အခန်း (၁၃) ည သိမ်းငှက်
ကလိုင်းဟာ နောက်ကို ခြေတစ်လှမ်း ဆုတ်မိလိုက်ပါတယ်။ ကလိုင်းဟာ သူ အိပ်မက်ထဲမှာလား နိုးနေတာလားဆိုတာကို မသဲကွဲတော့ပါဘူး။
အမှောင်ထဲကလူဟာ ဦးထုပ်ချွတ်ပြီး အနည်းငယ် ဦးညွှတ်ကာ အပြုံးနဲ့ နှုတ်ဆက်လိုက်ပါတယ် “ငါ့ကိုယ်ငါ ပြန်ပြီးတော့ မိတ်ဆက်ပါရစေ… ငါက ညသိမ်းငှက် ဒန်းစမစ်ပဲ”
‘ညသိမ်းငှက်… အရင်တစ်ခေါက်က တရားမျှတမှုနဲ့ လူဇောက်ထိုး ပြောခဲ့တဲ့ ထာဝရည နတ်ဘုရားမ ဘုရားရှိခိုးကျောင်း သာလွန်သူအဖွဲ့ရဲ့ ကုဒ်နာမည်တစ်ခုလား…’
ကလိုင်းဟာ ဆက်စပ် တွေးတောကြည့်ပြီးနောက် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို သဘောပေါက် နားလည်သွားပါတယ် “ခင်ဗျားက အိပ်မက်တွေကို ထိန်းချုပ်နိုင်တာလား… ကျွန်တော်ကို အဲဒီလို အိပ်မက် မက်အောင် ခင်ဗျားလုပ်လိုက်တာမလား”
ညသိမ်းငှက် ဒန်းစမစ်ဟာ ဦးထုပ်ပြန်ဆောင်းပြီး နက်ရှိုင်းတဲ့ မီးခိုးရောင် မျက်လုံးတွေနဲ့ ပြန်ဖြေပါတယ် “မဟုတ်ပါဘူး… ငါ မင်းအိပ်မက်ထဲ ဝင်ပြီး လိုအပ်တဲ့ လမ်းညွှန်မှု ပေးလိုက်တာပါ”
ဒန်းစမစ်ရဲ့အသံက နက်ပြီး ပြေလျော့စေပါတယ်။ သူ့အသံက မှေးမှိန်တဲ့ စင်္ကြန်လမ်းမှာ တခြားလူတွေရဲ့ အိပ်မက်ချိုချိုလေးတွေကို မနှောင့်ယှက်စေဘဲ ပဲ့တင်ထပ်သွားပါတယ်။
“အိပ်မက်ထဲမှာ မင်း အမြဲလိုလို ဖိနှိပ်ထားတဲ့ ခံစားချက်တွေ မှောင်မိုက်တဲ့ အတွေးတွေ ပေါ်လာတယ်… ဒီအရာတွေ အားလုံးက ဝရုန်းသုန်းကားနဲ့ ဖြစ်နိုင်ခြေမရှိဘူး ရူးစရာကောင်းတယ်လို့ ထင်ရပေမဲ့ လက်တွေ့ဘဝရဲ့ အဖြစ်အပျက်တွေကနေ ဖြစ်တည်လာတာ… ငါ့လိုမျိုး ဝါရင့်နေတဲ့ လူတစ်ယောက် အတွက်တော့ အကုန်လုံးက ရှင်းလင်း ပြတ်သားလွန်းတယ်… အခု အသိစိတ် ရှိနေတဲ့ မင်းထက် အိပ်မက်ထဲက မင်းကို ငါ ပိုယုံတယ်”
‘ဒါ… ဘယ်လို သာမန်လူသားမျိုးက သူ့အိပ်မက်ကို ထိန်းချုပ်နိုင်မှာလဲ… ငါသာ ကမ္ဘာမြေပေါ်က အကြောင်းအရာတွေကို အိပ်မက်မက်ရင် သူ သတိထားမိသွားမှာလား’
ကလိုင်းဟာ အိပ်မက်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးပြီး မှင်တက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒန်းစမစ် ပြောသွားတာတွေကို ယုတ္တိမရှိလို့ပါပဲ။ သူ အိပ်မက်ထဲမှာ တော်တော်လေး တည်ငြိမ်အေးဆေးပြီး ဘယ်ဟာကို ပြောရမလဲ ဘယ်ဟာကို မပြောရဘူးလဲဆိုတာ သိနေခဲ့တယ် မဟုတ်ပါလား။
နားလည်လွယ်အောင် ပြောရရင် ကလိုင်းဟာ အိပ်မက်မက်နေတယ်လို့ လုံးဝ မခံစားခဲ့ရပါဘူး။ တကယ် ဖြစ်နေတဲ့အတိုင်းပါပဲ။
‘ဒီလိုဆိုတော့ ဒန်းစမစ်က ငါ သူ့ကို မြင်စေချင်တာပဲ မြင်နိုင်တာလား…’
ကလိုင်းဟာ အခြေအနေကို ခပ်ရေးရေး နားလည်သွားပါတယ်။
‘ဒါက ဘဝကူးပြောင်းလာသူရဲ့ အကျိုးခံစားခွင့်လား… ထူးခြားခန္ဓာကိုယ်နဲ့ ထူးခြားဝိညာဉ် ရှိသလိုမျိုးပေါ့… ဒါမှမဟုတ် ကံကောင်းစေတဲ့ အစီအရင်ရဲ့ အကျိုးသက်ရောက်မှုလား…’
“မစ္စတာစမစ်… ဒီတော့ ကျွန်တော် မှတ်ဉာဏ် ဆုံးရှုံးသွားတယ်ဆိုတာကို ယုံပြီလား” ကလိုင်းဟာ စဉ်းစားပြီး ပြန်မေးလိုက်ပါတယ်။
ဒန်းစမစ်ဟာ ကလိုင်းရဲ့ မေးခွန်းကို ချက်ချင်း ပြန်မဖြေဘဲ ကလိုင်းကို စိတ်ဝင်တစား ကြည့်လိုက်ပါတယ်။
“မင်း ဒီလိုတွေ ကြုံတွေ့ရတာ မအံ့ဩဘူးလား”
“ငါ သာလွန်သူတွေရဲ့ စွမ်းအားကို မယုံကြည်တဲ့ လူတွေနဲ့ တွေ့ဖူးတယ်… သူတို့က သာလွန်သူတွေ ရှိတာကို ယုံမဲ့အစား သူတို့တွေ အိပ်မက်ထဲက တကယ် မနိုးသေးဘူးလို့ပဲ ယုံကြည်ကြတယ်”
ကလိုင်း “ကျွန်တော်က အဲဒီလိုစွမ်းအားမျိုးရဲ့ ကူညီမှုကို ရရှိဖို့ ဆုတောင်းနေတာ မျှော်လင့်နေတာလည်း ဖြစ်နိုင်တာပဲ”
“စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေးပဲ… မင်း ရှင်သန်နိုင်ခဲ့တာ ကံကောင်းရုံ သက်သက်ပဲ မဟုတ်ဘူးနဲ့ တူတယ်” ဒန်းစမစ်ဟာ မျက်နှာသေနဲ့ ခေါင်းညိတ်လိုက်ပါတယ် “အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ မင်းရဲ့ မှတ်ဉာဏ်တချို့ ဆုံးရှုံးသွားတာကို ငါ အခု အတည်ပြုနိုင်ပြီ… အထူးသဖြင့် တိုက်ရိုက်ပတ်သက်နေတဲ့ မှတ်ဉာဏ်တွေပေါ့”
“အဲဒါဆို ကျွန်တော် ပြန်သွားလို့ ရပြီလား” ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချရင်း မေးလိုက်ပါတယ်။
ဒန်းစမစ်ဟာ လက်ကို အင်္ကျီအိတ်ကတ်ထဲ ထည့်ပြီး ကလိုင်းဆီ တစ်လှမ်းချင်း လျှောက်လာပါတယ်။ ဘေးနားက အမှောင်ထုကတော့ ငြိမ်သက်အေးချမ်းနေပါတယ်။
“မရဘူး… မင်း အဲဒီပညာရှင်နဲ့ တွေ့ဖို့ လိုသေးတယ်” ဒန်းစမစ်ဟာ ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်ပါတယ်။
“ဘာဖြစ်လို့လဲ” ကလိုင်းဟာ လွတ်ခနဲ မေးမိလိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “ကျွန်တော့် အိပ်မက်ထဲမှာ ရှာတွေ့တာတွေကို မယုံသေးလို့မလား”
‘လာနောက်နေတာလား… အဲဒီပညာရှင်ကသာ အိပ်မွေ့ချတာ ဒါမှမဟုတ် စိတ်ဖတ်တတ်ရင် ငါ့ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကြီး ပေါ်သွားမှာပေါ့’
ဒီလိုသာဆိုရင် အကျိုးဆက်က တကယ်ကို မတွေးဝံ့စရာပါ။
“ငါက နှိမ့်နှိမ့်ချချ နေတတ်ပေမဲ့ အိပ်မက်နဲ့ ပတ်သက်ရင်တော့ ငါ့ကိုယ်ငါ ယုံကြည်ချက် ရှိပါသေးတယ်” ဒန်းစမစ်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေပါတယ် “ဒါပေမဲ့ ဒီလို အရေးကြီးကိစ္စမျိုးတွေ အတွက် ထပ်အတည်ပြုတာ မမှားဘူး… နောက်ပြီး ငါတို့ရဲ့ နယ်ပယ်က မတူဘူး… သူက မင်းဆုံးရှုံးသွားတဲ့ မှတ်ဉာဏ်တွေ ပြန်ရအောင် ကူညီပေးကောင်း ကူညီပေးနိုင်လိမ့်မယ်”
အဲဒီနောက် ဒန်းစမစ်ရဲ့ အသံဟာ နက်ရှိုင်းသွားပါတယ် “မင်းက အန်တီဂိုနပ် မိသားစုရဲ့ မှတ်စုစာအုပ်နဲ့ ပတ်သက်နေတာမလား”
“ဟင်…” ကလိုင်းဟာ တောင့်တောင့်ကြီး ဖြစ်သွားပါတယ်။
ဒန်းစမစ်ဟာ ကလိုင်းရှေ့မှာ ရပ်ပြီး သူ့ရဲ့ မီးခိုးရောင် မျက်လုံးတွေနဲ့ ကလိုင်းရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်ပါတယ်။
“အခင်းဖြစ်တဲ့နေရာမှာ စတုတ္ထယုဂ်က မှတ်စုစာအုပ်နဲ့ ပတ်သက်ပြီး အစအနတောင် မတွေ့ဘူး… ဝဲလ် သေပြီ… နာယာလည်း သေပြီ… ငါတို့မှာ သဲလွန်စက မင်းပဲ ကျန်တော့တယ်”
“အဲဒါဆိုလည်း ဘယ်တတ်နိုင်ပါ့မလဲ” ကလိုင်းဟာ တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် အသက်ရှူထုတ်လိုက်ပါတယ်။
‘ပျောက်နေတဲ့ မှတ်စုစာအုပ်… အခုမှ တကယ်ကို ထူးဆန်းတာ’
‘ငါ စတုတ္ထယုဂ်က မှတ်စုစာအုပ် ဘယ်မှာရှိနေလဲဆိုတာကို ဘာလို့ မတွေးမိရတာလဲ’
ဒန်းစမစ်ဟာ ခေါင်းအသာ ညိတ်လိုက်ပြီး ကလိုင်းကို ဖြတ်ကျော်ကာ ပြောလိုက်ပါတယ် “မင်းတံခါးကို သော့ခတ်ပြီးရင် ငါနဲ့ ဝဲလ်ရဲ့တိုက်ခန်းဆီ လိုက်ခဲ့ချည်… ပညာရှင်က အဲဒီမှာ ငါတို့ကို စောင့်နေတယ်”
ကလိုင်းဟာ တိတ်တဆိတ် အသက်ရှူလိုက်ပါတယ်။ အဲဒီနောက် ရင်တဒိတ်ဒိတ်ခုန်ကာ မသက်မသာ ဖြစ်လာပါတယ်။
ကလိုင်းဟာ ဒန်းစမစ်ကို ငြင်းပြီး ထွက်ပြေးချင်စိတ်တောင် ပေါ်လာပါတယ်။ ဒါပေမဲ့ အိပ်မက်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် ဒန်းစမစ်က ပိုပြီးတော့ သတိထားမယ်ဆိုတာ သေချာပါတယ်။ နောက်ပြီး သာမန်လူနဲ့ သာလွန်သူတစ်ယောက်ရဲ့ အင်အားကွာခြားချက်ကိုပါ ထည့်တွက်ရင် အားသုံးပြီး အောင်အောင်မြင်မြင် ထွက်ပြေးနိုင်ဖို့က ရာခိုင်နှုန်း တော်တော်လေး နည်းပါတယ်။
‘သူ့မှာလည်း ခြောက်လုံးပြူး ပါလောက်တယ်… လေ့လည်း လေ့ကျင်ထားလောက်တယ်’
ခေါင်းထဲမှာ အတွေးမျိုးစုံ ပေါ်လာပေမဲ့ နောက်ဆုံးမှာတော့ ကလိုင်းဟာ အဖြစ်မှန်ကို လက်ခံဖို့ ရွေးချယ်လိုက်ပါတယ်။
“ကောင်းပြီလေ”
‘ဟင်း… ငါ တစ်လှမ်းချင်း လှမ်းပြီး မီးစင်ကြည့်ကရမှာပဲ… အဲဒီ အိပ်မက်ထဲက အံ့ဖွယ်စွမ်းအားသာ ထပ်ပြီးတော့ သက်ရောက်မှု ရှိမယ်ဆိုရင်…’
“အဲဒါဆိုလည်း သွားကြမယ်” ဒန်းစမစ်ဟာ ခံစားချက်ကင်းမဲ့တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
ကလိုင်းဟာ နောက်လှည့်ပြီး ဒန်းစမစ်နောက်ကို လိုက်ပါတယ်။ ဒါပေမဲ့ ခြေနှစ်လှမ်း လှမ်းပြီးနောက်မှာ ကလိုင်းဟာ ရုတ်တရက် ရပ်လိုက်ပါတယ် “မစ္စတာစမစ်… ကျွန်တော် ရေချိုးခန်းကို အရင်သွားလို့ ရမလား”
‘ငါ ရေချိုးခန်းသုံးဖို့ ထွက်လာတာလေ…’
ဒန်းစမစ်ဟာ ကလိုင်းကို မတားပါဘူး။ အဲဒီအစား ကလိုင်းကို စူးစူးစိုက်စိုက်ကြည့်ကာ သတိပေးလိုက်ပါတယ် “ကိစ္စမရှိပါဘူး… ဒါပေမဲ့ ကလိုင်း… ညအမှောင်ထုထဲမှာ ငါက မင်းထင်ထားတာထက် ပိုပြီးတော့ အင်အားကြီးတယ်… အဲဒါကိုတော့ မှတ်ထား”
‘ညအမှောင်ထုထဲမှာ…’ ကလိုင်းဟာ ဒီစကားစုကို စိတ်ထဲမှာ ထပ်ရွတ်မိလိုက်ပါတယ်။
ကလိုင်းဟာ တဇွတ်ထိုး ထွက်ပြေးဖို့ မကြိုးစားတော့ဘဲ ရေချိုးခန်းဆီသွားကာ ရေအေးနဲ့ မျက်နှာသစ်ပြီး စိတ်လုံးဝ ငြိမ်သက်သွားအောင် လုပ်လိုက်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ အဝတ်အစားလဲပြီး သူ့တိုက်ခန်းတံခါးကို ပိတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ပေါ့ပါးတဲ့ ခြေလှမ်းတွေနဲ့ ဒန်းစမစ်နောက်လိုက်ကာ လှေကားထစ်တွေကနေ အောက်ဆင်းပြီး အဆောက်အဦးရဲ့ တံခါးဝဆီ ရောက်သွားပါတယ်။
တိတ်ဆိတ်ငြိမ်သက်မှု ကြီးစိုးနေတဲ့အချိန်မှာ ဒန်းစမစ်က ရုတ်တရက် မေးလိုက်ပါတယ် “အိပ်မက်ရဲ့ အဆုံးမှာ မင်း ဘာလို့ ထွက်ပြေးဖို့ ကြိုးစားတာလဲ… မင်း ဘာကို ကြောက်တာလဲ”
ကလိုင်းဟာ ချက်ချင်းပဲ အဖြေတစ်ခု ကောက်တွေးလိုက်ပါတယ်။
“ကျွန်တော် ဝဲလ်ရဲ့ နေရာမှာ ဘာလုပ်ခဲ့တယ်ဆိုတာကို မမှတ်မိဘူး… ဝဲလ်နဲ့ နာယာရဲ့ သေဆုံးမှုမှာ တိုက်ရိုက် ပါဝင်ပတ်သတ်နေလား ဆိုတာကိုလည်း မမှတ်မိဘူး… ကျွန်တော် လုပ်ခဲ့တယ်လို့ သက်သေထွက်လာမှာကို ကြောက်တယ်… အဲဒါကြောင့် အလောင်းအစားလုပ်ပြီး ထွက်ပြေးဖို့ ကြိုးစားတာ… တောင်ပိုင်းတိုက်မှာ ဘဝသစ်တစ်ခု စလို့ရတာပဲလေ”
“မင်း နေရာမှာ ငါသာဆိုရင်လည်း အဲဒီလိုလုပ်မှာပဲ” ဒန်းစမစ်ဟာ အဆောက်အဦးတံခါးကို တွန်းဖွင့်ပြီး ညဉ့်နက်သန်းခေါင်ရဲ့ အေးမြတဲ့ လေပြေလေအေးကို အဆောက်အဦးထဲ ဝင်လာစေကာ အဆောက်အဦးထဲက ပူအိုက်မှုကို လွင့်ပြယ်စေပါတယ်။
ဒန်းစမစ်ဟာ ကလိုင်း ထွက်ပြေးမှာကို မကြောက်တဲ့အတွက် ပထမဆုံး မြင်းလှည်းပေါ် တက်သွားပါတယ်။ ဒီမြင်းလှည်းက ကလိုင်း အိပ်မက်ထဲမှာ တွေ့ခဲ့တဲ့ မြင်းတစ်ကောင်ဆွဲတဲ့ လေးဘီးမြင်းလှည်းပါ။ မြင်းလှည်းရဲ့ ဘေးနံဘက်မှာလည်း ကြက်ခြေခတ်ဓားနှစ်လက်နဲ့ သရဖူ အမှတ်အသား ရှိနေပါတယ်။
ကလိုင်းဟာ မြင်းလှည်းထဲ ဝင်လိုက်တဲ့အခါ ပြန့်နေအောင် ဖြန့်ခင်းထားတဲ့ ကော်ဇောထူထူကို တွေ့လိုက်ရပြီး စိတ်ဖိစီးမှု လျော့ကျစေတဲ့ အမွှေးရနံ့ကို ရလိုက်ပါတယ်။
ကလိုင်းဟာ နေရာမှာ ထိုင်ပြီးတဲ့အခါ သတင်းအချက်အလက် ပိုသိရဖို့အတွက် စကားစဖို့ နည်းလမ်း ရှာပါတယ်။
“မစ္စတာစမစ်… တကယ်လို့… ကျွန်တော် ဆိုလိုချင်တာက… အဲဒီပညာရှင်က ကျွန်တော်ရဲ့ မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းကို မေ့သွားတယ်ဆိုတာ အတည်ပြုလိုက်ရင်ရော… ကျွန်တော်က တရားခံ ဒါမှမဟုတ် သားကောင် ဖြစ်ကြောင်း ညွှန်ပြတဲ့ တခြားသက်သေတွေ မရှိရင်… ဒီကိစ္စ ပြီးသွားမှာလား”
“သီအိုရီအရဆိုရင်တော့ ဟုတ်တယ်… ငါတို့တွေ မှတ်စုစာအုပ်ကို တခြားနည်းလမ်းနဲ့ ကြိုးစားရှာလိမ့်မယ်… အဲဒီမှတ်စုစာအုပ် ရှိနေရင် နောက်ဆုံးကျ ရှာတွေ့မှာပဲ… အင်း… အဲဒီမတိုင်ခင်တော့ ငါတို့တွေ မင်း ကျိန်စာမတိုက်ခံရတာ မိစ္ဆာ အငွေ့အသက် မရှိတာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာမရှိတာကို သေချာအောင် အတည်ပြုရလိမ့်မယ်… မင်းရဲ့ လက်ကျန်ဘဝမှာ အေးအေးချမ်းချမ်းနဲ့ ကျန်းကျန်းမာမာ နေနိုင်တယ်ဆိုတာ သေချာအောင် လုပ်ရမယ်”
ဒန်းစမစ်ဟာ အပြုံးနဲ့ ပြောလိုက်ပေမဲ့ သူ့အပြုံးက ပြုံးနေကျ အပြုံးတော့ မဟုတ်ပါဘူး။
ကလိုင်းဟာ အဓိက အချက်ကို ဖမ်းမိပြီး မဆိုင်းမတွ မေးလိုက်ပါတယ် “သီအိုရီအရလား…”
“ဟုတ်တယ်… သီအိုရီအရပဲ… ဒီလိုအလုပ်မျိုးမှာ အမြဲတမ်း ယုတ္တိမတန်တာတွေ သာမန်မဟုတ်တာတွေ ရှင်းပြလို့ မရတာတွေ ဖြစ်နေကြပဲ” ဒန်းစမစ်ဟာ ကလိုင်းရဲ့ မျက်လုံးထဲကို စိုက်ကြည့်လိုက်ပါတယ် “ဆက်ဖြစ်မလား အဆုံးသတ်သွားမလားဆိုတာ ငါတို့ ကြိုမြင်နိုင်တဲ့အရာ မဟုတ်သလို ထိန်းချုပ်လို့ရတဲ့ အရာလည်း မဟုတ်ဘူး”
“ဥပမာ…” ကလိုင်းဟာ တကယ်ကို ကြောက်လန့်သွားပါတယ်။
မြင်းလှည်းဟာ လူရှင်းတဲ့ လမ်းတစ်လမ်းကို ခပ်မြန်မြန် ဖြတ်ကျော်သွားပါတယ်။ ဒန်းစမစ်ဟာ သူ့ရဲ့ ဆေးတံကို ထုတ်ယူပြီး တစ်ချက်ဖွာလိုက်ပါတယ်။
“ငါတို့က ကိစ္စတွေအားလုံး ပြီးသွားလို့ အရာအားလုံး နေသားတကျ ဖြစ်သွားပြီလို့ ယုံကြည်သွားတဲ့အချိန်ကျရင် အဲဒီကိစ္စကို ပိုကြောက်စရာကောင်းပြီး ပိုချောက်ချားဖို့ကောင်းတဲ့ နည်းလမ်းမျိုးနဲ့ ပြန်ပေါ်လာနိုင်တယ်”
“လွန်ခဲ့တဲ့ သုံးလေးနှစ်က ငါတို့တွေ မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုကို ဖြေရှင်းခဲ့ရတယ်… သူတို့တွေက သူတို့ရဲ့ မိစ္ဆာနတ်ဘုရား စိတ်ကျေနပ်စေဖို့အတွက် နောက်လိုက်တွေကို သတ်သေခိုင်းပြီး ယဇ်ပူဇော်ကြတယ်… အဲဒီမှာ ရွေးချယ်ခံရတဲ့ နောက်လိုက်တစ်ယောက်ရဲ့ အသက်ရှင်သန်လိုစိတ်က သူ့ရဲ့ ရူးမိုက်မှု မှားယွင်းတဲ့ ယုံကြည်မှုနဲ့ စိတ်လှည့်စားတဲ့ ဆေးဝါးတွေရဲ့ စွမ်းအားကို အနိုင်ယူနိုင်ခဲ့တယ်… သူက တိတ်တဆိတ် ထွက်ပြေးပြီး ရဲဌာနကို အကြောင်းကြားခဲ့တယ်”
“အဲဒီကိစ္စက နောက်ဆုံး ငါတို့လက်ထဲ ရောက်လာတယ်… အဲဒီမိစ္ဆာဂိုဏ်းမှာ သာလွန်သူတွေ မရှိတော့ ဒီကိစ္စက တာဝန်သေးလေးတစ်ခုပဲ… သူတို့တွေ ကိုးကွယ်တဲ့ နတ်ကလည်း သူတို့ခေါင်းဆောင် ပိုက်ဆံနဲ့ စိတ်ကျေနပ်မှု ရဖို့အတွက် ကြုံရာကျပန်း တွေးထားတာ”
“ငါတို့တွေ အဖွဲ့ဝင်နှစ်ယောက်နဲ့ ရဲအင်အားတချို့ သုံးပြီး အဲဒီမိစ္ဆာဂိုဏ်းကို နှိပ်ကွပ်လိုက်တယ်… ဘယ်သူမှ မလွတ်ဘူး… အဲဒီလာတိုင်တဲ့လူကိုလည်း သူ့ဆီမှာ ဘာနတ်ဆိုးအငွေ့အသက်မှ မကျန်တော့ဘူးဆိုတာ ငါတို့တွေ အတည်ပြုခဲ့တယ်… သူက ကျိန်စာလည်း မတိုက်ခံရသလို ဘာစိတ်ရောဂါမှလည်း မရှိဘူး… ကုန်ကုန်ပြောမယ်ကွာ… ပုံမှန်မဟုတ်တာ ဘာမှ မရှိဘူး”
“နောက်ပိုင်း သူ့အလုပ်က အဆင်ပြေလာတော့ အိမ်ထောင်ပြုပြီး သားတစ်ယောက် သမီးတစ်ယောက် ရသွားတယ်… သူ့အတွက် အတိတ်ဆိုးက အတိတ်မှာ ကျန်နေခဲ့ပုံပဲ… ချောက်ချားစရာတွေ သွေးစွန်းတဲ့ကိစ္စတွေ လုံးဝ ပျောက်ကွယ်သွားတယ်”
ဒီနေရာအရောက်မှာ ဒန်းစမစ်ဟာ ခြောက်ကပ်ကပ် ရယ်မောလိုက်ပါတယ် “ဒီနှစ် မတ်လမှာပဲ စီးပွားရေးလည်း အဆင်ပြေ ကျန်းမာရေးလည်း ကောင်း ချစ်စရာကောင်းတဲ့ မိန်းမနဲ့ သားသမီးတွေ ရှိနေတဲ့ အဲဒီလူက သူ့ရုံးခန်းမှာ ကိုယ့်ကိုယ်ကိုယ် လည်ပင်းညှစ်ပြီး သတ်သေသွားတယ်”
ကြက်သွေးရောင် လရောင်ဟာ မြင်းလှည်းရဲ့ ပြတင်းပေါက်ကနေ ဒန်းစမစ်ရဲ့ မျက်နှာကို လာဟပ်ပါတယ်။ ဒီအချိန်မှာ ဒန်းစမစ်ရဲ့ ကိုယ့်ကိုယ်ကိုယ် သရော်တဲ့ အပြုံးက ကလိုင်းကို တော်တော်လေး ချောက်ချားသွားစေပါတယ်။
‘ကိုယ့်ကိုယ်ကိုယ် လည်ပင်းညှစ်ပြီး သတ်သေတယ်…’ ကလိုင်းဟာ အဲဒီပုံစံကို မျက်စိထဲ မြင်ယောင်မိပြီး ကြက်သီးမွေးညင်း ထသွားပါတယ်။
‘ငါ ဒီတစ်ခါ လွတ်မြောက်သွားရင်တောင် ယာယီပဲ လွတ်မြောက်နိုင်တာလား’
‘ဒီကိစ္စကို လုံးဝ ဖြေရှင်းဖို့ နည်းလမ်း မရှိဘူးလား’
‘သာလွန်သူဖြစ်အောင် လုပ်ပြီး တိုက်ခိုက်ရမှာလား’
မြင်းလှည်းဟာ ပြန်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။ ဒါပေမဲ့ ကလိုင်းရဲ့ စိတ်ထဲမှာတော့ အတွေးတွေ မုန်တိုင်းထန်နေပါတယ်။
ကသိကအောက် ဖြစ်စရာကောင်းတဲ့ တိတ်ဆိတ်မှုကြားမှာ မြင်းလှည်းဟာ လျင်မြန်တဲ့ အမြန်နှုန်းနဲ့ အချိန်အတော်ကြာအောင် ခရီးနှင်ပါတယ်။
ကလိုင်းဟာ ဒန်းစမစ်ဆီက အကြံတောင်းဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့ အချိန်မှာပဲ မြင်းလှည်းဟာ ရပ်သွားပါတယ်။
“မစ္စတာစမ်… ကျွန်တော်တို့တွေ ဝဲလ်ရဲ့ တိုက်ခန်းဆီ ရောက်ပြီ” မြင်းလှည်းမောင်းသမားရဲ့အသံ ထွက်ပေါ်လာပါတယ်။
“ဆင်းရအောင်” ဒန်းစမစ်ဟာ ဒူးထိရှည်တဲ့ သူ့ရဲ့ အနက်ရောင် ကုတ်အင်္ကျီကို ပြန့်အောင် လုပ်လိုက်ပါတယ်။
“အို… ငါ မင်းကို အရင်ဆုံး မိတ်ဆက်ပေးထားဦးမယ်… ဒီပညာရှင်က အပြင်ပန်းမှာ အာဝါခရိုင်ရဲ့ နာမည်အကြီးဆုံး နတ်ဝင်သည်ပဲ”
ကလိုင်းဟာ သူ့ရဲ့ တခြားအတွေးတွေကို ခဏဘေးဖယ်ပြီး စပ်စုလိုက်ပါတယ် “အဲဒါဆို သူ့ရဲ့ သရုပ်အမှန်က ဘာလဲ”
ဒန်းစမစ်ဟာ နောက်လှည့်ကြည့်ပြီး နက်နဲခက်ခဲတဲ့ မီးခိုးရောင် မျက်လုံးတွေနဲ့ ပြန်ဖြေပါတယ် “တကယ့် နတ်ဝင်သည်အစစ်ပဲ”