Switch Mode

Chapter – 297

အံ့ဖွယ်သွေးကို ရရှိပြီး နဂါးစွမ်းအင် သိပ်သည်းခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၉၇ အံ့ဖွယ်သွေးကို ရရှိပြီး နဂါးစွမ်းအင် သိပ်သည်းခြင်း။

ထိုအချက်ကို တွေးမိပြီး ဘုရင်ကျိုးက ချက်ချင်းပင် လက်သင်္ကေတတစ်ခုကို ဖွဲ့တည်လိုက်၏။
ထိုလက်သင်္ကေတ ဖွဲ့တည်ပြီးသည်နှင့် ရွှေရောင် ခေါင်းတလားသည် ဘုရင်ကျိုး၏ ရှေ့၌ ပေါ်လာ၏။
ခေါင်းတလားထဲတွင် လှဲနေသော အလောင်းက ဘုရင်ကျိုးနှင့် တစ်ပုံစံတည်း တူနေသည်။
ယင်းက ဘုရင်ကျိုး၏ အလောင်းပဲ ဖြစ်၏။ သူက အနက်ရောင်နှင့် အနီရောင် ဧကရာဇ်ဝတ်ရုံပေါ်တွင် နဂါးတစ်ကောင်ကို ချည်ထိုးထားလေ၏။ ဧကရာဇ်တစ်ပါး၏ လွှမ်းမိုးနိုင်သော အရှိန်အဝါကို ထုတ်ဖော်နေသည်။
သူ၏ အလောင်းကို ကြည့်လျက် ဘုရင်ကျိုး၏ မျက်လုံးထဲ၌ အောက်မေ့တမ်းတမှုတို့ ပြည့်သွား၏။
ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်တောင် သေဆုံးရမည်။
ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်သည် သဘာဝအတိုင်း သေဆုံးခဲ့လျှင် ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်၏ ခန္ဓာနှင့် ဝိညာဥ်သည် ထပ်မံ ပြိုကွဲသွားပြီး သူတို့က ဘယ်တော့မှ သဟဇာတ မဖြစ်နိုင်တော့ပေ။
သူက သူ၏ ဝိညာဥ်ကို အသက်သွင်းရန် အလောင်းကိုအသုံးပြုခဲ့ပေလျှင် ယခင်အဆင့်သို့ ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်။ သူ၏ ခန္ဓာကိုယ်လည်း ဆက်လက် ကျင့်ကြံနိုင်တော့မှာ မဟုတ်ပေ။
ယင်းက ကောင်းကင်နှင့် မြေကြီး၏ နိယာမဖြင့် ထိန်းချုပ်ထားသော အခြေအနေတစ်ခု ဖြစ်သည်။
သို့သော်ငြား သူ့၌ ခန္ဓာကိုယ်တစ်ခု ရှိခဲ့လျှင် သူသည် သိုင်းပညာရှင်တစ်ဦး တိုက်ခိုက်တာ ခံခဲ့ရလျှင် သူသည် သူ၏ ဝိညာဥ်ကို ခန္ဓာကိုယ်ထဲ ပြန်ထည့်ရန် အခွင့်အရေး ရှိသေး၏။ တိုက်ခိုက်ရန် သူ၏ ခန္ဓာကိုယ် ထိန်းချုပ်နိုင်သည်။ သူ့ဝိညာဥ်၏ ရှင်သန်နေထိုင်မှုကို ဆွဲဆန့်နိုင်သော နည်းလမ်းတစ်ခုဟု ဆိုနိုင်ပြီး ယင်းက သူ့အသက်ကို ကာကွယ်ခြင်းရန်ဟုလည်း သွယ်ဝိုက်ပြောနိုင်၏။
သူ၏ ခန္ဓာကိုယ် မရှိတော့သည်လျှင် ဘုရင်ကျိုးသည် ယခုအချိန်မှစကာ ဝိညာဥ်ခန္ဓာ စစ်စစ်သာ ဖြစ်ပေလိမ့်မည်။ သူက အားနည်းသူကမု ရင်ဆိုင်နိုင်သော်ငြား သန်မာသူကို ဘယ်တော့မှ ရင်ဆိုင်နိုင်မှာ မဟုတ်ပေ။
ထို့ကြောင့် သူသည် သူ၏ အလောင်းကို ခေါင်းတလားထဲ၌ ချိပ်ပိတ်ထားပြီးနောက် သူ၏ ဝိညာဥ်ကို အပျက်အစီးနယ်မြေထဲ ထားခဲ့၏။
ဘုရင်ကျိုးသည် သူ၏ အလောင်းကို မဆင့်ခေါ်တာ အတော်ကြာပြီ ဖြစ်သည်။ အချိန်အတော်ကြာသည်အထိ သူသည် အပျက်အစီး နယ်မြေထဲ တည်ရှိနေရန် သူ၏ ဝိညာဥ်ကို အသုံးပြုခဲ့ပြီး သူ၏ ကိုယ်ပိုင် ဝိညာဥ်စွမ်းအားကို သုံးလျက် ဤပုံရိပ်ယောင်ထဲရှိ လူအားလုံးကိုလည်း ဖန်တီးခဲ့သည်။
သူ၏ ရုပ်ခန္ဓာက သေဆုံးပြီဖြစ်သော်ငြား ယင်းက သူ၏ ရုပ်ခန္ဓာ ဖြစ်နေသေး၏။ ၄င်းက သူ့ဘဝတွင် တန်ဖိုးအရှိဆုံးအရာ ဖြစ်သည်။ သူ့အသက်ဝိညာဥ်ကို အသက်ရှည်စေနိုင်သော အရာလည်း ဖြစ်သည်။
ယခုအချိန်တွင် လူသားမျိုးနွယ်၏ ယခင်မျိုးဆက်များ၏ အိမ်မက်ကို ဖြည့်ဆည်းပေးနိုင်ရန် နတ်ဘုရားနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖန်တီးပေးနိုင်ရန် အလို့ငှာ သူတို့တစ်ဘဝလုံးလုံ နာနာကျင်ကျင် ရှာဖွေနေခဲ့ရသော လူသားမျိုးနွယ်၏ ဘိုးဘေးများ ပြုလုပ်ခဲ့သည့် ဆန်းကြယ်မှုတစ်ရပ်ကို သူ ရှာဖွေဖော်ထုတ်တော့မည်။
သူက သူ၏ ရုပ်ခန္ဓာကို စတေးပြီး သူ၏ ရုပ်ခန္ဓာထဲတွင် သိုလှောင်ထားသော အံ့ဖွယ်သွေးအားလုံးကို ယဲ့ရှောင်အား ကူးပြောင်းပေးရန် ပြင်ဆင်ကာ ယဲ့ရှောင်ကို ပိုသန်မာပြီး အဆင့်တက်အောင် ကူညီပေးမည် ဖြစ်သည်။
သူသည် ဤကမ္ဘာကြီးနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို တစ်ခါ စိတ်ပျက်စေခဲ့ဖူး၏။ ယခုအချိန်တွင် လူသားမျိုးနွယ်ကို ကယ်တင်ရန် နည်းလမ်းတစ်ခု ရှိနေသေးသည်ဟု သူ ခံစားမိသည်။ ထိုကယ်တင်ရှင်က ယဲ့ရှောင်ပဲ ဖြစ်သည်။
ယဲ့ရှောင်သည် ထိုဆန်းကြယ်မှုကို ဖြည်နိုင်သရွေ့ သူသည် လက်ရှိ လူသားမျိုးနွယ်ကို သေချာပေါက် ကယ်တင်ပြီး အားနည်းသူကို အားကြီးသူက အမဲလိုက်ကာ ရှင်သန်နေထိုင်ခဲ့ရသည့် လူသားမျိုးနွယ်ရှိ အခြေအနေကို ပြောင်းလဲနိုင်လိမ့်မည်။
အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် သူက ရုပ်ခန္ဓာကို သူ့လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
ဖုန်း။
မြေကမ္ဘာတုန်လှုပ်ဖွယ် ပေါက်ကွဲမှုနှင့်အတူ နောက်တစ်စက္ကန့်တွင် သူ၏ ရုပ်ခန္ဓာက သွေးမြူတိမ်တိုက်အဖြစ် တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။
သွေးမြူထဲမှ ရွှေရောင်အလင်းရောင်ခြည် ဖြာထွက်လေ၏။
ဘုရင်ကျိုးသည် ယဲ့ရှောင်ကို ဘာမှမလုပ်ပဲ သူ၏ ခန္ဓာကိုယ်ထဲရှိ အံ့ဖွယ်သွေးအားလုံးက်ို အသက်သွင်းလိုက်လေ၏။ သူက ၄င်း၏ တစ်စိတ်တစ်ပိုင်းကိုသာ အသက်သွင်းနိုင်ခဲ့တာပဲ ဖြစ်သည်။ ပြီးနောက် ထိုပမာဏကို လက်ဆင့်ကမ်းလျက် သူသည် တန်ဖိုးအရှိဆုံးနှင့် ရှားပါးဆုံး အံ့ဖွယ်သွေးကို ယဲ့ရှောင်အား ပေးလိုက်သည်။
သူက လက်ညိုးထိပ်ကို တိဖြတ်​ပြီးနောက် ညွှန်ပြလိုက်ရာ သွေးမြူထဲတွင် ရွှေရောင်အလင်းဖြင့် အံ့ဖွယ်သွေးက တစ်စက်ပြီးတစ်စက် ကျလာကာ ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲ ပေါင်းစည်းသွား၏။
ကျင့်ကြံနေသော ယဲ့ရှောင်က ရုတ်တရက် မျက်မှောင်ကျုံ့သွားသည်။
ဘုရင်ကျိုးက ချက်ချင်း အော်ပြောလိုက်၏။
” အာရုံမလွှဲစေနဲ့။ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံ။ အဆင့်တက်ဖို့ မလောနဲ့။ မင်း အဆင့်မတက်ခင်မှာ ငါ့ရဲ့ အံ့ဖွယ်သွေးအားလုံးကို သန့်စင်လိုက်။ မင်းရဲ့ ကျင့်ကြံဆင့်က နိမ့်နေတဲ့အချိန် မင်းသာ အံ့ဖွယ်သွေး ပိုသန့်စင်လေ မင်း အဆင့်တက်ပြီးတဲ့နောက် မင်းရဲ့ အုတ်မြစ်က ပိုသန်မာလေပဲ ”
ယဲ့ရှောင်က မင်သက်သွားလေ၏။ ချက်ချင်းပင် အဆင့်တက်နေတာကို ရပ်တန့်ပြီး အံ့ဖွယ်သွေးကို သန့်စင်တော့သည်။
ဘုရင်ကျိုးသည် ဘေးကနေ ပြောနေ၏။
” ဧကရာဇ်နယ်ပယ်ကို အဆင့်တက်ပြီးသွားရင် မင်း ကျင့်ကြံဖို့ လိုအပ်တာက နဂါးစွမ်းအင်ပဲ။ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တွေက နဂါးသွေးကြောတစ်ခုနဲ့ ညီမျှတယ်။ သူတို့တွေက ပတ်ဝန်းကျင်ရဲ့ မိုးနဲ့မြေရဲ့ ဝိညာဥ်စွမ်းအားကို စုပ်ယူနိုင်တာ။ ဒါ့အပြင် သူတို့အရှိန်က အရမ်း မြန်တယ်။ ပြီးတော့ သူတို့ ခန္ဓာကိုယ်ထဲမှာ နဂါးစွမ်းအင်ကို ဖွဲ့တည်လိမ့်မယ်။ နဂါးစွမ်းအင် သိပ်သည်းတာက ဧကရာဇ်နယ်ပယ်ရဲ့ ထူးခြားတဲ့ လက္ခဏာရပ်တစ်ခုလည်း ဟုတ်တယ် ”
” နဂါးစွမ်းအင်က ဝိညာဥ်ကို ပုံသွင်းပြီး ဝိညာဥ်ကို ထောက်ပံ့ပေးဖို့ အရေးအကြီးဆုံး စွမ်းအားပဲ။ ဧကရာဇ်နယ်ပယ်ကို အဆင့်တက်ပြီးရင် မင်းရဲ့ ခွန်အားအကုန်နဲ့ ကျင့်ကြံ။ ဝိညာဥ်စွမ်းအင်ကို စုပ်ယူပြီးရင် မင်းရဲ့ ခန္ဓာကိုယ်ထဲက နဂါးစွမ်းအင်ကို လမ်းကြောင်း ( ၁၀၈ )ခုစီ အဆင့်တက်ခိုင်းလိုက်။ မင်းရဲ့ ဝိညာဥ်ကို အကန့်အသတ်ထိရောက်အောင် ပုံသွင်းရမယ်။ ပြီးရင် မင်းရဲ့ ခန္ဓာကိုယ်နဲ့ အပြည့်အဝ ပေါင်းစည်းအောင်လုပ်။ ဒီတော့မှ မင်းက ဒဏ္ဍာရီလာ နတ်ဘုရားနယ်ပယ်ကို မြင်တွေ့ဖို့ အခွင့်အရေးရမှာ ”
ယဲ့ရှောင်သည် ၄င်းကို သူ၏ ရင်ထဲ တိတ်တဆိတ် မှတ်သားလျက် ဘုရင်ကျိုး သူ့အား ပေးထားသော အံ့ဖွယ်သွေးကို စတင်သန့်စင်တော့သည်။
အံ့ဖွယ်သွေးသည် သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးနှင့် ဆင်တူသော်ငြား ဘုရင်ကျိုး၏ အံ့ဖွယ်သွေးနှင့် ဘုရင်ကျိုး သက်ရှိထင်ရှား ရှိစဥ်က အစွမ်းထက်သော အသိစိတ်တို့ ပါဝင်နေခြင်းကြောင့် သူတို့သည် ယဲ့ရှောင်ကို အလွယ်တကူ အညံ့မခံပေ။
ယဲ့ရှောင်သည် အတွင်းရှိ ဘုရင်ကျိုးနှင့် သက်ဆိုင်သော အတွေးအားလုံးကို ဖယ်ရှားရှင်းလင်းပြီးနောက် သူကိုယ်တိုင် အံ့ဖွယ်သွေးကို ထိန်းချုပ်နိုင်၏။ ယင်းက အပြည့်အဝ သန့်စင်ခြင်းဟု ခေါ်သည်။
ယဲ့ရှောင်နှင့် နဥ်ယွိဟန်တို့က ဧကရာဇ်နယ်ပယ် အမွေအနှစ်ထဲသို့ ဝင်ရောက်သွားပြီးနောက် ငွေရောင်မြေခွေးမျိုးနွယ်သည် ငြိမ်းချမ်းမှု ပြန်ရရှိသွား၏။
သို့သော် မြေခွေးဘုရင်မက ဆုံးဖြတ်ချက် ချထားပေသည်။ သူမသည် ထွက်ပြေးသွားသည့်သူများ ပြန်လာနိုင်ကြောင်း သိ၏။ ထို့အပြင် သူတို့သည် ကြယ်တာရာသားရဲများကို ပိုတောင် ခေါ်လာနိုင်၏။
ထို့ကြောင့် နှစ်ယောက်က အမွေအနှစ်ထဲသို့ ဝင်သွားပြီးနောက် သူမသည် ငွေရောင်မြေခွေးမျိုးနွယ်၏ တပည့်များကို ငွေရောင်မြေခွေးတောင်ကြားတစ်ခုလုံးကို တင်းတင်းကြပ်ကြပ် ကာကွယ်ရန် အစီအရင်တစ်ခု လျင်မြန်စွာ တည်ဆောက်ခိုင်းလိုက်၏။
သို့သော် ထိုသို့တိုင် သူမ စိုးရိမ်အပူပန်ဆုံးအရာက ပဥ္စမမြောက်နေ့ပြီးနောက် ဖြစ်လာလေ၏။
ကြယ်ဆုံသော ကောင်းကင်ထဲ၌ ကြီးမားသည့် သင်္ဘောများ ဖြည်းဖြည်းချင်း မျောလွင့်နေ၏။ ထိုသင်္ဘောများ၌ ဝိညာဥ်စုစည်းခြင်း အစီအရင် ရှိသည်။ ဝိညာဥ်ကျောက်တုံး ဖြည့်သွင်းသွားပြီးနောက် သူတို့သည် ဝိညာဥ်စုစည်းခြင်း အစီအရင်ကို မောင်းနှင်နေတာပဲ ဖြစ်သည်။ ဝိညာဥ်စုစည်းခြင်း အစီအရင်ကို အသုံးချလျက် သူတို့သည် ဝိညာဥ်စွမ်းအင်ကို စုပ်ယူကာ တွန်းအားတစ်ခုကို ထုတ်ဖော်လျက် သင်္ဘောများကို ရှေ့သို့ မျောနေ၏။
ကြီးမားလှသော အာကာသယာဥ်သည် တောင်များပမာ ဖြစ်နေ၏။
ထိုယာဥ်၏ ရှေ့ခြမ်း၌ ကြီးမားသည့် ဝံပုလွေအလံကြီးတစ်ခု ရှိသည်။ အနက်ရောင်စစ်စစ်ဖြစ်လျက် ဝံပုလွေခေါင်းက သွေးနီရောင် ဖြစ်သည်။
ဝံပုလွေခေါင်းအလံအောက်၌ ၁၀ပေခန့် မြင့်မားသည့် တုတ်ခိုင်သော ဝံပုလွေ ရှိနေလေ၏။ သူ၏ ကြွက်သားများက ဖောင်းကြွနေကာ သူ၏ အရှိန်အဝါကလည်း အသက်ရှူကြမ်းရလောက်သည့်အထိ သန်မာ၏။
သူဘေးတွင်မူ ငွေရောင်မြေခွေးတောင်ကြားကနေ လွတ်မြောက်သွားခဲ့သော ကြယ်တာရာသားရဲအချို့ ရှိ၏။
” ဝံပုလွေ နတ်ဘုရား … ငွေရောင်မြေခွေးတောင်ကြားက ရှေ့မှာပါ ”
ဝံပုလွေနတ်ဘုရား၏ အကြည့်သည် ထက်မြိသော ဓါးတစ်လက်ပမာ ပြန့်ကားသွား၏။ သူ၏ အကြည့်က ရှေ့ရှိ ကြယ်ဆုံသော ကောင်းကင်ဆီ ရောက်နေလေ၏။ သူသည် ထိုအခိုက်အတန့်၌ ကြီးမားသည့် ချောက်ကမ်းပါးအတွင်းရှိ အရာအားလုံးကို မြင်တွေ့နိုင်သည့်ပမာ ထင်ရသည်။
” အစီအရင်တွေ အများကြီး တည်ဆောက်ထားတာပဲ။ အဲ့ဒီမှာ အသုံးဝင်တာ ဝှက်ထားလို့လား ”
” အဓိပ္ပာယ် မရှိလိုက်တာ။ ဒီနတ်ဘုရားရဲ့ ရှေ့မှာ ဒါတွေအားလုံးက စာရွက်ဒဏ္ဍာရီပဲ ”
” အရှိန်အပြည့်နဲ့ ရှေ့ဆက်သွားမယ်လို့ အကြောင်းကြားလိုက် ”
” ဟုတ်ကဲ့ ”
ငွေရောင် မြေခွေးတောင်ကြား၌ ငွေရောင်မြေခွေးမျိုးနွယ်စုဝင်များသည် ကြယ်ဆုံသော ကောင်းကင်ရှိ အစုအဖွဲ့ကို သတိပြုမိပြီ ဖြစ်သည်။ သူတို့က ထုတ်ဖော်ပြောမိသွား၏။
” မြေခွေး ဘုရင်မ … ကြည့်ပါဦး။ ရန်သူတွေ လာနေပြီ ”
မြေခွေးဘုရင်မသည် သူတို့ကို သတိပြုမိ၏။ ယခုအချိန်၌ သူမ၏ အကြည့်တို့က ကြောက်မက်ဖွယ် ကောင်းလောက်အောင် သုန်မှုန်နေလေ၏။
” ကလေးတွေ ပုန်းနေပြီလား ”
” မြေခွေးဘုရင်မကို လျှောက်တင်ပါတယ်။ သူတို့အားလုံး ပုန်းနေပါပြီ ”
” ဒါကောင်းတယ်။ ငါတို့ အစီအရင်က အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်လောက်မှာပါ။ အဲ့ဒီအချိန်အတောအတွင်း ဘယ်သူ့မှ ထွက်ခွင့်မရှိဘူး။ အမိန့်မနာခံတဲ့သူတွေ အသတ်ခံရမယ် ”
” ဟုတ်ကဲ့ ”
အားလုံးက တညီတညွှတ်တည်း ပြန်ဖြေပြီး တိုက်ပွဲအတွက် ပြင်ဆင်ကြ၏။
မြေခွေးဘုရင်မသည် ဧကရာဇ်နယ်ပယ် အမွေအနှစ် နယ်မြေကို ကြည့်ပြီးနောက် လက်သီးကျစ်ကျစ် ဆုပ်လိုက်၏။ သူ၏ အမူအယာများက တည်တင်းနေသည်။
” ယွိဟန်၊ မစ္စတာ ယဲ့ … မြန်မြန် ထွက်လာမှ ရမယ် ”
အလျင်အမြန်ပင် ထိုအစုအဖွဲ့က ငွေရောင်မြေခွေးတောင်ကြားသို့ ရောက်လာလေ၏။
” ဝံပုလွေနတ်ဘုရား ရောက်လာတယ်ဆိုတာ မသိခဲ့ဘူး။ မကြိုဆိုမိတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ”
မြေခွေးဘုရင်မက ဦးစွာ ပြောလိုက်လေ၏။ သူမက အစီအရင်နောက်တွင် ရပ်ကာ တစ်ဖက်သူနှင့် ဆက်သွယ် စကားပြောလိုက်၏။
ကြယ်ဆုံသော ကောင်းကင်အောက်တွင် ငွေရောင်မြင်ကွင်းတောင်ကြားမှ ထွက်ပြေးသွားသည့် ကြယ်တာရာသားရဲအချို့က အေးစက်စက် အော်လိုက်၏။
” မြေခွေးဘုရင်မ ဟန်ဆောင်နေတာ ရပ်လိုက်တော့။ မင်းက သူတော်ကောင်း ယောင်ဆောင်လွန်းတယ်။ မြန်မြန် ပိုးကျောက်စိမ်းယုန်နဲ့ ဆန်းကြယ်ကြိုးကြာကို လွှဲပေး ”
မြေခွေးဘုရင်မ၏ အကြည့်က လက်သွားလေ၏။ တစ်ဖက်သူသည် ဧကရာဇ်နယ်ပယ် အမွေအနှစ်အကြောင်း မသိသည်လော။
ထိုအကြောင်းကို ဂရုတစိုက် စဥ်းစားပြီးနောက် တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်၏။
ထိုလူတစ်စုသည် ငွေရောင်မြေခွေးတောင်ကြားထဲရှိ တောက်ပမှုကို မြင်တွေ့ရန် ရောက်လာတာ ဖြစ်ရမည်။ သူတို့မှာ ရတနာတွေများ ရှိတာလား။
သူတို့ ဒီရောက်လာပြီဆိုတော့ အရင်ဆုံး အချက်အလက်တချို့ စုဆောင်းဖို့ဆိုရင် မစ္စတာယဲ့က အလွန်ကောင်းတဲ့ ပစ်မှတ်ပဲလေ။ ဒါကြောင့် သူတို့တွေက မစ္စတာယဲ့ကို မျက်စိကျသွားတာ။
ပထမဆုံးနေ့မှာ သူတို့တွေက ပိုးကျောက်စိမ်းယုန်ကို လွှတ်လိုက်ပြီး သူမက ခြေရာလက်ရာ မကျန်ပဲ ပျောက်သွားတယ်။
ဒုတိယမြောက်နေ့မှာ ဆန်းကြယ်ကြိုးကြာနှင့် တခြားသူတွေက မစ္စတာယဲ့ကို တူညီတဲ့ အကြောင်းအရင်းနဲ့ စစ်မေးချင်ခဲ့တာ။
ပိုးကျောက်စိမ်းယုန်က မစ္စတာယဲ့ကို သွားရှာမယ်။ သူတို့အစထဲက သိတယ်။ ဒါကြောင့် မစ္စတာယဲ့ကို စစ်ဆေးချင်ခဲ့တာ။ ဒါပေမဲ့ သူတို့က နှောက်ယှက်ခံလိုက်ရတာကြောင့် ကျရှုံးသွားတယ်။
ပြီးတော့ ဆန်းကြယ်ကြိုးကြာက မစ္စတာယဲ့ကို ညဘက်ကြီး သွားရှာတယ်။ ရလဒ်က သိသာနေတာ။ သူက သူမကို ထွက်ပြေးခွင့် ပေးလိုက်တာပဲ။
ပြောရရင် မစ္စတာယဲ့က ဧကရာဇ်နယ်ပယ် အဆင့်အောက် ပါရမီရှင်လေ။ ဒီလိုပါရမီရှင်ကို လူဘယ်လောက်များများကများ ရင်ဆိုင် တိုက်ခိုက်နိုင်မှာလဲ။
ဒီအကြောင်းအရင်းကြောင့် ကျန်တဲ့ ကြယ်တာရာသားရဲတွေကလည်း ကြောက်လန့်ပြီး တတိယမြောက်နေ့မှာ ထွက်ပြေးသွားတာ။
သူတို့တွေက ဧကရာဇ်နယ်ပယ် အမွေအနှစ် ရတနာလျှို့ဝှက်ချက်ကို ရှာမတွေ့သွားဘူး။ သူတို့က လန့်သွားရုံပဲ။ ဒါကြောင့် အခု သူတို့တွေက ဝံပုလွေ နတ်ဘုရားကို ခေါ်ပြီး ရောက်လာတာ။
ထိုအကြောင်းအရင်းကို တွေးမိပြီးနောက် သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်လေ၏။ ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
” ငွေရောင်မြေခွေးမျိုးနွယ်က ပိုးကျောက်စိမ်းယုန်နဲ့ ဆန်းကြယ်ကြိုးကြာကို မသတ်ခဲ့ဘူး။ တကယ်တော့ ပိုးကျောက်စိမ်းယုန်နဲ့ ဆန်းကြယ်ကြိုးကြာက ကျွန်မတို့ ငွေရောင်မြေခွေးမျိုးနွယ်ကနေ ပစ္စည်းခိုးသွားခဲ့ပြီး ထွက်ပြေးသွားတာ။ ကျွန်မတို့ ငွေရောင်မြေခွေးမျိုးနွယ်ကလည်း အခု သူတို့နှစ်ယောက်ကို ရှာနေတာ ”
သူမ ပြောတာက အလိမ်စကားတစ်ခွန်းပဲ ဖြစ်သည်။ သို့သော် ကိစ္စမရှိ။ တစ်ဖက်သူက အမှန် ဟုတ်မဟုတ် သိမှာ မဟုတ်ပေ။ သူတို့ အချိန်ဆွဲနိုင်သရွေ့ အဆင်ပြေသွားလိမ့်မည်။
ကြယ်တာရာသားရဲများက ရုတ်တရက် ကြက်သေ သေသွား၏။
ပိုးကျောက်စိမ်းယုန်နဲ့ ဆန်းကြယ်ကြိုးကြာက မသေဘူးလား။ သူတို့က တစ်စုံတစ်ခုကိုတောင် ခိုးပြီး ထွက်ပြေးသွားတယ်လား။
ထိုစဥ် ကြယ်တာရာသားရဲများ၏ မျက်နှာထားက ချက်ချင်း အေးစက်သွားလေ၏။
” သေစမ်း။ ငါတို့တွေ တကယ် သူတို့ လိမ်တာ ခံလိုက်ရတယ်။ ငါတို့တွေက ဝံပုလွေ နတ်ဘုရားကိုတောင် သွားရှာပြီး သူတို့အတွက် ကလဲ့စားချေခိုင်းခဲ့တာ အချည်းနှီးပဲ။ အဆုံးကြ အဲ့ဒီလူမိုက်နှစ်ယောက် ဒီလောက်ထိ ညစ်ပတ်လိမ့်မယ်လို့ မထင်ထားဘူး။ သူတို့တွေက ရတနာကို ယူပြီး သူတို့ဘာ့သာ ထွက်သွားတာပဲ ”
” သူတို့နှစ်ယောက်ကို ရှာမယ်။ သူတို့ကို သေချာပေါက် ဆိုးရွားတဲ့ သေခြင်းတရားနဲ့ တွေ့စေရမယ် ”
မြေခွေးဘုရင်မက သက်ပြင်းချလိုက်၏။ ကံကောင်းသည်မှာ အစီအစဥ်က အောင်မြင်သွားသည်။ အခြေအနေအရ တစ်ဖက်သူကလည်း ထွက်သွားလျှင် အကောင်းဆုံးဖြစ်၏။ ကြယ်တာရာသားရဲအချို့သည် ဝံပုလွေနတ်ဘုရားကို စောတက တက်တော့၏။
” ဝံပုလွေ နတ်ဘုရား ပိုးကျောက်စိမ်းယုန်နဲ့ ဆန်းကြယ်ကြိုးကြာက ကျင့်ဝတ် မရှိဘူး။ ဝံပုလွေ နတ်ဘုရား ကျေးဇူးပြုပြီး ကျွန်မတို့အတွက် အမှန်တရား ဆောင်ကျင်းပေးပါ ”
ဝံပုလွေနတ်ဘုရားသည် ကြယ်တာရာသားရဲများကို တစ်ချက်ကြည့်ပြီး ထူးမခြားနား ပြောလိုက်၏။
” ပါးစပ်ပိတ်ထား အရူးတွေ ”
ကြယ်တာရာသားရဲများသည် ကြိမ်းမောင်းခံလိုက်ရသောကြောင် ဇဝေဇဝါ ဖြစ်သွား၏။ သို့သော် သူတို့က စိတ်မတိုရဲပဲ ရင်ထဲတွင်သာ ထားနိုင်သည်။
ပြီးနောက် ဝံပုလွေနတ်ဘုရား၏ အကြည့်က မြေခွေးဘုရင်မဆီ ရောက်သွားတော့သည်။
” မင်းပြောတာက သူတို့က မင်းပစ္စည်းတွေ ခိုးသွားတာလား ”
မြေခွေးဘုရင်မ၏ ရင်ထဲ တုန်လှုပ်သွား၏။ မည်သည့်အကြောင်းကြောင့်ရယ်မသိ ဝံပုလွေနတ်ဘုရား၏ အကြည့်နှင့် ဆုံချိန်၌ သူမက ဖော်ထုတ်ခံလိုက်ရသလို ခံစားရ၏။

အပိုင်း ၂၉၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset