စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၉၉ အရှေ့အရပ်မှ ခရမ်းရောင် တိမ်တိုက်များ။ ဝိညာဥ်အားလုံး ကိုးကွယ်ခြင်း။
” သိပ်အစွမ်းထက်တာပဲ ”
မြေခွေးဘုရင်မသည် ဝေဟင်ထဲရှိ တိုက်ပွဲကို အလိုလို လှည့်ကြည့်လိုက်မိ၏။ သူမသည် ထိတ်လန့်လွန်းသောကြောင့် နှလုံးခုန်နှုန်း မြန်လာတော့သည်။
ဒါက အံ့ဖွယ်သားရဲနယ်ပယ်အထက် တိုက်ပွဲတစ်ပွဲလား။
သူမနှင့် ယှဥ်သော်ငြား သူမ ကျင့်ကြံဆင့်က အနည်းငယ်သာ ပိုသန်မာ၏။ အမှန်တကယ်တွင် သူတို့နှစ်ယောက် ထုတ်ဖော်သည့် စွမ်းအားသည် သူမထက် အဆပေါင်းများစွာ ပိုသန်မာနေသည်။ ယင်းက အံ့ဖွယ်သားရဲတစ်ကောင်၏ ကြောက်မက်ဖွယ်ကောင်းမှုပဲ ဖြစ်သည်။
အံ့ဖွယ်သားရဲတစ်ကောင်ဟူသည် အံ့ဖွယ်သားရဲတစ်ကောင်ပဲ ဖြစ်၏။ အံ့ဖွယ်အဆင့်အောက် သားရဲတစ်ကောင်သည် အံ့ဖွယ်သားရဲတစ်ကောင်ဖြစ်ရန် မည်မျှ နီးစပ်နေစေကာမူ သူတို့နှင့် စစ်မှန်သော အံ့ဖွယ်သားရဲကြား၌ ကျော်လွှား၍ မရသော ကွာဟချက်ကြီးတစ်ခု အမြဲတမ်း ရှိနေ၏။
တိုက်ပွဲက ရှည်ကြာလေ ကြယ်ဆုံသော ကောင်းကင်က ကြိမ်ဖန်များစွာ လည်လာလေ ဖြစ်သည်။
သံသရာ လည်နေ၏။ မကြာမီ၌ ဝိညာဥ်စွမ်းအင်များသည် ကောင်းကင်ထဲ စုဝေးလာကာ သုညမှတ်ထိ ရောက်လာ၏။
ထိုစဥ် ယခုအချိန်၌ ဝံပုလွေ နတ်ဘုရားနှင့် နဥ်ယွိဟန်တို့ တိုက်ကွက်ဖလှယ်ပြီးနောက် သူတို့က လူခွဲလိုက်သည်။
” ဟူး ဟူး ”
ယခုအချိန်၌ နဥ်ယွိဟန်ရော ဝံပုလွေနတ်ဘုရားကပါ ပြင်းထန်သော တိုက်ကွက်များ ထုတ်ဖော်ပြီးနောက် သူတို့၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်များကအတက်အကျ အခြေအနေ ဖြစ်နေ၏။
သို့သော်ငြား ဝံပုလွေ နတ်ဘုရားသည် တပမ်းသာနေတာ သိသာ၏။
နဥ်ယွိဟန်၏ အသက်ရှူနှုန်းတာ ပိုမြန်ဆန်တာ သိသာသည်။ ဝံပုလွေနတ်ဘုရားက ပြုံးလိုက်လေ၏။
” မဆိုးဘူး။ မဆိုးဘူးပဲ။ မင်းရထားတဲ့ အမွေအနှစ်က ဒီလောက်အစွမ်းထက်လိမ့်မယ်လို့ မထင်ထားဘူး။ မင်းအဆင့်တက်ဖို့ သိပ်မကြာလိုက်ဘူးဆိုတာ ငါ အာရုံခံမိတယ်။ ဧကရာဇ်နယ်ပယ် အမွေအနှစ်ထဲတစ်ခုခု ကောင်းတာရှိတာ ဖြစ်ရမယ်။ မဟုတ်ရင် အချိန်တိုအတွင်း မင်း ဒီအဆင့်ထိ ရောက်နိုင်မှာ မဟုတ်ဘူး။ မင်းကို ငါ အနိုင်ယူပြီးရင် ဧကရာဇ်နယ်ပယ် အပျက်အစီးနယ်မြေထဲမှာ ဘာရှိလဲဆိုတာ ငါကိုယ်တိုင် သွားကြည့်ရမယ် ”
” ခင်ဗျားမှာ အခွင့်အရေးရှိမှာ မဟုတ်ဘူး ”
နဥ်ယွိဟန်၏ အမူအယာက မပြောင်းလဲသွားပေ။ ဝံပုလွေ နတ်ဘုရားသည်သာ နဥ်ယွိဟန်၏ စကားများထဲ မူမမှန်တာကို ခံစားလိုက်ရသည့်ပမာ သူ၏ အကြည့်များက ကျဥ်းမြောင်းသွားတော့သည်။
နောက်တစ်စက္ကန့်၌ သူ၏ သူငယ်အိမ်က ရုတ်တရက် ကျုံ့သွား၏။ အကြောင်းမှာ မရေမတွက်နိုင်အောင် တလက်လက် တောက်ပနေသော ကြယ်အလင်းစက်များ လေထဲတွင် ဖွဲ့တည်လာသောကြောင့် ဖြစ်သည်။
ကြယ်အလင်းစက်တိုင်း၌ များစွာသော စွမ်းအားများဖြင့် ပြည့်နေလေ၏။ ၄င်းက နဥ်ယွိဟန်သည် သူ၏ တိုက်ပွဲဝင်ခွန်အားနှင့် ဝိညာဥ်စွမ်းအင်ကို ပေါင်းစည်းခြင်းကြောင့် ပေါ်ထွက်လာသည့်အရာ ဖြစ်၏။
သို့သော် ထိုအခိုက်အတန့်၌ ဝိညာဥ်စွမ်းအင်အားလုံးသည် တစ်နေရာထဲ၌ စုဝေးလာပြီးနောက် သူတို့နှစ်ယောက်ဆီသို့ ဆက်တိုက် ရောက်ရှိလာတော့သည်။
” ဒါက ”
” ဒါက ငါတို့ ငွေရောင်မြေခွေးမျိုးနွယ်ရဲ့ လျှို့ဝှက်နည်းစနစ် ကြယ်တာရာ ပေါက်ကွဲခြင်းလေ။ တိုက်ပွဲအတောအတွင်း ငါတို့နှစ်ယောက် ထုတ်ဖော်ခဲ့တဲ့ ဝိညာဥ်စွမ်းအင်တွေကို သိပ်သည်းပြီး ခဏအတွင်း ချေဖျက်လိုက်တာ။ တစ်ကွက်တည်းနဲ့ အကွာအဝေးတစ်ခုတွင်းမှာ ရှိတဲ့ သတ္တဝါအားလုံးကို သတ်ဖြတ်ပစ်နိုင်တယ်။ ဘယ်သူ့မှ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး ”
ဝံပုလွေနတ်ဘုရား၏ နဖူးပေါ်၌ ချွေးစီးများ ပြန်လာ၏။ သူက နှာခေါင်းရှုတ်ကာ ပြောလိုက်တော့သည်။
” မင်း ငါ့ကို နှောက်နေတာလား။ ဒီအကွက်ကို သုံးလိုက်ရင် မင်းလည်း သေမှာမလား။ ငါ့ရဲ့ ဝိညာဥ်စွမ်းအင်ကလည်း အဲ့ဒီမှာ ထိန်းသိမ်းထားတာ။ မင်း အသက်ရှင်နေနိုင်သေးတယ်လို့ မပြောနဲ့ ”
နဥ်ယွိဟန်၏ နှုတ်ခမ်းတို့က အနည်းငယ် ကွေးတက်သွား၏။
” ခင်ဗျားက သိပ်ပါးနပ်ပါရဲ့။ ဒါပေမဲ့ တစ်ခုမေ့သွားတယ်။ ငွေရောင်မြေခွေးမျိုးနွယ်မှာ ရှေးဟောင်းအမြီးဖြတ်တောက်ခြင်း ကျင့်စဥ် ရှိနေသေးတယ်။ အမြီးတစ်ချောင်းကို ဖြတ်လိုက်ရုံနဲ့ အသပ်ပြန်ရှင်နိုင်တယ်။ ခင်ဗျားအတွက်ကတော့ စိတ်မကောင်းပါဘူး။ ဒီကမ္ဘာကြီးကို နှုတ်ဆက်စကား ပြောရုံပဲ ရှိတယ် ”
” မျိုးမစစ်ကောင် ”
ဝံပုလွေ နတ်ဘုရားက ဒေါသတကြီး ဟိန်းဟောက်လျက် နဥ်ယွိဟန်ကို ခုန်အုပ်ရန် ပြင်ဆင်လိုက်သည်။
ကံဆိုးသည်မှာ အရာအားလုံး ပြီးဆုံးသွားချေပြီ။ နဥ်ယွိဟန်က သူ၏ လက်ကြီးဖြင့် ဆုပ်ကိုင်လျက် ကြယ်အလင်းများက တစ်နေရာတည်းတွင် ချက်ချင်း စုဝေးသွားပြီး ပေါက်ကွဲသွားလေ၏။
ကောင်းကင်ထဲတွင် အင်မတန် တောက်ပသည့် အလင်းတစ်ခု ပေါ်ထွက်လာပြီး ကြယ်ဆုံသော ကောင်းကင်နှင့် ငွေရောင်မြေခွေးတောင်ကြားဝန်းကျင်၌ ထွန်းလင်းနေလေသည်။
ပေါက်ကွဲမှုမှ ရိုက်ခတ်သည့် ပြင်းထန်သော လှိုင်းက လေပြင်းများအဖြစ် ပြောင်းလဲသွားပြီး ငွေရောင်မြေခွေးတောင်ကြားကို ထိန်းချုပ်မရအောင် တုန်လှုပ်သွားစေ၏။
ကြယ်တာရာသားရဲများအားလုံးက ဆက်မတိုက်နိုင်တော့ပေ။ သူတို့အားလုံးက လေပြင်းကြောင့် လွင့်ထွက်သွားခြင်းမရှိရအောင် မြေပြင်ပေါ်တွင်သာ လှဲနေ၏။
ဖြစ်စဥ်တစ်ခုလုံးက စက္ကန့်ပိုင်းခန့် ကြာပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားသည်။
ကြယ်တာရာသားရဲများက ထပ်ပြီး မတိုက်ခိုက်တော့ချေ။ သူတို့ ခေါင်းမော့လိုက်ပြီး ကောင်းကင်ထဲတွင် ဘာတွေဖြစ်နေလဲဆိုတာ မြင်ချင်၏။
သူတို့ထဲမှတစ်ယောက် ရှုံးသွားခဲ့လျှင် ကြယ်တာရာသားရဲများ ဆက်လက် တိုက်ခိုက်ရန် မလိုပေ။
အံ့ဖွယ်သားရဲနယ်ပယ်၏ ကာကွယ်ပေးမှု မရှိပဲ ထိုနေရာ၌ ကြယ်တာရာသားရဲများ မည်မျှ ရှိစေကာမူ သူတို့က အမြှောက်စာများသာ ဖြစ်လိမ့်မည်။ ယင်းက အဓိပ္ပာယ်မရှိပေ။
ကောင်းကင်ထဲရှိ အလင်းရောင် ပျောက်ကွယ်သွားပြီး လေထု ယိုယွင်းသွားသည်နှင့် နဥ်ယွိဟန်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပြန်ကောင်းလာ၏။ သူက အမြီးတစ်ချောင်းသာ ဆုံးရှုံးသွားသည်။
သူသည် အစက အမြီးကိုးချောင်း ရှိသည်။ သို့သော် ယခု အမြီးရှစ်ချောင်းသာ ရှိတော့၏။ သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်။ သူ့ကို ထိတ်လန့်သွားစေသည်က ထိုအကွက်ကနေ ဝံပုလွေနတ်ဘုရားက တကယ် မသေသွားတာပဲ ဖြစ်သည်။ သို့သော် သူ့တစ်ကိုယ်လုံးက သွေးရာများ ပြည့်နေ၏။ သူ့လက်တစ်ဖက် မရှိတော့ပေ။ တစ်ကိုယ်လုံးကလည်း စုတ်ပြတ်နေ၏။
သူ့အသက်အတွက် ရုန်းကန်နေရပြီဟု သတ်မှတ်နိုင်ပြီ ဖြစ်သည်။
” ဟူး ဟူး ”
ဝံပုလွေ နတ်ဘုရားက အသက်အနည်းငယ် ရှူလိုက်သည်။ သူ၏ အမူအယာက အေးစက်နေကာ နဥ်ယွိဟန်ကို စိုက်ကြည့်လိုက်သည်။ သူက အံကြိတ်လိုက်တော့၏။
” မင်း သေသင့်တဲ့ကောင်။ တကယ် ယုတ်မာကောက်ကျစ်တဲ့နည်းကို သုံးတယ်ပေါ့။ ဒီနတ်ဘုရားက မင်းကို လျှော့တွက်ခဲ့မိတာပဲ။ ဒီနတ်ဘုရားမှာ အသက်ကယ်စနစ်သာ မရှိခဲ့ဘူးဆိုရင် မင်းရဲ့ ထောင်ချောက်ထဲ ကျလောက်ရောပေါ့ ”
နဥ်ယွိဟန်က နှာခေါင်းရှုံ့လိုက်၏။
တစ်ဖက်သူသည် ဆိုရလျှင် အံ့ဖွယ်သားရဲအိုကြီးပဲ ဖြစ်သည်။ ထိုမျှ အလွယ်တကူ အသတ်ခံရမှာ မဟုတ်ပေ။
” ဒီတော့ ဘာဖြစ်လဲ။ အဲ့ဒီအကွက်က ခင်ဗျားကို မသတ်နိုင်ခဲ့ရင်တောင် ခင်ဗျား ဘယ်လောက် ကြာကြာခံမှာလဲ။ ခင်ဗျားရဲ့ လက်ရှိအခြေအနေနဲ့ ခင်ဗျားကို ချက်ချင်း သတ်လိုက်နိုင်တယ် ”
” ဟား ဟား ဟား ဟား ”
ဝံပုလွေနတ်ဘုရားက ခေါင်းနောက်လှန်လျက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
” ခင်ဗျား ဘာတွေ ရယ်နေတာလဲ ”
နဥ်ယွိဟန်၏ အကြည့်တို့က အေးစက်သွားစဥ် ဝံပုလွေနတ်ဘုရားက စကားဆက်ပြောသည်။
” မင်းရဲ့ တုံးအမှုကို ရယ်နေတာလေ။ ငါ ထိန်းချုပ် မထားဘူးလို့ မင်း ထင်နေတာလား။ မင်းကို မင်း ဖောက်ခွဲလိုက်တဲ့အချိန်မှာ ငါ့ရဲ့ ကိုယ်ပိုင် အတွေးကို ထုတ်ဖော်ပြီး မင်းဆီကို လာဖို့ အံ့ဖွယ်သားရဲတချို့ကို ဆင့်ခေါ်ထားပြီးသား။ မင်း ဆက်ပြီး မောက်မာထောင်လွှားနိုင်မယ်လို့ ထင်နေလား။ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ။ ရယ်စရာပဲ။ မင်း ငါ့ကို ကြည့်လိုက် ”
ဝံပုလွေ နတ်ဘုရားပြောလိုက်သည့်အချိန်တွင် နဥ်ယွိဟန်၏ သူငယ်အိမ်တို့ ကျုံ့သွားသည်။ တစ်ဖက်သူ နှောက်ေနတာမဟုတ်မှန်း သိ၏။ အကြောင်းမှာ သူသည် သူ့နောက်သို့ ရောက်လာသော အင်မတန် အစွမ်းထက်သည့် ရောင်ဝါများကို အာရုံခံမိသောကြောင့် ဖြစ်သည်။
သူတို့တစ်ယောက်ချင်းစီ၌ သူ့ စိတ်နှလုံး တုန်လှုပ်ခြောက်ခြားစေသော စွမ်းအားတစ်ခု ရှိသည်။ သူတို့အားလုံးက ဘုရင်အဆင့် ပါရမီရှင်များ ဖြစ်ကြသည်။
” လီအသွင် ဝံပုလွေ။ မင်းက အရှင်တောအုပ် နတ်ဘုရားကို တကယ် အရှက်ရစေတာပဲ။ မင်းက ဘုရင်နယ်ပယ်အဆင့် ပါရမီရှင်အသစ်လေးတစ်ယောက်ကို ဖြေရှင်းနေတာ။ ဒါတောင်မှ ဒီအခြေအနေထိရောက်အောင် အရိုက်ခံရတယ်။ ငါတို့ကိုတောင် အကူအညီတောင်းနေသေးတာ။ ဒါက အရှင်တောအုပ်နတ်ဘုရားအတွက် သိက္ခာကျစရာပဲ ”
လီအသွင်ဝံပုလွေက ခါးသက်စွာ ပြုံးလိုက်၏။
” မင်းပြောတာ မှန်တယ်။ ငါက အရှင်တောအုပ် နတ်ဘုရားကို အရှက်ကွဲစေတယ်။ ဒါပေမဲ့ ငါလည်း ဖိအားပေးခံလိုက်ရတာ။ ကျေးဇူးပြုပြီး သူ့ကို ဖြေရှင်းလိုက်။ အဲ့ဒီမှာ လူသားဧကရာဇ်နယ်ပယ် အမွေအနှစ် ရှိနေတယ်။ ပြီးရင် ညီတူမျှတူ ခွဲယူကြရအောင် ”
” လူသားဧကရာဇ်နယ်ပယ် အမွေအနှစ်တဲ့လား။ ဒီလို ငါးကြီးတစ်ကောင် ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ ဟား ဟား ဟား ဟား ”
သူ ထိုသို့ ပြောပြီးသည်နှင့် ယွိဟန်သည် သူ့နောက်ကနေ ဖိအားတစ်ခု ရောက်လာတာကို ခံစားမိသည်။ သူ ရှောင်ချင်သော်ငြား သူ့ရန်သူက မြန်ဆန်လွန်းနေ၏။ သူ မရှောင်နိုင်ပေ။
ဖုန်း။
အသံကျယ်ကြီးဖြင့် နဥ်ယွိဟန်သည် သူ့ နောက်ကျောတစ်ခုလုံး စုတ်ပြဲသွားတာကို ခံစားလိုက်ရသည်။
သူသည် ဥက္ကာခဲတစ်စင်းပမာ လွင့်ထွက်သွားပြီးနောက် မြေပြင်နှင့် ပြင်းထန်စွာ တိုက်မိသွား၏။ သက်ရောက်အားက သူ့ကို ပေ ၁၀၀၀ခန့် မြင့်မားသောကျောက်ထရံကို ဖောက်ထွက်သွားစေပြီး မြေပြင်နှင့် တိုက်မိသွားစေကာ ပေ ၁၀၀၀၀ အချင်းရှိသည့် တွင်းကြီးတစ်တွင်း ဖြစ်သွားစေတော့သည်။
မြေပြင်သည် ပင့်ကူအိမ်ပမာ အက်ကွဲသွားတော့၏။ ပြင်းထန်လွန်းသည့် ဖိအားက ငွေရောင်မြေခွေးမျိုးနွယ်သားများနှင့် လီဝံပုလွေလက်အောက်ငယ်သားများကို သေဆုံးသွားစေသည့် လှိုင်းကို ဖန်တီးလိုက်တော့သည်။
” ယွိဟန် ”
မြေခွေးဘုရင်မက အမြန် ပြေးလာပြီး နဥ်ယွိဟန်ကို ပွေ့ထားလိုက်သည်။ သူမသည် သူ့ကို ကုသပေးရန် နံနက်ခင်းကြယ်ကျင့်စဥ်ကို အသုံးပြုလိုက်သည်။
နဥ်ယွိဟန်က အံကြိတ်လိုက်သည်။
” အဖွား ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်က ငွေရောင်မြေခွေးမျိုးနွယ်ကို ကာကွယ်ဖို့ လုံလောက်အောင် မသန်မာသေးဘူး ”
မြေခွေးဘုရင်မက ခေါင်းခါလိုက်၏။
” ရူးမိုက်လိုက်တဲ့ ကလေး။ သားအကောင်းဆုံး ကြိုးစားခဲ့တာပဲ။ ဒါ သားရဲ့ အမှား မဟုတ်ဘူး။ ရန်သူတွေက သန်မာလွန်းနေတာ ”
သူမက ခေါင်းမော့လျက် ကြယ်ဆုံသော ကောင်းကင်ထဲရှိ ပုံရိပ်ကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲ၌ စိတ်ပျက်အားငယ်မှုတို့ ပေါ်နေသည်။
ကြယ်အဆင့်သတ်မှတ်ချက်၌ အဆင့် ၁၃၁ ရထားသော အစိမ်းရောင်ငှက် ယွီဝူကျိ။
ကြယ်အဆင့်သတ်မှတ်ချက်၌ အဆင့် ၁၂၄ ရထားသော စန္ဒာမျိုး ကျန်းလုံ။
ကြယ်အဆင့်သတ်မှတ်ချက်၌ အဆင့် ၁၁၅ ရထားသော တောက်ပခြင်းအဖြူရောင် ကြယ်အလင်း။
ကြယ်အဆင့်သတ်မှတ်ချက်၌ အဆင့် ၁၁၄ ရထားသော သံချပ်ကာဝတ် ။
ကြယ်အဆင့်သတ်မှတ်ချက်၌ အဆင့် ၁၀၉ ထားသော ပန်းနတ်ဘုရား ကျူးရှင်းယွီ။
ယခုအခေါက် ရောက်လာသည့်သူ ( ၅ )ယောက်သည် အံ့ဖွယ်သားရဲများဖြစ်ပြီး သူတို့အားလုံးက ကြယ်အဆင့်သတ်မှတ်ချက်၌ ထိပ်တန်းနား ရောက်သည့်သူများ ဖြစ်သည်။
နှိုင်းယှဥ်ကြည့်လျှင် လီအသွင်ဝံပုလွေသည် ကြယ်အဆင့်သတ်မှတ်ချက်၌ အဆင့် ၁၉၀သာ ရှိ၏။
သူတို့ကြားရှိ ကွာချက်က ကြီးမားလွန်းသည်။
နဥ်ယွိဟန်နှင့် ကြယ်အဆင့်သတ်မှတ်ချက် ၁၉၀ ရှိသည့် လီအသွင် ဝံပုလွေက တိုက်ခိုက်နိုင်သေး၏။ သူတို့သည် ငွေရောင်မြေခွေးမျိုးနွယ်၏ လျှို့ဝှက်နည်းစနစ်ကို အားကိုးပြီး သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်ပြီး သူတို့က သူ့ကို တစ်ချက်တည်းဖြင့် မသတ်နိုင်မှာ ဖြစ်သည်။
သူတို့က ထိုကြယ်တာရာသားရဲများစွာကို ရင်ဆိုင်တိုက်ခိုက်ဖို့က မဖြစ်နိုင်ပေ။
” ယွိဟန် အဖွားပြောတာ နားထောင် ”
” အဲ့ဒီကြယ်တာရာသားရဲတွေက သိုင်းပညာရှင်တွေကြားထဲက သိုင်းပညာရှင်ကြီးတွေ။ အံ့ဖွယ်သားရဲနယ်ပယ်မှာ ရှိတာ ကြာနေတဲ့ သူတွေပဲ။ သား သူတို့ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငွေရောင်မြေခွေးမျိုးနွယ်ရဲ့ လျှို့ဝှက်နည်းစနစ်ကို သုံးခဲ့ရင် လွတ်မြောက်ဖို့ အခွင့်အရေး ရှိသေးတယ်။ သား ထွက်ပြေးရမယ်။ မဟုတ်ရင် ငွေရောင်မြေခွေးမျိုးနွယ်က အမြစ်ပြတ် သုတ်သင်ခံရလိမ့်မယ် ”
ထိုစကားကို ကြားသည့်အချိန်၌ နဥ်ယွိဟန်က ရင်နာသွားတော့သည်။
” အဖွား ကျွန်တော် ထွက်သွားမှာ မဟုတ်ဘူး ”
” အဖွားပြောတာ နားထောင်။ သား ဒီမှာနေရင် အားလုံးသေရလိမ့်မယ်။ ပုန်းနေလို့ မရဘူး။ မစ္စတာယဲ့ ဒီမှာ ရှိရင် သူ့ကို ကြောက်စရာ မလိုဘူး။ ဒါပေမဲ့ ဧကရာဇ်နယ်ပယ်ထဲ အဆင့်တက်တာက အရမ်း စွန့်စားမှုများတယ်။ သူ ထွက်လာမလား။ မထွက်လာဘူးလား မသိရဘူး။ သူ ထွက်လာနိုင်ရင် အစောကတည်းက ထွက်လာမှာပေါ့။ ဒါပေမဲ့ သူ ထွက်မလာသေးဘူး။ အဖွား လောင်းကြေး မထပ်ရဲဘူး။ နားလည်လား။ သားအသက်ရှင်ရမယ်။ ငွေရောင်မြေခွေးမျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို ဆက်လက် သယ်ဆောင်ရမယ် ”
နဥ်ယွိဟန်က နှုတ်ခမ်းကိုက်လိုက်၏။
” ကျွန်တော် မထွက်သွားဘူး။ ကျွန်တော် ငွေရောင်မြေခွေးမျိုးနွယ်နဲ့ပဲ အတူသေဆုံးချင်တယ် ”
နဥ်ယွိဟန်သည် သူ့တစ်ဘဝလုံး အိမ် မရှိခဲ့ပေ။ နှစ်ပေါင်းများစွာ ကြာပြီးမှ ငွေရောင်မြေခွေးမျိုးနွယ်တွင် အိမ်၏ နွေးထွေးမှုကို ရှာတွေ့ခဲ့တာ ဖြစ်သည်။
ငွေရောင်မြေခွေးမျိုးနွယ်က ဖျက်ဆီးခံခဲ့ရပြီး သူတစ်ယောက်တည်း ထွက်ပြေးသွားကာ ရှင်သန်နေထိုင်ရမည်ဆိုလျှင် ဖိအားကို ခံစားနိုင်မှာ မဟုတ်ပေ။
ထို့ကြောင့် သူသည် ငွေရောင်မြေခွေးမျိုးနွယ်နှင့်အတူ နေပြီး ဒဏ်ခံမည်။
မြေခွေးဘုရင်မက သူ၏ ခေါင်းလေးကို ပွတ်လိုက်၏။
” ရူးလိုက်တဲ့ ကလေး။ သားက တကယ် သားအမေနဲ့ အကျင့်စရိုက် တူတာပဲ။ ဒါပေမဲ့ အဖွားတို့ ငွေရောင်မြေခွေးမျိုးနွယ်က ဒီအတိုင်း အပြည့်အဝ အမြစ်ပြတ် သုတ်သင်ခံရလို့ မဖြစ်ဘူး ”
သူမ ပြောပြီးသည်နှင့် အရှိန်အဝါအချို့က ဆင်းသက်လာပြီ ဖြစ်သည်။
” မင်းတို့နှစ်ယောက် ထပ်ပြီး စကားအငြင်းပွားနေဖို့ မလိုတော့ဘူး။ ငါတို့ရှေ့မှာသူ ထွက်ပြေးချင်ရင် ပြေးနိုင်မတဲ့လား။ သူက ဒီနေ့ သိုင်းကွက်ထုတ်ပြီးပြီဆိုတော့ သေတဲ့အထိ တိုက်ခိုက်ရမှာပဲ။ ငါတို့တွေက သူ့ကို လွှတ်ပေးပြီး ပြန်လာပြီး ငါတို့ကို လဲ့စားချေမှာ စောင့်နေမယ်လို့ ထင်နေတာလား ”
မြေခွေးဘုရင်မနှင့် နဥ်ယွိဟန်၏ အမူအယာက တောင့်တင်းသွား၏။ ယခုအခေါက်တွင် သူတို့ ပြဿနာကြီး တက်နေပြီ ဖြစ်သည်။
သို့သော် ထိုစဥ် ကြယ်ဆုံသော ကောင်းကင်၏ အရှေ့ဘက်ခြမ်း၌ ခရမ်းရောင် တိမ်တိုက်တစ်ခု ရုတ်တရက် စုဝေးလာသည်။
ခရမ်းရောင်တိမ်တိုက် ပေါ်ပေါက်လာချိန်၌ မူလက တည်ငြိမ်နေသော လေသည် ရုတ်တရက် ဆူညံလာ၏။
လူတိုင်းက မျက်မှောင်ကျုံ့သွားတော့သည်။
” ဘာတွေ ဖြစ်နေတာလဲ ”
အပိုင်း ၂၉၉ ပြီး၏။