Switch Mode

Chapter – 12

အိပ်မက်ဆိုး

အခန်း (၁၂) အိပ်မက်ဆိုး

‘မလီဆာ… မင်းဘာမှ မပြောဘဲ နေလို့ မရဘူးလား…’ ကလိုင်းဟာ စိတ်ထဲမှာ စောဒက တက်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ ခေါင်းကိုက်ချင်သလို ဖြစ်လာပါတယ်။
ကလိုင်း မေ့သွားတဲ့ အကြောင်းအရာတွေက အများကြီးလို့ ပြောလို့ရပါတယ်။ ဒီထဲမှာ ဘယ်ဟာကမှ ဖယ်ထားလို့ မရပါဘူး။ အင်တာဗျူးက နှစ်ရက်နေရင် ရောက်လာတော့မှာပါ။ နှစ်ရက်တည်းနဲ့ ဒီလောက်များတဲ့ စာတွေကို သူ ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ။
နောက်ပြီး ထူးခြားဆန်းကြယ် ကိစ္စတွေကို ကြုံတွေ့ခဲ့ရတဲ့ ကလိုင်းဟာ စာကြည့်ချင်စိတ်ကို မရှိပါဘူး။
ကလိုင်းဟာ သူ့ညီမကို ဝတ်ကျေတမ်းကျေ တုံ့ပြန်ပြီး စာလုပ်ချင်ယောင် ဆောင်ပါတယ်။ မလီဆာဟာ ထိုင်ခုံတစ်လုံး ရွှေ့ပြီး ကလိုင်းဘေး လာထိုင်ပါတယ်။ ဓာတ်ငွေ့မီးအိမ်ရဲ့ အလင်းရောင်နဲ့ သူမလည်း စာစလုပ်ပါတယ်။
အေးချမ်းငြိမ်သက်မှုက ပတ်ဝန်းကျင်ကို အုပ်စိုးသွားပါတယ်။ ၁၁ နာရီ ထိုးခါနီးမှာတော့ မောင်နှမနှစ်ယောက်ဟာ အချင်းချင်း နှုတ်ဆက်ပြီး အိပ်ရာဝင်ကြပါတယ်။
…..
“‌ဒေါက်…”
“ဒေါက်… ဒေါက်…”
တံခါးခေါက်သံကြောင့် ကလိုင်းက အိပ်ရာကနေ နိုးလာပါတယ်။
ကလိုင်းဟာ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ ရောင်နီလာနေတာ တွေ့လိုက်ရပါတယ်။ ကလိုင်းဟာ မျက်စိစုံမွှားနဲ့ စောင်ဖယ်ပြီး ထထိုင်လိုက်ပါတယ်။
“ဘယ်သူလဲ”
‘အရုဏ်တောင် တက်နေပြီ… မလီဆာက ငါ့ကို ဘာဖြစ်လို့ မနှိုးတာလဲ’
“ငါပါ… ဒန်းစမစ်” တံခါးအပြင်ဘက်က လူဟာ အသံနက်နဲ့ ပြန်ဖြေပါတယ်။
‘ဒန်းစမစ်… ငါ ဒီလူကို မသိပါဘူး…’ ကလိုင်းဟာ အိပ်ရာကထပြီး ခေါင်းခါကာ တံခါးဆီ လျှောက်သွားပါတယ်။
ကလိုင်းဟာ တံခါးဖွင့်ကြည့်လိုက်တဲ့အခါ နေ့ခင်းက တွေ့ခဲ့တဲ့ မီးခိုးရောင်မျက်လုံးနဲ့ ရဲအရာရှိကို သူ့ရှေ့မှာ ရပ်နေတာ တွေ့လိုက်ရပါတယ်။
ကလိုင်းဟာ နိုးနိုးကြားကြား ဖြစ်သွားပါတယ် “တစ်ခုခုဖြစ်လို့လား”
ရဲအရာရှိဟာ မျက်နှာထား တင်းတင်းနဲ့ ပြန်ပြောပါတယ် “မြင်းလှည်းမောင်းသမား တစ်ယောက်က ၂၇ ရက်နေ့၊ မစ္စတာဝဲလ်နဲ့ မစ္စနာယာ သေတဲ့နေ့မှာ မင်း ဝဲလ်ရဲ့ နေရာကို သွားတယ်လို့ ထွက်ဆိုထားတယ်… နောက်ပြီး မစ္စတာဝဲလ်က မင်းအတွက် မြင်းလှည်းခကို ရှင်းခဲ့တာ”
ကလိုင်းဟာ ထိတ်လန့်သွားပါတယ်။ ဒါပေမဲ့ ကလိုင်းဟာ အလိမ်ပေါ်သွားလို့ ကြောက်ရွံ့မှုလည်း မရှိသလို အပြစ်ရှိတယ်လို့ မခံစားရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမှ မလိမ်ခဲ့တာ။ တကယ်တော့ ဒန်းစမစ် ပြောတဲ့ သက်သေက ကလိုင်းကိုတောင် အံ့အားသင့်သွားစေပါတယ်။
ဇွန်လ ၂၇ ရက်နေ့မှာ အရင်ကလိုင်းက မစ္စတာဝဲလ်ရဲ့ နေရာကို တကယ်သွားခဲ့ပါတယ်။ အဲဒီညမှာပဲ အရင်ကလိုင်းက အိမ်ပြန်လာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပါတယ်။ ဝဲလ်နဲ့ နာယာလိုမျိုး တစ်ပုံစံတည်းပါပဲ။
ကလိုင်းဟာ ဟန်လုပ်ပြုံးလိုက်ပါတယ် “ဒီသက်သေနဲ့ မလုံလောက်ဘူး… ဝဲလ်နဲ့ နာယာတို့ သေဆုံးမှုက ကျွန်တော်နဲ့ ပတ်သက်တယ်ဆိုတာ ဒီသက်သေက သက်သေမပြနိုင်ဘူး… ရိုးရိုးသားသား ပြောရရင် ကျွန်တော်လည်း ကိစ္စတစ်ခုလုံးကို သိချင်တယ်… ကျွန်တော်ရဲ့ သနားစရာကောင်းတဲ့ သူငယ်ချင်း နှစ်ယောက်က တကယ်ကို ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သိချင်တယ်… ဒါပေမဲ့… ဒါပေမဲ့ ကျွန်တော် တကယ်ကို မမှတ်မိဘူး… ၂၇ ရက်နေ့မှာ ဘာတွေလုပ်ခဲ့လဲဆိုတာ ကျွန်တော် လုံးဝ သတိမရဘူး… ခင်ဗျား ယုံချင်မှ ယုံလိမ့်မယ်… ကျွန်တော်ရဲ့ ဒိုင်ယာရီထဲမှာ အကြမ်းဖျင်း ရေးထားတာတွေကို အခြေခံပြီးတော့မှာပဲ ၂၇ ရက်နေ့မှာ ကျွန်တော် ဝဲလ်ရဲ့နေရာကို သွားခဲ့တယ်ဆိုတာ ကောက်ချက်ချနိုင်ခဲ့တာ”
“မင်းက စိတ်ဓာတ် တော်တော် ကြံ့ခိုင်တာပဲ” ဒန်းစမစ်ဟာ ခေါင်းညိတ်ရင်း ပြောလိုက်ပါတယ်။ ဒန်းစမစ်ဟာ နည်းနည်းကလေးမှ ဒေါသမထွက်သလို ပြုံးလည်း မပြုံးပါဘူး။
“ကျွန်တော်ရဲ့ စကားလုံးတွေထဲက ရိုးသားမှုကို ရဲအရာရှိ ကြားနိုင်မှာပါ” ကလိုင်းဟာ ဒန်းစမစ်ရဲ့ မျက်လုံးကို တည့်တည့် ကြည့်လိုက်ပါတယ်။
‘ငါက အမှန်အတိုင်း ပြောနေတာ… တစ်ဝက်မှန်လည်း မှန်တာပဲလေ’
ဒန်းစမစ်ဟာ ချက်ချင်း မတုံ့ပြန်ပါဘူး။ ဒန်းစမစ်ဟာ အခန်းကို တစ်ချက်ဝေ့ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်ပါတယ် “မစ္စတာဝဲလ်ရဲ့ ခြောက်လုံးပြူး ပျောက်နေတယ်… ငါ အဲဒီသေနတ်ကို ဒီနေရာမှာ ရှာတွေ့နိုင်မယ်ထင်တယ်… ဟုတ်တယ်မလား မစ္စတာကလိုင်း”
‘တကယ်ပဲ…’ နောက်ဆုံးမှာတော့ ကလိုင်းဟာ ခြောက်လုံးပြူး ဘယ်ကလာလဲဆိုတာ နားလည်သွားပါတယ်။ အတွေးတစ်ချက် ခေါင်းထဲမှာ ပေါ်လာပြီးနောက် ကလိုင်းဟာ ချက်ချင်းပဲ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။
ကလိုင်းဟာ လက်မြှောက်ပြီး နောက်ဆုတ်ကာ လမ်းဖွင့်လိုက်ပါတယ်။ အဲဒီနောက် နှစ်ဆင့်ခုတင်ကို မေးငေါ့ပြလိုက်ပါတယ်။
“ခုတင်အခင်း အောက်မှာ”
ကလိုင်းဟာ ဘယ်နေရာလဲဆိုတာ အတိအကျ မပြောပါဘူး။ ဒါပေမဲ့ ဘယ်သူကများ အပေါ်စင့်မှာ ဖွက်မှာလဲ။ သိသာလွန်းတယ် မဟုတ်ပါလား။
ဒန်းစမစ်ဟာ နေရာက မရွှေ့ဘဲ ပါးစပ်ထောင့်ဟာ တွန့်တက်သွားပါတယ်။
“ဘာမှ ပြောစရာ မရှိတော့ဘူးလား”
ကလိုင်းဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ချက်ချင်း ပြန်ဖြေပါတယ် “ရှိတယ်”
“မနေ့က ညဉ့်နက်သန်းခေါင်ကြီး ကျွန်တော် နိုးလာတော့ ကျွန်တော် စားပွဲပေါ်မှာ ခြောက်လုံးပြူးနဲ့ လဲနေတာကို တွေ့လိုက်ရတယ်… အခန်းထောင့်မှာလည်း ကျည်ဆံတစ်တောင့် ရှိတယ်… သတ်သေထားသလိုပဲ… ဒါပေမဲ့ အတွေ့အကြုံမရှိလို့ပဲလား နောက်ဆုံးအချိန်မှာ ကြောက်လွန်းလို့ပဲလား မသိဘူး… အဲဒီကျည်ဆံက ကျွန်တော့်ကို မသတ်နိုင်ခဲ့ဘူး… အဲဒါကြောင့် ကျွန်တော် အခုအချိန်အထိ အသက်ရှင်နေသေးတာ”
“အဲဒီအချိန်ကစလို့ ကျွန်တော်ရဲ့ မှတ်ဉာဏ်တချို့ကို ဆုံးရှုံးသွားတယ်… ၂၇ ရက်နေ့ ဝဲလ်ရဲ့ နေရာမှာ ကျွန်တော် ဘာမြင်ခဲ့လဲဆိုတာလည်း ပါတယ်… ကျွန်တော် လိမ်နေတာ မဟုတ်ဘူး… တကယ်ကို မမှတ်မိတာ”
သံသယရှိတဲ့လူ အဖြစ်ကနေ လွတ်ဖို့အတွက် သူ့ဆီမှာ ဖြစ်ပျက်နေတဲ့ ဒီထူးဆန်းတဲ့ ကိစ္စတွေကို ဖယ်ရှားချင်တဲ့အတွက် ကလိုင်းဟာ ဖြစ်ပျက်ခဲ့သမျှတွေကို အကုန်လုံးနီးပါး ရှင်းပြလိုက်ပါတယ်။ ဘဝကူးပြောင်းတာနဲ့ တွေ့ဆုံပွဲအကြောင်းက လွဲလို့ပေါ့။
ကလိုင်းဟာ စကားလုံးတွေကို ရွေးချယ်သုံးတဲ့အတွက် သူပြောတဲ့ စကားတွေက မှန်ပေမဲ့ အဖြစ်အပျက် အမှန်တော့ မဟုတ်ပါဘူး။ ကျည်ဆံက သူ့ဦးနှောက်ကို မှန်သွားပေမဲ့ သူ့ဘာသာ အကောင်းပကတိ ပြန်ဖြစ်သွားတာကို ကလိုင်းဟာ ကျည်ဆံက သူ့ကို မသတ်နိုင်ဘူးလို့ ပြောလိုက်တယ် မဟုတ်ပါလား။
တခြားလူတွေအတွက် ဒီစကားနှစ်ခုက တူတယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ ဆီနဲ့ရေလိုပါပဲ။
ဒန်းစမစ်ဟာ တိတ်တဆိတ် နားထောင်ပြီး “ဒါက ငါ ကောက်ချက်ချထားတာနဲ့ တူတယ်… အရင်တုန်းက အဖြစ်အပျက်တွေနဲ့လည်း ဆင်တယ်… မင်း ဘယ်လို အသက်ရှင်နိုင်ခဲ့လဲ ဆိုတာ‌တော့ ငါလည်း မသိဘူး”
“ရဲအရာရှိက ကျွန်တော့်ကို ယုံတယ်ဆိုတော့ ကျွန်တော် ဝမ်းသာမိတယ်… ကျွန်တော်လည်း ဘယ်လို အသက်ရှင်နိုင်ခဲ့မှန်း မသိဘူး” ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
“ဒါပေမဲ့… ငါ မင်းကို ယုံတာက ဘာမှ အသုံးမဝင်ဘူး… မင်းက အခု အဓိက တရားခံပဲ… မင်း ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို တကယ်မေ့သွားတယ်ဆိုတာ ပညာရှင်နဲ့ အတည်ပြုရလိမ့်မယ်… ဒါမှမဟုတ် မစ္စတာဝဲလ်နဲ့ မစ္စနာယာတို့ သေဆုံးမှုက မင်းနဲ့ ဘာမှ မသက်ဆိုင်ဘူး ဆိုတာကိုပေါ့”
ဒန်းစမစ်ဟာ ချောင်းတစ်ချက်ဟန့်ပြီး မျက်နှာအမူအရာက လေးနက်သွားပါတယ်။
“မစ္စတာကလိုင်း… ငါနဲ့ ရဲစခန်းကို လိုက်ခဲ့ပြီး စုံစမ်းစစ်ဆေးတဲ့နေရာမှာ ပူးပေါင်းပါဝင်ပေးပါ… မင်းနဲ့ ဘာမှမဆိုင်ဘူးလို့ အတည်ပြုဖို့ နှစ်ရက် သုံးရက်လောက်တော့ ကြာမယ်”
“ပညာရှင်က ရောက်လာပြီလား” ကလိုင်းဟာ ငေးကြောင်ကြောင်နဲ့ ပြန်မေးလိုက်ပါတယ် ‘သူတို့မေးတော့ နောက်နှစ်ရက်နေ့မှ ရောက်လာမှာဆို’
“အင်း… သူ စောစော ရောက်လာတာ” ဒန်းစမစ်ဟာ ဘေးတစ်ဖက်လှည့်ပြီး ကလိုင်းကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။
“ကျွန်တော် စာချန်ထားခဲ့ပါရစေဦး” ကလိုင်းက တောင်းဆိုလိုက်ပါတယ်။
ဘန်ဆင်က အဝေးမှာ ရှိနေတုန်း ဖြစ်ပြီး မလီဆာက ကျောင်းသွားတက်နေပါတယ်။ အဲဒါကြောင့် ကလိုင်းဟာ သူ ဝဲလ်နဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုမှာ ပါဝင်ပတ်သတ်မိလို့ ရဲစခန်းမှာ သက်သေထွက်ဆိုဖို့သွားကြောင်း ဘာမှစိုးရိမ်ဖို့ မလိုကြောင်း စာချန်ပြီး အသိပေးချင်တာပါ။
ဒန်းစမစ်ဟာ ကိစ္စမရှိကြောင်း ခေါင်းညိတ်ပြပါတယ်။
“ရတယ်”
ကလိုင်းဟာ စားပွဲဆီ လျှောက်သွားပြီး စာရွက်ရှာရင်း ဘာဆက်ဖြစ်မယ်ဆိုတာကို စတွေးပါတယ်။ အမှန်အတိုင်း ပြောရရင် ကလိုင်းဟာ အဲဒီပညာရှင်ဆိုတဲ့လူနဲ့ မတွေ့ချင်ပါဘူး။ သူ့မှာ ဒီထက်ပိုကြီးတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ် မဟုတ်ပါလား။
အဓိက ဘုရားကျောင်း ၇ ကျောင်း ရှိနေတဲ့ နေရာမှာ ဘဝကူးပြောင်းလာသူလို့ ယူဆလို့ရတဲ့ ဧကရာဇ်ရစ်ဆဲလ် လုပ်ကြံခံရတဲ့နေရာမှာ ဘဝကူးပြောင်းလာတဲ့ ကိစ္စမျိုးက တရားရုံးမှာ တရားစီရင်ခံရနိုင်ပါတယ်။
ဒါပေမဲ့ လက်နက်မရှိဘဲ ဘာကိုယ်ခံပညာမှ မတတ်ဘဲ ဘာသဘာဝလွန် စွမ်းအားမှ မရှိဘဲ ရဲတွေကို သူ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။ နောက်ပြီး ဒန်းစမစ်ရဲ့ လက်အောက်ငယ်သား တချို့က အပြင်ဘက်က တစ်နေရာမှာ စောင့်နေနိုင်ပါတယ်။
သူတို့တွေ သေနတ်ထုတ်ပြီး ပစ်ခတ်ပြီဆိုတာနဲ့ သူ ဘဝဆုံးမှာပါ။
‘အင်း… တစ်လှမ်းချင်းစီ လှမ်းရမှာပဲ’ ကလိုင်းဟာ စာချန်ထားပြီးနောက် သော့ကိုယူကာ ဒန်းစမစ်နဲ့ အခန်းအပြင် ထွက်လိုက်ပါတယ်။
အပြင်ဘက်က မှောင်မိုက်တဲ့ လူသွားလမ်းမှာရှိနေတဲ့ ရဲလေးယောက်ဟာ နှစ်ယောက်စီ ဘယ်ညာခွဲပြီး ကလိုင်းကို စောင့်ကြပ်လိုက်ပါတယ်။ သူတို့က တော်တော်လေး သတိကြီးနေကြပါတယ်။
“ရှပ်… ရှပ်… ရှပ်…”
ကလိုင်းဟာ ဒန်းစမစ်တို့နဲ့အတူ သစ်သား လှေကားကနေ အောက်ဆင်းလိုက်ပါတယ်။
တိုက်ခန်းရဲ့ အပြင်ဘက်မှာတော့ လေးဘီးမြင်းလှည်းတစ်စီး ရှိနေပါတယ်။ မြင်းလှည်းရဲ့ ဘေးနံရံမှာတော့ ရဲဌာနရဲ့ သင်္ကေတ ကြက်ခြေခတ် ဓားနှစ်ချောင်းနဲ့ သရဖူ အမှတ်အသား ရှိနေပါတယ်။ ပတ်ဝန်းကျင်မှာတော့ လမ်းသွားလမ်းလာတွေနဲ့ ပြည့်နေပြီး အရင်လိုပဲ ဆူညံနေပါတယ်။
“တက်လေ…” ဒန်းစမစ်ဟာ ကလိုင်းကို အရင်သွားဖို့ အချက်ပြလိုက်ပါတယ်။
ကလိုင်း မြင်းလှည်းပေါ်တက်ဖို့ ပြင်လိုက်စဉ်မှာပဲ ကမာရောင်းသမား တစ်ယောက်က ဈေးဝယ်တစ်ယောက်ကို သူခိုးဆိုပြီး စွပ်စွဲကာ ရုတ်တရက် လက်ကို ဖမ်းဆွဲလိုက်ပါတယ်။
အဲဒီနောက် နှစ်ဖက် အငြင်းအခုံဖြစ်ပြီး မြင်းတွေကို လန့်သွားစေတာကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။
‘အခွင့်အရေးပဲ…’
ကလိုင်းမှာ အများကြီး တွေးတောဖို့ အချိန်မရှိပါဘူး။ ကလိုင်းဟာ ရှေ့ခုန်ထွက်ပြီး လူအုပ်ကြားထဲ တိုးဝင်လိုက်ပါတယ်။ တွန်းရင်းဖယ်ရင်း ရှောင်ရင်းတိမ်းရင်းနဲ့ ကလိုင်းဟာ လမ်းရဲ့ တခြားတစ်ဖက်ကို ကသုတ်ကရိုက် ရောက်သွားပါတယ်။
အခုအချိန်မှာ ကလိုင်းဟာ အဲဒီပညာရှင်နဲ့ မတွေ့ရဖို့ မြို့ပြင်က ဆိပ်ကမ်းဆီသွားပြီး ထာ့ဆစ်မြစ်ကမ်းတစ်လျှောက် စုန်ဆင်းကာ ဘက်ကလင်မြို့တော်ဆီ ထွက်ပြေးဖို့ ကြိုးစားပါတယ်။ ဘက်ကလင်မှာက လူဦးရေထူထပ်တော့ ပုန်းဖို့လွယ်ပါတယ်။
ဒီလိုမဟုတ်လည်း ရထားစီးပြီး အရှေ့အရပ်မှာရှိတဲ့ အနီးဆုံး အင်းမတ်ဆိပ်ကမ်းဆီ သွားလို့ရပါတယ်။ အဲဒီကနေ ပင်လယ်ရေကြောင်းသွား သင်္ဘောစီးရင် ဖရစ်ဆိပ်ကမ်းဆီ ရောက်ပါတယ်။ ပြီးရင်တော့ ဘက်ကလင်ဆီ ရောက်ဖို့ လွယ်သွားပါပြီ။
မကြာခင်မှာပဲ ကလိုင်းဟာ လမ်းတစ်လမ်းဆီ ရောက်သွားပြီး တစ်ဖက်ကွေ့လိုက်တဲ့အခါ သံကြက်ခြေခတ်လမ်းပေါ် ရောက်သွားပါတယ်။ ဒီနေရာမှာ ငှားလို့ရတဲ့ မြင်းလှည်းတချို့ ရှိနေပါတယ်။
“မြို့ပြင်ဆိပ်ကမ်းကို သွားမယ်” ကလိုင်းဟာ မြင်းလှည်းတစ်စီးပေါ် ခုန်တက်လိုက်ပါတယ်။
ကလိုင်းဟာ သေချာစဉ်းစားထားပြီးပါပြီ။ ကလိုင်းဟာ ရဲတွေကို လှည့်စားချင်တာ ဖြစ်တဲ့အတွက် မြင်းလှည်းက ရဲတွေနဲ့ အကွာအဝေးတစ်ခုကို ရောက်တာနဲ့ မြင်းလှည်းပေါ်ကနေ ခုန်ဆင်းမှာပါ။
“ရတယ်” မြင်းလှည်းမောင်သမားဟာ မြင်းဇက်ကြိုးကို ဆွဲလိုက်ပါတယ်။
“ခွပ်… ခွပ်… ခွပ်…”
မြင်းလှည်းဟာ သံကြက်ခြေခတ်လမ်းကနေ ထွက်ခွာသွားပါတယ်။
ကလိုင်း မြင်းလှည်းထဲကနေ ခုန်ဆင်းဖို့ ပြင်လိုက်စဉ်မှာပဲ မြင်းလှည်းက တခြားလမ်းဆီ ပြောင်းသွားတာ တွေ့လိုက်ရပါတယ်။ ဒီလမ်းက မြို့ပြင်ထွက်တဲ့လမ်း မဟုတ်ပါဘူး။
“ခင်ဗျား ဘယ်သွားနေတာလဲ” ကလိုင်းဟာ ခဏကြောင်သွားပြီး လွှတ်ခနဲ မေးမိလိုက်ပါတယ်။
“ဝဲလ်နေတဲ့နေရာ…” မြင်းလှည်းမောင်းသမားက တုံးတိတိ ပြန်ဖြေပါတယ်။
‘ဘာ…’ ကလိုင်းဟာ ဘာပြောလို့ ဘာပြောရမှန်း မသိတော့ပါဘူး။
မြင်းလှည်းသမား နောက်လှည့်ကြည့်လိုက်တဲ့အခါ ကလိုင်းဟာ အေးစက်တဲ့ မီးခိုးရောင်မျက်လုံးတွေကို တွေ့လိုက်ရပါတယ်။ မြင်းလှည်းမောင်းသမားက မီးခိုးရောင် မျက်လုံးတွေနဲ့ ရဲအရာရှိ ဒန်းစမစ် ဖြစ်နေပါတယ်။
“ခင်ဗျား…”
ကလိုင်းဟာ ပျာယာခတ်သွားပါတယ်။ အဲဒီနောက် ရုတ်တရက်ဆိုသလို လောကကြီး ချာချာလည်သွားပြီး အရာအားလုံး ဝေဝါးကာ ကလိုင်းဟာ ရုတ်တရက် ထထိုင်မိလိုက်ပါတယ်။
‘ငါ ထထိုင်လိုက်တာလား…’ ကလိုင်းဟာ ဘေးဘီဝန်းကျင်ကို နားမလည်နိုင်စွာ ကြည့်မိလိုက်တဲ့အခါ ပြတင်းပေါက် အပြင်ဘက်မှာ ကြက်သွေးရောင်လက ထိန်ထိန်သာနေပြီး ကြက်သွေးရောင်က သူ့အခန်းကို ဖုံးထားတာ တွေ့လိုက်ရပါတယ်။
ကလိုင်းဟာ နဖူးကို လက်နဲ့ ကိုင်ကြည့်လိုက်တဲ့အခါ ဇောချွေးတွေ ပျံနေတာကို တွေ့လိုက်ရပါတယ်။ နောက်ကျောမှာလည်း အတူတူပါပဲ။
“အိပ်မက်ဆိုးပဲ…” ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ် “အားလုံး အဆင်ပြေတယ်… အားလုံး အဆင်ပြေတယ်…”
ကလိုင်းဟာ ထူးဆန်းတယ်လို့ ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိပ်မက်ထဲမှာ သူ့စိတ်က ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်း ရှိနေပြီး သေသေချာချာ တွေးတောနိုင်စွမ်း ရှိနေတာကြောင့်ပါ။
ကလိုင်းဟာ စိတ်ငြိမ်သွားလို့ အိတ်ဆောင်နာရီကို ထုတ်ကြည့်လိုက်တဲ့အခါ နှစ်နာရီပဲ ရှိသေးတာကို တွေ့လိုက်ရပါတယ်။
ကလိုင်းဟာ ခုတင်ပေါ်က တိတ်တဆိတ် ထပြီး ရေချိုးခန်းဆီသွားဖို့ ဦးတည်လိုက်ပါတယ်။ မျက်နှာသစ်ဖို့နဲ့ အပေါ့အပါး သွားဖို့ပါ။
ကလိုင်းဟာ တံခါးဖွင့်ပြီး မှောင်မိုက်တဲ့ စင်္ကြန်တစ်လျှောက် လျှောက်သွားပါတယ်။ မှုန်မှုန်မွှားမွှား လရောင်အောက်မှာ ကလိုင်းဟာ ရေချိုးခန်းဆီ ခြေဖော့ပြီး လျှောက်သွားပါတယ်။
မကြာခင်မှာပဲ ကလိုင်းဟာ စင်္ကြန်လမ်းအဆုံးက ပြတင်းပေါက် အပြင်ဘက်မှာ ရှိနေတဲ့ လူတစ်ယောက်ကို သတိထားမိလိုက်ပါတယ်။
အဲဒီလူဟာ ကုတ်အင်္ကျီထက် တိုပြီး ဂျက်ကတ်အင်္ကျီထက် ရှည်တဲ့ အနက်ရောင် လေကာအပေါ်အင်္ကျီကို ဝတ်ဆင်ထားပါတယ်။ အဲဒီလူဟာ အမှောင်ထုထဲမှာ ရောယောင် ပျောက်ကွယ်နေပေမဲ့ ကြက်သွေးရောင် လရောင်ကြောင့် မထင်မရှားတော့ မြင်ရပါတယ်။
အဲဒီလူက ရုတ်တရက် ခေါင်းလှည့်ကြည့်လာပါတယ်။ သူ့မျက်လုံးတွေက သမုဒ္ဒရာလို နက်ရှိုင်းပြီး မှိုင်းဝေကာ အေးစက်နေပါတယ်။
ဒန်းစမစ်။

Comment

Leave a Reply

Options

not work with dark mode
Reset