အခန်း (၃) မလီဆာ
ကျိုးမင်ရွေ့ဟာ သူ့အစီအစဉ်ကို အတည်ပြုပြီးနောက် ချက်ချင်းပဲ ဆောက်တည်ရာ ရသွားပါတယ်။ ကြောက်ရွံ့မှုတွေ စိုးရိမ်ပူပန်မှုတွေ အကုန်လုံး ဘေးရောက်သွားပါတယ်။
ဒီတော့မှ ကျိုးမင်ရွေ့ဟာ ကလိုင်းရဲ့ မှတ်ဉာဏ် အပိုင်းအစတွေကို သေချာလေ့လာလိုစိတ် ရှိသွားပါတယ်။
ကျိုးမင်ရွေ့ဟာ အကျင့်ဖြစ်နေတဲ့အတိုင်း မတ်တတ်ရပ်ပြီး ပိုက်ခေါင်းကို လှည့်ပိတ်လိုက်ပါတယ်။ ကျိုးမင်ရွေ့ဟာ မီးအိမ်ရဲ့နံရံ တဖြည်းဖြည်း မှေးမှိန်ပြီး မီးလုံးဝ ငြိမ်းသွားမှ ကုလားထိုင်မှာ ပြန်ထိုင်လိုက်ပါတယ်။
ကျိုးမင်ရွေ့ဟာ ခြောက်လုံးပြူးရဲ့ ဆလင်ဒါနဲ့ ကစားရင်း နားထင်ကို လက်နဲ့ အသာဖိလိုက်ပါတယ်။ ကျိုးမင်ရွေ့ဟာ ဇာတ်ကားတစ်ကားကို စိတ်ဝင်တစား ကြည့်ရှုနေတဲ့ ရုပ်ရှင်ကြည့် ပရိသတ်လိုမျိုး ကြက်သွေးရောင်ဆိုးထားတဲ့ အမှောင်ထုမှာ သူ့မှတ်ဉာဏ်တွေကို ဖြည်းဖြည်းချင်း ပြန်တွေးလိုက်ပါတယ်။
ကျည်ဆံတစ်တောင့် သူ့ခေါင်းကို ဖြတ်သွားလို့ တူပါတယ်။ ကလိုင်းရဲ့ မှတ်ဉာဏ်တွေက ကွဲကြေသွားတဲ့ မှန်တစ်ချပ်လိုပါပဲ။ မှတ်ဉာဏ်တွေက အဆက်အစပ် မရှိတဲ့အပြင် တချို့နေရာတွေဆို လုံးဝ ပျောက်နေပါတယ်။
ဥပမာပေးရရင် ဒီလက်ရာမြောက်လှတဲ့ ခြောက်လုံးပြူးက သူ့လက်ထဲက ဘယ်လိုရောက်လာလဲ၊ သူ သတ်သေတာလား၊ ဒါမှမဟုတ် အသတ်ခံရတာလား၊ မှတ်စုစာအုပ်ပေါ်က “လူတိုင်း သေလိမ့်မယ်၊ ငါလည်း သေလိမ့်မယ်” ဆိုတဲ့ စာလုံးတွေရဲ့ အဓိပ္ပာယ်၊ ဒီအဖြစ်အပျက် မတိုင်ခင် လွန်ခဲ့တဲ့နှစ်ရက်မှာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ ကိစ္စတွေမှာ သူဝင်ဝင်ပါခဲ့သေးလား… စတာတွေနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေက လုံးလုံးလျားလျား ပျောက်နေပါတယ်။
ဒီမှတ်ဉာဏ်တွေပဲ အပိုင်းပိုင်း အစစ ဖြစ်နေတာ မဟုတ်ပါဘူး။ သူ သိသင့်တဲ့ ဗဟုသုတတွေပါ အပိုင်းပိုင်း အစစ ဖြစ်နေတာပါ။ ဒီအခြေအနေနဲ့ ကလိုင်း တက္ကသိုလ် ပြန်သွားတက်ရရင် ဘွဲ့မရဖို့ များပါတယ်။ တစ်ခုသိထားရမှာက ကလိုင်း ဘွဲ့ရထားတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။
ကလိုင်းဟာ နောက်နှစ်ရက်နေ့ရင် ထင်းဂန်တက္ကသိုလ် သမိုင်းဋ္ဌာနမှာ အင်တာဗျူး ဖြေရမှာပါ။
လိုအင်နိုင်ငံရဲ့ တက္ကသိုလ်ဘွဲ့ရတွေက သူတို့ရဲ့ မိခင်တက္ကသိုလ်မှာ ဆက်နေတဲ့ အစဉ်အလာ မရှိပါဘူး။ အဲဒါကြောင့် ကလိုင်းရဲ့ ဆရာက ကလိုင်းကို ထင်းဂန်တက္ကသိုလ်နဲ့ ဘက်ကလင်တက္ကသိုလ်အတွက် ထောက်ခံစာ ရေးပေးခဲ့ပါတယ်။
ကျိုးမင်ရွေ့ဟာ ပြတင်းပေါက်ကနေ အနောက်အရပ်မှာရှိတဲ့ အနီရောင်လကို တိတ်တဆိတ် စောင့်ကြည့်နေပါတယ်။ လမင်းဟာ တဖြည်းဖြည်း ဝင်သွားပြီး အရှေ့အရပ်ကနေ မှိန်ဖျော့ဖျော့ အလင်းရောင် ထွက်ပေါ်လာကာ မိုးကုပ်စက်ဝိုင်းကို ရွှေရောင်ခြယ်လိုက်ပါတယ်။
ဒီအချိန် တိုက်ခန်းထဲမှာ အသံတွေ ထွက်ပေါ်လာပါတယ်။ မကြာခင်မှာပဲ ကျိုးမင်ရွေ့ဟာ တံခါးဆီ ချဉ်းကပ်လာတဲ့ ခြေသံတွေကို ကြားလိုက်ရပါတယ်။
‘မလီဆာ နိုးလာပြီပဲ… သူက အမြဲတမ်း အချိန်တိကျတယ်’ ကျိုးမင်ရွေ့ဟာ ပြုံးလိုက်ပါတယ်။
ကလိုင်းရဲ့ မှတ်ဉာဏ်တွေကြောင့် ကျိုးမင်ရွေ့ဟာ မလီဆာကို တွေ့လိုက်ရတဲ့အခါ သူ့ရဲ့ ညီမအရင်းတစ်ယောက်လို့ ခံစားသွားရပါတယ်။
‘ငါ့မှာ ညီမ မရှိဘူး…’ ကျိုးမင်ရွေ့ဟာ ချက်ချင်းပဲ သူ့ကိုယ်သူ တည့်ပေးလိုက်ပါတယ်။
မလီဆာက ဘန်ဆင်နဲ့ရော ကလိုင်းနဲ့ရော မတူပါဘူး။ မလီဆာရဲ့ အခြေခံပညာရေးက ထာဝရည နတ်ဘုရားမ ဘုရားကျောင်းက သင်ပေးတဲ့ တနင်္ဂနွေကျောင်းကနေ ပြီးတာ မဟုတ်ပါဘူး။
မလီဆာ ကျောင်းတက်ရမဲ့အရွယ် ရောက်တော့ လိုအင်နိုင်ငံက အခြေခံပညာရေး ဥပဒေကို ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီဥပဒေအရ မူလတန်းနဲ့ အလယ်တန်း ကော်မတီကို ဖွဲ့စည်းပြီး အထူးတလည် ရန်ပုံငွေ ထောက်ပံ့ကာ နိုင်ငံရဲ့ ပညာရေးအပေါ် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ခဲ့ပါတယ်။
ဒီဥပဒေ ပြဋ္ဌာန်းပြီး သုံးနှစ်မပြည့်ခင်မှာပဲ ဘုရားကျောင်း စာသင်ကျောင်းတွေနဲ့ မပတ်သက်တဲ့ အစိုးရ မူလတန်းကျောင်းတွေ ပေါ်လာပြီး ကိုးကွယ်ယုံကြည်မှု ကြားနေဝါဒကို တင်းတင်းကျပ်ကျပ် ကျင့်သုံးပါတယ်။
ဒီလိုကျင့်သုံးတာက မုန်တိုင်းအရှင်၊ ထာဝရည နတ်ဘုရားမ၊ ရေနွေးငွေ့နဲ့ စက်ယန္တရား နတ်ဘုရားတို့ကြားက အရှုပ်အရှင်းတွေကြားမှာ ပညာရေးကို ကြားမညှပ်စေချင်တာကြောင့်ပါ။
တစ်ပတ်မှ တစ်ပဲနိပဲကျတဲ့ တနင်္ဂနွေကျောင်းနဲ့ နှိုင်းယှဉ်ရင် တစ်ပတ်မှာ သုံးပဲနိကျတဲ့ အစိုးရကျောင်းက ဈေးကြီးတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ တနင်္ဂနွေကျောင်းက တစ်ပတ်မှာ တနင်္ဂနွေနေ့ပဲ သင်ပေးတာ ဖြစ်ပြီး အစိုးရကျောင်းကတော့ တစ်ပတ်မှာ ခြောက်ရက် သင်ကြားပေးပါတယ်။
အဲဒါကြောင့် အစိုးရကျောင်းခက တော်တော်လေး ဈေးချိုပြီး အလကားနီးပါး ပညာသင်ပေးတယ်လို့တောင် ပြောလို့ရပါတယ်။
မလီဆာက မိန်းကလေးအများစုနဲ့ မတူပါဘူး။ ငယ်ငယ်လေးကတည်းက ဂီယာတွေ စပရင်တွေ ဘောတွေနဲ့ ကြီးပြင်းလာတာပါ။ သူ့ရည်မှန်းချက်ကလည်း ရေနွေးငွေ့ စက်ယန္တရား ပညာရှင် ဖြစ်ချင်တာပါ။
ပညာရေး ချို့တဲ့လို့ ဒုက္ခရောက်ဖူးတဲ့ ဘန်ဆင်ဟာ ပညာရေးရဲ့ အရေးပါမှုကို သိပါတယ်။ အဲဒါကြောင့် ဘန်ဆင်ဟာ ကလိုင်းရဲ့ တက္ကသိုလ် ပညာရေးကို ထောက်ပံ့သလိုမျိုး သူ့ညီမရဲ့ အိပ်မက်ကိုလည်း အားပေးကူညီပါတယ်။
ထင်းဂန် နည်းပညာကျောင်းက အလယ်တန်းကျောင်းလို့ပဲ ယူဆလို့ရတာဆိုတော့ မလီဆာအနေနဲ့ အသိပညာ ပိုရဖို့ ဘာသာစကား ကျောင်းရော အစိုးရကျောင်းရော ထပ်တက်စရာ မလိုပါဘူး။
မနှစ်က ဂျူလိုင်ကပဲ ၁၅ နှစ်အရွယ် မလီဆာဟာ ဝင်ခွင့်စာမေးပွဲအောင်ပြီး သူမရဲ့အိပ်မက်ဖြစ်တဲ့ ထင်းဂန် နည်းပညာကျောင်းက စက်ယန္တရားဋ္ဌာနမှာ ကျောင်းသားတစ်ယောက် ဖြစ်လာပါတယ်။ ဒီလိုဖြစ်လာတော့ မလီဆာရဲ့ အပတ်စဉ် ကျောင်းလခကလည်း ကိုးပဲနိထိ ကုန်ကျလာပါတယ်။
ဒီအတောအတွင်းမှာပဲ ဘန်ဆင်ရဲ့ ကုမ္ပဏီက တောင်ပိုင်းတိုက်က အခြေအနေတွေရဲ့ သက်ရောက်မှုကြောင့် အမြတ်ထိုးကျပြီး အရောင်းအဝယ် တော်တော် ပါးသွားပါတယ်။ ဒီလိုအခြေအနေကြောင့် အလုပ်သမား သုံးပုံတစ်ပုံကျော် လျှော့ချခံလိုက်ရပါတယ်။
သူတို့ရဲ့ စားဝတ်နေရေးကို ဆက်ထိန်းသိမ်းနိုင်ဖို့ အလုပ်မပြုတ်စေရေးအတွက် ဘန်ဆင်ဟာ ခက်ခဲလေးလံတဲ့ အလုပ်တွေကို ပိုပြီးတော့ လုပ်ရပါတယ်။ ဘန်ဆင်ဟာ မကြာခဏ အချိန်ပိုဆင်းရသလို ပတ်ဝန်းကျင်ကြမ်းတဲ့ ဒေသတွေကိုလည်း သွားရပါတယ်။ လွန်ခဲ့တဲ့ရက်တွေမှာ ဘန်ဆင်တစ်ယောက် အဲဒါတွေနဲ့ပဲ အလုပ်ရှုပ်နေတာပါ။
ကလိုင်းက သူ့အစ်ကိုရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဝိုင်းမသယ်ပေးချင်တာ မဟုတ်ပါဘူး။ သာမန်လူအဖြစ် မွေးဖွားလာပြီး သာမန် ဘာသာစကားကျောင်းမှာ တက်ခဲ့ရတဲ့အတွက် ကလိုင်းဟာ တက္ကသိုလ်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး မယုံမကြည် ဖြစ်ခဲ့ပါတယ်။
ဥပမာပေးရရင် မြောက်ပိုင်းတိုက်မှာ ဘာသာစကားအားလုံးရဲ့ မူလရင်းမြစ်လို့ လက်ခံထားတဲ့ ရှေးဟောင်း ဘာသာစကား ဖေးဆက်ဟာ အထက်တန်းလွှာနဲ့ လူကုံထံ အသိုင်းအဝိုင်းက ကလေးတွေ အကုန်လုံး ငယ်ငယ်လေးကတည်းက သင်ကြားရတဲ့ ဘာသာစကားတစ်ရပ်ပါ။ ဒါပေမဲ့ သူကတော့ တက္ကသိုလ်ရောက်မှာတော့ ဖေးဆက် ဘာသာစကားနဲ့ စတင် ထိတွေ့ခဲ့ရပါတယ်။
ကလိုင်းဟာ ကျောင်းတက်နေစဉ်အတွင်း ဒီလိုမျိုး အခြေအနေတွေကို အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ ကလိုင်းဟာ ညဘက် ညဉ့်နက်အောင်နေ၊ မနက်ကျ အစောကြီးထပြီး အစွမ်းကုန် ကြိုးစားမှပဲ တခြားလူတွေကို လိုက်မီနိုင်ရုံ ရှိပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ ကလိုင်းဟာ ပုံမှန်ရလဒ်နဲ့ ဘွဲ့ယူနိုင်ခဲ့ပါတယ်။
ကလိုင်ရဲ့ အစ်ကိုနဲ့ ညီမနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေဟာ ကျိုးမင်ရွေ့ရဲ့ ခေါင်းထဲမှာ တံခါးဘုလည်ပြီး မပွင့်ခင်အချိန်အထိ နိုးနိုးကြားကြား ရှိနေခဲ့ပါတယ်။ ကျွီခနဲ အသံကို ကြားလိုက်ရမှ ကျိုးမင်ရွေ့ဟာ ဆတ်ခနဲ နိုးသွားပြီး သူ့လက်ထဲမှာ ခြောက်လုံးပြူး ရှိနေတာကို သတိရသွားပါတယ်။
‘ခြောက်လုံးပြူးက ထိန်းချုပ်ကန့်သတ်ထားတဲ့ ပစ္စည်းပဲ’
‘ကလေးတွေ တွေ့ရင် ကြောက်လန့်သွားလိမ့်မယ်’
‘နောက်ပြီး ငါ့ခေါင်းမှာလည်း ဒဏ်ရာက ရှိနေသေးတယ်’
မလီဆာက အချိန်မရွေး ရောက်လာနိုင်တာကြောင့် ကျိုးမင်ရွေ့ဟာ အံဆွဲတစ်ခုကို အမြန်ဆွဲဖွင့်ပြီး ခြောက်လုံပြူးကို ပစ်ထည့်ကာ အားနဲ့တွန်းလိုက်ပါတယ်။
“ဘာဖြစ်တာလဲ”
အသံက နည်းနည်းကျယ်သွားတာကြောင့် မလီဆာဟာ လှမ်းကြည့်ပြီး စပ်စုလိုက်ပါတယ်။
မလီဆာဟာ လူငယ်ဘဝရဲ့ အရွယ်ကောင်းမှာ ရှိနေပါသေးတယ်။ မလီဆာဟာ အာဟာရရှိတဲ့ အစားအစာတွေကို သိပ်မစားရတာကြောင့် မျက်နှာက ပိန်ပါးပြီး နည်းနည်း ဖျော့တော့နေပေမဲ့ အသားအရေကတော့ မိန်းမပျိုလေးတစ်ယောက်ရဲ့ သဘာဝ အလှတရားကြောင့် စိုပြေတောက်ပနေပါတယ်။
ကျိုးမင်ရွေ့ဟာ သူ့ညီမက အညိုရောင် မျက်လုံးတွေနဲ့ သူ့ကို လှမ်းကြည့်နေတာ တွေ့လိုက်ရတဲ့အတွက် စိတ်ငြိမ်အောင် ထိန်းပြီး သူ့လက်ဘေးက ပစ္စည်းတစ်ခုကို ကောက်ယူကာ အံဆွဲကို လုံအောင် ပိတ်လိုက်ပါတယ်။ တခြားလက်တစ်ဖက်ကတော့ နားထင်ကို စမ်းကြည့်ပြီး သူ့ဒဏ်ရာ တကယ် ပျောက်သွားပြီလား ဆိုတာ စစ်ဆေးပါတယ်။
ကျိုးမင်ရွေ့ဟာ ငွေရောင်စပျစ်နွယ်ပုံရှိတဲ့ အိတ်ဆောင်နာရီကို ထုတ်ယူပြီး အဖုံးကို လက်နဲ့ အသာဖိလိုက်တဲ့အခါ ဆတ်ခနဲ ပွင့်သွားပါတယ်။
အိတ်ဆောင်နာရီထဲမှာ သူတို့မောင်နှမတွေရဲ့ အဖေပုံရှိပါတယ်။ ဒီအိတ်ဆောင်နာရီက တော်ဝင်စစ်တပ် တပ်ကြပ်တစ်ဦး ချန်ထားခဲ့တဲ့ တန်ဖိုးအရှိဆုံး ပစ္စည်းဆိုပေမဲ့ တစ်ပတ်နွမ်းဆိုတော့ နာရီပြင်သမားနဲ့ ပြင်ထားတာတောင် ဒီနှစ်တွေမှာ မကြာမကြာ ပျက်တတ်ပါတယ်။
တစ်ချိန်တုန်းက ဘန်ဆင်ဟာ လူတောတိုးအောင် ဒီအိတ်ဆောင်နာရီကို သွားလေရာ ယူသွားတတ်ပေမဲ့ မကြာခဏ ပျက်လာတဲ့အခါမှာတော့ လူကြားထဲ အရှက်ကွဲမှာစိုးတဲ့အတွက် အိမ်မှာပဲ ထားပါတော့တယ်။
မလီဆာက စက်ယန္တရားတွေမှာ အရည်အချင်းရှိတယ်လို့ ပြောလို့ရပါတယ်။ နာရီ အလုပ်လုပ်ပုံတွေကို သေချာသိသွားတဲ့အခါ အိတ်ဆောင်နာရီကို ကလိဖို့ သူမရဲ့ နည်းပညာကျောင်းကနေ ကိရိယာတန်ဆာပလာတွေ ငှားလိုက်ပါတယ်။
မကြာသေးခင်က မလီဆာဟာ အိတ်ဆောင်နာရီကို ပြင်နိုင်ပြီလို့တောင် ပြောခဲ့ပါတယ်။
ကျိုးမင်ရွေ့ဟာ နာရီကို ကြည့်လိုက်တဲ့အခါ စက္ကန့်လက်တံက ရပ်နေတာကို တွေ့လိုက်ရတဲ့အတွက် နာရီထိပ်ပိုင်းက ခလုတ်ကို အလိုလို လှည့်မိလိုက်ပါတယ်။
ဒါပေမဲ့ ခလုတ်က လေးငါးကြိမ် လည်သွားတာတောင် ကျိုးမင်ရွေ့ဟာ စပရင်တင်းသွားတဲ့အသံကို မကြားရပါဘူး။ စက္ကန့်လက်တံကလည်း တစ်ချက်တောင် မရွေ့ပါဘူး။
“ကြည့်ရတာ ထပ်ပျက်ပြန်ပြီနဲ့ တူတယ်” ကျိုးမင်ရွေ့ဟာ သူ့ညီမကို ကြည့်ပြီး စကားစရှာဖို့ ကြိုးစားလိုက်ပါတယ်။
မလီဆာဟာ ကျိုးမင်ရွေ့ကို မျက်နှာသေနဲ့ တစ်ချက် ကြည့်လိုက်ပြီး ခပ်သွက်သွက် လျှောက်လာကာ ကျိုးမင်ရွေ့လက်ထဲက အိတ်ဆောင်နာရီကို ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ နေရာမှာရပ်ပြီး အိတ်ဆောင်နာရီ ထိပ်ပိုင်းက ခလုတ်ကို ဆွဲထုတ်ကာ လေးငါးကြိမ် လှည့်လိုက်ပါတယ်။ ဒီအခါမှာတော့ “ချပ်… ချပ်…” ဆိုပြီး စက္ကန့်သံ ထွက်ပေါ်လာပါတယ်။
‘ခလုတ်ကို ဆွဲထုတ်ပြီး လှည့်တာက အချိန်တိုက်တာ မဟုတ်ဘူးလား’ ကျိုးမင်ရွေ့ရဲ့ မျက်နှာဟာ ချက်ချင်း မည်းမှောင်သွားပါတယ်။
ဒီအချိန် အဝေးမှာရှိတဲ့ ဘုရားရှိခိုးကျောင်းကနေ ခေါင်းလောင်းသံ ထွက်ပေါ်လာပါတယ်။ ကောင်းကင်ဘုံကအသံလို့ ထင်မှတ်မှားရလောက်တဲ့ ခေါင်းလောင်းသံဟာ ခြောက်ကြိမ် မြည်ဟိန်းသွားပါတယ်။
မလီဆာဟာ ခေါင်းငဲ့ကာ ခေါင်းလောင်းသံကို နားထောင်ပြီးနောက် ခလုတ်ကို ထပ်ဆွဲထုတ်ကာ အချိန်တိုက်ပါတယ်။
“အခု ရသွားပြီ” မလီဆာဟာ ခံစားချက်မပါဘဲ ပြောလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ မလီဆာဟာ ခလုတ်ကို ပြန်ဖိထည့်ပြီး အိတ်ဆောင်နာရီကို ကျိုးမင်ရွေ့ဆီ ပြန်ပေးပါတယ်။
ကျိုးမင်ရွေ့ဟာ အိတ်ဆောင်နာရီကို ပြန်ယူပြီး ရှက်ရမ်းပြုံး ပြုံးပြလိုက်ပါတယ်။
မလီဆာဟာ သူ့အစ်ကိုကို စူးရှတဲ့အကြည့်နဲ့ စိုက်ကြည့်ပြီးနောက် တစ်ဖက်လှည့်ကာ ဗီရိုဆီ လျှောက်သွားပါတယ်။ မလီဆာဟာ ဆပ်ပြာ သွားတိုက်ဆေး စတဲ့ တစ်ကိုယ်ရည်သန့်စင် ပစ္စည်းတွေနဲ့ ပဝါကိုယူပြီးနောက် တံခါးဖွင့်ကာ ထွက်သွားပါတယ်။ မလီဆာဟာ ဘုံရေချိုးခန်းဆီ ဦးတည်သွားပါတယ်။
‘ဒီကောင်မလေးက ဘာဖြစ်လို့ အရူးနဲ့ ပြိုင်မပြောချင်တဲ့ မျက်နှာမျိုး ဖြစ်နေရတာလဲ’
‘ဒါက စိတ်မနှံ့တဲ့ အစ်ကိုကို ချစ်ခင်ဂရုစိုက်တဲ့ အကြည့်လား’
ကျိုးမင်ရွေ့ဟာ ခေါင်းငုံ့ပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ကျိုးမင်ရွေ့ဟာ အိတ်ဆောင်နာရီရဲ့ အဖုံးကို ပိတ်ပြီး ကလစ်ခနဲ ပြန်ဖွင့်လိုက်ပါတယ်။ ကျိုးမင်ရွေ့ဟာ မေးခွန်းတစ်ခုကို စဉ်းစားရင်း ဒီလိုမျိုး ထပ်ခါထပ်ခါ လုပ်နေပါတယ်။
‘ကလိုင်းက အသံတိတ်ပြောင်းမပါဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်၊ အင်း… ငါ အခု ဒီကိစ္စကို ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်လို့ပဲ သဘောထားမယ်၊ သူ့ကိုယ်သူ သတ်သေတာက ရုတ်ရုတ်သဲသဲတော့ ဖြစ်မှာပဲ၊ ဒါကို နံရံတစ်ဖက်ပဲခြားတဲ့ မလီဆာက ဘာဖြစ်လို့ လုံးလုံးလျားလျား သတိမထားမိရတာလဲ’
‘မလီဆာက အိပ်မောကျနေလို့လား… ဒါမှမဟုတ် ကလိုင်းရဲ့ သတ်သေမှုက လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေလို့လား…’
“ကလစ်…” အိတ်ဆောင်နာရီဟာ ပွင့်သွားပါတယ်။
“ကလစ်…” အိတ်ဆောင်နာရီဟာ ပိတ်သွားပါတယ်။
ကိုယ်လက်သန့်စင်ပြီးလို့ ပြန်လာတဲ့ မလီဆာဟာ သူ့အစ်ကိုက အိတ်ဆောင်နာရီဆီမှာ စိတ်မရှိဘဲနဲ့ အိတ်ဆောင်နာရီကို ဆက်တိုက် ဖွင့်လိုက် ပိတ်လိုက် လုပ်နေတာကို တွေ့သွားပါတယ်။
မလီဆာဟာ သူ့အစ်ကိုကို အသက်မပါတဲ့ အကြည့်နဲ့ တစ်ချက်ကြည့်ပြီး ချိုချိုသာသာ ပြောလိုက်ပါတယ် “ကလိုင်း… ကျန်တဲ့ ပေါင်မုန်တွေ အကုန်ထုတ်လိုက်တော့၊ ဒီနေ့ အသစ်ဝယ်ဖို့ မမေ့နဲ့၊ အသားနဲ့ ပဲလည်း ဝယ်လာခဲ့၊ အစ်ကိုက မကြာခင် အင်တာဗျူး ဖြေရတော့မှာဆိုတော့ သိုးသားကိုပဲနဲ့ ချက်ပေးမယ်”
မလီဆာဟာ ပြောပြောဆိုဆို အခန်းထောင့်က မီးဖိုတစ်ဖိုကို ရွေ့လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ မီးသွေးတချို့ထည့်ပြီး မီးမွှေးကာ ရေနွေးအိုးတစ်အိုး ကျိုပါတယ်။
ရေမဆူခင် မလီဆာဟာ ဗီရိုရဲ့ အောက်ဆုံးအံဆွဲကို ဖွင့်ပြီး သေချာသိမ်းဆည်းထားတဲ့ အရည်အသွေးနိမ့် လက်ဖက်ခြောက်ဘူး တစ်ဘူးကို ထုတ်ယူလိုက်ပါတယ်။ မလီဆာဟာ လက်ဖက်ခြောက် ဆယ်ရွယ်ခန့်ကို ရေနွေးအိုးထဲ ပစ်ထည့်ပြီး တကယ့် လက်ဖက်ရည်လို သဘောထားလိုက်ပါတယ်။
မလီဆာဟာ လက်ဖက်ရည်ခွက်ကြီး နှစ်ခွက်ရအောင် လောင်းထည့်ပြီး ဂျူံပေါင်မုန့်နှစ်တုံးနဲ့ လက်ဖက်ရည် တစ်ခွက်ကို ကျိုးမင်ရွေ့ရှေ့ ချပေးပါတယ်။
‘လွှာစာမှုန့်တွေ မပါဘူး… သိပ်လည်း မစေးကပ်ဘူးဆိုပေမဲ့ စားချင်စရာကို မရှိဘူး’
ကျိုးမင်ရွေ့ဟာ စိတ်ထဲမှာ စောဒကတက်လိုက်ပေမဲ့ ဗိုက်ဆာပြီး အားမရှိသလို ခံစားနေရတာမလို့ ပေါင်မုန်ကို လက်ဖက်ရည်နဲ့ မျောချလိုက်ပါတယ်။
မလီဆာဟာ သုံးလေးမိနစ်နဲ့ပဲ စားလို့ ပြီးသွားပါတယ်။ မလီဆာဟာ ရင်ဘက်နားထိ ရှည်လျားတဲ့ အနက်ရောင် ဆံပင်တွေကို သေသပ်အောင် ပြုပြင်ပြီးနောက် ကျိုးမင်ရွေ့ကို ကြည့်ကာ ပြောလိုက်ပါတယ်။
“လတ်ဆတ်တဲ့ ပေါင်မုန်တွေ ဝယ်ဖို့ မမေ့နဲ့နော်၊ ညီမတို့တွေ လိုတာက ရှစ်ပေါင်ပဲ၊ ရာသီဥတုက ပူတော့ ပေါင်မုန့်တွေက ခဏလေး မှိုတက်တယ်၊ နောက်ပြီး သိုးသားနဲ့ ပဲလည်း ဝယ်ဦး၊ အကုန်လုံးဝယ်ဖို့ မမေးနဲ့”
‘သူ့အစ်ကိုကို တကယ် ဂရုစိုက်နေတာပဲ၊ မမှတ်မိမှာစိုးလို့ နောက်တစ်ခါတောင် ထပ်ပြောရတယ်…’
ကျိုးမင်ရွေ့ဟာ အပြုံးနဲ့ ခေါင်းညိတ်လိုက်ပါတယ်။
“အေးပါ…”
ကျိုးမင်ရွေ့ဟာ လိုအင်နိုင်ငံရဲ့ ပေါင်နဲ့ ပတ်သက်ပြီး ကလိုင်းရဲ့ မှတ်ဉာဏ်တွေထဲ ရှာကြည့်လိုက်တဲ့အခါ သူသိတဲ့ ကီလိုဝက်လောက် ရှိလောက်မယ်လို့ တွက်လိုက်ပါတယ်။
မလီဆာဟာ ဘာမှ ထပ်မပြောတော့ဘဲ မတ်တတ်ရပ်ပြီး ရှင်းစရာရှိတာ ရှင်းလိုက်ပါတယ်။ နောက်ဆုံးကျန်တဲ့ ပေါင်မုန့်ကို နေ့လယ်စာအတွက် ထုပ်ပိုးပြီးနောက် မလီဆာဟာ သူတို့အမေ ချန်ထားခဲ့တဲ့ ဇာကာဦးထုပ်ဟောင်းကိုဆောင်း သူ့စာအုပ်တွေ စာရေးကိရိယာတွေ ထည့်ထားတဲ့ ကိုယ်တိုင်ချုပ်အိတ်ကို လွယ်ကာ ကျောင်းသွားဖို့ ပြင်ပါတယ်။
ဒီနေ့က တနင်္ဂနွေနေ့ မဟုတ်တဲ့အတွက် မလီဆာဟာ တစ်နေ့ကုန် ကျောင်းတက်ရမှာပါ။
သူတို့ရဲ့ တိုက်ခန်းကနေ ထင်းဂန် နည်းပညာကျောင်းကို ရောက်ဖို့ မိနစ် ငါးဆယ်လောက် လမ်းလျှောက်ရပါတယ်။ တစ်ကီလိုမီတာကို တစ်ပဲနိ မြို့တွင်း ဘယ်သွားသွား လေးပဲနိ မြို့စွန်သွားရင် ခြောက်ပဲနိ ပေးရတဲ့ မြင်းလှည်းတွေရှိပေမဲ့ ပိုက်ဆံချွေတာဖို့အတွက် မလီဆာဟာ ကျောင်းကို လမ်းလျှောက်သွားလေ့ ရှိပါတယ်။
မလီဆာဟာ အဓိကတံခါးကို ဖွင့်ပြီး အပြင်ထွက်တော့မဲ့ဆဲဆဲ ခြေလှမ်းကို တုံ့ခနဲရပ်ကာ တစ်ဝက်နောက်လှည့်ပြီး ပြောလိုက်ပါတယ် “ကလိုင်း… သိုးသားနဲ့ ပဲကို အများကြီး မဝယ်နဲ့၊ ဘန်ဆင်က တနင်္ဂနွေနေ့ကျရင် ပြန်လာလောက်တယ်၊ ဒါနဲ့ ညီမတို့တွေ ပေါင်မုန့် ရှစ်ပေါင်ပဲ လိုတယ်ဆိုတာ မမေ့နဲ့နော်”
“အေးပါ… ငါ သိပါတယ်” ကျိုးမင်ရွေ့ဟာ ဒေါသထွက်လာသံနဲ့ ဖြေလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကျိုးမင်ရွေ့ဟာ တနင်္ဂနွေနေ့ဆိုတဲ့ စကားလုံးကို စိတ်ထဲမှာ လေးငါးဆယ်ကြိမ် ရွတ်လိုက်ပါတယ်။
မြောက်ပိုင်းတိုက်မှာ တစ်နှစ်ကို ဆယ့်နှစ်လ ခွဲထားပါတယ်။ နှစ်တိုင်းမှာ ၃၆၅ ရက် ဒါမှမဟုတ် ၃၆၆ ရက် ရှိပြီး တစ်ပတ်ကိုလည်း ခုနစ်ရက် ခွဲထားပါတယ်။
လခွဲထားတာက နက္ခတာရာတွေကို ကြည့်ပြီး ခွဲထားတာပါ။ အဲဒါကြောင့် ကျိုးမင်ရွေ့ဟာ သူ အပြိုင်ကမ္ဘာတစ်ခုမှာ ရှိနေတယ်လို့ သံသယဝင်သွားပါတယ်။
ရက်ခွဲတာကတော့ ကိုးကွယ်ယုံကြည်မှုကြောင့်ပါ။ မြောက်ပိုင်းတိုက်မှာ အစဉ်အဆက် လက်ခံကိုးကွယ်လာတဲ့ နတ်ဘုရားခုနစ်ပါး ရှိပါတယ်။ အနှိုင်းမဲ့တောက်ပတဲ့ နေမင်း၊ မုန်တိုင်းတို့ရဲ့ အရှင်၊ အသိဉာဏ်ပညာ နတ်ဘုရား၊ ထာဝရည နတ်ဘုရားမ၊ မယ်တော်မြေနတ်ဘုရားမ၊ စစ်နတ်ဘုရား၊ ရေနွေးငွေ့နဲ့ စက်ယန္တရား နတ်ဘုရား ခုနစ်ပါးပါ။
သူ့ညီမ တံခါးပိတ်ကာ ထွက်သွားတာကို ကြည့်ပြီး ကျိုးမင်ရွေ့ဟာ ရုတ်တရက်ဆိုသလို သက်ပြင်းချလိုက်ပါတယ်။ မကြာခင်မှာပဲ ကျိုးမင်ရွေ့ရဲ့ အတွေးတွေဟာ ကံကောင်းစေတဲ့ အစီအရင်ဆီ ရောက်သွားပါတယ်။
‘တောင်းပန်ပါတယ်… ငါ တကယ် အိမ်ပြန်ချင်လို့ပါ’