စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၆၆ အဝေးက မိတ်ဆွေများ။
သူ၏ စိတ်ထဲသို့ အသည်းခိုက်ဖွယ် နာကျင်မှုက ရောက်လာလေ၏။ သို့သော်ငြား ယဲ့ရှောင်သည် ထိုအချက်ကို တွေးထားပြီးတာ ကြာပြီဖြစ်သည်။ ထို့ကြောင့် နာကျင်သည့်တိုင် သူ၏ မျက်နှာပေါ်ရှိ အမူအယာက တည်ငြိမ်ပြီး သတိအပြည့် ရှိနေသေး၏။
ထာဝရဘဝ၏ လျှို့ဝှက်ချက်ကို သုံးလိုက်ပြီးနောက် ယဲ့ရှောင်၏ လက်က ချက်ချင်းပင် ပြန်ကောင်းလာကာ ယခင်ကကဲ့သို့ အသစ်စက်စက် ဖြစ်နေလေ၏။
မြေကြီးပေါ်သို့ ပြုတ်ကျသွားသည့် လက်သည် သွေးအဆီအနစ်အဖြစ် တဖန်ပြောင်းလဲသွားပြီး ဆုံးရှုံးသွားသော သွေးအဆီအနစ်အတွက် ဖြည့်သွင်းပေးရန်
ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲ ပေါင်းစည်းသွားလေ၏။
အစွမ်းထက်လိုက်တဲ့ ကုသခြင်းကျင့်စဥ်ပဲ။ ချက်ချင်းပဲ ငါ့ရဲ့ ဒဏ်ရာတွေကို မူလအနေအထားရောက်အောင် ပြန်ကုသပေးနိုင်တယ်။ ငါက ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီးသား။ ဒီတော့ ငါ့သွေးအဆီအနစ်က အင်မတန် သန်မာတယ်။ ငါ ဒဏ်ရာရသွားပြီဆိုတာနဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ထဲက ဒဏ်ရာတွေကို ကုသဖို့က အခြေခံအားဖြင့် အရမ်းခက်ခဲတယ်။ ငါ တော်ဝင်ကျင့်စဥ် ( ၃ ) မျိုးကို အသုံးပြုခဲ့တယ်ဆိုရင်တောင် ငါ့ရဲ့ ခန္ဓာကိုယ် ပြီးပြည့်စုံအောင် ကုသခံရဖို့ အချိန်ခဏတော့ လိုဦးမှာ။
ဒီကုသခြင်းကျင့်စဥ်က ငါ့ကို ချက်ချင်း အပြည့်အဝ ကုသပေးနိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ကြည့်ရတာ တကယ် အစွမ်းထက်ပုံပဲ။ တကယ့်ကို နတ်ဘုရားကုသခြင်းကျင့်စဥ်ပဲ။
ဒီကျင့်စဥ်နဲ့ဆို ငါ နောင်ကြ တခြားသူတွေနဲ့ တိုက်ခိုက်တဲ့အခါ ဒဏ်ရာရသွားရင်တောင် ငါ့ရဲ့ ဒဏ်ရာကို ချက်ချင်း ကုသနိုင်လိမ့်မယ်။
တစ်ဖက်သူက အင်မတန် အစွမ်းမထက်သရွေ့ ငါ့ကို ပြာတောင် မကျန်တော့တဲ့အထိ ချက်ချင်း မသတ်သရွေ့ သူ ငါ့ကို သတ်ပစ်နိုင်မှာ မဟုတ်ဘူး။
အစွမ်းထက်သည့် ကုသခြင်းကျင့်စဥ်တစ်ခုကို ရသွားခြင်းက ယဲ့ရှောင်၏ စိတ်အခြေအနေကို ပိုကောင်းသွားစေ၏။
သူသည် နတ်ဘုရားသတ်ဖြတ်ခြင်း အဆင့်တွင်ရှိသော ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးနှင့် နတ်ဘုရားကုသခြင်းအဆင့်ရှိ ထာဝရဘဝ၏ လျှို့ဝှက်ချက်ကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ ပြီးနောက် ယဲ့ရှောင်သည် ကိုယ်ဖော့သိုင်းကို ပေါင်းစည်းရန် ရွေးချယ်လိုက်၏။ အမှန်တကယ်တွင် သူသည် လက်သီးသိုင်းကို ပေါင်းစည်းရန်လည်း ရွေးချယ်နိုင်၏။ သို့သော် လက်သီးသိုင်းက ယခုအချိန်တွင် ထိုမျှ အရေးမကြီးပေ။ ယခင်ကနှင့် တူညီနေဆဲ ဖြစ်၏။ တိုက်ခိုက်ခြင်း၊ ကုသခြင်း၊ ကိုယ်ဖော့သိုင်း၊ ခုခံခြင်းနှင့် စိတ်စွမ်းအားကျင့်စဥ်များအားလုံးက မရှိမဖြစ်ပဲ ဖြစ်သည်။ သူသည် ထိုကျင့်စဥ် ( ၅ ) မျိုးကို ဦးစွာ အားထားရပေမည်။ ခုခံခြင်းအတွက်မူ သူ့၌ ခန္ဓာသန့်စင်ခြင်းကျင့်စဥ်၊ ဖျက်ဆီး၍မရသော စိတ်နတ်ဘုရားသိုင်းနှင့် ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်၊ ဖျက်ဆီး၍မရခြင်းနှင့် ရာသက်ပန် ရှိနေပြီးသား ဖြစ်၏။ ၄င်းကို ပေါင်းစည်းရန် မည်ကဲ့သို့ ကျင့်စဥ်မျိုး လိုအပ်ကြောင်း သူ မသိပေ။ ထို့ကြောင့် ယခုအချိန်တွင် သူက ကိုယ်ဖော့သိုင်းများ ပေါင်းစည်းဖို့သာ အာရုံစိုက်လိုက်ပြီး ကိုယ်ဖော့သိုင်းများက အင်မတန် အသုံးဝင်၏။
လိုက်ဖမ်းခြင်း၊ ထွက်ပြေးခြင်း၊ အမြန်သွားခြင်းတို့ အားလုံးက အလွန်အသုံးဝင်သည်။ သူသည် တိုက်ခိုက်ရန် အာမခံ နည်းလမ်းတစ်ခုဖြစ်သည့် ဓါးသိုင်းရထားပြီး ဖြစ်သောကြောင့် သူ့၌ လက်သီးသိုင်းတစ်ခု ပိုရလျှင် သို့မဟုတ် လက်သီးသိုင်းတစ်ခု လျော့ရလျှင်လည်း ကိစ္စမရှိပေ။
ထို့ကြောင့် ယဲ့ရှောင်သည် နတ်ဘုရားအာရုံစူးစိုက်ခြင်း၊ မြေဝပ်ခြင်းကျင့်စဥ်နှင့် ခြေရာမဲ့ လေခြေလှမ်းတော်ဝင်သိုင်းတို့ကို ပေါင်းစည်းရန် နှိပ်လိုက်လေ၏။ နောက်ရက်အနည်းငယ်အတွင်း ယဲ့ရှောင်က ခါတိုင်းကဲ့သို့ စာအုပ်များ ဆက်လက် ဖတ်ရှုနေခဲ့သည်။
အခြေခံမျက်ဝန်းကျင့်စဥ်များကို ဖတ်ရှုပြီး သူတို့ကို မှတ်တမ်းတင်ကာ ဧကရာဇ်မျက်ဝန်းကျင့်စဥ်အဖြစ် ပေါင်းစည်းတာအပြင် ယဲ့ရှောင်သည် စိတ်စွမ်းအားနှင့် သက်ဆိုင်သည့် စာအုပ်များကိုလည်း ဆက်လက် ဖတ်ရှုခဲ့၏။
သူ၏ လက်ရှိ စိတ်ပိုင်းဆိုင်ရာ ကျင့်စဥ်သည်ခရမ်းရောင်ကြယ်ပင်လယ်နှင့် ဓမ္မကျမ်းစာတို့ ရှိနေပြီ ဖြစ်၏။ သူ့၌ နောက်ထပ် စိတ်စွမ်းအားကျင့်စဥ်တစ်ခု ရှိလာခဲ့မည်ဆိုလျှင် နတ်ဘုရားအဆင့် စိတ်စွမ်းအားကျင့်စဥ်ကို ပေါင်းစည်းနိုင်လိမ့်မည်ဖြစ်ကာ နောင်ကြ တိုက်ပွဲဝင် ခွန်အားကုန်ဆုံးနှုန်း ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။
နတ်ဘုရားအဆင့် စိတ်စွမ်းအားကျင့်စဥ်က ဆောင်ယူလာသော ဝိညာဥ်စွမ်းအင် သုံးစွဲမှုသည်လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မား၏။ တော်ဝင်အဆင့် စိတ်စွမ်းအားကျင့်စဥ်နှစ်ရပ်သည် ကျန်သည့် တော်ဝင်ဝိညာဥ်ကျင့်စဥ်များ အသုံးပြုသည့် အချိန်၌ ပြဿနာ သိပ်မရှိလောက်ပေ။ သို့သော် သူက နတ်ဘုရားအဆင့် ဝိညာဥ်စွမ်းအင်ကျင့်စဥ်များ အသုံးပြုရသည့် အချိန်ထိ စောင့်မည်ဆိုလျှင် အိုမင်းသွားနိုင်လောက်၏။
ယဲ့ရှောင်အတွက် နှစ်ထောင်သော ချီရှန်းအဆင့် ကျင့်စဥ်ထဲကနေ တော်ဝင်ကျင့်စဥ်တစ်ခု ကောက်နုတ်ပြီး သန့်စင်ရန် အချိန်၇ရက် ယူခဲ့ရ၏။ ပင်လယ် ထွေးပွေ့ မြစ် အားလုံးပဲ ဖြစ်သည်။ ထိုကျင့်စဥ်သည် ဓမ္မကျမ်းစာနှင့် ခရမ်းရောင်ကြယ်ပင်လယ်တို့နှင့် အခြေခံအားဖြင့် မတူညီပေ။ ကျင့်စဥ်အသစ်ပေါင်းစည်းရန် အသုံးပြုနိုင်၏။
ကျင့်စဥ်သည် ကျင့်ကြံရာ၌ မဟာတိုးမြှင့်ပေးမှုကြီး ရှိသည်။ ထိုကျင့်စဥ်ကို ပေါင်းစည်းပြီးနောက် ကျန်းဟိုင်မြို့၌ လက်ရှိ ဝိညာဥ်စွမ်းအင်အကြောင်းအရာနှင့် ပေါင်းစည်းကာ သူ၏ ကြယ်တာရာသားရဲ အသား ထောင်ပံ့ပေးမှုဖြင့် သူ၏ ကျင့်ကြံမှုအရှိန်သည် ပိုမြန်ဆန်လာနိုင်သည်ဟာ တွေးထင်ထားနိုင်၏။ သူသည် နဂါးစွမ်းအင် အနည်းငယ် ပိုရနိုင်လျှင် တစ်နှစ်အတွင်း ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်လောက်သည်။
သို့သော်ငြား ယဲ့ရှောင်သည် နဂါးသွေးကြောကို မည်သည့်နေရာတွင် ရှာမည်မှန်း မသိပေ။ ထိုအကြောင်းကို စဥ်းစားပြီးနောက် သူသည် အခွင့်အရေးတစ်ခုကို စောင့်ကြည့်ရုံသာ တတ်နိုင်၏။
သို့သော် ထိုနေ့နံနက်၌ ယဲ့ရှောင်သည် ထိတ်လန့်ဖွယ် သတင်းကို ကြားသည့်အချိန်၌ စာကြည့်တိုက်သို့ ရောက်လာတာ ဖြစ်သည်။ အနောက်အရပ်ရှိ ခရိုင်သေးလေးတစ်ခုက ညတွင်းချင်း ပျောက်ကွယ်သွား၏။ ယင်းက ခရိုင်သေးလေးတစ်ခုသာ ဖြစ်သော်ငြား ခရိုင်တစ်ခု ဖြစ်နေသေး၏။ မြို့တစ်မြို့မဟုတ် မြို့လေးတစ်မြို့လည်း မဟုတ်ပေ။ ထိုအစား မြို့ကြီးများနှင့် မြို့လေးများစွာ ပေါင်းစည်းထားသည့် နေရာဖြစ်သည်။ သို့သော် ယင်းက ခြေရာလက်ရာ မကျန်ပဲ ပျောက်ဆုံးသွားကာ ထိုအကြောင်းကို အားလုံးနီးပါး မသိကြပေ။ ထိုအရေးကိစ္စက အင်တာနက်ပေါ်၌ လှိုင်းထန်သွားစေ၏။ စီရင်စု ၉ ခုသည် ၄င်းကို တမင်တကာ ဖိနှိပ့်ထားသော်ငြား အနောက်အရပ် ကွန်ယက်ကတောင် ၄င်းကို မထိန်းထားနိုင်လေရာ စီရင်စု ၉ ခုဆို ပြောရန် မလိုအပ်တော့ချေ။
ထို့အပြင် ဤကဲ့သို့ အဖြစ်အပျက်ကြီးဖြင့် သူတို့ ၄င်းကို ဖိနှိပ့်ထားပေလျှင် မည်မျှ ဖိနှိပ့်နိုင်မည်နည်း။
ယခုနှစ်များအတွင်း စီရင်စု ၉ ခုကနေ နိုင်ငံခြားသို့ သွားသည့် လူများစွာ ရှိ၏။ သူတို့ထဲ၌ မည်သူမဆို ဖုန်းတစ်ချက်ခေါ်ပြီး သတင်းဖြန့်နိုင်၏။
အဆုံးတွင်မူ သူတို့က ၄င်းကို မဖိနှိပ့်ထားနိုင်ခဲ့ပေ။ စီရင်စု ၉ ခုကတောင် သတင်းအချို့ တင်ပြရန် အကောင်းဆုံး ကြိုးစားရမည်။ ထိုအရေးကိစ္စက လတ်တလော၌ အင်တာနက်အသုံးပြုသူများအတွက် ထိတ်လန့်ဖွယ် အကောင်းဆုံးကိစ္စ ဖြစ်နေသည်။
ကျန်းဟိုင်မြို့ထဲ၌ ဓါးမော့ဓါးဝိဇ္ဇာ ပေါ်ပေါက်ခြင်းကတောင် ထိုအဖြစ်အပျက်လောက် မကြီးမားပေ။
ဆိုရလျှင် ဓါးမော့ဓါးဝိဇ္ဇာသည် ကမ္ဘာ့နဂါးစာရင်းရှိ အဆင့် ၄၉နှင့် အဆင့် ၅၀ အံ့ဖွယ်ချီရှန်းနှစ်ဦးကို အနိုင်ယူပြီးမှ နာမည်ကြီးလာတာ ဖြစ်သည်။ ကျန်သည့်အရာ အများစုကို အများက မသိကြပေ။
” ကြားပြီးပြီလား။ ဒီတစ်ခေါက် မတော်တဆဖြစ်သွားတဲ့ နေရာက လီခရိုင်တဲ့။ အဲ့ဒါက အင်မတန် သေးငယ်တဲ့ အနောက်ပိုင်းဒေသပဲလေ။ တကယ် သနားဖို့ကောင်းလိုက်တာကွာ။ ညတွင်းချင်း ပျောက်သွားတာ။ စီရင်စုတစ်ခုလုံး မြေကြီးပေါ် ပြားပြားဝပ်သွားရောပဲ။ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှ မကျန်ခဲ့ဘူး ”
” ဟူး။ ဒီရက်တွေမှာ ဘဝက ပိုပိုခက်ခဲလာနေပြီ။ သားရဲကပ်ဘေးက ရောက်မလာသေးပဲနဲ့ ဒီလိုကိစ္စမျိုးက ထပ်ပေါ်လာတာ။ ကမ္ဘာကြီး ဘာတွေဖြစ်နေမှန်း တကယ် မသိတော့ဘူး ”
” အနောက်အရပ်မှာ အလုပ်လုပ်တဲ့ ဆွေမျိုးတွေဆီက ကြားတာကတော့ အဲ့ဒီနေရာမှာ ကြယ်တာရာသားရဲတစ်ကောင်ရဲ့ အငွေ့အသက် ရှိတယ်တဲ့။ တစ်ချက်တည်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်း ရှိတယ်။ အလွန်အစွမ်းထက်တဲ့ ကြယ်တာရာသားရဲတစ်ကောင်လေ။ ကြယ်၇လုံးတန်းပြီးတဲ့နောက် ကြယ်တာရာသားရဲက ပိုသန်မာလာပြီး လူသားမျိုးနွယ်ကို ထွက်တိုက်ခိုက်တာပဲ ဖြစ်မယ် ”
” ကြယ်၇လုံးတန်းခြင်းရဲ့ အာနိသင်က ကျန်တာတွေထက် ပိုသန်မာတယ်လို့ ငါ ကြားထားတယ်။ ဒီတစ်ခေါက် သားရဲကပ်ေဘးကရော ပိုပြင်းထန်မလား သိချင်မိတယ် ”
လူတိုင်း တစ်ခွန်းပြီးတစ်ခွန်း ပြောနေလေရာ သူတို့၏ စကားများသည် ကောင်းကင်ပေါ်မှ ကျဆင်းလာသော ပန်းပွင့်များပမာ ဖြစ်နေ၏။ ယဲ့ရှောင်သည် ထိုကဲ့သို့ ကိစ္စရပ်၌ ဘယ်တော့မှ ဝင်ပါမှာ မဟုတ်ပေ။
အင်တာနက်ပေါ်၌ ခွဲခြမ်းစိတ်ဖြာမှုတစ်ခု ရှိ၏။ လစာပိုနည်းလေ လူအများက နိုင်ငံ့အရေးကိစ္စအကြောင်းကို ပိုပြီး စိုးရိမ်ပူပန်လေ ဖြစ်၏။ သူတို့က ပတ်ဝန်းကျင် ကိစ္စများကိုလည်း ဂရုစိုက်ပြီး သူတို့နှင့် မသက်ဆိုင်သည့် အရေးကိစ္စများကိုလည်း စိတ်ဝင်စားသည်။ အမှုက ကြီးလေလေ သူတို့၏ စွမ်းရည်ကို ပိုပြသချင်လေ ဖြစ်ပုံရ၏။
ထိုအကြောင်းကို ဂရုတစိုက် စဥ်းစားကြည့်ပြီးနောက် ဤကဲ့သို့ အရေးကိစ္စကို အံ့ဖွယ်ချီရှန်းတစ်ယောက် သို့မဟုတ် ဘုရင်နယ်ပယ်သိုင်းပညာရှင်တစ်ယောက်ကတောင် သေချာပေါက် ဖြေရှင်းနေတာ ဖြစ်လောက်သည်။ ဘာကို စိုးရိမ်စရာ ရှိမည်နည်း။
သို့သော် ယဲ့ရှောင် မထင်ထားသည်က လျိုချန်စွင်းကလည်း လေးနက်တည်ကြည်သော အမူအယာ ရှိနေတာပဲ ဖြစ်သည်။
” ယဲ့ရှောင်။ ဒီတစ်ခေါက် ကိစ္စကြီးတစ်ခုခု ဖြစ်တော့မှာ စိုးရိမ်နေတယ် ”
” ”
ကြည့်ရသည်မှာ ထိုဥပဒေသားကလည်း အလွန်တိကျပုံ မပေါ်ပေ။
” ဘာကြောင့် မျက်မှောင်ကျုံ့နေတာလဲ။ စီရင်စုတစ်ခုကို ခင်ဗျား ဖျက်ဆီးချင်တယ်ဆိုရင် လုပ်လိုက်လို့ ရတာပဲမလား ”
လျိုချန်စွင်းက ခေါင်းခါလိုက်၏။
” ငါပြောနေတာ အဲ့ဒီအကြောင်း မဟုတ်ဘူး။ ဒီစီရင်စုက စီရင်စုအသေးလေးပဲ။ သိုင်းခွန်အားက မသန်မာဘူး။ ဒီတော့ ဖျက်ဆီးခံလိုက်ရတာ မထူးဆန်းဘူးလေ။ ဒါပေမဲ့ အဲ့ဒီစီရင်စု ဖျက်ဆီးခံရတဲ့ ကိစ္စက အပေါ်ယံမှာပဲ ရှိသေးတာ။ တကယ်က ဒီစီရင်စုထဲမှာရှိတဲ့ နဂါးသွေးကြော ယူသွားခံလိုက်ရတာပဲ ”
ယဲ့ရှောင်က ရင်ထဲ ထိတ်ခနဲ ဖြစ်သွားလေ၏။
” မင်း နဂါးသွေးကြောအကြောင်း သိတယ်မလား။ မင်းက နေ့တိုင်း စာအုပ်တွေ ဖတ်နေတာဆိုတော့ ဒီအကြောင်း နည်းနည်းတော့ သိမှာပဲ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” အမှန်ပဲ။ အဲ့ဒီအကြောင်း ကျွန်တော် နည်းနည်းသိတယ်။ ဒါပေမဲ့ နဂါးသွေးကြောက ဝိညာဥ်စွမ်းအင် သဘာဝထုတ်ကုန်တစ်ခုရဲ့ ပေါင်းစည်းမှုမလား။ အခိုးခံလိုက်ရတယ်ဆိုရင်တောင် ဒီလောက် ချဲ့ကားနေဖို့ လိုလို့လား။ ဒါ့အပြင် အဲ့ဒီစီရင်စုက အရမ်း သေးတာပဲလေ။ နဂါးသွေးကြောတစ်ခု ရှိခဲ့မယ်ဆိုရင်တောင် နဂါးသွေးကြော များများစားစား မဟုတ်လောက်ဘူးမလား ”
လျိုချန်စွင်းက ခေါင်းခါလိုက်၏။
” နဂါးသွေးကြောလို အရာမျိုးက တခြားအရင်းအမြစ်တွေနဲ့ မတူဘူးဆိုတာ မင်း မသိဘူး။ ဒဏ္ဍာရီတွေအရ နဂါးသွေးကြောအတွင်းမှာ လူသားသိုင်းပညာရှင်တစ်ယောက်ကို ဘုရင်နယ်ပယ်ရဲ့ အဟန့်အတားတွေကို ဖျက်ကျော်ပြီး ပိုမြင့်တဲ့ သိုင်းပညာအဆင့်ကို တက်လှမ်းနိုင်စေမဲ့ အခွင့်အရေးတစ်ခု ရှိတယ်တဲ့။ လူသားတစ်ယောက်က အဲ့ဒီနဂါးသွေးကြောကို ယူသွားခဲ့ရင် အဲ့ဒီလူက ပိုမြင့်တဲ့ ကျင့်ကြံဆင့်ကို တက်လှမ်းဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကြယ်တာရာသားရဲတစ်ကောင် ယူသွားခဲ့မယ်ဆိုရင်တော့ ပြဿနာက ကြီးသွားပြီ ”
” အဲ့ဒီကြယ်တာရာသားရဲက ကျင့်ကြံဆင့်တစ်ဆင့်မြှင့်တင်ဖို့ နဂါးသွေးကြောကို သုံးတာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ အဲ့ဒီကြယ်တာရာသားရဲက ထူးခြားတဲ့ကိစ္စတွေကို လုပ်ဖို့ နဂါးသွေးကို သုံးနိုင်လောက်တယ်။ ဥပမာအနေနဲ့ အချိန်တိုအတွင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် ခွန်အားကို မြှင့်တင်ပြီး သူတို့ ပိုင်ဆိုင်တဲ့ ခွန်အားကို ပိုမြင့်ချင်နေတာ။ ဒါမှမဟုတ် အဲ့ဒါကို ဖောက်ခွဲပစ်လိုက်နိုင်တယ်။ နဂါးသွေးကြောမှာ ကောင်းကင်နှင့် မြေကြီးရဲ့ ဝိညာဥ်စွမ်းအင်တွေ အများကြီး ပါဝင်နေတာ။ ကြယ်တာရာသားရဲတစ်ကောင်က နဂါးသွေးကြောကို နေရာတစ်ခုမှာ ဖောက်ခွဲလိုက်မယ်ဆိုရင် အဲ့ဒီနားမှာ ရှိနေတဲ့ လူသားမျိုးနွယ်အတွက် ကမ္ဘာ့ပျက်ကပ်တစ်ခု ဖြစ်တာထက် လျော့မှာမဟုတ်ဘူး ”
ယဲ့ရှောင်က တိတ်ဆိတ်သွားလေ၏။ ဤအရေးကိစ္စက မူမမှန်မှန်း သူ သိနေသည်။ သို့သော်ငြား ထိုအတိုင်း ဖြစ်လိမ့်မည်ဟု မထင်ထားပေ။
လျိုချန်စွင်း ပြောသည့်အတိုင်းသာဆိုလျှင် သူ ပိုဂရုစိုက်ရပေမည်။ ထိုကြယ်တာရာသားရဲက ဘာလုပ်ရန် ကြိုးစားနေမှန်း မည်သူက သိမည်နည်း။
သူတို့၏ ပန်းတိုင်က လူသားမျိုးနွယ်ကို ဖျက်ဆီးရန် ဖြစ်သည်။ တစ်စုံတစ်ခု မှားယွင်းသွားပြီး သူတို့က ကျန်းဟိုင်မြို့ဆီ ရောက်လာလျှင် မည်သို့ဖြစ်မည်နည်း။ သို့သော် ဂရုတစိုက် စဥ်းစားကြည့်ရာ ထိုမျှ မလေးနက်လောက်ပေ။ တစ်ဖက်သူသည် စီရင်စု၉ခုကို အမှန်တကယ် ဖြေရှင်းချင်လျှင် သူတို့က စီရင်စု၉ခုကို လာသင့်၏။ နဂါးသွေးကြောကို လုယူရန်အတွက် အနောက်အရပ်သို့ အဘယ်ကြောင့် ဒုက္ခခံပြီး သွားမည်နည်း။
အနောက်ပိုင်း၌ သိုင်းပညာရှင်များစွာလည်း ရှိ၏။ တစ်ဖက်သူသည် ပြဿနာရှာရန် အနောက်ပိုင်းသို့ သွားခဲ့လျှင် သူသည် အနောက်ပိုင်းရှိ သိုင်းပညာရှင်များကို သေချာပေါက် ရန်စမိလိမ့်မည်။
ထို့အပြင် တစ်ဖက်သူက စီရင်စု၉ခုကို လာခဲ့ပေလျှင် ဤနေရာ၌ သိုင်းပညာရှင်များစွာ ရှိ၏။
စီရင်စု၉ခုက သူ မရှိပဲ မရှင်သန်နိုင်တာ မဟုတ်။ သူသည် အနားရှိ လူများကို ကယ်တင်ပေးနိုင်သော ဘုရားလောင်း မဟုတ်ပေ။ သူ၏ ကျင့်ကြံဆင့်တိုးတက်အောင် ဦးစွာ အာရုံစိုက်တာက ပိုကောင်းပေလိမ့်မည်။
သို့သော် ယဲ့ရှောင် အလုပ်ဆင်းတော့မည့်အချိန်၌ စာကြည့်တိုက်ဝင်ပေါက်၌ အသိကျွမ်းဟောင်းတစ်ဦးနှင့် တွေ့မိလိမ့်မည်ဟု မထင်ထားပေ။
” ပေ့ထျန်းစီ ”
” စီနီယာ ပေ့ထျန်းစီလား။ ကျန်းဟိုင်မြို့ကို ကြောင့် ရုတ်တရက် ရောက်လာတာလဲ ”
ပေ့ထျန်းစီက အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်တော့၏။
” ကိစ္စတချို့ရှိလို့ ဒီလာရင်းနဲ့ မင်းကို တွေ့တာလေ။ ဘာလဲ။ မစ္စတာယဲ့က ငါ့လို အဖိုးကြီးကို မကြိုဆိုဘူးလား ”
ယဲ့ရှောင်က ခေါင်းခါလိုက်လေ၏။
” အဲ့လို မဟုတ်ပါဘူး။ ကျုံးစီရင်စုထဲမှာ ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့တာပဲလေ။ ဒီနေ့ စီနီယာက ကျန်းဟိုင်မြို့ကို ရောက်လာတယ်ဆိုတော့ ကျွန်တော်က ဒကာခံမယ်။ ကျွန်တော့် ကျေးဇူးတရားကို ဖော်ပြဖို့အတွက် တစ်ခွက် နှစ်ခွက် တိုက်မယ်လေ ”
” ဒါဆို ငါ မငြင်းတော့ဘူး ”
ပေ့ထျန်းစီသည် ယဲ့ရှောင်အား သိုလှောင်လက်စွပ်လေးတစ်ကွင်း ပေးလိုက်၏။
” ငါ ဒီကို ရုတ်တရက် ခရီးထွက်လာတော့ ပစ္စည်းကောင်းတွေ သယ်မလာမိဘူး။ ဒီထဲမှာ ငါ သတ်လိုက်တဲ့ ရှန်းထျန်းသတ္တမအဆင့် ကြယ်တာရာသားရဲသုံးကောင် ရှိတယ်။ ဒါကို ငါ့ရဲ့ လက်ဆောင်အဖြစ် သတ်မှတ်လို့ရတယ် ”
ယဲ့ရှောင်သည် အင်တင်တင်နိုင်စွာ ပြုမူမနေတော့ပဲ ချက်ချင်း လျှောက်လာကာ ၄င်းကို ယူပြီး သူ၏ အိတ်ထဲ ပစ်ထည့်လိုက်၏။
” စီနီယာ ပေ့ထျန်းစီ လုပ်ပေးခဲ့တာ လုံလောက်နေပါပြီ။ ကျွန်တော့်အိမ်ကို သွားပြီး စကားပြောကြရအောင် ”
” ကောင်းပြီ ”
နှစ်ယောက်သားက ကိုယ်ဖော့သိုင်းကို အသုံးပြုပြီး အချိန်တိုအတွင်း ယဲ့ရှောင်၏ အိမ်သို့ ရောက်သွားသည်။
ဆင်ခြင်ဖုံးရပ်ကွက်ရှိ ထိုအိမ်လေးကို ကြည့်ပြီး ပေ့ထျန်းစီ၏ မျက်လုံးထဲ၌ ထိတ်လန့်မှု အရိပ်ယောင် ပေါ်လာ၏။ ယဲ့ရှောင်၏ အဆင့်အတန်းဖြင့် ဤနေရာ၌ အမှန်တကယ် နေလိမ့်မည်ဆိုတာ သူ မထင်မှတ်ထားပေ။
ဤနေရာက ဝေးလံရုံသာမက အိမ်ကလည်း အလွန်ဟောင်း၏။ ယဲ့ရှောင်ကဲ့သို့ ကောင်းကင်က ကောင်းချီးပေးခံထားရသော ပါရမီရှင်တစ်ဦးနှင့် မကိုက်ညီပေ။
ဟွမ်လျိုလီသည် ယဲ့ရှောင်၏ အရှိန်အဝါကို အာရုံခံမိပြီး တံခါးဖွင့်ရန် ချက်ချင်း ထွက်လာသည်။
” သခင် ပြန်လာပြီပဲ ”
အပိုင်း ၂၆၆ ပြီး၏။