Switch Mode

Chapter – 300

တိမ်တိုက်များကြားမှ ဧကရာဇ် ပေါ်ထွက်လာခြင်း။ လူသားမျိုးနွယ်၏ သတ္တမမြောက် ဧကရာဇ်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၃၀၀ တိမ်တိုက်များကြားမှ ဧကရာဇ် ပေါ်ထွက်လာခြင်း။ လူသားမျိုးနွယ်၏ သတ္တမမြောက် ဧကရာဇ်။

သူတို့ စကားပြောနေစဥ် ခရမ်းရောင် နတ်လျှပ်စီးသည် ကောင်းကင်ကနေ ကျလာ၏။
ဖုန်း။
ကျယ်လောင်လှသော မိုးခြိမ်းသံသည် လူတိုင်းကို ရင်ထိတ်သွားစေ၏။ တစ်စုံတစ်ယောက်က သူတို့ကို တစ်စက္ကန့်သာ ချုပ်ကိုင်ထားသည့်ပမာ ဖြစ်နေသည်။
လေကလည်း ပိုမို ပြင်းထန်လာလေ၏။ ကောင်းကင်ထဲ၌ ခရမ်းရောင် တိမ်တိုက်များသည် သူတို့ဆီ စတင်ရွေ့လာတော့သည်။ ပတ်ဝန်းကျင်ရှိ တိမ်တိုက်များသည် အံ့သြကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်တစ်ယောက် ဆင်းသက်လာသည့်ပမာ စတင် ကျလာတော့၏။
ပိုတောင် ထူးဆန်းသည့်အရာက အနီးပတ်ဝန်းကျင်၌ မရေမတွက်နိုင်သော ပန်းပွင့်များ၊ သစ်ပင်များ ရှိနေတာပဲ ဖြစ်သည်။ သူတို့က ဧကရာဇ်နယ်ပယ် အပျက်အစီးနယ်မြေဆီသို့ ဦးတည်သွားကြတော့သည်။ သူတို့က ခေါင်းဖြည်းဖြည်းချင်း ငုံ့လိုက်ပြီး အင်မတန် လေးစားသည့် အနေအထားကို ပြသနေသည်။
နဥ်ယွိဟန်နှင့် မြေခွေးဘုရင်မက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ သူတို့၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုအပြင် ထိတ်လန့်မှုလည်း ရှိနေ၏။
သူတို့သည် တစ်စုံတစ်ခုကို ဝေဝါးဝါး ခန့်မှန်းမိပြီ ဖြစ်သည်။ ယဲ့ရှောင် အဆင့်တက်သွားပြီ။ ယဲ့ရှောင်က ဧကရာဇ်နယ်ပယ်ကို အဆင့်တက်သွားတာ။
ကျန်သည့် ကြယ်တာရာသားရဲများသည် ဘာဖြစ်နေမှန်း အတိအကျ မသိသော်ငြား သူတို့ ကောင်းကင်ကို မော့ကြည့်လိုက်ချိန်၌ သူတို့ ရင်ထဲ၌ စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရတော့သည်။
” အစွမ်းထက်လိုက်တဲ့ မိုးနဲ့မြေ ဖြစ်စဥ်ပဲ။ အရှေ့အရပ်က ခရမ်းရောင်စွမ်းအင်တွေ။ ဒါဘာကို ဆိုလိုတာလဲ ”
” ငါ မသေချာဘူး။ အရှေ့အရပ်ကနေ ခရမ်းရောင်စွမ်းအင် တက်လာတာက လူသားမျိုးနွယ်ရဲ့ အဆင့်တက်သွားတဲ့ လက္ခဏာဖြစ်ကြောင်း စီနီယာတစ်ယောက်ဆီကနေ ငါ ကြားဖူးတယ်။ ဒါပေမဲ့ အတိအကျက ဘာလဲ။ ငါ မေ့နေပြီ ”
ဖုန်း။
ထိုစဥ် နောက်ထပ် ခရမ်းရောင် နတ်မိုးကြိုးက ကျရောက်လာပြီး ကြယ်တာရာသားရဲများ၏ သူငယ်အိမ်က ချက်ချင်း ကျုံ့သွားလေ၏။
နတ်မိုးကြိုးသည် အံ့ဖွယ်အဆင့်အောက် သားရဲအချို့ကို ထိမှန်သွား၏။
ယခုအချိန်တွင် နတ်မိုးကြိုး​အောက်၌ သူတို့အားလုံးက အမြစ်ပြတ် သုတ်သင်ခံရပြီး ပြာဖြစ်သွား၏။ တစ်ကောင်တစ်မြီးမှ အသက်ရှင် မကျန်ခဲ့ပေ။
ဂလု။
အစိမ်းရောင်ငှက် ယွီဝူကျိက တံတွေးမြိုချလိုက်မိပြီး ဂရုတစိုက် ပြောလိုက်တော့သည်။
” ညီနောင်တို့ ဒီမှာ တစ်ခုခု မှားနေသလိုပဲ။ ငါတို့ ထွက်သွားမလား ”
တောက်ပခြင်းကြယ် အဖြူရောင်အလင်းက သူ့ကို တစ်ချက်ကြည့်ပြီး အေးတိအေးစက် ပြောလိုက်သည်။
” ထွက်သွားမှာလား။ မင်းက လူသားဧကရာဇ်နယ်ပယ် သိုင်းပညာရှင်ရဲ့ အမွေအနှစ်ကို မလိုချင်ဘူးလို့ ပြောရဲတယ်ပေါ့ ”
” ဒါပေမဲ့ ဒီဖြစ်စဥ်က တစ်စုံတစ်ခု ထူးဆန်းနေတယ်လို့ ငါ ဘာကြောင့် ခံစားမိတာပါလိမ့် ”
” အရူး။ ဧကရာဇ်နယ်ပယ် အမွေအနှစ် ဖွင့်တဲ့အချိန် ကောင်းကင်နဲ့မြေကြီး ဖြစ်စဥ်တစ်ခုဖြစ်တာ သေချာပေါက်ပဲလေ။ အခြေခံ အသိလေးကိုတောင် မင်း ဘယ်လိုလုပ် မသိရတာလဲ ”
သူတို့ ပြောနေစဥ် ဧကရာဇ်နယ်ပယ် အမွေအနှစ် နယ်မြေ၏ တံခါးက ရုတ်တရက် ပွင့်လာတော့၏။
ဂျွီ။
ကြယ်တာရာသားရဲများ၏ အကြည့်က ထိုနေရာသို့ ရောက်လာသည်။
” ပွင့်လာပြီ။ ဧကရာဇ်နယ်ပယ် အမွေအနှစ် နယ်မြေ ပွင့်သွားပြီ ”
၄င်းပွင့်သွားသည်နှင့် ကြယ်တာရာသားရဲများသည် ရတနာမျိုးစုံ ပြည့်နေတာကို တွေ့လိုက်ရ၏။ ချက်ချင်းပင် ကြယ်တာရာသားရဲများက တံတွေးထပ်မြိုချမိသွား၏။
” ကြီးမားလိုက်တဲ့ သွေးလင်ဇီးပဲ။ သွေးလင်ဇီးက အနည်းဆုံး နှစ်ထောင်ချီ သက်တမ်းရှိရမယ် ”
” အဲ့ထက်တောင် ပိုသေးတယ်။ ဒီဧကရာဇ်နယ်ပယ် နယ်မြေထဲမှာ ဝိညာဥ်စွမ်းအင်တွေက သိပ်သည်းလွန်းလို့ ဝိညာဥ်စွမ်းအင် ဘယ်လောက် စုထားလဲဆိုတာ မသိရဘူး။ တစ်နှစ်စာက အပြင်လောကရဲ့ နှစ်ပေါင်းများစွာနဲ့ ညီမျှတယ်။ သူ့ရဲ့ သက်တမ်းက မွေးဖွားတဲ့ အချိန်ကို ကျော်လွန်ပြီးတာ​ကြာပြီ။ အနည်းဆုံးတော့ ၈၀၀၀၊ ၉၀၀၀ ဝန်းကျင်ရှိပြီး ၁၀၀၀၀ နား ကပ်လောက်တယ် ”
ကြယ်တာရာသားရဲများသည် အင်မတန် စိတ်အားထက်သန်နေ၏။ သူတို့က အထဲဝင်ပြီး မိုးနှင့်မြေရတနာများကို လုယူတော့မည့် အချိန်တွင် နောက်ထပ် ခရမ်းရောင် နတ်မိုးကြိုးက သူတို့ကို ပစ်ချလာလေ၏။
ဒုတိယမြောက် မိုးကြိုးပြီးနောက် တတိယ၊ စတုတ္ထမိုးကြိုးများ ဆက်တိုက် ပစ်တော့သည်။
ကြယ်တာရာသားရဲများသည် နတ်မိုးကြိုးကြောင့် ဖိအားပေးခံခဲ့ရပြီး နောက်ဆုတ်ရုံမှ တစ်ပါး ရွေးချယ်စရာ မရှိ ဖြစ်နေ၏။ သူတို့အနား မကပ်ရဲတော့ပေ။
သို့သော် ကြယ်တာရာသားရဲတိုင်းက အတွင်းကို စိတ်အားထက်သန်စွာ ကြည့်နေလျက် သူတို့ မျက်လုံးထဲတွင် လောဘများ ပြည့်နေတော့သည်။ လူတိုင်းက နတ်မျိုးကြိုး ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ရတနာများကို လုယူရန် ပထမဆုံး ဝင်သူဖြစ်ချင်၏။ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော သတ်ဖြတ်သူ ဝံပုလွေကတောင် ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်ကို တိတ်တဆိတ် ကုစားနေ၏။
သူတို့သည် ငွေရောင်မြေခွေးမျိုးနွယ်အကြောင်း ဂရုမစိုက်တော့ပေ။ ယခုဆို ကြယ်တာရာသားရဲများအားလုံးက ဧကရာဇ်နယ်ပယ် အမွေအနှစ်ကိုသာ အာရုံစိုက်နေကြပြီ ဖြစ်၏။
နဥ်ယွိဟန်နှင့် မြေခွေးဘုရင်မကလည်း နယ်မြေကို စိုက်ကြည့်နေ၏။
သို့သော် သူတို့နှစ်ယောက်က ကျန်သည့် ကြယ်တာရာသားရဲများနှင့် မတူ။ သူတို့က မိုးကြိုးဝဋ်ကြွေးကို ယဲ့ရှောင် ကျော်ဖြတ်နိုင်ရန်သာ မျှော်လင့်နေတာ ဖြစ်သည်။
ခရမ်းရောင်နတ်မိုးကြိုးက အပျက်အစီး နယ်မြေထဲသို့ ကျရောက်ပြီး ယဲ့ရှောင်၏ ခန္ဓာကိုယ်ကို ထိမှန်သွား၏။
ဘုရင်ကျိုး၏ ဝိညာဥ်က ချက်ချင်း ပြောလိုက်သည်။
” ကလေး မခုခံနဲ့။ မင်းရဲ့ ခန္ဓာကိုယ်ထဲက အံ့ဖွယ်သွေးကို သန့်စင်နိုင်အောင်လို့ ဒီနတ်မိုးကြိုးကို အပြည့်အဝ အသုံးချရမယ်။ မင်းရဲ့ အံ့ဖွယ်သွေးကို ပိုမိုဖျတ်လတ်တက်ကြွလာစေပြီး နောက်ဆုံးအဆင့် ရောက်အောင်တောင် လုပ်လိုက် ”
ယဲ့ရှောင်က စိတ်တင်းထားလျက် သူ၏ ခန္ဓာကိုယ်ကို မိုးကြိုးပစ်ခွင့်ပေးလိုက်၏။ သူသည် တစ်ဆင့်ပြီးတစ်ဆင့် နောက်ဆုံး အံ့ဖွယ်သွေးကို သန့်စင်နေပြီး ဘုရင်ကျိုး၏ အသိစိတ် ပါဝင်နေသော အံ့ဖွယ်သွေး တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားနေလေ၏။
နောက်ထပ် အစားထိုး ဝင်ရောက်လာသည်က သတိမဲ့သော အံ့ဖွယ်သွေးဖြစ်ပြီး ၄င်းကို သူ၏ စိတ်စွမ်းအားက လွှဲယူသွားသည်။ ဤနည်းဖြင့် သူ၏ ရုပ်ခန္ဓာကလည်း ချက်ချင်း သန်မာလာတော့သည်။ သူက သန်မာပြီးရင် သန်မာလာ၏။
သူသည် ဘုရင်နယ်ပယ် အထွတ်အထိပ်နှင့် ဧကရာဇ်နယ်ပယ် အဆင့်အောက်တွင်သာ ရှိသော်ငြား သူ၏ ရုပ်ခန္ဓာသည် ဧကရာဇ်နယ်ပယ်ကို ကျော်လွန်နေပြီးတာ ကြာပြီဖြစ်သည်။
ခရမ်းရောင်နတ်မိုးကြိုးများသည် ယဲ့ရှောင်၏ ခန္ဓာကိုယ်ကို မရေမတွက်နိုင်သော နဂါးများ တတိတိ ဝါးမြိုနေသည့်ပမာ သိပ်သည်းစွာ ထိမှန်လာ၏။ ပြင်းထန်လှသော နာကျင်မှုသည် သာမန်လူတစ်ယောက်၏ မှန်းဆနိုင်မှုထက် ကျော်လွန်သည်။
ကျန်သည့် ဧကရာဇ်နယ်ပယ် အဆင့်အောက် သိုင်းပညာရှင်တစ်ဦးဆိုလျှင် သူတို့သည် မိုးကြိုးကြောင့် ချက်ချင်း သေနေလောက်ပြီ ဖြစ်သည်။ သို့သော် ယဲ့ရှောင်က မသေပေ။ ထိုအကြောင်းအရင်းကြောင့် သူ ခံစားရသည့် နာကျင်မှုက သာမန်လူတစ်ယောက်ထက် အဆတစ်ရာ၊ အဆတစ်ထောင်၊ အဆတစ်သောင်း ပိုများနေသည်။
ထိုနာကျင်မှုအတွင်း ဘုရင်ကျိုး၏ အသိစိတ်ဖြင့် အံ့ဖွယ်သွေးက နည်းပြီးရင်း နည်းလာတော့သည်။
အစက်၁၀၀၀၊ အစက်၈၀၀၊ ၇၀၀၊ ​၆၀၀၊ ၅၀၀၊ ၄၀၀၊ ၃၀၀၊ ၁၀၀၊ ၅၀၊ ၃၀၊ ၂၀။ နောက်ဆုံးသော အံ့ဖွယ်သွေးစက်ကို ယဲ့ရှောင်က အပြည့်အဝ ဝါးမြိုပြီးနောက် ယဲ့ရှောင်၏ ခန္ဓာကိုယ်သည် သိပ်သည်းသော အံ့ဖွယ်သွေးတို့ဖြင့် ပြည့်နေပြီ ဖြစ်၏။
သူ၏ ခန္ဓာကိုယ်ထဲတွင် ယခင်က အံ့ဖွယ်သွေးအားလုံးကို အသက်သွင်းခဲ့သော်ငြား သူ့၌ အံ့ဖွယ်သွေး များများစားစား မရှိပေ။ အကြောင်းမှာ လူသားမျိုးနွယ်က မျိုးဆက်များ လက်ဆင့်ကမ်းခဲ့သောကြောင့် အံ့ဖွယ်သွေးက အားလျော့နေသောကြောင့် ဖြစ်သည်။
ထိုအကြောင်းအရင်းကြောင့် ကမ္ဘာပေါ်ရှိ လူသားများသည် သူတို့၏ အံ့ဖွယ်ဝိညာဥ်များကို အသက် မသွင်းနိုင်တာ ဖြစ်နေ၏။
လူသားများစွာ၏ ခန္ဓာကိုယ်ထဲရှိ အံ့ဖွယ်သွေးသည် ထိုအကြောင်းအရင်းကြောင့် ခြောက်ခမ်းလုနီးပါး ဖြစ်ခဲ့ပြီး ပျောက်ကွယ်လုနီးပါး ဖြစ်လာ၏။
လူတစ်ယောက်၏ ကျင့်ကြံဆင့်သည် မြင့်တက်လာသည့်အချိန်ကြမှ အံ့ဖွယ်သွေးက အသက်ပြန်ဝင်လာပြီး အံ့ဖွယ်သွေးများ တဖြည်းဖြည်းချင်း ပိုထုတ်ပေးတာ ဖြစ်သည်။
ယဲ့ရှောင်သည် ဘုရင်ကျိုး၏ အံ့ဖွယ်သွေးအားလုံးကို အပြည့်အဝ သန့်စင်ပြီးသောအခါ သူ၏ ပင်ကိုယ် ပါရမီက နောက်ထပ် ကြီးကြီးမားမား တိုးတက်မှု ရရှိလာပြီး နယ်ပယ်သစ်တစ်ခုကို တက်လှမ်းတော့၏။
ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲရှိ ခွန်အားကို ဖိနှိပ့်ရန် မလိုအပ်တော့ပေ။ ချက်ချင်း အဆင့်တက်ဖို့ ရွေးချယ်လိုက်၏။
သူက အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့၏။ ယခု အခိုက်အတန့်က ရောက်လာခဲ့ပြီ ဖြစ်သည်။
ဖုန်း။
ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲ ဝေ့တက်လာသော ဝိညာဥ်စွမ်းအင်နှင့်အတူ သူသည် အမြဲတမ်း အိမ်မက်မက်ခဲ့ရသော ဧကရာဇ်နယ်ပယ် ကျင့်ကြံဆင့်ထဲသို့ အပြည့်အဝ တက်လှမ်းနိုင်ခဲ့၏။
သူ၏ သိပ်သည်းလှသော ဝိညာဥ်စွမ်းအင်နှင့် သွေးအဆီအနစ်များ ဆူပွက်လာပြီး ယဲ့ရှောင်က ယခုအချိန်၌ သူသည် အကြွင်းမဲ့ အာဏာရှိသည်ဟု ခံစားလိုက်ရသည်။
ယခုအချိန်တွင် သူ၏ ခွန်အားသည် ပိုင်နက်တစ်ခု ဖွဲ့တည်နိုင်ပြီးဖြစ်ကြောင်း သဘောပေါက်သွား၏။
သူ ဘုရင်နယ်ပယ်တွင် ရှိစဥ်က ထိုခံစားချက် ရှိခဲ့သည်။ သူသည် မျက်တောင်တစ်ခတ်အတွင်း အတွေးများဖြင့် အရာအားလုံးကို ဖော်ဆောင်နိုင်၏။ သူ အံ့ဖွယ်ဂိုဏ်းတွင် ရှိစဥ်က ဝိညာဥ်စွမ်းအင်ကို သုံးရန် သူ၏ အတွေးများကို အသုံးပြုခဲ့ရ၏။ သူ ဘုရင်နယ်ပယ်တွင် ရှိစဥ်က ဝိညာဥ်စွမ်းအင်ကို လည်ပတ်သည့် အဆင့်ကို ကျော်ပြီး အတွေးတစ်ချက်ဖြင့် ပြီးပြည့်စုံအောင် ဆောင်ရွက်ခဲ့သည်။
ယခု ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိပြီးနောက် ယဲ့ရှောင်သည် မမြင်ရသော ပိုင်နက်တစ်ခုသည် တိကျသည့် ပိုင်နက်တစ်ခုအဖြစ် ဖွဲ့တည်သွားပြီဖြစ်ကြောင်း သူ သဘောပေါက်သွား၏။ ထိုပိုင်နက်ထဲ၌ သူ မည်သည့်အကွက် ပြုလုပ်စေကာမူ ၄င်းကို ချက်ချင်း ထုတ်ဖော်နိုင်၏။
သူ၏ တိုက်ခိုက်မှု အရှိန်က အလွန်မြန်ဆန်နေပြီဖြစ်ရာ အချိန်လည်း မရှိလုနီးပါးပင်။
သို့သော် ထိုနည်းတူ ဧကရာဇ်နယ်ပယ်ရှိ ရန်သူ၏ ကျင့်ကြံမှု အရှိန်ကလည်း အလွန်မြန်ဆန်နေပြီဖြစ်ကာ သူ့ထက် အားမနည်းလောက်ပေ။
ပိုင်နက်၏ အကျယ်အဝန်းအတွင်း လူတစ်ယောက်၏ ကျင့်စဥ်က ပေတစ်သိန်း အကွာအဝေးကို ရောက်ရန် ၀.၀၀၁စက္ကန့်သာ အချိန်ယူရမည်။ ရန်သူသည် ထိုအကွက်ကို ခုခံနိုင်ရန် ၀.၀၀၀၁စက္ကန့်အတွင်း သူ၏ သိုင်းအစွမ်းကို ထုတ်ဖော်လိမ့်မည်။
သို့သော်ငြား ပိုင်နက်ကို အသုံးပြုခဲ့မည်ဆိုလျှင် တိုက်ခိုက်မှု ကြားကာလကို လျှော့ချနိုင်လိမ့်မည်။ သေးငယ်သည့် အချိန်ကွာဟချက်ဖြစ်ပေလျှင် ဧကရာဇ်အဆင့် တိုက်ပွဲအတွက် အလွန်အရေးကြီး၏။
တစ်ချိန်တည်းတွင် ပိုင်နက်ထဲ၌ ဧကရာဇ်နယ်ပယ် အဆင့်အောက် တည်ရှိသူဖြစ်ခဲ့လျှင် ၄င်းကို ခုခံရန် နည်းလမ်း မရှိပေ။ အကြောင်းမှာ ထိုပိုင်နက်ထဲ၌ ဧကရာဇ်နယ်ပယ်သာလျှင် တစ်ဦးတည်းသော နတ်ဘုရားဖြစ်နေသောကြောင့်ပင်တည်း။
ဧကရာဇ်နယ်ပယ်က သေခြင်းရှင်ခြင်းကို စိုးမိုးပြီး အရာအားလုံးကို အုပ်စိုး၏။
အဆင့်တူ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ဦးသာလျှင် ပိုင်နက်ကို ခုခံရန် ပိုင်နက်ကို အသုံးပြုနိုင်၏။
ဒါက ဧကရာဇ်နယ်ပယ်ရဲ့ စွမ်းအားလား။
ယဲ့ရှောင်သည် သက်ပြင်းချလိုက်မိသည်။
ဧကရာဇ်နယ်ပယ်ကို မရောက်ခင် သူသည် ဧကရာဇ်နယ်ပယ် မည်မျှ အစွမ်းထက်ကြောင်း မရေမတွက်နိုင်အောင် မှန်းဆခဲ့ဖူးသည်။ သို့သော် ဧကရာဇ်နယ်ပယ်ကို အမှန်တကယ် ရောက်ပြီးမှ ထိုစွမ်းအားကို သဘောပေါက်သွားတာ ဖြစ်သည်။
အရာအားလုံးကို အုပ်စိုးနိုင်သော စွမ်းအားမျိုး။ ၄င်းက ဆောင်ယူလာသည့် ထိတ်လန့်မှုသည် မမှန်းဆနိုင်စရာပင်။
ယဲ့ရှောင်သည် သူ၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြရန်အတွက် ဘုရင်ကျိုးကို လက်သီးဆုပ်မိုးလျက် အရိုအသေ ပေးလိုက်၏။
” ကျေးဇူးတင်ပါတယ် စီနီယာ ”
ဘုရင်ကျိုး၏ ဝိညာဥ်ကလည်း လက်ဝှေ့ရမ်းလျက် အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
” မင်း ဒီလောက် အားနာနေဖို့ မလိုဘူး။ ငါ လုပ်ပေးခဲ့တဲ့ အရာအားလုံးက စေတနာအလျောက်ပဲ။ လူသားသွေးမျိုးစက်ထဲက မျိုးရိုးဗီဇက လူသားမျိုးနွယ်ရဲ့ ဘိုးဘေးက လူသားမျိုးနွယ်ဆီ ပေးထားတဲ့ မျိုးရိုးဗီဇလည်း ဟုတ်တယ်။ ဒါက ပိုသန်မာချင်စိတ် ရှိလာပြီး ပိုသန်မာပြီးရင်း ဘိုးဘေးတွေကို ကျော်တက်စေချင်စိတ် ရှိတာပဲ ”
” ငါ့ရဲ့ ခေတ်မှာ အဲ့ဒီအဆင့်ကို ဘယ်သူ့မှ မတက်လှမ်းနိုင်ခဲ့ဘူး။ ငါတောင် လိုက်မမှီဘူး။ ဒါပေမဲ့ အခု မင်းရဲ့ ပေါ်ပေါက်လာမှုက ငါ့ကို မျှော်လင့်ချက်အသစ် ပေးခဲ့တယ်။ မင်းက အစစ်အမှန် သန်မာတဲ့ လူတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ချက် ရှိတယ် ”
ပြီးတော့ ငါက ဒီလို နောင်မှ သန်မာလာမဲ့သူတစ်ယောက်ကို မျက်မြင်တွေ့ခွင့်ရပြီး ပံ့ပိုးသူလည်း ဖြစ်လာခဲ့တယ်။ ငါ ဂုဏ်တက်မိတယ် ”
ယဲ့ရှောင်သည် တစ်ဖက်သူ၏ ခံစားချက်များကို အာရုံခံမိ၏။
ယင်းက စီနီယာများက ဂျူနီယာများအပေါ် လေးစားမှု ဖြစ်သော်ငြား တစ်ချိန်တည်းတွင် သန်မာမှုအတွက် သန်မာသူက အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။
ထိုအချက်အပြင် သူ့ကိုသူလည်း မျှော်လင့်ချက် ထားခဲ့ပြီး ထိပ်ဆုံးအဆင့် သန်မာသူတစ်ယောက် ဖြစ်လာရန် မျှော်လင့်ချက်ပဲ ဖြစ်သည်။ ယင်းက အင်မတန် ထူးချွန်ထက်မြတ်သော တပည့်တစ်ဦးကို သင်ပေးနေသော ဆရာတစ်ယောက်ပမာပင်။
” ဒီလိုဆိုရင်တောင်မှ စီနီယာရဲ့ အကူအညီအတွက် စီနီယာကို ကျေးဇူးတင်ဦးမှာပါ ”
” ဟား ဟား ဟား။ မင်းရဲ့ ကြင်နာမှုကို ငါ လက်ခံလိုက်မယ်။ ကြိုးစား။ နောင်ကြ မင်း မင်း နတ်ဘုရားနယ်ပယ် သိုင်းပညာရှင် ဖြစ်လာခဲ့ပြီး ငါတို့ ဘိုးဘေးတွေ ရှာမတွေ့နိုင်ခဲ့တဲ့ နက်နဲသိမ်မွေ့ခြင်း လျှို့ဝှက်ဆန်းကြယ်မှုကို ရှာတွေ့ခဲ့မယ်ဆိုရင် နက်နဲသိမ်မွေ့တဲ့ လျှို့ဝှက်ဆန်းကြယ်မှုက ဘာလဲဆိုတာ ငါ့ကို ပြောပြ။ ဒါဆို ငါ ကျေနပ်ပြီ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်ပြီး ဘုရင်ကျိုးက ထပ်ပြော၏။
” ဟုတ်ပြီ။ မြန်မြန်သွား။ မင်း မိတ်ဆွေတွေ စောင့်နေပြီ။ သူတို့ လက်ရှိ အခြေအနေမကောင်းဘူး ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ သူသည် အပြင်ဘက်ရှိ အခြေအနေကို အာရုံခံမိပြီ ဖြစ်သည်။
သူသည် ဧကရာဇ်အဆင့် ပါရမီရှင် ဖြစ်မလာခင်က ဘုရင်ကျိုး၏ ကြွင်းကျန်ဝိညာဥ်သည် သူ၏ သိမြင်နားလည်မှုကို ပိတ်ဆို့နေသေးဆဲ ဖြစ်၏။ သို့သော် ဧကရာဇ်အဆင့် ပါရမီရှင် ဖြစ်လာပြီးနောက် မပိတ်ဆို့နိုင်တော့ပေ။
သူ၏ အံ့ဖွယ်သွေးကို စုပ်ယူပြီး ပိုတောင် သန်မာသည့် နယ်ပယ်ကို ရောက်နေပြီ ဖြစ်သည်။
သူသည် ဧကရာဇ်နယ်ပယ် ဝင်ခါစဖြစ်သော်ငြား တစ်လှမ်း ပိုသန်မာသော ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်များထက် အားနည်းခြင်း မရှိပေ။
အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် ယဲ့ရှောင်က အပြင်ထွက်လိုက်တော့၏။
ကောင်းကင်ထဲရှိ ခရမ်းရောင်မိုးကြိုးများက ပစ်ခတ်နေသေးဆဲ ဖြစ်သည်။ အတွေးတစ်ချက်ဖြင့် ယဲ့ရှောင်၏ အံ့ဖွယ်အလင်းက ချက်ချင်း ပေါ်ထွက်လာ၏။ ပြိုင်ဘက်ကင်းသည့် သွင်ပြင်ကို ထိန်းထားလျက် ချက်ချင်းပင် ခရမ်းရောင်တိမ်တိုက်များဆီ တိုးဝင်သွားသည့် ရွှေရောင်အလင်းတိုင်းကို ဖွဲ့တည်ကာ မိုးကြိုးကို အပိုင်းပိုင်းအစစ ချေမှုန်းလျက် လေထုထဲ၌ အပြည့်အဝ ပျောက်ကွယ်သွားစေသည်။
ကြယ်တာရာသားရဲများ၏ မျက်လုံးက လက်သွားတော့၏။
” မိုးနဲ့မြေ ဖြစ်စဥ်က ပြီးသွားပြီ။ ငါတို့ အခု ဝင်လာလို့ရပြီ ”

အပိုင်း ၃၀၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset