အခန်း ၁၄
အလိုအပ်ဆုံးသောအရာ
ဝမ်ရှန်းသည် လင်းလုံခန်းမမှ ဓားရှည်ကို စားပွဲပေါ်တွင် ညင်သာစွာ ပြန်တင် ပေးလိုက်ကာ ကျားသွားဓားကို ပြန်လည် သိမ်းဆည်းလိုက်သည်။ ပိုင်ရှင်အမျိုးသမီးနှင့် ဆိုင်ရှင်မှာမူ ဝမ်ရှန်း၏ လက်ထဲမှ ကျားသွားဓားကို အလွန်အမင်း စိတ်ဝင်စား သွားကြသည်။ နက်မှောင်၍ မထင်ရှားသော ၎င်းဓားနက်ကသာ စစ်မှန်သော မှော်လက်နက် ဖြစ်နေသည်ပင်။
ထိုအခိုက်အတန့်တွင် ဝမ်ရှန်းကို လှောင်ပြောင် ရယ်မောရန် ပြင်ဆင်ထားသော ပိုင်ရှင် အမျိုးသမီးသည် ရှက်ရွံ့ခြင်းနှင့် ဒေါသများ ပေါင်းစပ် ခံစားနေရသည်။ သူမ၏ ရတနာဟူသော ပစ္စည်းသည် တခြား လူရှေ့တွင် အမှိုက်တစ်စလောက်တောင် တန်ဖိုးမရှိချေ။
သူမ၏ မျက်နှာသည် နီရဲတွတ်နေကာ ပဝါစဖြင့် ဖုံးအုပ်ထားလျက်ကပင် ဝမ်ရှန်းနှင့် ဆိုင်ရှင်သည် သူမ၏ နီရဲသော မျက်နှာကို ပဝါကြားမှ မြင်တွေ့နေရလေသည်။
ဆိုင်ရှင်သည် ခါးကျိုးလုမတတ် ခေါင်းကို ငုံ့ထားကာ မျက်နှာ မဖော်ရဲရှာပေ။ မှော်လက်နက်ဟု ဝင့်ကြွားခဲ့သော လက်နက်သည် တစ်ပါးသူထံတွင် ရွှံ့တုံးအလား ဖြတ်ခံလိုက်ရသည်။ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် ဟာသ လုပ်နေသည်နှင့် မခြားပေ။
“ဟင်းဟင်း…. ကြည့်ရတာ ကျွန်မ အကြည့်မှားသွားတာ ထင်တယ် ဧည့်သည် စိတ်မရှိပါနဲ့နော်”
အမျိုးသမီးသည် အရှက်ပြေ ရယ်မောလျက် တောင်းပန်စကား ဆိုသည်။
“အဲ့တော့ ဧည့်သည်က ဘာများ လိုချင်သလဲ ထပ်စဉ်းစားပါဉီး”
ဝမ်ရှန်း စဉ်းစားစရာ မလိုပါချေ။ ယခုအချိန်တွင် သူလိုအပ်သည်မှာ အခြေခံ ကျင့်ကြံရေး နည်းလမ်းပင်။ သို့သော် ချက်ချင်း မပြောသေးဘဲ စဉ်းစားခန်း ဝင်နေလိုက်သည်။
ဤနည်းဖြင့် ပေါင်ချင်ယုတန်မှ အကျိုးအမြတ် များစွာ ရလာနိုင်သည် မဟုတ်ပါလော။
ဝမ်ရှန်း၏ ကျားသွားဓားကို မြင်တွေ့ပြီးနောက် ပိုင်ရှင် အမျိုးသမီးနှင့် ဆိုင်ရှင်သည် ဝမ်ရှန်း၏ စကားကြီး စကားကျယ်များကို ခြွင်းချက်မရှိ ယုံကြည်သွားကြသည်။
လင်းလုံခန်းမမှ ထိပ်တန်း လက်နက်ထက် အဆပေါင်း တစ်ရာခန့် သာလွန်သော ဓားကို ပြုလုပ်ထားသူသည် အခြား ပစ္စည်းများကိုလည်း ယခင်ထက် ပို၍ ကောင်းမွန်အောင် လုပ်နိုင်သည်မှာ ယုတ္တိတန်လေသည်။
ဤသို့ ဖောက်သည်ကောင်း တစ်ယောက်နှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန်မှာ အလွန် အရေးကြီးသည်။ ထို့ပြင် သကြားဖြူ ပြုလုပ်သည့် နည်းလမ်းကို ကျွမ်းကျင် ပိုင်နိုင်သွားပါက ပေါင်ချင်ယုတန်သည် အခြား ကုန်ပစ္စည်းများကိုပါ ဝမ်ရှန်းနှင့် ပူးပေါင်း ထုတ်လုပ်ရန် စိတ်ကူးထားပြီး ဖြစ်သည်။
အစီအစဉ်နှင့် အကျိုးအမြတ်များကို တွက်ချက် လိုက်ပြီးနောက် ပိုင်ရှင်အမျိုးသမီး၏ မျက်လုံးများ အရောင်တောက်လာကာ အကြံကောင်းတချို့ ဝင်လာသည်။
“ဧည့်သည်၊ အရင်တစ်ခေါက် ဧည့်သည် လာတုန်းက အိတ်တစ်လုံးနဲ့ သေတ္တာလိုမျိုး အိတ်ရှည်တစ်လုံး ပါလာသလားလို့၊ ကြည့်ရတာ ဧည့်သည်အတွက် အရမ်းအရေးပါပုံပဲ”
ပိုင်ရှင် အမျိုးသမီးသည် သူမ ကမ်းလှမ်းမည့် ပစ္စည်းကို ယုံကြည်ချက် အပြည့်ဖြင့် စကားစလာသည်။
ဝမ်ရှန်း ခေါင်းညိတ် ပြလိုက်သည်။ အမှန်တကယ်ပင် ကျောပိုးအိတ်နှင့် သေနတ်အိတ်သည် သူ့အတွက် အသက်တမျှ အရေးကြီးသည်။ ဤကမ္ဘာတွင် ကျည်ဆန်နှင့် လောင်စာများလည်း မရှိသဖြင့် လက်ထဲတွင် ကျန်နေသေးသော ကျည်ဆန်များနှင့် အခြား စက်ပစ္စည်းများကို အခြားသူများ ခိုးယူမသွားနိုင်စေရန် အလွန် ဂရုစိုက်နေရလေသည်။
“ကျွန်မ လင်းလုံခန်းမကို သွားတုန်းက ထိပ်တန်းအဆင့် သိုလှောင်လက်စွပ် တစ်ကွင်း ဝယ်လာတယ်၊ အဲ့လက်စွပ်က ခြောက်ပေရှည်တဲ့ ပစ္စည်းတွေကိုပါ ထည့်လို့ရတယ် ဆိုတော့ ဧည့်သည်ရဲ့ ကျောပိုးအိတ်နဲ့ သေတ္တာကို သိမ်းထားလို့ ရပြီလေ။ ဘယ်လိုလဲ သဘောမကျဘူးလား”
“သိုလှောင်လက်စွပ်….ဟုတ်လား၊ ဘယ်လိုမျိုးလဲ”
ဝမ်ရှန်း၏ အမေးစကားများကို ကြိုတင်တွက်ဆ ထားဟန်ရှိသော ဆိုင်ရှင်သည် ချက်ချင်း လက်ငင်းပင် လက်စွပ်အကြောင်း ရှင်းပြလေသည်။
သိုလှောင် လက်စွပ်သည် ရှားပါး၍ ထူးခြားသည့် ကျောက်စိမ်း တစ်မျိုးဖြင့် ပြုလုပ်ထားပြီး လက်စွပ်ထဲတွင် နေရာလွတ် တစ်ခုပါရှိသည်။
ဉီးခေါင်းအရွယ် နေရာလွတ်သာ ရှိသော လက်စွပ်နှင့် အလျားနှင့် အနံ ပေပေါင်းများစွာ ရှည်လျားသော နေရာလွတ် ပါရှိသည့် လက်စွပ်များလည်း ရှိကြသည်။ ပျောက်ဆုံး၍ မရသော ပစ္စည်းများကိုသာ သိုလှောင်လက်စွပ်ထဲ၌ ထည့်သိမ်းကြကာ နေရာလွတ်မှာ အကန့်အသတ် ရှိသဖြင့် စိတ်ကြိုက် ထည့်သိမ်း၍ မရပေ။
သို့သော် ခြောက်ပေရှည်၍ ၂ ပေကျယ်သော ပိုင်ရှင်အမျိုးသမီး၏ သိုလှောင် လက်စွပ်သည် ဝမ်ရှန်း၏ ကျောပိုးအိတ်နှင့် ရိုင်ဖယ်အိတ်ကို ထည့်ရန် လုံလောက်သည်။ ထို့ပြင် လက်စွပ်ကို ကိုယ်နှင့်မကွာ ယူသွားနိုင်သေးသည် ဖြစ်ရာ ဝမ်ရှန်းအတွက် အထူးကောင်းမွန် သင့်လျော်သော ရတနာတစ်ပါးဟု ဆိုရပေမည်။
ဝမ်ရှန်းသည် စိတ်ထဲတွင် သိုလှောင်လက်စွပ်ကို ငမ်းငမ်းတက် လိုချင်နေသော်လည်း မျက်နှာ အမူအရာကို ထိန်းချုပ်လိုက်ပြီး ပေါ့ပါးစွာ ဆိုလိုက်သည်။
“ဒီလက်စွပ်က တော်တော် စျေးကြီးမယ် ထင်တယ်။ ဒါပေမဲ့ ကျုပ် ထပ်ပြီး တောင်းဆိုချင်တာရှိတယ်”
“ဘာများ လိုအပ်ပါသလဲ ပွင့်ပွင့်လင်းလင်းသာ ပြောပါ ဧည့်သည်”
ပိုင်ရှင် အမျိုးသမီးသည် တန်ဖိုး အကြီးဆုံးသော သိုလှောင် လက်စွပ်ကိုပင် ပေးအပ်ထားပြီးပြီ ဖြစ်လေရာ အခြားပစ္စည်းများကို တွန့်တိုနေစရာ မရှိပေ။
“ကျုပ်နဲ့ အဆင်ပြေမယ့် အခြေခံကျင့်ကြံရေး နည်းလမ်းတချို့ လိုချင်တယ်”
ဝမ်ရှန်း၏ စကားကြောင့် ဆိုင်ရှင်နှင့် ပိုင်ရှင် အမျိုးသမီးမှာ အလွန် ပျော်ရွှင်သွားလေသည်။ သကြားဖြူ ထုတ်လုပ် ရောင်းချပြီးနောက် ရရှိလာမည့် အကျိုးအမြတ် များသည် သိုလှောင်လက်စွပ် တစ်ကွင်းနှင့် အခြေခံကျင့်ကြံရေး နည်းလမ်း တချို့၏ တန်ကြေးထက် အဆမတန် ပို၍ များပြားသည် မဟုတ်ပါလော။
ထို့နောက် ဆိုင်ရှင်သည် ခန္ဓာကိုယ်နှင့် မလိုက်ဖက်စွာ လှစ်ခနဲ ပြေးထွက်သွားကာ ဝမ်ရှန်းရှေ့သို့ သေးငယ်သော လေးထောင့် သေတ္တာနှင့်အတူ ပြန်ရောက်လာသည်။ သေတ္တာငယ်ထဲတွင် ဝမ်ရှန်း ရွေးချယ်ရန်အတွက် ရှန်းလင်မြို့၏ ကျင့်ကြံရေး နည်းလမ်း စာအုပ်ငယ်လေးများကို အစီအရီ ထပ်ထားပေးသည်။
ဝမ်ရှန်းသည် စာအုပ်ငယ်များကို မရွေးချယ်မီ သိုလှောင်လက်စွပ်ကို အရင်ယူကာ အကြိမ်ပေါင်း များစွာ စမ်းသပ် ကြည့်လိုက်သည်။
သူ၏ စိတ်ဝိညာဉ်နှင့် သိုလှောင်လက်စွပ်ကြား၌ ဆက်သွယ်ခြင်း ပြုနိုင်စေရန် သွေးတစ်စက် ချပေးလိုက်ပြီးမှ ထိပ်တန်းအဆင့် သိုလှောင်လက်စွပ်မှာ ဝမ်ရှန်းအပိုင် ဖြစ်သွားတော့သည်။
ဝမ်ရှန်းသည် ခြောက်ပေရှည်၍ နှစ်ပေကျယ် ဆန့်သော သိုလှောင်လက်စွပ်ကို ကြည့်ကာ များစွာ စိတ်ကျေနပ် နေလေသည်။ ပိုင်ရှင်အမျိုးသမီးနှင့် ဆိုင်ရှင်သည် ဝမ်ရှန်းနှင့် သိုလှောင်လက်စွပ် ချိတ်ဆက်ပုံမှ တစ်ဆင့် ဝမ်ရှန်း၏ ယွမ်ဝိညာဉ် မည်မျှ အားနည်းကြောင်း တွေ့မြင်နေရသည်။
ဤလက်စွပ်သည် ကြယ်တစ်လုံးနှင့် ဝိညာဉ်စွမ်းအင် အနည်းငယ် ရှိရုံဖြင့် အလွယ်တကူ ချိတ်ဆက်နိုင်ပြီး ရှေးအကျဆုံး နည်းလမ်းဖြစ်သည့် သွေးစက်ဖြင့် ချိတ်ဆက် နေစရာမလိုချေ။
သို့သော် နှစ်ယောက်လုံးသည် ဝမ်ရှန်း၏ ခန္ဓာကိုယ်မှ ထူးဆန်း ပစ္စည်းများနှင့် အရည်အချင်းကို တွေးမိသောအခါ အထင်မသေးရဲကြပေ။
ထို့ပြင် တစ်ချိန်က ပိုင်ရှင်အမျိုးသမီး ပြောခဲ့သည့်အတိုင်း စီးပွားရေးသည် စီးပွားရေး သက်သက်သာ ဖြစ်သည်။ အကျိုးအမြတ်မှ လွဲ၍ တစ်ပါးသူ၏ အကြောင်းကိစ္စများကို ဂရုမစိုက်သင့်ချေ။
ဝမ်ရှန်းသည် သိုလှောင်လက်စွပ်နှင့် ချိတ်ဆက် အသုံးပြုနိုင် သွားပြီးနောက် ဆိုင်ရှင်သည် အမျိုးမျိုးသော ကျင့်ကြံရေး နည်းလမ်းများကို စတင် မိတ်ဆက် ပေးလေသည်။ ပေါင်ချင်ယုတန်တွင် ထိပ်တန်းအဆင့် ကျင့်ကြံရေး နည်းလမ်းများ မရှိဘဲ အများစုသည် အခြေခံကျင့်ကြံရေး နည်းလမ်းများသာ ဖြစ်ကြသည်။
သို့သော် အခြေခံ နည်းလမ်းများထဲတွင် ယွမ်ဝိညာဉ်အလိုက် ခေါင်းစဉ်များစွာ ထပ်ခွဲထားသည်။
ငါးကြင်းနီအတွက် သင့်လျော်သော ကျင့်ကြံရေး နည်းလမ်း၂ မျိုး ရှိသော်လည်း ပြဿနာမှာ လေ့ကျင့်ရန်အတွက် အနည်းဆုံး ကြယ်တစ်လုံး ရှိရမည်ဖြစ်သည်။
ကံကောင်းစွာပင် ဆိုင်ရှင်သည် နည်းလမ်းတစ်ခုကို စဉ်းစားမိသွားသည်။ ထိုနည်းလမ်းသည် ကျင့်ကြံရန်အတွက် သတ်မှတ်ချက် များစွာ မလိုဘဲ ယွမ်ဝိညာဉ်တစ်ခုသာ လိုအပ်လေသည်။
သို့သော် ဟွင်းယွမ်ဟု ခေါ်သော ၎င်းကျင့်ကြံရေး နည်းလမ်းသည် အလွန် အဆင့်နိမ့်လှကာ ဉာဏ်အလင်း ပွင့်ပြီးဖြစ်သော ကလေးများပင် အသုံးမပြုကြချေ။ အဆင့်နိမ့်ရုံ သာမက အခြေခံ အကျဆုံးသော ကျင့်ကြံရေး နည်းလမ်းများမှ လွဲ၍ အခြား အကြောင်းအရာများ မပါပေ။
တစ်နည်းဆိုရသော် ထို ဟွင်းယွမ် ကျင့်ကြံရေး နည်းလမ်းသည် အမှိုက်သာသာ သာဖြစ်ကာ မည်သူမှ အဖက် မလုပ်ကြချေ။ သို့ပေသိ ဝမ်ရှန်းသည် ဤအကြောင်းကို ကြားပြီးနောက် ဝမ်းသာလုံးပင် ဆို့သွားလေသည်။ သူအလိုအပ်ဆုံးသော အရာနှင့် ကွက်တိပင် မဟုတ်ပါလော။
***