Switch Mode

Chapter – 4

တဲရော့ မေးခြင်း

အခန်း (၄) တဲရော့ မေးခြင်း

ကုလားထိုင်မှာ ပြန်ထိုင်ပြီးနောက် ကျိုးမင်ရွေ့ဟာ ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းသံကို ထပ်ကြားလိုက်ရပါတယ်။ ကျိုးမင်ရွေ့ဟာ ခေါင်းလောင်းသံ ခုနစ်ချက် မဆုံးခင် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပါတယ်။
အဲဒီနောက် ကျိုးမင်ရွေ့ဟာ ဗီရိုရှေ့သွားပြီး အဝတ်အစားတွေ ထုတ်ယူလိုက်ပါတယ်။
အနက်ရောင် စွပ်ကျယ်နဲ့ လိုက်ဖက်တဲ့ ဝတ်စုံတစ်စုံ၊ ခြေထောက်တွေနဲ့ ကျပ်နေတဲ့ ဘောင်းဘီရှည်၊ သက္ကလပ်ဦးထုပ်နဲ့ ပညာရှင်အငွေ့အသက် ခပ်ယဲ့ယဲ့က ကျိုးမင်ရွေ့ကို ဗစ်တိုးရီးယားခေတ်မှာ အခြေတည် ရိုက်ကူးထားတဲ့ အင်္ဂလိပ်ဇာတ်ကား တစ်ကားထဲ ရောက်သွားသလို ခံစားသွားရစေပါတယ်။
ကျိုးမင်ရွေ့ဟာ ထူးဆန်းတဲ့ အပြုံးကို ပြုံးရင်း ခေါင်းခါပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ် “ငါက အင်တာဗျူး သွားဖြေမှာမှ မဟုတ်တာ၊ ငါ့ရဲ့ ကံကောင်းစေတဲ့ အစီအရင်အတွက် လိုအပ်တဲ့ ပစ္စည်းတချို့ သွားဝယ်မှာ…”
ကလိုင်းက လာမဲ့ အင်တာဗျူးကို အာရုံစိုက်လွန်းအားကြီးပြီး စိတ်ထဲမှာ စွဲနေတဲ့အတွက် ကျိုးမင်ရွေ့ဟာ အဝတ်အစား ကောင်းကောင်းကန်းကန်းကို ဝတ်မိလိုက်တာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ကလိုင်းက အသင့်အတင့်ပဲ ဝတ်စားပါတယ်။
အသက်တစ်ချက် ရှူလိုက်ပြီးနောက် ကျိုးမင်ရွေ့ဟာ အဝတ်အစားတွေကို ပြန်ချွတ်ကာ ဝါညိုညို ကုတ်အင်္ကျီကို ဝတ်ဆင်လိုက်ပါတယ်။ ဦးထုပ်ကိုလည်း အနားဝိုင်းပြီး အရောင်တူတဲ့ ဦးထုပ် ပြောင်းလိုက်ပါတယ်။
ဝတ်ဆင်လို့ ပြီးတဲ့အခါ ကျိုးမင်ရွေ့ဟာ ခုတင်ဘေးဆီ လျှောက်သွားပြီး လေးထောင့်အခင်းကို မလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကျိုးမင်ရွေ့ဟာ အခင်းအောက်က သိပ်မသိသာတဲ့ အပေါက်ထဲ လက်ထည့်ပြီး လျှောက်စမ်းတဲ့အခါ တစ်စုံတစ်ခုကို ရှာတွေ့သွားပါတယ်။
ကျိုးမင်ရွေ့ ညာလက်ကို ပြန်ဆွဲထုတ်လိုက်တဲ့အခါ လက်ထဲမှာ ပိုက်ဆံတွေ ပါလာပါတယ်။ ဒီပိုက်ဆံတွေက စိမ်းနက်ရောင်ရှိပြီး စုစုပေါင်း ရှစ်ရွက်ပါ။
ဒါတွေ အကုန်လုံးက ဘန်ဆင်ဆီမှာ လောလောဆယ် စုထားသမျှ အကုန်ပါပဲ။ ဒီထဲမှာ သူတို့မိသားစုရဲ့ နောက်သုံးရက် အသုံးစရိတ်လည်း ပါပါတယ်။ ပိုက်ဆံရှစ်ရွက်မှာ နှစ်ရွက်က ငါးဆိုလီတန်တွေ ဖြစ်ပြီး ကျန်တဲ့ ခြောက်ရွက်ကတော့ တစ်ဆိုလီတန်တွေပါ။
လိုအင်နိုင်ငံရဲ့ ငွေကြေးစနစ်မှာ ဆိုလီက ဒုတိယနေရာ ရှိပါတယ်။ ဆိုလီက ရှေးခေတ် ငွေဒင်္ဂါးတွေကနေ ဆင်းသက်လာတာပါ။ တစ်ဆိုလီက ၁၂ ကြေးပဲနိနဲ့ ညီမျှပါတယ်။ ဆိုလီမှာ တစ်ဆိုလီနဲ့ ငါးဆိုလီတန်တွေ ရှိပါတယ်။
ငွေကြေးစနစ်ရဲ့ ထိပ်ဆုံးမှာတော့ ရွှေပေါင် ရှိနေပါတယ်။ ရွှေပေါင်ကို စက္ကူနဲ့ သုံးကြပေမဲ့ ရွှေနဲ့ အာမခံထားပြီး လဲလှယ်နိုင်တဲ့ ပမာဏကို အသေသတ်မှတ်ထားပါတယ်။ ရွှေတစ်ပေါင်က နှစ်ဆယ်ဆိုလီနဲ့ ညီမျှပါတယ်။ ရွှေပေါင်မှာလည်း တစ်ပေါင်တန်၊ ငါးပေါင်တန်နဲ့ ဆယ်ပေါင်တန်ဆိုပြီး ရှိပါတယ်။
ကျိုးမင်ရွေ့ဟာ ပိုက်ဆံတစ်ရွက်ကို ဖြန့်ကြည့်လိုက်တဲ့အခါ တစ်မူထူးခြားတဲ့ မှင်နံ့က နှာခေါင်းထဲကို ဝင်လာပါတယ်။
ဒါက ပိုက်ဆံအနံ့ပါ။
ကလိုင်းရဲ့ မှတ်ဉာဏ်အပိုင်းအစကြောင့်ပဲလား၊ သူပဲ ပိုက်ဆံလိုချင်လို့လား မပြောတတ်ပါဘူး၊ ကျိုးမင်ရွေ့ဟာ ဒီပိုက်ဆံတွေကို ချက်ချင်း ချစ်သွားပါတယ်။
‘ကြည့်စမ်းပါဦး… ဒီဇိုင်းဆွဲထားတာက လှလိုက်တာ၊ နှုတ်ခမ်းမွေးတွေနဲ့ ရှေးရိုးစွဲပြီး သူ့လုပ်စာ တစ်လောကလုံး ထိုင်စားနေတဲ့ မျက်နှာထားနဲ့ ဂျော့ချ်သုံးက ချစ်စရာလေး..’
‘ကြည့်စမ်းပါဦး… နေရောင်မှာ ထောင်ကြည့်ရင် မြင်ရတဲ့ ရေစာကလည်း ဆွဲဆောင်မှု ရှိလိုက်တာ၊ အတုရန်ကနေ ကာကွယ်ဖို့ အနုစိတ်ဆွဲထားတဲ့ အမှတ်အသား ဒီဇိုင်းကလည်း အဲဒီအတုအယောင် အပေါစားပစ္စည်းတွေနဲ့ လုံးလုံးကို မတူဘူး’
ကျိုးမင်ရွေ့ဟာ ပိုက်ဆံတွေကို တစ်မိနစ်လောက်နီးပါး ချီးမွမ်းခန်း ဖွင့်နေပြီးမှ တစ်ဆိုလီနှစ်ရွက်ကို ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကျန်တဲ့ ပိုက်ဆံတွေကို ပြန်လိပ်ပြီး နဂိုအတိုင်း ပြန်ထားလိုက်ပါတယ်။
အခင်းကို အပေါက်ဝမှာ ပြန့်နေအောင် ခင်းပြီးတာနဲ့ ကျိုးမင်ရွေ့ဟာ ပိုက်ဆံနှစ်ရွက်ကို သေချာခေါက်ပြီး ဝါညိုညို ကုတ်အင်္ကျီရဲ့ ဘယ်ဘက်အိတ်ကပ်ထဲ ထည့်လိုက်ပါတယ်။ ပဲနိစေ့တွေကိုတော့ ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်ပါတယ်။ တစ်ဆိုလီတန်တွေနဲ့ အတူမထားပါဘူး။
အကုန်လုံး ပြီးသွားတဲ့အခါ ကျိုးမင်ရွေ့ဟာ အခန်းသော့ကို ညာဘက် အိတ်ကပ်ထဲ ထည့်ပြီး ညိုမည်းရောင် စက္ကူအိတ်ကို ယူကာ တံခါးဆီ ခပ်သွက်သွက် လျှောက်သွားပါတယ်။
ကျိုးမင်ရွေ့ဟာ ခပ်သွက်သွက် လျှောက်နေရာကနေ ခြေလှမ်းတွေ နှေးသွားပြီး နောက်ဆုံးမှာ ရပ်သွားပါတယ်။ ကျိုးမင်ရွေ့ဟာ တံခါးနားမှာရပ်ပြီး မလုံခြုံသလို ခံစားရတာကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။
‘ကလိုင်းရဲ့ သတ်သေမှုက ထူးဆန်းတယ်၊ သူ အခုလိုမျိုး ထွက်သွားတာက မတော်တဆ တစ်ခုခု ဖြစ်ခဲ့လို့လား’
သေချာစဉ်းစားပြီးတဲ့နောက် ကျိုးမင်ရွေ့ဟာ သူ့စားပွဲဆီ ပြန်ပြီး အံဆွဲကို ဆွဲဖွင့်ကာ ကြေးရောင်လဲ့နေတဲ့ ခြောက်လုံးပြူးကို ထုတ်ယူလိုက်ပါတယ်။ ဒါက ကျိုးမင်ရွေ့ တွေးနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အင်အား လုံလုံလောက်လောက်ရှိတဲ့ တစ်ခုတည်းသော လက်နက်ပါ။
ကျိုးမင်ရွေ့ဟာ တစ်ခါမှ သေနတ်မပစ်ဖူးပေမဲ့ ဒီလို ခြောက်လုံးပြူးမျိုးကို ဆွဲထုတ်ရုံနဲ့တင် ဘယ်သူကိုမဆို သေချာပေါက် ခြောက်လှန့်နိုင်မှာပါ။
ကျိုးမင်ရွေ့ဟာ ခြောက်လုံးပြူးရဲ့ အေးမြတဲ့ သတ္တုကိုယ်ထည်ကို တယုတယ ပွတ်သပ်ပြီးနောက် တစ်ဆိုလီတန်တွေ ထည့်ထားတဲ့ အိတ်ကပ်ထဲ ထိုးထည့်လိုက်ပါတယ်။ ကျိုးမင်ရွေ့ဟာ ပိုက်ဆံကိုရော သေနတ်လက်ကိုင်ကိုရော သေချာပြန်စီလိုက်တဲ့အတွက် လုံးဝ ဝှက်ထားပြီးသား ဖြစ်သွားပါတယ်။
အရာအားလုံးကို နည်းနည်းပဲသိတဲ့ ကျိုးမင်ရွေ့ဟာ လုံခြုံတယ်လို့ ခံစားလိုက်ရပေမဲ့ ရုတ်တရက် စိုးရိမ်စိတ် ဝင်လာပြန်ပါတယ်။
‘ငါ မှားပစ်မိရင်ရော…’
ဒီအတွေးရဲ့ လွှမ်းမိုးမှုကြောင့် ကျိုးမင်ရွေ့ဟာ ဒီပြဿနာရဲ့ အဖြေကို ချက်ချင်းပဲ ကောက်တွေးလိုက်ပါတယ်။ ကျိုးမင်ရွေ့ဟာ ခြောက်လုံးပြူးကို ဆွဲထုတ်ပြီး ဆလင်ဒါကို ဖွင့်လိုက်ပါတယ်။ အဲဒီနောက် ကျိုးမင်ရွေ့ဟာ ကလိုင်း သတ်သေထားလို့ လွတ်နေတဲ့ ကျည်အိမ်နဲ့ ချိန်ညှိပြီး ပြန်ပိတ်လိုက်ပါတယ်။
ဒီလိုနည်းနဲ့ဆိုရင် ကျိုးမင်ရွေ့ မှားပစ်မိရင်တောင် ချောက်ခနဲပဲ အသံထွက်လာမှာပါ။
ကျိုးမင်ရွေ့ဟာ ခြောက်လုံးပြူးကို အိတ်ကပ်ထဲ ပြန်ထည့်ပြီးနောက် ဘယ်လက်ကို အဲဒီအိတ်ကပ်ထဲ ထည့်ထားလိုက်ပါတယ်။ အဲဒီနောက် ကျိုးမင်ရွေ့ဟာ ညာလက်နဲ့ ဦးထုပ်ကို အသာဖိပြီး တံခါးဖွင့်ကာ အခန်းထဲက ထွက်လိုက်ပါတယ်။
နေ့ခင်းဘက်ဆိုပေမဲ့ လူသွားလမ်း အဆုံးမှာရှိတဲ့ ပြတင်းပေါက်ကနေပဲ အလင်းရောင် ရတာကြောင့် လူသွားလမ်းက နည်းနည်းမှောင်ပါတယ်။ ကျိုးမင်ရွေ့ဟာ လှေကားထစ်တွေကနေ ခပ်သွက်သွက်ဆင်းပြီး အပြင်ကို ထွက်လိုက်တဲ့အခါမှာတော့ တောက်ပပြီး နွေးထွေးတဲ့ နေရောင်ခြည်ကို ခံစားလိုက်ရပါတယ်။
ဂျူလိုင်လ ကုန်တော့မှာ ဆိုပေမဲ့ နွေလယ်ပဲ ရှိသေးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ထင်းဂန်မြို့က လိုအင်နိုင်ငံရဲ့ မြောက်ပိုင်းမှာ တည်ရှိတာဆိုတော့ ရာသီဥတုကလည်း တခြားနေရာတွေနဲ့ မတူပါဘူး။ တစ်နှစ်ပတ်လုံး အမြင့်ဆုံး အပူချိန်က ၃၀ ဒီဂရီ ဆဲလ်စီးယပ်စ်တောင် မကျော်တော့ ၂၁ ရာစုနဲ့ယှဉ်ရင် အေးတယ်လို့ ပြောလို့ရပါတယ်။ ဒီရဲ့မနက်ခင်းကလည်း ကျန်အချိန်တွေထက် ပိုအေးမြပါတယ်။
ဒါပေမဲ့ လမ်းတွေက ညစ်ပတ်ပေကျံပြီး အမှိုက်တွေ ပွစာကျဲနေပါတယ်။ ကလိုင်းရဲ့ မှတ်ဉာဏ်တွေအရ ဒါက ဝင်ငွေနိမ့် လူတန်းစား ရပ်ကွက်မှာ တွေ့ရခဲတဲ့ မြင်ကွင်းတော့ မဟုတ်ပါဘူး။ ရေဆိုးပိုက်တွေ ရှိပေမဲ့ လူဦးရေ များလွန်းလို့ ဒီလိုဖြစ်ရတာပါ။ သူတို့လည်း အသက်ရှင်သန်ရမယ် မဟုတ်ပါလား။
“လာကြ… လာကြ… ငါးကင် ချိုချိုလေးတွေ ရမယ်”
“လတ်ဆတ်တဲ့ ကမာစွပ်ပြုတ် ပူပူလေးတွေ ရမယ်… တစ်ပန်းကန်သောက်ရင် တစ်နေ့လုံး တက်ကြွလန်းဆန်းနေလိမ့်မယ်”
“ဆိပ်ကမ်းက လတ်ဆတ်တဲ့ငါးတွေ ရမယ်… တစ်ကောင်ကို ငါးပဲနိတည်း”
“ကိတ်မုန့်လုံးလေးတွေနဲ့ ငါးရှဉ့်စွပ်ပြုတ်က တွဲစားလို့ အကောင်းဆုံးပဲဟေ့”
“ခရုတွေ… ခရုတွေ… ခရုတွေ ရမယ်”
“မြို့ပြင်ခြံထဲက လတ်လတ်ဆတ်ဆတ် ခူးလားတဲ့ ဟင်းသီးဟင်းရွက်တွေ ရမယ်၊ လတ်ဆတ်ပြီး ဈေးချိုတယ်နော်”
…..
ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးသစ်ဥတွေ၊ အစားအစာ ပူပူနွေးနွေးတွေကို ရောင်းချကြတဲ့ ပျံကျဈေးသည်တွေဟာ လမ်းသွားလမ်းလာတွေကို လက်ယပ်ခေါ်ပြီး အော်ဟစ် ရောင်းချနေကြပါတယ်။
လမ်းသွားလမ်းလာ တချို့ဟာ ရပ်ကြည့်ပြီး သေချာနှိုင်းယှဉ်ပြီးမှ ဝယ်ယူကြပါတယ်။ တချို့ကတော့ အခုထိ အလုပ်ရှာမရသေးတဲ့အတွက် စိတ်မရှည်စွာ လက်ဝှေ့ ယမ်းပြကြပါတယ်။
ကျိုးမင်ရွေ့ဟာ အနံ့ဆိုးနဲ့ မွှေးပျံ့သင်းကြိုင်တဲ့ ရနံ့တွေ ရောထွေးနေတဲ့ လေထုကို ရှူရှိုက်ရင်း ဘယ်ဘက်လက်က ခြောက်လုံးပြူးနဲ့ ပိုက်ဆံတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပါတယ်။ ကျိုးမင်ရွေ့ဟာ လမ်းသွားလမ်းလာတွေ ရှုပ်နေတဲ့ လမ်းကို ဖြတ်လျှောက်ရင်း သက္ကလတ်
ဦးထုပ်ကို ညာဘက်လက်နဲ့ ဖိလိုက်ပါတယ်။
လူများတဲ့နေရာမှာ သူခိုးတွေကလည်း ပေါပါတယ်။ နောက်ပြီး ဒီလမ်းမှာက အလုပ်ပြုတ်သွားလို့ အချိန်ပိုင်း အလုပ်လုပ်နေရတဲ့ လူဆင်းရဲတွေ မရှားပါဘူး။ လူကြီးတွေရဲ့ အနိုင်ကျင့်တာခံရတဲ့ ခိုင်းစားခံရတဲ့ ငတ်ပြတ်နေတဲ့ ကလေးတွေလည်း ရှိနေပါတယ်။
ကျိုးမင်ရွေ့ဟာ သူ့ဘေးပတ်လည်က လမ်းသွားလမ်းလာတွေ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတဲ့အထိ ရှေ့ကို ဆက်လျှောက်ပါတယ်။ အဲဒီနောက် ကျိုးမင်ရွေ့ဟာ ခါးဆန့် ခေါင်းမော့ပြီး သူရောက်နေတဲ့လမ်းကို ကြည့်လိုက်ပါတယ်။
အိမ်ခြေမဲ့ အ‌ကော်ဒီယံသမား တစ်ယောက်ဟာ အကော်ဒီယံတီးမှုတ်ပြီး လမ်းသွားလမ်းလာတွေဆီက တောင်းစားနေပါတယ်။ သံစဉ်က တစ်ခါတစ်လေမှာ သာယာနာပျော်ဖွယ် ရှိပြီး တစ်ခါတစ်လေမှာတော့ စိတ်အား ထက်သန်စေပါတယ်။
သူ့ဘေးနားမှာတော့ အဝတ်အစားတွေ စုတ်ပြတ်သပ်နေတဲ့ ကလေးလေးငါးယောက် ရှိနေပါတယ်။ ကလေးတွေဟာ အာဟာရ ချို့တဲ့တာကြောင့် မျက်နှာတွေက ဖြူဖတ်ဖြူရော် ဖြစ်နေကြပါတယ်။
သူတို့တွေဟာ သီချင်းသံကို နားထောင်ပြီး သံစဉ်အတိုင်း စီးမျောလိုက်ပါကာ ကိုယ်တိုင်ထွင်ထားတဲ့ ကကွက်တွေနဲ့ ကခုန်ကြပါတယ်။ သူတို့ရဲ့ မျက်နှာတွေဟာ မင်းသားတစ်ပါးလိုမျိုး နတ်သားတစ်ပါးလိုမျိုး ပြုံးပျော်နေကြပါတယ်။
မျက်နှာသေနဲ့ အမျိုးသမီးတစ်ယောက် ဖြတ်သွားပါတယ်။ သူမရဲ့ စကတ်က ညစ်ပတ်နေပြီး အသားအရေကလည်း မွဲခြောက်နေပါတယ်။ သူမရဲ့ မျက်လုံးတွေကလည်း မှိုင်တွေပြီး ခြောက်ကပ်နေပါတယ်။
သူမဟာ ကခုန်နေတဲ့ ကလေးတစ်စုကို တွေ့လိုက်ရမှာပဲ မျက်နှာမှာ လျှပ်တစ်ပြက် ခပ်ယဲ့ယဲ့ တောက်ပသွားပါတယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က သူမကို ပြန်တွေ့လိုက်ရသလိုပါပဲ။
ကျိုးမင်ရွေ့ဟာ အဲဒီအမျိုးသမီးကို ကျော်တက်ပြီး နောက်ထပ်လမ်းထဲ ဝင်ကာ စမရင်မုန့််ဆိုင်မှာ ရပ်လိုက်ပါတယ်။
ဒီမုန့်ဆိုင် ပိုင်ရှင်က ဝင်ဒီစမရင်လို့ ခေါ်တဲ့ အသက် ၇၀ ကျော် အဘွားပါ။ ဝင်ဒီရဲ့ ဆံပင်တွေဟာ လုံးဝ ဖြူမှိုင်းနေပြီး မျက်နှာပေါ်မှာတော့ ဖော်ရွေတဲ့ အပြုံးက အမြဲတမ်း ရှိနေပါတယ်။ ကလိုင်းရဲ့ မှတ်ဉာဏ် အစကတည်းက အဘွားဝင်ဒီဟာ ပေါင်မုန်နဲ့ မုန့်တွေ ရောင်းနေခဲ့တာပါ။
‘အို… အဘွားဝင်ဒီရဲ့ ဘီစကစ်နဲ့ လီမွန်ကိတ်က တော်တော် အရသာရှိတယ်…’
ကျိုးမင်ရွေ့ဟာ တံတွေးမျိုချပြီး ပြုံးလိုက်ပါတယ်။
“မစ္စစမရင်… ဂျုံပေါင်မုန့်် ရှစ်ပေါင်ယူမယ်”
“အို… ကလိုင်းလေး… ဘန်ဆင် ဘယ်မှာလဲ… သူ ပြန်မလာဘူးလား” ဝင်ဒီက အပြုံးနဲ့ မေးလိုက်ပါတယ်။
“သုံးလေးရက်နေရင် ပြန်လာမှာပါ” ကျိုးမင်ရွေ့ဟာ မရေမရာ အဖြေပြန်ပေးလိုက်ပါတယ်။
ဝင်ဒီဟာ ဂျုံပေါင်မုန့်တွေ ယူရင်း သက်ပြင်းချလိုက်ပါတယ် “သူက တကယ်ကို အလုပ်ကြိုးစားတဲ့ ကလေးပဲ… မိန်းမကောင်းရမှာပါ”
ဒီစကားကို ပြောပြီးနောက် ဝင်ဒီရဲ့ နှုတ်ခမ်းထောင့်ဟာ အပေါ်တွန့်တက်သွားပါတယ် “အခု အကုန်လုံး အဆင်ပြေလာပြီ… နင်လည်း ဘွဲ့ရသွားပြီ… နင်က ငါတို့ ခွိုင်းတက္ကသိုလ်ကနေ သမိုင်းနဲ့ ဘွဲ့ရတာမလား… အို… မကြာခင်မှာ နင်လည်း ပိုက်ဆံရလာတော့မှာပါ… နင်တို့တွေ အခုနေတဲ့ တိုက်ခန်းမှာ ဆက်ပြီး မနေသင့်တော့ဘူး၊ အနည်းဆုံးတော့ ကိုယ်ပိုင် ရေချိုးခန်းလေး ရှိသင့်တယ်”
“မစ္စစမရင်… ဒီနေ့ လန်းဆန်း တက်ကြွနေပါ့လား” ကျိုးမင်ရွေ့ တုံ့ပြန်နိုင်တာဆိုလို့ ခြောက်ကပ်ကပ် အပြုံးတစ်ခုပဲ ရှိပါတယ်။
ကလိုင်းသာ အင်တာဗျူးအောင်ပြီး ထင်းဂန်တက္ကသိုလ်မှာ ဆရာတစ်ယောက် ဖြစ်သွားရင် သူ့မိသားစုရဲ့ လူမှုစီးပွားရေး အခြေအနေက သေချာပေါက် အမြင့်ကို ရောက်သွားမှာပါ။
ကလိုင်းရဲ့ မှတ်ဉာဏ် အပိုင်းအစတွေအရ ကလိုင်းဟာ မြို့ဆင်ခြေဖုံးမှာ တိုက်အိမ်လေးတစ်လုံး လုံးချင်းငှားဖို့ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ အဲဒီအိမ်လေးမှာ အခန်းလေးငါးခြောက်ခန်း၊ ရေချိုးခန်းနှစ်ခန်း၊ အပေါ်ထက်မှာ ကျယ်ပြောတဲ့ လသာဆောင်၊ အခန်းနှစ်ခန်း၊ ထမင်းစားခန်း တစ်ခန်း၊ ဧည့်ခန်း တစ်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်းနဲ့ ပထမထပ်မှာ မြေအောက်သိုလှောင်ရုံ ပါရပါမယ်။
ဒါက လေထဲ တိုက်အိမ်ဆောက်တာ မဟုတ်ပါဘူး။ ထင်းဂန်တက္ကသိုလ်က အစမ်းခန့် ဆရာတိုင်း တစ်ပတ်ကို လုပ်အားခ ရွှေနှစ်ပေါင် ရပါတယ်။ အစမ်းခန့်ကာလပြီးရင် လုပ်အားခက ရွှေသုံးပေါင်နဲ့ ၁၀ ဆိုလီထိ တိုးသွားပါတယ်။
တစ်ခုသိထားရမှာ နှစ်တွေ အကြာကြီး အလုပ်လုပ်လာတာတောင် ဘန်ဆင်ရဲ့ တစ်ပတ်လုပ်အားခက တစ်ပေါင်နဲ့ ၁၀ ဆိုလီပဲ ရှိပါတယ်။ စက်ရုံက သာမန်အလုပ်သမားတွေဆိုရင် တစ်ပေါင်တောင် မရကြပါဘူး။ အကောင်းဆုံး အလုပ်သမားဆိုရင်တောင် နည်းနည်းလေးပဲ ပိုရကြပါတယ်။
တိုက်အိမ်တစ်လုံး ငှားခက ၁၉ ဆိုလီကနေ တစ်ပေါင်နဲ့ ၁၈ ဆိုလီကြား ရှိပါတယ်။
“ဒါက ယွမ်သုံးလေးထောင် ရတာနဲ့ ယွမ်တစ်သောင်းခွဲရတာရဲ့ ကွာခြားမှုပဲ…” ကျိုးမင်ရွေ့ဟာ သူ့ဘာသာ မသဲမကွဲ တီးတိုး ပြောလိုက်ပါတယ်။
ဒါပေမဲ့ ဒါတွေ အကုန်လုံးက သူ ထင်းဂန်တက္ကသိုလ် ဒါမှမဟုတ် ဘက်ကလင် တက္ကသိုလ်ရဲ့ အင်တာဗျူးကို ဖြေလို့‌ အောင်မှပါ။
တခြားအခွင့်အရေးတွေက သိပ်ရှိတာ မဟုတ်ပါဘူး။ အဆက်အသွယ်မရှိတဲ့လူက အစိုးရဝန်ထမ်းလုပ်ဖို့ ထောက်ခံချက် မရနိုင်ပါဘူး။ ဒါ့အပြင် သမိုင်းဘွဲ့ရတွေက အလုပ်အကိုင် အခွင့်အလမ်း ပိုရှားပါတယ်။
အထက်တန်းလွှာတွေ၊ ဘဏ်တွေနဲ့ စက်မှုလက်မှု စီးပွားရေး လုပ်ငန်းရှင်တွေက သမိုင်းဘွဲ့ရ ပုဂ္ဂလိက အကြံပေးတွေကို သိပ်မလိုကြပါဘူး။
ကလိုင်းရဲ့ အသိပညာတွေက အပိုင်းပိုင်းဖြစ်ပြီး မပြည့်စုံတာကိုပါ ထည့်ပေါင်း တွက်လိုက်ရင် ကျိုးမင်ရွေ့ အင်တာဗျူးအောင်ဖို့က မသေချာပါဘူး။ အဲဒါကြောင့် ကျိုးမင်ရွေ့ဟာ မစ္စစမရင်ရဲ့ သူ့အပေါ်ထားတဲ့ မျှော်လင့်ချက်တွေကို ကြားလိုက်ရတဲ့အခါ မျက်နှာပူပြီး အပြစ်ရှိသလို ခံစားလိုက်ရပါတယ်။
“မဟုတ်ပါဘူး… ငါက နေ့တိုင်း လန်းဆန်း တက်ကြွနေတာ” ဝင်ဒီဟာ ရယ်သံနှောပြီး ပြန်ဖြေပါတယ်။
ဝင်ဒီဟာ ပြောပြောဆိုဆို အလေးချိန်ပြီးတဲ့ ဂျုံပေါင်မှုန့် ဆယ်ခြောက်ခုကို ကျိုးမင်ရွေ့ ယူလာတဲ့ အညိုရောင် စက္ကူအိတ်ထဲ ထည့်လိုက်ပါတယ်။ အဲဒီနောက် ဝင်ဒီဟာ ညာလက်ဆန့်ပြီး ပြောလိုက်ပါတယ် “ကိုးပဲနိ”
ဂျုံပေါင်မုန့်တိုင်းက ပေါင်ခွဲလောက် လေးပါတယ်။ တစ်ခုနဲ့တစ်ခု ကွာခြားမှုရှိပေမဲ့ သိပ်ကွာတာတော့ မဟုတ်ပါဘူး။
“ကိုးပဲနိ… လွန်ခဲ့တဲ့နှစ်ရက်က ဆယ့်တစ်ပဲနိ မဟုတ်ဘူးလား” ကျိုးမင်ရွေ့ဟာ လွှတ်ခနဲ မေးမိလိုက်ပါတယ်။
‘လွန်ခဲ့တဲ့ တစ်လကျော်ကဆိုရင် ဆယ့်ငါးပဲနိတောင် ကျတာ’
“နင် လမ်းပေါ်ထွက်ပြီး ဂျုံဥပေဒကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြတဲ့လူတွေကို ကျေးဇူးတင်ရမယ်” ဝင်ဒီက ပခုံးတွန့်ပြီး ပြောလိုက်ပါတယ်။
ကျိုးမင်ရွေ့ဟာ ယောင်ဝါးဝါးနဲ့ ခေါင်းညိတ်ပြီး သဘောတူလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကလိုင်းရဲ့ မှတ်ဉာဏ်တွေက အပြည့်မရှိပါဘူး။
သူမှတ်မိတာဆိုလို့ ဒီဂျုံဥပဒေရဲ့ အဓိကရည်ရွယ်ချက်က ပြည်တွင်း စိုက်ပျိုးရေး ထုတ်ကုန်တွေရဲ့ ဈေးနှုန်းကို ကာကွယ်တာပါ။ ဈေးနှုန်းတွေ အဆင့်တစ်ခုအထိ တက်သွားတာနဲ့ ဖေးနာပေါ်တာ၊ မားစင်နဲ့ လန်ဘာ့ဂ်စတဲ့ တောင်ပိုင်းနိုင်ငံတွေဆီကနေ ကုန်စည် တင်သွင်းတာကို ရပ်လိုက်ပါတယ်။
‘လူတွေက ဘာဖြစ်လို့ ဒီဥပဒေကို ဆန္ဒပြကြတာလဲ’
ကျိုးမင်ရွေ့ဟာ စကားအများကြီး မပြောဘဲ ခြောက်လုံးပြူးကို ဆွဲထုတ်မိမှာစိုးတဲ့အတွက် ပိုက်ဆံကို သေချာဂရုတစိုက် ထုတ်ပြီး တစ်ရွက်ကို မစ္စစမရင်ဆီ ပေးလိုက်ပါတယ်။
မစ္စစမရင်က သူ့ကို ကြေးပဲနိသုံးစ ပြန်အမ်းပါတယ်။ ကျိုးမင်ရွေ့ဟာ အကြွေစေ့တွေကို ဘောင်းဘီ အိတ်ကပ်ထဲ ထိုးထည့်ပြီး ပေါင်မုန့် ထည့်ထားတဲ့ စက္ကအိတ်ကိုယူကာ လမ်းတစ်ဖက်က ဆလတ်ရွက်နဲ့ အသားဈေးဆီ ဦးတည်ပါတယ်။ ကျိုးမင်ရွေ့ဟာ သူ့ညီမပြောတဲ့ သိုးသားကို ပဲနဲ့ ချက်တာ စားချင်တဲ့အတွက် အသားဝယ်မလို့ပါ။
သံကြက်ခြေခတ်လမ်းနဲ့ ဒက်ဖဒိုလမ်းဆုံမှာ မြူနီစပယ်ရင်ပြင် ရှိပါတယ်။ ရင်ပြင်ပေါ်မှာ တဲတွေအများကြီး ရှိနေပြီး ရယ်စရာကောင်းတဲ့ ထူးထူးဆန်းဆန်း အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ လူပြက်တွေဟာ စာစောင်တွေ လိုက်ဝေနေပါတယ်။
‘မနက်ဖြန်ည ဆပ်ကပ်ပွဲ ရှိတာလား’ ကျိုးမင်ရွေ့ဟာ သူများလက်ထဲက စာစောင်ကို လှမ်းကြည့်ပြီး ဘာတွေ ရေးထားလဲဆိုတာ ဖတ်ကြည့်လိုက်ပါတယ်။
‘မလီဆာက သေချာပေါက် ကြိုက်မှာ… ဒါပေမဲ့ ဝင်ခက ဘယ်လောက်လဲ မသိဘူး’
ဒီအတွေးကြောင့် ကျိုးမင်ရွေ့ဟာ အနားကပ်သွားပါတယ်။
ကျိုးမင်ရွေ့ဟာ မျက်နှာမှာ ဆေးနီဆေးဝါ ခြယ်သထားတဲ့ လူပြက်ကို မေးဖို့ ပြင်လိုက်စဉ်မှာပဲ အသံဩဩနဲ့ မိန်းမသံတစ်သံကို ဘေးကနေ ကြားလိုက်ရပါတယ်။
“ဗေဒင် မေးမလား”
ကျိုးမင်ရွေ့ဟာ ခေါင်းလှည့်ကြည့်မိလိုက်တဲ့အခါ တဲနိမ့်တစ်လုံးရှေ့မှာ ထိပ်ချွန်ဦးထုပ် ဆောင်းထားပြီး အနက်ရောင် ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရပါတယ်။ သူမရဲ့ မျက်နှာမှာ အနီအဝါ ခြယ်သထားပြီး မျက်လုံးတွေက ပြာမှိုင်းမှိုင်း ရှိနေပါတယ်။

“မမေးပါဘူး” ကျိုးမင်ရွေ့ဟာ ခေါင်းခါပြီး ပြန်ဖြေလိုက်ပါတယ်။ ကျိုးမင်ရွေ့မှာ ဗေဒင်မေးဖို့အတွက် ပိုက်ဆံအပို မရှိပါဘူး။
အမျိုးသမီးဟာ ရယ်လိုက်ပါတယ် “ကျွန်မရဲ့ တဲရော့က တော်တော် မှန်တယ်နော်”
“တဲရော့…” ကျိုးမင်းရွေ့ဟာ ရုတ်ခြည်း မှင်တက်သွားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီအသံထွက်ဟာ ကမ္ဘာမြေက တဲရော့ကဒ် အသံထွက်နဲ့ ဆင်တူလို့ပါပဲ။ ကမ္ဘာမြေက တဲရော့ကဒ်တွေဟာလည်း ဗေဒင်တွက်ဖို့ သုံးတာပါ။ တဲရော့ကဒ်တွေဟာ နိမိတ်အမျိုးမျိုးကို ဖော်ပြတဲ့ ရုပ်ပုံကားချပ်တွေပါ။
‘နေဦး…’
ကျိုးမင်ရွေ့ဟာ ရုတ်တရက်ဆိုသလို ဒီကမ္ဘာရဲ့ တဲရော့ဇစ်မြစ်ကို ပြန်တွေးမိလိုက်ပါတယ်။
ဒီကမ္ဘာမှာ တဲရော့က အစဉ်အဆက် လက်ခံယုံကြည်ခဲ့ကြတဲ့ နတ်ဘုရားခုနစ်ပါးကနေ ဆင်းသက်လာတာ မဟုတ်သလို ရှေးဟောင်း အမွေအနှစ်လည်း မဟုတ်ပါဘူး။ အဲဒီအစား တဲရော့ကို လွန်ခဲ့တဲ့ နှစ် ၁၇၀ ကျော်က အင်ထစ်သမ္မတနိုင်ငံရဲ့ ကောင်စစ်ဝန် ရစ်ဆဲလ်ဂူစတာက ဖန်တီးခဲ့တာပါ။
ဒီမစ္စတာရစ်ဆဲလ်က ရေနွေးငွေ့စက်ကို တီထွင်ပြီး ရွက်လှေတွေကို ပိုမိုကောင်းမွန်အောင် ဖန်တီးကာ အင်ထစ်နိုင်ငံရဲ့ သက်ဦးဆံပိုင်စနစ်ကို တော်လှန်ခဲ့ပါတယ်။ လက်မှုပညာ နတ်ဘုရားရဲ့ အသိအမှတ်ပြုတာ ခံရသလို အင်ထစ်သမ္မတနိုင်ငံရဲ့ ပထမဆုံး ကောင်စစ်ဝန်လည်း ဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်းမှာ သူဟာ တခြားနိုင်ငံတွေကို ကျူးကျော်ပြီး လန်ဘာ့ဂ်နဲ့ တခြားနိုင်ငံတွေကို သူ့ကာကွယ်မှုအောက်မှာ ထားခဲ့ပါတယ်။ သူဟာ လိုအင်နိုင်ငံ၊ ဖေးနာပေါ်တာ၊ ဖေးဆက် အင်ပါယာနဲ့ တခြား အင်အားကြီး မြောက်ပိုင်းနိုင်ငံတွေကို အင်ထစ်သမ္မတနိုင်ငံဆီ ဦးညွှတ်လာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း အင်ထစ်သမ္မတနိုင်ငံဟာ အင်ပါယာအဖြစ် ပြောင်းလဲသွားပြီး ရစ်ဆဲလ်ဟာ သူ့ကိုယ်သူ ဧကရာဇ်ဆီဇာလို့ ကြော်ငြာခဲ့ပါတယ်။
ရစ်ဆဲလ် အုပ်ချုပ်နေစဉ်အတွင်း လက်မှုပညာ ဘုရားကျောင်းဟာ ပဥ္စမယုဂ်ကတည်းက မရရှိခဲ့တဲ့ ဗျာဒိတ်ကို ပထမဆုံးအကြိမ် လက်ခံရရှိခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး လက်မှုပညာ နတ်ဘုရားဟာ ရေနွေးငွေ့နဲ့ စက်ယန္တရား နတ်ဘုရား ဖြစ်သွားခဲ့ပါတယ်။
ရစ်ဆဲလ်ဟာ တဲရော့ဟောတာကိုလည်း တီထွင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရစ်ဆဲလ်ဟာ စက္ကူကဒ်တွေနဲ့ သူတို့ရဲ့ အသုံးပြုပုံကိုလည်း ဖန်တီးခဲ့ပါတယ်။ အဲဒီထဲမှာ ကျိုးမင်ရွေ့ ရင်းနှီးတဲ့ သို့သိကျူ၊ ပိုကာနဲ့ တခြားကဒ်ဂိမ်းတွေလည်း ပါပါတယ်။
ဒါတွေအပြင် ရစ်ဆဲလ် ပင်လယ်ဆီ စေလွှတ်ခဲ့တဲ့ ရေတပ်ဟာ ခက်ထန်ကြမ်းတမ်းတဲ့ ပင်လင်ပြင်ကို ဖြတ်သန်းပြီး တောင်ပိုင်းတိုက်ဆီ သွားနိုင်တဲ့ လမ်းကြောင်းကို ရှာတွေ့ပါတယ်။ အဲဒီအချိန်ကစပြီး နယ်ချဲ့တဲ့ခေတ် စတင်ခဲ့ပါတယ်။
ကံဆိုးချင်တော့ ရစ်ဆဲလ်ဟာ အသက်ကြီးမှ သစ္စာဖောက်ခံရပါတယ်။ ပဥ္စမယုဂ်ရဲ့ ၁၁၉၈ ခုနစ်မှာ ရစ်ဆဲလ်ကို အနှိုင်းမဲ့တောက်ပတဲ့ နေမင်း ဘုရားကျောင်း၊ အင်ထစ် တော်ဝင်မိသားစုဟောင်း ဆယ်ရွန်နဲ့ တခြား မင်းစိုးရာဇာ မိသားစုတွေ ပူးပေါင်းပြီး လုပ်ကြံခဲ့ကြပါတယ်။ နောက်ဆုံးတော့ ရစ်ဆဲလ်ဟာ အဖြူရောင်မေပယ် နန်းတော်မှာ သေဆုံးသွားခဲ့ရပါတယ်။
‘ဒါ…’
ဒီလို လူတိုင်းသိတဲ့ ဗဟုသုတကိုတောင် ပြန်တွေးရတဲ့အတွက် ကျိုးမင်ရွေ့ဟာ မျက်နှာပူသွားပါတယ်။
‘ဒါက ငါ့ထက်အရင် ဘဝကူးပြောင်းလာတဲ့ စီနီယာလား’
ဒီအတွေးကြောင့် ကျိုးမင်ရွေ့ဟာ တဲရော့ကဒ်တွေက ဘယ်လိုပုံစံရှိလဲဆိုတာ ကြည့်ချင်သွားပါတယ်။ အဲဒါကြောင့် ကျိုးမင်ရွေ့ဟာ အမျိုးသမီးကို ခေါင်းညိတ်ပြပြီး ပြောလိုက်ပါတယ် “အင်း… ဉာဏ်ပူဇော်ခက သင့်တော်ရင်တော့ မေးမယ်လေ”
အမျိုးသမီးဟာ ချက်ချင်း ရယ်လိုက်ပါတယ် “ရှင်က ဒီနေ့အတွက် ပထမဆုံးလူဆိုတော့ အခမဲ့ ဟောပေးပါ့မယ်”

Comment

Leave a Reply

Options

not work with dark mode
Reset