Switch Mode

Chapter – 7

လျှို့ဝှက်နာမည်

အခန်း (၇) လျှို့ဝှက်နာမည်

“မင်းတို့တွေ ငါ့ကို အရူးလို့ ခေါ်လို့ရတယ်”
ရိုးရှင်းတဲ့ အဖြေဟာ ခမ်းနားထည်ဝါတဲ့ ခန်းမတစ်ခွင် ပျံ့နှံ့သွားပြီး မြူခိုးတွေထဲမှာ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။ ဒါပေမဲ့ ဒီအသံဟာ အော်ဒရီနဲ့ အယ်ဂျာရဲ့ ရင်ထဲမှာ ဆက်ပြီးတော့ ပဲ့တင်ထပ်ကာ တစ်လှိုင်းပြီး တစ်လှိုင်း ထသွားစေပါတယ်။
သူတို့နှစ်ယောက်ဟာ ဒီလိုအဖြေမျိုးကို မမျှော်လင့်ထားခဲ့ပေမဲ့ ဒီလျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်က ဒီနာမည်နဲ့ ထိုက်တန်တယ်လို့ ခံစားလိုက်ရပါတယ်။ ဒီအဖြေက လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ရဲ့ ဂမ္ဘီရဆန်မှု၊ အင်အားကြီးမှုနဲ့ ယုတ္တိမတန်မှုတို့ကို ဖော်ပြနေတယ် မဟုတ်ပါလား။
စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးနောက် အော်ဒရီဟာ မတ်တတ်ရပ်လိုက်ပါတယ်။ အော်ဒရီဟာ သူမရဲ့ဂါဝန်ကို အသာမပြီး ဒူးကွေးကာ ကျိုးမင်ရွေ့ကို အရိုအသေ ပေးလိုက်ပါတယ်။
“ဂုဏ်သရေရှိ လူကြီးမင်း အရူးရှင့်… ကျွန်မတို့နှစ်ယောက်ရဲ့ လဲလှယ်မှုမှာ သက်သေအဖြစ် ပါဝင်ပေးဖို့ တောင်းဆိုတာကို ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ”
“ကိစ္စမရှိပါဘူး” ကျိုးမင်ရွေ့ဟာ သူ့အဆင့်အတန်းနဲ့ ကိုက်ညီမဲ့လေသံမျိုးနဲ့ ပြန်ဖြေလိုက်ပါတယ်။
“ဒီကိစ္စက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပဲ မစ္စတာ အရူး”
အယ်ဂျာလည်း မတ်တတ်ရပ်လိုက်ပါတယ်။ အယ်ဂျာဟာ ညာလက်ဝါးကို ရင်ဘက်ပေါ် အသာတင်ပြီး ခါးနည်းနည်း ကုန်းလိုက်ပါတယ်။
ကျိုးမင်ရွေ့ဟာ ညာလက်ကိုချပြီး ပြုံးလိုက်ပါတယ်။
“မင်းတို့နှစ်ယောက် ဆက်ပြောကြပါ”
အယ်ဂျာဟာ ခေါင်းညိတ်ပြီး သူ့နေရာ သူပြန်ထိုင်ကာ အော်ဒရီကို ကြည့်လိုက်ပါတယ်။
“မင်း ငါးမန်းသရဲသွေးကို ရရင် နှင်းဆီဖြူမြို့နယ်၊ ဖရစ်ဆိပ်ကမ်း၊ ဖဲလကင်လမ်းမှာရှိတဲ့ စစ်သည်နဲ့ ပင်လယ်ဘားကို ပို့ခိုင်းလိုက်… ပြီးရင် အဲဒီက ဆိုင်ပိုင်ရှင် ဝေလျံကို အဲဒါက ကပ္ပတိန် လိုချင်နေတာလို့ ပြောလိုက်ရုံပဲ…”
“ငါ ပစ္စည်းကို အတည်ပြုပြီးတာနဲ့ မင်းပေးတဲ့ လိပ်စာကို ငါ ဆေးရည်ဖော်မြူလာ ပို့လိုက်မယ်… ဒါမှမဟုတ် ငါ မင်း ဒီနေရာမှာ တစ်ခါတည်း ပြောပြရမလား…”
အော်ဒရီဟာ တစ်ခဏ တွေးတောပြီးနောက် အပြုံးနဲ့ ပြောလိုက်ပါတယ် “ကျွန်မ ပိုလုံခြုံတဲ့ နည်းလမ်းကို ရွေးချယ်မယ်… ဒါက ကျွန်မရဲ့ မှတ်ဉာဏ်ကို စမ်းသပ်ရာ ရောက်ပေမဲ့ ဒီနေရာမှာပဲ ပြောပါ”
လူကြီးမင်း အရူးက လဲလှယ်မှုမှာ သက်သေအဖြစ် ပါဝင်ဖို့ သဘောတူလိုက်တာက နောက်တစ်ကြိမ်လည်း ဒီလိုမျိုး စုဝေးဦးမယ်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။
ဒီအတွေးကြောင့် အော်ဒရီဟာ ရုတ်တရက် ခေါင်းလှည့်ပြီး ကျိုးမင်ရွေ့ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ စိတ်ဝင်တစားရှိတဲ့ လေသံနဲ့ အကြံပေးပါတယ် “မစ္စတာ အရူးရှင့်… စိတ်မရှိရင် ဒီလိုမျိုး စမ်းသပ်မှုတွေကို နောက်ထပ်လေးငါးကြိမ်လောက် ထပ်လုပ်ပါလား”
အယ်ဂျာဟာ အော်ဒရီရဲ့ အကြံပြုချက်ကို တည်တည်ငြိမ်ငြိမ် နားထောင်ရင်း သူလည်း ဒီအဆိုပြုချက်ကို စိတ်ဝင်စားသွားပါတယ်။ အဲဒါကြောင့် ချက်ချင်းပဲ နောက်ကနေ သံယောင်လိုက်ပါတယ်။
“မစ္စတာ အရူး… ဒီလိုမျိုး စုဝေးတာက စိတ်ဝင်စားတယ်လို့ မထင်မိဘူးလား… လူကြီးမင်းရဲ့ စွမ်းအားက ကျွန်‌တော်တို့ စိတ်ကူးနိုင်တာထက် ကျော်လွန်ပေမဲ့ လူကြီးမင်း နားမလည်တဲ့ ဒါမှမဟုတ် မကျွမ်းကျင်တဲ့ နယ်ပယ်တစ်ခုခုတော့ ရှိမှာပဲ…”
“ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့လူက အထက်တန်းလွှာက မိန်းမပျိုတစ်ယောက်ဆိုတာ သိသာတယ်… ကျွန်တော်မှာလည်း ကျွန်တော့်ရဲ့ တစ်မူထူးခြားတဲ့ အတွေ့အကြုံတွေ အသိအမြင်တွေ အဆက်အသွယ်တွေနဲ့ ရင်းမြစ်တွေ ရှိတယ်…”
“တစ်နေ့ကျရင် ကျွန်တော်တို့ နှစ်ယောက်စလုံးက လူကြီးမင်း ကိုယ်တိုင်လှုပ်ရှားဖို့ မသင့်တော်တဲ့ အသေးအဖွဲ့ ကိစ္စလေးတွေကို ဖြေရှင်းပေးဖို့ ကူညီနိုင်လောက်ပါတယ်”
အယ်ဂျာရဲ့ ရှု‌ထောင့်ကနေ ကြည့်ရင် သူ ဒီနေရာထဲကို ဘာမှမသိဘဲ ဘယ်လိုမှ မငြင်းဆန်နိုင်ဘဲ ဆွဲသွင်းခံလိုက်ရတာက အရာအားလုံးကို မစ္စတာအရူးက ထိန်းချုပ်ထားရာ ရောက်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဝင်ပါရတာက ငြင်းလို့မရတဲ့အရာတစ်ခုဆိုတော့ အခွင့်မသာတဲ့ အခြေအနေမှာ ရသလောက် အကျိုးအမြတ် ရှာတာက ပိုကောင်းတယ် မဟုတ်ပါလား။
စားပွဲရှည်ပေါ်မှာ ထိုင်နေတဲ့ လူသုံးယောက်က နောက်ခံမတူ ရင်းမြစ်မတူ သတင်းချန်နယ်တွေ မတူ ဂမ္ဘီရနယ်ပယ်အကြောင်းကို နားလည်ထားတာတွေ မတူညီကြပါဘူး။ အဲဒါကြောင့် သူတို့တွေ နည်းနည်းပဲ ပူးပေါင်းဆောင်ရွက်ရင်တောင် ခန့်မှန်း တိုင်းတာလို့မရတဲ့ အကျိုးကျေးဇူးတွေ ရရှိလာနိုင်ပါတယ်။
ခုနက ဆွေးနွေးလိုက်တဲ့ ရင်းမြစ်လဲလှယ်မှုကလည်း ဥပမာတစ်ခုပါ။ နောက်ထပ် ဥပမာတစ်ခုက သူ လူတစ်ယောက်ကို သတ်ချင်ရင် အပေါ်ယံမှာရော တကယ့်လက်တွေ့မှာရော သူနဲ့ ပတ်သတ်ပုံမရှိတဲ့ ဆွေးနွေးပွဲလာတက်တဲ့ အဖွဲ့ဝင်တွေကို လွယ်လင့်ကတူ တောင်းဆိုလို့ ရပါတယ်။ ဒီနည်းလမ်းနဲ့ ဘယ်စုံထောက်ကိုမဆို ၁၀၀ ရာခိုင်နှုန်း လမ်းလွှဲလို့ ရပါတယ်။
‘အထက်တန်းလွှာက မိန်းမပျို… ငါ့အပြုအမူနဲ့ လေသံတွေက အဲဒီလောက်တောင် သိသာနေတာလား…’ အော်ဒရီဟာ ပါးစပ်ဟောင်းလောင်းနဲ့ ငေးကြောင်သွားပေမဲ့ သိပ်မကြာခင်မှာပဲ တုံ့ခနဲ သတိပြန်ဝင်လာပြီး ချက်ချင်း ခေါင်းညိတ်လိုက်ပါတယ်။
“မစ္စတာအရူး… ကျွန်မလည်း ဒီအဆိုကို တော်တော် ကောင်းတယ်လို့ ထင်တယ်၊ ဒီတွေ့ဆုံပွဲက ပုံမှန်ဖြစ်လာတာနဲ့ လူကြီးမင်းအတွက် ကရိကထများမဲ့ ကိစ္စတချို့ကို ကျွန်မတို့ဆီ ပေးလို့ရပါတယ်၊ ကျွန်မတို့ တတ်နိုင်တဲ့ အတိုင်းအတာထဲကတော့ ဖြစ်ဖို့လိုတာပေါ့”
ဒီအဆိုပြချက်ကို ကြားကတည်းက ကျိုးမင်ရွေ့ဟာ ကောင်းကျိုးနဲ့ ဆိုးကျိုးကို ချင့်ချိန် စဉ်းစားနေတာပါ။ တွေ့ဆုံတာ ပိုများရင် သာလွန်သူအကြောင်း လျှို့ဝှက်ချက်တွေနဲ့ တခြားဆန်းကြယ်တဲ့ ကိစ္စတွေကို သေချာပေါက် သူ ပိုသိရမှာပါ။ ဒါက ဘဝကူးပြောင်းလာတဲ့ သူ့အတွက် ဆုမွန်တစ်ခုလို့ ပြောလို့ရပါတယ်။
ဥပမာ နောက်တွေ့ဆုံပွဲမှာ ပေါ်လာမဲ့ ပွဲကြည့်သမား ဆေးရည်ဖော်မြူလိုမျိုးပေါ့။ ဒီလိုပဲ ဒီတွေ့ဆုံပွဲတွေကနေ သူရမဲ့ သတင်းအချက်အလက်တွေကလည်း သူ့ရဲ့ လက်ရှိဘဝအတွက် သေချာပေါက် အကူအညီ ဖြစ်စေမှာပါ။
ဒါပေမဲ့ ပိုပြီးတွေ့ဆုံလေလေ သူ သရုပ်ဆောင်တာပေါ်ဖို့ ပိုပြီးတော့ လွယ်ကူလေလေပါပဲ။
‘အင်း… လောကကမှာ ဘယ်အရာပဲဖြစ်ဖြစ် အလကား မရဘူးပဲ…’ ကျိုးမင်ရွေ့ဟာ ညာလက်ကို စားပွဲစွန်းပေါ်တင်ပြီး လက်ချောင်းတွေနဲ့ တတောက်တောက် ခေါက်လိုက်ပါတယ်။
တွေ့ဆုံပွဲရဲ့ ဆင့်ခေါ်တာ ပယ်ထုတ်တာတွေကို သူ ထိန်းချုပ်ထားတဲ့အတွက် သူ သရုပ်ဆောင်တာ ပေါ်သွားနိုင်မဲ့ ဘယ်လို ခြိမ်းခြောက်မှုမျိုးကိုမဆို လိုသလို ထိန်းချုပ် ကန့်သတ်လို့ရပါတယ်။ ကောင်းကျိုးနဲ့ ဆိုးကျိုးမှာ ကောင်းကျိုးက သိသိသာသာ ပိုများနေတဲ့အတွက် ကျိုးမင်ရွေ့ဟာ ခပ်မြန်မြန်ပဲ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ကျိုးမင်ရွေ့ဟာ စားပွဲကို လက်ချောင်းတွေနဲ့ တောက်နေတာ ရပ်ပြီး မျှော်လင့်တကြီးကြည့်နေတဲ့ အော်ဒရီနဲ့ အယ်ဂျာကို ပြုံးပြလိုက်ပါတယ်။
“ငါက မျှမျှတတ လဲလှယ်ရတာကို ကြိုက်တယ်… မင်းတို့ ကူညီမှုက အလကား မဖြစ်ပါဘူး”
“တနင်္လာနေ့တိုင်း နေ့လည် သုံးနာရီမှာ တစ်ယောက်တည်း နေနိုင်အောင် ကြိုးစား… ငါ လေးငါးကြိမ်လောက် စမ်းသပ်ကြည့်ပြီး တချို့အရာတွေကို နားလည်သွားရင် မင်းတို့တွေ ကြိုပြီးတော့ ခွင့်တိုင်လို့ရတယ်… မင်းတို့တွေ မသင့်လျော်တဲ့ အခြေအနေမျိုးဖြစ်မှာ စိုးရိမ်စရာ မလိုတော့ဘူး”
ဒါက အယ်ဂျာနဲ့ အော်ဒရီနဲ့ အဆိုပြုချက်ကို သဘောတူလိုက်တဲ့ စကားပါ။
အော်ဒရီဟာ ၁၇ နှစ် ပြည့်ပြီးရုံပဲ ရှိပါသေးတယ်။ တစ်ဘဝလုံး သူများဂရုစိုက်တာ ခံလာရတဲ့အတွက် အော်ဒရီဟာ မိန်းမငယ်လေး တစ်ယောက်လိုပါပဲ။ အဲဒါကြောင့် အရူးရဲ့ စကားကို ကြားလိုက်ရတဲ့အခါ အော်ဒရီဟာ လက်သီးဆုပ်ပြီး ရင်ဘက်ရှေ့ မတင်လိုက်ပါတယ်။
အယ်ဂျာ ဘာမှမပြောခင်မှာပဲ အော်ဒရီက စိမ်းလဲ့တောက်ပတဲ့ မျက်လုံးတွေနဲ့ စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “အဲဒါဆို ကျွန်မတို့ကိုယ် ကျွန်မတို့လည်း နာမည်ပေးသင့်တယ်… ဒီနေရာမှာ စကားပြောရင် နာမည်အစစ်ကို သုံးလို့မရဘူးလေ”
‘ငါ ဘယ်သူလဲဆိုတာ မစ္စတာအရူးကို လိမ်လို့ မရလောက်ပေမဲ့ ငါနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့လူက ငါ့ကို အန္တရာယ်ပေးနိုင်လောက်တယ်… ငါ ဘယ်သူလဲဆိုတာ သူ့ကို သိခွင့်ပေးလို့ မဖြစ်ဘူး’
“အကြံကောင်းပဲ” ကျိုးမင်ရွေ့က အေးအေးလူလူနဲ့ ပြောလိုက်ပါတယ်။
အော်ဒရီဟာ သွက်သွက်လက်လက် တွေးတောစဉ်းစားရင်း ပါးစပ်ကနေလည်း ထုတ်ပြောလိုက်ပါတယ်။
“မစ္စတာအရူးဆိုတဲ့ နာမည်က တဲရော့ကနေ လာတာ… ဒီတော့ ကျွန်မတို့ရဲ့ လျှို့ဝှက်နာမည်ကိုလည်း ဆင်တူတာ ပေးရမယ်… ဟုတ်တယ်… ကျွန်မလည်း ကျွန်မာနာမည်ကို တဲရော့ကဒ်တွေထဲက တစ်ခု ရွေးမယ်”
အော်ဒရီရဲ့ အသံဟာ ဖြည်းဖြည်းချင်း ဝမ်းသာ ပျော်ရွှင်သွားပါတယ်။
“ကျွန်မ ဆုံးဖြတ်လိုက်ပြီ… ကျွန်မရဲ့ လျှို့ဝှက်နာမည်က တရားမျှတမှုပဲ”
တရားမျှတမှုဟာ တဲရော့ရဲ့ အဓိကကဒ် ၂၂ ကဒ်ထဲက တစ်ကဒ် ဖြစ်ပါတယ်။
“ရှင်ကရော… ဘယ်နာမည် ယူမှာလဲ” အော်ဒရီဟာ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ အပေါင်းအဖော်ကို မရိုမသေ ပြုံးပြလိုက်ပါတယ်။
အယ်ဂျာဟာ မသိမသာ မျက်မှောင်ကြုတ်သွားပေမဲ့ ချက်ချင်း ပြေလျာ့သွားပါတယ်။
“လူဇောက်ထိုး”
ဒါကလည်း တဲရော့ရဲ့ အဓိကကဒ် နောက်တစ်ကဒ်ပါ။
“ကောင်းပြီ… ဒီလိုဆိုတော့ ကျွန်မတို့တွေက တဲရော့ကလပ်ရဲ့ တည်ထောင်သူ အဖွဲ့ဝင်တွေလို့ ပြောလို့ရတာပေါ့” အော်ဒရီဟာ ပျော်ရွှင်ပြီး ပါးစပ်ကနေ လွှတ်ခနဲ ပြောမိလိုက်ပါတယ်။
ချက်ချင်းပဲ အော်ဒရီဟာ သူ စကားမှားသွားတာကို သိသွားတာကြောင့် မြူခိုးတွေ လွှမ်းခြုံနေတဲ့ ကျိုးမင်ရွေ့ကို ကြောက်လန့်တကြား ကြည့်ကာ မေးလိုက်ပါတယ် “ဒါ အဆင်ပြေတယ်မလား… မစ္စတာ အရူး”
ကျိုးမင်ရွေ့ဟာ အော်ဒရီကို သဘောကျသွားပြီး ခေါင်းအသာ လှုပ်လိုက်ပါတယ်။
“ဒီလို ဘာမဟုတ်တဲ့ ကိစ္စလေးတွေကို မင်းတို့ဘာသာ ဆုံးဖြတ်လို့ရတယ်”
“ကျေးဇူးပါပဲ” အော်ဒရီဟာ တကယ်ကို လန့်သွားတာပါ။
အဲဒီနောက် အော်ဒရီဟာ အယ်ဂျာကို ကြည့်လိုက်ပါတယ်။
“မစ္စတာ လူဇောက်ထိုး… ရှင်ရဲ့ လိပ်စာကို နောက်တစ်ခါလောက် ထပ်ပြောပေးလို့ရမလား… ကျွန်မ မမှတ်မိမှာစိုးလို့”
“ကိစ္စမရှိပါဘူး”
အယ်ဂျာဟာ အော်ဒရီရဲ့ အလေးအနက်ထားမှုကို တော်‌တော် သဘောကျသွားပြီး လိပ်စာကို နောက်တစ်ခေါက် ထပ်ပြောလိုက်ပါတယ်။
အော်ဒရီဟာ စိတ်ထဲမှာ သုံးကြိမ်လောက် ပြန်ရွတ်ပြီးနောက် စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “ကျွန်မ ကြားတာတော့ တဲရော့ကဒ်တွေကို ဧကရာဇ် ရစ်ဆဲလ်က ဂိမ်းအဖြစ် တီထွင်ခဲ့တာဆို… တဲရော့ကဒ်တွေမှာ အနာဂတ်ကို တွက်ချက်နိုင်တဲ့ စွမ်းအား ပါမလာဘူးတဲ့”
“မဟုတ်ဘူး… များသောအားဖြင့် ရှေးဖြစ်ဟောတာက ‌ကိုယ်တွင်းကပဲစတာ… လူတိုင်းမှာ စိတ်ဝိညာဉ်ကမ္ဘာနဲ့ ဆက်သွယ်လို့ ရနိုင်တဲ့ အရာတစ်ခုခုတော့ ရှိတယ်… ဒီထက် အဆင့်အတန်း ပိုမြင့်မားတဲ့ဘဝကို ပို့ပေးနိုင်တဲ့ သတင်းအချက်အလက်တွေနဲ့လည်း ဆက်သွယ်နိုင်တယ်… ဒါပေမဲ့ သာမန်လူတွေက အဲဒါတွေကို သတိမထားမိကြဘူး… အဲဒီနိမိတ်တွေကို အဓိပ္ပာယ်ကောက်ဖို့ဆို ပိုဆိုးတာပေါ့… ဒီလို သတင်းအချက်အလက်တွေကို ရှေးဖြစ်ဟော ပစ္စည်းတွေရဲ့ အကူအညီနဲ့ဆို ပိုသိနိုင်တယ်… နားလည်လွယ်အောင် ဥပမာပေးရရင် အိပ်မက်တွေနဲ့ အိပ်မက်နိမိတ်ကောက်သူတွေပဲ”
အယ်ဂျာဟာ ကျိုးမင်ရွေ့ကို တစ်ချက်ကြည့်လိုက်ပါတယ်။ ကျိုးမင်ရွေ့က ဘာမှ မတုံ့ပြန်တဲ့အတွက် အယ်ဂျာဟာ အော်ဒရီရဲ့ စကားကို ငြင်းဆန်လိုက်ပါတယ်။
“တဲရော့ကဒ်တွေက တကယ်တော့ ပစ္စည်းတစ်ခုပဲ… သူတို့က သင်္ကေတတွေနဲ့ ယုတ္တိကျတဲ့ အကြောင်းအရာတွေ ပိုသုံးပြီး ငါတို့ နိမိတ်ကောက်တာ ပိုမှန်ပြီး ပိုလွယ်အောင် ကူညီပေးတယ်”
ကျိုးမင်ရွေ့ဟာ မျက်နှာတည်ကြီးနဲ့ ထိုင်ပေမဲ့ တကယ်တော့ သေချာဂရုတစိုက် နားထောင်နေတာပါ။ ဒီနေရာကို အရောက်မှာတော့ ကျိုးမင်ရွေ့ရဲ့ ဗလာဖြစ်နေတဲ့စိတ်ဟာ တဖြည်းဖြည်း လေးလံလာပါတယ်။ အဲဒီနောက် ကျိုးမင်ရွေ့ဟာ ခေါင်းတဆစ်ဆစ် ကိုက်ခဲတာကို စတင် ခံစားလာရပါတယ်။
“သိပြီ” အော်ဒရီဟာ ခေါင်းညိတ်ပြီး သဘောတူလိုက်ပါတယ်။
“ကျွန်မ ပြောချင်တာက အဲဒါ မဟုတ်ဘူး… ကျွန်မက တဲရော့ကဒ်တွေကို သံသယဝင်နေတာ မဟုတ်ဘူး… ကျွန်မ ကြားထားတာ ဧကရာဇ် ရစ်ဆဲလ်က နောက်ထပ် လျှို့ဝှက်ဆန်းကြယ်ပြီး ဂမ္ဘီရဆန်တဲ့ တဲရော့ကဒ်တစ်ထုပ်ကို ဖန်တီးခဲ့တယ်တဲ့… အဲဒီတဲရော့ကဒ်တွေက အမျိုးအမည်မသိတဲ့ စွမ်းအားတစ်ခုကို ရည်ညွှန်းတဲ့ စက္ကူကဒ်တွေလို ပြောကြတယ်… ဧကရာဇ်ရစ်ဆဲလ်က စုစုပေါင်း ၂၂ ကဒ်ကို ဖန်တီးနိုင်ခဲ့တယ်… သူ့ဘဝ နောက်ပိုင်းကျမှ ဧကရာဇ်ရစ်ဆဲလ်က အဲဒီကဒ်တွေကို အခြေခံပြီး ကျွန်မတို့ ဒီနေ့သုံးနေတဲ့ အဓိက တဲရော့ကဒ် ၂၂ ကဒ်ကို ဖန်တီးခဲ့တာတဲ့… ကျွန်မပြောတာ မှန်တယ်မလား”
အော်ဒရီဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ မစ္စတာ အရူးဆီက အဖြေရလိုရငြား ကျိုးမင်ရွေ့ကို ကြည့်လိုက်ပါတယ်။
ကျိုးမင်ရွေ့ဟာ ပြုံးနေပေမဲ့ စကားတစ်လုံးမှ မပြောဘဲ လူဇောက်ထိုးကို ကြည့်လိုက်ပါတယ်။ လူဇောက်ထိုးကို စမ်းသပ်တယ်ပေါ့။
အယ်ဂျာဟာ ခါးဆန့်ပြီး အသံနက်နဲ့ ပြောလိုက်ပါတယ် “ဟုတ်တယ်… ဧကရာဇ်ရစ်ဆဲလ်က ဘုရားသခင်စော်ကား ကျောက်ပြားကို တွေ့ဖူးတယ်… ပြီးတော့ အဲဒီကဒ်တစ်ထုပ်မှာလည်း သိမ်မွေ့နက်နဲပြီး ဂမ္ဘီရဆန်တဲ့ ဘုရားသခင်လမ်းစဉ် ၂၂ သွယ် ပါဝင်တယ်”
“ဘုရားသခင်လမ်းစဉ် ၂၂ သွယ်…” အော်ဒရီဟာ မျှော်လင့်တောင့်တတဲ့ လေသံနဲ့ ရွတ်လိုက်ပါတယ်။
ဒီအချိန်မှာ ကျိုးမင်ရွေ့ရဲ့ ခေါင်းကိုက်မှုဟာ ပိုပြီးတော့ ပြင်းထန်လာပါတယ်။ ကျိုးမင်ရွေ့ဟာ သူနဲ့ ကြယ်သွေးရောင်ကြယ် ဖြူမှိုင်းမှိုင်း မြူခိုးတွေကို ဆက်သွယ်ထားတဲ့ ဒြပ်မဲ့ဆက်သွယ်မှုက စပြီးတော့ ဝေဝါးလာတာကို ခံစားမိလိုက်ပါတယ်။
“တော်ပြီ… ဒီနေ့တွေ့ဆုံမှုက ဒီလောက်ပဲ” ကျိုးမင်ရွေ့ဟာ ဆုံးဖြတ်ချက် ချက်ချင်းချပြီး အသံနက်နဲ့ ပြောလိုက်ပါတယ်။
“လူကြီးမင်းရဲ့ အလိုဆန္ဒ အတိုင်းပါ” အယ်ဂျာဟာ ဦးညွှတ်ပြီး တရိုတသေ ပြောလိုက်ပါတယ်။
“လူကြီးမင်းရဲ့ အလိုဆန္ဒ အတိုင်းပါ” အော်ဒရီကလည်း လူဇောက်ထိုးလိုမျိုး လိုက်ပြောပါတယ်။
အော်ဒရီဟာ မေးခွန်းတွေ မရှင်းလင်းသေးတဲ့ အတွေးတွေ အများကြီး ရှိသေးတာမလို့ တွေ့ဆုံပွဲကို ဒီလောက်မြန်မြန် အဆုံးမသတ်ချင်သေးပါဘူး။
ကျိုးမင်ရွေ့ဟာ ဆက်သွယ်မှုကို ဖြတ်တောက်ရင်း အပြုံးနဲ့ ပြောလိုက်ပါတယ် “နောက်တစ်ခါ တွေ့ဆုံပွဲမှာ ပြန်တွေ့ကြတာပေါ့”
ကြယ်တွေဟာ တစ်ခါ ပြန်တောက်ပလာပြီး ကြက်သွေးရောင်ဟာ ပြန်မှေးမှိန်သွားပါတယ်။ အော်ဒရီနဲ့ အယ်ဂျာဟာ မစ္စတာအရူးရဲ့ စကားကို ကြားလိုက်ရတယ်ဆိုရင်ပဲ သူတို့ရဲ့ ရုပ်သွင်တွေက ဝေဝါးသွားပါတယ်။
တစ်စက္ကန့်အတွင်းမှာပဲ သူတို့ရဲ့ ပုံရိပ်တွေ ကွဲကြေပြီး မီးခိုးရောင်မြူခိုးဟာ ပြန်တိတ်ဆိတ်သွားပါတယ်။
ကျိုးမင်ရွေ့လည်း အပေါ်ကနေ အောက်ကို လျင်မြန်စွာ ပြုတ်ကျသွားတယ်လို့ ခံစားလိုက်ရပါတယ်။ သူ့ပတ်ဝန်းကျင်ဟာ လျင်မြန်စွာ ပြောင်းလဲသွားပြီး အမှောင်ထု ပေါ်လာကာ နောက်ဆုံးမှာတော့ တောက်ပတဲ့ နေရာင်ခြည်အဖြစ် ပြောင်းလဲသွားပါတယ်။
ကျိုးမင်ရွေ့ဟာ သူ့အခန်းအလယ်မှာ ရပ်နေတုန်း ရှိပါသေးတယ်။
“အိပ်မက်မက်နေသလိုပဲ… အဲဒီမြူခိုးကမ္ဘာက ဘာလဲဟ… ခုနကဖြစ်သွားတဲ့ ပြောင်းလဲမှုကို ဘယ်သူ ဖန်တီးတာလဲ… ဒါမှမဟုတ် ဘယ်လိုစွမ်းအားမျိုးက ဖန်တီးတာလဲ…” ကျိုးမင်ရွေ့ဟာ ညင်သာစွာ သက်ပြင်းချလိုက်ပါတယ်။
ကျိုးမင်ရွေ့ဟာ လုံးဝ ပဟေဠိဖြစ်ရင်း စားပွဲဆီ လျှောက်သွားကာ ဘယ်လောက် အချိန်ကုန်သွားလဲ သိချင်တဲ့အတွက် သူ အပြင်ထုတ်ထားတဲ့ အိတ်ဆောင်နာရီကို ကောက်ကြည့်လိုက်ပါတယ်။
‘အချိန်ကုန်တာ တူတူပဲ’ ကျိုးမင်ရွေ့ဟာ အကြမ်းဖျင်း ကောက်ချက် ချလိုက်ပါတယ်။
အိတ်ဆောင်နာရီကို အောက်ပြန်ချပြီးနောက် ကျိုးမင်ရွေ့ဟာ ခေါင်းကိုက်တာကို ဘယ်လိုမှ ဆက်ပြီးတော့ တောင့်မခံနိုင်တော့ပါဘူး။ ကျိုးမင်ရွေ့ဟာ ကုလားထိုင်ပေါ်ထိုင်ပြီး ခေါင်းငုံ့လိုက်ပါတယ်။ အဲဒီနောက် လက်မနဲ့ လက်ခလယ်သုံးပြီး နားထင်တွေကို နှိပ်လိုက်ပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ကျိုးမင်ရွေ့ဟာ ရုတ်တရက် သက်ပြင်းချပြီး တရုတ်သံနဲ့ ပြောလိုက်ပါတယ် “ကြည့်ရတာ ငါ ဘယ်လိုမှ မြန်မြန် ပြန်မသွားနိုင်ဘူးနဲ့ တူတယ်”
သဲလွန်စ မရှိတဲ့လူတွေပဲ အကြောက်အလန့် မရှိတာပါ။ ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေ သာလွန်သူတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေ ဂမ္ဘီရနယ်ပယ် အကြောင်းတွေကို ကြုံတွေ့ သိရှိရပြီးနောက် ကျိုးမင်ရွေ့ဟာ ကံကောင်းစေတဲ့ အစီအရင်ကို ရှေးဟောင်းဖေးဆက် ဘာသာစကားနဲ့ရော လိုအင် ဘာသာစကားနဲ့ရော မစမ်းသပ်ရဲတော့ပါဘူး။
ဘယ်လိုအခြေအနေတွေ ပေါ်လာမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ ပိုပြီးယုတ္တိမရှိတဲ့ ချောက်ချားစရာကောင်းတဲ့ အဖြစ်အပျက်တွေ ပေါ်လာနိုင်ပါတယ်။ ဒါမဟုတ် အသက်ရှင်လျက်နဲ့ ငရဲပြည် ရောက်သွားနိုင်ပါတယ်။
‘အနည်းဆုံးတော့ ငါ ဂမ္ဘီရအကြောင်းကို ပိုသိမှပဲ ထပ်ပြီးတော့ စမ်းကြည့်သင့်တယ်’
ကံကောင်းတာတစ်ခုက ဒီတွေ့ဆုံပွဲဟာ သူ့ကို အကူအညီ ပေးနိုင်ပါတယ်။
တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ကျိုးမင်ရွေ့ဟာ စိတ်ပျက်တုန်လှုပ်ပြီး မချိတင်ကဲ ဝမ်းနည်းတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
“ဒီအချိန်ကစပြီး ငါက ကလိုင်းပဲ”
…..
ကလိုင်းဟာ မကောင်းတဲ့ ခံစားချက်တွေကို ရှင်းထုတ်ဖို့ အကောင်းဆုံး ကြိုးစားပြီး သူ့ကိုယ်သူ အာရုံပြန်စိုက်ပါတယ်။
‘ငါ ပွဲကြည့်သမား ဆေးရည် ဖော်မြူလာကို ဘေးကနေ လေ့လာနိုင်မှာပဲ…’
‘ဒီတွေ့ဆုံမှုက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်… ကီလိုမီတာရာချီ ဝေးကွာတဲ့ နေရာနှစ်ခုက လူတွေ လက်မလောက်ပဲခြားပြီး ကိုယ်လိုအပ်တာတွေကို မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်တယ်… အင်း… ဒီဟာကို ငါ နည်းနည်း ရင်းနှီးနေသလိုပဲ’
ကလိုင်းဟာ စက္ကန့်အနည်းငယ်လောက် မှင်တက်နေပြီးမှာ အသံထွက်အောင် ရယ်မောလိုက်ပါတယ်။ အဲဒီနောက် နားထင်ကို လက်နဲ့ဖိရင်း အပြုံးနဲ့ ပြောမိလိုက်ပါတယ်။
“ဒါက ဆိုရှယ်မီဒီယာ မဟုတ်ဘူးလား”

Comment

Leave a Reply

Options

not work with dark mode
Reset