Chapter – 16 လူငယ်လေးရဲ့ ခွန်အား
ကလေးတစ်ယောက်က တုန်လှုပ်ချောက်ခြား၀ရာကောင်းတဲ့စွမ်းအားတွေကို ပြလိုက်တာပါ။ သည်အရာက ကလေးလေးတဝ်ယောက်ပဲလေ။ သို့ပေမဲ့ သူ့ရဲ့လက်နဲ့မြှားကို ဖမ်းယူနိုင်သလို ပြန်ပြီးလည်း ပစ်ခပ်နိင်စွမ်းရှိနေပါတယ်။ သည်ကလေးလေးက ကူညီတိုက်ခိုက်ပေးနေတာဆိုပေမယ့် သူတို့အတွက်တော့ သက်သောက်သက်သာမရှိတဲ့ခံစားချက်တွေသာ ဖြစ်လို့နေပါတယ်။
သူ့ရဲ့လက်ထဲကမြှားကို ပြန်လည်ပစ်ခတ်လိုက်တဲ့အခါမှာတော့ ကျောက်သားကျောက်ဆောင်တွေကိုတောင် ထိုးခွင်းနိုင်တဲ့စွမ်းအားတွေပြည့်နှက်နေပါတယ်။ ဒီလို ရူးသွပ်ချင်စရာကောင်းတဲ့ စွမ်းအားတွေကို ကြံ့ခိုင်သန်မာတဲ့ လူတစ်ယောက်ကတောင် တွန်းလှန်နိုင်မှာမဟုတ်ပါဘူး။ ဒါက ဆင်နဂါးမှော်သားရဲကောင်ကိုပါ သတ်ဖို့လုံလောက်နေပါတယ်။
၀ံပုလွှေကျေးရွာက လူတွေကလည်း အရမ်းကိုအံ့အားသင့်လို့နေခဲ့ပါတယ်။ ဘယ်သူကမှ သူတို့ရဲ့ ပိုင်ဖေးလို နတ်ဘုရားတွေရဲ့ စွမ်းအားကို လက်ဆောင်မရနိုင်ပါဘူး။ ပိုင်ဖေးဟာ ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာကောင်းလဲဆိုတာ သူတို့ကောင်းကောင်းကြီးကို သိလို့နေပါတယ်။ အာ့ဒါကိုတောင် ကလေးတစ်ယောက်က ဘယ်လိုဖြစ်ပြီး ပိုင်ဖေးရဲ့ ရေခဲအေးမြှားကို ဖမ်းယူသွားနိုင်ရတာလဲ.။
” မင်းက သေဖို့နီးစပ်နေတဲ့ ကလေးစုတ်လေးပဲ..”
ပိုင်ဖေးဟာ ရှီဟောင်ကို ကြည့်ပြီး နှာခေါင်းတစ်ချက်ရှုံ့လိုက်ပါတယ်။ သူ့ရဲ့အေးစက်နေတဲ့မျက်လုံးတွေကနေ လျှပ်စီးလိုအလင်းတန်းတွေဖြာထွက်လာခဲ့ပါတယ်။ သူက မာန်တစ်ချက်သွင်းလိုက်ပြီး လေးညို့ဆွဲတင်ကာ ရေခဲအေးမြှားတွေကို အဆက်မပြတ်ပစ်လွှတ်လိုက်ပါတယ်။
ရွှီး , ရွှီး …
ပိုင်ဖေးရဲ့ငရဲကိုးဆင့်ထိမြှင့်တင်ထားတဲ့ ရေခဲအေးမြှားဆီကနေ ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာတဟူးဟူးသံတွေဟာ မိုးကောင်ကင်အနှံ့ပျံ့ကျဲသွားပါတယ်။ ဥက္ကာပျံတစ်ခဲကြွေဆင်းသွားသလို လျှင်မြန်လှတဲ့ရေခဲအေးမြှားရဲ့ အရောင်လက်လက်လေးက အလွန်ကြောက်စရာကောင်းတဲ့အသွင်နဲ့ပါ။
ပိုင်ဖေးက ရေခဲအေးမြှားရှစ်ချောင်းထိ ဆွဲထုတ်ပြီး လေးညို့တင်ထားခဲ့တာပါ။ သူလေးညို့တင်ထားတဲ့ ရေခဲအေးမြှားတွေရဲ့ အရေးကြီးဆုံးသော ပစ်မှတ်ကတော့ သူငယ်လေး ရှီဟောင်ကိုသာ ဦးတည်နေပါတယ်။
ရေခဲအေးမြှားတွေဟာ ဝိညာဉ်တွေလို ရှီဟောင်ဆီကို ၀င်ရောက်သွားခဲ့ကြပါတယ်။ ရှီဟောင်ဟာ ရေခဲအေးမြှားငါးချောင်းကို လျှပ်စီးလက်သလိုရှောင်တိမ်းပေးလိုက်ပြီး ကျန်မြှားသုံးချောင်းကို လက်နဲ့ရိုက်ချကာ လမ်းကြောင်းပြောင်းပေးလိုက်ပါတယ်။ လမ်းကြောင်းပြောင်သွားတဲ့ရေခဲအေးမြှားသုံးချောင်းကလည်း ကျောင်ဆောင်ကြီးတဝ်ခုထဲစိုက်၀င်သွားပါတယ်။
သည်လိုစွမ်းဆောင်ရည်ဟာ တောတန်းအတွင်းမှာ ရှိလို့နေတဲ့လူတွေအားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပါတယ်။ ရှီဟောင် ထုတ်ဖော်လိုက်တဲ့စွမ်းအားတွေဟာ သူတို့မျှော်လင့်ထားတာထက်ကို ကျော်လွန်သွားတာကြောင့် ကျောက်ခေတ်ရွာသားတွေတောင် ဆွံ့အလို့သွားကြပါတယ်။ ဒီလိုမျိုး ကလေးလေးတဝ်ယောက်က အသက်အရွယ်နဲ့ မလိုက်အောင် စွမ်းအားကြီးတာမျိုးက တကယ့်ကို နည်းနည်းလေးမှ ယုံနိုင်စရာမရှိပါဘူး။
ပိုင်ဖေးဟာ တူးတူးခါးခါးကြီးကို အော်ဟစ်လိုက်ပါပြီ။ သူ့ရဲ့၀န်တိုတတ်တဲ့ဒေါသတွေကလည်း မုတ်သုံရာသီမှာ၀င်ရောက်လာတတ်တဲ့ မုန်တိုင်းတွေလို တဟုန်းဟုန်းထလို့နေပါတယ်။ သူဟာ ရေခဲအေးမြှားတွေကို ထပ်ပြီး လေးညို့တင်လိုက်ပြန်ပါတယ်။
ရှီဟောင်က အတော်လေးငယ်သေးပေမယ့် သူ့ရဲ့အမြန်နှုန်းကတော့ မယုံနိုင်လောက်အောင် မြန်ဆန်နေခဲ့ပါတယ်။ ပိုင်ဖေးဟာ ကျားတစ်ကောင်လို မြှားပစ်စွမ်းရည်ရှိတယ်ဆိုရင် ရှီဟောင်ကလည်း နဂါးတစ်ကောင်လို အရှောင်းအတိမ်းကျွမ်းကျင်နေသူဖြစ်နေပါတယ်။ သူဟာ ပိုင်ဖေးပစ်လွှတ်လိုက်သမျှ ရေခဲအေးမြှားတွေကို ဖမ်းယူလိုက် မြှားခွင်းမြှားအနေနဲ့ ပြန်လည်ပစ်လိုက် နဲ့ တရစပ်လှုပ်ရှားလို့နေပါတယ်။ ရေခဲအေးမြှားအချင်းချင်းလမ်းခုလတ်လေထဲမှာ ထိခိုက်မိတဲ့ တဒန် ဒန်သံတွေဟာလည်း မိုးပြိုမခမ်းကျယ်လောင်တဲ့အသံတွေဖြစ်ပေါ်လို့နေပါတယ်။
ရှီဟောင်ရဲ့ အမြန်နှုန်းဟာ ကလေးတစ်ယောက်လို့တောင် ပြောလို့မရတော့ပါဘူး။ ပိုင်ဖေးနဲ့ သူ့ရဲ့ကြားက အသက်အရွယ်ကွာဟချက်ကိုလည်း မျက်စိတမှိတ် လျပ်တပြက်အတွင်း ခွာချသွားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေဟာ ဒဏ္ဍာရီလာဖီးနစ်ငှက်က အထောက်အကူပြုထားပေးနေတဲ့အလား..။
ဒုန်း !
အဆက်မပြတ်မိုးသီးမိုးပေါက်တွေလို ကျရောက်နေတဲ့ ရေခဲအေးမြှားတွေလည်း စတင်ပြီး ဖရိုဖရဲဖြစ်လာပါတယ်။ ရှီဟောင်ဟာ မိုးချုန်းသံလို အော်ဟစ်မာန်သွင်းလိုက်ပြီး တစ်ထောင်ဂျင်အလေးချိန်ခန့်ရှိတဲ့ ကျောက်တုံးကြီးတစ်တုံးကို အလွတ်တည်ကန်ဘောလုံးတစ်လုံးလို အားရပါးရလွဲကန်လိုက်ပါတယ်။ လေဆင်နှာမောင်းအမွေ့ခံလိုက်ရသလို ကျောက်တုံးကြီးဟာ ပိုင်ဖေးဆီကို ဦးတည်ပြီး ၀င်ရောက်သွားပါတယ်။
” ဘယ်လိုလူက ဒီလောက်တောင် ခွန်အားကြီးနိုင်မှာလဲ။ ဒီကလေးက လေးနှစ်တောင် မပြည့်သေးဘူးရယ်..”
လူတိုင်းထိတ်လန့်နေခဲ့ပါတယ်။ ဒါဟာအမှန်တကယ်သူတို့ကို သြချလောက်ရစေပါတယ်။ ဒီမှာရှိနေတဲ့ လူတွေထဲကမှ လူနည်းနည်းလေးကသာ ရှီဟောင်ရဲ့ အစစ်အမှန်စွမ်းအားတွေကို သိမြင်နိုင်ခဲ့ကြပါတယ်။ လျိ ု့ဝှက်ဆန်းကြယ်တဲ့ သင်္ကေတတစ်ခုဟာ ဖျပ်ခနဲလင်းလက်သွားတာပါ။ ဒါဟာ လျှပ်တပြက်ပေါ်လာပြီး ရုတ်ချင်းပဲ ပြန်ပျောက်ကွယ်သွားတာလေ။
တစ်ထောင်ဂျင်အလေးချိန်ရှိတဲ့ ကျောက်တုံးကြီးကတော့ မိုးပျံသွားပါပြီ။ ပြီးတော့့ သူက ပိုင်ဖေးကို ချိုးဖဲ့ဖျက်ဆီးပစ်တော့မှာလေ။
ပိုင်ဖေးရဲ့ မျက်လုံးတွေရုတ်တရက်အေးစက်သွားခဲ့ပါတယ်။ သူဟာ ရေခဲအေးမြှားတွေကို ဆက်မပစ်နိုင်တော့ပါဘူး။ သူဟာ သူ့ရဲ့လေးကြီးကို ဝေ့ယမ်းလိုက်ပြီး အရှိန်အဟုန်ပြင်းစွာ၀င်ရောက်လာတဲ့ ကျောက်တုံးကြီးကို ရိုက်ချလိုက်ပါတယ်။ ကျောက်တုံးအပိုင်းအစပေါင်းများစွာက ဖုန်မှုန့်တွေအလား ပြန့်ကျဲလို့ သွားပါတယ်။ ရှီဟောင်က လျပ်တပြတ်ဖြစ်ပေါ်လာတဲ့ အခွင့်အရေးကို လက်လွှတ်မခံဘဲ အရှေ့ကိုပြေးတက်လာပါတယ်။
” မင်းက ဘာကောင်မလို့ ဒီလို အနိုင်ကျင့်ရဲတာလဲ။ ဦးလေးဖူတို့ကိုတောင် လုပ်ကြံရဲတယ်ပေါ့။ ငါတို့ရဲ့ ရိက္ခာတွေကိုတောင် သောက်ရှက်မရှိ ခိုးရဲသေးတယ် ။ ထွီ ..”
သူ့ရဲ့ အသံစူးစူးလေးက နှိုင်းဆမရနိုင်တဲ့ ဒေါသတွေ ပျော်၀င်လို့နေပါတယ်။
” ဟွန့် ..”
ပိုင်ဖေးဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။ သူရဲ့ လေးကြီးဟာ ကျောက်တုံးကြီးနဲ့ရိုက်မိပြီး ပျက်စီးလို့သွားခဲ့ပါပြီ။ ဒါ့ကြောင့် သူဟာ မှောင်မိုက်ပြီးအနီရောက်တောက်ပနေတဲ့ လှံတံတဝ်ချောင်းကို ဆွဲထုတ်လိုက်ပါတယ်။ သူဟာ ချီစွမ်းအားတွေကို အဆက်မပြတ်လည်ပတ်စေလိုက်ပြီး ရှီဟောင်ရဲ့ ရင်၀ကို ဦးတည်တိုက်ခိုက်လိုက်ပါတယ်။ ယခုအချိန်မှာတော့ ပိုင်ဖေးယော ရှီဟောင်ပါ လှံတံတစ်ချောင်းဆီကိုင်ဆွဲလို့ထားကြပါတယ်။
သို့ပေမယ့် ပိုင်ဖေးတိုက်ခိုက်လိုက်ချိန်မှာ ရှီဟောင်ဟာ လေထဲမှာပဲ ရှိလို့နေသေးတာပါ။ ဒါကြောင့်သူ့ရဲ့ အသက်ဝိညာဉ်ကို ချေမွဖျက်ဆီးပစ်နိုင်တဲ့ လှံတံကို ရှောင်တိမ်းဖို့ဆိုတာ အရမ်းကို ခက်ခဲလို့နေပါပြီ။ ကျောက်ခေတ်ရွာသားတွေကတော့ သူတို့ရဲ့နှလုံးသားတွေဟာ ကံကြမ္မာလက်ကြမ်းကြီးတွေနဲ့ ဖျစ်ညှစ်ခံရတဲ့အလား နာကျင်လို့သွားကြပါတယ်။ သူတို့အားလုံးက ရက်ရက်စက်စက်တိုက်ခိုက်လို့နေတဲ့ ပိုင်ဖေးကို အရိုးထဲစူးနစ်အောင် မုန်းတီးသွားကြပါတယ်။
ဒေါင်!
လှံတံနှစ်ချောင်း အပြန်အလှန်ထိခိုက်သံတွေ ပေါ်ထွက်လာပါတယ်။ ရှီဟောင်ရဲ့ ညာဘက်လက်ဟာ တလက်လက်တောက်ပနေတဲ့ အော်ရာတွေဖုံးလွှမ်းနေသလို သူ့ရဲ့မျက်လုံးတွေကလည်း ကြယ်ပွင့်တွေအလား ကြည်လင်လို့နေပါတယ်။ ဒေါင်ခနဲမြည်သံကြီးနဲ့ အတူ လှံတံနှစ်ချောင်းကလည်း အပိုင်းပိုင်းအစစ ဖြစ်အောင် ပြတ်ထွက်သွားကြပါတယ်။ ရှီဟောင်ရဲ့ ခန္ဓာကိုယ်ကတော့ ခြစ်ရာလေးတောင် မရသွားခဲ့ပါဘူး။
အဆိုပါရလဒ်ဟာ လူတိုင်းကို စကားမပြောနိုင်လောက်အောင်ကို ဆွံ့အသွားစေခဲ့ပါတယ်။ ရှီဟောင်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ပိုင်ဖေးကို ရင်ဆိုင်နေရပေမယ့် သူကလည်း လုံး၀ကို အားနည်းမနေခဲ့ပါဘူး။ အခုလိုမျိုး သူတို့နှစ်ယောက်ကြားက ကွာခြားချက်တွေကို ဆွဲဖြဲပြလိုက်တဲ့အခါမှာတော့ သူ့ရဲ့ စွမ်းရည်တွေဟာ မိုးထိမတတ်မြင့်မားမှန်းသိသွားကြပြီလေ။
ဝှစ် …
ပိုင်ဖေးဟာ ရှီဟောင်ကို မီးတ၀င်း၀င်းတောက်နေတဲ့ အေးစက်စက်မျက်၀န်းတွေနဲ့ကြည့်လိုက်ပါတယ်။ သူတို့ဟာ ကျိုးပဲ့ပျက်စီးသွားကြတဲ့လှံတံတွေကို မြေပေါ်ပစ်ချလိုက်ကြပါတယ်။ ထိုကဲ့သို့သော နီးကပ်လာတဲ့ အကွာအဝေးက အနီးကပ်တိုက်ခိုက်မှုအတွက် အရမ်းကို အန္တရာယ်များလို့နေပါပြီ။
ရှီဟောင်ဟာ ခန္ဓာကိုယ်ကို ယိမ်းနွဲ့လိုက်ပြီး လေပြင်းတိုက်ခိုက်လိုက်သလို ပိုင်ဖေးရဲ့ မျက်နှာကို ညာခြေနဲ့ လှမ်းကန်လိုက်ပါတယ်။ သူက တော်တော်လေးသေးငယ်နေပေမယ့် သူ့ခန္ဓာကိုယ်ကိုတော့ ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ညက်ညောတဲ့ရွေ့လျားမှုတွေဟာ သရဲသဘက်ဆန်စွာပဲ အရိပ်ပေါင်းများစွာ ဖြာထွက်သွားပါတယ်။
ဒဏ္ဍာရီလာ ဖီးနစ်ငှက် လှုပ်ရှားဟန် …
ပိုင်ဖေးဟာ ရှီဟောင်ရဲ့ ခြေကန်ချက်ကို ခုခံကာကွယ်ဖို့ သူ့ရဲ့ ဘယ်ဘက်လက်မောင်းကို ပင့်တင်လိုက်ပါတယ်။ ပြင်းထန်ကျယ်လောင်တဲ့ ထိပ်တိုက်တွေ့ဆုံမှုတစ်ခုဖြစ်ပေါ်သွားပြီး ဖုန်အလိမ်းလိမ်းထကာ သစ်ရွက်တွေတဖြုတ်ဖြုတ်ကြွေကျသွားကြပါတယ်။
” ဘယ်လိုတောင် အားကြီးလိုက်တဲ့ ကန်ချက်လဲ!”
၀ံပုလွှေရွာသားတွေဟာ သူတို့မြင်နေရတာတွေကို မယုံနိုင်လောက်အောင်ကို ဖြစ်နေပါပြီ။ သူတို့ဟာ ပိုင်ဖေးဘယ်လောက်ထိတောင် စွမ်းအားကြီးလည်းဆိုတာ ခရေစေ့တွင်းကျသိထားကြပါတယ်။ ဝံပုလွှေရွာရဲ့ လူငယ်မျိုးဆက်ထဲမှာ စွမ်းအားအကောင်းဆုံးသော ပါရမီရှင်လေးပါ။ သိုပေမဲ့ အခုတော့ သူ့ရဲ့စွမ်းအားတွေက ဘာမှမဟုတ်တော့သလိုပါပဲ။
ရှီဟောင်ဟာ မြေပေါ်ကို ပြန်ကျလာခဲ့ပါပြီ။ သူဟာ ပိုင်ဖေးထက် အသက်ထက်၀က်မက ငယ်ရွယ်နေပေမယ့် အကြောက်တရားကင်းမဲ့လို့နေပါတယ်။ သူ့ရဲ့နုနယ်ပြီး သေးငယ်တဲ့မျက်နှာပေါ်မှာတော့ ဒေါသရောင်တွေသာ တလက်လက်တောက်ပနေပါတယ်။ သူဟာ ပြိုင်ဘက်ကောင်းတစ်ယောက်ရလိုက်တဲ့အလား စိတ်တက်ကြွနေပုံပါပဲ။
ကျေးရွာနှစ်ဖက်စလုံးကတိုက်ခိုက်မနေတော့ပါဘူး။ သူတို့တွေဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ လူငယ်လေးနဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာကလေးတစ်ယောက်ရဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲရဲ့ ရလာဒ်ကိုသာ ပိုပြီးစိတ်၀င်စားနေကြပါပြီ။
ပိုင်ဖေးမျက်လုံးတွေဟာ ရေခဲတွေအလားပိုပိုပြီး အေးစက်လာခဲ့ပါတယ်။ သူက အသက်ဆယ့်လေးနှစ်ရွယ်ဆယ်ကျော်သက်တစ်ယောက်လေ။ ဒါကို အသက်လေးနှစ်လောက်ပဲရှိသေးတဲ့ ကလေးတစ်ယောက်က လက်ရည်တူယှဉ်တိုက်နေတာပါ။ ဒါက သူ့အတွက် ပြီးပြည့်စုံတဲ့ အရှက်ရမှုကို ဖြစ်စေခဲ့ပါတယ်။
ဟိုင်း ယား !
ပိုင်ဖေးရဲ့ ခန္ဓာကိုယ်ဟာ အရပ်ရှည်ပြီး သွယ်လျပါတယ်။ သူကရုတ်တရက်ခြေတစ်ချက်ဆောင့်လိုက်ပါတယ်။ အာ့ဒီအချိန်မှာတော့ သူ့ရဲ့ အော်ဟစ်သံဟာ ဆာလောင်နေတဲ့နဂါးတစ်ကောင်ရဲ့ အော်ငြီးသံလို ကြောက်မက်ဖွယ်ရာကောင်းနေပါပြီ။
ရှီဟောင်ဟာ ယိုင်နဲ့သွားပါတယ်။ သူကလည်း တောင်တန်းဒေသထဲမှာကြီးပြင်းလာတာပါ။ ဒါ့ကြောင့် သူဟာ တကယ်အစစ်အမှန်တိုက်ပွဲအတွေ့အကြုံတစ်ခါမှ မရှိသေးပေမယ့်လည်း သူအများကြီးတော့ ကြားဖူးနား၀ရှိနေပါတယ်။ သူဟာ ပိုင်ဖေးရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားနိင်ဖို့ မီတာတော်တော်များများ ဆုတ်ခွာပေးလိုက်ရပါတယ်။ သို့ပေမယ့် ပိုင်ဖေးက ရက်စက်ကြမ်းကြုတ်တဲ့မှော်သားရဲပေါင်းများစွာကို သတ်ဖြတ်လာတဲ့ ကြောက်မက်ဖွယ်ရာလေးသမားတစ်ယောက်ပါ။ သူ့ရဲ့ အံ့မခန်းတဲ့ စွမ်အားတွေနဲ့ တိုက်ပွဲအတွေ့အကြုံတွေက ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာကို ချက်ချင်းနားလည်စေပါတယ်။ ဒါက အတွေ့အကြုံဆိုတဲ့ အားသာချက်ကြီးပါပဲ။ ဘယ်ကမ္ဘာ ဘယ်ဒေသမှာပဲ ဖြစ်ဖြစ် သောက်ဆံနဲ့ အလဲအထပ်ပေး၀ယ်လို့ မရနိုင်တဲ့ အတွေ့အကြုံပါ။
*****