Switch Mode

Chapter – 280

အေးစက်တဲ့ ဓါးအလင်းရောင် တစ်ချက်က ဘုံ၉ဘုံကို ပွင့်ထွက်သွားစေတယ်။ ကျားဂူဖြတ်တောက်ပြီး လင်းနိူ့ကို မီးခိုးမှုန့်သလို သတ်ဖြတ်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၈၀ အေးစက်တဲ့ ဓါးအလင်းရောင် တစ်ချက်က ဘုံ၉ဘုံကို ပွင့်ထွက်သွားစေတယ်။ ကျားဂူဖြတ်တောက်ပြီး လင်းနိူ့ကို မီးခိုးမှုန့်သလို သတ်ဖြတ်။

သူတို့၏ ကိုယ်ပိုင်အရှိန်အဝါတစ်မျှင်ကိုသာ ထုတ်လုပ်နိုင်သော်ငြား ထိုအရှိန်အဝါမျှင်ထဲ၌ သူတို့၏ မယှဥ်သာသော သန်မာသည့် ဆန္ဒများ ပါဝင်နေ၏။
အရှင်ကျားနတ်ဘုရား မြန်မြန်ထွက်သွားပါ။ လာလို့မဖြစ်ဘူး။
ထိုစဥ် ကောင်းကင်ထဲရှိ တိမ်စိုင်တိမ်မည်းသည် ကျန်းဟိုင်မြို့နဲ့ အပြည့်အဝ နီးကပ်နေပြီဖြစ်ကာ မြို့အထက်ရှိ ကောင်းကင်ကို တဖြည်းဖြည်းချင်း ဝါးမြိုနေလေ၏။
ကောင်းကင်ထဲရှိ ဖိအားက လူတိုင်းကို အသက်ရှူမရ ဖြစ်စေသည်။
တစ်ဖက်သူ၏ ဖိအားက ပြင်းထန်လွန်းသောကြောင့် အားနည်းသည့် သိုင်းပညာရှင်များက မတ်တပ်ရပ်ရန်တောင် ခက်ခဲနေသည်။
” အားကောင်းလိုက်တဲ့ ဖိအားပဲ။ ဘယ်သိုင်းပညာရှင် ရောက်လာတာလဲ ”
” ဒီသိုင်းပညာရှင်ရဲ့ အရှိန်အဝါက အရင်ကထက် အဆပေါင်းများစွာ ပိုသန်မာတယ် ”
” အဲ့ထက်တောင် ပိုသေးတာ။ လွန်ခဲ့တဲ့နှစ်ရက်တုန်းက နှစ်ယောက်က သူ့လောက် မသန်မာဘူးလို့ ခံစားမိနေတယ် ”
” သူတို့ရဲ့ ခွန်အားက ရှန်းထျန်းနယ်ပယ်ကို ကျော်ပြီး ဒဏ္ဍာရီလာ ဘုရင်နယ်ပယ်ကို ရောက်နေလောက်ပြီမလား ”
ကောင်းကင်ထဲရှိ မြင်ကွင်းကို ကြည့်ပြီး လျိုချန်စွင်း နှလုံးခုန်နှုန်း မြန်လာတော့သည်။
ဘာကြောင့် ဒီကမ္ဘာမှာ ဒီလောက်များတဲ့ သိုင်းပညာရှင်တွေ ဘယ်အချိန်ကစပြီး ပေါ်လာတာလဲ။ ဘာကြောင့်များ သူတို့အားလုံး ကျန်းဟိုင်မြို့မှာ စုဝေးနေရတာလဲ။
ထိုအနက်ရောင် တိမ်တိုက်၏ အရှိန်အဝါက ပြင်းထန်လွန်း၏။ သူက ကျန်းဟိုင်မြို့အထက် ကောင်းကင်ထဲ၌ ဆက်လက် စုဝေးနေကာ ၄င်း၏ ဖိအားကလည်း ပိုသန်မာလာတော့သည်။
အနက်ရောင် တိမ်တိုက်တွင် ရှင်းကျန်းကျားနှင့် သွေးတောင်ပံတို့က ဝင့်ကြွားစွာ ရပ်နေ၏။ သူတို့ အဝတ်အစားများက ဝိညာဥ်စွမ်းအင်ထဲ လူးလွင့်နေကြသည်။ ယခုအချိန်၌ အံ့ဖွယ်သားရဲနှစ်ကောင်က အောက်ကို ငုံ့ကြည့်နေ၏။
” ကျားနတ်ဘုရား။ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေက တကယ်ဒီမှာလား။ ဘာကြောင့်များ ကြယ်တာရာသားရဲတစ်ကောင်ရဲ့ အရှိန်အဝါကို အာရုံမခံမိတာပါလိမ့် ”
” သူတို့ရဲ့ အငွေ့အသက်က ဒီနေရာမှာ ပျောက်ကွယ်သွားတာ။ သူတို့ ဒီမှာ ရှိမရှိ ငါလည်း မသေချာဘူး။ ဒါပေမဲ့ ဒီမှာမရှိရင်တောင် ဒီကနေ အောက်ဆင်းလိုက်ရင် သဲလွန်စတချို့ ရှာတွေ့မယ်ဆိုတာ သေချာတယ် ”
သူပြောပြီးသည့်အချိန်၌ ရုတ်တရက် သူ၏ ဝိညာဥ်အာရုံခံမှုသည် ရင်းနှီးနေသော အရှိန်အဝါအချို့ကို တွေ့သွား၏။
ရှင်းကျန်းကျား၏ သူငယ်အိမ်တို့ ရုတ်တရက် ကျုံ့သွားသည်။ သူက ချက်ချင်း လက်သီးကျစ်ကျစ် ဆုပ်ပြီးနောက် သူ၏ မျက်လုံးများ အနည်းငယ် နီရဲသွားတော့သည်။
သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က ဆက်တိုက် ပေါ်လာ၏။
” ဒီနေရာပဲ။ သူတို့တွေ ငါ့ကို ခေါ်နေတာ။ သူတို့ကို လာကယ်ဖို့ ငါ့ကို တောင်းဆိုနေတာကို ခံစားမိတယ်။ သူတို့ ဒီအောက်မှာ ပိတ်မိနေတာပဲ ဖြစ်ရမယ်။ ဒါကြောင့် သူတို့ အရှိန်အဝါကို အရင်က ရှာမတွေ့တာ ”
” ဒါပေမဲ့ အခု အဆင်ပြေသွားပြီ။ ငါ သူတို့ကို ရှာတွေ့ပြီဆိုမှတော့ သူတို့ကို ကယ်တင်ရမှာပေါ့ ”
ရှင်းကျန်းကျားက လက်သီးဆုပ်လိုက်စဥ် ကျွတ်ကျွတ်ကျွတ် မြည်လာတော့သည်။ သူ၏ မျက်လုံး၌ မယိမ်းယိုင်သည့် စိတ်ဓာတ်နှင့် လောင်ကျွမ်းနေသော ဒေါသတို့ ပြည့်နေသည်။
သွေးတောင်ပံက ရယ်မောလိုက်မိ၏။
” ဒီလူသားတွေက အတင့်ရဲပြီးရင်း ရဲလာတော့တာပဲ။ သူတို့က အစ်ကိုကျားနတ်ဘုရားရဲ့လက်အောက်ငယ်သားတွေကိုတောင် ချုပ်နှောင်ထားရတယ်။ သူတို့ တုံးအတာပဲ။ ကျားနတ်ဘုရားကို ရန်စတာက သေချင်နေတာပဲ မဟုတ်ဘူးလား။ အရှင်ကျားနတ်ဘုရား ကူညီပေးစေချင်လား။ အရင်ဦးဆုံး ဒီယင်ကောင်တွေကို ရှင်းလင်းလိုက်ကြမလား ”
သူ၏ မျက်လုံး၌ တောက်ပ နီရဲသည့် သွေးဆာလောင်သော အလင်းတန်း ရှိနေသည်။
စီရင်စု၉ခု လူသားမျိုးနွယ်စု သွေးထဲတွင် နတ်ဘုရားသွေးအများဆုံး ပါဝင်၏။
သူ အနှစ်သက်ဆုံးက စီရင်စု၉ခု လူသားမျိုးနွယ်၏ သွေးပဲ ဖြစ်သည်။
ဤနေရာ၌ များပြားလွန်းသည်။ သူက စုပ်ယူဖို့ အခွင့်အရေး ယူနိုင်သည်။ ထို့ကြောင့် သူ့အတွက် ဤနေရာသို့ လာရတာ အချည်းနှီး မဖြစ်တော့ပေ။
သို့သော်ငြား ရှင်းကျန်းကျား၏ အမူအယာက ရေခဲတမျှ အေးစက်ကာ ပြောလိုက်တော့၏။
” မင်း ကြိုးစားရဲလား ”
ရေခဲတမျှ အေးစက်နေသည့် အကြည့်သည် သွေးတောင်ပံကို တုန်ယင်သွားစေကာ သူက လက်ခါလိုက်၏။
” နှောက်နေရုံပါ နှောက်နေရုံပါ။ ကျွန်တော်က အခု ကျားနတ်ဘုရားနဲ့ ဘယ်လိုလုပ် ယှဥ်ရဲမှာလဲ။ နိမ့်ကျတဲ့ လူသားတစ်စုက အစ်ကိုကျားနတ်ဘုရားကို ရန်စနေတာလေ။ အစ်ကိုကျားနတ်ဘုရားသာ သူတို့ကို စီရင်သင့်တာပေါ့ ”
” ဟန့် ”
ရှင်းကျန်းကျားက နှာခေါင်းရှုံ့ပြီးနောက် အောက်သို့ ဆင်းသက်လိုက်၏။
သူ့နောက်ကွယ်ရှိ သွေးတောင်ပံကမူ နှုတ်ခမ်းသပ်လျက် သူ၏ မျက်လုံးထဲတွင် သူတစ်ပါး ဒုက္ခရောက်သည်ကို ကျေနပ်အားရနေသည့် အကြည့်ဖြင့် ကျန်းဟိုင်မြို့ကို ငုံ့ကြည့်လိုက်၏။
အရူးတစ်သိုက်ပဲ။ သူတို့တွေက ကျန်တဲ့သူကို ရန်စရင် ရပါလျက်နဲ့ ဘာကြောင့်များ ဒီကျားကို ရန်စတာလဲ။
ရှင်းကျန်းကျားက အထွတ်အထိပ် အံ့ဖွယ်သားရဲ လက်အောက်က ကြမ်းတမ်းတဲ့ စစ်သူကြီးတစ်ယောက်ပဲ။ သူ့ရဲ့ လက်က မရေမတွက်နိုင်တဲ့ လူသားသွေးတွေနဲ့ စွန်းထင်းနေပြီးသား။ သူက ကြယ်အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ် သိုင်းပညာရှင်တစ်ယောက်လည်း ဟုတ်တယ်။ သူသာ မြေပြင်ပေါ် ဆင်းသက်လိုက်ပြီဆိုရင် နဂါးစာရင်းမှာ ထိပ်တန်းနေရာတချို့ကို သေချာပေါက် သိမ်းပိုက်နိုင်လိမ့်မယ်။
သူ တစ်ချက်လှုပ်ရှားလိုက်ရင် ဒီမြို့က ဒီနေ့ပဲ သုတ်သင်ရှင်းလင်ခံရမှာ သေချာတယ်။
ပြီးနောက် သူသည် အကြောင်းအရာပြောင်းကာ သူ၏ မျက်နှာထက်၌ ရက်စက်သော အပြုံးပေါ်လာသည်။
ဒီမှာ ရှင်းကျန်းကျားရှိနေတာကို အခွင့်ကောင်းယူပြီး ချန်ပိုင်နဂါးသွေးကြောထဲ ရောက်ပြီး သူ့ကို လှည့်စားဖို့ နည်းလမ်းတစ်ခု တွေးရမယ်။ ပြီးရင် အဲ့ဒီနဂါးသွေးကြောရအောင် ငါ့ကို ကူညီခိုင်းရမယ်။
” စီရင်စု၉ခုရဲ့ နဂါးသွေးကြောက ကမ္ဘာကြီးမှာ အသန်မာဆုံးနဂါးသွေးကြောပဲ။ ချန်ပိုင်နဂါးသွေးကြောက စီရင်စု၉ခုရဲ့ နောက်ဆုံးနဂါးသွေးကြောဆိုပေမဲ့ လျှော့တွက်လို့ မရဘူး။ ငါသာ ဒီနဂါးသွေးကြောကို ရှာနိုင်ခဲ့မယ်ဆုရင် အထွတ်အထိပ် အံ့ဖွယ်သားရဲနယ်ပယ်ကို အဆင့်တက်နိုင်မှာ သေချာတယ် ”
ရှင်းကျန်းကျားသည် ကျန်းဟိုင်မြို့၏ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ သူ ဆင်းသက်သွားသည်နှင့် ကောင်းကင်ထဲရှိ အနက်ရောင်တိမ်တိုက်သည် ကြီးမားသည့် လက်တံကြီးအဖြစ် ဖွဲ့တည်ပြီးနောက် သူနှင့်အတူ ဆင်းသက်လာတော့သည်။
အနက်ရောင်တိမ်တိုက်သည် ရှင်းကျန်းကျား၏ မြင့်မားပြီး တုတ်ခိုင်သော ခန္ဓာကိုယ်တစ်ဝိုက် ရစ်ပတ်တော့၏။ သူ ဆင်းသက်လာချိန် သူ၏ အရှိန်အဝါက ကြမ်းတမ်းလွန်းသောကြောင့် မရေမတွက်နိုင်သည့် သိုင်းပညာရှင်များသည် ခေါင်းတောင် မမော့နိုင်ပေ။
ရှင်းကျန်းကျား၏ ခွန်အားက ကြီးမားလွန်း၏။
ဘုရင်နယ်ပယ်အတွင်းတွင်တောင် သူသည် သာမန်ဘုရင်နယ်ပယ်က အလွယ်တကူ ယှဥ်နိုင်တာ မဟုတ်ပေ။
အာကာသ စစ်မြေပြင်ထဲ၌ လူသားဘုရင်နယ်ပယ်သိုင်းပညာရှင်နှင့် အံ့ဖွယ်သားရဲ သိုင်းပညာရှင် အရေအတွက်က တစ်ရာကျော် ကွာ၏။
သို့သော်ငြား ဘုရင်နယ်ပယ်သိုင်းပညာရှင် ကျွမ်းကျင်သူများစွာအနက် သူသည် ကြယ်အဆင့်သတ်မှတ်ချက်၌ အဆင့် ၉၇ ရသေးသည်။
ထိုခွန်အားအဆင့်သည် မရေမတွက်နိုင်သည့် လူများနှင့် မရေမတွက်နိုင်သော ကြယ်တာရာသားရဲများကို သူ့အား မော့ကြည့်ရစေသည်။
လူသားမျိုးနွယ်သည် ၁၀ ဘီလီယံ ကျော်သည်။ ကြယ်တာရာသားရဲများ၏ အရေအတွက်က ထိုထက်များပြားကြောင်း သိထားရပေမည်။ စုစုပေါင်း ဘီလီယံ တစ်ရာကျော်၏။
ထိုမျှများပြားသည့် အသက်အနက် ထိပ်တန်းတစ်ရာကို သိမ်းပိုက်ထားနိုင်ချေ။ ယင်းက မည်မျှ ဂုဏ်သရေရှိပြီး မျက်စိကြိမ်းလောက်ဖွယ် အောင်မြင်မှုမျိုးနည်း။
ရှင်းကျန်းကျားကလည်း အကြွင်းမဲ့ ယုံကြည်ချက် ရှိသည်။ မြေပြင်ပေါ်ရှိ လူသားများက သူ့ကို ရင်ဆိုင်ရန် ခွန်အား မရှိ။ ခြိမ်းခြောက်နိုင်မှာ မဟုတ်ဟု ယုံကြည်သည်။
သူ၏ အမြင်တွင် သူတို့က မထင်မရှား ပုရွက်ဆိတ်တစ်သိုက်သာ ဖြစ်သည်။ သူက လက်တစ်ချက်အဝှေ့ဖြင့် မြို့ကို အလွယ်တကူ ဖျက်ဆီးနိုင်သည်။
သူ၏ လက်အောက်ငယ်သားများကို ရှာတွေ့ချိန်၌ ကျန်းဟိုင်မြို့က ဖျက်ဆီးခံရမည့်အချိန်ပဲ ဖြစ်သည်။ သိပ်မကြာလိုက်ပေ။ မိနစ်အနည်းငယ်သာ လိုလိမ့်မည်။
ရှန်းကျန်းကျားသည် ကျန်းဟိုင်မြို့ကို သေမိန့်ချရန် စီစဥ်ပြီးသား ဖြစ်၏။
လီလျိုဆွေ့သည် ထိုမြင်ကွင်းကို မြင်တွေ့သည့်အချိန်၌ စိတ်နှလုံး တုန်လှုပ်ခြောက်ခြားသွား၏။ ဒါက ဝါရင့်အံ့ဖွယ်သားရဲတစ်ကောင်ရဲ့ ခွန်အားမလား။ မနေ့ကမှ သူသည် ဘုရင်နယ်ပယ်ကို ရောက်ခါစဖြစ်ပြီး ထိုနယ်ပယ်၏ စွမ်းအားကို နားလည်သဘောပေါက်နေပြီး ဖြစ်သည်။
ထိုစဥ် ကျန်းဟိုင်သိုင်းကျောင်းတော်ထဲ၌ အစွမ်းထက်သည့် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် မည်မျှ အစွမ်းထက်ကြောင်း သူ့ထက် မည်သူမှ ပိုမသိနိုင်ပေ။ ထိုသို့တိုင် ယခုအချိန်၌ ရှင်းကျန်းကျားကို တွေ့သောအခါ သူ မည်မျှ သေးငယ်ကြောင်း သိသွားလေပြီ။ ဘုရင်နယ်ပယ်ထဲ တက်လှမ်းနိုင်ခဲ့ခြင်းကလည်း ကျန်သည့်သူအတွက် အစသာဖြစ်နေ၏။ သူသည် တစ်ဖက်သူနှင့် ဝေးကွာလွန်းနေသည်။
ဖာ့ကျန်းက ကြောက်လန့်တကြား ပြောလိုက်မိ၏။
” ဓါးမော့ နတ်ဘုရား အဲ့ဒါ ဘယ်သူလဲ။ သူက ဘာကြောင့် ဒီလိုအရှိန်အဝါ ရှိနေရတာလဲ ”
လီလျိုဆွေ့က ခေါင်းခါလိုက်သည်။
” ငါလည်း မသိဘူး။ ဒါ ငါတို့ ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ဘူး ”
အာရုန်က မပြောပဲ မနေနိုင်တော့ချေ။
” ဒါဆို ငါတို့ အခု ထွက်ပြေးသင့်လား ”
” ငါတို့တွေက တစ်ဖက်သူကို အနိုင်မယူနိုင်တာက တခြားသူတွေက သူ့ကို အနိုင်မယူနိုင်ဘူးလို့ မဆိုလိုဘူး​လေ။ စိတ်ပူနေဖို့ မလိုဘူး။ ဒီကမ္ဘာကြီးမှာ အန္တရာယ်ကြီးကျရောက်လာတဲ့အချိန် ရှိတယ်။ နောင်ကျန်းဟိုင်မြို့က ဘေးအကင်းဆုံးနေရာဖြစ်မှာ သေချာတယ် ”
ဖာ့ကျန်းနှင့် အာရုန်က ထိတ်လန့်သွားမိ၏။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။
ဘုရင်နယ်ပယ်သို့ ရောက်ပြီးသည့် ဓါးမော့နတ်ဘုရား လီလျိုဆွေ့ကတောင် ထိုသို့ပြောနေ၏။ ကျန်းဟိုင်မြို့ထဲတွင် မည်ကဲ့သို့ မကောင်းဆိုးဝါးက ပုန်းနေသနည်း။
စာကြည့်တိုက်ထဲတွင် ကျန်းချန်၏ ခုံ၌ လိပ်နတ်တံဆိပ်ဖြင့် ဖိနှိပ့်ခံထားရသော သေတ္တာလေးထဲ၌ အံ့ဖွယ်သားရဲ၏ စိတ်က ရုတ်တရက် စိတ်လှုပ်ရှားသွားတော့သည်။
အစွမ်းထက်လိုက်တဲ့ အရှိန်အဟုန်ပဲ။ ဒီအရှိန်အဟုန်က ရင်းနှီးနေတယ်။ အဲ့ဒါက ရှင်းကျန်းကျားပဲ။ ဟုတ်တယ် ရှင်းကျန်းကျားကွ။ ဟား ဟား ဟား။ အဲ့ဒီကလေး ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။
ငါ သူ့ကို သဘောမကျပေမဲ့ သူက အစွမ်းထက်တယ်ဆိုတာ ဝန်ခံရမှာပဲ။
အထွတ်အမြတ်စစ်ပွဲ စနေပြီလား။
မဟုတ်သေးဘူး။ မစသေးဘူးလေ။ ဒီနေရာကို ရှင်းကျန်းကျားက သီးသန့်လာတာ ဖြစ်လောက်မယ်။ ဟုတ်တယ်မလား။
ဟား ဟား ဟား ဟား။ ထင်တဲ့အတိုင်းပဲ။ သူက ဘယ်နေရာမဆို သွားရဲတယ်။ ကြယ်အဆင့်သတ်မှတ်ချက်က အဆင့် ၉၇ ရထားတဲ့ ပါရမီရှင်။
သူက အနားမှာရှိရင် ကြီးမြတ်သော လိပ်နတ်လို အသေးအမွှားလူသားက ယှဥ်ပြိုင်ဘက် မဟုတ်ဘူး။ ဟိုလူသား မျိုးမစစ်ကိုပါ ထပ်ထည့်လိုက်ရင် သူက ကြောက်စရာ မရှိဘူး။ နောက်မှ သူ ရောက်လာတဲ့အချိန် ဒီနတ်ဘုရားက သူ့ရဲ့ ကိုယ်ပိုင် အရှိန်အဝါကို ထုတ်လွှင့်ဦးမယ်။ ဒီနတ်ဘုရားရဲ့ အရှိန်အဝါကို သူ အာရုံခံမိသွားပြီဆိုတာနဲ့ ဒီနတ်ဘုရားကို သေချာပေါက် လာကယ်မှာပဲ။
ဒီနတ်ဘုရားက အစတုန်းက ရက်အနည်းငယ်လောက် စောင့်ပြီး ဒီသောက်ချိပ်တံဆိပ်ကို ဖျက်ရမယ်လို့ တွေးနေခဲ့တာ။ ဒီနေ့ ကိစ္စကောင်း ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။
ကြည့်ရတာ ဒီနတ်ဘုရားက ဒီနေ့ ထွက်နိုင်တော့မယ်နဲ့ တူတယ်။
ထိုစဥ် ယဲ့ရှောင်ကလည်း ကျန်းဟိုင်မြို့၏ လမ်းပေါ်ရောက်နေသည်။ လမ်းမက ရှင်းလင်းနေ၏။
မြို့သူမြို့သားများအားလုံးသည် ကပ်ဘေး ကာကွယ်ရေး အဆောက်အဦးထဲ၌ ပုန်းနေလေ၏။
ယဲ့ရှောင်က ခေါင်းမော့လိုက်ပြီး ဖြည်းဖြည်းချင်း ဆင်းသက်လာနေသော ရှင်းကျန်းကျားကို ကြည့်ကာ သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွား၏။
စလိုက်ကြရအောင်။
သူ၏ ညာလက်ကို ဖြည်းဖြည်းချင်း ဆန့်တန်းလျက် လေထဲ လက်ညိုးထိုးလိုက်၏။
ချက်ချင်းပင် လျှပ်စီးက ဖြတ်ခနဲ ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ဝိညာဥ်ဓာတ်စွမ်းအားများ ချက်ချင်း စုပ်ယူခံလိုက်ရကာ ယဲ့ရှောင်၏ လက်ချောင်း၌ စုဝေးလာတော့သည်။
ပြီးနောက် ပြိုင်ဘက်ကင်း ဓါးဆန္ဒတစ်ခုက ချက်ချင်း ထွက်ပေါ်လာ၏။
ကောင်းကင် ဖွင့်လှစ်ခြင်း။
ယဲ့ရှောင်သည် ပထမဆုံး နတ်ဘုရားသတ်ကျင့်စဥ်ကို ပေါင်းစည်းခဲ့တာ ဖြစ်သည်။
သူသည် ထိုနတ်ဘုရားကျင့်စဥ်ကို အချိန်အတော်ကြာ အသုံးမပြုခဲ့ပေ။ အကြောင်းမှာ ၄င်းကို အသုံးပြုခြင်းဖြင့် ဆူညံမှုများစွာ ဖန်တီးမိပြီး ဟိတ်ကြီးဟန်ကြီး ဖြစ်သွားမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ယနေ့ သူသည် ရှင်းကျန်းကျားကို ကြုံတွေ့ရသောကြောင့် စမ်းကြည့်ချင်၏။
​ကောင်းကင်ခွင်းသိုင်း ထုတ်ဖော်လိုက်ပြီဆိုတာနဲ့ သူနဲ့ ဘယ်သူက ယှဥ်နိုင်မှာလဲ။
မျက်တောင်တစ်ခတ်အတွင်း ကျန်းဟိုင်တစ်မြို့လုံးရှိ အံ့ဖွယ်ဂိုဏ်း၏ အဆင့်အထက်တွင်ရှိသော သိုင်းပညာရှင်များအားလုံးက ထိုတိုက်ကွက် မူမမှန်ကြောင်း အာရုံခံမိသည်။
” ဟိုလီရှစ် ( သောက်ပလုတ်တုတ် ) ”
ငါးကန်ကို သန့်ရှင်းရေး လုပ်နေသော ကျန်းချန်က ကျိန်ဆဲမိသွား၏။
ယဲ့ရှောင် တိုက်ခိုက်တော့မည်မှန်း သူ သိနေသော်ငြား ယဲ့ရှောင်၏ တိုက်ကွက်က ထိုအဆင့် ရောက်နေလိမ့်မည်ဟု သူ မထင်ထားပေ။
သို့သော်ငြား သူသည် ထိုတိုက်ကွက်ရှေ့၌ မထင်မရှား ပုရွက်ဆိတ်လေးတစ်ကောင်ပမာ ဖြစ်သွား၏။ ဓါးမော့နတ်ဘုရား လီလျိုဆွေ့တောင် တုန်ယင်နေသည်။
” သိပ်အစွမ်းထက်တာပဲ ”
ယဲ့ရှောင်သည် သူ၏ ဓါးဆန္ဒကိုသာ သိပ်သည်းရသေး၏။ ကျန်းဟိုင်တစ်မြို့လုံး တိတ်ဆိတ်။ တိတိကျကျ ပြောရလျှင် မိုင်တစ်ထောင်အတွင်း ဖြစ်လောက်သည်။ ယခုအချိန်တွင် အားလုံးက ထိုတိုက်ကွက်ကြောင့် ပိတ်မိသွားကြ၏။ မူလက သူသည် ရှင်းကျန်းကျားကြောင့် ထိတ်လန့်နေခဲ့တာ ဖြစ်၏။ သို့သော် ယဲ့ရှောင်ကို ကြည့်မိသည့်အချိန်၌ ရှင်းကျန်းကျား မည်မျှများစွာ လိုအပ်မည်မှန်း သူ မသိတော့ပေ။
ဓါးရောင်ခြည်သည် ကျန်းဟိုင်မြို့ထဲက ပေါ်ထွက်လာပြီးနောက် ကောင်းကင်ဆီသို့ ဦးတည်သွား၏။ ထိုစဥ် ကမ္ဘာကြီးထဲ၌ ထိုဓါးသာလျှင် ကျန်ရစ်ခဲ့သည်။

အပိုင်း ၂၈၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset