စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၇၃ နဂါးသွေးကြောထဲ ဝင်ရောက်ခြင်း။ နတ်ဘုရားသွေး နိုးထစေခြင်း။
လူအုပ်ကြီး၏ ဆွေးနွေးမှုကို လျစ်လျူရှုထားလျက် ယဲ့ရှောင်သည် ကောင်းကင်လှေကား၏ အဆုံးသို့ ရောက်နေပြီ ဖြစ်သည်။
အဖြူရောင် နဂါးသွေးကြောရှည်ကြီး၏ ထိပ်၌ ရေအိုင်တစ်အိုင်ရှိနေလေ၏။ ၄င်းက ကျောက်စိမ်းပမာ ကြည်လင်နေပြီး ကောင်းကင်ထဲရှိ ကြယ်များ ရောင်ပြန်ဟပ်နေတော့သည်။ ယင်းမျက်နှာပြင်က ကြေးမုံတစ်ချပ်ပမာ လောကနှစ်ခုကို ပိုင်းခြားထားလေ၏။
ယဲ့ရှောင်သည် ရေအိုင်ထဲ၌ ကူးခတ်နေသော ဧရာမခန္ဓာတစ်ခုကို ဝေဝါးဝါး မြင်နိုင်၏။ ၄င်းက ကြီးမားလွန်းသောကြောင့် ယဲ့ရှောင်သည် ဤနေရာကနေ ၄င်းတစ်ကိုယ်လုံးကိုတောင် မမြင်နိုင်ပေ။
တွေဝေမနေပဲ ယဲ့ရှောင်သည် အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် ခုန်ချလိုက်၏။ နောက်တစ်စက္ကန့်၌ သူသည် အဆုံးမဲ့ ချောက်နက်ထဲ ခုန်ချလိုက်သည့်ပမာ ခံစားလိုက်ရတော့၏။
သူ့နားရှိ မြင်ကွင်းများကလည်း ဆက်တိုက် ပြောင်းလဲနေ၏။ အဆုံးတွင်မူ ယဲ့ရှောင်က မြေအောက်ဂူထဲ ရောက်သွားတော့သည်။
ထိုနေရာ၌ သိပ်သည်းသော ဝိညာဥ်စွမ်းအင်များ ပြည့်နေ၏။ သိပ်သည်းလွန်းသောကြောင့် ပတ်ဝန်းကျင်ရှိ ကျောက်နံရံများက ကျောက်စိမ်းအဖြစ် စတင်ပြောင်းလဲနေပြီး ဝိညာဥ်စွမ်းအား သိပ်သည်းမှု အလွန်မြင့်မားသည့် ဝိညာဥ်ကျောက်တုံးများအဖြစ် ပြောင်းလဲသွား၏။
ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ ကျင့်စဥ်အချို့သည် ဆက်တိုက် လှည့်ပတ်နေလေ၏။ ထိုကဲ့သို့ သိပ်သည်းသည့် စုပ်ယူအားသည် သူ၏ ကျင့်ကြံခြင်းကို ပကတိ မျက်လုံးဖြင့် မြင်နိုင်သည့်နှုန်းဖြင့် တဖြည်းဖြည်းချင်း မြင့်တက်သွားစေ၏။ မကြာမီ၌ ရွှေရောင်ပုံရိပ်ကြီးတစ်ခုက ယဲ့ရှောင်ရှေ့၌ ဖြည်းဖြည်းချင်း ပေါ်လာ၏။
” နှစ်ပေါင်းထောင်ချီလား။ မင်းလိုလူမျိုး လူသားမျိုးနွယ်ထဲမှာ ပေါ်ပေါက်လာလိမ့်မယ်လို့ ငါ တကယ်မထင်ထားမိဘူး။ ငါ့ကို အံ့သြစေတာပဲ ”
ယဲ့ရှောင်သည် သူ့ရှေ့ရှိ နဂါးပုံရိပ်က အစောတုန်းက ရေအိုင်အောက်ခြေထဲ၌ ကူးခတ်နေသူဖြစ်ကြောင်း သိ၏။ ယင်းက ဤနဂါးသွေးကြော၏ အသိစိတ်လည်း ဖြစ်သည်။
” ဂျူနီယာ ယဲ့ရှောင်က စီနီယာကို နှုတ်ဆက်ပါတယ် ”
” ဒီလို ထုံးစံတွေ လုပ်နေဖို့ မလိုဘူး။ မင်းက သိပ်ငယ်ရွယ်သေးတာပဲ။ ဒါတောင်မှ ဘုရင်နယ်ပယ်ကို တက်လှမ်းနိုင်ပြီးပြီ။ မင်းရဲ့ ခန္ဓာကိုယ်ထဲက နတ်ဘုရားသွေးက ဒီလောက် အနေအထားထိ တက်လာနိုင်ဖို့ဆိုတာ ခက်ခဲလှတာ။ နတ်ဘုရားတွေကြားထဲမှာတောင် မင်းက လက်ရှိခေတ်ရဲ့ ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်လို့ ရနိုင်တယ် ”
ယဲ့ရှောင်က အနည်းငယ် မင်သက်သွား၏။ နဂါးသွေးကြောသည် နတ်ဘုရားသွေးနှင့် နတ်ဘုရားများအကြောင်း အမှန်တကယ် သိနေလိမ့်မည်ဟု သူ မထင်ထားပေ။
တစ်ဖက်သူက သူ၏ အတွေးများကို မြင်နိုင်ပုံရသည်။ ထို့ကြောင့် သူက ထူးမခြားနားပြောလိုက်၏။
” ငါက မိုးနဲ့မြေကနေ မွေးဖွားလာပြီး ဝိညာဥ်စုစည်းခြင်း အစီအရင်ကနေ ဖွဲ့တည်လာခဲ့တာပေမဲ့ ငါက နှစ်ပေါင်းအတော်ကြာအောင် နေခဲ့တာကြောင့် ကြယ်ဆုံသောကောင်းကင်ထဲက ကိစ္စတချို့ကိုလည်း သိတယ် ”
ယဲ့ရှောင်က မမေးပဲ မနေနိုင်တော့ပေ။
” ဒါဆို စီနီယာ လူသားမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်ကြားက ဆက်ဆံရေးက ဘာဆိုတာ သိလား။ လူသားမျိုးနွယ်က တကယ်ပဲ နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးဆက်လား ”
နဂါးသွေးကြော ဝိညာဥ်သဏ္ဍန်က ခေါင်းညိတ်လိုက်၏။
” ဒါ သဘာဝပဲလေ။ မဟုတ်ရင် လူသားမျိုးနွယ်က ဘယ်လိုတိုးတက်လာမလဲ ”
” ဒါဆို တချို့နတ်ဘုရားတွေက ကောင်းကင်နဲ့ မြေကြီးကို ဖန်တီးပြီး တချို့နတ်ဘုရားတွေက လူသားတွေကို ဖန်တီးမယ်ဆိုတဲ့ ဒဏ္ဍာရီတွေက အမှန်လား အမှားလား ”
” မှားနေတာပေါ့။ မိုးနဲ့မြေက ဘယ်လောက်ကြီးမှာလဲ။ ကောင်းကင်နဲ့ မြေကြီးကို ဘယ်သူက ဖန်တီးနိုင်မှာလဲ။ မြေကြီးကနေ လူသားတွေကို ဖန်တီးတယ်ဆိုတာက မှော်နည်းစနစ်တစ်ခုလောက်ပဲ။ အင်မတန် ဝိညာဥ်စွမ်းအားများပြားတဲ့ လူသားမျိုးနွယ်ကို ဖန်တီးပြီး အကန့်အသတ်မဲ့ မျိုးပွားမှု ရှိအောင်လို့ ဖန်တီးဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
ယဲ့ရှောင်က သက်ပြင်းချနေခဲ့တာပဲ ဖြစ်၏။ သူသည် ပြဿနာတစ်ရပ်အကြောင်း အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့တာ ဖြစ်သည်။
သူ၏ ယခင်ဘဝတွင်ဖြစ်စေ၊ ယခုဘဝတွင်ဖြစ်စေ ဒဏ္ဍာရီများ၊ ပုံပြင်များစွာ ရှိလွန်းနေ၏။ ထိုအတုအယောင် ပုံပြင်များ၊ ဒဏ္ဍာရီအများစုက ဆက်နွှယ်နေပြီး ထို့အပြင် နတ်ဘုရားများက အင်မတန် အစွမ်းထက်၏။
သူတို့၏ နတ်ဘုရား စွမ်းရည်များက အင်အားကြီးလွန်းလာရာ အတွေးတစ်ချက်ဖြင့် သူ့ကို အာရုံခံနိုင်သည်။ သူ၏ ကျင့်ကြံမှု မည်မျှ သန်မာစေကာမူ ၄င်းက သူတို့ကို မခြိမ်းခြောက်နိုင်သရွေ့ သူသည် သူတို့
ကြောင့် ချက်ချင်းပင် သုတ်သင်ရှင်းလင်းခံရလောက်သည် မဟုတ်ပါလော။
ယခု ဤလောကသည် ဒဏ္ဍာရီများထဲရှိ မူမမှန်သည့် နတ်ဘုရားများ ရှိမနေကြောင်း သိလိုက်ရပြီဖြစ်ရာ ယဲ့ရှောင်က အနည်းငယ် စိတ်အေးသွား၏။
” ဒါဆိုရင် နတ်ဘုရားတွေက ဘယ်လိုတည်ရှိမှုမျိုးလဲ ”
” နတ်ဘုရားတွေလို့ ခေါ်တာက တကယ်တော့ စကြာဝဠာထဲက မျိုးနွယ်စုတစ်သောင်းထဲက မျိုးနွယ်စု တစ်စုပဲ။ ဒါမှမဟုတ် လူသားတွေက အမြင့်ဆုံးထိရောက်အောင် ကျင့်ကြံပြီး မိုးနဲ့မြေရဲ့ ဝိညာဥ်စွမ်းအားကို အားထားလို့ အပြည့်အဝ သန့်စင်ပြီး သူတို့ရဲ့ ကိုယ်ပိုင် လူသားမျိုးရိုးဗီဇကို ဖယ်ရှားလိုက်တဲ့အချိန် ရောက်သွားနိုင်တဲ့ နယ်ပယ်လို့ ပြောလို့ရမလားပဲ။ စကြာဝဠာကြီး မွေးဖွားလာချိန်ကစပြီး နှစ်ပေါင်း ဘယ်လောက် ကုန်လွန်ခဲ့ပြီမှန်း ဘယ်သူက သိမှာလဲ။ သူတို့တွေထဲမှာ သန်မာလွန်းတဲ့ မျိုးနွယ်တွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ဘယ်မျိုးနွယ်ပဲဖြစ်ဖြစ် သူတို့တွေက ကျင့်ကြံမှုအတွက် မိုးနဲ့မြေရဲ့ ဝိညာဥ်စွမ်းအားကို အားကိုးရသေးတာပဲ။ ဒါပေမဲ့ ကျင့်ကြံမှုရဲ့ အထက်ပိုင်း အကန့်အသတ်က သူတို့ ကိုယ်ပိုင် သွေးမျိုးဆက်နဲ့ သက်ဆိုင်နေတယ် ”
” ပါဝင်ပစ္စည်းတွေလိုပေါ့။ သူတို့က ဆင်းရဲလွန်းရင် အရည်အသွေး ဘယ်လောက်ပဲ ညံ့ဖျင်းညံ့ဖျင်း အံ့ဖွယ်လက်နက်အဖြစ် မသန့်စင်နိုင်ဘူးလေ ”
” နတ်ဘုရားမျိုးနွယ်က သာမန်လူသားတွေရဲ့ သွေးမျိုးဆက် ကန့်သတ်ချက်ကို ဖြတ်ကျော်နိုင်ပြီး ပိုမြင့်တဲ့ အဆင့်ကို ရောက်နိုင်တဲ့ တည်ရှိမှုတွေပဲ။ သူတို့ရဲ့ ကျင့်ကြံမှု အရှိန်က အဲ့ဒီလူသားမျိုးနွယ်ထက် သာလွန်တယ်။ ပြီးတော့ နတ်ဘုရားမျိုးနွယ်အတွင်းမှာ အဖွဲ့ခွဲတွေ အများကြီးလည်း ရှိတယ်။ လွန်ခဲ့တဲ့နှစ်ထောင်ချီတုန်းက ဒီကမ္ဘာမြေကို ရွှမ်းယန်လို့ခေါ်တဲ့ နတ်ဘုရားမျိုးနွယ်က ဆင်းသက်လာပြီး မွန်မြတ်တဲ့ မြေတစ်ခုကို ဖွင့်ပေးခဲ့တယ်။ သူတို့တွေက လက်ရှိ စီရင်စု၉ခုကို တဖြည်းဖြည်းချင်း ဖွဲ့တည်ပြီး စီရင်စု၉ခုထဲက လူသားမျိုးနွယ်က ပေါ်ပေါက်လာတာ ”
” ဒီအကြောင်းအရင်းကြောင့် ကြယ်ဆုံသော ကောင်းကင်ထဲက ကြယ်တာရာသားရဲတွေက ဒီကမ္ဘာကို သိမ်းပိုက်ချင်နေကြပြီ။ လူသားမျိုးနွယ်ကို ဝါးမြိုချင်နေကြတာလေ။ အကြောင်းအရင်းကတော့ လူသားမျိုးနွယ်မှာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲ နတ်ဘုရားသွေးတွေ ပါနေတာကြောင့်ပဲ ”
” သူတို့သာ နတ်ဘုရားသွေးကို ရနိုင်ခဲ့မယ်ဆိုရင် သူတို့ ကျင့်ကြံမှုအတွက် တစ်ဝက်လောက် အားစိုက်ထုတ်ရုံနဲ့ ရလဒ်က နှစ်ဆရနိုင်မှာ။ သူတို့ရဲ့ လက်ရှိ သွေးမျိုးဆက် အကန့်အသတ်ကို ဖြတ်ကျော်နိုင်ပြီး ပိုသန်မာတဲ့လူတွေ ဖြစ်လာလိမ့်မယ် ”
” ကျွန်တော် သိပြီ။ ညွှန်ပြပေးတာအတွက် ကျေးဇူးပါ စီနီယာ ”
နဂါးသွေးကြောသဏ္ဍန်က ခေါင်းညိတ်လိုက်၏။
” မင်းက ငါ့ရဲ့ စစ်ဆေးမှုကို ဖြတ်ကျော်ခဲ့ပြီးပြီ။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ သန့်စင်ဖို့အတွက် နဂါးစွမ်းအင်ကို ငါ သိပ်သည်းပေးမယ်။ မင်းရဲ့ ခန္ဓာကိုယ်ထဲက နတ်ဘုရားသွေးကို နိုးထအောင်လုပ်။ မင်း နတ်ဘုရားတစ်ပါး အပြည့်အဝ ဖြစ်ခွင့်ပေးလိုက်။ ဒီနည်းနဲ့ဆို မင်း နောင်ကြ ရှေ့ပိုဆက်နိုင်လိမ့်မယ်။ စီရင်စု၉ခုကို ကောင်းကောင်း ကာကွယ်မယ်လို့လည်း ငါ မျှော်လင့်တယ် ”
” ကျေးဇူးပါ စီနီယာ ”
” ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး။ စီရင်စု၉ခု ဖျက်ဆီးခံခဲ့ရရင် အဲ့ဒီ ရိုင်းစိုင်းတဲ့ ကြယ်တာရာသားရဲတွေက ငါ့ကို အလွှတ်ပေးမှာ မဟုတ်ဘူး။ သူတို့တွေက ငါ့ရဲ့ နဂါးသွေးကြောကို သေချာပေါက် တူးထုတ်လိမ့်မယ်။ ဒီတော့ မင်းကို ကူညီတာက ငါ့ကို ကူညီတာလည်း ဟုတ်တယ် ”
” ဒါပေမဲ့ ငါ နဂါးစွမ်းအင်ရဲ့ ၁၀ပုံ၁ပုံကိုပဲ ထုတ်ပေးနိုင်တယ်။ ဘာလို့လဲဆိုတော့ ငါက အခု စီရင်စု၉ခုရဲ့ နောက်ဆုံး ကျန်ရှိတဲ့ နဂါးသွေးကြောဖြစ်တာကြောင့် မင်းကို ငါ့ရဲ့ စွမ်းအားအကုန် မပေးနိုင်ဘူး။ မဟုတ်ရင် နောင်ကြ စီရင်စု၉ခုက နဂါးသွေးကြော ဘယ်တော့မှ ထပ်ရှာနိုင်တော့မှာ မဟုတ်ဘူး ”
” ဒါကြောင့် အဲ့ဒါကို နိုးထအောင် မင်း လုပ်နိုင်အောင် ဘယ်လောက် ကူညီပေးနိုင်မလဲဆိုတာက မင်းရဲ့ကံပေါ်ပဲ မူတည်နေတယ် ”
ယဲ့ရှောင်က သူ့ကို ထပ်မံ ကျေးဇူးတင်စကား ပြောလိုက်၏။ နောက်တစ်စက္ကန့်၌ အင်မတန် ခမ်းနားသည့် နဂါးစွမ်းအင်က သူ၏ ခန္ဓာကိုယ်ထဲ တစ်ဟုန်ထိုး ဝင်လာလေ၏။
ထိုနဂါးစွမ်းအင်သည် ယခင်က သူ ရရှိထားသည့် လူလုပ်နဂါးသွေးကြောကထက် ပိုပြီး အဆပေါင်းများစွာ ပိုသန်မာ၏။
ယခင် နဂါးစွမ်းအင်က ဆံချည်မျှင်လောက် သိပ်သည်းလျှင် ဤနဂါးစွမ်းအင်ကမူ ဆံချည်မျှင်ဆယ်မျှင်ကျော်စာထက် သိပ်သည်း၏။
၁၀ဆ ပိုသိပ်သည်းတာလား။
ထိုနဂါးစွမ်းအင်အမျှင်က ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲ တစ်ဟုန်ထိုး ဝင်ရောက်လာပြီး ချက်ချင်းပင် ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ သွေးအဆီအနစ်ကို စတင်ပြီး လျင်မြန်စွာ ဆူပွက်သွားစေ၏။ ပကတိမျက်လုံးဖြင့် မြင်ရကာ သူ၏ ခန္ဓာကိုယ်ထဲ ရူးသွပ်စွာ စတင်လှည့်ပတ်တော့၏။ ထိုခဏ၌ ရက်စက်ကြမ်းကြုတ်သော အနီရောင် သွေးကြောများသည် ယဲ့ရှောင်၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်၌ ပေါ်ပေါက်လာ၏။ သူ့အတွင်းရှိ လတ်လတ်ဆတ်ဆတ် သွေးများက မီးတောင် ချော်ရည်များပမာ ဖြစ်ပေါ်လာပြီး လျင်မြန်စွာ စီးဆင်းမှုကြောင့် အပူနှင့် အလင်းတို့ ဆက်တိုက် ဖြာထွက်လာသည်။
တစ်ချိန်တည်းတွင် နဂါးသွေးကြောထဲရှိ ဝိညာဥ်စွမ်းအင်တွင် ပါဝင်သည့် ယဲ့ရှောင် ကျင့်ကြံဆင့်ကလည်း ဆက်တိုက် မြင့်တက်နေ၏။
သူသည် ကြီးမားသည့် ရေဝဲတစ်ခုပမာ နဂါးသွေးကြောထဲရှိ ဝိညာဥ်စွမ်းအင်ကို လျင်မြန်စွာ စုပ်ယူနေလေ၏။
ထိုနဂါးစွမ်းအင်ကြောင့် ယဲ့ရှောင်သည် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ကလည်း စတင်အရှိန်မြင့်လာတော့သည်။ ပေါင်းစည်းပြီးခါစ ကိုယ်ဖော့သိုင်းကလည်း မျက်တောင်တစ်ခတ်အတွင်း နဂါးစွမ်းအင်၏ အရှိန်မြှင့်တင်မှုဖြင့် ပြီးမြောက်သွားတော့သည်။
နတ်ဘုရားကိုယ်ဖော့သိုင်း၊ မြေကမ္ဘာ လွတ်မြောက်ခြင်း သိုင်း။
ယင်းတို့က နတ်ဘုရားဆင့်ရှိ ကိုယ်ဖော့သိုင်း ဖြစ်သည်။
ထိုကိုယ်ဖော့သိုင်း၏ ခွန်အားသည် အရှိန်တိုးရုံလောက်သာ မဟုတ်တော့ပေ။ ၄င်းက အချို့သော ထူးခြားသည့် အာနိသင်ကိုတောင် အသုံးပြု၏။ ဥပမာအနေဖြင့် အစီအရင်ကို တိုက်ရိုက် ထိုးဖောက်နိုင်သည်။
မြေကမ္ဘာ လွတ်မြောက်ခြင်း ကျင့်စဥ်ကို ရရှိပြီးနောက် သူသည် အစီအရင်နှင့် ကြုံတွေ့ရသည့်အချိန်၌ အစီအရင်ထဲ ဝင်ရန် ၄င်းကို ဖြိုခွင်းဖို့ မလိုအပ်တော့ချေ။
ကျောက်နံရံ၊ ရွှံ့၊ ရေ၊ မီး စသဖြင့် အမျိုးမျိုးသော ဒြပ်စင်များကိုလည်း ဖြတ်ကျော်နိုင်လိမ့်မည်။
သူ၏ အရှိန်နှင့် မြေကမ္ဘာ လွတ်မြောက်ခြင်းကျင့်စဥ်ကို ပြီးပြည့်စုံစွာ ပေါင်းစည်းလိုက်သည့်ပမာ ဖြစ်နေ၏။ သို့သော် သူသည် မြေကမ္ဘာ လွတ်မြောက်ခြင်း ကျင့်စဥ်ကို ပြသရုံသာမက သူ၏ ကိုယ်ဖော့သိုင်း ပေါင်းစည်းမှုအတောအတွင်း ၄င်းကို ဆင့်ကဲပြောင်းလဲခဲ့ကာ ထူးခြားသော လွတ်မြောက်ခြင်း ကျင့်စဥ်၏ စွမ်းရည်ကို အသုံးပြုပြီး အချိန်ခရီး သွားနိုင်၏။
ပေါင်းစည်းပြီးနောက် သူသည် ကျင့်ကြံနိုင်လိမ့်မည်။ ယဲ့ရှောင်သည် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ကနေ ၄င်းကို ဆက်လက် ကျင့်ကြံလိုက်၏။
နဂါးစွမ်းအင်ကြောင့် ခန္ဓာကိုယ် အသွင်ပြောင်းလဲခြင်းသည် အချိန်တိုအတွင်း အလွယ်တကူ ပြီးမြောက်မှာမဟုတ်ဟု သူ တွက်ဆခဲ့သည်။ သူက ထိုအခွင့်အရေးကို ယူပြီး စိတ်စွမ်းအား ကျင့်စဥ်များကို ပေါင်းစည်းမည်။
ယဲ့ရှောင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က စာကြည့်တိုက်ကနေ တတိယမြောက် စိတ်စွမ်းအား ကျင့်စဥ်ကို သန့်စင်ပြီးခါစ ဖြစ်၏။ ၄င်းက မြစ်အားလုံးကို ထွေးပွေ့သော သမုဒ္ဒရာပဲ ဖြစ်သည်။ ခရမ်းရောင်ကြယ်ပင်လယ်နှင့် ဓမ္မကျမ်းစာတို့ ရှိနေလေရာ ယခု သူက ၄င်းကို ပေါင်းစည်းနိုင်ပြီ ဖြစ်၏။ ထို့အပြင် ၄င်းက အရှိန်တင်ထားသော ပေါင်းစည်းမှုပဲ ဖြစ်သည်။ ၄င်းကို ပေါင်းစည်းပြီးနောက် သူသည် နတ်ဘုရားအဆင့် ကျင့်စဥ် (၄ )ခု ပိုင်ဆိုင်လာလိမ့်မည်။ သူတို့အားလုံးက နတ်ဘုရားသတ်ဖြတ်ခြင်းကျင့်စဥ်၊ ကောင်းကင်ပိုင်းဖြတ်ခြင်း ဓါးကျင့်စဥ်၊ နတ်ဘုရားကုသခြင်းကျင့်စဥ်နှင့် ထာဝရအသက်၏ လျှို့ဝှက်ချက်ပဲ ဖြစ်သည်။
နတ်ဘုရားကိုယ်ဖော့သိုင်း၊ လွတ်မြောက်ခြင်းကျင့်စဥ် ရှိသည်။
စိတ်စွမ်းအားကျင့်စဥ်လည်း ရှိ၏။
အချိန်အတိုင်းအတာတစ်ခုအထိ ၄င်းက မည်ကဲ့ ကျင့်စဥ်မှန်း သူ မသိသေးပေ။ သိပ်ပြီး မဆိုးရွားရန်သာ မျှော်လင့်နေမိ၏။
သူ့၌ လက်သီးသိုင်းလည်း ရှိသေးသည်။ တော်ဝင်ကျင့်စဥ်သုံးခု ပေါင်းစည်းထားပြီးဖြစ်ရာ တော်ဝင်ကျင့်စဥ်သုံးခုဖြစ်သည့် မဟာနိဗ္ဗာနလက်သီး၊ မိုးကြိုးဧကရာဇ်လက်သီးတို့ ဖြစ်သည်။
သူသာ စိတ်စွမ်းအားကျင့်စဥ် ပေါင်းစည်းပြီးသည့် အချိန်အထိ စောင့်ဆိုင်းပြီးနောက် ကျင့်စဥ်တစ်ခုလုံးကို ရှေ့ဆက်ပေါင်းစည်းနိုင်လိမ့်မည်။
ထိုအချိန်၌ သူသည် နတ်ဘုရားအဆင့် ကျင့်စဥ်(၅)မျိုး ရှိလာလိမ့်မည်။
ပြီးပြည့်စုံတယ်။
စိတ်စွမ်းအားကျင့်စဥ်ကို ပေါင်းစည်းပြီးနောက် ယဲ့ရှောင်သည် နက်နဲစွာ အိပ်မောကျသွားတော့၏။
နောက်တစ်လှမ်းက နဂါးစွမ်းအင်သည် သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေးကို ပုံသွင်းပြီး နိုးထအသက်သွင်းမှာကို စောင့်နေရန်သာ ဖြစ်သည်။ ယင်းက ရှည်ကြာသော ဖြစ်စဥ်တစ်ခုဖြစ်ရာ ယဲ့ရှောင်သည် သူ စိုးရိမ်ပူပန်နေလျှင်တောင် စိုးရိမ်ပူပန်နိုင်မှာ မဟုတ်ပေ။
နဂါးသွေးကြော သဏ္ဍန်သည် ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲကနေ ရွှေရောင်အလင်း ဖြာထွက်နေတာကို မြင်သောအခါ မျက်ခုံး ပင့်လိုက်မိ၏။
ဒီကလေးက နည်းနည်းထူးဆန်းတဲ့ ပုံပဲ။
ပုံမှန်ဆို လူသားရဲ့ အံ့ဖွယ်ဝိညာဥ်က လူသားခန္ဓာကိုယ်နဲ့ နတ်ဘုရားသွေး အပြည့်အဝ နိုးထပြီး နတ်ဘုရားနယ်ပယ်ကို တစ်ဆင့်တက်သွားမှ လူသားခန္ဓာနှင့် ဝိညာဥ်က ပေါင်းစည်းတာလေ။ သူက ဘုရင်နယ်ပယ်မှာပဲ ရှိသေးပေမဲ့ နတ်ဘုရားနယ်ပယ်ပဲ လုပ်နိုင်တဲ့အရာ ရှိနေပြီးသားလို့ ငါ ဘာကြောင့် ခံစားမိနေတာပါလိမ့်။ သို့သော် ခဏတာ စဥ်းစားပြီးနောက် သူသည် ၄င်းကို မဖော်ထုတ်နိုင်သောကြောင့် ခေါင်းခါရုံသာ ခါလိုက်၏။
စကြာဝဠာက ကြီးမားလွန်းတယ်။ ဆန်းကြယ်မှုတွေ အများကြီးရှိတာ။ ဆန်းကြယ်မှုတွေက မရေမတွက်နိုင်ဘူးလေ။ ငါ့ရဲ့ ဗဟုသုတ အကန့်အသတ်က မလုံလောက်သေးတာဖြစ်မယ်။ ငါ ပိုပြီး ကျင့်ကြံရမယ် ထင်တယ်။
ထိုသို့ပြောပြီးနောက် သူက ပျောက်ကွယ်သွားကာ နဂါးသွေးကြောထဲ ပြန်လည် ပေါင်းစည်းသွား၏။
တစ်ဖက်တွင်မူ ကျန်းဟိုင်မြို့ ကျန်းဟိုင်သိုင်းကျောင်းတော်၏ ရှောင်လင်သင်တန်းကျောင်း၌ သွေးနီရောင်နတ်ဆိုး အရှိန်အဝါများသည် ဆက်တိုက် ဖြာထွက်နေ၏။ ၄င်းကို ဖိနှိပ့်နိုင်ပုံရသော်ငြား ချက်ချင်း ပေါက်ကွဲတော့မတက် ဖြစ်နေသည်။ အင်အားစုနှစ်စုက တစ်စုနှင့်တစ်စု ဆွဲနေပြီး တစ်ဖက်နှင့်တစ်ဖက် ဆက်တိုက် တိုက်ခိုက်နေ၏။
အဆုံးတွင်မူ သွေးနီရောင် ရောင်ဝါသည် ဖိနှိပ့်သော စွမ်းအားကို ကျော်လွန်သွား၏။
သွေးနီရောင် နတ်ဆိုးစွမ်းအင်က ကောင်းကင်ထဲ ချက်ချင်း ပေါ်ထွက်လာ၏။
ဖာ့ကျန်းသည် တရားထိုင်ရာကနေ ချက်ချင်း နိုးလာသည်။ သူ၏ မျက်လုံးထဲ၌ လေးလံမှု ကြောက်လန့်မှု အမူအယာတို့ ပြည့်နေကာ သူ့ရှေ့ရှိ သွေးနီရောင်ပုံရိပ်ကို စိုက်ကြည့်နေ၏။
အာရုန်ကလည်း ချက်ချင်း ရောက်လာသည်။ တစ်ဖက်သူကို မြင်သောအခါ သူက ရေရွတ်ပြောလိုက်မိ၏။
” ဒါ ဒီလောက် အစွမ်းထက်တဲ့ နတ်ဆိုးစွမ်းအား။ ဘာတွေဖြစ်ကုန်တာလဲ။ ဓါးနတ်ဘုရားလီက ဒီလိုအားကောင်းတဲ့ နတ်ဆိုးစွမ်းအား ဘယ်လိုလုပ် ထုတ်ပြရတာလဲ ”
ဖာ့ကျန်းက တည်ကြည်သော အမူအယာဖြင့် ပြောလိုက်၏။
” ငါလည်း မသိဘူး။ ယုတ္တိရှိရှိ ပြောရရင် သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးစွမ်းအားကို ဖိနှိပ့်ထားလို့ ရရမှာ။ ထူးခြားတဲ့ အကြောင်းအရင်း မရှိပဲ ပေါက်ကွဲထွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ် ရုတ်တရက်ကြီး ပေါက်ကွဲလာတာလဲ ”
အပိုင်း ၂၇၃ ပြီး၏။