Switch Mode

Chapter – 15

ဟူယွမ် ကျင့်ကြံရေး နည်းလမ်း

အခန်း ၁၅
ဟူယွမ် ကျင့်ကြံရေး နည်းလမ်း

ဝမ်ရှန်းသည် သိုလှောင်လက်စွပ်နှင့် ဟွင်းယွမ် ကျင့်ကြံရေး စာအုပ်ငယ်ကို သိမ်းဆည်း လိုက်ပြီးနောက် အညိုရောင် သကြားနှင့် အဝါရောင်ရွှံ့ကို ပေါင်းစပ်ကာ သကြားဖြူ ပြုလုပ်ပုံကို ထပ်ကာတလဲလဲ လက်တွေ့ပြသ ပေးလိုက်သည်။

အကြိမ်ပေါင်းများစွာ လုပ်သော်လည်း ရလဒ်သည် အတူတူပင် ဖြစ်ကာ ဆွတ်ဆွတ်ဖြူနေသော သကြားများ ထွက်ပေါ်လာသည်။

ဝမ်ရှန်း ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ပိုင်ရှင် အမျိုးသမီးသည် တစ်ခုခု ပြောလိုဟန်ဖြင့် ထရပ်လိုက်ပြီး…

“ဧည့်သည် ဆားအစိမ်းရောင် အချို့ မလိုချင်ဘူးလား”

ဝမ်ရှန်း ပြုံးလိုက်သည်။ ဤမေးခွန်းကို မျှော်လင့်ထားပြီးဟန်ဖြင့် ခန္ဓာကိုယ်မှ အိတ်ငယ်လေး တစ်ခု ထုတ်ယူ ပစ်ပေးလိုက်သည်။ အထဲတွင် ဖြူဖွေးနူးညံ့သော ဆားများရှိနေပြီး အမှန်တကယ်ပင် ကျောက်စိမ်းဖြူကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည်။ အညစ်အကြေးလည်း မရှိဘဲ ကြည့်ရုံဖြင့် စိတ်ကျေနပ်စေသည်။

ပိုင်ရှင်အမျိုးသမီးသည် ဆားဖြူအချို့ကို မြည်းစမ်း ကြည့်ပြီးနောက် မျက်လုံးများ အရောင်လက် သွားကာ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ဝမ်ရှန်းသည် လက်ကို ကာကာ ဖြတ်ပြော လိုက်လေသည်။

“သကြားဖြူနဲ့တင် စီးပွားရေးလုပ်ငန်း အကြီးကြီး ဖြစ်နေပါပြီ။ ဆားကိုပါ ထပ်ထည့်ရင် ပေါင်ချင်ယုတန်က အရမ်း လောဘကြီးရာ ကျနေမှာပေါ့” 

အမျိုးသမီးသည် တစ်ခဏမျှ တိတ်ဆိတ် သွားပြီးမှ ဝမ်ရှန်းကို ကြည့်ကာ ပြုံးရယ်လိုက်ပြီး “ဧည့်သည်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်”

ဝမ်ရှန်း ပြောသည့်အတိုင်းပင် သကြားဖြူလုပ်ငန်း တစ်ခုတည်းကပင် ပေါင်ချင်ယုတန်အတွက် ငွေအမြောက်အမြားရရန် လုံလောက်ပေသည်။ ဆားဖြူကိုသာ ထပ်ထည့်လိုက်ပါက လူအများ၏ အာရုံစိုက်စရာ ဖြစ်လာနိုင်သည်။

ခြံကျဉ်းလေးထဲသို့ ပြန်ရောက် လာပြီးနောက် ဝမ်ရှန်း ပထမဆုံး ပြုလုပ်သည့် အရာမှာ ကျောပိုးအိတ်နှင့် ရိုင်ဖယ်အိတ်ကို သိုလှောင် လက်စွပ်ထဲသို့ ထည့်လိုက်ခြင်း ဖြစ်သည်။

လက်စွပ်ထဲတွင် ပျောက်ကွယ် သွားသော ပစ္စည်းများကို ကြည့်ကာ စိတ်သက်သာရာ ရသွားမိသည်။

ဤရက်များအတွင်း ပစ္စည်းများ ပျောက်ဆုံးသွားမည်ကို နေ့နေ့ညည  စိုးရိမ်နေခဲ့ရသော်လည်း ယခု ပြေလည်သွားလေပြီ။

လက်စွပ်သည် နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ယောက် ဝတ်ဆင်သည့် ပုံစံနှင့် ဆင်တူနေလေရာ ဝမ်ရှန်းအတွက် လက်တွင် ဝတ်ထားရန် အဆင်မပြေလှချေ။ ထို့ပြင် လက်တွင် ဝတ်ထားခြင်းသည် လူအများ အာရုံစိုက်စရာ ဖြစ်နေသဖြင့် လည်ဆွဲအဖြစ် ပြောင်းလဲ ဝတ်ဆင် ထားလိုက်သည်။

ထို့နောက် သိုလှောင်လက်စွပ်ထဲမှ သေနတ်ကို ထုတ်ယူခြင်း၊ သိမ်းဆည်းခြင်းများကို ကျင်လည်စွာ ပြုလုပ်နိုင်ရန် ၂ ရက်တိုင်တိုင် စိတ်တိုင်းကျ လေ့ကျင့်နေလိုက်သည်။ ရန်သူနှင့် ရင်ဆိုင်နေရစဉ် တစ်ချက် နှောင့်နှေးသွားပါက အသက်ပျောက် သွားနိုင်လေရာ မပေါ့ဆရဲပေ။

ဝမ်ရှန်းသည် ပစ္စတို၊ စနိုက်ပါ ရိုင်ဖယ်နှင့် အခြားပစ္စည်းများကို နေရာမရွေး အချိန်မရွေး ထုတ်၍ အသုံးပြုနိုင်အောင် ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့်ပြီးမှ အခြေခံ ကျင့်ကြံရေး စာအုပ်ကို ဖွင့်လိုက်သည်။

ဝမ်ရှန်းသည် စာအုပ်ကို အစမှအဆုံးထိ ဖတ်လိုက်ပြီးနောက် ရုတ်တရက် ရယ်မော လိုက်လေသည်။ ဤဟွင်းယွမ် နည်းလမ်းအား ကမ္ဘာမြေတွင် ရှိစဉ်က မြင်တွေ့ဖူးပြီးသား ဖြစ်ကာ ၎င်းသည် ဤကျင့်စဉ်ထက် ပို၍ အသေးစိတ်ကျသည်။

ဟွင်းယွမ်သည် အရိုးရှင်းဆုံးသော ကျင့်ကြံရေး နည်းလမ်းဖြစ်သည်။

နေရာတွင်ထိုင်ကာ စိတ်ကို ငြိမ်သက်စေပြီး ယွမ်ဝိညာဉ်ကို ထိန်းချုပ်၍ ဝိညာဉ်စွမ်းအင်များ စုပ်ယူခြင်းကို ဖော်ပြထားသည်။

ဤထက် ရိုးရှင်းသော အခြေခံကျင့်ကြံရေး မရှိနိုင်တော့ပေ။ မန်ရွယ် ကျောင်းတွင် ဤနည်းလမ်းသည် ယွမ်ဝိညာဉ်နှင့် ပေါင်းစပ်ထားပြီး ဖြစ်သော ကလေးများကို ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်ရန် လေ့ကျင့်ပေးသော ကျင့်စဉ်တစ်ခုသာ ဖြစ်သည်။

ဝမ်ရှန်း ရယ်မောရခြင်း အကြောင်းမှာ ဤစာအုပ်ထဲမှ နည်းလမ်းများသည် ကမ္ဘာမြေပေါ်မှ ထိုက်ချိဟွင်းယွမ် ဆိုသော စာအုပ်ထဲမှ အကြောင်းအရာများနှင့် အတူတူနီးပါး ဖြစ်နေသောကြောင့်ပင်။

အရာအားလုံးသည် ငြိမ်သက်မှုတွင် အခြေခံကာ ထိုက်ချိဟွင်းယွမ် စာအုပ်သည် စိတ်ဝိညာဉ်အကြောင်း ဖော်ပြမှု အားနည်းသည်မှအပ ယေဘုယျအားဖြင့် တူညီလေသည်။

ဝမ်ရှန်းသည် ကမ္ဘာမြေတွင် ရှိစဉ်က ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း စသည်ဖြင့် စိတ်ငြိမ်သက်စေသော နည်းလမ်းများ သာမက ထိုက်ချိ ပညာကိုလည်း သင်ယူခဲ့သည်။

စာအုပ်တစ်ခုလုံး ဖတ်ရှု ပြီးနောက် နောက်တစ်ကြိမ်ပင် ပြန်ဖတ်စရာ မလိုတော့ပေ။

ဝမ်ရှန်းသည် အခန်းအလယ်တွင် ရပ်ကာ ခြေထောက်ကို ကွေးလိုက်သည်။ ခါးကို မတ်၍  ပခုံးကို ဆန့်ထုတ်လိုက်သည်။

ဝမ်ရှန်း၏ စိတ်ထဲမှ ယွမ်ဝိညာဉ် ငါးကြင်းသည် အရောင်အဆင်း မရှိသေးသော်လည်း ဝိညာဉ် စွမ်းအင်များကို စုပ်ယူမည့် အမှတ်တစ်ခုကို မြင်ယောင် ကြည့်လိုက်သည်။

ဤသည်မှာ စာအုပ်ထဲတွင် ဖော်ပြထားသော နည်းလမ်းအတိုင်း ဖြစ်လေသည်။

ထိုအခိုက်အတန့်တွင် သတ်ဖြတ် ဗီဇနှင့် မီးခိုးရောင် အရိပ်သည် ဝမ်ရှန်း၏ ကိုယ်နေကိုယ်ဟန် အတိုင်း စတင် လှုပ်ရှားလာပြီး ထိုက်ချိ အနှစ်သာရကို ပုံဖော်နေသည်။

ဝမ်ရှန်း၏ စိတ်ကူးအောက်တွင် ယွမ်ဝိညာဉ်ပေါ်မှ အမှတ်တစ်ခုသည် တွင်းနက် တစ်ခုအဖြစ် ပြောင်းလဲလာသည်။ ၎င်းမှာ မီးခိုးရောင် အရိပ်၏ အကူအညီကြောင့် အချိန်များစွာ မကြာလိုက်ချေ။ များမကြာမီ ယွမ်ဝိညာဉ် နယ်မြေထဲသို့ စီးဆင်းနေသော ဝိညာဉ်စွမ်းအင်များသည် တွင်းနက်ထံ စတင် စီးဝင်လာကြကာ တဖြည်းဖြည်း အရှိန်တိုးလာသည်။

ဝမ်ရှန်းသည် ဤမြင်ကွင်းကြောင့် အားတက်သွားပြီး ဆက်တိုက် မြင်ယောင် ကြည့်လိုက်သည်။ တွင်းနက်သည်  ဖြည်းညင်းစွာပင် ပုံသဏ္ဌာန်တစ်ခု ဖြစ်တည်လာကာ အော်ရာများ တောက်ပလာသည်။

အချိန်အတော်ကြာ ပြီးနောက် ဝိညာဉ်စွမ်းအင် စုပ်ယူမှုသည် ဆယ်ဆခန့် ပို၍ မြန်ဆန်လာသည်။ သို့သော် ဤအမြန်နှုန်းသည် ပိုင်ယွမ်ဆေးပြားမှ ပေးသော ဝိညာဉ်စွမ်းအင်ထက် အဆပေါင်းများစွာ အားနည်းနေသေးသည်။

ရုတ်တရက် ဝမ်ရှန်းသည် ထိုက်ချိ နည်းလမ်းကို စဉ်းစားမိသွားပြီး နှလုံးသား တစ်ခုလုံး လှုပ်ရှား သွားသည်။ ချက်ချင်း လက်ငင်းပင် တွင်းနက်အား ထိုက်ချိပုံကြမ်း တစ်ခုအဖြစ် ပြောင်းလဲ မြင်ယောင် ကြည့်လိုက်သည်။

ဝဲကတော့တစ်ခု ရှိနေသရွေ့ လေစီးကြောင်း ဖြစ်စေ ရေစီးကြောင်းဖြစ်စေ စီးဆင်းမှု ပို၍ အားကောင်း လာမည်ဖြစ်ရာ ဝိညာဉ်စွမ်းအင်သည်လည်း ထိုသဘောတရားနှင့် အတူတူဖြစ်သည်။

မီးခိုးရောင် အရိပ်သည် ဝမ်ရှန်း၏ အတွေးများကို ခံစားမိဟန်ဖြင့်  တွင်းနက် တစ်ဝှိုက်တွင် ဝိညာဉ်စွမ်းအင်များကို ဖြည်းညင်းစွာ လည်ပတ်ရန် ကူညီပေးလာသည်။ ဆယ်နာရီခန့် ကြာပြီးနောက် မီးခိုးရောင် အရိပ်၏ အကူအညီဖြင့် ထိုက်ချိ ပုံကြမ်းကို အောင်မြင်စွာ ပုံဖော်နိုင်ခဲ့သော်လည်း လည်ပတ်အောင် မလုပ်နိုင်သေးချေ။

ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်စွမ်းသည် တစ်ဖန် နှေးကွေးလာလေရာ အနားယူရန် အချိန်လိုပြီ ဖြစ်ကြောင်း ဝမ်ရှန်း နားလည်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူကာ ခန္ဓာကိုယ်ကို ဖြေလျော့လိုက်သည်။

အစားအချို့ စားပြီးနောက် ကြွက်သား လေ့ကျင့်ခန်းလုပ်ကာ အနားယူလိုက်သည်။ ကျင့်ကြံခြင်းသည် စိတ်ရှည်လက်ရှည်ဖြင့် လေ့ကျင့်ရသော အရာဖြစ်သည်။

တစ်နေ့ တစ်ရက်တည်းဖြင့် လုပ်၍ မရချေ။ အချိန်အတော်ကြာ အနားယူပြီးနောက် ဝမ်ရှန်းသည် ရှန်းလင်မြို့တွင် ပြောင်းလဲမှု တစ်စုံတစ်ရာရှိမရှိ ကြည့်ရှုရန် ထွက်လာခဲ့သည်။ တစ်မြို့လုံးတွင် ထူးခြားမှုမရှိကြောင်း အတည်ပြု ပြီးမှ ကျင့်ကြံခြင်းကို ပြန်လည် စတင်ခဲ့သည်။

မီးခိုးရောင် အရိပ်သည် ဝမ်ရှန်း၏ အတွေးများကို များစွာ ကူညီပေးခဲ့ပြီး အဆုံးတွင် ငါးကြင်း၏ ခန္ဓာကိုယ်ပေါ်၌ ထိုက်ချိပုံကြမ်းကို လည်ပတ်နိုင်ခဲ့သည်။

ပိုင်ယွမ် ဆေးပြားကို မျိုချစဉ်ကအတိုင်း ဝိညာဉ်စွမ်းအင်များ အလုံးအရင်းနှင့် တစ်ဖန် တိုးဝင်လာသည်ကို ခံစားလိုက်ရပြီးနောက် ထိုက်ချိ ဝဲကတော့ တစ်ခုသည် ငါးကြင်း၏ ခန္ဓာကိုယ်ပေါ်တွင် တိုက်ရိုက် ပေါ်ထွက် လည်ပတ်လာသည်။

မူလက လည်ပတ်နှုန်းသည် နှေးကွေးသော်လည်း ထိုက်ချိ ဝဲကတော့၏ လည်ပတ်မှုက ပို၍ မြန်ဆန်လာကာ ဆယ်စက္ကန့်တွင် တစ်ကြိမ် လည်ပတ်လာသည်။ ထိုအခိုက်အတန့်တွင် ဝိညာဉ်စွမ်းအင် စုပ်ယူမှုသည် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိလာပြီး ပိုင်ယွမ်ဆေးပြား၏ ဝိညာဉ်စွမ်းအင်ထက်ပင် ပို၍ များပြားလာသည်။

ဝိညာဉ်စွမ်းအင်များစွာ စီးဝင်လာပြီးနောက် ယွမ်ဝိညာဉ် ငါးကြင်းသည်  တဖြည်းဖြည်း ပြောင်းလဲလာသည်။

အစပိုင်းတွင် အနက်ရောင်မျဉ်းများ ပုံဖော်စဉ်ကအတိုင်း ငါးကြင်း၏ ကိုယ်ပေါ်တွင် အနီရောင် မျဉ်းကြောင်းများစွာ ပေါ်ထွက်လာသည်။ မကြာမီ အနီရောင် မျဉ်းကြောင်းများသည် တစ်ကိုယ်လုံးကို ဖုံးအုပ်သွားကာ အကြေးခွံများ ဖြည်းညင်းစွာ ပုံပေါ်လာသည်။

ငါးကြင်း၏ ခန္ဓာကိုယ်တွင် ထိုက်ချိ ဝဲကတော့သည် မှန်မှန် လည်ပတ်နေဆဲဖြစ်ကာ ဝမ်ရှန်း၏ ထိန်းချုပ်မှုကို မလိုအပ်တော့ချေ။ ထိုအခြေအနေတွင် ဝမ်ရှန်း ရပ်တန့်လိုက်သည်။

ကြီးမားသော အော်ရာသည် တစ်ကိုယ်လုံး ပျံ့နှံ့သွားပြီး ကိုယ်တွင်း အင်္ဂါများကို လန်းဆန်းလာစေကာ သက်သောင့်သက်သာ ခံစားရစေသည်။

မန်ရွယ်ကျောင်းမှ ဆရာမဖြစ်သူ၏ စကားအရ အခြေခံကျင့်ကြံရေး နည်းလမ်းဖြင့် ဝိညာဉ်စွမ်းအင် များကို စုပ်ယူကာ အသားအရေနှင့် ကြွက်သားများကို အားဖြည့် ပေးရသည်။

ထို့နောက် ကိုယ်တွင်းအင်္ဂါများ၊ အရိုးများ၊ ရိုးတွင်းခြင်ဆီများကို ဆက်လက် အားဖြည့်ပေးရသည်။ ပြီးလျှင် ယွမ်ဝိညာဉ်ကို အဆင့်မြင့်ရန် လုပ်ဆောင်ရပြီး ပထမအဆင့်သို့ တက်လှမ်းရမည် ဖြစ်သည်။

ယခု ဝမ်ရှန်းသည် ဆယ်ရက်အတွင်း အတွင်းအင်္ဂါများကို အားဖြည့်ပြီးပြီ ဖြစ်သည်။

ရှန်းလင်မြို့မှ ထူးချွန်သော ဝိညာဉ်သခင်များသည် ကိုယ်တွင်းအင်္ဂါ အားဖြည့်သည့် အဆင့်ထိရောက်ရန် သုံးလေးလခန့် အချိန်ယူရသည်။

သို့သော် ကျိုးပဲ့ဝိညာဉ်ပိုင်ရှင် ဝမ်ရှန်းသည် ဆယ်ရက်သာ အချိန်ယူလိုက်ရကြောင်း ကြားပါက ရှန်းလင်တစ်မြို့လုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားနိုင်လေသည်။

ဝမ်ရှန်း၏ ယွမ်ဝိညာဉ် အရည်အချင်း မပြည့်မိရခြင်း အကြောင်းရင်းမှာ တစ်ခုသာ ရှိသည်။ ၎င်းမှာ အပ်စိုက်မှတ် တစ်ခုသာ ရှိသောကြောင့်ပင်။

ဝမ်ရှန်း၏ ယွမ်ဝိညာဉ် အဆင့်မမြှင့်နိုင်ရခြင်းသည် ဖွံ့ဖြိုးရမည့် အပ်စိုက်မှတ်များ နည်းပါး လွန်းသောကြောင့်ဖြစ်ပြီး ငါးခုထက် နည်းပါက အဆင့်မြှင့်၍ မရချေ။ ကံမကောင်းစွာပင် ဝမ်ရှန်းသည် အဆိုးဆုံးဖြစ်ကာ အပ်စိုက်မှတ် တစ်ခုသာ ရှိလေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset