စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၇၁ ကောင်းကင်ဘုံသို့ လမ်းစဥ်။ သန်မာခြင်းလမ်းကြောင်း။ ဒါကို ဘယ်သူက ဖက်ပြိုင်နိုင်မှာလဲ။
ချန်ပိုင်နဂါးသွေးကြောသည် ရေခဲများ၊ နှင်းများ ဖုံးလွှမ်းနေလေ၏။ ယင်းက အသက်မဲ့သော ဆောင်းရာသီမြင်ကွင်းတစ်ခု ဖြစ်သည်။ သို့သော်ငြား လက်တွေ့တွင်မူ ဖြူဖွေးနေသော တောအုပ်အတွင်း၌ မရေမတွက်နိုင်သည့် အသက်ပေါင်းများစွာ ပုန်းနေလေ၏။
ညအချိန်တွင် လေအေးများ တိုက်ခိုက်ခြင်းက အင်မတန် အေးစက်လှပေ၏။ ရုတ်တရက် လူရိပ်နှစ်ရိပ်က ဤနေရာ၌ ပေါ်လာလေသည်။
ပေ့ထျန်းစီက အံ့သြဆွံ့အသွားတော့၏။
” ငါတို့တွေ ချန်ပိုင်နဂါးသွေးကြောကို ရောက်ပြီလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဒီလောက် မြန်တယ်လား ”
သူ မတုံ့ပြန်ရသေးခင် ကျန်းဟိုင်မြို့ကနေ ချန်ပိုင်နဂါးသွေးကြောသို့ ရောက်လာပြီဟု ခံစားလိုက်ရ၏။ သို့သော်ငြား ကျန်းဟိုင်မြို့သည် ကျုံးစီရင်စုတွင် ရှိနေပြီး ချန်ပိုင်နဂါးသွေးကြောက စီရင်စု ၉ ခု၏ အရှေ့မြောက်အရပ်၌ တည်ရှိတာပဲ ဖြစ်သည်။ နှစ်ခုကြား မည်မျှ ဝေးကွာသနည်း။
သို့သော် ယဲ့ရှောင်သည် ကျန်းဟိုင်မြို့ကနေ ဤနေရာသို့ ခဏအတွင်း ရောက်လာ၏။ ထိုကိုယ်ဖော့သိုင်း၏ အရှိန်က သူ့ထက် အဆပေါင်းများစွာ ပိုမြန်ဆန်သည်။
ယဲ့ရှောင်သည် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်သော်ငြား ကျန်သည့် ဘုရင်နယ်ပယ် သိုင်းပညာရှင်များအဖို့ ဤအရှိန်သို့ ရောက်ရန် အလွန်ခက်ခဲမည်ဆိုတာ ပေ့ထျန်းစီက သူ့အသက်နှင့် လောင်းကြေးထပ်ရဲသည်။
ဆိုရိုးစကားရှိသည့်အတိုင်း သိုင်းပညာရပ်များ၏ လမ်းစဥ်၌ အရှိန်မှလွှဲလျှင် မည်သည်ကမှ ဖျက်ဆီး၍ မရပေ။
ယဲ့ရှောင်၏ အရှိန်က မြန်ဆန်လွန်း၏။ အမှန်တကယ် တိုက်ခိုက်ကြမည်ဆိုလျှင် သူ၏ တိုက်ပွဲဝင်ခွန်အားက သာမန်ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်အဖြစ်သာ ဖော်ပြ၍ မရနိုင်လောက်သည် မဟုတ်ပါလော။
နှစ်ယောက်သား ပေါ်လာသည်နှင့် အမှောင်ထုထဲ၌ စူးစမ်းခြင်းစွမ်းအင်များစွာက သူတို့နေရာ၌ စုဝေးလာသည်။
ပေ့ထျန်းစီက ရှင်းပြလိုက်၏။
” ဒီလူတွေက ချန်ပိုင်နဂါးသွေးကြောထဲမှာ ကျင့်ကြံနေကြတဲ့ ရသေ့တွေ ဖြစ်လောက်မယ်။ သူတို့တွေထဲမှာ မဟာချီရှန်းတွေ အများကြီးနဲ့ အံ့ဖွယ်ချီရှန်းတောင် ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ နာမည်တွေကို ကွယ်ဝှက် ဖုံးကွယ်ထားတာကြောင့် စီရင်စု၉ခုရဲ့ တရားဝင်အချက်အလက်ထဲမှာ သူတို့တွေကို မှတ်တမ်း မတင်ထားဘူး။ ဒါပေမဲ့ စီရင်စု၉ခုက အန္တရာယ်ကြုံလာရင် သူတို့တွေက ထွက်လာပြီး အကူအညီ ပေးလိမ့်မယ် ”
” ချန်ပိုင်နဂါးသွေးကြောမှာက ဝိညာဥ်စွမ်းအင်က ကြွယ်ဝတယ်။ ဒီနေရာမှာက ရွက်ပုန်းသီး သိုင်းပညာရှင်တွေ အများကြီး ရှိတယ်လေ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ယန်ကျန့်ယီဆရာနှင့် ထိုသူ၏ စီနီယာ အစ်ကိုများသည် တောင်ပေါ်ကနေ ဆင်းလာပြီး ဘုရင်အေးအ်ကို ဖိနှိပ့်ခဲ့ကြရာ သူတို့က ဤရသေ့ သိုင်းပညာရှင်များထဲတွင် ပါဝင်၏။
ဆိုရိုးစကားရှိသည့်အတိုင်း တာအိုရသေ့တစ်ပါးသည် သူ၏ အရွယ်ကောင်း၌ တောင်ပေါ်တောအုပ်ကနေ ဆုတ်ခွာလာပြီး တောင်ပေါ်ကနေ ဆင်းလာကာ လူအများ ဒုက္ခရောက်သည့်အချိန်၌ ကယ်တင်ပေး၏။
တောအုပ်ထဲကနေ ဆုတ်ခွာလာခြင်းက သူသည် မထူးခြားသောကြောင့် ဖြစ်ပြီး တောင်ပေါ်ကနေ ဆင်းလာခြင်းသည် သူက သွေးပူနေသောကြောင့် လူများကို ကယ်တင်ရန် ဖြစ်သည်။
သူတို့နှစ်ယောက် ရောက်လာပြီးနောက် တောင်ပေါ်သို့ လျှောက်သွားလိုက်၏။
ပေ့ထျန်းစီက ဘေးကနေ ရှင်းပြတော့သည်။
” ချန်ပိုင်နဂါးသွေးကြောက သဘာဝအတိုင်း ဖွဲ့တည်ထားတဲ့ နဂါးသွေးကြောပဲ။ ဒီတော့ သူ့မှာ ကိုယ်ပိုင် အသိစိတ်ရှိတယ်။ ဒါကြောင့် သူ့ကိုသူ ကာကွယ်ဖို့အတွက် တော်ဝင်အစီအရင်ထက် ပိုတောင် သန်မာတဲ့ သဘာဝခုခံခြင်း အရံအတားတစ်ခု တည်ဆောက်ထားတယ်။ ဒါ့အပြင် အဲ့ဒါကို အောင်အောင်မြင်မြင် ခွဲခြမ်းစိတ်ဖြာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ့ရဲ့ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်မှ နဂါးသွေးကြောထဲကို အမှန်တကယ် ဝင်ခွင့်ရတာ ”
” ချန်ပိုင်နဂါးသွေးကြောရဲ့ စမ်းသပ်မှုက ကောင်းကင်လှေကားပဲ။ တောင်ထိပ်မှာရှိတဲ့ ကောင်းကင်ရေအိုင်ဆီကို သွားနိုင်တဲ့ နတ်ဘုရားလှေကားပေါ့။ ကောင်းကင်လှေကားပေါ်မှာ နဂါးသွေးကြောက ထုတ်ဖော်နေတဲ့ နဂါးဖိအားရှိတယ်။ မင်း အမြင့်ကို သွားလေလေ နဂါးဖိအားက ပိုသန်မာလာလေပဲ ”
” လှေကားတိုင်းက အဆင့်တစ်ဆင့်ကို ကိုယ်စားပြုတယ်။ လူတချို့က သူတို့ဘဝမှာ လှေကားရဲ့ ထိပ်ကိုတောင် မရောက်နိုင်ဘူး။ သူတို့တွေက နဂါးသွေးကြောရဲ့ အသိအမှတ်ပြုမှုကို မရနိုင်ကြဘူး။ အပေါ်ကို ပျံသန်းသွားလို့ မရဘူး။ ဆင်းလာတဲ့အချိန်ပဲ ကိုယ်ဖော့သိုင်း သုံးလို့ရတာ ”
” လက်ရှိမှာ သမိုင်းကြောင်းထဲ စံချိန်မှတ်တမ်းတွေ ရှိသေးတယ်။ လှေကားထစ်ထိပ်ဆုံးကို သွားနိုင်ခဲ့တဲ့ အမြန်ဆုံးသူက ၃ရက်၃ည အချိန်ယူခဲ့ရတယ်။ အဲ့ဒီသိုင်းပညာရှင်တွေအားလုံးကလည်း ဧကရာဇ်နယ်ပယ်ကို အောင်အောင်မြင်မြင် အဆင့်တက်လှမ်းနိုင်ခဲ့ပြီး ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာတယ် ”
” ဒါကြောင့် မင်းက နှေးနေရင် စိတ်မပူနဲ့။ စိတ်မလှုပ်ရှားနဲ့။ မင်းရဲ့ စိတ်အခြေအနေ ရှုပ်ထွေးသွားပြီဆိုတာနဲ့ အရာအားလုံး ရှုပ်ထွေးကုန်လိမ့်မယ် ”
ယဲ့ရှောင်က ပြောလိုက်၏။
” မိုးပြာနဂါးက ဘယ်နှစ်ရက် ဘယ်နှစ်ည အချိန်ယူခဲ့ရလဲ ”
” ငါ မှတ်မိတာ မှန်မယ်ဆိုရင် ကြီးမြတ်သူ မိုးပြာနဂါးက ၉ရက် ၉ည အချိန်ယူခဲ့ရပုံပဲ။ ဒီစံချိန်က ရှေးတုန်းက မရှိတာ မဟုတ်ပေမဲ့ အင်မတန်ကို အရမ်းအရမ်း မြန်နေတုန်းပဲ ”
” ကောင်းကင်လှေကားရဲ့ လက်ရှိစံချိန်မှာ အသန်မာဆုံး( ၃ )ယောက်ရှိတယ်။ ပထမတစ်ယောက်က ၃ရက်၃ည၊ ဒုတိယတစ်ယောက်က ၇ရက်၇ည၊ နောက်တစ်ယောက်က ၉ရက်၉ညပဲ။ မိုးပြာနဂါးက သမိုင်းကြောင်းထဲက ထိပ်တန်းသုံးနေရာမှာ အဆင့်ဝင်ဖို့ လုံလောက်တယ်လေ ”
” ဒါပေါ့။ ချန်ပိုင်နဂါးသွေးကြောရဲ့ အဆင့်သတ်မှတ်ချက်တစ်ခုပဲ ရှိသေးတာ။ စီရင်စု၉ခုရဲ့ နဂါးသွေးကြောတွေ အပြည့်အဝ အဖျက်ဆီးမခံရခင်ကဆိုရင် သိုင်းပညာ ပါရမီရှင်တွေ အများကြီးက ကျန်တဲ့ နဂါးသွေးကြောထဲမှာ ပေါ်လာတယ်။ ဒါ့အပြင် နဂါးသွေးကြောတစ်ခုစီရဲ့ စမ်းသပ်တဲ့နည်းလမ်းတွေက မတူဘူးလေ ”
” ဒါကြောင့် ကြီးမြတ်သူ မိုးပြာနဂါးက သမိုင်းကြောင်းထဲမှာ ထိပ်တန်းသုံးဦးထဲက တစ်ဦးသေချာပေါက် ဖြစ်လိမ့်မယ်လို့ မဆိုလိုဘူး။ ဒါပေမဲ့ သူက အင်မတန် သန်မာတဲ့ ပါရမီရှင်တစ်ယောက်ဆိုတာ ငြင်းလို့ မရဘူးလေ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်ပြီးနောက် ပေ့ထျန်းစီနှင့်အတူ သွားလိုက်၏။ သူတို့က ချန်ပိုင်တောင်တန်းဒေသ၏ တောင်ခြေသို့ ရောက်သွားသည်။
သူ၏ အသိစိတ်ဖြင့် သူသည် သူ့ရှေ့၌ သူ့လမ်းကြောင်းကို ပိတ်ဆို့နေသော ဝိညာဥ်စွမ်းအင် အရံအတားတစ်ခုကို အာရုံခံမိသည်။
ဝိညာဥ်စွမ်းအင် အရံအတားနောက်၌ ကြီးမားသည့် တံခါးတစ်ချပ် ရှိနေ၏။ ထိုတံခါးကြီးနောက်၌ ကောင်းကင်လှေကား ရှိသည်။
ပေ့ထျန်းစီက ထပ်မံ ရှင်းပြလိုက်၏။
” ဒီဝိညာဥ်စွမ်းအင် အရံအတားကို ချန်ပိုင်နဂါးသွေးကြောက ဖန်တီးထားတာပဲ။ ကောင်းကင်လှေကားထဲ ဝင်ချင်တဲ့ စိန်ခေါ်သူတိုင်းက ဒီအရံအတားကို ဖြတ်ကျော်ရမယ်။ ဒီဝိညာဥ်စွမ်းအင် အရံအတားကိုတောင် မဖြတ်ကျော်နိုင်ဘူးဆိုရင် သူတို့က ဇောင်းတန်းကို ဝင်ဖို့ အရည်အချင်း မမှီဘူး ”
” ဒါကို မင်းရဲ့ နှလုံးသားနဲ့ ခံစားဖို့လိုတယ်။ နဂါးသွေးကြောရဲ့ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်မှပဲ။ ဒီဝိညာဥ်စွမ်းအင် အရံအတားကို ဖြတ်နိုင်မှာ ”
ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်လိုက်၏။ သူက မေးခွန်းများကို ဖြေရှင်းရာ၌ မတော်ပေ။ သူက စာမေးပွဲဖြေပြီးနောက် အမြဲတမ်း အိပ်ငိုက်နေတာပဲ ဖြစ်သည်။
” ဒီဝိညာဥ်စွမ်းအင် အရံအတားကို ဖြတ်ကျော်ပြီးရင် ရပြီလား ”
ပေ့ထျန်းစီက ခေါင်းညိတ်လိုက်၏။
” အားသုံးပြီး ဖြတ်မယ်လို့ တွေးနေတာလို့တော့ ငါ့ကို မပြောနဲ့နော်။ ဒါဆိုရင် မင်းရဲ့ ခွန်အားကို ချွေတာဖို့ အကြံပေးလိုက်မယ်။ ဘာလို့လဲဆိုတော့ အောင်မြင်ဖို့ မဖြစ်နိုင်လောက်ဘူးလေ။ မင်းအရှေ့မှာတုန်းက ဒီနည်းလမ်းကို သုံးပြီး စိန်ခေါ်ချင်တဲ့သူတွေ အများပြီး ရှိခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံး ရလဒ်ကတော့ အရံအတားကို ပိုသန်မာသွားစေတာပဲ။ စိန်ခေါ်သူ တချို့ကဆို သူတို့က ပါးနပ်တယ်လို့တောင် တွေးခဲ့တာ။ ဒါပေမဲ့ အဆုံးကြ ပထမဆုံးစမ်းသပ်မှုပဲလေ။ ပထမဆုံးစမ်းသပ်မှုမှာ သူတို့တွေက ကောင်းကင်လှေကားကိုတောင် မတက်နိုင်ခဲ့ဘူး ”
ပေ့ထျန်းစီ၏ အသံက မမှိန်ဖျော့သွားခင် ယဲ့ရှောင်သည် လွန်ကဲခြင်းစွမ်းအား ဓါးမော့ဖြင့် ရုတ်တရက် ပိုင်းဖြတ်လိုက်၏။
ဖုန်း။
ဓါးမော့ရောင်ခြည်က ညကောင်းကင်ယံအောက်၌ ဖြာထွက်ပြီး မိုးကြိုးပုံရိပ်က ပေါ်လာကာ ဝိညာဥ်စွမ်းအင် အရံအတားဆီသို့ အညှာအတာမဲ့စွာ တိုးဝင်သွား၏။
ထိတ်လန့်ဖွယ် ပေါက်ကွဲမှုနောက်ကနေ မရေမတွက်နိုင်သည့် လူများက သတိဝင်လာကြ၏။
” တစ်ယောက်ယောက်က ကောင်းကင်ဂိတ် အရံအတားကို ဖွင့်နေတာလား ”
” ညလယ်ခေါင်ကြီးမှာ ဘယ်သူက ရူးမိုက်ပြီး ကောင်းကင်ဂိတ် အရံအတားကို တိုက်ခိုက်ရတာလဲ ”
” သူ မသိဘူးလား။ ကောင်းကင်ဂိတ် အရံအတားက သိုင်းကွက်တစ်ကွက်တည်းနဲ့ မပြိုကွဲနိုင်ဘူး။ ဒါ့အပြင် ပိုပိုပြီးပဲ သန်မာလာမှာ ”
ပေ့ထျန်းစီသည် ယဲ့ရှောင်၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားလေ၏။
” မင်း ဘာလုပ်နေတာလဲ။ ဖိအားသုံးပြီး ဒါကိုမဖြိုခွဲနိုင်ဘူးလို့။ ငါ ပြောခဲ့တယ် မဟုတ်ဘူးလား ”
အရံအတားပေါ်၌ အားလျော့သွားသော အရာတစ်ရာကို ချန်ထားရစ်ခဲ့ကြောင်း သူ သတိပြုမိသောကြောင့် သူ့ကို မဖြေလိုက်ပေ။
သူ၏ စိတ်ခွန်အားက အလွန်သန်မာ၏။ ထို့ကြောင့် ပေ့ထျန်းစီက ၄င်းကို အာရုံမခံမိပေလျှင် သူက ၄င်းကို ရှင်းရှင်းလင်းလင်း အာရုံခံမိ၏။
အက်ကွဲရာတစ်ခု ရှိနေသောကြောင့် ၄င်းကို ဖြေရှင်းရ ပိုလွယ်ကူသွားပြီ ဖြစ်သည်။
အကြောင်းမှာ အစောတုန်းက သူသည် သူ့ခွန်အား၏ ၅၀ရာခိုင်နှုန်းကိုပဲ အသုံးပြုခဲ့တာ ဖြစ်၏။
လွန်ကဲခြင်းစွမ်းအား ဓါးမော့သည် သာမန်တော်ဝင်ကျင့်စဥ် မဟုတ်ပေ။ ယင်းက တော်ဝင်ဓါးသိုင်း၏ ထိပ်၌ ရှိပေသည်။ ၄င်းတိုက်ကွက်၏ ချဲ့ထွင်မှုသည် သာမန်တော်ဝင်ကျင့်စဥ်ထက် သာလွန်၏။
ထို့အပြင် နောက်တစ်ကွက်ဖြင့် မဖြိုခွဲနိုင်ပေလျှင် ယဲ့ရှောင်၌ နတ်ဘုရားသတ်ဖြတ်ခြင်း ကျင့်စဥ်နှင့် မဟာနဂါး ရှိသေးသည်။ အားလုံးကို ယဲ့ရှောင် ပေါင်းလိုက်လျှင် အရံအတား ကြာရှည်ခံလိမ့်မည်ဆိုတာ ယဲ့ရှောင် မယုံကြည်ပေ။
ထိုအတွေးဖြင့် သူက လက်ကို ထပ်မြှောက်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်တို့ လျင်မြန်စွာ စုစည်းလာ၏။ သူ့လက်ထဲ၌ ပေတစ်သိန်းခန့် ရှည်သည့် အလင်းတန်းက ဖြာထွက်လာ၏။ ချက်ချင်းပင် ၄င်းက တစ်လောကလုံး လင်းထိန်သွား၏။ ထိုမြင်ကွင်းကို မျက်မြင်တွေ့ပြီးနောက် တောင်တန်းနှင့် လယ်ကွင်းထဲ၌ ပုန်းနေသော ရသေ့များနှင့် သိုင်းပညာရှင်များ အားလုံးက သူတို့၏ ဂူအသီးသီးကနေ ထွက်လာကြသည်။
” ဘုရားရေ။ ဒါ ဘယ်လို ကျင့်စဥ်မျိုးလဲ။ သိပ်ကို သန်မာလွန်းတာပဲ ”
” ဒီလူက ပထမတစ်ကြိမ်မှာ မချိုးဖျက်နိုင်တာကြောင့် ဒုတိယအကြိမ်မှာ လှုပ်ရှားချင်နေတာလား ”
” ဒီတစ်ခေါက် အရင်ကထက် ပိုသန်မာတာပဲ ဖြစ်ရမယ်။ အရံအတားကို သူ တကယ် ဖြိုခွဲနိုင်မလား ”
” ဒါ ဘယ်လို ဟာသမျိုးလဲ။ ကောင်းကင်ဂိတ် အရံအတားကို ဘယ်သူ တည်ဆောက်ခဲ့တယ်လို့ ထင်လဲ။ အဲ့ဒါက နဂါးသွေးကြောကိုယ်တိုင် တည်ဆောက်ထားတာ။ နဂါးသွေးကြောအပြင် ဘယ်သူကမှ အဲ့ဒါကို မချိုးဖျက်နိုင်ဘူး ”
ယဲ့ရှောင်ဘေးတွင် ပေ့ထျန်းစီကလည်း သူ့ကို ဖြောင်းဖြရန် ကြိုးစားနေ၏။
” ယဲ့ရှောင်။ မင်းရဲ့ ခွန်အားက အလွန်ကြီးမားတယ်ဆိုတာ ငါ သိတယ်။ ပြီးတော့ မင်းရဲ့ ပါရမီက ပိုတောင် ကြီးမားသေးတယ်။ ဒါပေမဲ့ မင်း ဘယ်လောက်ပဲ သန်မာသန်မာ မင်းက အခုအချိန်မှာ ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်ပဲလေ။ အခု ဒီစွမ်းအင် အရံအတားကို ဖြိုခွဲနိုင်တဲ့ စွမ်းအင် မရှိသေးဘူး ”
” သမိုင်းကြောင်းထဲမှာ ကောင်းကင်ဂိတ် တံခါးကို လာတဲ့သူတွေထဲမှာ ဘုရင်နယ်ပယ် သိုင်းပညာရှင် မဟုတ်တာ ဘယ်သူရှိလို့လဲ။ သူတို့တွေကလည်း မင်းလိုပဲ။ သူတို့ ကျင့်စဥ်တွေနဲ့ အရံအတားကို မဖြိုခွဲနိုင်ခဲ့ဘူး။ သိုင်းပညာရပ်အပေါ် သူတို့ရဲ့ သိမြင်နားလည်မှုကို အားကိုးပြီးမှ ဒီအရံအတားကို ဖွင့်နိုင်ခဲ့တာ ”
သို့သော်ငြား သူ ပြောပြီးသည်နှင့် ယဲ့ရှောင်၏ ဓါးမော့က ခုတ်ပိုင်းချပြီး ဖြစ်နေသည်။
ဓါးမော့အလင်း မရှိတော့သည်နှင့် တစ်လောကလုံး ချက်ချင်း မှောင်မည်းသွား၏။ နောက်တစ်စက္ကန့်တွင် အလင်းက ကောင်းကင်ထိ ထပ်ရောက်သွားပြီးနောက် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်သံ လိုက်ပါလာသည်။
ဖုန်း။
ယခုအခေါက် ပေါက်ကွဲမှုသည် အရင်ထက် အဆပေါင်းများစွာ ပိုသန်မာ၏။
ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများသည် မြေပြင်ပေါ်၌ ဖုန်မှုန့်များကိုသာ တွန်းထုတ်နေပြီး သူ၏ ပေါင်ထိတောင် ရောက်လာ၏။ ယင်းက သမုဒ္ဒရာလှိုင်းပမာ ခမ်းနားလှပေ၏။
တောင်ပေါ်မှ နှင်းထူသည် မြေပြန့်ပေါ် ရုတ်တရက် ကျသွားသည့်ပမာ ဖြစ်နေသည်။ တစ်ချိန်တည်းတွင် နဂါးသွေးကြောဖြင့် ဖွဲ့တည်ထားသော ကောင်းကင်ဂိတ်၏ ဝိညာဥ်စွမ်းအင် အရံအတားကလည်း အက်ကွဲသံများ ဆက်တိုက် ပေါ်လာ၏။ အဆုံးတွင်မူ ၄င်းက ကျယ်လောင်သည့် အသံကြီးဖြင့် ပြိုကွဲသွားတော့သည်။
ပေ့ထျန်းစီက နေရာမှာတွင် အံ့သြဆွံ့အသွား၏။
ပွင့်သွားပြီလား။
အရံအတားက ယဲ့ရှောင် ခွဲဖွင့်တာ ခံလိုက်ရတာလား။ ဒါ မှားတာများလား။
စီရင်စု၉ခု၏ သမိုင်းကြောင်းတစ်ခုလုံး၌ ချန်ပိုင်နဂါးသွေးကြောဆီသို့ သိုင်းပညာရှင်အများစုသည် လာရောက်ခဲ့ကြပြီး သူတို့ကို ဟန့်တားထားပြီး ဝိညာဥ်စွမ်းအင် အရံအတားသည် ယဲ့ရှောင်တစ်ယောက်တည်းဖြင့် ခွဲဖွင့်ခံလိုက်ရ၏။
ယင်းက ရှေးယခင်ကစပြီး ချန်ပိုင်နဂါးသွေးကြော၏ ပထမဆုံးစံချိန် ဖြစ်ပေသည်။
ဤနေရာရှိ အခြေအနေကို အာရုံခံမိကြပြီး မရေမတွက်နိုင်သော သိုင်းပညာရှင်များကလည်း စိတ်လှုပ်ရှားလွန်းသောကြောင့် သူတို့ စိတ်နှလုံးများ တုန်လှုပ်နေကြသည်။
” အစွမ်းထက်လိုက်တဲ့ တိုက်ကွက်ပဲ။ ဒီတိုက်ခိုက်မှုပြီးနောက် တစ်ကမ္ဘာလုံး စတင်တုန်လှုပ်သွားတာ ”
” မင်း ခံစားမိလား။ အဲ့ဒါ ဝိညာဥ်စွမ်းအင်ပဲ။ ထူထဲတဲ့ ဝိညာဥ်စွမ်းအင် အရံအတားက ပြိုကွဲသွားပြီ။ ဒါကြောင့် နဂါးသွေးကြောရဲ့ သိပ်သည်းလှတဲ့ ဝိညာဥ်စွမ်းအင်တွေ ယိုစိမ့်ထွက်လာတာပဲ ”
” ဘုရားရေ။ အဲ့ဒီလူက ဘယ်သူများလဲ။ သူက ရူးလွန်းနေတာ မဟုတ်ဘူးလား။ ကောင်းကင်ဂိတ် အရံအတားကို တကယ်ကြီး ချိုးဖျက်နိုင်ခဲ့တယ် ”
” ဟိုလီရှစ်။ ချန်ပိုင်နဂါးသွေးကြောရဲ့ သမိုင်းကြောင်းတစ်ခုလုံးမှာ ဒါက ပထမဆုံးအကြိမ်ပဲ ”
” အရူး။ သူက အရူးပဲ ဖြစ်ရမယ်။ သူ့ရဲ့ သွင်ပြင်ကို ကြည့်ရင် သူက ကောင်းကင်လှေကားကို တက်လှမ်းနိုင်ဖို့ ၈၀၊ ၉၀ ရာခိုင်နှုန်း အခွင့်အရေး ရှိတယ်။ သူ လှေကားကို တက်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ မသိရုံပဲ ”
” သွားကြည့်ကြရအောင် ”
တောင်ပေါ်၌ ပုန်းနေသည့် မရေမတွက်နိုင်သော သိုင်းပညာရှင်များသည် ထိုနေရာသို့ လျင်မြန်စွာ ချဥ်းကပ်လာကြ၏။
ယဲ့ရှောင်၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားသည်။
” မြန်သေးတာပဲ။ ပြီးရင် ကျွန်တော်က ဒီကောင်းကင်လှေကားထဲ ဝင်ရမှာမလား ”
ပေ့ထျန်းစီက တံတွေးမြိုချလိုက်ပြီး နဖူးပေါ်မှ ချွေးများကို သုတ်လိုက်၏။
” ဟုတ်တယ်။ ဒါပေါ့။ ဝင်လို့ရပြီ ”
ကျန်သည့် နဂါးသွေးကြောများ ထိခိုက်သွားပြီးနောက် ကောင်းကင်လှေကား၏ ကောင်းကင်ဂိတ်က ပြန်လည် တည်ဆောက်ခဲ့၏။ တစ်လျှောက်လုံး၌ စီရင်စု၉ခု၏ ကြီးမြတ်သူ( ၄ )ဦးက ၄င်းကို တစ်လှည့်စီ ထိန်းချုပ်ထားသည်။
” ဒါကို ဖွင့်ဖို့ တစ်ချိန်တည်းမှာပဲ ချိပ်နှစ်ခုရှိဖို့ လိုတယ်။ လိပ်နတ်ချိပ်က မင်းမှာ ရှိပြီးသား။ ဒီမှာရှိတဲ့ ကြီးမြတ်သူတစ်ယောက်ရဲ့ ချိပ်ကို ရနိုင်ပြီဆိုရင် မင်းက ကောင်းကင်ဂိတ်ထဲ ဝင်လို့ရပြီ ”
” ”
အပိုင်း ၂၇၁ ပြီး၏။