Switch Mode

Chapter – 8

ခေတ်သစ်

အခန်း (၈) ခေတ်သစ်

“ဝေါ… ဝေါ…”
လေပြင်းဟာ မိုး‌ရေတွေကို အဖာ်ပြုပြီး တဝီဝီ တိုက်ခိုက်ပေးနေပါတယ်။ သုံးတိုင်ရွက်လှေဟာ လှိုင်းလုံးကြီးတွေကြားမှာ ဘီလူးကြီးတွေရဲ့ ကစားစရာလိုမျိုး လူးလှိမ့်နေပါတယ်။
အယ်ဂျာဝဲလ်ဆင်ရဲ့ မျက်လုံးထဲက ကြက်သွေးရောင် တောက်တောက်ဟာ မှေးမှိန် ပျောက်ကွယ်သွားပါတယ်။ အယ်ဂျာဟာ သူ သင်္ဘောကုန်းပတ်ပေါ်မှာ ရှိနေသေးပြီး ဘာမှ မပြောင်းလဲတာကို တွေ့လိုက်ရပါတယ်။
ချက်ချင်းဆိုသလိုပဲ သူ့လက်ဝါးပြင်ပေါ်က ထူးဆန်းတဲ့ပုံစံ မှန်ပုလင်းဟာ ကွဲကြေပြီး အထဲက ဆီးနှင်းတွေဟာ မိုးရေကြား ပျော်ကျသွားပါတယ်။ စက္ကန့်အနည်းငယ် အတွင်းမှာပဲ ရင်သပ်ရှုမောဖွယ် ရှေးဟောင်းပစ္စည်းတစ်ခုရဲ့ တည်ရှိမှုဟာ အစအနမကျန်အောင် ပျောက်ကွယ်သွားပါတယ်။
ဆဋ္ဌဂံ ဆီနှင်းပုံ သလင်းကျောက် သင်္ကေတဟာ အယ်ဂျာရဲ့ လက်ဖမိုးမှာ ပေါ်လာပါတယ်။ အဲဒီနောက် ဒီသင်္ကေတဟာ အသားက စုပ်ယူခံလိုက်ရသလိုမျိုး လျင်လျင်မြန်မြန် မှေးမှိန်ကာ နောက်ဆုံး လုံးဝ ပျောက်ကွယ်သွားပါတယ်။
အယ်ဂျာဟာ တစ်စုံတစ်ခုကို စဉ်းစားရင်း ခေါင်းအသာ ညိတ်လိုက်ပါတယ်။ အယ်ဂျာဟာ ငါးမိနစ်ကြာအောင် တိတ်တဆိတ် ရပ်နေပါတယ်။
အဲဒီနောက် အယ်ဂျာဟာ တစ်ဖက်လှည့်ပြီး သင်္ဘောအတွင်းပိုင်းဆီ ဦးတည်လိုက်ပါတယ်။ အယ်ဂျာ သင်္ဘောအတွင်းထဲဝင်ဖို့ ပြင်လိုက်စဉ်မှာပဲ သူ့လိုမျိုး လျှပ်စီးသင်္ကေတ ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက် အထဲကနေ ထွက်လာတာကို တွေ့လိုက်ရပါတယ်။
ဒီအမျိုးသားဟာ ပျော့‌ပျောင်းတဲ့ ရွှေရောင်ဆံပင်တွေရှိပြီး ခဏရပ်ကာ အယ်ဂျာကို ကြည့်လိုက်ပါတယ်။ အဲဒီနောက် ညာလက်သီးကို ရင်ဘတ်ပေါ်တင်ပြီး ပြောလိုက်ပါတယ် “မုန်တိုင်းက သင်နဲ့အတူ ရှိပါစေ”
အယ်ဂျာလည်း ဒီစကားကိုပဲ တူညီတဲ့ကိုယ်ဟန်နဲ့ ပြန်ပြောလိုက်ပါတယ်။ သူ့ရဲ့ မျက်နှာကြမ်းကြမ်းပေါ်မှာ ဘာခံစားချက်မှာ မရှိပါဘူး။
အယ်ဂျာဟာ သင်္ဘောအတွင်းထဲ ရောက်တယ်ဆိုရင်ပဲ လမ်းဆုံးမှာရှိတဲ့ ကပ္ပတိန်အခန်းဆီ ဦးတည်လိုက်ပါတယ်။
အယ်ဂျာဟာ လမ်းတစ်လျှောက်မှာ သင်္ဘောသား တစ်ယောက်ကိုမှ မတွေ့ရပါဘူး။ နေရာတစ်ခုလုံး သုသာန်တစပြင်လို တိတ်ဆိတ်နေပါတယ်။
ကပ္ပတိန်အခန်းတံခါးရဲ့ နောက်ကွယ်မှာတော့ နူးညံ့တဲ့ အညိုရောင် ကော်ဇောကို ကြမ်းပြင်ပေါ် ခင်းထားပါတယ်။ စာအုပ်စင်နဲ့ အရက်စင်ဟာ အခန်းရဲ့ မျက်နှာချင်းဆိုင် နံရံနှစ်ဖက်ပေါ်မှာ ရှိနေပါတယ်။ ဝါကျင့်ကျင့် မျက်နှာဖုံးရှိတဲ့ စာအုပ်တွေနဲ့ နီရဲနက်မှောင်နေတဲ့ အရက်ပုလင်းတွေက ဖယောင်းတိုင် အလင်းရောင်အောက်မှာ တစ်မူထူးခြားနေပါတယ်။
စားပွဲပေါ်မှာတော့ ဖယောင်းတိုင်အပြင် မင်ဘူး၊ ငှက်မွေး၊ သတ္တုနက် မှန်ပြောင်းတစ်စုံနဲ့ စက်ဝိုင်းရဲ့ခြောက်ပုံတစ်ပုံ ကြေးစက်ဝိုင်းစိတ်လေး ရှိနေပါတယ်။
စားပွဲနောက်မှာတော့ အရိုးခေါင်းပုံပါ ကပ္ပတိန်ဦးထုပ်ကို ဆောင်းထားတဲ့ မျက်နှာဖြူဖပ်ဖြူရော်နဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ဦး ထိုင်နေပါတယ်။ အယ်ဂျာ သူ့နားကို ချဉ်းကပ်လာတဲ့အခါ ဒီအမျိုးသားက ခြိမ်း‌ခြောက်သံနဲ့ ပြောလိုက်ပါတယ် “ငါ သဘောတူမှာ မဟုတ်ဘူး”
“ငါ သိတယ်” အယ်ဂျာဟာ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်ပါတယ်။ သူ့လေသံက ရာသီဥတု အခြေအနေကို မှတ်ချက်ပေးနေသလိုပါပဲ။
“မင်း…” မမျှော်လင့်ထားတဲ့ အဖြေကြောင့် ကပ္ပတိန်ဦးထုပ် ဆောင်းထားတဲ့ အမျိုးသားဟာ မှင်တက်သွားပါတယ်။
ဒီအချိန်မှာပဲ အယ်ဂျာဟာ ရှေ့ကို ရုတ်တရက် ခုန်ပြေးပြီး ကပ္ပတိန်ဦးထုပ် ဆောင်းထားတဲ့ အမျိုးသားရှေ့က စားပွဲဆီ ရောက်လာပါတယ်။
အယ်ဂျာဟာ ညာလက်ဆန့်ပြီး ကပ္ပတိန်ဦးထုပ် ဆောင်းထားတဲ့ အမျိုးသားကို လည်ပင်းညှစ်လိုက်ပါတယ်။ အယ်ဂျာရဲ့ လက်မှာ ကြေးခွံရိပ်တွေ ပေါ်လာတဲ့အခါ ညှစ်အားလည်း ပိုကြီးလာတဲ့အတွက် ကပ္ပတိန်ဦးထုပ်နဲ့ အမျိုးသားဟာ တုံ့ပြန်ချိန်တောင် မရလိုက်ပါဘူး။
“ဂျွတ်…”
အရိုးကျိုးသံတွေကြားမှာ ကပ္ပတိန်ဦးထုပ်နဲ့ အမျိုးသားဟာ မျက်လုံးပြူးပြီး ဆွဲမခံလိုက်ရပါတယ်။ သူ့ခြေထောက်တွေက အတင်းရုန်းကန်ပေမဲ့ မကြာခင်မှာ ငြိမ်သက်သွားပါတယ်။ သူ့မျက်ဆံတွေကလည်း ပြူးကျယ်ပြီး ဦးတည်ရာမရှိ စိုက်ကြည့်နေပါတယ်။ ပေါင်ခွကြားကနေလည်း အနံ့ဆိုးထွက်လာပြီး သူ့ဘောင်းဘီဟာ တဖြည်းဖြည်း စွတ်စိုသွားပါတယ်။
အယ်ဂျာဟာ ကပ္ပတိန်ဦးထုပ်နဲ့ အမျိုးသားကို မပြီး ကျောနည်းနည်းကုန်းကာ နံရံဆီ လျှောက်သွားပါတယ်။
“ဝုန်း…”
အယ်ဂျာဟာ ဒီအမျိုးသားကို ဒိုင်းအဖြစ်သုံးပြီး နံရံကို ဆောင့်လိုက်ပါတယ်။ အယ်ဂျာရဲ့ လက်က အားကြီးလွန်းတဲ့အတွက် သစ်သားနံရံဟာ အက်ကွဲပြီး အပေါက်ဖြစ်သွားပါတယ်။ မိုးရေတွေလည်း သမုဒ္ဒရာ ရနံ့နဲ့အတူ အထဲ ဝင်လာပါတယ်။
အယ်ဂျာဟာ ဒီအမျိုးသားကို တောင်လောက်ရှိတဲ့ ဧရာမလှိုင်းတွေကြီးဆီ လွှင့်ပစ်လိုက်ပါတယ်။
စွမ်းအားကြီးမားတဲ့ သဘာဝတရားက အရာအားလုံးကို ဝါးမျိုသလိုမျိုး လေပြင်းဟာ အမှောင်ထုထဲမှာ တဝီဝီ ဆက်ပြီးတော့ တိုက်ခိုက်နေပါတယ်။
အယ်ဂျာဟာ ပဝါဖြူတစ်ထည်ကို ထုတ်ယူပြီး ညာလက်ကို သေချာသုတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အဲဒီပဝါကိုပါ ပင်လယ်ထဲ လွှင့်ပစ်လိုက်ပါတယ်။
အဲဒီနောက် အယ်ဂျာဟာ နောက်ပြန်ဆုတ်ပြီး သူ့အဖော်ကို စိတ်ရှည်လက်ရှည် စောင့်ပါတယ်။
ဆယ်စက္ကန့်မပြည့်ခင်မှာပဲ ရွှေရောင်ဆံပင်နဲ့ အမျိုးသား ပြေးဝင်လာပါတယ် “ဘာဖြစ်တာလဲ”
“ကပ္ပတိန် ထွက်ပြေးသွားတယ်” အယ်ဂျာက စိတ်အနှောင့်အယှက်ဖြစ်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “သူ့မှာ သူ့ရဲ့ သာလွန်စွမ်းအားတွေ ကျန်သေးလား မသိဘူး”
“သေစမ်း..” ရွှေရောင်ဆံပင်နဲ့ အမျိုးသားဟာ အသာကြိမ်းမောင်းလိုက်ပါတယ်။
ရွှေရောင်ဆံပင်နဲ့ အမျိုးသားဟာ အပေါက်ဆီသွားပြီး အဝေးကို လှမ်းကြည့်လိုက်ပါတယ်။ ဒါပေမဲ့ လှိုင်းတွေ မိုးတွေကလွဲလို့ ဘာမှ မမြင်ရပါဘူး။
“ထားလိုက်ပါတော့… သူက အပိုရတဲ့ပစ္စည်းပဲ…” ရွှေရောင်ဆံပင်နဲ့ အမျိုးသားဟာ လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ် “ငါတို့တွေ ထူဒါခေတ်ရဲ့ သရဲသင်္ဘောကို ရှာတွေ့ထားတော့ဆိုတော့ ဆုချခံရမှာပါ”
‘ငါက ပင်လယ်စောင့်ဆိုရင်တောင် ဒီလောက်ဆိုးရွားတဲ့ ရာသီဥတု အခြေအနေမှာ ပင်လယ်ထဲ ဒိုင်ဗင်ထိုးဆင်းမှာ မဟုတ်ဘူး’
“ဒီမုန်တိုင်းသာ ဆက်တိုက်ရင် ကပ္ပတိန် ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး” အယ်ဂျာဟာ ရွှေရောင်ဆံပင်နဲ့ အမျိုးသားရဲ့ စကားကို ခေါင်းညိတ် ထောက်ခံရင်း ပြောလိုက်ပါတယ်။
အပေါက်ဖြစ်နေတဲ့ သစ်သားနံရံဟာ သာမန်မျက်စိနဲ့ မြင်နိုင်လောက်တဲ့ အမြန်နှုန်းနဲ့ သူ့ဘာသာ ဖာထေးပါတယ်။
အယ်ဂျာဟာ သူ့ဘာသာ ဖာထေးနေတဲ့ နံရံကို စိုက်ကြည့်ပြီးနောက် ခေါင်းလှည့်ကာ တက်မဘီးနဲ့ ရွက်တွေဆီ ကြည့်လိုက်ပါတယ်။ အယ်ဂျာဟာ ဒီပျဉ်ချပ်တွေ အားလုံးရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။
ဒီသင်္ဘောပေါ်မှာ ဦးစီးအရာရှိ၊ ဒုတိယအရာရှိ၊ အမှုထမ်းတွေနဲ့ သင်္ဘောသားတွေ တစ်ယောက်မှ မရှိပါဘူး။ သူတို့နှစ်ယောက်လွဲရင် အသက်ရှိတဲ့လူ တစ်ယောက်မှ မရှိတာပါ။
ဘာမှမရှိပေမဲ့ တက်မဘီးနဲ့ ရွက်တွေဟာ သူတို့ဘာသာ အံ့ဩချောက်ချားဖွယ်ရာ ရွှေ့လျားနေကြပါတယ်။
အယ်ဂျာဟာ ဖြူမှိုင်းမှိုင်း မြူခိုးတွေ လွှမ်းခြုံထားတဲ့ အရူးကို မျက်စိထဲ မြင်ယောင်လာပြီး သက်ပြင်းချလိုက်ပါတယ်။
အဲဒီနောက် အယ်ဂျာဟာ အပြင်ဘက်က ကြီးမားတဲ့ လှိုင်းလုံးတွေကိုကြည့်ပြီး မျှော်လင့်ချက်တွေ ကြောက်ရွံ့ရိုသေမှုတွေ ပြည့်နှက်နေတဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “ခေတ်သစ်တစ်ခု စပြီ…”
…..
လိုအင်နိုင်ငံရဲ့ နေပြည်တော် ဘက်ကလင်မြို့၊ ဧကရီမြို့နယ်။
အော်ဒရီဟောလ်ဟာ စောစောက တွေ့ကြုံခဲ့တာတွေကို မယုံနိုင်တဲ့အတွက် သူ့ပါးကို သူ့ဘာသာ ဆွဲဖြဲလိုက်ပါတယ်။ သူမရှေ့က မှန်တင်ခုံပေါ်မှာရှိတဲ့ ကြေးမုံပြင်ကတော့ အပိုင်းပိုင်း ကွဲကြေသွားခဲ့ပါပြီ။
အော်ဒရီဟာ အောက်ငုံ့ကြည့်လိုက်တဲ့အခါ ချာလပတ်လည်နေတဲ့ ကြက်သွေးရောင် သင်္ကေတကို သူမရဲ့ လက်ဖမိုးပေါ်မှာ တွေ့လိုက်ရပါတယ်။ ဒါက ကြယ်ပုံစံ တက်တူးတစ်ခုလိုပါပဲ။
အဲဒီနောက် ကြက်သွေးရောင်ဟာ တဖြည်းဖြည်း မှေးမှိန်ပြီး သူမရဲ့ အသားအရေထဲ ဝင်ရောက်ကာ ပျောက်ကွယ်သွားပါတယ်။
ဒီအချိန်ကျမှပဲ အော်ဒရီဟာ သူမ တွေ့ကြုံခဲ့ရတာတွေက အိပ်မက်တစ်ခု မဟုတ်ဘူးဆိုတာ သေချာသွားပါတယ်။
အော်ဒရီဟာ ပြုံးဖြဲဖြဲရယ်ရင်း မျက်လုံးတွေက ကြယ်တွေလို တောက်ပသွားပါတယ်။ အော်ဒရီဟာ မနေနိုင်ဘဲ မတ်တတ်ရပ်လိုက်ပြီး သူမအဝတ်အစားရဲ့ ချုပ်ရိုးကို ကိုယ်စောင်းက မလိုက်ပါတယ်။
အဲဒီနောက် အော်ဒရီဟာ လေထဲကို အရိုအသေပေးလိုက်ပြီး သွက်သွက်လက်လက် ကပါတယ်။ ဒီအက,က လက်ရှိ တော်ဝင်မိသားစုကြားထဲမှာ နာမည်အကြီးဆုံး ရှေးဟောင်း နတ်သူငယ်အကပါ။
အော်ဒရီဟာ ကြည်လင်ရွှင်ပျတဲ့ အပြုံးနဲ့ ကြော့ကြော့မော့မော့ ရွှေ့လျားရင်း ကျက်သရေရှိရှိ ကပါတယ်။
“ဒေါက်… ဒေါက်…”
တစ်ယောက်ယောက်က အော်ဒရီရဲ့ အိပ်ခန်း တံခါးကို ခေါက်လိုက်ပါတယ်။
“ဘယ်သူလဲ…”
အော်ဒရီဟာ ကတာ ချက်ချင်းရပ်ပြီး အဝတ်အစားကို ကြော့ရှင်းအောင် ပြုပြင်ရင်း မေးလိုက်ပါတယ်။
“သခင်မလေး… ကျွန်မ ဝင်လာလို့ရမလား၊ သခင်မလေး ပွဲအတွက် စပြင်ဆင်သင့်ပြီ” အော်ဒရီရဲ့ အစေခံက အပြင်ဘက်ကနေ မေးလိုက်ပါတယ်။
အော်ဒရီဟာ မှန်တင်ခုံပေါ်က မှန်ကို ကြည့်ပြီး သူမ မျက်နှာအပေါ်ကို အပြုံးကို ချက်ချင်း ဖျောက်ပစ်လိုက်ပါတယ်။ အပြုံးနည်းနည်းလေးပဲ ချန်ထားလိုက်ပါတယ်။
အကုန်လုံး ပုံမှန်အတိုင်း ဖြစ်သွားပြီဆိုမှ အော်ဒရီက ညင်သာစွာ ပြောလိုက်ပါတယ် “ဝင်လာခဲ့”
တံခါးလက်ကိုင်ဘု လည်သွားပြီး အော်ဒရီရဲ့ အစေခံ အန်နီ အထဲ ဝင်လာပါတယ်။
“အို… မှန်ကွဲစတွေ…” အန်နီဟာ ကြေးမုံပြင် အပိုင်းအစတွေကို တွေ့တာနဲ့ တန်းပြောလိုက်ပါတယ်။
အော်ဒရီဟာ မျက်တောင်တစ်ချက်ခတ်ပြီး တစ်လုံးချင်း ပြောလိုက်ပါတယ် “အင်း… ဟုတ်တယ်… ဆူဇီပေါ့… ခုနက ရောက်လာတယ်လေ… သူ ဘယ်လောက် သောင်းကျန်းလဲဆိုတာ နင်လည်း သိတာပဲ”
ဆူဇီက မျိုးသိပ်မသန့်တဲ့ ရွှေရောင်အမွေးတွေနဲ့ ခွေးလိမ္မာလေး တစ်ကောင်ပါ။ အော်ဒရီရဲ့အဖေ ခရိုင်မြို့စားဟောလ် မြေခွေးလိုက်ခွေး ဝယ်တုန်းက ဆူဇီကို လက်ဆောင်အနေနဲ့ ရခဲ့တာပါ။ ဆူဇီက ဘယ်လောက်ပဲ သောင်းကျန်း သောင်းကျန်း အော်ဒရီဟာ ဆူဇီကို တော်တော်လေး ချစ်ပါတယ်။
“သခင်မလေး… ဆူဇီကို ကောင်းကောင်း လေ့ကျင့်ပေးသင့်တယ်” အန်နီဟာ ပြောရင်းဆိုရင်း မှန်ကွဲစတွေကို ကျွမ်းကျွမ်းကျင်ကျင် ကောက်ယူလိုက်ပါတယ်။ သူမရဲ့ သခင်မလေး ထိခိုက်မှာစိုးတဲ့အတွက် အန်နီဟာ မှန်ကွဲစတွေကို သေချာဂရုတစိုက် ရှင်းလင်းပါတယ်။
မှန်ကွဲစတွေကို ရှင်းလင်းပြီးတဲ့အခါ အန်နီဟာ အော်ဒရီကို အပြုံးနဲ့ မေးလိုက်ပါတယ် “သခင်မလေး ဘယ်အဝတ်အစား ဝတ်ချင်လဲ”
အော်ဒရီဟာ တစ်ခဏ တွေးတောပြီး ဖြေလိုက်ပါတယ် “ငါ့ရဲ့ ၁၇ နှစ်မြောက် မွေးနေ့ပွဲအတွက် မစ္စဂီနီချုပ်ပေးတဲ့ ဝတ်စုံကို သဘောကျတယ်”
“မရဘူး သခင်မလေး… သခင်မလေး အဝတ်အစားတစ်စုံကို တရားဝင်ပွဲမှာ နှစ်ခါဝတ်လို့ မရဘူး၊ မဟုတ်ရင် တခြားလူတွေက ဟောလ်မိသားစုရဲ့ ငွေရေးကြေးရေး အခြေအနေကို အတင်းပြောကြလိမ့်မယ်” အန်နီဟာ ခေါင်းခါပြီး အော်ဒရီရဲ့ သဘောထားကို ငြင်းဆန်လိုက်ပါတယ်။
“ဒါပေမဲ့ ငါ ကြိုက်တယ်လေ” အော်ဒရီဟာ ညင်ညင်သာသာပဲ သူလိုချင်တာ ပြောလိုက်ပါတယ်။
“သခင်မလေး အဲဒီဝတ်စုံကို အိမ်မှာပဲဖြစ်ဖြစ် တရားဝင်မဟုတ်တဲ့ ပွဲမှာပဲဖြစ်ဖြစ် ဝတ်လို့ရတယ်” အန်နီရဲ့ လေသံဟာ တစ်ပြားသားမှ မလျှော့ဘဲ လုံးဝ ညှိနှိုင်းလို့မရပါဘူး။
“အဲဒါဆိုလည်း လွန်ခဲ့တဲ့နှစ်ရက်က မစ္စတာစေ့ထ် ပေးထားတဲ့ ကြာပွင့်ပုံ အင်္ကျီလက် ရှိတာကို ဝတ်မယ်” အော်ဒရီဟာ အပြုံးမပျက် မသိမသာ ပင့်သက်ရှိုက်ရင်း ပြောလိုက်ပါတယ်။
“သခင်မလေးက အမြဲတမ်း ရွေးတတ်တာပဲ” အန်နီဟာ နောက်ဆုတ်ပြီး တံခါးဆီ လှမ်းအော်လိုက်ပါတယ် “ဆဋ္ဌမမြောက် အဝတ်အစားခန်း… အား… ထားလိုက်ပါတော့… ငါ့ဘာသာပဲ သွားယူပါတော့မယ်”
အစေခံတွေဟာ စပြီးတော့ လှုပ်ရှားကြပါတယ်။ အဝတ်အစား၊ လက်ဝတ်ရတနာ၊ ဖိနပ်၊ ဦးထုပ်၊ မိတ်ကပ်နဲ့ ဆံပင်ပုံစံ… အကုန်လုံးကို ဂရုတစိုက် ပြင်ဆင်ပေးပါတယ်။
အကုန်လုံး အဆင့်သင့်ဖြစ်တဲ့အခါ နက်ညိုရောင် လက်ပြတ်ခါးတိုအင်္ကျီ ဝတ်ထားတဲ့ ခရိုင်မြို့စားဟောလ်ဟာ တံခါးဝမှာ ပေါ်လာပါတယ်။ သူ့အဝတ်အစားတွေက သူ့ရဲ့ ကြည့်ကောင်းတဲ့ မုတ်ဆိတ်မွေးနဲ့ အရောင်အတူတူပါပဲ။
ခရိုင်မြို့စားဟောလ်ရဲ့ မျက်လုံးတွေက ပျော်ရွှင်မှုတွေနဲ့ ပြည့်နေပေမဲ့ လျော့တိလျော့ရဲ ကြွက်သားတွေ ကျယ်ပြောတဲ့ခါးနဲ့ အရေပြားတွန့်တာတွေက သူ့ရဲ့ ငယ်ရွယ်တဲ့အသွင်အပြင်ကို သိသိသာသာ ဖျက်ဆီးနေပါတယ်။
“ဘက်ကလင်ရဲ့ အတောက်ပဆုံး ရတနာလေး… အဖေတို့ သွားဖို့ အချိန်ကျပြီ” ခရိုင်မြို့စားဟောလ်ဟာ တံခါးကို နှစ်ချက်ခေါက်ပြီး ပြောလိုက်ပါတယ်။
“ဖေဖေ… သမီးကို အဲဒီလိုမခေါ်နဲ့” အော်ဒရီဟာ အစေခံတွေရဲ့ အကူအညီနဲ့ မတ်တတ်ရပ်ပြီး ကန့်ကွက်လိုက်ပါတယ်။
“ရတယ်လေ… အဲဒါဆိုလည်း ဖေဖေရဲ့ မင်းသမီးလေး… သွားဖို့ အချိန်ကျပါပြီ” ခရိုင်မြို့စားဟောလ်ဟာ ဘယ်လက်ကို ကွေးပေးပြီး အော်ဒရီကို လက်မောင်းကိုင်ဖို့ အချက်ပြလိုက်ပါတယ်။
အော်ဒရီဟာ ခေါင်းအသာခါပြီး ပြောလိုက်ပါတယ် “အဲဒီဘက်က မေမေ မစ္စဟောလ် ခရိုင်မြို့စားကတော်အတွက်”
“အဲဒါဆိုလည်း ဒီဘက်လာ”
ခရိုင်မြို့စားဟောလ်ဟာ ညာလက်ကွေးပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ဒါက ဖေဖေရဲ့ ဂုဏ်အယူရဆုံး သမီးလေးအတွက်ပဲ”
…..
တော်ဝင်ရေတပ် အခြေစိုက်စခန်း၊ ဖရစ်ဆိပ်ကမ်း၊ ဝက်သစ်ချကျွန်း။
အော်ဒရီဟာ သူ့အဖေရဲ့ လက်မောင်းကို ကိုင်ပြီး လှည်းပေါ်က အောက်ဆင်းလိုက်တဲ့အခါ သူမရှေ့က ဧရာမအရာကြီးကြောင့် ရုတ်တရက် လန့်သွားပါတယ်။
မလှမ်းမကမ်းက စစ်တပ်ဆိပ်ကမ်းမှာ သတ္တုရောင်ပြန်ဟပ်မှုကြောင့် တလက်လက် တောက်ပနေတဲ့ သင်္ဘောကြီးတစ်စင်း ရှိနေပါတယ်။ ဒီသင်္ဘောကြီးက ရွက်တိုင်တစ်တိုင်မှ မရှိဘဲ မျှော်ကြည့်စင်၊ မီးခိုင်တိုင်မြင့်ကြီး နှစ်တိုင်နဲ့ သင်္ဘောရဲ့ ရှေ့နောက်စွန်းမှာ အမြောက်စင်ကြီးတစ်စင်စီ ရှိပါတယ်။
ဒီသင်္ဘောကြီးက ဘယ်လောက်တောင် ကြီးမားပြီး ခမ်းနားထည်ဝါလဲဆိုရင် ဘေးနားမှာရှိတဲ့ ရွက်သင်္ဘောအုပ်စုက ဧရာမလူ့ဘီလူးကြီးနား ဝိုင်းနေတဲ့ မွေးကင်းစ လူပုလေးတွေလိုပါပဲ။
“အို… မုန်တိုင်းတို့ရဲ့ အရှင်…”
“အို အရှင်…”
“သံထည် စစ်သင်္ဘောပဲ…”
…..
အုတ်အုတ်ကျက်ကျက် အသံတွေကြားမှာ အော်ဒရီဟာ လူသားတွေ ဖန်တီးထားတဲ့ အံ့ဖွယ်အရာကို ကြည့်ပြီး တအံ့တဩ ဖြစ်သွားပါတယ်။ ဒီသံထည် သင်္ဘောကြီးက လူ့သမိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ အံ့ဖွယ်တစ်ပါးပါ။
မင်းစိုးရာဇာတွေ ဝန်ကြီးတွေနဲ့ ပါလီမန်အဖွဲ့ဝင်တွေဟာ တစ်ခဏကြာမှပဲ ဣန္ဒြေ ထိန်းနိုင်သွားကြပါတယ်။ အဲဒီနောက် ကောင်းကင်ပေါ်က အနက်ရောင် အစက်လေးတစ်စက်ဟာ အရွယ်အစား ကြီးမားလာပြီး ကောင်းကင်ယံရဲ့ သုံးပုံတစ်ပုံကို နေရာယူကာ လူတိုင်းရဲ့ မြင်ကွင်းထဲ ဝင်လာပါတယ်။ ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင်ဟာ လေးနက်သွားပါတယ်။
ဒီဟာက လေထဲမှာ သွက်သွက်လက်လက် ပျံသန်းနိုင်အောင် လှလှပပ ဒီဇိုင်းဆွဲပြီး တည်ဆောက်ထားတဲ့ ဧရာမယာဉ်ပျံကြီးပါ။ အပေါ်ပိုင်းမှာ အပြာရင့်ရောင်ချည်နဲ့ ချုပ်လုပ်ထားတဲ့ လေအိတ်တွေ ရှိပြီး အောက်က သင်္ဘောကိုယ်ထည်ကိုတော့ ခိုင်ခံ့ပေါ့ပါးတဲ့ သတ္တုစပ်နဲ့ တည်ဆောက်ထားပါတယ်။
သတ္တုစပ်နဲ့ တည်ဆောက်ထားတဲ့ သင်္ဘောကိုယ်ထည်မှာ စက်သေနတ်တွေ လောင်ချာပစ် ကိရိယာတွေနဲ့ သေနတ်ပစ်စရာ နေရာတွေ ပါရှိပါတယ်။ ရေနွေးငွေ့စက်က ထွက်လာတဲ့ အသံနဲ့ သင်္ဘောနောက်က ပန်ကာ လည်သံဟာ စည်းချက်ကျနေသလိုရှိပြီး လူတိုင်းကို တအံ့တဩ ဖြစ်သွားစေပါတယ်။
ဘုရင့်မိသားစုက ငြင်းချက်ထုတ်လို့မရတဲ့ တန်ခိုးအာဏာကို ပြသပြီး သူတို့ရဲ့ လေသင်္ဘောနဲ့ ‌ရောက်လာတာပါ။
သင်္ဘောကိုယ်ထည်ရဲ့ နှစ်ဖက်က ဒေါင်လိုက် အောက်စိုက်ထားတဲ့ ပတ္တမြားစီဓားနှစ်လက်ဟာ နေရောင်ခြည်ကို ရောင်ပြန်ဟပ်နေပါတယ်။ ဒီဓားနှစ်ချောင်းက တရားစီရင်ဓား သင်္ကေတဖြစ်ပြီး ပြီးခဲ့တဲ့ယုဂ်ကနေ ဆင်းသက်လာတဲ့ အော်ဂတ်စတစ် မိသားစုကို ကိုယ်စားပြုပါတယ်။
အော်ဒရီဟာ အသက် ၁၈ နှစ် မပြည့်သေးတဲ့အတွက် ဧကရီမြို့နယ်က ဦးဆောင်ကျင်းပတဲ့ ဘက်ကလင် လူမှုအသိုင်းအဝိုင်းထဲ ဝင်ရောက်ကြောင်းပြသတဲ့ မိတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ပြီး သူမရဲ့ အရွယ်ရောက်ကြောင်းကို မကြော်ငြာရသေးရပါဘူး။ အဲဒါကြောင့် အော်ဒရီဟာ လေသင်္ဘောနားကို သွားလို့မရပါဘူး။ တစ်ပွဲလုံး နောက်ကနေပဲ တိတ်တိတ်လေး ထိုင်ကြည့်နေရမှာပါ။
ဘာပဲဖြစ်ဖြစ် အော်ဒရီအတွက် ကိစ္စမရှိပါဘူး။ တကယ်တော့ အော်ဒရီဟာ မင်းသားတွေနဲ့ စကားပြောစရာ မလိုတာကိုပဲ ကျေနပ်နေပါတယ်။
လူသားတွေ ကောင်းကင်ကို စိုးမိုးဖို့ အသုံးပြုတဲ့ အံ့ဖွယ် လေသင်္ဘောဟာ မြေပြင်ပေါ်ကို ညင်သာစွာ ဆင်းသက်လာပါတယ်။ အဲဒီနောက် လှေကားထစ်တွေကနေ ပထမဆုံး ဆင်းသက်လာတာက အနီရောင်ပွဲတက် ယူနီဖောင်းနဲ့ အဖြူရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားတဲ့ ငယ်ရွယ်ချောမောတဲ့ အစောင့်တွေပါ။
ဆုတံဆိပ်တွေ ဝတ်ဆင်ထားတဲ့ ဒီအစောင့်တွေဟာ လက်ထဲမှာ ရိုင်ဖယ်သေနတ် ကိုင်ထားပြီး နှစ်တန်း စီလိုက်ပါတယ်။ သူတို့ဟာ ဂျော့ချ်ဘုရင်သုံး၊ ဘုရင်မနဲ့ မင်းသား မင်းသမီးတွေကို စောင့်ကြိုနေတာပါ။
အော်ဒရီဟာ အရေးကြီးတဲ့ လူပုဂ္ဂိုလ်တွေကို ပထမဆုံးအကြိမ် တွေ့ဖူးတာ မဟုတ်လို့ ဒီဟာကို နည်းနည်းမှ စိတ်မဝင်စားပါဘူး။ အဲဒီအစား အော်ဒရီရဲ့ အာရုံဟာ ဘုရင်ဘေးကနေ လိုက်ပါလာတဲ့ အနက်ရောင် သံချပ်ကာတွေ ဝတ်ဆင်ထားတဲ့ ရုပ်တုနဲ့တူတဲ့ လူနှစ်ယောက်ဆီ ရောက်သွားပါတယ်။
သံ ရေနွေးငွေ့နဲ့ အမြောက်ခေတ်မှာ ဒီလိုမျိုး တစ်ကိုယ်လုံး သံချပ်ကာ ဝတ်ထားနိုင်တဲ့လူ ရှိသေးတာက အံ့ဩဖို့ကောင်းပါတယ်။
အေးစက်တဲ့ သတ္တုရောင်နဲ့ အ‌ရောင်မွဲမွဲ အနက်ရောင် သံဦးထုပ်တွေက လေးနက်မှုနဲ့ အခွင့်အာဏာကို ဖော်ပြနေပါတယ်။
‘သူတို့တွေက အဆင့်မြင့် စည်းကမ်းထိန်း သူရဲကောင်းတွေလား…’ အော်ဒရီဟာ လူကြီးတွေဆီက ကြားခဲ့ရတဲ့ စကားတစ်ပိုင်းတစ်စကို ပြန်တွေးမိလိုက်ပါတယ်။ အော်ဒရီဟာ စပ်စုချင်ပေမဲ့ ဒီသံချပ်ကာဝတ် သူရဲကောင်းတွေနားကို မကပ်ရဲပါဘူး။
ဘုရင့်မိသားစု ရောက်လာတာနဲ့ အခမ်းအနား စတင်ပါတယ်။ တာဝန်ရှိ ဝန်ကြီးချုပ် သခင် အဂွေးဆစ်ဟာ ရှေ့တက်သွားပါတယ်။
အဂွေးဆစ်က ကွန်ဆာဗေးတစ်ပါတီဝင်ဖြစ်ပြီး ဒီနေ့အထိ မင်းစိုးရာဇာမဟုတ်ဘဲ ဒုတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့လူပါ။ သူ့ရဲ့ ကြီးမားတဲ့ အကျိုးဆောင်မှုတွေကြောင့် သခင်ဘွဲ့ ချီးမြှင့်ခံခဲ့ရပါတယ်။
တကယ်တော့ အော်ဒရီဟာ ဒီထက် ပိုသိပါတယ်။ ကွန်ဆာဗေးတစ်ပါတီကို အဓိက ထောက်ပံ့ပေးနေတဲ့လူက အ‌ဂွေးဆစ်ရဲ့ အစ်ကို လက်ရှိနယ်စားကြီး ဖဲ့လေ့စ်နီဂန်ပါ။
အ‌ဂွေးဆစ်က ပိန်ပိန်ပါးပါး နဖူးပြောင်ပြောင်နဲ့ အကြည့်စူးရှပြီး အသက်ငါးဆယ်ကျော်ရှိတဲ့ လူကြီးပါ။ အဂွေးဆစ်ဟာ အခမ်းအနား လာတက်တဲ့လူတွေကို တစ်ချက် အကဲခတ်ပြီးမှ စကား စပြောပါတယ်။
“ဂုဏ်သရေရှိ လူကြီးမင်းအပေါင်းတို့… ဒီသမိုင်းဝင်မဲ့ သံထည်စစ်သင်္ဘောကို တွေ့မြင်ပြီးကြပြီလို့ ယုံကြည်ပါတယ်… ဒီစစ်င်္ဘောက ၁၀၁ မီတာရှည်ပြီး ၂၁ မီတာ ကျယ်ပါတယ်… ဘယ်ညာနှစ်ဖက်စလုံးမှာလည်း အံ့ဖွယ်ဒီဇိုင်းရှိပြီး ခါးပတ်သံချပ်ကာက ၄၅၇ မီတာ ထူပါတယ်… ဒီသင်္ဘောရဲ့ အလေးချိန်ကတော့ ၁၀,၀၆၀ တန်ရှိပါတယ်… ၃၀၅ မီလီမီတာ အဝရှိတဲ့ အဓိကအမြောက်ကြီး လေးလက်၊ အမြန်ပစ် အမြောက် ခြောက်လက်၊ ခြောက်ပေါင် အမြောက် ၁၂ လက်၊ ခြောက်ပြောင်း စက်သေနတ် ၁၈ လက်နဲ့ တော်ပီဒိုလောင်ချာ လေးလက် ပါတယ်… အမြန်နှုန်းကတော့ ၁၆ နော့စ်ထိ ရောက်နိုင်တယ်”
“ဒီစစ်င်္ဘောက ပင်လယ်ကို သိမ်းပိုက်မဲ့ တကယ့်ဗိုလ် ဖြစ်လာလိမ့်မယ်”
လူအုပ်ဟာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားပါတယ်။ ဒီအကြောင်းအရာနဲ့တင် သူတို့ကို လန့်သွားအောင် လုပ်ဖို့ လုံလောက်ပါတယ်။ အခုဟာက သူတို့ရှေ့မှာ စစ်င်္ဘောကြီးတစ်စင်းလုံး ရှိနေတယ် မဟုတ်ပါလား။
အ‌ဂွေးဆစ်ဟာ အပြုံးနဲ့ စကားနည်းနည်းပါးပါး ထပ်ပြောကာ ဘုရင်မင်းမြတ်ကို အရိုအသေပေးပြီး တောင်းဆိုလိုက်ပါတယ် “အရှင်မင်းကြီး… ကျေးဇူးပြုပြီး ဒီင်္ဘောကို နာမည်ပေးပါ”
“ဒီင်္ဘောက ဖရစ်ဆိပ်ကမ်းကနေ စထွက်မှာဆိုတော့ ဖရစ်လို့ ပေးလိုက်မယ်” ‌ဂျော့ချ်သုံးက သိပ်မစဉ်းစားဘဲ နာမည်ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူ့မျက်နှာက ဝမ်းသာနေတာ အသိသာကြီးပါ။
“ဖရစ်”
“ဖရစ်”
…..
ဒီနာမည်က ရေတပ်ဝန်ကြီးနဲ့ တော်ဝင်ရေတပ်ဗိုလ်ချုပ်ဆီကနေ သင်္ဘောကုန်းပတ်ပေါ်က စစ်သားတွေနဲ့ အရာရှိတွေ အကုန်လုံးဆီကို ပျံ့နှံ့သွားပါတယ်။ သူတို့တွေ အကုန်လုံးဟာ တညီတညာတည်း သံပြိုင် ဟစ်ကြွေးလိုက်ကြပါတယ် “ဖရစ်”
ဂျော့ချ်သုံးဟာ သေနတ်ပစ်ဖောက် အလေးပြုမှုကြားမှာ ဖရစ်ကို အစမ်းခုတ်မောင်းဖို့ အမိန့်ပေးလိုက်ပါတယ်။
“ပွမ်… ပွမ်…”
မီးခိုးတိုင်ကနေ မီးခိုးတွေ အလှိမ့်လိုက် ထွက်လာပါတယ်။ သင်္ဘောဟွန်းသံအောက်မှာ စက်ယန္တရားလည်ပတ်သံကို ခပ်ယဲ့ယဲ့ ကြားနိုင်ပါတယ်။
ဧရာမစစ်သင်္ဘောကြီးဟာ ဆိပ်ကမ်းကနေ စတင် ထွက်ခွာပါတယ်။ သင်္ဘောဦးပေါ်က အမြောက်နှစ်လက်ဟာ သူ့လမ်းကြောင်းမှာရှိတဲ့ လူသူကင်းမဲ့ ကျွန်းတစ်ကျွန်းကို လှမ်းပစ်လိုက်တဲ့အခါ လူတိုင်း လန့်သွားကြပါတယ်။
“ဒိုင်း… ဒိုင်း…”
မြေကြီးတုန်ပြီး ဖုန်တွေ ထသွားပါတယ်။ ဆောင့်လှိုင်းတွေဟာ ဘေးကို ပျံ့နှံ့သွားပြီး ပင်လယ်ထဲမှာ လှိုင်းတွေ ထလာပါတယ်။
ကျေနပ်သွားတဲ့ အဂွေးဆစ်ဟာ လူအုပ်ကို ပြန်လှည့်ကြည့်ပြီး ကြော်ငြာလိုက်ပါတယ် “ဒီနေ့ကစပြီး သူတို့ကိုယ်သူတို့ ဗိုလ်ချုပ်လို့ခေါ်တဲ့ ပင်လယ်ဓားပြခုနစ်ယောက်နဲ့ ဘုရင်လို့ခေါ်တဲ့ ပင်လယ်ဓားပြ လေးယောက် ကျဆုံးခန်းကို ရောက်လာလိမ့်မယ်… သူတို့တွေ ကြောက်လန့်တကြားပဲ နေထိုင်ရလိမ့်မယ်”
“သူတို့ရဲ့ခေတ် ကုန်ပြီ… ပင်လယ်ဓားပြတွေမှာ သာလွန်စွမ်းအားပဲရှိရှိ သရဲသင်္ဘောပဲရှိရှိ ကျိန်စာသင့် သင်္ဘောပဲရှိရှိ သံထည် စစ်သင်္ဘောကပဲ ပင်လယ်ကို အုပ်စိုးလိမ့်မယ်”
အဂွေးဆစ်ရဲ့ အတွင်းရေးမှုူးချုပ်က ကြိုတင် ဇာတ်တိုက်ထားတဲ့အတိုင်း မေးလိုက်ပါတယ် “သူတို့တွေရော သူတို့ကိုယ်ပိုင် သံထည် စစ်သင်္ဘောကို တည်ဆောက်လို့ မရဘူးလား”
အထက်တန်းလွှာတချို့နဲ့ ပါလီမန်အဖွဲ့ဝင် တချို့ဟာ ဒီဖြစ်နိုင်ခြေ ရှိသေးတဲ့အတွက် ခေါင်းညိတ်လိုက်ကြပါတယ်။
အဂွေးဆစ်ဟာ ချက်ချင်းပြုံးပြီး ခေါင်းခါရင်း ပြန်ဖြေပါတယ် “မဖြစ်နိုင်ဘူး… ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ဘူး… ငါတို့ရဲ့ ဒီသံထည် စစ်သင်္ဘာကို တည်ဆောက်ဖို့ ကျောက်မီးသွေး တွင်းကြီးသုံးတွင်း၊ သံမဏိစက်ရုံ ၂၀ ကျော်… ဘက်ကလင် အမြောက်တက္ကသိုလ်နဲ့ ဖရစ် ရေကြောင်းတက္ကသိုလ်က သိပ္ပံပညာရှင်နဲ့ အင်ဂျင်နီယာ အယောက် ၆၀… တော်ဝင်သင်္ဘောကျင်း ၂ ကျင်း… အရန်အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့ စက်ရုံ ၁၀၀ နီးပါး… ရေတပ်ဌာန၊ သင်္ဘောတည်ဆောက်ရေး ကော်မတီ၊ အမြော်အမြင်ရှိပြီး အလုံးစုံ ပံ့ပိုးပေးတဲ့ ဘုရင်မင်းမြတ်နဲ့ တစ်နှစ်ကို သံမဏိတန်ပေါင်း ၁၂ သန်းကျော် ထုတ်လုပ်နိုင်တဲ့ နိုင်ငံကြီးတစ်နိုင်ငံ လိုတယ်”
“ပင်လယ်ဓားပြတွေက ဒီလိုအရာတွေကို ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး”
ဒီအရောက်မှာတော့ အဂွေးဆစ်ဟာ လက်မြှောက်ပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်ပါတယ် “ဂုဏ်သရေရှိ လူကြီးမင်းအပေါင်းတို့… ကျွန်တော်တို့ဆီကို စစ်သင်္ဘောနဲ့ အမြောက်ခေတ် ရောက်ရှိလာခဲ့ပြီ”

Comment

Leave a Reply

Options

not work with dark mode
Reset