အခန်း (၉) မှတ်စု စာအုပ်
သူ့ကိုယ်သူ ကလိုင်းလို့ ခံယူလိုက်ပြီဖြစ်တဲ့ ကျိုးမင်ရွေ့ဟာ နာရီဝက် အနားယူပြီးတဲ့နောက် ပြန်ကောင်းသွားပါတယ်။ ဒီအတောအတွင်း ကလိုင်းဟာ သူ့လက်ဖမိုးပေါ်မှာ အနက်ရောင် အစက်လေးစက်က စတုရန်းပုံ တည်ရှိနေတာကို တွေ့လိုက်ရပါတယ်။
ဒီအနက်ရောင် အစက်လေးစက်က မှေးမှိန်ပြီး ခပ်မြန်မြန်ပဲ ပျောက်ကွယ်သွားပါတယ်။ ဒါပေမဲ့ ဒီအစက်တွေက သူ့ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းပြီး နိုးထဖို့ စောင့်ဆိုင်းနေတယ်ဆိုတာကို ကလိုင်း သိပါတယ်။
‘အစက်လေးစက်က စတုရန်းပုံ ပေါ်နေတယ်… ဒါက အခန်းထောင့် လေးထောင့်မှာရှိတဲ့ အဓိကအစားအစာ လေးခုကို ကိုယ်စားပြုတာလား… ဒါဆို နောက်ကျ ငါ အစီအရင်လုပ်ရင် အစားအစာတွေကို ပြင်ဆင်စရာမလိုဘဲ တန်းလုပ်လို့ရတယ်ဆိုတဲ့ သဘောလား…’ ကလိုင်းဟာ ခန့်မှန်းကြည့်လိုက်ပါတယ်။
ဒါက ကောင်းတယ်လို့ ထင်ရပေမဲ့ ဒီအစက်လေးစက် ပေါ်လာတာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ လောကမှာ နားမလည်နိုင်တဲ့အရာတွေက အမြဲတမ်း ကြောက်စရာ အကောင်းဆုံးပါ။
ကမ္ဘာမြေကလာတဲ့ ကံကောင်းစေတဲ့ အစီအရင်က ဒီနေရာမှာ အကျိုးသက်ရောက်မှုရှိတာ၊ သူ အိပ်နေတုန်း ဘဝကူးပြောင်းလာတာ၊ သူ အစီအရင်လုပ်နေတုန်း သည်းခြေပျက်လုနီးပါး ကြားလိုက်ရတဲ့ ထူးခြားဆန်းကြယ် ရေရွတ်သံတွေ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ မြူခိုးကမ္ဘာ။ ဒီအကြောင်းအရာတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို ဘာတစ်ခုမှ မသိတာကြောင့် နွေခေါင်ခေါင် ဇွန်လမှာ ကလိုင်းဟာ ခိုက်ခိုက်တုန်သွားပါတယ်။
‘လူသားတွေရဲ့ အအိုဟောင်းဆုံးနဲ့ အားအကောင်းဆုံး ခံစားချက်က ကြောက်ရွံ့မှုပဲ… အအိုဟောင်းဆုံးနဲ့ အားအကောင်းဆုံး ကြောက်ရွံ့မှုကလည်း မသိတာကို ကြောက်တာပဲ’ ကလိုင်းဟာ သူ အထူးတလည် ခံစားနေရတဲ့ ဘာမှမသိတာကို ကြောက်တဲ့ ကြောက်ရွံ့မှုကို ခံစားရင်း ဒီဆိုရိုးစကားကို ပြန်တွေးမိလိုက်ပါတယ်။
ကလိုင်းရဲ့ စိတ်ထဲမှာ အရင်ကမရှိခဲ့တဲ့ ဂမ္ဘီရနယ်ပယ်ကို ပိုလေ့လာပြီး မသိတဲ့အကြောင်းအရာတွေကို စူးစမ်းရှာဖွေဖို့ တိုက်တွန်း နှိုးဆော်သံတစ်သံ ရှိလာပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီအသံနဲ့ ဆန့်ကျင်ဘက် ထွက်ပြေးချင်တဲ့စိတ်က ဘာမှမဖြစ်သလို ဟန်ဆောင်ဖို့ အတင်း တိုက်တွန်းနေပြန်ပါတယ်။
အားကောင်းတဲ့ နေရောင်ခြည်ဟာ ပြတင်းပေါက်ကို ဖြတ်သန်းပြီး စားပွဲပေါ်ကို ကျရောက်လာပါတယ်။ နေရာင်ခြည်ဟာ စားပွဲပေါ်မှာ ရွှေရောင်စပါးစေ့တွေ ရှိနေသလိုမျိုး တလက်လက် တောက်ပနေပါတယ်။ ကလိုင်းဟာ စားပွဲကို ကြည့်ပြီး နွေးထွေးမှုနဲ့ မျှော်လင့်ချက်တွေကို ပြန်တွေ့ထိမိတယ်လို့ ခံစားလိုက်ရပါတယ်။
ကလိုင်းဟာ အနည်းငယ် ပြေလျော့သွားပြီး ပင်ပန်းနွမ်းနယ်မှုက တစ်ကိုယ်လုံးကို အုပ်စိုးလာပါတယ်။ မျက်ခွံတွေကလည်း မြင်းမိုရ်တောင်ပမာ လေးလံလာပြီး အလိုလို ပိတ်လာပါတယ်။ ညက အိပ်ရေးပျက်ပြီး ခုနက ပင်ပန်းဖို့ကောင်းတဲ့ အတွေ့အကြုံကြောင့်နဲ့ တူပါတယ်။
ကလိုင်းဟာ ခေါင်းခါပြီး စားပွဲကို အားပြုကာ မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် ဒယီးဒယိုင်နဲ့ နှစ်ထပ်ခုတင်ဆီ လျှောက်သွားပါတယ်။ ကလိုင်းဟာ အခန်းထောင့် လေးထောင့်က ဂျုံပေါင်မုန့်တွေကို ဂရုမစိုက်နိုင်အားတော့ပါဘူး။ အိပ်ရာထဲ လှဲလိုက်တာနဲ့ ချက်ချင်း အိပ်ပျော်သွားပါတယ်။
“ဂွီဂွီ… ဂွီဂွီ…”
ကလိုင်းဟာ ဆာလောင်မှုကြောင့် အိပ်ရာက နိုးလာပါတယ်။ ကလိုင်းဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ လန်းဆန်းတက်ကြွမှုကို ခံစားလိုက်ရပါတယ်။
‘ခေါင်းကတော့ နည်းနည်း ကိုက်နေသေးတယ်’
ကလိုင်းဟာ နားထင်ကို ပွတ်သပ်ရင်း ထထိုင်လိုက်ပါတယ်။ ဒီအချိန်မှာ ကလိုင်းဟာ ဗိုက်ဆာလွန်းလို့ မြင်းတစ်ကောင်တောင် ကုန်အောင် စားနိုင်ပါတယ်။
ကလိုင်းဟာ သူ့အင်္ကျီကိုဖြန့်ရင်း စားပွဲဆီ လျှောက်သွားကာ ငွေရောင်စပျစ်နွယ် အိတ်ဆောင်နာရီကို ကောက်ယူလိုက်ပါတယ်။
“ကလစ်…”
အိတ်ဆောင်နာရီရဲ့ အဖုံံးဟာ ကန်အားကြောင့် ပွင့်သွားပြီး စက္ကန့်လက်တံရဲ့ တချပ်ချပ်သွားနေတဲ့အသံ ထွက်ပေါ်လာပါတယ်။
“၁၂ နာရီခွဲ… ငါ အိပ်တာ သုံးနာရီတောင် ကြာသွားပါ့လား…” ကလိုင်းဟာ တံတွေးမျိုချရင်း အိတ်ဆောင်နာရီကို သူ့ရှပ်အင်္ကျီထဲ ထိုးထည့်လိုက်ပါတယ်။
မြောက်ပိုင်းတိုက်မှာ တစ်ရက်ကို ၂၄ နာရီ၊ တစ်နာရီကို မိနစ် ၆၀၊ တစ်မိနစ်ကို စက္ကန့် ၆၀ ရှိပါတယ်။ ဒီစက္ကန့်ကြာချိန်က ကမ္ဘာမြေက စက္ကန့်ကြာချိန်နဲ့ တူတူပဲလားဆိုတာတော့ ကလိုင်းလည်း မသိပါဘူး။
ဒီအချိန်မှာ ကလိုင်းဟာ ဂမ္ဘီရအကြောင်းရော အစီအရင်နဲ့ မြူခိုးကမ္ဘာအကြောင်းရော မစဉ်းစားနိုင်ပါဘူး။ ဒီအချိန် ကလိုင်းစိတ်ထဲမှာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတေ့ စားဖို့ပါ။
ကလိုင်းဟာ တစ်ခုခုစားပြီးမှပဲ ဆက်စဉ်းစားမှာပါ။ ဗိုက်ပြည့်မှပဲ လူက အလုပ်လုပ်နိုင်မှာပါ။
ကလိုင်းဟာ အခန်းထောင့်လေးထောင့်က ဂျုံပေါင်မုန့်တွေကို ကောက်ယူပြီး ဖုန်မှုန့် အနည်းငယ်ကို သပ်ထုတ်လိုက်ပါတယ်။ ကလိုင်းဟာ ဒီဂျုံပေါင်မုန့်တွေကို စားဖို့ စီစဉ်ထားပါတယ်။
ကလိုင်းဟာ ဒီတင်မြှောက်ထားတဲ့ ဂျုံပေါင်မုန့်တွေကို စားဖို့ ဆုံးဖြတ်လိုက်တာက သူ့မှာ ငါးပဲနိပဲ ကျန်တော့တဲ့အပြင် သူ့မွေးရပ်မြေမှာ တင်မြှောက်ပြီးရင် စွန့်စားတတ်တဲ့ ဓလေ့ရှိတာကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် မျက်စိနဲ့ ကြည့်ရသလောက်တော့ ဂျုံပေါင်မုန့်တွေက ဘာမှပြောင်းလဲ မသွားပါဘူး။ ဒီတော့ ချွေတာတာက ပိုကောင်းပါတယ်။
ကလိုင်း ဒီလိုဆုံးဖြတ်လိုက်တာက အရင်ကလိုင်း ချန်ထားခဲ့တဲ့ မှတ်ဉာဏ်တွေနဲ့ အကျင့်တွေကြောင့်လည်း ပါပါတယ်။
ဈေးကြီးတဲ့ ဓာတ်ငွေ့နဲ့ ချက်ပြုတ်တာက ဖြုန်းတီးရာ ရောက်လွန်းတဲ့အတွက် ကလိုင်းဟာ မီးဖိုတစ်ဖို ထုတ်ယူပြီး မီးသွေးထည့်ကာ ရေနွေးကျိုပါတယ်။ အဲဒီနောက် ကလိုင်းဟာ ရေနွေးဆူတာကို စောင့်ရင်း ဟိုဟိုဒီဒီ လျှောက်ကြည့်ပါတယ်။
‘ဒီဂျုံပေါင်မုန့်တွေကို အရည်မပါဘဲ စားတဲ့လူကတော့ မျိုချလို့မရဘဲ ဆို့သေမှာပဲ’
‘အင်း… ညနေစာပဲ အသားစားရမဲ့ဘဝက တော်တော် ဒုက္ခများမှာပဲ… မဟုတ်သေးဘူး… ဒါက ခြွင်းချက်ပဲ… ငါ အင်တာဗျူး ဖြေရမှာမလို့ မလီဆာက ညနေစာကို အသားနဲ့ ချက်ကျွေးတာ… မဟုတ်ရင် ငါတို့တွေ တစ်ပတ်မှ နှစ်ခါပဲ အသားစားရတာ’
ကလိုင်းဟာ ဟိုကြည့်ဒီကြည့်နဲ့ ဗိုက်ဆာလာပါတယ်။ သူ့မှာ ဒီထက်ပိုကောင်းအောင် လုပ်စရာလည်း ဘာမှ မရှိပါဘူး။
သူ့အကြည့်က ဗီရိုထဲမှာရှိတဲ့ သိုးသားဆီ ရောက်သွားတဲ့အခါ ကလိုင်းဟာ တမ်းတမ်းစွဲ ဖြစ်သွားပါတယ်။
‘မဟုတ်သေးဘူး… ငါ မလီဆာကို စောင့်ပြီး သူနဲ့ အတူတူစားဖို့ လိုတယ်’ ကလိုင်းဟာ ခေါင်းခါရင်း သိုးသား တစ်ဝက် ချက်ချင်း ချက်စားမဲ့ အကြံကို ငြင်းဆန်လိုက်ပါတယ်။
ကျိုးမင်ရွေ့ဟာ မကြာခဏ အပြင်ထွက်စားတတ်ပေမဲ့ မြို့ပြကြီးမှာ တစ်ယောက်တည်း နေခဲ့တာဆိုတော့ နည်းနည်းပါးပါးတော့ ချက်စားတတ်ပါတယ်။ သူချက်တာတွေက အရသာ သိပ်မရှိပေမဲ့ အနည်းဆုံးလို့ စားလို့ ရပါတယ်။
ကလိုင်းဟာ သိုးသားရဲ့ ဆွဲဆောင်မှုကို မခံနိုင်မှာစိုးတဲ့အတွက် သူ့ခန္ဓာကိုယ်ကို တစ်ဖက်လှည့်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ ရုတ်တရက်ဆိုသလို သူ မနက်က ပဲတွေနဲ့ အာလူးတွေပါ ဝယ်ခဲ့တယ်ဆိုတာကို သတိရသွားပါတယ်။
‘အာလူး…’
ကလိုင်းဟာ ချက်ချင်းပဲ အကြံတစ်ခု ရသွားတာကြောင့် ချက်ချင်း ဗီရိုဘက် ပြန်လှည့်ပြီး အာလူးပုံးလေးထဲက အာလူးနှစ်လုံးကို ထုတ်ယူလိုက်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ ဘုံရေချိုးခန်းဆီသွားပြီး အာလူးကို အရင်ဆုံး ဆေးကြော သန့်စင်ပါတယ်။ ပြီးတဲ့အခါမှာတော့ ရေနွေးကျိုတဲ့အိုးထဲ ထည့်ပြုတ်ပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ကလိုင်းဟာ ဗီရိုထဲက ရှာတွေ့တဲ့ ဟင်းခတ် အမွှေးအကြိုင်တွေထဲက ဆားကြမ်းကို ရေနွေးအိုးထဲ ဖြူးထည့်လိုက်ပါတယ်။
မိနစ်အနည်းငယ်လောက် စိတ်ရှည်လက်ရှည် စောင့်ပြီးတဲ့အခါမှာတော့ ကလိုင်းဟာ အိုးကိုမပြီး စွပ်ပြုတ်ကို ခွက်တွေနဲ့ ပန်းကန်လုံးတွေထဲ လောင်းထည့်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ အာလူးကို ခက်ရင်းနဲ့ ထိုးပြီး စွပ်ပြုတ်ထဲက ထုတ်ယူလိုက်ပါတယ်။
“ဟူး…”
ကလိုင်းဟာ အာလူးကို တဟူးဟူးမှုတ်ရင်း နည်းနည်းချင်းစီ အခွံခွာပါတယ်။ အာလူးပြုတ်ရဲ့ မွှေးကြိုင်သင်းပျံ့တဲ့ ရနံ့ဟာ လေထဲမှာ ပျံ့နှံ့လာပါတယ်။ ဒီရနံ့က တော်တော်လေးကို စားချင်သောက်စိတ် ဖြစ်ပေါ်စေပါတယ်။
ကလိုင်းဟာ သွားရည်တွေကျလာပြီး ပူတာကို ဆက်ဂရုမစိုက်နိုင်တော့ပါဘူး။ အာလူးက တစ်ဝက်ပဲ ခွာပြီးသေးပေမဲ့ ကလိုင်းဟာ ဆက်မစောင့်နိုင်တော့ဘဲ တစ်ကိုက် ကိုက်လိုက်ပါတယ်။
‘အရသာ ရှိလိုက်တာ…’
အာလူးက နူးအိပြီး ချိုမြပါတယ်။ လူသားစားဖူးတဲ့ ကျားလို ကလိုင်းဟာ စိတ်မထိန်းနိုင်တော့ဘဲ အာလူးနှစ်လုံးကို အငမ်းမရ စားပါတော့တယ်။ ဘယ်လောက်တောင် အငမ်းမရစားလဲဆိုရင် အခွံတွေပါတဲ့အထိပါပဲ။
အဲဒီနောက် ကလိုင်းဟာ ပန်းကန်လုံးကိုမပြီး မော့သောက်လိုက်ပါတယ်။ စွပ်ပြုတ်ထဲ ဆားအနည်းငယ် ထည့်ထားတာက ကလိုင်းကို ရေငတ်ပြေစေပါတယ်
‘ငါ ငယ်ငယ်တုန်းက အာလူးကို ဒီလိုပြုတ်စားရတာ တော်တော်ကြိုက်ခဲ့တာ…’
ဗိုက်နည်းနည်း ပြည့်သွားတဲ့ ကလိုင်းဟာ ပေါင်မှုန့်ကို ခပ်သေးသေး ဆွဲဖြဲပြီး စွပ်ပြုတ်နဲ့ တို့စားပါတယ်။
အစီအရင်လုပ်ရတာ ပင်ပန်းလို့နဲ့ တူပါတယ်။ ကလိုင်းဟာ တစ်ပေါင်လောက်ရှိတဲ့ ဂျုံပေါင်မုန့်နှစ်လုံးကို ကုန်အောင် စားပစ်လိုက်ပါတယ်။
နောက်ဆုံးမှာတော့ ကလိုင်းဟာ အားအင်တွေ ပြည့်ဖြိုးလာတယ်လို့ ခံစားလိုက်ရပါတယ်။ ကလိုင်းဟာ စွပ်ပြုတ်ကို ကုန်အောင်သောက်ပြီး ပန်းကန်တွေ ဆေးကြောပြီးနောက် ဘဝရဲ့ ပျော်ရွှင်မှုကို ခံစားပါတယ်။
အဲဒီနောက် ကလိုင်းဟာ တောက်ပတဲ့ နေရောင်ခြည်ကို ပျော်ပျော်ရွှင်ရွှင် ကြည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကလိုင်းဟာ စားပွဲမှာထိုင်ပြီး အစီအစဉ် စဆွဲပါတယ်။
‘ငါ ထွက်ပြေးလို့ မလွတ်နိုင်ဘူး… ဒီတော့ ငါ ဂမ္ဘီရနယ်ပယ်နဲ့ ထိတွေ့ဖို့ နည်းလမ်းရှာပြီး တရားမျှတမှုနဲ့ လူဇောက်ထိုးပြောတဲ့ သာလွန်ဖြစ်လာအောင် လုပ်ရမယ်’
‘ငါ ဘာမှမသိတာကို ကြောက်တဲ့ ကြောက်ရွံ့မှုကို ကျော်လွှားနိုင်ဖို့လိုတယ်’
‘အခုအချိန်မှာ တစ်ခုတည်းသော နည်းလမ်းက နောက်ထပ် တွေ့ဆုံမှုကို စောင့်ဆိုင်းတာပဲ… ငါ ပွဲကြည့်သမား ဖော်မြူလာနဲ့ ဂမ္ဘီရနဲ့ ပတ်သက်တဲ့ တခြား အကြောင်းအရာတွေကို သေချာဂရုတစိုက် နားထောင်ဖို့လိုတယ်’
‘တနင်္လာရောက်ဖို့က လေးရက်လိုသေးတယ်… အဲဒီမတိုင်ခင် ငါ ကလိုင်းရဲ့ ပြဿနာကို အဖြေရှာဖို့လိုတယ်… သူ ဘာဖြစ်လို့ သတ်သေတာလဲ… သူ့မှာ ဘာပြဿနာ ရှိလို့လဲ’
ဘဝပြန်ကူးပြောင်းလို့ မရတဲ့အတွက် ကလိုင်းဟာ ရွှေခွက်နဲ့လက်ဆေးပြီး အေးဆေး အနားယူလို့ မရပါဘူး။ အဲဒါကြောင့် ကလိုင်းဟာ စားပွဲပေါ်မှာ လဲလျောင်းနေတဲ့ မှတ်စုစာအုပ်ကို ကောက်ယူလိုက်ပါတယ်။ ကလိုင်းဟာ ဆုံးရှုံးသွားတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကို ပြန်ရဖို့ အကူအညီ ဖြစ်စေနိုင်မဲ့ အရိပ်အမြွက်ကို ရှာချင်တာပါ။
အရင်ကလိုင်းက မှတ်စုထုတ်တတ်တဲ့ အကျင့်ရှိပါတယ်။ ဒိုင်ယာရီတွေလည်း ရေးပါတယ်။
ကလိုင်းဟာ စားပွဲအောက်က ညာဘက်အံဆွဲထဲမှာ မှတ်စုစာအုပ်တွေ သိမ်းထားတယ်ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။
ကလိုင်းရဲ့ လက်ထဲမှာရှိတဲ့ မှတ်စုစာအုပ်က မေလ ၁၀ ရက်နေ့ကနေ စပါတယ်။ ကျောင်းနဲ့ ပတ်သက်တာတွေ ဆရာနဲ့ ပတ်သက်တာတွေ အသိပညာနဲ့ ပတ်သက်တာတွေကို မှတ်တမ်းတင်ထားပါတယ်။
“မေလ ၁၂ ရက်… မစ္စတာအက်ဇစ်က တောင်ပိုင်းတိုက် ဘာလမ်အင်ပါယာရဲ့ လူသုံးဘာသာစကားက ရှေးဟောင်း ဖေးဆက် ဘာသစကားကနေ ဖွံ့ဖြိုးတိုးတက်လာပြီး ဂျိုဒင်ဘာသာစကားရဲ့ ကိုင်းခွဲတစ်ခုလို့ ပြောတယ်… ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ… ဒီအတိုင်းဆို အသိဉာဏ်ရှိတဲ့ သက်ရှိတိုင်းက ဘာသာစကား တစ်ခုတည်းကို ပြောတာလား… မဖြစ်နိုင်ဘူး… ဒါ တစ်ခုခုမှားနေတာ ဖြစ်ရမယ်… ထာဝရည ဗျာဒိတ်ကျမ်းနဲ့ မုန်တိုင်းစာအုပ်အရဆိုရင် လောကဦးမှာ ဘီလူးတွေကပဲ ကမ္ဘာကြီးကို စိုးမိုးနိုင်ခဲ့တာ မဟုတ်ဘူး… နတ်သူငယ်တွေ မျိုးပြောင်းတွေနဲ့ နဂါးတွေလည်း စိုးမိုးနိုင်ခဲ့တယ်… ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက ယုံတမ်း ဒဏ္ဍာရီတွေနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေပဲ”
…..
“မေလ ၁၆ ရက်… အကြီးတန်းတွဲဖက် ပါမောက္ခ ကိုဟင်နဲ့ မစ္စတာအက်ဇစ်က ရေနွေးငွေ့ခေတ်အကြောင်း ဆွေးနွေးကြတယ်… မစ္စတာအက်ဇစ်က ရေနွေးငွေ့ခေတ်ကို ရောက်လာတာ တိုက်ဆိုင်မှုတစ်ခုသက်သက်ပဲ… ဧကရာဇ်ရစ်ဆဲလ်ကြောင့်သာ မဟုတ်ရင် မြောက်ပိုင်းတိုက်ကလည်း တောင်ပိုင်းတိုက်လိုမျိုး ဓားတွေ ကိုင်နေဦးမှာပဲလို့ စပြောတယ်”
“မစ္စတာအက်ဇစ်က လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးဆောင်မှုကို အရေးပေးလွန်းတယ်လို့ ဆရာက ငြင်းခုံတယ်… တိုးတက် ပြောင်းလဲမှုတွေရှိရင် ဧကရာဇ်ရစ်ဆဲလ် မရှိရင်တောင် တခြား တစ်ယောက်ယောက်က ရေနွေးငွေ့ခေတ်ကို စတင်လိမ့်မယ်လို့ ဆရာက ယုံကြည်ထားတယ်… အဲဒါကြောင့် ရေနွေးခေတ်က နောက်ကျကောင်း နောက်ကျနိုင်ပေမဲ့ နောက်ဆုံးကျရင် ရောက်လာမှာပဲတဲ့”
“သူတို့ဆွေးနွေးတာတွေကို ငါ သိပ်စိတ်မဝင်စားဘူး… ငါက အသစ်သစ်တွေ ရှာဖွေတာနဲ့ အတိတ်က လျှို့ဝှက်ချက်တွေကို ရှာဖွေဖော်ထုတ်ရတာ နှစ်သက်တယ်… ငါက သမိုင်းထက် ရှေးဟောင်းသုတေသနနဲ့ ပိုပြီးတော့ သင့်တော်မယ်ထင်တယ်”
…..
“မေလ ၂၉ ရက်… ဝဲလ်က ငါ့ကို လာရှာပြီး သူ စတုတ္ထယုဂ်က မှတ်စုစာအုပ်တစ်အုပ် ရထားကြောင်း ပြောတယ်… အို ဘုရားသခင်… စတုတ္ထယုဂ်က မှတ်စုစာအုပ်တဲ့လား… ဝဲလ်က ရှေးဟောင်းသုတေသနဌာနက ကျောင်းသားတွေကို အကူအညီ မတောင်းချင်လို့ ငါနဲ့ နာယာကို အနက်ဖော်ပေးဖို့ အကူအညီတောင်းတယ်… ငါ ဘယ်လိုလုပ်ပြီး ငြင်းနိုင်မှာလဲ… ဒါပေမဲ့ ငါ ဘွဲ့ရပြီးမှပဲ လုပ်နိုင်မှာ… အခုအချိန်မှာ ငါ့အာရုံက တခြားဆီကို လုံးဝ ရောက်လို့ မဖြစ်ဘူး”
ဒီအကြောင်းအရာက ကလိုင်းရဲ့ အာရုံကို ဖမ်းစားလိုက်ပါတယ်။ သမိုင်း အကြောင်းအရာတွေနဲ့ ရှုထောင့်မတူလို့ သဘောထား ကွဲလွဲတာတွေထက်စာရင် စတုတ္ထယုဂ်ရဲ့ မှတ်စုစာအုပ်က ကလိုင်းရဲ့ သတ်သေမှု အကြောင်းရင်း ဖြစ်နိုင်ပါတယ်။
စတုတ္ထယုဂ်က လက်ရှိ သံခေတ် မတိုင်ခင်က ကာလအပိုင်းအခြားပါ။ စတုတ္ထယုဂ်ရဲ့ သမိုင်းက လျှို့ဝှက်ဆန်းကြယ်ပြီး ပြည့်ပြည့်စုံစုံ မရှိပါဘူး။ သင်္ချိုင်းဂူတွေ ရှေးဟောင်းမြို့တွေနဲ့ မှတ်တမ်းတွေက ရှားပါးလွန်းတဲ့အတွက် ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ သမိုင်းပညာရှင်တွေဟာ အဓိကဘုရားကျောင်း ခုနစ်ကျောင်းက သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှုအပေါ် ဗဟိုထားပြီး ကျန်တာတွေကို အကြမ်းဖျင်းပဲ ဖော်ပြတဲ့ မရေမရာ မှတ်တမ်းတွေကိုပဲ ကိုးကားရပါတယ်။
သူတို့တွေဟာ စတုတ္ထယုဂ်မှာ ဆော်လမန် အင်ပါယာ၊ ထူဒါမင်းဆက်နဲ့ ထရန်ဆို့အင်ပါယာတို့ တည်ရှိခဲ့တာကိုတော့ သိထားကြပါတယ်။
လျှို့ဝှက်ချက်တွေ အဖြေရှာပြီး သမိုင်းကို ပြန်လည်မှတ်တမ်း တင်ချင်တဲ့ ကလိုင်းဟာ ဒဏ္ဍာရီတွေ အခြေခံတဲ့ ပထမယုဂ် သုံးယုဂ်က သိပ်ပြီးတော့ စိတ်မဝင်စားပါဘူး။ ကလိုင်းဟာ နတ်ဘုရားခေတ်လို့ ကျော်ကြားတဲ့ စတုတ္ထယုဂ်ကိုပဲ ပိုပြီးတော့ စိတ်ဝင်စားပါတယ်။
‘အင်း… ဒီလိုဆိုတော့ ကလိုင်းဟာ သူ့အနာဂတ် အသက်မွေးဝမ်းကြောင်းအတွက် အင်တာဗျူးအပေါ် အာရုံစိုက်ခဲ့တာပဲ… ဒါပေမဲ့ နောက်ဆုံးတော့ အကုန်လုံး အချည်းနှီး ဖြစ်သွားရတယ်…’
တက္ကသိုလ်တွေက ရှားပါးတုန်းဆိုတော့ ကျောင်းသားအများစုက အထက်တန်းလွှာက မဟုတ်ရင် ချမ်းသာတဲ့ မိသားစုတွေက လာတာပါ။ အဲဒါကြောင့် အစွန်းရောက်စိတ်သာ မရှိဘူးဆိုရင် တက္ကသိုလ်ဝင်ခွင့်ရတဲ့ သာမန်လူတစ်ယောက်က အမြစ်တွယ်နေတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ဘက်လိုက်မှုတွေ ဖယ်ကြဉ်မှုတွေ ရှိနေရင်တောင် တန်ဖိုးရှိတဲ့ အဆက်အသွယ်တွေကို အုပ်စုလိုက် ဆွေးနွေးမှုတွေ မိတ်ဆွေဖွဲ့တဲ့ပွဲတွေကနေ တည်ဆောက်ယူနိုင်ပါတယ်။
သဘောထားကြီးတဲ့ ဝဲလ်မက်ဂါဗန်က ဥပမာပါပဲ။ ဝဲလ်က လိုအင်နိုင်ငံ မစ်ဆီရှာဒေသမှာရှိတဲ့ ကွန်စတန့်မြို့က ဘဏ်သမားတစ်ဦးရဲ့ သားပါ။ သူတို့တွေက အမြဲတမ်း တစ်ဖွဲ့တည်း အလုပ်လုပ်တာမလို့ ဝဲလ်ဟာ နာယာနဲ့ ကလိုင်းကို အကူအညီတောင်းလေ့ ရှိပါတယ်။
ကလိုင်းဟာ ဘာမှဆက်မတွေးဘဲ မှတ်စုစာအုပ်ကို ဆက်ပြီးတော့ ဖတ်ပါတယ်။
“ဇွန်လ ၁၈ ရက်… ငါ ဘွဲ့ရပြီ… ခွိုင်းတက္ကသိုလ်ရေ နှုတ်ဆက်ခဲ့ပါတယ်”
“ဇွန်လ ၁၉ ရက်… ငါ မှတ်စုစာအုပ်ကို ကိုင်ရပြီ… ဝါကျတည်ဆောက်ပုံနဲ့ အခြေခံစကားလုံးတွေကို နှိုင်းယှဉ်ကြည့်ပြီးတော့ ဒီဘာသာစကားက ရှေးဟောင်း ဖေးဆက် ဘာသာစကားကို ပြုပြင်ထားတယ်ဆိုတာ ငါ သိလိုက်ရတယ်… တိတိကျကျ ပြောရရင် ဖေးဆက် ဘာသာစကားရဲ့ နှစ်ထောင်ချီ သမိုင်းကြောင်းမှာ ဖေးဆက် ဘာသာစကားက နည်းနည်းချင်းစီ ဆက်တိုက် ပြောင်းလဲလာခဲ့တာ”
“ဇွန်လ ၂၀ ရက်… ငါတို့တွေ ပထမ စာမျက်နှာကို ဘာသာပြန်နိုင်ခဲ့ပြီ… ဒီမှတ်စုစာအုပ်ကို ရေးတဲ့လူက အန်တီဂိုနပ် မိသားစုဝင် တစ်ယောက်ပဲ”
“ဇွန်လ ၂၁ ရက်… သူက အမှောင်ဧကရာဇ် အကြောင်း ပြောတယ်… ဒါက ဒီစာအုပ်ရေးတဲ့ အချိန်ကို တွက်ချက်ထားတာနဲ့ မကိုက်ညီဘူး… ပါမောက္ခပဲ မှားတာလား… အမှောင်ဧကရာဇ်က ဆော်လမန်အင်ပါယာ ဧကရာဇ်တိုင်းရဲ့ သာမန်ဘွဲ့နာမည် တစ်ခုလား”
“ဇွန်လ ၂၂ ရက်… အန်တီဂိုနပ် မိသားစုက ဆော်လမန် အင်ပါယာမှာ တော်တော်လေး အဆင့်အတန်းမြင့်ပုံပဲ… စာအုပ်ရေးတဲ့လူက ထူဒါလို့ခေါ်တဲ့ လူတစ်ယောက်နဲ့ လျှို့ဝှက် အရောင်းအဝယ် လုပ်တယ်လို့ ပြောတယ်… ထူဒါ… ထူဒါမင်းဆက်နဲ့ ပတ်သက်နေတာလား…”
“ဇွန်လ ၂၃ ရက်… ငါ့ကိုယ်ငါ မှတ်စုစာအုပ်နဲ့ ဝဲလ်နေရာကို မသွားမိဖို့ ကြိုးစားထိန်းသိမ်းနေရတယ်… ငါ အင်တာဗျူးအတွက် ပြင်ဆင်ရမယ်… ဒီအင်တာဗျူးက ငါ့အတွက် အတော် အရေးကြီးတယ်”
“ဇွန်လ ၂၄ ရက်… နာယာက သူတို့တွေ တစ်စုံတစ်ခုကို ရှာတွေ့ထားတယ်လို့ ငါ့ကို ပြောတယ်… ငါ သွားကြည့်သင့်တယ်လို့ ထင်တယ်”
“ဇွန်လ ၂၅ ရက်… အသစ်ဘာသာပြန်ထားတဲ့ အကြောင်းအရာတွေအရ စာရေးသူက ဟွန်းနာဆစ် တောင်တန်းက အမြင့်ဆုံးတောင်ထိပ်မှာ တည်ရှိတဲ့ ထာဝရညနိုင်ငံတော်ဆီ သွားလည်ဖို့ တာဝန်တစ်ခုကို လက်ခံလိုက်တယ်တဲ့… အို ဘုရားသခင်… ပင်လယ်ရေပြင်အထက် မီတာပေါင်း ၆,၀၀၀ ကျော်မှာ နိုင်ငံတစ်နိုင်ငံက ဘယ်လိုလုပ်ပြီး တည်ရှိနိုင်မှာလဲ… သူတို့တွေ ဘယ်လိုမျိုး အသက်ရှင်နေထိုင်ကြလဲ”
“ဇွန်လ ၂၆ ရက်… ဒီထူးဆန်းတဲ့အရာတွေက တကယ်ပဲလား”
ဒိုင်ယာရီက ဒီနေရာ အရောက်မှာ အဆုံးသတ်သွားပါတယ်။ ကျိုးမင်ရွေ့က ၂၈ ရက်နေ့ အစောပိုင်းမှာ ဘဝကူးပြောင်းလာခဲ့တာပါ။
‘ဒီတော့ ၂၇ ရက်နေ့မှာ ဘာဖြစ်ခဲ့တာလဲ… အဲဒီစာကြောင်း… လူတိုင်း သေလိမ့်မယ်၊ ငါလည်း သေလိမ့်မယ်…’ ကလိုင်းဟာ ကြက်သီးမွေးညင်းထရင်း သူ ဒီကို စရောက်တုန်းက မြင်ခဲ့တဲ့ စာရွက်ဆီ လှန်လိုက်ပါတယ်။
အရင်ကလိုင်း သတ်သေတဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းဖို့အတွက် ကလိုင်းဟာ ဝဲလ်ဆီ သွားလည်ပြီး ရှေးဟောင်း မှတ်စုစာအုပ်ကို တစ်ချက်လောက် ကြည့်သင့်တယ်လို့ တွေးလိုက်ပါတယ်။ ဒါပေမဲ့ ဝတ္ထုတွေ ဇာတ်ကားတွေ ဇာတ်လမ်းတွဲတွေကနေ ရခဲ့တဲ့ အတွေ့အကြုံတွေအရ ဒီနှစ်ခုသာ တကယ်တမ်း ဆက်စပ်နေမယ်ဆိုရင် ဒီအလည်သွားတာက တော်တော် အန္တရာယ်များမှာပါ။
သရဲခြောက်တယ်လို့ သတိပေးထားရဲ့သားနဲ့ စုံစမ်းဖို့ သွားတဲ့ လူတွေလိုပေါ့။
ဒါပေမဲ့ ထွက်ပြေးနေတာက ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အတွက် ကလိုင်း သွားကို သွားရပါလိမ့်မယ်။ မဟုတ်ရင် ပြဿနာက ပိုပိုကြီးလာပြီး နောက်ဆုံးကျ သူ့ကို လုံးဝ လွှမ်းမိုးသွားမှာပါ။
‘ငါ ရဲခေါ်သင့်လား… ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်လို့ ပြောတာက ရူးကြောင်ကြောင်နိုင်လွန်းတယ်…’
“ဒေါက်…”
“ဒေါက်… ဒေါက်…”
ခပ်မြန်မြန်နဲ့ အားပါးတဲ့ တံခါးခေါက်သံတွေ ထွက်ပေါ်လာပါတယ်။
ကလိုင်းဟာ ခါးမတ်ပြီး နားထောင်လိုက်ပါတယ်။
“ဒေါက်…”
“ဒေါက်… ဒေါက်…”
တံခါးခေါက်သံဟာ ဘယ်သူမှ မရှိတဲ့ စင်္ကြန်မှာ ပဲ့တင်ထပ်သွားပါတယ်။