အခန်း၁၃
သံကို ရွှံ့လိုဖြတ်မယ်
အဖြူရောင်မျက်နှာဖုံးနှင့် အမျိုးသမီးသည် ဝမ်ရှန်း၏ စကားကြီး စကားကျယ်များကြောင့် ကြောက်ရွံ့ သွားသည်မှာ သိသာလှသည်။ သူမသည် အားနည်းသော မိန်းမသား တစ်ယောက် အနေဖြင့် ပေါင်ချင်ယုတန်ကဲ့သို့ ကြီးမားသော စီးပွားရေးကို ဉီးဆောင်နိုင်ခြင်းမှာ လှပမှု၊ ကံကောင်းမှုတို့ကြောင့် မဟုတ်ဘဲ စီးပွားရေးအကြောင်း ကျွမ်းကျင် ပိုင်နိုင်မှုနှင့် အသိပညာ ကြွယ်ဝမှုတို့ကြောင့်သာ ဖြစ်သည်။
ဝမ်ရှန်းက သူ့တွင် နည်းလမ်းပေါင်း တစ်သောင်းမက ရှိသည်ဟု ဆိုလာချိန်တွင် ထိတ်လန့်မှုနှင့် အတူ ပျော်ရွှင်သွားလေသည်။
ဤနည်းလမ်းများကိုသာ ရပါက ပေါင်ချင်ယုတန် တစ်ဆိုင်လုံးကိုပင် ရွှေချထားနိုင်သည်။
“ဧည့်သည်မှာ ဒီလောက် နည်းလမ်းတွေ များနေတာ ဘာလို့ ကိုယ်ပိုင်စီးပွားရေး မလုပ်တာလဲ။ ဘာကြောင့်များ အကျိုးအမြတ်ကို သူများကို ခွဲပေးနေရတာလဲ သိချင်မိတယ်”
ပိုင်ရှင် အမျိုးသမီးသည် စဉ်းစားစရာများစွာ ရှိနေပြီး တစ်ခုပြီးတစ်ခု မေးမြန်းလာတော့သည်။
သို့သော် အဘယ်ကြောင့် ဤနည်းလမ်းများကို စုန့်မိသားစုကို လွှဲပြောင်း မပေးရပါသနည်းဟု မမေးပါချေ။ ဝမ်ရှန်းသည် စုန့်မိသားစုအတွက် အမှိုက်တစ်စသာ ဖြစ်ကာ မည်သူမျှ အဖက်မလုပ်ကြကြောင်း ပေါင်ချင်ယုတန် သာမက ရှန်းလင်တစ်မြို့လုံး သိထားပြီးသားပင်။
“ကျုပ်မှာက နည်းလမ်းက လွဲပြီး ဘာမှမရှိဘူးလေ၊ လူအင်အား ပစ္စည်းအင်အား ဘာညာပေါ့၊ ဘယ်လိုလုပ်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်မလဲ”
ဝမ်ရှန်းသည် နှစ်ခြိုက်စွာ ပြုံးလိုက်ပြီး-
“ခင်ဗျားမှာက အဆက်အသွယ် ကွန်ရက်လည်း ကောင်းကောင်းရှိတယ်၊ ကုန်ပစ္စည်း အရင်းအမြစ်လည်း ရှိတယ် ခင်ဗျားလို လူကပဲ ဒီလို စီးပွားရေးကြီးကို ဉီးဆောင်နိုင်မှာ၊ ပြီးတော့ ကျုပ် စီးပွားရေးကို စိတ်မဝင်စားဘူး၊ဒီလို ပင်ပန်းတဲ့ ကိစ္စတွေကို မလုပ်နိုင်ဘူးလေ”
ပိုင်ရှင် အမျိုးသမီးနှင့် ဆိုင်ရှင်မှာ နားလည်သွားလေပြီ။ ဝမ်ရှန်းသည် စီးပွားရေး လုပ်လိုစိတ် မရှိသည့်အပြင် လုပ်လည်း မလုပ်တတ်ပေ။ နှစ်ယောက်လုံးသည် တစ်ယောက်ကို တစ်ယောက် အသံတိတ်ကြည့်ကာ မျက်လုံးထဲတွင် အရောင်လက် သွားသည်။
“ဧည့်သည်က တကယ် ရိုးသားတာပဲ”
ပိုင်ရှင်အမျိုးသမီးသည် မျက်လုံးကို တစ်ချက်ပင့်ကြည့်ကာ ပြုံးလိုက်သည်။
“ဒါနဲ့ ဧည့်သည်က ပေါင်ချင်ယုတန်ဆိုင်ကို လာတဲ့အခါတိုင်း ကမူးရှူးထိုး ဝင်ဝင်လာတာ၊ ကျွန်မတို့က တစ်ခုခု လုပ်လိုက်မှာ မကြောက်ဘူးလား။ ပေါင်ချင်ယုတန်က စီးပွားရေးပဲ လုပ်တယ် ဆိုပေမယ့် တစ်ဆိုင်လုံးမှာ ဝိညာဉ်သခင်တွေ ရှိတယ်။ ရှင် ဘယ်လောက်ပဲ ခွန်အားရှိနေပါစေ အများနဲ့ တစ်ယောက်တော့ မယှဉ်နိုင်ဘူးလေ”
“သြော် ဝိညာဉ်သခင်လား”
ဝမ်ရှန်းသည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး “မင်းပြောတာက နံရံရဲ့ အပြင်ဘက်က နှစ်ယောက်လား။ တံခါးနားက တစ်ယောက်လား ဒါမှမဟုတ် ဟိုနားက အမှောင်ခန်းထဲမှာ ထိုင်နေတဲ့တစ်ယောက်လား”
ဝမ်ရှန်းသည် ဤအကြောင်းများကို ပေါ့ပါးစွာ ပြောနေခြင်း ဖြစ်သော်လည်း ဝမ်ရှန်း၏ စကားကို ကြားသည်နှင့် တစ်ပြိုင်နက် ပိုင်ရှင် အမျိုးသမီးနှင့် ဆိုင်ရှင်၏ မျက်လုံးများမှာ ပြူးကျယ် လာတော့သည်။
နံရံ၏ အပြင်ဘက်မှ နှစ်ယောက်နှင့် တံခါးနားမှ တစ်ယောက်သည် ကျွမ်းကျင်သူများ မဟုတ်ကြသော်လည်း ဧည့်ခန်း နံရံ၏ အခြားတစ်ဖက်မှ အမှောင်ခန်းထဲတွင် ပေါင်ချင်ယုတန်၏ လုံခြုံရေးအတွက် တတိယအဆင့် ကျွမ်းကျင်သူ တစ်ယောက် အမှန်တကယ် ရှိနေပေသည်။
ပိုင်ရှင် အမျိုးသမီးနှင့် ဆိုင်ရှင်သာ ထိုကျွမ်းကျင်သူ၏ တည်ရှိမှုကို သိရှိထားကြသည်။ ယခု ဝမ်ရှန်းသည် ထိုလူ၏ တည်ရှိမှုကို ရှာတွေ့သွားရုံ သာမက ထိုင်နေခြင်းလား၊ ထနေခြင်းလား ကိုပင် ခွဲခြားပြောနိုင်လေသည်။ နံရံခြားထားသော တတိယအဆင့် ကျွမ်းကျင်သူပင် ဝမ်ရှန်း၏ မျက်စိအောက်မှ ပြေးမလွတ်ချေ။
ပိုင်ရှင် အမျိုးသမီးနှင့် ဆိုင်ရှင်၏ မျက်လုံးများကို ကြည့်ကာ ဝမ်ရှန်း ကျိတ်ပြုံးလိုက်သည်။ ဤကမ္ဘာမှ လူများသည် ရောင်ခြည်ဖမ်း အဝေးကြည့် မှန်ပြောင်း အကြောင်းကို မည်သို့ သိနိုင်ပါမည်နည်း။
ဆိုင်ရှင်ကို စောင့်ဆိုင်းနေသည့် အချိန်တည်းကပင် ရောင်ခြည်ဖမ်း အဝေးကြည့် မှန်ပြောင်းဖြင့် တစ်ဆိုင်လုံး ကြည့်ရှူပြီးသား ဖြစ်သည်။ အမှောင်ခန်းထဲမှ လူသည် ဘေးချင်းကပ်ရပ်တွင် ရှိနေလေရာ ထိုလူ၏ လှုပ်ရှားမှုများကိုပါ အတိအကျ မြင်နေရလေသည်။
“ဟင်းဟင်း ကျွန်မက စတာပါရှင်။ ဧည့်သည်က ဗွေမယူပါနဲ့ ”
ပိုင်ရှင်အမျိုးသမီးသည် ချက်ချင်း တောင်းပန်လိုက်ပြီး ” သူတို့က ကျွန်မတို့ကို ကာကွယ်ပေးဖို့ သက်သက်ပါပဲ။ ဧည့်သည်ကို ဒုက္ခမပေးပါဘူး”
“အဲ့တော့ ခင်ဗျားတို့ သကြားဖြူ ဘယ်လိုလုပ်ရမလဲဆိုတာ စိတ်ဝင်စားလား”
ဝမ်ရှန်းသည် လက်တစ်ဖက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလျက် အကြောင်းရင်းကို မေးမြန်းလိုက်သည်။
“မလိုချင်ဘူးဆိုလည်း တခြားနေရာမှာ သွားရောင်းတော့မယ်”
“စိတ်ဝင်စားတာပေါ့။ ဧည့်သည်က တန်ရာတန်ကြေး အနေနဲ့ ဘာများ လိုချင်ပါသလဲ”
ပါးနပ်လှသော အမျိုးသမီးသည် အခွင့်အရေးကောင်းကို အဘယ်မှာ လက်လွတ်ခံပါမည်နည်း။
“ပေါင်ချင်ယုတန်မှာ ဘာတွေရှိလဲ ပြကြည့်လေ ငါကြိုက်တာတွေ့ရင် သဘောတူညီချက် လုပ်ကြတာပေါ့”
“ဧည့်သည်က သိုင်းပညာကို နှစ်သက်တဲ့သူဆိုတော့ မှော်လက်နက်ကို စိတ်ဝင်စားမယ် ထင်တယ်”
အမျိုးသမီးသည် တစ်ခဏမျှ စဉ်းစားနေပြီးနောက် ရုတ်တရက် ဆိုလာသည်။
“မှော်လက်နက်လား သိုက်ဟွမ်ရဲ့ ဓားထက် ကောင်းလား”
ဝမ်ရှန်း ရယ်မော၍ အကြောက်အရွံ့ကင်းစွာ မေးမြန်းလိုက်သည်။
ယခင်တစ်ခေါက်က သူရောင်းခဲ့သော ဓားသည် သိုက်ဟွမ်၏ ဓားဖြစ်ကြောင်း ပေါင်ချင်ယုတန်မှ သိပြီးသားဖြစ်ရာ ပြဿနာမရှိပါချေ။
“သိုက်ဟွမ်ရဲ့ ဓားရိုးက အရည်အသွေးမြင့်ပြီး တန်ဖိုးကြီး အသုံးအဆောင်တွေ တပ်ထားတာကလွဲရင် ဘာမှမဟုတ်ပါဘူး၊ မှော်လက်နက်နဲ့ ဘယ်လိုများ ယှဉ်နိုင်မှာလဲ”
ပိုင်ရှင် အမျိုးသမီးသည် သိုက်ဟွမ်၏ ဓားကို ပြစ်တင်ရှုတ်ချ လိုက်ကာ “တကယ့် မှော်လက်နက်မှာ အဲ့လောက်များတဲ့ အလှဆင်ပစ္စည်းတွေ မပါဘူး”
ထို့နောက် အဖြူရောင် မျက်နှာဖုံးနှင့် အမျိုးသမီးသည် ဆိုင်ရှင်ကို အချက်ပြလိုက်သည်။ တစ်ခဏမျှ ကြာသော် ဆိုင်ရှင်သည် လက်နှစ်ဖက်လုံးတွင် သေတ္တာရှည်တစ်လုံးကို သယ်ဆောင်လျက် ဧည့်ခန်းထဲ ပြန်ရောက်လာသည်။
“သိုက်ဟွမ်ရဲ့ ဓားနဲ့ ယှဉ်လို့ရရဲ့လားဆိုတာ ကြည့်လိုက်ပါဉီး ”
ဝမ်ရှန်းသည် သေတ္တာရှည်ကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး မထင်ရှားသော ဓားရှည် တစ်ချောင်းကို ထုတ်ယူလိုက်သည်။
ဓားကို ဆွဲထုတ်လိုက်သည်နှင့် ထူးဆန်းသော အော်ရာများကို ခံစားမိလိုက်ကာ သိုက်ဟွမ်၏ ဓားထက် အပုံကြီး သာလေသည်။ ဤဓားသည် သိုက်ဟွမ်၏ ဓားထက် ပို၍ နှစ်သက်ဖွယ် ကောင်းသော်လည်း ဝမ်ရှန်း၏နှလုံးသားကို မလှုပ်ခတ်စေခဲ့ပေ။
ထို့ပြင် ဝမ်ရှန်း၏ ရည်ရွယ်ချက်မှာ လက်နက်မဟုတ်ပေ။ သို့သော် ဝမ်ရှန်း၏ အေးစက်စက် အမူအရာကြောင့် ပိုင်ရှင်အမျိုးသမီးသည် ဝမ်ရှန်းမှာ ဤဓား၏ ခွန်အားများကို နားမလည်ဟု ထင်မြင်သွားပြီး ချက်ချင်း ပြုံးလိုက်သည်။
“ဒီဓားက လင်းလုံခန်းမရဲ့ ဆရာသမား နှစ်ပေါင်းများစွာ အချိန်ယူပြီး ဖန်တီးခဲ့တဲ့ ဓားကောင်း တစ်လက်ပဲ။ ရှားပါးပစ္စည်းတွေနဲ့ ရွေးချယ်ပြီး ပြုလုပ်ထားတာ၊ စျေးကလည်း ကြီးတယ် ဒီဓားက သံကို ရွှံ့လိုဖြတ်နိုင်တယ်”
“ကျွန်မ ဒီဓားကို ဝယ်ယူဖို့ ငွေကြေး အများကြီး သုံးစွဲထားခဲ့တာ၊ ဧည့်သည် မယုံရင် ဓားရိုးကို စစ်ကြည့်လိုက်လေ၊ လင်းလုံခန်းမရဲ့ အမှတ်အသားနဲ့ ဒီဓားကိုပြုလုပ်တဲ့ လက်နက် သန့်စင်သူရဲ့ ကိုယ်ပိုင် အမှတ်အသားကို ထွင်းထားတယ်”
“သံကို ရွှံ့လိုဖြတ်တယ် ဟုတ်လား စမ်းကြည့်လို့ရလား”
ဝမ်ရှန်း ရယ်မောကာဆိုသည်။
“ရတာပေါ့”
ပိုင်ရှင် အမျိုးသမီးသည် လက်ခုပ်တစ်ချက် တီးလိုက်ပြီးနောက် အလုပ်သမား လူငယ်သည် ဓားအချို့ကို ဂရုတစိုက် သယ်လာလေသည်။
အမျိုးသမီးသည် မှော်လက်နက် ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ အမှန်တကယ်ပင် ဓားရိုးပေါ်၌ အမှတ်အသား ၂ ခု ထွင်းထားပြီး လင်းလုံခန်းမနှင့် လက်နက်သန့်စင်သူ၏ အမှတ်အသားများ ဖြစ်ပုံရသည်။
ဆိုင်ရှင်သည် သာမန်ဓား နှစ်လက်ကို ကောက်ယူကာ ပိုင်ရှင် အမျိုးသမီးထံ လျှောက်သွားသည်။ အမျိုးသမီး၏ လက်ထဲမှ ဓားသည် ဆိုင်ရှင်၏ လက်ထဲမှ ဓားနှစ်လက်ကို မဆိုင်းမတွ ခုတ်ချလိုက်ပြီး ပြောသည့် အတိုင်းပင် ဓားနှစ်လက်၏ ဓားသွားများမှာ ချက်ချင်း ပြတ်တောက် သွားလေသည်။
ဤမျှနှင့် မလုံလောက်သေးသဖြင့် ဆိုင်ရှင်သည် နောက်ထပ် ဓားနှစ်လက်ကို ထပ်မံ ကောက်ယူလိုက်ပြန်ရာ တစ်ခုမှာ သိုက်မိသားစု အစောင့်၏ ဓားဖြစ်သည်။ အမျိုးသမီးသည် ဓားကို ပေါ့ပါးစွာ မြှောက်လိုက်ပြီး ခုတ်ပိုင်း ချလိုက်သည်။ ပြောသည့်အတိုင်းပင် ရွှံ့တုံးကို ဖြတ်တောက်ရသည့်အလား အလွယ်တကူ ပိုင်းဖြတ်သွားပြန်သည်။
ထို့နောက် အမျိုးသမီးသည် ဓားရှည်ကို ဝမ်ရှန်းထံ ယူသွားသည်။ ဓားရိုးကို မကာ ဓားသွားကို ဂရုတစိုက် ကြည့်လိုက်ပြီး ခြစ်ရာ တစ်ခုတလေပင် မတွေ့ရသဖြင့် သဘောကျစွာ ပြုံးလိုက်လေသည်။
“ငါ့မှာ ဓားတစ်ချောင်း ရှိတယ် အဲ့ဓားနဲ့ စမ်းကြည့်လို့ရမလား”
ဝမ်ရှန်း ရုတ်တရက် ပြောလိုက်သည်။
“ရတာပေါ့ ”
အမျိုးသမီး၏ အသံသည် လင်းလုံခန်းမ၏ ဓားပေါ်တွင် ယုံကြည်ချက် အပြည့်ရှိနေသည့် ပုံစံပင်။
ထိုစဉ် ဝမ်ရှန်း၏ လက်ထဲတွင် သူ့စိတ်တိုင်းကျ ပြုလုပ်ခိုင်းထားသည့် ကျားသွားဓား ပေါ်ထွက်လာသည်။ နက်မှောင်နေသော အနားသတ်များသည် အမှောင်ထဲတွင် အလုပ်လုပ်ရန် လွယ်ကူပြီး အလင်းရောင် မရှိပေ။
ပိုင်ရှင် အမျိုးသမီး နှင့် ဆိုင်ရှင်သည် ဝမ်ရှန်း၏ လက်ထဲမှ ဓားကို ကြည့်ကာ တိတ်တဆိတ် ရယ်မော လိုက်ကြသည်။ အလင်းရောင်ပင် မရှိသော ဓားတစ်လက်သည် အဘယ်မှာ ဓားကောင်း ဖြစ်နိုင်ပါမည်နည်း။
ဝမ်ရှန်းသည် ကျားသွားဓားကို လက်ထဲတွင်ကိုင်ကာ မှော်လက်နက် ဓားသွားပေါ်တွင် တင်လိုက်သည်။ ခေတ်မီ နည်းပညာများနှင့် ပြုလုပ်ထားသော ကျားသွားဓားသည် လင်းလုံခန်းမ၏ မှော်လက်နက်ကို သေချာပေါက် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
ထို့နောက် ဓားရိုးကို လက်ဖြင့် တင်းတင်းဆုပ်ကာ ပိုင်းချလိုက် လေတော့သည်။
ပိုင်ရှင် အမျိုးသမီးနှင့် ဆိုင်ရှင်သည် ဟာသများကို မြင်တွေ့ရလိမ့်မည်ဟု ထင်ထားသော်လည်း မျက်စိရှေ့မှ မြင်ကွင်းကြောင့် ကြက်သေသေ သွားကြသည်။ မယုံနိုင်စရာ အဖြစ်အပျက် တစ်ခုကို ကြည့်နေရသည့်အလား ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။
ဝမ်ရှန်းသည် ကျားသွားဓားသည် မှော်လက်နက် ဓားရှည်အား ထောပတ် တစ်တုံးအလား အလွယ်တကူ ဖြတ်တောက် ပစ်သွားခြင်းပင်။ လင်းလုံခန်းမ၏ ကျွမ်းကျင်သော လက်နက်သန့်စင်သူ စေ့စေ့စပ်စပ် ပြုလုပ်ထားခဲ့သည့် တန်ဖိုးကြီး ဓားရှည်သည် ဝမ်ရှန်း၏ ကျားသွားဓားနှင့် တွေ့ဆုံချိန်၌ အနည်းငယ်ပင် ခံနိုင်ရည်မရှိဘဲ အဆုံးတွင် ရွှံ့တစ်တုံးအလား ပိုင်းဖြတ် ခံလိုက်ရလေသည်။
***