အခန်း (၅) အစီအရင်
‘အလကားလား… အလကားက ဈေးအကြီးဆုံးပဲ’
ကျိုးမင်ရွေ့ဟာ စိတ်ထဲမှာ ရေရွတ်လိုက်ပြီး ထပ်ဆောင်း ဝန်ဆောင်မှုတွေက ဘာပဲဖြစ်ဖြစ် မဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျိုးမင်ရွေ့ဟာ ထပ်ဆောင်း ဝန်ဆောင်မှု အကုန်လုံးကို စိတ်တစ်ချက် မယိမ်းယိုင်ဘဲ ငြင်းဆန်ပစ်မှာပါ။
‘မင်းမှာ အဲဒီလောက် အရည်အချင်းရှိရင် ငါ ဒီနေရာကို ဘာဖြစ်လို့ ဘဝကူးပြောင်းလာလဲဆိုတာ တွက်စမ်း’
ဒီအတွေးတွေနဲ့ ကျိုးမင်ရွေ့ဟာ မျက်နှာမှာ အနီအဝါ ခြယ်သထားတဲ့ အမျိုးသမီးနောက်လိုက်ပြီး တဲနိမ့်လေးထဲကို ခါးကုန်းဝင်လိုက်ပါတယ်။
တဲအတွင်းပိုင်းဟာ တော်တော်လေး မှောင်မည်းပြီး ကြိုကြားကြိုကြားက ဝင်လာတဲ့ အလင်းရောင်ပဲ ရှိပါတယ်။ စားပွဲတစ်လုံးပေါ်က စက္ကူကဒ်တွေကိုတော့ အလင်းရောင်မှိန်မှိန်ကြားမှာ ခပ်ယဲ့ယဲ့ တွေ့မြင်နိုင်ပါတယ်။
ထိပ်ချွန်ဦးထုပ်နဲ့ အမျိုးသမီးဟာ ဒီအလင်းရောင်မှိန်တာကို နည်းနည်းမှ ဂရုမစိုက်ပါဘူး။ စားပွဲတစ်ဖက်ကို လျှောက်သွားတဲ့ အမျိုးသမီးရဲ့ အနက်ရောင် ဝတ်ရုံရှည်ကြီးဟာ ရေပေါ်မှာ ရှပ်တိုက်သွားသလိုမျိုး ညက်ညက်ညောညော ရွှေ့လျားသွားပါတယ်။
အမျိုးသမီးဟာ စားပွဲရဲ့ တစ်ဖက်မှာထိုင်ပြီး ဖယောင်းတိုင်တစ်တိုင် ထွန်းလိုက်ပါတယ်။
အဝါရောင် မှိန်ဖျော့ဖျော့ အလင်းရောင် လင်းလက်လာပြီး တဲအတွင်းပိုင်းကို လင်းထိန်သွားစေသလို တစ်ချိန်တည်းမှာလည်း မှောင်မိုက်သွားစေပါတယ်။ ဒီအရာက ပတ်ဝန်းကျင်ကို ပိုပြီးတော့ လျှို့ဝှက် ဆန်းကြယ်သွားစေပါတယ်။
ကျိုးမင်ရွေ့ဟာ ထိုင်ခုံမှာ တိတ်တဆိတ် ထိုင်ပြီး တဲရော့ကဒ်တွေကို လှမ်းကြည့်လိုက်တဲ့အခါ သူနဲ့ ရင်းနှီးတဲ့ “မှော်ဆရာ” “ဧကရာဇ်” “လူဇောက်ထိုး” နဲ့ “ခြိုးခြုံခြင်း” စတဲ့ တဲရော့ကဒ်တွေကို တွေ့လိုက်ရပါတယ်။
‘ရစ်ဆဲလ်က တကယ့် စီနီယာပဲ… ငါနဲ့ တစ်နိုင်ငံသားတည်းလား မသိဘူး’ ကျိုးမင်ရွေ့ဟာ မသိစိတ်ထဲမှာ ရေရွတ်မိလိုက်ပါတယ်။
စားပွဲပေါ်က ကဒ်တွေကို ကျိုးမင်ရွေ့ ကြည့်လို့ မပြီးခင်မှာပဲ မှန်အောင်ဟောနိုင်တယ် ဆိုတဲ့ အမျိုးသမီးဟာ လက်ဆန့်ထုတ်ပြီး ကဒ်တွေ အကုန်လုံးကို စုစည်းလိုက်ပါတယ်။ အမျိုးသမီးဟာ ကဒ်တွေကို တစ်ထပ်တည်းဖြစ်အောင် လုပ်ပြီး ကျိုးမင်ရွေ့ရှေ့ဆီ တွန်းပို့လိုက်ပါတယ်။
“ပထမဆုံး ကုလားဖန်ထိုးပြီး ထက်ပိုင်း ဖြတ်လိုက်” ဆပ်ကပ် တဲရော့ဆရာမက တိုးညင်းတဲ့အသံနဲ့ ပြောပါတယ်။
“ငါ… ကုလားဖန်ထိုးရမှာလား…”
အနီအဝါ ခြယ်သထားတဲ့ တဲရော့ဆရာမရဲ့ မျက်နှာဟာ ရွှေ့လျားသွားပြီး အပြုံးတစ်ခု ပေါ်လာပါတယ်။
“ဟုတ်တယ်လေ… လူတိုင်းရဲ့ ကံတရားကို သူတို့ကိုယ်တိုင်ပဲ အဖြေရှာနိုင်တယ်၊ ကျွန်မက ဒီအတိုင်း ဖတ်ကြည့်ပေးရုံပဲ”
ကျိုးမင်ရွေ့ဟာ ချက်ချင်းပဲ သတိထားပြီး မေးခွန်းထုတ်လိုက်ပါတယ် “ဒီတဲရော့ဟောတာက ထပ်ဆောင်း ပေးစရာမလိုပါဘူးနော်”
‘လူတွေအကြောင်း လေ့လာတဲ့ ကီးဘုတ်သမားအနေနဲ့ ငါ ဒီလို အကွက်တွေ အများကြီး မြင်ဖူးပြီးပြီ’
တဲရော့ဆရာမဟာ အံ့အားသင့်သွားပေမဲ့ နောက်ဆုံးမှာ မသဲမကွဲ ပြောလိုက်ပါတယ် “အလကားပဲ”
ဒီတော့မှ ကျိုးမင်ရွေ့ဟာ စိတ်သက်သာရာ ရသွားပြီး ခြောက်လုံးပြူးကို အိတ်ကပ်ထဲ ထပ်ထိုးလိုက်ပါတယ်။ အဲဒီနောက် ကျိုးမင်ရွေ့ဟာ လက်နှစ်ဖက်စလုံး ထုတ်ပြီး တဲရော့ကဒ်တွေကို ကုလားဖန်ထိုးကာ ထက်ပိုင်း ဖြတ်လိုက်ပါတယ်။
“ရပြီ”
ကျိုးမင်ရွေ့ဟာ ကုလားဖန်ထိုးပြီးသား တဲရော့ကဒ်တွေကို စားပွဲအလယ်မှာ ချလိုက်ပါတယ်။
တဲရော့ဆရာမကဟာ တဲရော့ကဒ်တွေကို လက်နှစ်ဖက်နဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး တစ်ခဏကြာအောင် စိုက်ကြည့်နေပါတယ်။ ပြီးတော့မှာ ရုတ်တရက် ပါးစပ်ဖွင့်ပြီး မေးလိုက်ပါတယ် “တောင်းပန်ပါတယ်၊ ကျွန်မ မေးဖို့ မေ့သွားတယ်၊ ရှင် ဘာကို မေးချင်တာလဲ”
ကျိုးမင်ရွေ့ဟာ သူ့ရဲ့ အချစ်ဦးကို လိုက်တုန်းက တဲရော့ကဒ်တွေနဲ့ ပတ်သက်ပြီး နည်းနည်း လေ့လာဖူးတာမလို့ တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်ပါတယ် “အတိတ် အနာဂတ် ပစ္စုပ္ပန်”
ဒါက တဲရော့ရဲ့ ဟောနည်းတစ်မျိုးပါ။ ကဒ်သုံးကဒ်ကို အစဉ်အတိုင်း ဖွင့်ပြီး အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဟောတာပါ။
တဲရော့ဆရာမဟာ ပထမဆုံး ခေါင်းညိတ်ပြီး နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်ပါတယ် “အဲဒါဆို ကဒ်တွေကို ကုကားဖန် ပြန်ထိုးပေးပါဦး၊ ကဒ်တွေက ရှင် မေးချင်တာကို သိရတော့မှ အဖြေမှန်ကို ပြပေးနိုင်မှာ”
‘ဟင်… ဒါဆို စောစောတုန်းက မင်း ငါ့ကို နောက်နေတာလား… မင်း ဒီလောက်ထိ စိတ်သဘောထား သေးသိမ်ဖို့ လိုလို့လား… ငါက အလကားလားလို့ သုံးလေးခါပဲ မေးမိတာကို’
ကျိုးမင်ရွေ့ရဲ့ ပါးပြင်ဟာ ဆတ်ခနဲ လှုပ်သွားပါတယ်။ ကျိုးမင်ရွေ့ဟာ အသက်အရှည်ကြီး ရှူပြီး တဲရော့ကဒ်ကို ပြန်ယူကာ ကုလားဖန်ထိုးပြီး ထပ်ပိုင်း ဖြတ်လိုက်ပါတယ်။
“ဒီတစ်ခါတော့ ဘာပြဿနာမှ မရှိလောက်တော့ပါဘူးနော်” ကျိုးမင်ရွေ့ဟာ ထပ်ပိုင်းဖြတ်ပြီးသား တဲရော့ကဒ်တွေကို စားပွဲပေါ် ပြန်တင်လိုက်ပါတယ်။
“မရှိပါဘူး”
တဲရော့ဆရာမဟာ လက်ချောင်းလေးတွေ သုံးပြီး အပေါ်ဆုံးက ကဒ်ကို ကောက်ယူကာ ကျိုးမင်ရွေ့ရဲ့ ဘယ်ဘက်မှာ ထားလိုက်ပါတယ်။
“ဒီကဒ်က ရှင့်ရဲ့ အတိတ်ကို ကိုယ်စားပြုတယ်” ဗေဒင်ဆရာမဲ့အသံဟာ ပြောရင်းပြောရင်းနဲ့ တဖြည်းဖြည်း တိုးသွားပါတယ်။
“ဒီကဒ်ကတော့ ရှင့်ရဲ့ ပစ္စုပ္ပန်ကို ကိုယ်စားပြုတယ်” တဲရော့ဆရာမဟာ ဒုတိယကဒ်ကို ကျိုးမင်ရွေ့ရဲ့ ရှေ့မှာ ချပေးလိုက်ပါတယ်။
အဲဒီနောက် တဲရော့ဆရာမက တတိယကဒ်ကို ကောက်ယူပြီး ကျိုးမင်ရွေ့ရဲ့ ညာဘက်မှာ ချလိုက်ပါတယ်။
“ဒီကဒ်ကတော့ ရှင့်ရဲ့ အနာဂတ်ကို ကိုယ်စားပြုတယ်”
“ကောင်းပြီး… ရှင် ဘယ်ကဒ်ကို အရင်ဆုံး ကြည့်ချင်လဲ” တဲရော့ဆရာမဟာ ကဒ်တွေကို ချပြီးတဲ့အခါ ခေါင်းမော့လိုက်ပါတယ်။ အဲဒီနောက် သူမရဲ့ ပြာမှိုင်းမှိုင်း မျက်လုံးတွေနဲ့ ကျိုးမင်ရွေ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ပြီး မေးလိုက်ပါတယ်။
“ငါ ပစ္စုပ္ပန်ကို အရင်ဆုံး ကြည့်ချင်တယ်” ကျိုးမင်ရွေ့ဟာ ခဏ စဉ်းစားပြီးနောက် အဖြေ ပြန်ပေးလိုက်ပါတယ်။
တဲရော့ဆရာမဟာ ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြီး ကျိုးမင်ရွေ့ရှေ့က ကဒ်ကို တစ်ခါတည်း လှန်လိုက်ပါတယ်။
ဒီကဒ်ရဲ့ ကာရိုက်တာဟာ ရောင်စုံအဝတ်အစားကို ဝတ်ဆင်ထားပြီး စုတ်ပြတ်နေတဲ့ ခေါင်းဆောင်းကို ဆောင်းကာ ပုခုံးမှာ တုတ်တစ်ချောင်း ထမ်းထားပါတယ်။ ဒီတုတ်ချောင်းရဲ့ အစွန်းတစ်ဖက်မှာ အထုပ်တစ်ထုပ် ဆွဲထားပြီး ခွေးတစ်ကောင်က သူ့နောက်လိုက်နေပါတယ်။ ဒီကဒ်ရဲ့ နံပါတ်ကတော့ သုညပါ။
“အရူး”
တဲရော့ဆရာမဟာ ပြာမှိုင်းမှိုင်း မျက်လုံးတွေနဲ့ ကျိုးမင်ရွေ့ကို စိုက်ကြည့်ရင်း ကဒ်နာမည်ကို ညင်ညင်သာသာ ရေရွတ်လိုက်ပါတယ်။
‘အရူး… သုညကဒ်လား… ဖြစ်နိုင်ခြေအားလုံးရှိတဲ့ စတင်မှုလား…’
ကျိုးမင်ရွေ့ဟာ တဲရော့ကို စိတ်ဝင်စားတဲ့လူလို့တောင် သတ်မှတ်လို့ မရတဲ့အတွက် သူသိထားကြားထားတာ အခြေခံပြီး အကြမ်းဖျင်း အဓိပ္ပာယ် ကောက်ကြည့်လိုက်ပါတယ်။
တဲရော့ဆရာမက တစ်ခုခုပြောဖို့ ပြင်လိုက်စဉ်မှာပဲ တဲရဲ့ အဝတ်ကန့်လန့်ကာဟာ ရုတ်တရက် ပွင့်သွားပါတယ်။ နေရောင်ခြည်က မျက်စိကျိန်းလောက်တဲ့အထိ တောက်ပလွန်းတော့ ကျောပေးထားတဲ့ ကျိုးမင်ရွေ့ဟာ မျက်စိကို ကျဉ်းမိလိုက်ပါတယ်။
“ငါ့အယောင်ဆောင်ပြန်ပြီလား… လူတွေကို ဗေဒင်ဟောရမှာက ငါ့အလုပ်” အမျိုးသမီးတစ်ယောက်ရဲ့ ဒေါသသံတစ်သံ ထွက်ပေါ်လာပါတယ် “ကိုယ့်နေရာကိုယ် မြန်မြန်ပဲ… နင်က တိရစ္ဆာန်ဆရာပဲဆိုတာ မမေ့နဲ့”
‘တိရစ္ဆာန်ဆရာလား…’
ကျိုးမင်ရွေ့ရဲ့ မျက်လုံးဟာ အလင်းရောင်ကို နေသားတကျ ရှိသွားပါတယ်။ ကျိုးမင်ရွေ့ဟာ ထိပ်ချွန်ဦးထုပ်နဲ့ ဝတ်ရုံနက် ဝတ်ဆင်ထားတဲ့ နောက်ထပ် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ အမျိုးသမီးနှစ်ယောက်က တော်တော်လေး ဆင်တူပါတယ်။ မတူတာဆိုလို့ နောက်မှ ရောက်လာတဲ့ အမျိုးသမီးက အရပ်ပိုရှည်ပြီး ခန္ဓာကိုယ် ကျစ်လျစ်သွယ်လျပါတယ်။
ကျိုးမင်ရွေ့ရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီးဟာ ချက်ချင်း ထိုင်ရာက ထလိုက်ပြီး စိတ်တိုသံနဲ့ ပြောလိုက်ပါတယ် “စိတ်မရှိပါနဲ့… ကျွန်မက တားရော့ဟောရတာကို နှစ်သက်လို့ပါ၊ ဒါပေမဲ့ ကျွန်မဟောတာက တစ်ခါတစ်လေကျရင် တကယ် မှန်တာနော်… ကျွန်မ အတည်ပြောနေတာ…”
အမျိုးသမီးဟာ စကားဆုံးတာနဲ့ သူ့အဝတ်အစားကိုမပြီး စားပွဲဘေးကနေ ဖြတ်လျှောက်ကာ တဲနိမ့်ထဲကနေ ခပ်သုတ်သုတ် ထွက်ခွာသွားပါတယ်။
“မင်္ဂလာပါ… ကျွန်မ ရှင့်ကဒ်တွေကို အဓိပ္ပာယ်ကောက်ပေးရမလား” တဲရော့ဆရာမအစစ်က ကျိုးမင်ရွေ့ကို ကြည့်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ်။
ကျိုးမင်ရွေ့ဟာ နှုတ်ခမ်းတွန့်သွားပြီး စိတ်ရင်းနဲ့ ပြန်မေးလိုက်ပါတယ် “အလကားလား”
“အလကား မရဘူး”
“အဲဒါဆိုလည်း ထားလိုက်ပါတော့”
ကျိုးမင်ရွေ့ဟာ သူ့လက်တွေကို အိတ်ကပ်ထဲ ပြန်ထည့်ပြီး ခြောက်လုံးပြူးနဲ့ ပိုက်ဆံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပါတယ်။ အဲဒီနောက် တဲဝဆီ လျှောက်သွားပြီး ခါးကုန်းကာ တဲပြင် ထွက်လိုက်ပါတယ်။
‘သေစမ်း… တိရစ္ဆာန်ဆရာကို ဗေဒင်မေးမိရတယ်လို့’
‘တဲရော့ဆရာမ ဖြစ်ချင်တဲ့ တိရစ္ဆာန်ဆရာက လူပြက်ကောင်း မဖြစ်တော့ဘူးလား’
ကျိုးမင်ရွေ့ဟာ ဒီကိစ္စကို ခေါင်းထဲကနေ ခပ်မြန်မြန် ထုတ်လိုက်ပါတယ်။ အဲဒီနောက် ကျိုးမင်ရွေ့ဟာ ဆလတ်ရွက်နဲ့ အသားဈေးဆီသွားပြီး ခပ်လတ်လတ်ထဲက သိုးသားတစ်ပေါင်ကို ခုနစ်ပဲနိနဲ့ ဝယ်လိုက်ပါတယ်။
ကျိုးမင်ရွေ့ဟာ နူးညံတဲ့ ပဲအမျိုးမျိုး၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ အားလူးနဲ့ တခြားပစ္စည်း တချို့ကိုလည်း ဝယ်ယူပါတယ်။ စောစောက သူဝယ်ထားတဲ့ ပေါင်မုန့်တွေကိုပါ ပေါင်းလိုက်ရင် ကျိုးမင်ရွေ့ဟာ စုစုပေါင်း ၂၅ ကြေးပဲနိ သုံးလိုက်ပါတယ်။ ဒါကို ဆိုလီဖွဲ့ရင် နှစ်ဆိုလီနဲ့ တစ်ပဲနိပါ။
‘ဈေးလျှောက်ဝယ်ဖို့ တကယ်ကို မလုံလောက်ဘူးပဲ… ဆင်းရဲလိုက်တဲ့ ဘန်ဆင်…’ ကျိုးမင်ရွေ့ဟာ ယူလာတဲ့ ပိုက်ဆံ ကုန်သွားရုံတင်မက အိတ်ကပ်ထဲကပါ တစ်ပဲနိ ပါသွားပါသေးတယ်။
ကျိုးမင်ရွေ့ဟာ သက်ပြင်းချလိုက်ပြီး ဘာမှ ထပ်မတွေးတော့ဘဲ အိမ်မြန်မြန်ပြန်ပါတယ်။ အဓိက အစားအစာကို ရပြီဖြစ်တဲ့အတွက် ကံကောင်းစေတဲ့ အစီအရင်ကို လုပ်လို့ရပါပြီ။
…..
ဒုတိယထပ်က အိမ်ငှားတွေ တဖြည်းဖြည်း ထွက်သွားကြပေမဲ့ ကျိုးမင်ရွေ့ဟာ အစီအရင်လုပ်ဖို့ အလျင်မလိုဘဲ “မိုးမြေ အင်မော်တယ်အရှင်မှ ကောင်းချီပေးတော်မူပါ” ဆိုတဲ့ စာကြောင်းတွေကို ရှေးဟောင်း ဖေးဆက် ဘာသာစကားနဲ့ လိုအင် ဘာသာစကား အဖြစ် ပြန်ဆိုပါတယ်။
အရင်ဘာသာစကားနဲ့ လုပ်လို့ ဘာထူးခြားမှုမှ မရှိရင် နောက်နေ့ကျ နယ်ခံဘာသာစကားတွေနဲ့ စမ်းကြည့်ဖို့ ပြင်ဆင်တာပါ။ ကမ္ဘာနှစ်ခုရဲ့ ခြားနားမှုကို ထည့်တွက်ရပါမယ်။ ရောမရောက်ရင် ရောမလို ကျင့်ရမယ်ဆိုတဲ့ စကား ရှိတယ် မဟုတ်ပါလား။
ရှေးဟောင်း အစီအရင်တွေ လုပ်တဲ့နေရာမှာ သုံးတဲ့ ဟာမစ်ဘာသာစကားလို ပြန်ဆိုဖို့ကတော့ ကျိုးမင်ရွေ့ဟာ ဝေါဟာရတွေ သိပ်မရတဲ့အတွက် အခက်အခဲ နည်းနည်း ရှိပါတယ်။
အကုန်လုံးကို အဆင်သင့်ဖြစ်တဲ့အခါ ကျိုးမင်ရွေ့ဟာ ပေါင်မုန့်လေးခုကို ထုတ်ယူလိုက်ပါတယ်။ ကျိုးမင်ရွေ့ဟာ ပေါင်မုန့်တစ်လုံးကို အရင်က မီးသွေးမီးဖို ထားတဲ့နေရာမှာ ထားလိုက်ပါတယ်။
ပေါင်မုန့်တစ်လုံးကိုတော့ ကိုယ်လုံးပေါ်မှန်ရဲ့ အတွင်းဘက် အောက်ခြေမှာထားပြီး တစ်လုံးကိုတော့ ဗီရိုပေါ် နံရံနှစ်ခုဆုံတဲ့နေရာမှာ ထားပါတယ်။ ကျန်တဲ့တစ်လုံးကိုတော့ စားပွဲရဲ့ ညာဘက် သောင်းပြောင်းထွေလာ ပစ္စည်းတွေ ထားတဲ့နေရာမှာ ထားလိုက်ပါတယ်။
အဲဒီနောက် ကျိုးမင်ရွေ့ဟာ အသက်အရှည်ကြီး ရှူပြီး အခန်းအလယ်ဆီ လျှောက်သွားကာ စိတ်ငြိမ်အောင် သုံးလေးမိနစ်လောက် အချိန်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ နာရီလက်တံပြောင်းပြန်အတိုင်း စတုရန်းပုံဖြစ်အောင် ပထမဆုံး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပါတယ်။
ကျိုးမင်ရွေ့ဟာ ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်တဲ့အခါ ခပ်တိုးတိုး ရွတ်ဖတ်လိုက်ပါတယ် “မိုးမြေ အင်မော်တယ်အရှင်မှ ကောင်းချီးပေးတော်မူပါ”
ဒုတိယခြေလှမ်းကို လှမ်းလိုက်တဲ့အခါမှာတော့ စိတ်ရင်းနဲ့ ရွတ်ဖတ်လိုက်ပါတယ် “မိုးမြေ ကောင်းကင်အရှင်မှ ကောင်းချီပေးတော်မူပါ”
တတိယခြေလှမ်းမှာ ကျိုးမင်ရွေ့ဟာ အသက်ရှူသွင်းပြီး တီးတိုး ရွတ်ဖတ်လိုက်ပါတယ် “မိုးမြေ နတ်တို့အရှင်သခင်မှ ကောင်းချီးပေးတော်မူပါ”
စတုတ္ထခြေလှမ်းမှာတော့ ကျိုးမင်ရွေ့ဟာ အသက်ရှူထုတ်ပြီး စိတ်အာရုံ စူးစိုက်လိုက်ပါတယ် “မိုးမြေတို့နှင့် ညီမျှသော နတ်ဒေဝတာမှ ကောင်းချီးပေးတော်မူပါ”
မူလနေရာကို ပြန်ရောက်သွားတဲ့ ကျိုးမင်ရွေ့ဟာ မျက်စိမှိတ်ပြီး ဘာဆက်ဖြစ်လာမလဲဆိုတာကို စောင့်ဆိုင်းပါတယ်။ ကျိုးမင်ရွေ့ဟာ တစ်စုံတစ်ခုကို မျှော်လင့်ထားပေမဲ့ စိတ်လေးလံမှုတချို့ မျှော်လင့်ချက်တချို့နဲ့ ကြောက်ရွံ့မှုတချို့လည်း ရှိနေပါတယ်။
‘ငါ ပြန်သွားနိုင်ပါ့မလား’
‘တစ်ခုခုရော ထူးခြားပါ့မလား’
‘မမျှော်လင့်ထားတဲ့ အခြေအနေတွေ ကြုံလာရနိုင်လား’
သူ့ရှေ့က အမျိုးအမည်မသိနိုင်တဲ့ ရလဒ်ဟာ ကြက်သွေးရောင် မျှော်လင့်ချက်တွေ လွှမ်းနေပါတယ်။ ကျိုးမင်ရွေ့ဟာ ခေါင်းထဲမှာ မျိုးစုံ လျှောက်တွေးပြီး တော်တော်နဲ့ အတွေးစ မဖြတ်နိုင်ပါဘူး။
ဒီအချိန်မှာပဲ ကျိုးမင်ရွေ့ဟာ ပတ်ဝန်းကျင် လေထုက ရပ်တန့်ပြီး ထူထပ်သိပ်သည်းလာကာ လျှို့ဝှက်ဆန်းကြယ်လာတယ်လို့ ခံစားလိုက်ရပါတယ်။
အဲဒီနောက် ချက်ချင်းဆိုသလို ကျိုးမင်ရွေ့ရဲ့ နားထဲမှာ တကယ်ပဲ ပြောနေသလိုလို စိတ်ပဲ ထင်နေသလိုလို စူးရှတဲ့အသံလိုလို ဆွဲဆောင်မှုရှိတဲ့တဲ့ အသံလိုလို စွဲမက်ဖို့ကောင်းတဲ့ အသံလိုလို ရူးမိုက်တဲ့ အသံလိုလို တီးတိုးပြောသံကို ကြားလိုက်ရပါတယ်။
ကျိုးမင်ရွေ့ဟာ ဘာတွေ တီးတိုး ပြောနေလဲဆိုတာကို ရှင်းရှင်းလင်းလင်း နားမလည်ပါဘူး။ ဒါပေမဲ့ ကျိုးမင်ရွေ့ဟာ မနေနိုင်ဘဲ ဘာတွေပြောနေလဲဆိုတာကို ကြိုးစား နားထောင်ကြည့်ပါတယ်။
ကျိုးမင်ရွေ့ရဲ့ ခေါင်းတစ်ခုလုံး နာကျင် ကိုက်ခဲလာပါတယ်။ ဘယ်လောက်တောင် နာကျင်လဲဆိုရင် သူ့ခေါင်းကို တစ်ယောက်ယောက်က သံမဏိလွန်နဲ့ ဖောက်နေသလိုပါပဲ။
ကျိုးမင်ရွေ့ဟာ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မယ်လို့ ခံစားလိုက်ရပြီး အတွေးထဲမှာလည်း ဂယောင်ချောက်ချား အရောင်တွေနဲ့ ပြည့်သွားပါတယ်။
ကျိုးမင်ရွေ့ဟာ တစ်ခုခု မှားသွားပြီဆိုတာကို သိတဲ့အတွက် မျက်လုံးဖွင့်ဖို့ ကြိုးစားကြည့်ပါတယ်။ ဒါပေမဲ့ ကျိုးမင်ရွေ့ဟာ ဒီလောက်လွယ်တဲ့ မျက်ခုံးလေး မတင်တာကိုတောင် မလုပ်နိုင်ရှာပါဘူး။
သူ့ခန္ဓာကိုယ် တစ်ခုလုံး ပိုပိုတင်းကျပ်လာပြီး အချိန်မရွေး ကျိုးပဲ့သွားနိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ ဒီအချိန်မှာပဲ ကျိုးမင်ရွေ့ရဲ့ ခေါင်းထဲကို ကိုယ့်ကိုယ်ကိုယ် သရော်တဲ့ အတွေးတစ်ခု ဝင်လာပါတယ်။
‘မင်းက မသေမှာစိုးလို့ သေလမ်းရှာတဲ့ကောင်ပဲ…’
ကျိုးမင်ရွေ့ဟာ ဆက်ပြီးတော့ မခံစားနိုင်တော့ပါဘူး။ ကျိုးမင်ရွေ့ရဲ့စိတ် ပြိုကွဲတော့မဲ့အချိန်မှာ ရေရွတ်သံတွေ လွင့်ပြယ်သွားပြီး ပတ်ဝန်းကျင်ဟာ တော်တော် တိတ်ဆိတ်သွားပါတယ်။ ပြောင်းလဲမှုက မြန်ဆန်လွန်းလှပါတယ်။
ဒီလိုပြောင်းလဲသွားတာ ပတ်ဝန်းကျင်တင် မဟုတ်ပါဘူး။ ကျိုးမင်ရွေ့ဟာ သူ့ခန္ဓာကိုယ်က တစ်ခုခု ပြောင်းလဲနေတယ် ဆိုတာကိုလည်း ခံစားမိလိုက်ပါတယ်။
ကျိုးမင်ရွေ့ဟာ မျက်လုံးဖွင့်ကြည့်ဖို့ ကြိုးစားတဲ့အခါ ဒီတစ်ခါတော့ တော်တော်လေးကိုမှ လွယ်ကူတာကို တွေ့လိုက်ရပါတယ်။
ကျိုးမင်ရွေ့ရဲ့ရှေ့မှာ မှုန်မွှားဝေဝါးပြီး အဆုံးမရှိတဲ့ မီးခိုးရောင် မြူခိုးတွေ ပေါ်လာပါတယ်။
‘ဒါက ဘယ်လိုအခြေအနေလဲ’ ကျိုးမင်ရွေ့ဟာ ဘေးပတ်လည်ကို ရုတ်တရက် ကြည့်မိလိုက်ပါတယ်။ အဲဒီနောက် ကျိုးမင်ရွေ့ဟာ ခေါင်းငုံ့ကြည့်လိုက်တဲ့အခါ သူက အဆုံးမရှိတဲ့ မြူခိုးတွေရဲ့ အစွန်းမှာ မျောပါနေတာကို တွေ့လိုက်ရပါတယ်။
မြူခိုးတွေက ရေလိုစီးဆင်းပြီး ကြက်သွေးရောင်ကြက်လိုမျိုး အစက်အပြောက်တွေ ရှိနေပါတယ်။ တချို့ကြယ်တွေက တော်တော်ကြီးပြီး တချို့ကတော့ တော်တော်ကို သေးပါတယ်။ ဒီကြယ်တွေဟာ မြူခိုးနက်ထဲမှာ ပုန်းအောင်းနေပြီး တချို့ကတော့ ရေလိုမြူခိုးရဲ့ မျက်နှာပြင်မှာ မျောပါနေပါတယ်။
သုံးဖက်မြင် မြင်ကွင်းကို ကြည့်ရင်း ကျိုးမင်ရွေ့ဟာ နားလည်ချင်တာရော စူးစမ်းချင်တာရောကြောင့် ညာလက်ဆန့်ပြီး မြူခိုးမျက်နှာပြင်မှာ မျောပါနေတဲ့ ကြက်သွေးရောင်ကြယ်ကို ထိတွေ့ကိုင်တွယ်ဖို့ ကြိုးစားလိုက်ပါတယ်။ ကျိုးမင်ရွေ့ဟာ ဒီနေရာကနေ ထွက်သွားဖို့ နည်းလမ်းရှာတာပါ။
ကျိုးမင်ရွေ့ ကြက်သွေးရောင်ကြယ်ရဲ့ မျက်နှာပြင်ကို ထိမိလိုက်တဲ့အခါ ရုတ်တရက်ဆိုသလို သူ့ခန္ဓာကိုယ်ထဲကနေ ရေစာပေါ်လာပြီး ကြယ်တွေကို ကြက်သွေးရောင် ပေါက်ထွက်သွားစေပါတယ်။ အိပ်မက်ထဲမှာ မီးလျှံတွေ လောင်ကျွမ်းနေသလိုပါပဲ။
ကျိုးမင်ရွေ့ဟာ လန့်သွားပြီး ညာလက်ကို အလန့်တကြား ပြန်ဆုတ်လိုက်ပါတယ်။ ဒါပေမဲ့ နောက်ထပ် ကြယ်သွေးရောင်ကြယ်ကို မတော်တဆ ထိမိလိုက်ပါတယ်။
ရလဒ်အနေနဲ့ အဲဒီကြယ်ပါ တောက်ပတဲ့ အလင်းရောင်နဲ့ ပေါက်ထွက်သွားပါတယ်။
ကျိုးမင်ရွေ့ကတော့ ခေါင်းတစ်ခုလုံး ဗလာကျင်းပြီး စိတ်ဝိညာဉ် လွင့်ပါးသွားတယ်လို့ ခံစားလိုက်ရပါတယ်။
…..
လိုအင်နိုင်ငံရဲ့ နေပြည်တော် ဘက်ကလင်မြို့။
တော်ဝင်နယ်မြေထဲက တန်ဖိုးကြီးမားလှတဲ့ စံအိမ်တစ်လုံးမှာ အော်ဒရီဟောလ်ဟာ မှန်တင်ခုံရှေ့ ထိုင်နေပါတယ်။ ဒီမှန်တင်ခုံပေါ်က အမှတ်အသားတွေဟာ ရှေးကျလှပြီး အက်နေတဲ့ ကြေးမုံပြင်တစ်ချပ် ရှိနေပါတယ်။
“ကြေးမုံပြင်… ကြေးမုံပြင်… နိုးထတော့…”
“ဟောလ်မိသားစုရဲ့ နာမည်နဲ့ ငါ နင့်ကို နိုးထဖို့ အမိန့်ပေးတယ်”
…
အော်ဒရီဟောလ်ဟာ နည်းမျိုးစုံပြောကြည့်ပေမဲ့ ကြေးမုံပြင်က ဘာမှ မတုံ့ပြန်ပါဘူး။
ဆယ်မိနစ် ကျော်တဲ့အခါမှာတော့ အော်ဒရီဟောလ်ဟာ လက်လျှော့လိုက်ပြီး မကျေမနပ်နဲ့ နှုတ်ခမ်းစူသွားပါတယ်။
“ဟွန်း… ဖေဖေက ငါ့ကို တကယ် လိမ်ထားတာပဲ… ဒီကြေးမုံပြင်က ရောမအင်ပါယာ အမှောင်ထုဧကရာဇ်ရဲ့ ရတနာမလို့ ထူးခြားတဲ့ပစ္စည်းတဲ့…”
အော်ဒရီဟောလ်ရဲ့ စကားဆုံးတာနဲ့ မှန်တင်ခုံပေါ်က ကြေးမုံပြင်ဟာ ရုတ်တရက် ကြက်သွေးရောင် တောက်ပလာပြီး အော်ဒရီဟောလ်ကို လုံးဝ လွှမ်းခြုံသွားပါတယ်။
…..
ဆိုနီယာ ပင်လယ်ထဲမှာ အမွေအနှစ်နဲ့တူတဲ့ ရွက်သုံးရွက် သင်္ဘောတစ်စင်းဟာ မုန်တိုင်းကြားမှာ ရွက်လွှင့်နေပါတယ်။
အယ်ဂျာဝဲလ်ဆင်ဟာ သင်္ဘောကုန်းပတ်ပေါ်မှာ ရပ်နေပါတယ်။ လှိုင်းထန်နေတဲ့ ပင်လယ်ပြင်နဲ့ သူ့ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းရတာက အယ်ဂျာဝဲလ်ဆင် အတွက်တော့ လွယ်ကူလွန်းပါတယ်။
အယ်ဂျာဝဲလ်ဆင်ဟာ လျှပ်စီးသင်္ကေတ ထိုးထားတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲမှာတော့ ထူးဆန်းတဲ့ပုံစံရှိတဲ့ မှန်ပုလင်းတစ်လုံးကို ကိုင်ထားပါတယ်။ ဒီအချိန် မှန်ပုလင်းထဲမှာ ရေပူဖောင်းတွေ ထနေပြီး ဆီနှင်းခဲက နှင်းအဖြစ်ပြောင်းလဲကာ လေပြင်းတိုက်နေတဲ့ လက္ခဏာတွေကို တွေ့မြင်နိုင်ပါတယ်။
“ငါတို့တွေ ငါးမန်းသရဲသွေး လိုသေးတယ်…” အယ်ဂျာဝဲလ်ဆင်ဟာ ရေရွတ်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ မှန်ပုလင်းနဲ့ သူ့လက်ဖဝါးပြင်ကြားမှာ ကြက်သွေးရောင် ဖြာထွက်လာပြီး ရုတ်ခြည်းဆိုသလို ပတ်ဝန်းကျင်ကိုပါ လွှမ်းမိုးသွားပါတယ်။
…..
မီးခိုးရောင် မြူခိုးတွေကြားမှာ အော်ဒရီဟောလ်ဟာ အမြင်အာရုံကို ပြန်ရလိုက်ပါတယ်။ အော်ဒရီဟောလ်ဟာ ပတ်ဝန်းကျင် အခြေအနေကို ကြောက်လန့်တကြား ဇဝေဇဝါနဲ့ လိုက်ကြည့်တဲ့အခါ သူနဲ့ မျက်နှာချင်းဆိုင်မှာလည်း သူ့လိုမျိုး ဖြစ်နေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဝိုးတိုးဝါးတား ပုံရိပ်ကို သတိထားမိလိုက်ပါတယ်။
ချက်ချင်းဆိုသလိုပဲ သူတို့နှစ်ယောက်ဟာ နောက်ထပ် လျှို့ဝှက်ဆန်းကြယ် လူတစ်ယောက်က သူတို့နဲ့ မလှမ်းမကမ်းမှာ ရပ်နေတာကို ရှာတွေ့သွားပါတယ်။ ဒီလူကို မီးခိုးရောင် မြူခိုးတွေက လွှမ်းခြုံထားပါတယ်။
ဒီလျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်က ကျိုးမင်ရွေ့ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။
ကျိုးမင်ရွေ့ဟာလည်း မှင်တက်နေတာပါ။
“လူကြီးမင်း ဒါက ဘယ်နေရာလဲ”
အော်ဒရီနဲ့ အယ်ဂျာဟာ ပထမတော့ ထိတ်လန့်ပြီး တိတ်ဆိတ်သွားပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ ချက်ချင်းဆိုသလို စကားစပြောပါတယ်။
“ဘာလုပ်ဖို့ စီစဉ်နေတာလဲ”