Switch Mode

Chapter – 6

သာလွန်သူ

အခန်း (၆) သာလွန်သူ

နှစ်ယောက်စလုံးက လိုအင်စကားကို ပြောသလို သူတို့လေသံတွေကလည်း တင်းကျပ်ဖိစီးနေပါတယ်။
‘ငါ ဘယ်ရောက်နေတာလဲ… ငါ ဒီနေရာမှာ ဘာလုပ်မှာလဲ… ငါ လည်း သိချင်နေတာ…’ ကျိုးမင်ရွေ့ဟာ စိတ်ငြိမ်အောင်ထိန်းပြီး လူနှစ်ယောက်မေးတဲ့ မေးခွန်းတွေကို စိတ်ထဲမှာ ပြန်ရေရွတ်လိုက်ပါတယ်။
ကျိုးမင်ရွေ့ရဲ့ စိတ်ထဲမှာ စွဲထင်နေတာက ဒီစကားလုံးတွေကနေ ဖြစ်တည်လာတဲ့ စာကြောင်းတွေ မဟုတ်သလို ဒီစာကြောင်းတွေ နောက်ကွယ်က အဓိပ္ပာယ်လည်း မဟုတ်ပါဘူး။ လူနှစ်ယောက်ရဲ့ စိတ်ရှုပ်ထွေး သတိကြီးပြီး ထိတ်လန့် လေးစားနေတဲ့ ခံစားချက်မျိုးစုံပါ။
ပဟေဠိဆန်တဲ့ အကြောင်းအရင်း တချို့ကြောင့် လူနှစ်ယောက်ဟာ ဒီမြူခိုးကမ္ဘာထဲကို ဆန်းဆန်းကြယ်ကြယ် ဆွဲသွင်းခံလိုက်ရပါတယ်။ ဒီကိစ္စရဲ့ လက်သည်တရားခံဖြစ်တဲ့ ကျိုးမင်ရွေ့တောင် တော်တော်ကို အံ့အားသင့်ပြီး ထိတ်လန့်နေတာဆိုတော့ ဒီကိစ္စထဲ ရုတ်တရက်ကြီး ဆွဲသွင်းခံလိုက်ရတဲ့ သူတို့နှစ်ယောက်ဆိုရင် ပြောမနေပါတော့နဲ့။
သူတို့နှစ်ယောက်အတွက် ဒီလိုအဖြစ်အပျက်မျိုး အတွေ့အကြုံမျိုးက သူတို့ စိတ်ကူးယဉ်နိုင်တာထက် ပိုနေမှာပါ။
တစ်ခဏအတွင်းမှာပဲ ကျိုးမင်ရွေ့ဟာ ရွေးချယ်စရာနှစ်ခုကို တွေးမိလိုက်ပါတယ်။ ပထမတစ်ခုက ယုံကြည်မှုရဖို့အတွက် သူ့သရုပ်မှန်ကို ဖုံးကွယ်ပြီး သားကောင်ယောင် ဆောင်တာပါ။ ပြီးရင် အခြေအနေကို စောင့်ကြည့်ပြီး လိုအပ်တဲ့အချိန်ကျ အသားယူလို့ရပါတယ်။
နောက်ရွေးချယ်မှုကတော့ ဒီလူနှစ်ယောက်ရဲ့ မျက်လုံးထဲက သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အသွင်အပြင်ကို ဆက်ထိန်းသိမ်းထားဖို့ပါ။ ဒီလိုဆိုရင် သူတို့နှစ်ယောက်ဆီက တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေကို ‌ကောက်သိမ်းရင်း နောက်ပိုင်း ဖြစ်လာမှာတွေကို မီးစင်ကြည့်ကလို့ ရပါတယ်။
အခြေအနေတစ်ရပ်လုံးကို အေးအေးဆေးဆေး ချင့်ချိန်စဉ်းစားဖို့ အချိန်မရှိတာကြောင့် ကျိုးမင်ရွေ့ဟာ သူ့စိတ်ထဲ လျှပ်တစ်ပြက်ဝင်လာတဲ့ အတွေးတွေကို သေချာဖမ်းဆုပ်လိုက်ပါတယ်။ ကျိုးမင်ရွေ့ဟာ ချက်ချင်း ဆုံးဖြတ်ချက်ချပြီး ဒုတိယအကြံကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တခြားလူတွေရဲ့ စိတ်အခြေအနေကို သူ့အတွက် အကျိုးအကြီးမားဆုံးရအောင် အပြည့်အဝ အသုံးချမှာပါ။
မြူခိုးထဲမှာ စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ကျိုးမင်ရွေ့ဟာ ရယ်မောလိုက်ပါတယ်။ အဲဒီနောက် လာလည်သူတွေရဲ့ ယဉ်ကျေးပျူငှာတဲ့ နှုတ်ဆက်စကားကို တိုးညင်းပေမဲ့ မလေးလံတဲ့ လေသံနဲ့ တည်တည်ငြိမ်ငြိမ် ပြန်ဖြေပါတယ်။
“စမ်းသပ်တာ”
‘စမ်းသပ်တာ… စမ်းသပ်တာလား…’ အော်ဒရီဟောလ်ဟာ ဖြူမှိုင်းမှိုင်း မြူခိုးတွေ အုပ်စိုင်းနေတဲ့ လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ကို ကြည့်ကာ အခုဖြစ်နေတာတွေက ယုတ္တိမရှိဘဲ ရယ်စရာကောင်းပြီး ကြောက်ဖို့ကောင်းကာ ထူးဆန်းတယ်လို့ ခံစားလိုက်ရပါတယ်။
ခုနတုန်းက သူမဟာ အိပ်ခန်းထဲက မှန်တင်ခုံရှေ့မှာ ရှိနေသေးပေမဲ့ ခေါင်းတစ်ချက် လှည့်လိုက်တာနဲ့ ဒီမီးခိုးရောင်မြူခိုးတွေ ပြည့်နေတဲ့ နေရာကို ရောက်လာပါတယ်။
ဘယ်လောက်တောင် မယုံနိုင်စရာ ကောင်းလိုက်လဲ။
အော်ဒရီဟာ အသက်တစ်ချက် ရှူလိုက်ပြီး စင်းလုံးချော ယဉ်ကျေးပျူငှာတဲ့ အပြုံးကို ပြုံးလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်တဲ့ လေသံနဲ့ မေးလိုက်ပါတယ်။
“လူကြီးမင်း… စမ်းသပ်တာက ပြီးပြီလား… ကျွန်မတို့ကို ပြန်ခွင့်ပြုမှာလား”
အယ်ဂျာဝဲလ်ဆင်ဟာ ကျိုးမင်ရွေ့ကို ဒီလိုမျိုးနည်းနဲ့ စုံစမ်းကြည့်ချင်ပေမဲ့ ဘဝအတွေ့အကြုံ များတာကြောင့် ဣန္ဒြေရရပဲ ရပ်နေပါတယ်။ အယ်ဂျာဟာ စိတ်လိုက်မာန်ပါ လုပ်ချင်တာကို ထိန်းချုပ်ပြီး ဘေးကနေပဲ တိတ်တဆိတ် ကြည့်နေပါတယ်။
ကျိုးမင်ရွေ့ဟာ မေးခွန်းထုတ်တဲ့လူကို ကြည့်လိုက်ပါတယ်။ ကျိုးမင်ရွေ့ဟာ ဝေဝါးနေတဲ့ မြူခိုးတွေကို ဖြတ်သန်းပြီး မေးခွန်းထုတ်တဲ့လူရဲ့ အသွင်အပြင်ကို အကြမ်းဖျင်း မြင်လိုက်ရပါတယ်။ မေးခွန်းထုတ်တဲ့လူက အရပ်ရှည်ပြီး ချောမွေ့ညက်ညောတဲ့ ရွှေရောင်ဆံပင်တွေ ရှိတဲ့ မိန်းကလေးပါ။ ဒါပေမဲ့ ကျိုးမင်ရွေ့ဟာ သူမရဲ့ မျက်နှာထားကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။
ကျိုးမင်ရွေ့ဟာ မိန်းကလေးကို အလျင်စလို ပြန်မဖြေဘဲ ခေါင်းလှည့်ပြီး အမျိုးသားကို ကြည့်လိုက်ပါတယ်။ ဒီအမျိုးသားက ညစ်ပေရှုပ်ပွနေတဲ့ နက်ပြာရောင်ဆံပင်တွေ ရှိပြီး အရပ်အမောင်းက အလယ်အလတ်ရှိကာ အားကောင်းမောင်းသန် ယောက်ျားတစ်ယောက်လို့ မထင်ရပါဘူး။
ကျိုးမင်ရွေ့ဟာ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပါတယ်။ သူ ပိုပြီး ကြံ့ခိုင်လာတာ ဒါမှမဟုတ် မြူခိုးကမ္ဘာကို နက်နက်ရှိုင်းရှိုင်း နားလည်လာရင် မြူခိုးတွေကို ဖြတ်ပြီး မိန်းကလေးနဲ့ အမျိုးသားကို ကောင်းကောင်းကြီး မြင်နိုင်မယ်ဆိုတာပါ။
‘ဒီအခြေအနေမှာ သူတို့က အလည်ရောက်လာတာ… ငါက ဒီနေရာရဲ့ အရှင်သခင်ပဲ’
စိတ်သဘောထား ပြောင်းလဲသွားတဲ့ ကျိုးမင်ရွေ့ဟာ စောစောတုန်းက သူလျစ်လျူရှုခဲ့တာတွေကို ချက်ချင်း သတိထားမိသွားပါတယ်။
အသံချိုချိုသာသာနဲ့ မိန်းကလေးရယ် ရင့်ကျက်တည်ကြည်တဲ့ အမျိုးသားရယ်ဟာ ရုပ်ခန္ဓာစစ်စစ်တွေ မဟုတ်ကြပါဘူး။ သူတို့နှစ်ယောက်ဟာ မီးခိုးရောင်မြူခိုးတွေရဲ့အလွန် ကြက်သွေးနီ ကြယ်နှစ်စင်းကနေ ဖြစ်တည်လာတဲ့ ပုံရိပ်တွေနဲ့ ဆင်တူပါတယ်။
ဒီပုံရိပ်တွေက သူနဲ့ ကြက်သွေးနီရောင်ရဲ့ ဆက်သွယ်မှုကို အခြေခံထားပါတယ်။ သူတစ်ယောက်တည်းပဲ ဖမ်းဆုပ်နိုင်မဲ့ ဒြပ်မဲ့ဆက်သွယ်မှု တစ်မျိုးပါ။
ဒီဆက်သွယ်မှု ပြတ်သွားရင် ပုံရိပ်တွေက ပျောက်ကွယ်သွားမှာပါ။ ဒီလူနှစ်ယောက်လည်း သူတို့နေရာကို ပြန်ရောက်သွားမှာပါ။
ကျိုးမင်ရွေ့ဟာ ညင်သာစွာ ခေါင်းညိတ်ပြီး ရွှေရောင်ဆံပင်နဲ့ မိန်းကလေးကို ကြည့်ကာ တစ်ချက် ရယ်မောလိုက်ပါတယ် “ရတယ်… မင်း ပြန်ဖို့ တောင်းဆိုတယ်ဆိုရင် ပြန်လို့ရတယ်”
ကျိုးမင်ရွေ့ရဲ့ လေသံထဲက မကောင်းတဲ့ ရည်ရွယ်ချက်တစ်ခုကိုမှ ရှာမတွေ့တာကြောင့် အော်ဒရီဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ အော်ဒရီဟာ ဒီလိုအံ့ဖွယ်ကို လုပ်ဆောင်နိုင်တဲ့ လူကြီးလူကောင်းက ကတိပေးပြီးရင် သူ့ကတိကို လိုက်နာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
သူမရဲ့စိတ် နည်းနည်း ပြေလျော့သွားတာနဲ့ အော်ဒရီဟာ ပြန်သွားဖို့ အလျင်မလိုဘဲ စိမ်းလဲ့ရောင် တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ဘယ်‌စောင်း ညာစောင်းကြည့်လိုက်ပါတယ်။
အော်ဒရီဟာ စိုးရိမ်ပေမဲ့ တစ်စုံတစ်ခုကို မျှော်လင့်တဲ့ စွဲမက်ဖွယ် အမူအရာနဲ့ ပြောလိုက်ပါတယ် “ဒါက တကယ်ကို ရင်သပ်ရှုမောစရာကောင်းတဲ့ အတွေ့အကြုံပဲ… ဟုတ်တယ်… ကျွန်မ ဒီလို အဖြစ်အပျက်မျိုး ဖြစ်လာဖို့ အမြဲတမ်း မျှော်လင့်နေခဲ့တာ… ကျွန်မ ဆိုလိုချင်တာက… လျှို့ဝှက်ဆန်းကြယ်မှုတွေ သဘာဝလွန် အံ့ဖွယ်အဖြစ်အပျက်တွေကို ကြိုက်တယ်လို့ ပြောတာ… မဟုတ်ဘူး… ကျွန်မ ပြောချင်တာက… လူကြီးမင်း… ကျွန်မ သာလွန်သူ ဖြစ်လာဖို့ ဘာလုပ်ရမလဲ”
အော်ဒရီဟာ ပြောလေလေ စိတ်လှုပ်ရှားလေလေမလို့ စကားလုံးတွေက ကချော်ကချွတ် ဖြစ်သွားပါတယ်။ လူကြီးတွေ ပြောပြတဲ့ ရင်ဖိုစရာကောင်းပြီး ထူးခြားဆန်းပြားတဲ့ ဇာတ်လမ်းတွေ နားထောင်ရင်း ရင်ထဲမှာပေါက်ဖွားလာခဲ့တဲ့ အိပ်မက်လေးဟာ နောက်ဆုံးတော့ လက်တွေ့ အကောင်အထည်ဖော်နိုင်မဲ့ ဖြစ်နိုင်ခြေကို တွေ့မြင်လိုက်ရပြီ မဟုတ်ပါလား။
အော်ဒရီဟာ စကားလုံး အနည်းငယ်နဲ့တင် ခုနတုန်းက သူခံစားခဲ့ရတဲ့ ကြောက်လန့်မှုတွေ တုန်လှုပ်ချောက်ချားမှုတွေ အကုန်လုံးကို မေ့ပျောက်သွားပါပြီ။
‘မေးခွန်းကောင်းပဲ… ငါလည်း အဖြေကို သိချင်တယ်…’ ကျိုးမင်ရွေ့ဟာ စိတ်ထဲမှာ စောဒက တက်လိုက်ပါတယ်။
ကျိုးမင်ရွေ့ဟာ သူ့ရဲ့ သမုဒ္ဒရာလို နက်နဲတဲ့ သွင်ပြင်ကို ထိန်းသိမ်းထားချင်တာကြောင့် အဖြေကို စပြီးတော့ စဉ်းစားပါတယ်။
တစ်ချိန်တည်းမှာပဲ ကျိုးမင်ရွေ့ဟာ မတ်တတ်ရပ်ရင်း စကားပြောရတာက မတင့်တယ်ဘူးလို့ ခံစားလိုက်ရပါတယ်။
‘ငါ နန်းတော်တစ်ဆောင်ထဲက စားပွဲရှည်ကြီးရဲ့ ထိပ်ဆုံးနေရာမှာ ထိုင်ပြီး အလည်လာတဲ့လူတွေကို တိတ်တဆိတ် အကဲခတ်ရရင် မကောင်းဘူးလား၊ ငါ ထိုင်တဲ့ ထိုင်ခုံက လျှို့ဝှက်ဆန်းကြယ်ပြီး ကျောမြင့်ရမယ်၊ ရှေးဟောင်း သင်္ကေတတွေလည်း ထွင်းထားရမယ်’
ဒီအတွေး ပေါ်လာတာနဲ့ တစ်ပြိုင်နက် မီးခိုးရောင် မြူခိုးတွေ အပြင်းအထန် လှုပ်ရှားသွားတာကြောင့် အော်ဒရီနဲ့ အယ်ဂျာဟာ လန့်သွားပါတယ်။
ချက်ချင်းဆိုသလိုပဲ သူတို့တွေဟာ သူတို့ပတ်လည်မှာ မြင့်မားတဲ့ ကျောက်တိုင်ကြီးတွေ ထိုးထွက်လာတာကို တွေ့လိုက်ရပါတယ်။ ဒီကျောက်တိုင်ကြီးတွေရဲ့ အထက်မှာတော့ လိပ်ခုံးပုံ အမိုးက သူတို့ကို မိုးထားပါတယ်။
ဒီအဆောက်အဦး တစ်ခုလုံးဟာ ဒဏ္ဍာရီထဲက ဘီလူးတွေရဲ့ နန်းတော်လိုမျိုး ကြီးကျယ် ခမ်းနား ထည်ဝါပြီး ကျက်သရေ ရှိလှပါတယ်။
လိပ်ခုံးရဲ့အောက် မီးခိုးရောင်မြူခိုးတွေ စုစည်းနေတဲ့နေရာမှာ ကြေးစားပွဲရှည်တစ်လုံးနဲ့ စားပွဲရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ တညီတညာတည်း စီထားတဲ့ ကျောမြင့် ကုလားထိုင် ဆယ်လုံး ပေါ်လာပါတယ်။
ကုလားထိုင်တွေရဲ့ နောက်ဘက်ဟာ လက်တွေ့လောကနဲ့ မတူညီတဲ့ ထူးခြားဆန်းကြယ် တာရာတွေရဲ့ ကောက်ကြောင်းကို ကြက်သွေးနီရောင် ခပ်ယဲ့ယဲ့ရောပြီး စူးရှတောက်ပစွာ ဖော်ပြနေပါတယ်။
အော်ဒရီနဲ့ အယ်ဂျာဟာ အဓိကထိုင်ခုံနားက ထိုင်ခုံနှစ်ခုံမှာ မျက်နှာချင်းဆိုင် ထိုင်နေကြပါတယ်။
မိန်းကလေးဟာ ဟိုဘက်ဒီဘက်ကြည့်ပြီး မနေနိုင်ဘဲ ရေရွတ်လိုက်ပါတယ် “ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်လဲ…”
‘တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်…’ ကျိုးမင်ရွေ့ဟာ ဘာမှမဖြစ်တဲ့ အမူအရာနဲ့ ညာလက်ထုတ်ပြီး ကြေးစားပွဲရဲ့ အစွန်းပေါ် တင်လိုက်ပါတယ်။
အယ်ဂျာဟာ ပတ်ဝန်းကျင်ကို ကြည့်ရှုပြီး စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီးမှ အော်ဒရီရဲ့မေးခွန်းကို ကျိုးမင်ရွေ့ကိုယ်စား ရုတ်တရက် ဝင်ဖြေလိုက်ပါတယ်။
“မင်းက လိုအင်နိုင်ငံသားလား”
“မင်း သာလွန်သူ ဖြစ်ချင်ရင် ထာဝရည နတ်ဘုရားမ… မုန်တိုင်းတို့ရဲ့အရှင်… ဒါမှမဟုတ် ရေနွေးငွေ့နဲ့ စက်ယန္တရား ဘုရားကျောင်းတွေထဲ ဝင်လို့ရတာပဲ”
“ငါတို့တွေ အများစုက တစ်ဘဝလုံးမှာ သာလွန်သူနဲ့ တစ်ခါတောင် တွေ့ကြတာ မဟုတ်ဘူး… အဲဒါကြောင့်ပဲ တချို့ဘုရားကျောင်းတွေ ဘုရားကျောင်း ခပ်ကြီးကြီးတွေထဲက တချို့ဘုန်းတော်ကြီးတွေဆိုရင် သာလွန်သူ ရှိရဲ့လားလို့ သံသယဝင်လာကြတယ်… ဒါပေမဲ့ ငါ မင်းကို သေချာပြောနိုင်တာ တစ်ခုက နန်းတော်တွေ ခုံရုံးတွေနဲ့ အေဂျင်စီတွေမှာ သာလွန်သူတွေ ရှိနေတုန်းပဲ… သူတို့တွေက အမှောင်ထုထဲမှာ ကြီးပြင်းလာတဲ့ အန္တရာယ်တွေကို တိုက်ခိုက်နေကြတုန်းပဲ… သူတို့အရေအတွက်က သံခေတ်ဦးမှာလောက် မများတော့တာပဲရှိတာ”
ကျိုးမင်ရွေ့ဟာ စိတ်ဝင်တစား နားထောင်ပေမဲ့ အယ်ဂျာရဲ့ စကားကို သိပ်ဂရုမစိုက်သလိုမျိုး အကောင်းဆုံး သရုပ်ဆောင်ပါတယ်။
ကလိုင်းရဲ့ ယေဘုယျ သမိုင်းဗဟုသုတ မှတ်ဉာဏ် အပိုင်းအစတွေအရ သံခေတ်ဆိုတာ လက်ရှိခေတ်၊ လွန်ခဲ့တဲ့ ၁၃၄၉ ခုနစ်မှာ စတင်ခဲ့တဲ့ ပဥ္စမယုဂ်ဆိုတာ ကျိုးမင်ရွေ့ ကောင်းကောင်းကြီး သိပါတယ်။
အော်ဒရီဟာ အယ်ဂျာရဲ့ စကားကို အဆုံးအထိ တိတ်တဆိတ် နားထောင်ပြီး သက်ပြင်းချလိုက်ပါတယ်။
“မစ္စတာ… ရှင်ပြောတာတွေကို ကျွန်မ သိပါတယ်… ကျွန်မ အဲဒီထက်လည်း ပိုပြီးတော့ သိတယ်… ညသိမ်းငှက်၊ ဒဏ်ခတ်သမားနဲ့ ဟိုက်မိုင်းစက်ယန္တရားတွေကိုလည်း သိတယ်… ဒါပေမဲ့ ကျွန်မရဲ့ လွတ်လပ်မှုကို အဆုံးရှုံး မခံနိုင်ဘူး”
အယ်ဂျာဟာ ခပ်အုပ်အုပ်ရယ်ပြီး မရှင်းလင်း ပြောလိုက်ပါတယ် “မင်း ဘာမှ မပေးဆပ်ဘဲနဲ့ သာလွန်သူတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး၊ မင်း ဘုရားကျောင်းထဲဝင်ပြီး သူတို့ရဲ့ စိန်ခေါ်မှုတွေကို လက်မခံချင်ဘူးဆိုရင် တော်ဝင်မိသားစုတွေနဲ့ မိသားစုသမိုင်းကြောင်း နှစ်တစ်ထောင်ကျော်ရှိတဲ့ သူကောင်းမျိုးတွေကို ရှာရလိမ့်မယ်၊ အဲဒီလိုမဟုတ်ဘူးဆိုရင် တိတ်တိတ်ပုန်း ဒုစရိုက်အဖွဲ့အစည်းတွေကိုရှာပြီး ကံစမ်းကြည့်မှပဲ ရလိမ့်မယ်”
အော်ဒရီဟာ ပါးစပ်ကို ဖောင်းအောင်လုပ်ပြီး ဘေးဘီကို ကြည့်လိုက်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်နဲ့ အယ်ဂျာက သူမမျက်နှာမှာ ဆတ်ခနဲ အကြောဆွဲသွားတာကို သတိအထားမိတာ အတည်ပြုပြီးမှ ပြောလိုက်ပါတယ် “တခြားနည်းလမ်း မရှိတော့ဘူးလား”
အယ်ဂျာဟာ တိတ်ဆိတ်သွားပါတယ်။ မိနစ်ဝက်လောက်ကြာမှ အယ်ဂျာဟာ သူတို့ကို တိတ်တဆိတ် ကြည့်နေတဲ့ လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ကို လှည့်ကြည့်လိုက်ပါတယ်။
ကျိုးမင်ရွေ့က ဘာမှဝင်ပြောဖို့ အစီအစဉ်မရှိတာကို သဘောပေါက်သွားတဲ့အတွက် အယ်ဂျာဟာ အော်ဒရီကို ပြန်ကြည့်ပြီး စဉ်းစဉ်းစားစားနဲ့ ပြောလိုက်ပါတယ် “ငါ့မှာ ဆုံမှတ်ကိုး ဆေးရည်ဖော်မြူလာ နှစ်စုံ ရှိတယ်”
‘ဆုံမှတ်ကိုး…’ ကျိုးမင်ရွေ့ဟာ စိတ်ထဲမှာ ရေရွတ်လိုက်ပါတယ်။
“တကယ်လား… ဘယ်နှစ်စုံလဲ” အော်ဒရီဟာ ဆုံမှတ်ကိုး ဆေးရည်ဖော်မြူလာက ဘာကိုဆိုလိုလဲဆိုတာ ကောင်းကောင်းကြီး နားလည်ပါတယ်။
အယ်ဂျာဟာ နောက်ကို အသာမီပြီး အေးဆေးပြန်ဖြေပါတယ် “မင်းသိတဲ့အတိုင်းပဲ… လူသားတွေက ဆေးရည်ကိုမှီဝဲမှပဲ သာလွန်သူအစစ် ဖြစ်လာနိုင်တာ… ဒီဆေးရည် နာမည်တွေက ဘုရားသခင်စော်ကားတဲ့ ကျောက်ပြားကနေ လာတာ… ဒီဆေးရည်နာမည်တွေကို ဂျိုဒင်၊ အယ်ဗစ်၊ ရှေးဟောင်းနဲ့ ခေတ်ပေါ် ဟာမီး၊ ရှေဟောင်း ဖေးဆက် ဘာသာစကားတွေဆီ အကြိမ်ကြိမ် ပြန်ဆိုခဲ့တော့ အဲဒီတုန်းက ခေတ်စနစ်တွေနဲ့ လျော်ညီအောင် နာမည်တွေက တော်‌တော်လေး ပြောင်းလဲသွားခဲ့တယ်… အနှစ်သာရက နာမည်မှာရှိတာ မဟုတ်ဘူး… ဒါပေမဲ့ နာမည်တွေက ဆေးရည်ရဲ့ အဓိက ဝိသေသ လက္ခဏာကို ဖော်ပြပေးနိုင်တယ်”
“ငါ့ဆီမှာ သင်္ဘောသားလို့ အမည်ရတဲ့ ဆုံမှတ်ကိုးဆေးရည် ရှိတယ်… ဒီဆေးရည်က မင်းကို ထူးကဲသာလွန်တဲ့ ဟန်ချက်ညီနိုင်စွမ်း ရရှိစေလိမ့်မယ်… မုန်တိုင်းထဲက လှေပေါ်ကို ရောက်နေရင်တောင် ကုန်းပေါ်မှာလိုမျိုး အေးအေးလူလူ လျှောက်သွားနိုင်လိမ့်မယ်… ကြီးမားတဲ့ ခွန်အားနဲ့ အရေပြားအောက်မှာ ကြေးခွံရိပ်တွေကို ရရှိစေလိမ့်မယ်… သူတို့တွေက မင်းကို ငါးတစ်ကောင်လိုမျိုး ကူးခတ်သွားလာစေနိုင်ပြီး ဖမ်းမိဖို့ ခက်ခဲစေလိမ့်မယ်… ရေအောက်မှာလည်း ရေနေသတ္တဝါတွေလို ဖျတ်ဖျတ်လတ်လတ် သွားလာနိုင်လိမ့်မယ်… ကိရိယာ အကူအညီ မပါရင်တောင် ရေအောက်မှာ အနည်းဆုံး ဆယ်မိနစ် နေနိုင်လိမ့်မယ်”
“နားထောင်ရသလောက်တော့ အတော် အံ့ဩဖို့ကောင်းတာပဲ… မုန်တိုင်းတို့ရဲ့ အရှင်ဆီက ပင်လယ်စောင့်လိုမျိုးပေါ့”
“အရင်တုန်းက အဲဒီလိုခေါ်ခဲ့တာပဲ” အယ်ဂျာဟာ မရပ်ဘဲ ဆက်ပြောပါတယ် “ဒုတိယ ဆုံမှတ်ကိုး ဆေးရည်က ပွဲကြည့်သမားပဲ… အရင်တုန်းက ဒီဆေးရည်ကို ဘယ်လိုခေါ်လဲဆိုတာ ငါလည်း သေချာမသိဘူး… ဒီဆေးရည်က မင်းကို စူးရှထက်မြက်တဲ့စိတ်နဲ့ တိကျသေချာတဲ့ အကဲခတ်နိုင်စွမ်းကို ရရှိစေလိမ့်မယ်… ပွဲကြည့်သမားက ဘာကိုဆိုလိုလဲဆိုတာ မင်း အော်ပရာတွေ ပြဇာတ်တွေ ကြည့်ရင် သိမှာပါ… ပရိသတ်တွေလိုမျိုးပဲ ပွဲကြည့်သမားက တကယ့်လောကရဲ့ သရုပ်ဆောင်တွေကို အကဲဖြတ်လိမ့်မယ်… သူတို့ရဲ့ စိတ်ခံစားချက်တွေ အပြုအမူ အနေအထိုင်တွေနဲ့ စကားလုံးတွေကနေ သူတို့တွေ ဘာတွေးနေလဲဆိုတာကို ဖျတ်ခနဲ ဖျတ်ခနဲ ဖမ်းကြည့်လိမ့်မယ်”
ဒီအရောက်မှာတော့ အယ်ဂျာဟာ လေးလေးနက်နက် ပြောလိုက်ပါတယ် “မင်း သိထားရမှာက ဘယ်လောက်ပဲ ခမ်းနားတဲ့ ပွဲတော်ဖြစ်ပါစေ ဘယ်လောက်ပဲ လူကျပ်တဲ့ လမ်းဖြစ်ပါစေ ပွဲကြည့်သမားက အမြဲတမ်း ပွဲကြည့်သမားပဲ ဖြစ်နေလိမ့်မယ်”
အော်ဒရီရဲ့ မျက်လုံးတွေဟာ နားထောင်ရင်း တောက်ပသွားပြီး အတန်ကြာမှ ပြောလိုက်ပါတယ် “ဘာဖြစ်လို့လဲ… အင်း… ဒါက နောက်ဆက်တွဲ မေးခွန်းပဲ… ကျွန်မ… ကျွန်မ ပွဲကြည့်သမား ဖြစ်ရတဲ့ ခံစားချက်ကို သဘောကျသွားပြီ… ကျွန်မ ဒီဆေးရည်ဖော်မြူလာကို ဘယ်လိုရနိုင်မလဲ… ကျွန်မ ဒီဆေးရည်ဖော်မြူလာကို ရဖို့ ဘာနဲ့ လဲလှယ်ရမလဲ”
အယ်ဂျာဟာ ပြင်ဆင်ထားပြီးပြီမလို့ အသံနက်နဲ့ ပြောလိုက်ပါတယ် “ငါးမန်းသရဲသွေး… အနည်းဆုံး ၁၀၀ မီလီလီတာ”
အော်ဒရီဟာ စိတ်လှုပ်တရှား ခေါင်းညိတ်လိုက်ပြီးနောက် စိတ်ပူတဲ့ မျက်နှာနဲ့ မေးလိုက်ပါတယ် “ကျွန်မ အဲဒါကို ရရင်… ကျွန်မ ပြောချင်တာက… ကျွန်မ အဲဒါကို ရှင့်လက်ထဲ ဘယ်လိုပေးရမှာလဲ… ကျွန်မ ရှင့်ကို ငါးမန်းသရဲသွေးပေးရင် ရှင်က ကျွန်မကို ဆေးရည်ဖော်မြူလာ ပြန်ပေးမယ်လို့ ဘယ်လို ကတိပေးမှာလဲ… နောက်ပြီး ဖော်မြူလာရဲ့ စစ်မှန်မှုကိုရော ဘယ်လိုအာမခံမှာလဲ”
အယ်ဂျာဟာ တည်တည်ငြိမ်ငြိမ် ပြန်ဖြေပါတယ် “ငါ မင်းကို လိပ်စာတစ်ခုပေးမယ်… ငါ့လက်ထဲ ငါးမန်းသရဲသွေး ရောက်တာနဲ့ ဖော်မြူလာကို မင်းဆီ စာနဲ့ပို့ပေးလို့ရတယ်… ဒါမှမဟုတ် ဒီမှာ တိုက်ရိုက်ပြောပြလို့လည်း ရတယ်”
“ကတိကဝတ်အတွက်ကတော့ ဒီလျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ရဲ့ ရှေ့မှောက်မှာဆိုရင် မင်းရော ငါရော စိတ်ချမယ်လို့ ထင်ပါတယ်”
ပြောပြောဆိုဆို အယ်ဂျာရဲ့အကြည့်ဟာ အဓိကထိုင်ခုံမှာ မတ်မတ်ထိုင်နေတဲ့ ကျိုးမင်ရွေ့ဆီ ရောက်သွားပါတယ်။
“လူကြီးမင်း… လူကြီးမင်းက ကျွန်တော်တို့နှစ်ယောက်ကို ဒီနေရာ‌ ခေါ်လာနိုင်တယ်ဆိုတော့ လူကြီးမင်းဆီမှာ ကျွန်တော်တို့ စိတ်ကူးယဉ်လို့မရတဲ့ ကြီးမားတဲ့ အင်အားရှိမှာပဲ… လူကြီးမင်းရှေ့မှောက်မှာ သက်သေထားတဲ့ ကတိကို ကျွန်တော်တို့နှစ်ယောက်ထဲက တစ်ယောက်မှ ဖောက်ဖျက်ရဲမှာ မဟုတ်ပါဘူး”
“ဟုတ်တယ်” အော်ဒရီရဲ့ မျက်လုံးတွေဟာ တောက်ပသွားပြီး စိတ်လှုပ်တရှား သဘောတူလိုက်ပါတယ်။
သူမရဲ့ ရှုထောင့်ကနေကြည့်ရင် တွေးကြည့်လို့မရအောင် အစွမ်းအစတွေရှိတဲ့ လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်က သေချာပေါက် လုံးဝခိုင်လုံတဲ့ သက်သေပါ။
‘ငါနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့လူက ဒီလူကြီးမင်းကို ဘယ်လိုလုပ်ပြီး လှည့်စားရဲမှာလဲ’
အော်ဒရီဟာ ခန္ဓာကိုယ်တစ်ဝက်လှည့်ပြီး ကျိုးမင်ရွေ့ကို စိတ်အားထက်သန်စွာ ကြည့်လိုက်ပါတယ်။
“လူကြီးမင်း… ကျေးဇူးပြုပြီး ကျွန်မတို့ လဲလှယ်မှုရဲ့ သက်သေဖြစ်ပေးပါ”
အဲဒီအချိန်မှာပဲ အော်ဒရီဟာ သူမက နည်းနည်းရိုင်းပျသွားတယ်ဆိုတာကို သဘောပေါက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေးရမဲ့ မေးခွန်းတစ်ခုကို မေးဖို့ မေ့နေလိုပါပဲ။ အဲဒါကြောင့် အော်ဒရီဟာ ချက်ချင်းပဲ မေးလိုက်ပါတယ်။
“လူကြီးမင်း… ကျွန်မတို့တွေ လူကြီးမင်းကို ဘယ်လိုခေါ်ဝေါ်ရမလဲ”
အယ်ဂျာကလည်း မသိမသာ ခေါင်းညိတ်ပြီး အဲဒီမေးခွန်းကိုပဲ လေးနက်တဲ့ အမူအရာနဲ့ မေးလိုက်ပါတယ် “လူကြီးမင်း… ကျွန်တော်တို့တွေ လူကြီးမင်းကို ဘယ်လိုခေါ်ဝေါ်ရမလဲ”
ကျိုးမင်ရွေ့ဟာ အံ့အားသင့်သွားပြီး ကြေးစားပွဲရှည်ကို လက်ချောင်းတွေနဲ့ ညင်သာစွာ တောက်လိုက်ပါတယ်။ စောစောတုန်းက တဲရော့မေးခဲ့တဲ့ မြင်ကွင်းဟာ ကျိုးမင်ရွေ့ရဲ့ စိတ်ထဲမှာ လျှပ်တစ်ပြက် ပေါ်လာပါတယ်။
ကျိုးမင်ရွေ့ဟာ နောက်မှီပြီး ညာလက်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီနောက် လက်ဆယ်ချောင်းယှက်ပြီး မေးစေ့အောက်မှာ ထားကာ ခပ်ယဲ့ယဲ့ ပြုံးပြုလိုက်ပါတယ်။
“မင်းတို့တွေ ငါ့ကို…”
ဒီနေရာအရောက်မှာ ကျိုးမင်ရွေ့ဟာ ခဏရပ်ပြီး ဖော်ရွေတဲ့မျက်နှာ တည်ကြည်တဲ့အသံနဲ့ ပြောလိုက်ပါတယ်။
“အရူးလို့ ခေါ်လို့ရတယ်”

Comment

Leave a Reply

Options

not work with dark mode
Reset