးလံလှတဲ့ တံခါးဟာ တဖြည်းဖြည်း ပွင့်သွားပြီး ရုတ်ရုတ်သဲသဲ ဆူညံသံတွေနဲ့ ပူအိုက်တဲ့ လူငွေ့က ကလိုင်းကို လွှမ်းမိုးသွားပါတယ်။
နေ့လယ်ခင်းပဲ ရှိသေးပေမဲ့ အရက်ဆိုင်မှာ ‌ဖောက်သည်တွေ တော်တော်များနေပါပြီ။ တချို့က အလုပ်ရဖို့ အခွင့်အရေး လာရှာကြတဲ့ ယာယီအလုပ်သမားတွေ ဖြစ်ပြီး တချို့ကတော့ အားယားနေလို့ အရက်ဆိုင် ရောက်လာကြတာပါ။
အရက်ဆိုင်ဟာ ခပ်မှိန်မှန်ပဲ မီးထွန်းထားပါတယ်။ အရက်ဆိုင်ရဲ့အလယ်မှာ မြေကြီးထဲ သုံးပုံတစ်ပုံ နစ်ဝင်နေတဲ့ သံလှောင့်အိမ်ကြီးနှစ်အိမ် ရှိပါတယ်။
အရက်သမားတွေဟာ သစ်သားခွက်တွေကိုင်ပြီး ဒီသံလှောင်အိမ်ကြီးနှစ်အိမ်ကို ဝိုင်းထိုင်ကာ တစ်စုံတစ်ရာကို ကျယ်လောင်စွာ ဆွေးနွေးနေကြပါတယ်။ တချို့က ရယ်မောနေကြပြီး တချို့ကတော့ ကျယ်ကျယ်လောင်လောင် ဆဲဆိုကြိမ်းမောင်းနေကြပါတယ်။
ကလိုင်းဟာ စိတ်ဝင်စားလို့ တစ်ချက်ကြည့်လိုက်တဲ့အခါ သံလှောင်အိမ်ထဲမှာ ခွေးနှစ်ကောင်ကို တွေ့လိုက်ရပါတယ်။ တစ်ကောာင်ရဲ့ အရောင်က ဖြူမည်းရောနေပြီး ကမ္ဘာမြေပေါ်မှာ တွေ့နိုင်တဲ့ ဟတ်စကီးခွေးနဲ့ တူပါတယ်။
တခြားတစ်ကောင်ကတော့ လုံးဝမည်းနက်ပြီး အမွေးတွေ တောက်တောက်ပြောင်ပြောင် ရှိတာကြောင့် ကျန်းမာပြီး ကြမ်းမဲ့ပုံ ရှိပါတယ်။
“လောင်းချင်လား… ဒေါ့ဂ်နိုင်တာ ရှစ်ကြိမ်ဆက်တိုက် ရှိပြီ” ကလိုင်းဘေးနားက ဘယ်ရီကတ်ဦးထုပ် ဆောင်းထားတဲ့ အရပ်ပုပု လူတစ်ယောက်က အနက်ရောင်ခွေးကို လက်ညှိုးထိုးပြလိုက်ပါတယ်။
‘လောင်းတယ်…’ ကလိုင်းဟာ အံ့အားသင့်သွားပြီး ချက်ချင်း သတိဝင်သွားပါတယ်။
“ခွေးတိုက်တာလား”
ကလိုင်း ခွိုင်းတက္ကသိုလ်မှာ ရှိတုန်းက မင်းစိုးရာဇာကျောင်းသားတွေနဲ့ သူဌေးသူကြွယ် ကျောင်းသားတွေက ကြမ်းတမ်းရိုင်းစိုင်းတဲ့ အလုပ်သမားတွေ အလုပ်အကိုင်မရှိတဲ့ လမ်းသရဲတွေက လက်ဝှေ့ထိုးတာ အရက်ဆိုင်မှာ လောင်းကစားလုပ်တာတွေကို နှစ်သက်ကြလားလို့ သူ့ကို စိတ်ဝင်တစား မေးမြန်းကြပါတယ်။
လက်ဝှေ့ထိုးတာနဲ့ ဖဲချတာကလွဲရင် ရက်စက်ကြမ်းတမ်းတဲ့ သွေးသံရဲရဲ ကြက်တိုက်တာ ခွေးတိုက်တာ စတဲ့ တခြားကစားနည်းတွေကို ကစားကြလားလို့လည်း မေးပါတယ်။
အရပ်ပုပုလူဟာ ဟန်လုပ်ပြုံးပါတယ် “မစ္စတာ… ကျွန်တော်တို့က ယဉ်ကျေးတဲ့လူတွေပဲ… အဲဒီလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ ကစားနည်းတွေ မလုပ်ပါဘူး… နောက်ပြီး မနှစ်ကပဲ အဲဒီလိုကစားနည်းတွေနဲ့ မကစားဖို့ ဥပေဒေထုတ် တားမြစ်လိုက်တယ်”
“အဲဒါဆို ခင်ဗျားတို့က ဘာ‌လောင်းတာလဲ” ကလိုင်းက သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
“ဘယ်ခွေးက အမဲလိုက်ကောင်းလဲဆိုတာကို လောင်းတာ” အရပ်ပုပူလူရဲ့ စကားဆုံးတယ်ဆိုရင်ပဲ တကျွတ်ကျွတ်နဲ့ အသံတွေ ထွက်ပေါ်လာပါတယ်။
အရပ်ပုပုလူဟာ ခေါင်းလှည့်ကြည့်ပြီး စိတ်လှုပ်တရှား လက်ဝှေ့ယမ်းလိုက်ပါတယ် “ဒီအလှည့်စပြီဆိုတော့ လောင်းလို့ မရတော့ဘူး… လောင်းချင်ရင် နောက်တစ်လှည့်ကို စောင့်မှရမယ်”
သူ့စကားကြောင့် ကလိုင်းလည်း မြင်နိုင်သမျှမြင်အောင် ခြေဖျားထောက်ပြီး ခေါင်းမော့ ကြည့်လိုက်တဲ့အခါ အာကောင်းမောင်းသန် ယောက်ျားကြီးနှစ်ယောက်က သံလှောင်အိမ်နားကို အိတ်တစ်အိတ် ဆွဲလာတာ တွေ့လိုက်ရပါတယ်။
အဲဒီနောက် သူတို့နှစ်ယောက်ဟာ သံလှောင်အိမ်ရဲ့ အကျဉ်းတံခါးကို ဖွင့်ပြီး အိတ်ထဲက အရာတွေကို သံလှောင်အိမ်ထဲ သွန်ချလိုက်ပါတယ်။ အိတ်ထဲက အရာတွေဟာ စက်ဆုပ်ရွံ့ရှာဖို့ကောင်းတဲ့ မီးခိုးရောင် တိရစ္ဆာန်တွေပါ။
ကလိုင်းဟာ ဒီတိရစ္ဆာန်တွေကို သေချာကြည့်လိုက်တဲ့အခါ ကြွက်တွေ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ တစ်ကောင်နှစ်ကောင်တည်း မဟုတ်ပါဘူး။ ကြွက်တွေ ရာချီပါ။
ဒီသံလှောင်အိမ်က မြေကြီးထဲ နစ်ဝင်နေပေမဲ့ အောက်မှာလည်း ကာထားတာမလို့ ကြွက်တွေ ထွက်ပြေးနိုင်စရာ အပေါက်ကို မရှိပါဘူး။ ဒါပေမဲ့ ကြွက်တွေဟာ ဘက်ပေါင်းစုံကို ပြေးလွှားပြီး ထွက်လမ်း ရှာဖွေပါတယ်။
လှောင်အိမ်တံခါး ပြန်ပိတ်လိုက်တဲ့အချိန်မှာပဲ ကြိုးချည်ထားတဲ့ ခွေးနှစ်ကောင်ကို လွတ်ပေးလိုက်ပါတယ်။
“ဝုတ်…”
ခွေးနက်ဟာ ခုန်တက်ပြီး ကြွက်တစ်ကောင်ကို တစ်ချက်တည်း ကိုက်သတ်လိုက်ပါတယ်။
ဟတ်စကီးနဲ့တူတဲ့ခွေးဟာ ပထမတော့ ကြောင်နေပါသေးတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကြွက်တွေကို စိတ်လှုပ်တရှား အမဲလိုက်ပါတော့တယ်။
ဝိုင်းကြည့်နေတဲ့ လူတွေကလည်း ဝိုင်ခွက်တွေကို မြှောက်ကာ ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြီးတော့ အားပေးကြပါတယ်။
“ကိုက်… ကိုက်… သတ်… သတ်…”
“ဒေါ့ဂ်… ဒေါ့ဂ်…”
‘ငခွီး… ခွေးနှစ်ကောင်ကို ကြွက်လိုက် ပြိုင်ခိုင်းတာလား’ ကလိုင်းဟာ သတိပြန်ဝင်လာပြီး နှုတ်ခမ်းထောင့် တွန့်တက်သွားပါတယ်။
‘ဒီလောင်းကစားက ကြွက်တွေကို ဘယ်ခွေး ပိုဖမ်းနိုင်မလဲဆိုတာ လောင်းတာပဲ’
‘အဖမ်းခံရတဲ့ ကြွက်အရေအတွက်ကိုလည်း လောင်းလို့ရနိုင်လောက်တယ်’
‘သံကြက်ခြေခတ်လမ်းမှာ ကြွက်ဝယ်တဲ့လူတွေရှိတာ အံ့ဩစရာ မရှိတော့ပါဘူး’
‘တကယ်ကို ထူးဆန်းတဲ့ လောင်းကစားပဲ’
ကလိုင်းဟာ ခေါင်းခါလိုက်ပြီး နောက်ဆုတ်ကာ ပြုံးလိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ အရက်သမားတွေကို ရှောင်ကွင်းပြီး ကောင်တာရှေ့ ရောက်သွားပါတယ်။
“လူသစ်ထင်တယ်…” အရက်ဖျော်သမားဟာ အရက်ခွက်တွေကို သုတ်နေရင်းက ကလိုင်းကို တစ်ချက် ကြည့်လိုက်ပါတယ် “ကောက်ဘီယာ တစ်ခွက်ကို တစ်ပဲနိ… အင်းမတ်ဘီယာက နှစ်ပဲနိ… တောင်ပိုင်းဗီးလ်ဘီယာက လေးပဲနိ ရှိတယ်… ဒါမှမဟုတ် မောင့်လန်တီစစ်စစ်ပဲ သောက်မလား”
“ငါ မစ္စတာရိုက်ကို လာရှာတာ” ကလိုင်းက တဲ့တိုးပြောလိုက်ပါတယ်။
အရက်ဖျော်သမားဟာ လေချွန်ပြီး ဘေးနားကို လှမ်းပြောလိုက်ပါတယ် “အဘိုးကြီး… ခင်ဗျားဆီ လာတာ”
“အို… ဘယ်သူများပါလိမ့်…” ယောင်ဝါးဝါးအသံနဲ့အတူ အရက်မူးနေတဲ့ သတ်လတ်ပိုင်းအရွယ် လူကြီးတစ်ဦး ဘားနောက်ကနေ ထလာပါတယ်။ ဒီလူကြီးဟာ မျက်လုံးကို ပွတ်သပ်ပြီး ကလိုင်းကို ကြည့်ကာ မေးလိုက်ပါတယ် “ကောင်လေး… ငါ့ကိုလာရှာတာ ဘာကိစ္စရှိလို့လဲ”
“မစ္စတာရိုက်… ကျွန်တော် တာဝန်တစ်ခုအတွက် ကြေးစားစစ်သား အဖွဲ့လေးတစ်ဖွဲ့ ငှားချင်တယ်” ကလိုင်းဟာ ဒန်းစမစ် ပြောထားတဲ့အတိုင်း ပြန်ဖြေလိုက်ပါတယ်။
“ကြေးစားစစ်သား အဖွဲ့လေးတစ်ဖွဲ့ ငှားချင်တယ်… မင်းက စွန့်စားခရီးထွက်တဲ့ ပုံပြင်ထဲမှာ နေနေတာလား… အဲဒီလိုမျိုးတွေ မရှိတော့တာ ကြာပြီ” အရက်ဖျော်သမားက အပြုံးနဲ့ ဝင်ပြောပါတယ်။
မစ္စတာဝိုက်ဟာ သုံးလေးစက္ကန့်လောက် တိတ်ဆိတ်သွားပါတယ် “ကြေးစားစစ်သား အဖွဲ့လေးတစ်ဖွဲ့ ဒီနေရာမှာ ငှားလို့ရတယ်လို့ မင်းကို ဘယ်သူက ပြောလိုက်တာလဲ”
“ဒန်း… ဒန်းစမစ်…” ကလိုင်းဟာ ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်ပါတယ်။
မစ္စတာရိုက်ဟာ ချက်ချင်းဆိုသလို ပြုံးမိသွားပါတယ် “အင်း… သိပြီ… တကယ်တော့ ကြေးစားစစ်သားအဖွဲ့လေးတွေက ရှိနေသေးတယ်… ပုံစံပြောင်းပြီး သင့်တင့်လျောက်ပတ်တဲ့ နာမည်တစ်ခု ရှိသွားရုံပဲ… အမှတ်(၃၆) ဒုတိယထပ် ဇိုးတလန်လမ်းမှာ…”
“ကျေးဇူးပါပဲ” ကလိုင်းဟာ စိတ်ရင်းနဲ့ ကျေးဇူးတင်စကားဆိုပြီး အရက်ဆိုင်ထဲက တိုးဝှေ့ထွက်ပါတယ်။
ကလိုင်း အပြင်မရောက်ခင်မှာပဲ အရက်သမားအကုန်လုံး ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားပါတယ်။
“ဒေါ့ဂ်က တကယ်ကြီး ရှုံးသွားတာလား”
‘ရှုံးမှာပေါ့…’ ကလိုင်းဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ အရက်ဆိုင်ထဲကနေ မြန်မြန်ထွက်ပြီး ဟိုမေးဒီမေးနဲ့ ဇိုးတလန်လမ်းဆီ ရောက်သွားပါတယ်။
“၃၀၊ ၃၂၊ ၃၄… ဒီမှာပဲ” ကလိုင်းဟာ အိမ်နံပါတ်တွေကို ရွတ်ကြည့်ပြီးနောက် လှေကားကနေ ဒုတိယထပ်ဆီ တက်လိုက်ပါတယ်။
ထောင့်တွေကို ဝေ့ဝိုက်သွားရင်း ကလိုင်းဟာ ဒေါင်လိုက်သင်္ကေတနဲ့ ကြေးစားစစ်သားအဖွဲ့လေးရဲ့ လက်ရှိနာမည်ကို တွေ့လိုက်ရပါတယ်။
“ဆူးနက် လုံခြုံရေးကုမ္ပဏီ”

Comment

Leave a Reply

Options

not work with dark mode
Reset