စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၇၈ လောဘကြီးခြင်း။ အစစ်အမှန် နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းခြင်း။
” နောက်ကျနေပြီ။ မြန်မြန် အောက်မှာ ပြုပြင်မှုတွေ စတင်ရအောင်။ အပြင်မှာ စောင့်နေတဲ့ မြို့သူမြို့သားတွေ အများကြီး ရှိနေတယ် ”
” ဟုတ်သားပဲ။ အခုချက်ချင်း စတင်ပြုပြင်လိုက်မယ် ”
လီလျိုဆွေ့က ပြန်လည်ပြင်ဆင်ရန်အတွက် အောက်သို့ ဆင်းသွားသည့် ပထမဆုံးသူ ဖြစ်သည်။ ပေ့ထျန်းစီက လက်သီးဆုပ်မိုးလျက် နှုတ်ဆက်စကား ပြောလိုက်သည်။
” ဒီနေရာက ကိစ္စတွေ ဖြေရှင်းပြီးပြီဆိုတော့ ကျုပ် အရင်သွားတော့မယ်။ ကျုံးစီရင်စုမှာ အံ့ဖွယ်ချီရှန်းတစ်ယောက် မရှိလို့ မဖြစ်ဘူးလေ။ ဒါ့အပြင် မစ္စတာယဲ့ ထုတ်ဖော်ခဲ့တဲ့ မွန်မြတ်သော အထွတ်အမြတ် အလင်းတန်းက ကျုပ်ကို ဉာဏ်အလင်း ပွင့်စေခဲ့တယ်။ ပြန်ရောက်တဲ့အချိန် ဘုရင်နယ်ပယ်ကို အဆင့်တက်အောင် ကြိုးစားဖို့ အခွင့်အရေးတစ်ခု ရှိလောက်မယ် ”
” ထပ်တွေ့မယ် ”
” ထပ်တွေ့တာပေါ့ ”
ပေ့ထျန်းစီက လှည့်ထွက်သွားတော့၏။
ယဲ့ရှောင်နှင့် ကျန်းချန်သည် စာကြည့်တိုက်ဝင်ပေါက်ဆီသို့ ဆင်းသက်ပြီး ဖြစ်နေ၏။ ကျန်းချန်က မမေးပဲ မနေနိုင်တော့ချေ။
” မင်း အိမ်မပြန်ဘူးလား ”
” ကျွန်တော် ကိုယ်ရေးကိုယ်တာကိစ္စတချို့ ရှိသေးလို့ပါ ”
ယဲ့ရှောင်သည် သူ ကောင်းကင်ထဲတွင် ရှိစဥ်က သူ၏ မွေးမြူရေးခြံ ဖျက်ဆီးခံလိုက်ရကြောင်း အာရုံခံမိ၏။ သို့သော် ကြယ်တာရာသားရဲများက မထွက်ပြေးခဲ့ပေ။
သူသည် ထိုအတွက် အကြောင်းအရင်းကို မသိသော်ငြား အောက်ဆင်းပြီး အစီအရင်ကို ပြုပြင်ရဦးမည်။
မဟုတ်လျှင် အံ့ဖွယ်ချီရှန်းအဆင့်ရှိ ထိုကြယ်တာရာသားရဲများက လွတ်မြောက်သွားခဲ့ပါက သူတို့က သေချာပေါက် ပြဿနာများစွာ ရှာလိမ့်မည်။
” ပုဂ္ဂိုလ်ရေးကိစ္စတချို့လား ”
ကျန်းချန်က သူ့ကို ဇဝေဇဝါ ကြည့်လိုက်မိ၏။
ယဲ့ရှောင်သည် ရုပ်ထုအောက်ရှိ အက်ကွဲကြောင်းကို လက်ညိုးထိုးပြလိုက်သည်။
” ကျွန်တော် ကြယ်တာရာသားရဲတချို့ကို ဒီမှာ မွေးထားတယ်လေ။ ကျွန်တော့်ရဲ့ စွမ်းအင်ကို ဖြေဖို့ သူတို့ကို သုံးနေတာ ”
” အို … မင်းက ဒီလို အေးအေးဆေးဆေး ဇိမ်ကျကျ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ တစ်ချက်ကြည့်ရအောင်။ ငါ့ကို ခေါ်သွားကြည့်။ ဘယ်လိုထားထားလဲလို့ ”
ကျန်းချန်သည် အပြုံးဖျော့ဖျော့ဖြင့် ယဲ့ရှောင်နောက်သို့ လိုက်သွားလိုက်၏။
သို့သော်ငြား အောက်ရှိ ကြယ်တာရာသားရဲများကို မြင်သည့်အချိန်၌ သူ၏ မျက်နှာပေါ်ရှိ အပြုံးက တောင့်ခဲသွားလေ၏။
သူ ဘာမြင်လိုက်ရတာလဲ။
ကြယ်တာရာသားရဲတစ်စု။ သူတို့ထဲ၌ အားအနည်းဆုံးက ရှန်းထျန်းနယ်ပယ် ဖြစ်သည်။ သူတို့အနက် ရှန်းထျန်းနယ်ပယ် နဝမအဆင့်၏ အထွတ်အထိပ်တွင်ရှိသည့် ကြယ်တာရာသားရဲများနှင့် အံ့ဖွယ်အဆင့်အောက် သားရဲများလည်း ရှိသည်။
နောက်နေတာလား။ သူက ရှန်းထျန်းနယ်ပယ် သတ္တမအဆင့် ကြယ်တာရာသားရဲတစ်ကောင်ကိုပဲ ထိန်းထားတာဆိုရင် သူ အနည်းနှင့်အများ နားလည်နိုင်သေးတယ်။ ပြောရရင် ယဲ့ရှောင်ရဲ့ ခွန်အားက ကြီးလွန်းနေတာ။ ဘုရင်နယ်ပယ်ကို ရောက်နေပြီလေ။
ဒါပေမဲ့ ပေ့ထျန်းစီက ဒီလအတွင်းမှာမှ ယဲ့ရှောင်က ဘုရင်နယ်ပယ်ကိုအဆင့်တက်ခဲ့တာလို့ ပြောထားတယ်လေ။ ဒါမတိုင်ခင်က သူက ဘုရင်နယ်ပယ်အောက်ပဲ ရှိသေးတာ။ သူက နဝမအဆင့် ရှန်းထျန်းနယ်ပယ် အထွတ်အထိပ် ဒါမှမဟုတ် ဘုရင်နယ်ပယ်အဆင့်အောက်မှာဆိုရင်တောင် ဘုရင်နယ်ပယ်အောက်မှာပဲ ရှိနေဦးမှာ။ အစစ်အမှန် ဘုရင်နယ်ပယ်မှ မဟုတ်သေးတာ။ ဒီလောက်များတဲ့ အဆင့်မြင့် ကြယ်တာရာသားရဲတွေကို ဘယ်လိုများ လက်အောက်ခံအောင် လုပ်နိုင်ရတာလဲ။
အထူးသဖြင့် အံ့ဖွယ်ဂိုဏ်း နဝမအဆင့် အထွတ်အထိပ်နဲ့ အံ့ဖွယ်အဆင့်အောက် ကြယ်တာရာသားရဲတွေပဲလေ။ သူတို့ရဲ့ ကျင့်ကြံဆင့်က မြင့်ရုံတင်မကဘူး ကြယ်တာရာသားရဲ သိုင်းပညာရှင်တွေကြားထဲမှာ သူတို့က ဂုဏ်မောက်တယ်။
အဲ့ဒီဂုဏ်သိက္ခာရှိနေသရွေ့ သူတို့တွေက ယဲ့ရှောင် ပျိုးထောင်တာကို လိုလားမှာ မဟုတ်ဘူး။
လူသားပညာရှင်တချို့က အညံ့ခံရမှာထက် သေလိုက်ကြတာလေ။ ကြယ်တာရာသားရဲတွေက ဘယ်လိုလုပ် ဒီလောက် အရှက်မဲ့ရတာလဲ။
” စီနီယာ လိပ်နတ်။ ကျွန်တော့် အစီအရင်ကို သွားပြင်ဆင်လိုက်ဦးမယ် ”
ယဲ့ရှောင်၏ အသံသည် ကျန်းချန်ကို ထိတ်လန့်နေရာကနေ သတိဝင်လာစေ၏။ သူက ခေါင်းညိတ်ကာ အမြန်ပြောလိုက်တော့၏။
” အော် … ဟုတ်ပြီ။ မင်း သွားလိုက် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူသည် လေဟာနယ်ထဲ ဝင်ရောက်ကာ စတင်ပြင်ဆင်၏။
ကျန်းချန်သည် ဖြစ်ပျက်နေတာကို ဆက်မကြည့်နိုင်တော့ပေ။ သူက ခေါင်းခါပြီး သက်ပြင်းချလိုက်၏။ သူ့ဘာ့သာသူ ပြုံးလိုက်မိတော့သည်။
တကယ်ပဲ ဆိုရိုးစကားရှိတဲ့အတိုင်း မျိုးဆက်အသစ်တွေက အရင်မျိုးဆက်ကို ကျော်တက်သွားတာ။ အရင်မျိုးဆက်တွေက ကမ်းခြေမှာ သေဆုံးကြတယ်။ ငါ အသက်ကြီးနေပြီ။ ငါ ထပ်ပြီး မသွားနိုင်တော့။ ဟူး။
ထိုသို့ပြောပြီးနောက် သူက လက်နောက်ပစ်ထားလျက် စာကြည့်တိုက်ဆီသို့ ပြန်လျှောက်သွား၏။
ယဲ့ရှောင်သည် မွေးမြူရေးခြံသို့ ဆင်းလာပြီး အစီအရင်ကို ပြုပြင်ပေး၏။ ယခုအခေါက်တွင် သူက တော်ဝင်အဆင့်၏ အပြည့်အဝကို ပြသရန် အစီအရင် ဝိညာဥ်ကျောက်တုံးများ လုံလုံလောက်လောက် ထည့်ခဲ့သည်။
တစ်နည်းဆိုရလျှင် ယခုအချိန်မှစကာ ဧကရာဇ်နယ်ပယ်ရှိ လူသားသိုင်းပညာရှင်များ သို့မဟုတ် အထွတ်အထိပ် အံ့ဖွယ်သားရဲနယ်ပယ် ကြယ်တာရာသားရဲများသာလျှင် ဤအစီအရင်ကို ဖြိုခွင်းနိုင်မှာ ဖြစ်သည်။ ကျန်သည့်သူများက ၄င်းကို ဖြိုခွင်းနိုင်မှာ မဟုတ်ပေ။
ထိုသို့ပြုလုပ်ပြီးနောက် ယဲ့ရှောင်သည် မွေးမြူရေးကွင်းဆီသို့ ဆင်းသက်လာ၏။ ကြယ်တာရာသားရဲများက သူ့ကို ချက်ချင်း ကြိုဆိုကြသည်။
” သခင် ဒီမှာပဲ ”
” သခင် အဆင်ပြေရဲ့လား။ အပေါ်က တိုက်ပွဲက ပြင်းထန်လွန်းတာ။ ဒဏ်ရာ မရဘူးမလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ သူက
ချင်းနျိုနှင့် ဖုန်းလုံ၏ ခေါင်းဆီ အကြည့်ရောက်သွားသည်။
” မင်းတို့ ခေါင်းတွေ ဘာဖြစ်တာလဲ။ သူတို့ ဘာကြောင့် ဒဏ်ရာဆိုးဆိုးဝါးဝါး ရထားတာလဲ ”
ချင်းနျိုနှင့် ဖုန်းလုံက ချောင်းအနည်းငယ် ဟန့်ပြီးနောက် အနေခက်သွားသည်။
” အမ်း ဘာမှမဟုတ်ပါဘူး။ ကျုပ်တို့နှစ်ယောက် ကိုယ့်ဘာ့သာကို ယှဥ်ပြိုင်ချင်ကြတာ။ ဒါပေမဲ့ အဆုံးကြ တစ်ယောက်နှင့်တစ်ယောက် မတော်တဆ ဒဏ်ရာရအောင် လုပ်မိသွားတယ်။ ဒဏ်ရာအသေးအမွှားလေးပါပဲ။ သခင် ဖြေရှင်းပေးဖို့ မလိုပါဘူး ”
ယဲ့ရှောင်က သူတို့ကို ထုတ်ဖော်ခြင်း မပြုပေ။
သူ၏ အမြင်အာရုံအရ သူတို့ခေါင်းပေါ်၌ ဓါးဒဏ်ရာသည် လီလျိုဆွေ့၏ ဓါးမော့ကြောင့်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။
နှစ်ယောက်သားသည် အစောတုန်းက ထွက်ပြေးချင်ခဲ့၏။ သို့သော်ငြား သူတို့သည် လီလျိုဆွေ့၏ ဓါးမော့ဖြင့်သာ ပိုင်းဖြတ်ခံလိုက်ရ၏။
ကြယ်တာရာသားရဲများကို သိမ်းသွင်းရာ၌ အာဏာနှင့် ပျော့ပြောင်းမှု လိုအပ်သည်။ နှစ်ယောက်လုံးသည် ထိခိုက်သွားပြီး သင်ခန်းစာရနေပြီ ဖြစ်သောကြောင့် သူတို့ကို အကြမ်းဖက်ရန် မလိုအပ်တော့ပေ။
ထိုကြယ်တာရာသားရဲနှစ်ကောင်ကို ကုသပေးရန် ဂါထာတစ်ခုကို ရွတ်ဆိုလျက် ယဲ့ရှောင်က ပါးစပ်ဟကာ ပြောလိုက်တော့သည်။
” မင်းတို့အားလုံး ဒီတစ်ခေါက် ကောင်းကောင်းဆောင်ရွက်ခဲ့တယ်။ မင်းတို့ကို ဆုချီးမြှင့်ဖို့အတွက် မင်းတို့ရဲ့ သွေးနဲ့ အသားတွေ စတေးစရာ မလိုပဲ တစ်ပတ်အနားယူလို့ရပြီ။ ဒါ့အပြင် မင်းတို့ရဲ့ ခွန်အား တိုးမြင့်အောင်လို့ ဝိညာဥ်ဆေးပင်တစ်သုတ်လည်း ဆုချီးမြှင့်မယ် ”
ကြယ်တာရာသားရဲများ၏ မျက်လုံးက ရုတ်တရက် လက်သွားတော့သည်။
ကောင်းလိုက်တာ။ သူတို့ရဲ့ သွေးနဲ့ အသားကို ပေးဖို့မလိုအပ်ပဲ ဆုတောင် ရဦးမယ်။ ဘယ်လောက်တောင် ကျေနပ်ဖို့ ကောင်းလိုက်မလဲ။ သူတို့ ထွက်မပြေးခဲ့တာ ကံကောင်းတယ်။ မဟုတ်ရင် သူတို့တွေ ဆုံးရှုံးမှုကြီး ခံစားရမှာ။ ချင်းနျိုနဲ့ ဖုန်းလုံကို ကြည့်လေ။ သူတို့တွေ အပြင်ရောက်ပြီးတော့ မထွက်ပြေးနိုင်ခဲ့ဘူး။ တစ်ဖက်သူရဲ့ ပိုင်းဖြတ်တာတောင် ခံလိုက်ရသေးတယ်။ အလဟသ အခုတ်ခံလိုက်ရတာပဲ။
ယဲ့ရှောင်သည် မိုးနှင့်မြေရတနာအဆင့်ရှိ ဝိညာဥ်ဆေးပင်တစ်ပုံကို ပစ်ထုတ်ပေးပြီးနောက် သူက မွေးမြူရေးကွင်းထဲကနေ ထွက်သွားကာ ကျန်းဟိုင်မြို့ထဲ မြေကမ္ဘာခွင်း ကောင်းကင်ခုနှစ်စင်ကြယ် အစီအရင်ကို တည်ဆောက်လိုက်၏။
ဤနည်းဖြင့် ကျန်းဟိုင်မြို့သည် နောင်ကြ ပြဿနာတစ်ခုခု ကြုံတွေ့ရလျှင် သူတို့က အစီအရင်ကို ချက်ချင်း အသက်သွင်းနိုင်လိမ့်မည်။ မြို့သူမြို့သားများသည် သူတို့အိမ်ထဲတွင်သာ ပုန်းနေရန် လိုအပ်၏။ ဒဏ်ရာရမှာကို စိုးရိမ်ပူပန်ရန် မလိုအပ်တော့ချေ။ ထို့အပြင် အဆောက်အဦးများက ထိခိုက်တော့မှာ မဟုတ်။
ယဲ့ရှောင်သည် အကြိမ်တိုင်း၌ ကုသခြင်းကျင့်စဥ် အသုံးပြုရမည့် ဒုက္ခမှလည်း သူ့ကိုသူ ကယ်တင်နိုင်မည် ဖြစ်သည်။
သူ၏ လက်ရှိ ကျင့်ကြံမှုက အလွန်မြင့်ပြီး သူ၏ အရှိန်က အလွန်မြန်၏။ ထိုအရာအားလုံး အပြီးသတ်နိုင်အောင် တစ်နာရီသာ အချိန်ယူရမည်။
ပြီးနောက် သူသည် တရားထိုင်ပြီး ကျင့်ကြံရန်အတွက် အိမ်သို့ ပြန်သွားမည်။
ယခုအချိန်တွင် ယဲ့ရှောင်၌ အချို့တဲ့ဆုံးက နားလည်သဘောပေါက်ခြင်းပဲ ဖြစ်သည်။ သူသာ နောက်ဆုံး နားလည်သဘောပေါက်မှု ပြီးမြောက်သွားသည်နှင့် ဧကရာဇ်နယ်ပယ်သို့ သေချာပေါက် အဆင့်တက်နိုင်လိမ့်မည်။
ထိုသို့ ဆင်ခြင်သုံးသပ်မှုကို မည်သည့်နေရာကနေ စရမည်မှန်း မသိပေ။
ဘုရင်နယ်ပယ်သို့ အဆင့်တက်သွားချိန်၌ သူသည် မသေမျိုး စစ်သည်၏ အုတ်ဂူကနေ အသိတရားအချို့ သိရှိခဲ့ရသည်။ သို့သော် ယင်းက ဘုရင်နယ်ပယ်ဖြစ်ပြီး ဧကရာဇ်နယ်ပယ် မဟုတ်ပေ။
ဘုရင်နယ်ပယ်နှင့် ဧကရာဇ်နယ်ပယ်ကြား ကွာဟချက် ရှိသည်။ ဘုရင်နယ်ပယ်က နယ်မြေသိမ်းပိုက်ခြင်းဖြစ်ပြီး သူက နယ်မြေ၏ အုတ်စိုးသူ ဖြစ်သည်။
ဧကရာဇ်သည် လောက၏ အုတ်စိုးသူ ဖြစ်သည်။ တစ်လောကလုံးက သူ့နယ်မြေပဲ ဖြစ်သည်။
ကမ္ဘာပေါ်တွင် သူ့ကို ကျော်နိုင်သည့်သူ မရှိပေ။ ထို့ကြောင့် ဘုရင်နယ်ပယ်မှ အသိအမြင်များသည် ဧကရာဇ်နယ်ပယ်ဆီ အဆင့်တက်ရန်အတွက် မသင့်တော်ပေ။
” ငါက ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို ရှာနိုင်ခဲ့မယ်ဆိုရင် ငါ့ရဲ့ နောက်ဆုံး ပဟေဠိကို ဖြေရှင်းနိုင်အောင် သူတို့ ကူညီပေးနိုင်လောက်မယ်။ အခု မြေပြင်ပေါ်မှာ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင် မရှိဘူး။ ငါ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်ကို ရှာချင်တယ်ဆိုရင် နေရာတစ်ခုပဲ ရှိတယ် ”
ယဲ့ရှောင်က ခေါင်းမော့လိုက်ပြီး ကြယ်ဆုံသော ကောင်းကင်ကို ကြည့်လိုက်၏။
အာကာသ စစ်မြေပြင်။
သူ အာကာသ စစ်မြေပြင်ကို သွားရတော့မှာလား။
သူ၏ လက်ရှိ ခွန်အားဖြင့် သူက အာကာသစစ်မြေပြင်ကို သွားခဲ့လျှင် သူက အံ့ဖွယ်သားရဲနှင့် မကြုံတွေ့ရသရွေ့ အန္တရာယ်များမှာ မဟုတ်ပေ။
ဧကရာဇ်နယ်ပယ်သို့ အဆင့်တက်လှမ်းနိုင်ရန် အနည်းငယ် စွန့်စားပြီး အာကာသစစ်မြေပြင်ကို သွားတာက ပုံမှန်ပဲ ဖြစ်၏။
သို့သော်ငြား သူက အာကာသစစ်မြေပြင်သို့ မသွားဖူးပေ။ ထို့ကြောင့် ထိုနေရာရှိ အခြေအနေက မည်သို့ရှိမှန်း မသိပေ။ လူသားဧကရာဇ် သိုင်းပညာရှင်များ မည်သည့်နေရာတွင် ရှိမှန်းလည်း သူ မသိ။
အဆင်အခြင်မဲ့စွာ သွားလျှင် အဆင်မပြေလောက်ပေ။
သူက နောက်တစ်နေ့ အလုပ်သွားသည့်အချိန်၌ ဒါရိုက်တာကို သူ့အတွက် လမ်းကြောင်းတစ်ခု မေးနိုင်လောက်မည်။
အနောက်အရပ်ရှိ အမေရိက၏ ချောက်ကမ်းပါးထဲတွင် ဖြစ်သည်။ သနားစဖွယ် နဂါးတစ်ကောင်၏ အော်သံက ကောင်းကင်ထဲ ပေါ်ထွက်နေ၏။ နဂါး၏ အရိပ်က မြေပြင်အထက် လေထုထဲကနေ ပေါ်ထွက်လာသည်။
၄င်းက ရုန်းကန်ပြီး ထွက်ပြေးချင်၏။ သို့သော်ငြား မထွက်ပြေးနိုင်ပေ။ ဧရာမကျား၏ ခန္ဓာကိုယ်သည် အောက်ခြေကနေ ပေါ်ထွက်လာပြီးနောက် ဧရာမနဂါးကို ကိုက်ဖဲ့ကာ သူ့ကို မြဲမြံစွာ ချုပ်ထားလျက် မြေကြီးပေါ် ဆွဲချလိုက်သည်။
ဝေါင်း ဝေါင်း ဝေါင်း။
ဧရာမနဂါးက ထပ်မံ အော်ဟစ်ပြီးနောက် မလိုလားမှုများ ပြည့်နေသည်။
အဆုံးတွင်မူ မခုခံနိုင်တော့ပဲ ရက်စက်သော ကျားကို နောက်ဆုံး၌ အညံ့ခံလိုက်ရ၏။
ကြီးမားသည့် နဂါးသည် သိုလှောင်လက်စွပ်ထဲ စုပ်ယူခံလိုက်ရပြီး ကြမ်းတမ်းသော ကျားက လူအသွင် ပြန်ပြောင်းသွား၏။ ယင်းက ရှင်းကျန်းကျားပဲ ဖြစ်သည်။
ဖြောင်း ဖြောင်း ဖြောင်း။
လက်ခုပ်တီးသံ ပေါ်ထွက်လာပြီး သွေးတောင်ပံသည် အမှောင်ထုထဲကနေ ဖြည်းဖြည်းချင်း လျှောက်လာလျက် သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသည့်အပြုံး ရှိနေလေ၏။
” ကြယ်အဆင့်သတ်မှတ်ချက်မှာ အဆင့် ၉၇ ရထားတဲ့ နာမည်ကျော်ကြားတဲ့ ရှင်းကျန်းကျားက ထင်တဲ့အတိုင်းပဲ။ နဂါးသွေးကြောကို မင်း အလွယ်တကူ ယူလိုက်နိုင်တာပဲ။ ငါသာဆိုရင် အရိုက်ခံရလောက်တယ် ”
ရှင်းကျန်းကျားက နှာခေါင်းရှုတ်လိုက်၏။
” ထူးထူးဆန်းဆန်း ပြုမူနေတာ ရပ်လိုက်တော့။ ဒါက ၁၇ခုမြောက် နဂါးသွေးကြောရှိနေပြီး နဂါးသွေးကြောတွေ အများကြီးပဲ။ မင်းအတွင် လုံလောက်လောက်ပြီမလား။ ငါ့ကို စီရင်စု ၉ ခုဆီ ခေါ်သွားနိုင်မလား ”
” ရတာပေါ့။ ဒီနဂါးသွေးကြောတွေနဲ့ဆို ငါတို့နှစ်ယောက် စီရင်စု၉ခုကို လုံလုံခြုံခြုံ သွားနိုင်ပြီ။ ဒီည ငါ့ဒဏ်ရာကို ကုသဖို့ နဂါးသွေးကြောကို သုံးပြီးသွားရင် မနက်ဖြန် စီရင်စု၉ခုကို သွားမယ် ”
” မင်း ငါ့ကို မလှည့်စားရင် ကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းရဲ့ ခေါင်းကို ဖြတ်ပစ်မှာ”
ရှင်းကျန်းကျားက နှာခေါင်းရှုတ်ပြီးနောက် မျက်လုံးမှိတ်လျက် အနားယူရန် ချောက်ကမ်းပါးထဲသို့ ချက်ချင်း ခုန်ဆင်းလိုက်၏။
သွေးတောင်ပံ၏ နှုတ်ခမ်းက အနည်းငယ် ကွေးတက်သွားသည်။
သူ နဂါးသွေးကြောများကို စုဆောင်းချင်ရသည့် အကြောင်းအရင်းက နဂါးသွေးကြောကို သုံးပြီး သူ၏ ခန္ဓာကိုယ်ကို သန့်စင်ချင်သောကြောင့် ဖြစ်သည်။
နဂါးသွေးမျိုးနွယ်သည် ကြယ်တာရာသားရဲများကဲ့သို့ သွေးသန့်ကြယ်တာရာသားရဲများ မဟုတ်ပေ။ ထို့ကြောင့် သွေးမျိုးနွယ်၏ ခန္ဓာကိုယ်ထဲ၌ လူသားသွေးမျိုးဆက် တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ လူသားသွေးမျိုးဆက်၌ နတ်ဘုရားသွေး ရှိ၏။ သူသည် နဂါးသွေးကြောကို သုံးကာ သူ့ကို သန့်စင်အောင် ကူညီပေးလျက် သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေးကို နိုးထအောင် လုပ်ချင်သည်။
ဤနည်းဖြင့် သူ၏ ခွန်အားတိုးလာမည်ဖြစ်ကာ အနည်းဆုံးတော့ အံ့ဖွယ်နယ်ပယ်သို့ရောက်ရန် အခွင့်အရေး ရှိလာလိမ့်မည်။ သူ ထိုနယ်ပယ်သို့ ရောက်သည့်အချိန်၌ စီရင်စု၉ခုကို သွားကာ ထိုနဂါးဖြူသွေးကြောကို ယူနိုင်လိမ့်မည်။ ပြီးနောက် သူသည် ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေးကို အပြည့်အဝ အသက်သွင်းလျက် အံ့ဖွယ်နယ်ပယ်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ ယင်းက ပြဿနာတစ်ရပ် မဟုတ်ပေ။
အထွတ်အထိပ် အံ့ဖွယ်သားရဲသည် လူသားဧကရာဇ်နယ်ပယ်နှင့် ယှဥ်နိုင်သည့်သူ ဖြစ်၏။ သို့သော်ငြား လူသားလောက၌ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင် မရှိသေးပေ။
တစ်နည်းဆိုရလျှင် သူ့ကို ခုခံနိုင်သည့်သူမရှိ။
ထိုအချိန်ရောက်လျှင် သူက လူသားမျိုးနွယ်ကို စုဆောင်းပြီး သူတို့ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေးများကို သန့်စင်ကာ သားရဲကပ်ဘေး ရောက်မလာခင် သုံးစွဲနိုင်လိမ့်မည်။ ထိုအချိန်ကြ သူ၏ ခွန်အားသည် ရှေ့ဆက်တိုးသွားမှာပဲ ဖြစ်သည်။ အထွတ်အထိပ် အံ့ဖွယ်သားရဲများက လူသားကမ္ဘာသို့ ရောက်လာပေလျှင် သူ ဘာမှ စိုးရိမ်ပူပန်စရာ ရှိတော့မှာမဟုတ်။ ယင်းက သူ အစကတည်းက ချမှတ်ထားသော ပန်းတိုင်နှင့် အစီအစဥ် ဖြစ်သည်။
ထိုသို့ပြုလုပ်ချင်ပါက သူ၏ ကိုယ်ပိုင် ထိန်းချုပ်သူ ရှိရမည်။ သူသည် ကျန်သည့် မြင့်မြတ်သော သားရဲများ၏ အစေခံ မဖြစ်ချင်ပေ။
သူ ဒေသတစ်ခုကို ထိန်းချုပ်ကာ သူတို့နှင့် အဆင့်တူတူ၌ ထိုင်ချင်၏။ မျိုးဆက်တစ်ဆက်၏ အထွတ်အထိပ် သိုင်းပညာရှင်တစ်ဦး ဖြစ်ချင်သည်။
ဒီကမ္ဘာရဲ့ လူသားမျိုးနွယ်က ငါ့အပိုင်ပဲ။ နောက်ဆုံးအောင်ပွဲက ငါ သွေးလင်းနိူ့ရဲ့ အပိုင်ပဲ။
အပိုင်း ၂၇၈ ပြီး၏။