Switch Mode

Chapter – 270

နဂါးသွေးကြော၏ လျှို့ဝှက်ချက်၊ လိပ်နတ်၏ အမိန့်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၇၀ နဂါးသွေးကြော၏ လျှို့ဝှက်ချက်၊ လိပ်နတ်၏ အမိန့်။

” ဆိုလိုတာက အဲ့ဒီနဂါးသွေးကြောကို ရှာပြီး ကျွန်တော့်ကို အဲ့ဒီကနေ နဂါးစွမ်းအင် ထုတ်ယူစေချင်တာလား ”
” အဟုတ်ပဲ ”
ပေ့ထျန်းစီနှင့် ကျန်းချန်တို့က တစ်ပြိုင်နက်တည်း ပြောလိုက်လေ၏။ ပြီးနောက် ကျန်းချန်က ထပ်ပြောလိုက်သည်။
” တကယ်တော့ အဲ့လိုလုပ်ဖို့က အရမ်းစွန့်စားရာ ရောက်တယ်။ ဒီနေ့ မင်းရဲ့ လုပ်ဆောင်ချက်ကြောင့်သာ မဟုတ်ရင် မင်း အဲ့ဒီကို သွားနိုင်မှာ မဟုတ်ဘူး ”
” စီရင်စု ၉ ခုရဲ့ နဂါးသွေးကြောက လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက ဖျက်ဆီးခံခဲ့ရတဲ့ အချိန်ကစပြီး ခွန်းလွန်ရဲ့ နဂါးဘိုးဘေးတစ်ကောင်က သူ့တို့ဘာ့သာသူတို့ ဖုံးကွယ်နေခဲ့ကြတယ်။ စီရင်စု ၉ ခု တစ်ခုလုံးမှာ အသက်ရှိနေတဲ့ နဂါးသွေးကြောတစ်ခုပဲ ကျန်ခဲ့တာ။ ကျန်တဲ့ နဂါးသွေးကြောတွေ သူတို့ နဂါးစွမ်းအင်ကို ဆုံးရှုံးပြီး ဆက်ပြီး မကြီးပြင်းနိုင်တော့ဘူး ”
” ဒါကြောင့်မလို့ စီရင်စု၉ခုက နဂါးသွေးကြောကို ထိန်းချုပ်တဲ့ နေရာမှာ အလွန်တင်းကြပ်ခဲ့တယ် ”
ကြီးမြတ်သူ ( ၄ ) ဦးက တစ်လှည့်စီ စောင့်ကြပ်ပေးတာအပြင် အထဲဝင်ဖို့ဆို လေးယောက်ထဲက တစ်ယောက်ရဲ့ တံဆိပ်ကို လိုတယ်”
” မဟုတ်ရင် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကတောင် ဝင်နိုင်မှာ မဟုတ်ဘူး ”
” ကုန်လွန်ခဲ့တဲ့ အနှစ် ၅၀မှာ မင်းတစ်ယောက်ပဲ ဝင်နိုင်တာ”
” အနှစ် ၅၀ မတိုင်ခင်တုန်းက ဝင်ဖူးတဲ့သူ ရှိလား ”
ကျန်းချန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။ သူ၏ မျက်လုံးထဲ၌ လေးစားသည့် အရိပ်ယောင် ရှိနေသည်။
” ဓါးဧကရာဇ် မိုးပြာနဂါး ”
ယဲ့ရှောင်သည် သူ ဖြစ်မည်ဟု ခန့်မှန်းပြီးသား ဖြစ်သည်။
စီရင်စု၉ခုနှင့် နဂါးစာရင်း၌ နံပါတ်တစ်ဖြစ်သည့် မိုးပြာနဂါးက အထဲသို့ ဝင်ရန် အရည်အချင်း ပြည့်မှီဖို့ အများဆုံး ဖြစ်သည်။
” ဒါနဲ့ ကြီးမြတ်သူ( ၄ )ဦးက ဘုရင်နယ်ပယ်ကို ရောက်ပြီးကြပြီလေ။ ဘာကြောင့် အထဲကို မသွားတာလဲ ”
ယဲ့ရှောင်က ဇဝေဇဝါ ဖြစ်သွား၏။
ကျန်းချန်က လက်နှစ်ဖက်ကို ကူကယ်ရာမဲ့စွာ ဖြန့်ကားလိုက်၏။
” ငါတို့တွေက အရည်အချင်း မပြည့်မှီဘူးလေ။ တကယ်တော့ ကြီးမြတ်သူ( ၄ )ဦးရဲ့ သွေးမျိုးဆက်က ဧကရာဇ်သွေးမျိုးဆက်ပဲ။ ဧကရာဇ်သွေးမျိုးဆက် ရှိတဲ့သူတွေက အင်မတန် အစွမ်းထက်တဲ့ သူတွေပဲ။ ဒါပေမဲ့ ငါတို့တွေက ဧကရာဇ်သွေးမျိုးဆက် ကိုင်ဆောင်သူ ဖြစ်ခဲ့ရင်တောင် ငါတို့ ခွန်အားတွေက မလုံလောက်သေးဘူး ”
” ကြီးမြတ်တဲ့ မိုးပြာနဂါးက အသက် ၃၀အရွယ်မှာ ဘုရင်နယ်ပယ်ကို ခြေချခဲ့ပြီးပြီ။ ငါတို့တွေက အရင် ကြီးမြတ်သူတွေရဲ့ ဉာဏ်အလင်းဖွင့်မှုကို အားကိုးပြီး ဘုရင်နယ်ပယ်ကို အဆင့်တက်ခဲ့ကြတာ”
ယဲ့ရှောင်၏ မျက်လုံးက အနည်းငယ် လှုပ်ရှားသွားလေ၏။
ဓါးဧကရာဇ်မိုးပြာနဂါး ထိုမျှ အစွမ်းထက်လိမ့်မည်ဟု သူ မထင်ထားပေ။ အသက် ၃၀အရွယ်၌ သူသည် သူ့ဘာ့သာသူ ဘုရင်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့၏။ ထိုပါရမီက တကယ်မဆိုးလှပေ။
ခြံဝန်းထဲတွင် ရှိနေသော ဟွမ်လျိုလီက စိတ်လေနေသည့် အကြည့်ဖြစ်နေ၏။
သူက အသက် ၃၀အရွယ်မှာ ဘုရင်နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တော့ရော ဘာအရေးလဲ။ ငါ့သခင်က အသက် ၂၁နှစ်အရွယ်မှာ ဘုရင်နယ်ပယ်ကို အဆင့်တက်ခဲ့တာလေ။
လက်တွေ့တွင် သူသည် ကျင့်ကြံတာက တစ်နှစ်အောက်သာ ရှိ၏။ လွန်ခဲ့သည့်တစ်နှစ်က သူသည် ရှန်းထျန်းဒုတိယအဆင့်သို့ ရောက်ခါစ ဖြစ်သည်။
ထိုအတိုင်းသာဆိုလျှင် ယဲ့ရှောင်က သာမန်လူတစ်ယောက်ကနေ ဘုရင်နယ်ပယ်သိုင်းပညာရှင်တစ်ယောက်အဖြစ်သို့ တစ်နှစ်မပြည့်မှီ၌ အဆင့်တက်သွားတာဟု တွက်ချက်၍ ရသည်။
ဒါကမှ စစ်မှန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။ မိုးပြာနဂါးက သူ့ဖိနပ်သယ်ဖို့တောင် မထိုက်တန်ဘူး။
ပေ့ထျန်းစီက ထပ်ပြောလိုက်၏။
” ကြီးမြတ်သူ။ မြန်မြန်လှုပ်ရှားပြီး လိပ်နတ်တံဆိပ်ကို ယဲ့ရှောင်ဆီ ပေးလိုက်တာ ကောင်းလိမ့်မယ်။ သူ့ကျင့်ကြံဆင့် တိုးတက်ဖို့အတွက် တတ်နိုင်သမျှ မြန်မြန် ချန်ပိုင်နဂါးသွေးကြောဆီကို သွားခိုင်းလိုက်။ ဒါမှ သူ ဒုက္ခမရောက်တော့မှာ”
” အွန်း ” ကျန်းချန်က ရုတ်တရက် တွေဝေလာ၏။
ပေ့ထျန်းစီက ထိတ်လန့်အံ့အားသင့်နေ၏။
” ကြီးမြတ်သူ။ ဘာဖြစ်လို့လဲ ”
ကျန်းချန်က အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် လေးနက်စွာ ပြောလိုက်၏။
” ငါ သူ့ကို မပေးချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ထူးခြားတဲ့ အကြောင်းပြချက်တစ်ခု ရှိတယ်။ အဲ့ဒီအကြောင်း မင်းကို ရှင်းပြချင်တယ် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
ကျန်းချန်သည် သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်ရာ ရှေးဟောင်းကြေးနီ လိပ်နတ်အမှတ်အသားက သူ့လက်ဖဝါးထဲ၌ ပေါ်လာ၏။
လိပ်နတ်တံဆိပ်နှင့်အတူ အနက်ရောင်သေတ္တာလေးတစ်လုံး ရှိ၏။ ထူးဆန်းသော ပုံသဏ္ဍန်အချို့က ၄င်းပေါ်၌ ထွင်းထုထားသည်။
” လိပ်နတ်။ လိပ်နတ်တံဆိပ်က နဂါးသွေးကြောဂိတ်ကို ဖွင့်ဖို့အတွက် သော့ပဲ။ အင်မတန်လည်း အစွမ်းထက်တယ်။ နောက်ဆုံးအခေါက် သားရဲကပ်ဘေးမှာတုန်းက အင်မတန် ပြင်းထန်တဲ့ မိစ္ဆာအံ့ဖွယ်သားရဲကို ချိတ်ပိတ်ဖို့အတွက် ဒါကို သုံးခဲ့ရတာ။ သူ့ ရဲ့ ခွန်အားက အရမ်းသန်မာတာ။ ငါနဲ့ ကြီးမြတ်သူ မီးငှက်တို့ ပူးပေါင်းပြီး သူ့ကို ခဲရာခဲဆစ်နဲ့ ဖမ်းခဲ့ရတယ်”
” ပြီးတော့ သူ့ကို ဒီသေတ္တာလေးထဲမှာ ချိတ်ပိတ်ထားပြီး သူ့ကို ဖိနှိပ့်ဖို့အတွက် လိပ်နတ်ချိတ်ကို အသုံးပြုတာ ”
“မင်းကို လိပ်နတ်တံဆိပ် ပေးလိုက်ခဲ့မယ်ဆိုရင် သူ လွတ်မြောက်သွားနိုင်ချေမြင့်တယ်။ သူ့ကို ငါ့ဘာသာငါ မဖြေရှင်းနိုင်ဘူး။ ငါက အလွန်ဆုံး တစ်လလောက်ပဲ ထိန်းထားနိုင်မှာ။ မင်း ပြန်ရောက်မလာခဲ့ရင် ဒီအံ့ဖွယ်သားရဲ ထွက်ပြေးသွားနိုင်ချေက ၉၀ရာခိုင်နှုန်း ရှိတယ်။ အဲ့ဒီအချိန်ကြရင် ကျန်းဟိုင်တစ်မြို့လုံးက ရှုပ်ထွေးသွားလောက်တယ်။ မင်း တစ်လအတွင်း ပြန်ရောက်လာမယ်လို့ ယုံကြည်ချက်ရှိလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ပြဿနာ မရှိလောက်ပါဘူး။ ကျွန်တော် ကိုယ်ဖော့သိုင်း သုံးပြီး သွားလို့ရတယ် ”
” မင်းရဲ့ ကိုယ်ဖော့သိုင်းက ဘယ်လောက်မြန်လဲ ”
ယဲ့ရှောင်က အတန်ကြာ တိတ်ဆိတ်သွား၏။ ပြီးနောက် နေရာမှာတွင် ချက်ချင်း ပျောက်ကွယ်သွားသည်။ မကြာမီ၌ သူက သူတို့နှစ်ယောက်ရှေ့၌ ပြန်ပေါ်လာ၏။
သူက သူ့ဖုန်းကို ထုတ်ပြီး သူတို့နှစ်ယောက်အား လက်နှစ်ဖက်ဖြင့် ပေးလိုက်၏။
နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်က ကွေးတက်ပြီး ရှုတ်မဲ့သွားတော့၏။
” ခုနတုန်းက မင်း မိုင်အနည်းငယ် အမြင့်ကနေ ငါတို့ကို ဓာတ်ပုံရိုက်လိုက်တာလား ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီး ထပ်ပြောလိုက်၏။
” တိတိကျကျပြောရရင် ၁၀မိုင်အမြင့်ကနေပါ ”
” မင်းက လူသားတစ်ယောက်တောင် ဟုတ်ရဲ့လားဆိုတာ သိချင်မိတယ် ”
ယဲ့ရှောင်က အနည်းငယ် ဆွံ့အသွားလေ၏။ သူသည် ခွန်အားအစစ်အမှန်ကို အသုံးပြုထားတာ မဟုတ်ပေ။
ထို့အပြင် သူ၏ ကိုယ်ဖော့သိုင်းက အနည်းငယ်သာ အောင်မြင်သေး၏။ အောင်မြင်သွားပြီဆိုလျှင် သူ၏ အရှိန်မည်မျှဆိုတာ သိနိုင်မည်နည်း။
ကြီးမြတ်သော လိပ်နတ်က ယဲ့ရှောင်ကို မှတ်သားဖွယ်ရာအချို့ ပြောပြီးနောက် ချန်ပိုင်နဂါးသွေးကြောဆီသို့ ယဲ့ရှောင်နောက် လိုက်ပေးရန် ပေ့ထျန်းစီကို ပြောလိုက်၏။
ပြီးတော့မှ သူသည် လိပ်နတ်တံဆိပ်ကို ယဲ့ရှောင်အား ပေးလိုက်တော့၏။
” ယဲ့ရှောင်။ လိပ်နတ်တံဆိပ်ကို မင်း ဆီ ပေးပြီးပြီ။ မင်း ဘယ်လောက်ဝေးဝေး သွားနိုင်မလဲဆိုတာ မင်းရဲ့ ကံပေါ်ပဲ မူတည်နေတယ်။ မင်းက ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်ခဲ့ရင် မင်းတင် ဂုဏ်တက်ရမှာ မဟုတ်ဘူး။ ဒါက စီရင်စု၉ခုတစ်ခုလုံးရဲ့ လူသားမျိုးနွယ်အတွက် ကံကောင်းမှုလည်း ဟုတ်တယ် ”
” ဒါပေါ့။ ငါတို့ မျှော်လင့်ချက်လည်း ဟုတ်တာပဲ ”
လိပ်နတ်တံဆိပ်ကို ယဲ့ရှောင်အား ပေးပြီးနောက် ယဲ့ရှောင်သည် သူတို့ထံ၌ မျှော်လင့်ချက် တစ်စွန်းတစ်စကို ခံစားမိ၏။
ကြီးမြတ်သူ လိပ်နတ်သည် စီရင်စု ၉ ခု၏ ကံကြမ္မာအတွက် သူ၏ မျှော်လင့်ချက်ကို သူ့လက်သို့ အပ်နှင်းခဲ့၏။
ယဲ့ရှောင်က ခေါင်းညိတ်လိုက်သည်။
” စိတ်မပူပါနဲ့။ ကျွန်တော့် အကျိုးအတွက်ဆိုရင်တောင်မှ ဧကရာဇ်နယ်ပယ်ကို အဆင့်တက်ဖို့ အကောင်းဆုံး ကြိုးစားနိုင်မှာပါ ”
ကြီးမြတ်သူ လိပ်နတ်က ခေါင်းညိတ်လိုက်၏။
သို့သော် ထိုစဥ် အားနည်းသည့် စွမ်းအင်အတက်အကျသည် သေတ္တာလေးထဲကနေ ဖြည်းဖြည်းချင်း ထွက်လာ၏။
ထိုဝိညာဥ်စွမ်းအား အတက်အကျက အလွန်အားနည်းသော်ငြား ယဲ့ရှောင်၏ သိမြင်နားလည်မှုကနေ မလွတ်မြောက်နိုင်ပေ။
ယဲ့ရှောင်၏ သိမြင်နားလည်မှုသည် ကြီးမြတ်သော လိပ်နတ်ထက် အဆပေါင်းများစွာ ပိုသန်မာ၏။
ခဏအကြာတွင် သူက ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုပြီးနောက် ထိုဝိညာဥ်စွမ်းအားကို ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ဖောက်ခွဲလိုက်၏။
ပြီးနောက် သူက လက်ဝှေ့ရမ်းလိုက်ရာ မြေကမ္ဘာခွင်း ကောင်းကင်အဆင့် ကြယ်အစီအရင်ကို ချိတ်ပိတ်ခံ သေတ္တာထဲသို့ ထည့်လိုက်၏။ သူ လုပ်ပြီးသွားသည့်အချိန်တွင် ကြီးမြတ်သော လိပ်နတ်က တစ်ဖက်သူ၏ အပြုအမူကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားပြီး သူ့နောက်ကျော၌ ချွေးစီးများ ပြန်လာတော့၏။
” လခွမ်း။ သူ ဒီလောက် ကောက်ကျစ်မယ်လို့ မထင်ထားဘူး။ ငါက မင်းကို လိပ်နတ်တံဆိပ်ပေးခါစရှိသေးတယ်။ သူက ထွက်ပြေးဖို့ ကြိုးစားနေပြီးပြီ။ ဒါပေမဲ့ မင်း အဲ့ဒါကို ဘယ်လိုရှာတွေ့သွားတာလဲ။ ဒီဝိညာဥ်စွမ်းအားကို ငါ သတိတောင် မပြုမိဘူး”
ယဲ့ရှောင်က ပြုံးလိုက်၏။
” ဝိညာဥ်ကျင့်စဥ်တွေအကြောင်း ကျွန်တော် နည်းနည်း သိတယ်လေ”
ကျန်းချန်က နှုတ်ခမ်းထောင့်က တွန့်ကွေးသွား၏။
မင်းက ဒါကို နည်းနည်းလို့ ပြောတာလား။
ပေ့ထျန်းစီက သူ့နားကပ်ကာ တီးတိုးပြောလိုက်၏။
” ကြီးမြတ်သူ။ ယဲ့ရှောင်က သူ နည်းနည်း သိတယ်လို့ ပြောသရွေ့ ကျုပ်တို့အတွက် သူက အင်မတန် ထူးချွန်တယ်လို့ ပြောတာပဲ။ ကျေးဇူးပြုပြီး နားလည်ပေးပါ ”
ကြီးမြတ်သော လိပ်နတ်၏ နှုတ်ခမ်းက ပိုတောင် မည်းကျသွားတော့၏။
ထိုလူ၏ ကျင့်ကြံမှုသည် မူမမှန်လောက်အောင် ကျိုးကြောင်းမသင့်နေရုံသာမက သူ၏ ကျင့်ကြံခြင်း နည်းစနစ်ကလည်း မူမမှန် ဖြစ်နေပြီး အတော်လေး ထူးထူးချွန်ချွန်ဖြစ်နေလိမ့်မည်ဟုတောင် သူ မထင်ထားပေ။
သူက လက်ကို ဝှေ့ရမ်းလိုက်၏။
” တော်လောက်ပြီ တော်လောက်ပြီ။ မင်းတို့နှစ်ယောက် ဒီမှာ အဓိပ္ပာယ်မရှိ ဆက်ပြောနေဖို့ မလိုဘူး။ မင်းတို့ လမ်းကို မြန်မြန်သွားတာ ပိုကောင်းလိမ့်မယ်။ စောစောပြန်လာနိုင်ခဲ့ရင် တတ်နိုင်သမျှ မြန်မြန် ပြန်လာဖို့ ကြိုးစားကြ ”
ယဲ့ရှောင်က တည်ငြိမ်စွာ ပြောလိုက်၏။
” ဒါက ပြဿနာတစ်ရပ် မဟုတ်လောက်ပါဘူး။ ဒီသေတ္တာပေါ်မှာ တော်ဝင်အစီအရင်ရဲ့ ခုခံခြင်း အခင်းအကျင်းတစ်ခုကို ထွင်းထုခဲ့တယ်။ ဒါက ချုပ်နှောင်ခြင်း အစီအရင်ပဲလေ။ သူ ဧကရာဇ်နယ်ပယ်ကို မရောက်သရွေ့ ကျွန်တော်တို့တွေ သိပ်ပြီး စိုးရိမ်စရာ မလိုဘူး”
” ”
” ငါ မင်း သိပ်အစွမ်းထက်မှန်း သိပါတယ်။ ဒါပေမဲ့ ငါ့ကို ဆက်ပြီး ရန်မစနဲ့ ဟုတ်ပြီလား ”
ယဲ့ရှောင်က အနည်းငယ် တိတ်ဆိတ်သွားလေ၏။ ပြီးနောက် သူက ပေ့ထျန်းစီ၏ ပခုံးကို ဆုပ်ကိုင်ကာ ကျင့်စဥ်ကို သုံးလျက် အဝေးသို့ ထွက်သွား၏။
ကျန်းချန်က ဒေါသထွက်လွန်းသောကြောင့် မုတ်ဆိတ်ကို မှုတ်ထုတ်နေကာ သူ့ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်၏။
ခွေးကောင်။ ငါက သူ့ကို ရန်ထပ်မစဖို့ ပြောတာကို ငါ့ရှေ့မှာတင် ထပ်လုပ်သွားတယ်။ သူ မြန်လွန်းလို့ ငါတောင် သူ့ကို မမြင်နိုင်ဘူး။ သူက ငါ့ရှေ့မှာ ကြွားဖို့ ကြိုးစားနေတာလား။
အမှန်တကယ်တွင် ယဲ့ရှောင်က ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက် မရှိပေ။
သူသည် နဂါးသွေးကြောကို တတ်နိုင်သမျှ မြန်မြန် ရှာဖွေပြီး နဂါးစွမ်းအင်ကို ထုတ်ယူကာ လိပ်နတ်တံဆိပ်ကို ပြန်ပေးချင်နေတာပဲ ဖြစ်သည်။
ထို့အပြင် ကျန်းချန်က သူ့ကို ရန်ထပ်မစဖို့ ပြောပြီးသား ဖြစ်၏။ သူက တတ်နိုင်သမျှ မြန်မြန် ထွက်သွားသင့်သည် မဟုတ်ပါလော။
ကျန်းချန်သည် ယဲ့ရှောင် သေတ္တာပေါ်၌ ထားရစ်ခဲ့သော အစီအရင်ကို ကြည့်လိုက်၏။ သူက အတန်ကြာ မင်သက်နေမိသည်။ အဆုံးတွင်မူ သူက သက်ပြင်းချလိုက်မိတော့၏။
ဟူး။ လူလူချင်းယှဥ်ရတာ တကယ် ဒေါသထွက်စရာ ကောင်းတာပဲ။
ဤကမ္ဘာပေါ်၌ ကြီးမြတ်သူ မိုးပြာနဂါးကတင် သူ့ကို လုံလောက်အောင် ဒေါသထွက်စေမိပြီ တွေးနေခဲ့တာ ဖြစ်သည်။ သူ့အဖို့ အံ့သြသွားရသည်က သူ့ထက်ပိုပြီး ဒေါသထွက်စရာကောင်းသည့် နောက်ထပ် သူတစ်ယောက် ရှိနေတာပဲ ဖြစ်သည်။
သူ့ကို ဘယ်သူကများ မွေးခဲ့တာလဲ။ သူက ဒီလောက် ပုံမှန် မဟုတ်တာ။ သူလို လူထူးလူဆန်းကို မွေးဖို့အတွက် သူ့မိဘတွကရော ပုံမှန်မဟုတ် ဖြစ်ရမယ်မလား။
ကျန်းချန်က ခေါင်းခါလိုက်ပြီးနောက် သေတ္တာလေးကို သိမ်းကာ လှည့်ထွက်သွားလျက် စာကြည့်တိုက်သို့ လျှောက်သွားသည်။
သေတ္တာလေးထဲကနေ ဒေါသတကြီး ဟိန်းသံက ပေါ်ထွက်လာ၏။
” အား … သေစမ်း။ ငါ ဒီလောက် နီးစပ်နေပြီကို။ ငါလွတ်မြောက်ဖို့ နီးစပ်နေပြီ။ ဒီလောက် နီးစပ်နေတာကို ”
” သေသင့်တဲ့ လူသားကောင်။ လူသားကောင်က တော်ဝင်အစီအရင် ကို ကျွမ်းကျင်နေတယ်။ သေစမ်း။ ခွေးသား။ မင်းကို ထပ်မတွေ့ရစေနဲ့။ တစ်နေ့ကြ မင်းကို ထပ်တွေ့တဲ့အခါ မင်းကို အပိုင်းပိုင်း ပိုင်းဖြတ်ပြီး မင်းရဲ့ အရိုးကို ပြာဖြစ်အောင် မီးရှို့ပစ်မယ်။ မင်းကို အစပ်ကင်တွေအဖြစ် ပြောင်းပစ်မယ်။ ပြီးတော့ မင်းကို အရှင်လတ်လတ် မီးထဲမှာ မီးမြိုက်ပစ်မယ် ”
” ဒါပေမဲ့ ခုနတုန်းက ငါ့ရဲ့ စွမ်းအားထဲက သွေးအဆီအနစ် တစ်စွန်းတစ်စကို ထုတ်လိုက်တာ။ အဲ့ဒါက အင်မတန် အစွမ်းထက်တဲ့ သွေးအဆီအနစ်နဲ့ ကျင့်ကြံသူတစ်ယောက်ကို ရှာပြီး သူတို့ သွေးအဆီအနစ်ကို အသက်သွင်းပြီး ဒီအရံအတားကို ဖြိုခွင်းနိုင်အောင် ငါ့ကို ကူညီလိမ့်မယ် ”
” စောင့်နေလိုက်။ သိပ်မကြာဘူး။ ဒီသောက်ကျိုးပဲ့နေတဲ့ သေတ္တာထဲကနေ ထွက်လာနိုင်ဖို့ သိပ်မလိုတော့ဘူး။ အဲ့ဒီအချိန်ကြရင် ငါ လွတ်လပ်မှုကို ပြန်ရပြီး ဘုံ၉ဘုံကို တက်လှမ်းပြီး လူသားမျိုးနွယ်ရဲ့ သွေးကို ခံစားလို့ရမယ် ”

အပိုင်း ၂၇၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset