အပိုင်း ၂၈၂
ငါ ကြီးမြတ်တဲ့ ကျားနတ်
ဘုရားက အကြီးမြတ်ဆုံးပဲ
ရှင်းကျန်းကျား၏ မျက်နှာ၌ အခဲမကျေမှု အမုန်းတရားတို့ဖြင့် ပြည့်သွားလေ၏။
” ငါ မင်းတို့ကို မှားယွင်း အကဲဖြတ်မိခဲ့တာပဲ။ မင်းတို့ရဲ စိတ်စွမ်းအား ဒီလောက် အားနည်းလိမ့်မယ်လို့ မထင်ထားဘူး။ လူသားတစ်ယောက် ညှင်းပမ်းတာခံရရုံနဲ့ မင်းတို့ရဲ့ ကိုယ်ပိုင် အသိစိတ်ဓာတ်ကို သစ္စာဖောက်ခဲ့တာပဲ ”
” ဒီနတ်ဘုရားက မင်းတို့ကို လာကယ်ဖို့ တွေးခဲ့မိသေးတာ။ မင်းတို့တွေက မင်းတို့တွေ .. ဖူး .. ”
သူက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်၏။
ဖုန်းလုံနှင့် ကျန်သည့် ကြယ်တာရာသားရဲများ၏ မျက်လုံးများက နီရဲသွားသည်။
” ကျားနတ်ဘုရား။ ကျွန်တော်တို့ မှားပါတယ်။ ကျွန်တော်တို့ မှားမှန်း တကယ်သိပါပြီ ”
” တကယ်တော့ သူ ကျွန်တော်တို့ကို ညှင်း
ပမ်းရုံပဲဆိုရင်တောင် ကျွန်တော်တို့တွေ ဒီလောက် အားနည်းမှာ မဟုတ်ဘူး။ အလွန်ဆုံးမှ အကြိမ်တစ်ထောင်၊ အကြိမ်တစ်သောင်းလောက် ညှင်းပမ်းတာ ခံရရုံပေါ့ ”
” ဒါ ဒါ ဒါပေမဲ့ သူ သူက မိုးနဲ့မြေရတနာတွေကိုတောင် သုံးပြီး ကျွန်တော်တို့ကို သွေးဆောင်ခဲ့တာ။ သူ ကျွန်တော်တို့ကို ပေးတာ အများကြီးပဲ။ ဒါ့ကြောင့် မထိန်းထားနိုင်တော့တာ ”
ရှင်းကျန်းကျား၏ နှလုံးထဲ သွေးများ ယိုစိမ့်လာ၏။
ထိုအရူးတစ်သိုက်သည် ရန်သူ၏ သံမဏိဓါးသွားအောက် ကျသွားတာ မဟုတ်ပဲ ထိုအစား ရန်သူ၏ ပျားရည်သုတ်ထားသော အမြှောက်ဆံအောက် ကျသွားတာပဲ ဖြစ်သည်။
ရှက်ဖို့ကောင်းလိုက်တာ။
သူ ရှင်းကျန်းကျားက တောအုပ်နတ်ဘုရားလက်အောက်က ရဲစွမ်းသတ္တိရှိတဲ့ စစ်သူကြီးတစ်ယောက်အနေနဲ့ သူ့ကိုသူ အမြဲတမ်း ချီးကျူးနေခဲ့တာ။ သူ့ရဲ့ စိတ်စွမ်းအားက သံမဏိလို ခိုင်မာတယ်။ သူ လေ့ကျင့်ပေးခဲ့တဲ့ လက်အောက်ငယ်သားတွေက ဒီလောက် အသုံးမကျ ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။
ယဲ့ရှောင်က ပြောလိုက်၏။
” ဟုတ်ပြီ။ ဒီလို ခါးသက်နေတာတွေ ဖြစ်မနေကြနဲ့တော့။ အခုကစပြီး မင်းလည်း သူတို့ထဲ တစ်ယောက်ဖြစ်ပြီ ”
ရှင်းကျန်းကျား၏ အကြည့်များ၏ ယဲ့ရှောင်ကို စိုက်ကြည့်လိုက်၏။ ရုတ်တရက် သူက လှည့်ကြည့်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
” ဟား ဟား ဟား ဟား ”
ခဏတာ ရယ်မောပြီးနောက် သူက ပြောလိုက်၏။
” လူသား။ သိပ်ပြီး အထင်ကြီးမနေနဲ့။ မင်း သူတို့ကို အောင်နိုင်ခဲ့တာကြောင့် ငါ့ကိုပါ အနိုင်ယူနိုင်မယ်လို့ ထင်နေတယ်ပေါ့။ ငါက မင်းကြောင့် သေတဲ့အထိ ညှင်းပမ်းခံရမယ်ဆိုရင်တောင် အကြိမ်ပေါင်းတစ်ထောင်၊ အကြိမ်ပေါင်းတစ်သောင်း ညှင်းပမ်းခံရမယ်ဆိုရင်တောင် ငါ မင်းရဲ့ မွေးမြူရေးတိရစ္ဆာန်ဖြစ်မှာ မဟုတ်မှာ သေချာတယ် ”
” ငါက နှစ်ပေါင်းထောင်ချီ လေ့ကျင့်ခဲ့တာ။ ဘယ်သူ့ကိုမှ ဘယ်တော့မှ အညံ့မခံဘူး။ မင်း ငါ့ကို သတ်လို့ရတယ်။ ဒါပေမဲ့ ငါ့ရဲ့ သိက္ခာကို သေချာပေါက် နင်းချေနိုင်မှာ မဟုတ်ဘူး ”
ယဲ့ရှောင်က ဘာမှသိပ်မပြောပေ။ သူသည် သိုလှောင်လက်စွပ်ထဲကနေ အပင်အချို့ကို ထုတ်လိုက်၏။
၎င်းသည် ရှားပါးပြီး တန်ဖိုးရှိသော ရတနာဖြစ်၏။ မိုးနှင့်မြေရတနာများအနက် အကောင်းတကာ့ အကောင်းဆုံးလည်း ဖြစ်သည်။
ယင်းသည် အသင်္ချခေရမ်းနှင့် သစ်ရွက်နီများကို မယှဉ်နိုင်သော်ငြား စူပါထိပ်တန်းအဆင့် မိုးနှင့်မြေရတနာ ဖြစ်နေသေး၏။
ရှင်းကျန်းကျားကဲ့သို့ အံ့ဖွယ်သားရဲအဖို့ ယင်းက မက်မောစရာ ကောင်းလှပေသည်။
ယဲ့ရှောင်က ၎င်းကို မစားပေ။ ဝိညာဉ်ဆေးပင်များကို စားသုံးခြင်းက လူသားများအတွက် အာနိသင် သိပ်မရှိစေသောကြောင့် ဖြစ်၏။
၎င်းတို့ကို ဆေးလုံးအဖြစ် သန့်စင်ဖော်စပ်ရမည်။
သို့သော်ငြား ကြယ်တာရာသားရဲအသားကို စားတာထက်တော့ နိမ့်နေသေး၏။
အကြောင်းမှာ ကြယ်တာရာသားရဲများ၏ အသားထဲ၌ သဘာဝရတနာကဲ့သို့ ကြွယ်ဝလှသည့် ဝိညာဉ်စွမ်းအင်များအပြင် ကျန်သည့်အရာများလည်း ပါဝင်နေတာပဲ ဖြစ်သည်။ သွေးအဆီအနစ် ပါဝင်တာဖြစ်ပြီး ကြွယ်ဝသည့် သွေးအဆီအနစ်ပဲ ဖြစ်သည်။
အပင်များ ပျိုးထောင်ရသည့် တန်ကြေးသည် ထိုတိရစ္ဆာန်များနှင့် ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ပေ။ ထိုအကြောင်းကြောင့် ယဲ့ရှောင်သည် ဝိညာဉ်ဆေးပင်များကို အသုံးပြုပြီး ကြယ်တာရာသားရဲများကို ပျိုးထောင်ချင်၏။ ပြီးနောက် ထိုကြယ်တာရာသားရဲများ၏ အသားကို စားမှာပဲ ဖြစ်သည်။
ထင်သည့်အတိုင်းပင် ရှင်းကျန်းကျားသည် ယဲ့ရှောင်က ရိုးလန်ပင်ကို ထုတ်ယူလိုက်တာကို မြင်ချိန်၌ သူ၏ မျက်လုံးများ တွန့်ရှုတ်သွား၏။
သို့သော်ငြား သူက နှာခေါင်းရှုတ်ကာ ပြောလိုက်သေးသည်။
” ဉာဏ်ရှိနေတယ်လို့ တွေးနေတာ ရပ်လိုက်တော့။ မင်း ဒီနေ့ တစ်ခုခု ထုတ်လာခဲ့ရင်တောင် ပစ္စည်းက ဘယ်လောက်ပဲ ကောင်းကောင်း။ ဒီနတ်ဘုရားက ဘယ်တော့မှ မင်းရဲ့ မွေးမြူရေးတိစ္ဆာန်မဖြစ်မှာ သေချာတယ် ”
” မင်း ဒါမျိုး နေ့တိုင်း စားလို့ရတယ်။ တစ်ချိန်တည်း မဟုတ်ဘူး။ နေ့တိုင်း ”
ရှင်းကျန်းကျားက တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားလေ၏။ သို့သော် အဆုံးတွင်မူ သူက နှာခေါင်းရှုတ်ကာ ပြောလိုက်သေးသည်။
” မင်းရဲ့ ဒီလိုဟာတွေကို ငါ ဂရုစိုက်မယ် ထင်နေတာလား။ ငါက မြင့်မြတ်တဲ့ ကြယ်တာရာသားရဲတစ်ကောင်ပဲ။ ငါက အံ့ဖွယ်သားရဲအဆင့် တည်ရှိမှုပဲ။ မင်း ငါ့ကို ဘာနဲ့ပဲ သွေးဆောင်သွေးဆောင်။ ငါက မင်းရဲ့ မွေးမြူရေးတိရစ္ဆာန် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ မင်း ငါ့ကို သတ်ချင်တယ်ဆိုရင် သတ်လိုက်။ မင်း ငါ့ကို ခုတ်ချင်တယ်ဆိုရင်လည်း ခုတ်လိုက်။ ဘာကြောင့် ထပ်ပြောဖို့ လိုရသေးတာလဲ ”
ဖုန်းလုံနှင့် ကျန်သည့် ကြယ်တာရာသားရဲများက လက်သီးကျစ်ကျစ် ဆုပ်ထားမိ၏။ သူတို့က အင်မတန် ရင်ထဲ ထိသွားတော့သည်။
” အရှင်ကျားနတ်ဘုရားကတော့ ထင်တဲ့အတိုင်းပဲ ”
” ငါ သိတယ်။ အရှင်ကျားနတ်ဘုရားက သေချာပေါက် အညံ့ခံမှာ မဟုတ်ဘူး ”
” ဝူး ဝူး ဝူး။ အရှင်ကျားနတ်ဘုရား။ အရှင်က အကျဉ်းသားတစ်ယောက် ဖြစ်လာပြီဆိုရင်တောင် ကျွန်တော်တို့ရဲ့ ရင်ထဲမှာ နတ်ဘုရားတစ်ပါး ဖြစ်နေသေးတုန်းပါပဲ ”
ယဲ့ရှောင်သည် ရှင်းကျန်းကျား၏ မျက်လုံး၌ ဆုံးဖြတ်ချက် ပြတ်သားမှုများ ပြည့်နေတာကို မြင်နိုင်၏။ သူသည် ကျန်သည့် ကြယ်တာရာသားရဲများကဲ့သို့ မဟုတ်ပေ။ သူ၏ နှလုံးသားက လုံလောက်အောင် မာကျောနေပြီ ဖြစ်သည်။
ညှင်းပမ်းခြင်းက သူ့ကို ယဉ်ပါးအောင် မလုပ်နိုင်မှာ သေချာ၏။
သူက သက်ပြင်းအနည်းငယ် ချလိုက်သည်။ သူက ရှင်းကျန်းကျားကို ချီးကျူးတော့မည့် အချိန်၌ ရုတ်တရက် ရှင်းကျန်းကျား၏ စိတ်ထဲရှိ ဝိညာဉ်စွမ်းအင်ကို ရုတ်တရက် ခံစားလိုက်မိသည်။
” ခုနတုန်းက ပြောတာက အမှန်ပဲလား ”
ယဲ့ရှောင်က မင်သက်သွားပြီး ရှင်းကျန်းကျားကို ကြည့်လိုက်၏။ သူ၏ မျက်နှာထက်၌ အင်မတန် ဆုံးဖြတ်ချက် ပြတ်သားမှုများ ပြည့်နေသေးသည်။ သူ့၌ အညံ့ခံလိုစိတ် ရည်ရွယ်ချက်ရှိတာကို မပြောနိုင်သေးပေ။
ဒါပေမဲ့ သူ့ကို ဆက်သွယ်ဖို့ ဝိညာဉ်စွမ်းအင် တိတ်တဆိတ် ပို့တာက ဘာကို ဆိုလိုတာလဲ။
ရှင်းကျန်းကျား၏ သူ၏ ကျင့်ကြံဆင့်က ဤနေရာ၌ မြင့်မားလွန်းသောကြောင့် ကျန်သည့် ကြယ်တာရာသားရဲများအဖို့ သူတို့ ဆက်သွယ်ရန် ဝိညာဉ်စွမ်းအင် အသုံးပြုနေတာကို သတိပြုမိဖို့က မဖြစ်နိုင်ပေ။
မကြာမီ၌ ယဲ့ရှောင်က ပြန်လည် ဆက်သွယ်ရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်၏။
” အမှန်ပဲပေါ့ ”
” နေ့တိုင်း နေ့တိုင်း သဘာဝရတနာတွေ အများကြီး ရှိမှာလား ”
” ရှိမှာပေါ့ ”
” မင်း ငါ့ကို မလိမ်ပါဘူးနော် ”
” မလိမ်ဘူးပေါ့။ ခင်ဗျားကို လိမ်လို့ ဘာအကျိုးထူးမှာလဲ။ ဒီတစ်ခေါက် မင်းသာ လက်ခံပြီး ငါ မင်းကို လိမ်ခဲ့ရင်တောင် မင်း နောက်တစ်ခါ သဘောမတူနဲ့ပေါ့။ ခင်ဗျားရဲ့ ခြေထောက်ကို ခုတ်ပြီး ခင်ဗျားကို ကုသဖို့ ကျင့်စဉ် သုံးပေးရနိုင်တာပဲ။ တူတူပဲလေ ”
” ကောင်းပြီလေ။ ဒီလိုဆိုရင် ကျုပ် ဆန္ဒရှိတယ် ”
” ဘာကို ဆန္ဒရှိတာလဲ ”
” အိမ်မွေးတိရစ္ဆာန်ဖြစ်ဖို့ ”
” ”
ဒီလူက ရိုးရှင်းတဲ့ လမ်းကြောင်းအတိုင်း မလိုက်ဘူးပဲ။
အပေါ်ယံတွင် သူက ခေါင်းမာသယောင် ပြုခဲ့၏။ အောက်တွင်မူ သူ၏ ဝိညာဉ်စွမ်းအင်ကို သုံးကာ သူနှင့် ဆက်သွယ်ခဲ့ပြီး အိမ်မွေးတိရစ္ဆာန်ဖြစ်ရန် လက်ခံခဲ့၏။
ထိုစဉ် သူ၏ မျက်နှာပေါ်ရှိ လေးနက်တည်ကြည်သော အမူအယာကို ကြည့်ပြီး သူ့ကို ရှင်းကျန်းကျားသည် ဉီးစွာ ဆက်သွယ်ခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် ယဲ့ရှောင်သည် ထိုအမူအရာကြောင့် အလိမ်ခံရမှာပဲ ဖြစ်သည်။
သူသည် အမှန်တကယ် မယိမ်းယိုင်ပဲ အိမ်မွေးတိရစ္ဆာန်ဖြစ်ရန် ဆန္ဒ မရှိဟု ခံစားမိလောက်၏။
ဒီကောင်ရဲ့ သရုပ်ဆောင်စွမ်းရည်က မြင့်တာပဲ။ သူနဲ့ ယှဉ်ရင် ရွှေကမ္ဘာလုံးဆုရထားတဲ့ အကောင်းဆုံး သရုပ်ဆောင်တွေက အမှိုက်တွေပဲ။
” ဒါပေမဲ့ ကျုပ်မှာ တောင်းဆိုချက်တစ်ခု ရှိတယ် ”
ထိုစဉ် ရှင်းကျန်းကျား၏ ဝိညာဉ်စွမ်းအင်က တဖန်ကူးပြောင်းသွားပြန်၏။
” ပြောပါ ”
” ခင်ဗျားရဲ မွေးမြူရေးတိရစ္ဆာန် ဖြစ်ပေးမယ်။ ဒါပေမဲ့ ကျုပ်ကို မျက်နှာသာ ပေးရမယ်။ သူတို့ရှေ့မှာဆိုရင် ကျုပ် ခင်ဗျားရဲ့ မွေးမြူရေးတိရစ္ဆာန်ဖြစ်ဖို့ သေချာပေါက် သဘောမတူဘူး။ ကျုပ် ခန္ဓာကိုယ်က အသားကို ယူလို့ရတယ်။ ဒါပေမဲ့ ဒီအတိုင်းတော့ နှုတ်နဲ့မပေးနိုင်ဘူး ”
” ”
တကယ့်ကို အကြံအစည်ကြီးတဲ့သူပဲ။ သူက ကျားတစ်ကောင်ဆိုတာ အံ့သြစရာ မရှိဘူး။ ကြောင်တွေအားလုံးက အလွန်အကြံအစည်ကြီးတာပဲ။
” ဟုတ်ပြီ။ ဒီတောင်းဆိုချက်က သိပ်ပြီး မလွန်ကဲဘူး။ ငါ သဘောတူတယ် ”
” ဒါပေမဲ့ ခင်ဗျား ကျုပ်ကို ပေးတဲ့ မိုးနဲ့မြေရတနာတွေက လျှော့သွားလို့ မရဘူး ”
” အပေးအယူဖြစ်ပြီ ”
သူ၏ စိတ်စွမ်းအားနှင့် ဆက်သွယ်ပြီးနောက် ယဲ့ရှောင်သည် တဖန်ပြောလိုက်၏။
” မင်းက ဒီလောက် အရှက်မဲ့နေမှတော့ ငါ့ကို အပြစ်မတင်နဲ့ ”
ပြောပြီးသည်နှင့် သူ၏ လက်က မြှောက်လိုက်ရာ ဓါးမော့အလင်းက ပေါ်ထွက်လာ၏။ ချက်ချင်းပင် ရှင်းကျန်းကျား၏ လက်တစ်ဖက်ကို ခုတ်လိုက်၏။
” အရှင်ကျားနတ်ဘုရား ”
ကြယ်တာရာသားရဲများသည် ဝမ်းနည်းပမ်းနည်း ဖြစ်သွားကြ၏။ ရှင်းကျန်းကျားက ဒေါသတကြီး ဟိန်းဟောက်ကာ ပြောလိုက်တော့သည်။
” ဘာအော်နေကြတာလဲ။ မင်းတို့အားလုံး အော်ငိုမနေနဲ့။ လူသားတွေရှေ့မှာ ငါ့ကို အရှက်မခွဲနဲ့။ ငါကြည့်နေတုန်း ငိုတာ တွေ့ရင် အဲ့ဒီလူကို အရင်ခုတ်ပစ်မယ် ”
လူတိုင်းက ချက်ချင်းပင် အသက်အောင့်ထားပြီး အာရုံစူးစိုက်လိုက်၏။ သို့သော် သူတို့က အံကြိတ်ထားကာ လက်သီးကျစ်ကျစ် ဆုပ်လျက် ရှင်းကျန်းကျားကို သွေးနီရောင် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
ရှင်းကျန်းကျားသည် ကျေနပ်အားရစွာ ခေါင်းညိတ်လျက် ယဲ့ရှောင်ကို ချက်ချင်း ကြည့်လိုက်ပြီး ခေါင်းမာသည့် အကြည့်ဖြင့် ကြည့်တာဖြစ်ကာ စိတ်စွမ်းအင်ကို တဖန်ထုတ်သုံးလိုက်၏။
” နောက်ထပ် လက်တစ်ဖက်ခုတ်လိုက်။ ငါ မိုးနဲ့မြေ ရတနာပမာဏ နှစ်ဆလိုချင်တယ် ”
” ”
သူသည် တစ်ဖက်သူ၏ ရိုင်းပျသော တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရုံသာ ရှိသည်။
ပြီးနောက် သူသည် ရှင်းကျန်းကျား၏ နောက်ထပ် လက်တစ်ဖက်ကို ခုတ်၏။
ရှင်းကျန်းကျား၏ လက်နှစ်ဖက်ကို သိုလှောင်လက်စွပ်ထဲ ထည့်ပြီးနောက် ယဲ့ရှောင်သည် သွေးရိုလန်ရိုးတံ၁၀ခုကို ပစ်ထုတ်ပြီးနောက် လှည့်ထွက်သွား၏။
မင်းရဲ့ စိတ်နေစိတ်ထားက အတော်လေး ခေါင်းမာတယ်ဆိုပေမဲ့ မင်းကို သုံးစရာ ရှိသေးတယ်။ မင်းရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ဖို့ ဒီသွေးရိုလန်တွေကို သုံးလိုက်။ မြန်မြန် မသေနဲ့။ နောင်ကြ မင်းရဲ့ သွေးနဲ့ အသားကို ထပ်လာယူဉီးမယ် ”
ယဲ့ရှောင်က လှည့်ထွက်သွားတော့၏။ ကြယ်တာရာသားရဲများ အားလုံးသည်
ရှင်းကျန်းကျားကို ကူတွဲကြတော့၏။
” ကျားနတ်ဘုရား။ ဒုက္ခခံနေရပြီ ”
” ကျားနတ်ဘုရား။ ဒါ ကျွန်တော်တို့ အမှားပါ။ ကျွန်တော်တို့ကြောင့်သာ မဟုတ်ရင် ဒီနေ့ ဒီလိုအခြေအနေမျိုး ရောက်လာမှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို သတ်လိုက်ပါ ဝူး ဝူး ဝူး ”
” ဟုတ်ပါတယ် ကျားနတ်ဘုရား။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို စားလိုက်ပါ။ အရှင့်ရဲ့ ခွန်အားကို တိုးမြင့်အောင် ကျွန်တော်တို့ကို အသုံးချပြီး ဒီချိတ်ပိတ်မှုကို ချိုးဖျက်လိုက်ပါ ”
ရှင်းကျန်းကျားက အေးတိအေးစက် နှာခေါင်းရှုတ်လိုက်၏။
” ငါ ရှင်းကျန်းကျားကို ဘယ်သူလို့ မင်းတို့ ထင်နေလဲ။ ငါ့ဘဝမှာ ငါ ရှင်းကျန်းကျားက မှန်ကန်ဖြောင့်မတ်မှုဆိုတဲ့ စကားလုံးကို အာရုံအစိုက်ဆုံးပဲ။ ငါကပဲ မင်းတို့ကို လာကယ်တဲ့သူ။ အခု ငါက မင်းတို့လောက် အရည်အချင်းမရှိလို့ ဒီကပ်ဘေးကို ခံစားရတာ။ ငါ ကောင်းကောင်းမသင်ယူခဲ့တာကြောင့် ငါ့ရဲ့ ခွန်အားလည်း ချို့တဲ့နေတာပဲ။ မင်းတို့ကို ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ ”
” အပြစ်တင်ခဲ့ရင် ငါ ရှင်းကျန်းကျားက သေးငယ်တဲ့ လူဖြစ်ပြီး အရှက်မဲ့တဲ့လူဆိုး ဖြစ်မသွားဘူးလား ”
ခဏတာ ရပ်တန့်ပြီးနောက် သူက ထပ်ပြောလိုက်၏။
” လက်နှစ်ဖက် ဖယ်လိုက်ရုံပဲမလား။ ဒီနေ့ သူက သူတို့ကို ဖယ်လိုက်ရင် ငါ မနက်ဖြန်ကြ ထပ်ပေါက်အောင် လုပ်မှာပေါ့။ ဒါပေမဲ့ သူက ငါ့ ရှင်းကျန်းကျားကို အညံ့ခံချင်နေတယ်ဆိုရင်တော့ ဒါလုံးဝမဖြစ်နိုင်ဘူး ”
ကြယ်တာရာသားရဲများအားလုံးက ရင်ထဲ ထိသွားကြ၏။
” ကျားနတ်ဘုရား။ အရှင်က ကျွန်တော်တို့ ရင်ထဲမှာ ထာဝရနတ်ဘုရားတစ်ပါးပါပဲ ”
” ကျားနတ်ဘုရား။ ကျွန်တော်က အရှင့်ရဲ့ အမြဲတမ်း လက်အောက်ငယ်သားပါ။ ဒီဘဝမှာ အရှင့်ကို ဘယ်တော့မှ မစွန့်ပစ်ပါဘူး ”
” ကျားနတ်ဘုရားက မှန်ကန်ဖြောင့်မတ်ပါပေတယ်။ ကျွန်တော် အရိုအသေပေးမှုကို လက်ခံပေးပါ ”
နော့ဖစ်နဲ့ ကျန်သည့် ကြယ်တာရာသားရဲများကတောင် ခေါင်းညိတ်ပြီး ချီးကျူ းမိသွား၏။
” ရှင်းကျန်းကျားကတော့ တကယ် အံ့ဖွယ်သားရဲတစ်ကောင်ပဲ။ ဒီလိုစိတ်အခြေအနေမျိုးက ပြိုင်ဘက်ကင်းတယ်။ ဒီအဖိုးကြီးလေးစားမိပါရဲ့ ”
” ကျားနတ်ဘုရား ကျွန်မ ဘဝမှာ တွေ့ဖူးသမျှထဲ အသန့်စင်ဆုံး ကျားစစ်စစ် ကြယ်တာရာသားရဲပဲ ”
စူဇန်သည် ကျားနတ်ဘုရားကို ယဲ့ရှောင် ချန်ထားပေးခဲ့သည့် သွေးရိုလန်များ သယ်လာပေး၏။
” အရှင်ကျားနတ်ဘုရား။ ဒီမိုးနှင့်မြေရတနာတွေကို မြန်မြန်လေးစားလိုက်။ ဒါတွေကို စားလိုက်ရင် အရှင် မြန်မြန်ဆန်ဆန် ပြန်ကောင်းလာလိမ့်မယ်။ မိုးနဲ့မြေရတနာတွေ အများကြီးနဲ့ဆိုရင် အရှင့် ကျင့်ကြံဆင့် တိုးလာရုံတင်မကဘူး တစ်ချိန်တည်းမှာပဲ ကျင့်ကြံမှုလည်း မြှင့်တင်ရာ ရောက်လိမ့်မယ် ”
ရှင်းကျန်းကျားက နှာခေါင်းရှုတ်လိုက်၏။
” ဒီနတ်ဘုရားက လက်နှစ်ဖက် ဆုံးရှုံးသွားတာ။ ဘယ်လိုလုပ် သူ့အစာကို စားနိုင်ပါ့မလား။ ဒါတွေကို ပစ်ထုတ်လိုက် ”
စူဇန်၏ မျက်လုံးများ နီရဲနေလေသည်။
” အရှင်ကျားနတ်ဘုရား။ အရှင်က မှန်ကန်ဖြောင့်မတ်မှုတွေ ပြည့်ဝနေပြီး ကျွန်တစ်ယောက် မဖြစ်ချင်ဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ အခု ကျွန်မတို့ အားလုံးက အကျဉ်းသားတွေပဲလေ။ ရွေးချယ်စရာမရှိ ဒေါသကို မြိုသိပ်ရုံပဲ ရှိတယ်။ ဒါပေမဲ့ မျှော်လင့်ချက်ဆိုတာ အမြဲတမ်း ရှိတယ်။ ကျွန်မတို့တွေ ဇွဲမလျှော့သရွေ့ လူသားမျိုးနွယ်ရဲ့ စည်းမျဉ်းကို ပြောင်းပြန်လှန်နိုင်တဲ့နေ့ ရောက်လာမှာပဲ ”
” ဒါပေမဲ့ ဒါမတိုင်ခင်မှာတော့ အရှင့်ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်နိုင်ရမယ်လေ။ အရှင့်ရဲ့ ခန္ဓာက ပိုအရေးကြီးတယ် ”
ကျန်သည့် ကြယ်တာရာသားရဲများကလည်း ဖြောင်းဖြရန် ကြိုးစားကြတော့သည်။
” အမှန်ပဲ။ အရှင်ကျားနတ်ဘုရား။ အရှင့်ရဲ့ ခန္ဓာကိုယ်က ပိုအရေးကြီးပါတယ် ”
” ကျားနတ်ဘုရား။ မင်းရဲ့ ခန္ဓာကိုယ်က ပိုအရေးကြီးတယ် ”
နော့ဖစ်ကလည်း သူ့ကို ဖြောင်းဖြရန် ကြိုးစားလိုက်၏။
” ရှင်းကျန်းကျား ထပ်ပြီး ခေါင်းမာမနေနဲ့တော့။ ဒီနေရာမှာ ခေါင်းမာတာက အသုံးမဝင်ဘူး။ မင်းရဲ့ စိတ်ဝိညာဉ်က ငါတို့ သင်ယူမှုနဲ့ ထိုက်တန်တယ်ဆိုပေမဲ့ မင်း ဒီလောက် ခေါင်းမာလို့ မရဘူး ”
” မင်း ပြိုလဲသွားခဲ့မယ်ဆိုရင် မင်းလိုမျိုး ငါတို့တွေက ဘယ်သူ့ကို အတုယူရတော့မှာလဲ ”
” ဒါ့အပြင် ယဲ့ရှောင်က မင်းရဲ့ လက်ကို ခုတ်သွားတယ်။ မင်းက သူ့အစားအစာကို စားတယ်။ ဒါက လဲ့စားချေတာပဲ။ မင်း မစားခဲ့ရင် သူက ပျော်ရုံပဲ ရှိတယ်။ ဘာလို့လဲဆိုတော့ မင်း သူ့အတွက် ခြွေတာပေးတာကြောင့်လေ။ နောက်တစ်ခေါက် သူ ထပ်ရောက်လာတဲ့အချိန် သူ မင်းကို ခုတ်ပိုင်းမှာပဲ။ မင်း အဲ့လို မထင်ဘူးလား ”
***