အခန်း (၂) အခြေအနေ
“ရှပ်..ရှပ်..ရှပ်..”
ကျိုးမင်ရွေ့ဟာ ဒယီးဒယီနဲ့ နောက်ဆုတ်မိလိုက်ပါတယ်။ မှန်ထဲက အဝတ်အစားနဲ့လူဟာလည်း သူမဟုတ်ဘဲ အသက်မဲ့နေတဲ့ အလောင်းတစ်လောင်းလို ခံစားလိုက်ရပါတယ်။
‘ဒီလောက် ဒဏ်ရာ ဆိုးဆိုးရွားရွား ရထားတဲ့လူက ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ’
ကျိုးမင်ရွေ့ဟာ ခေါင်းထပ်လှည့်ပြီး တခြားဖက်ကို ကြည့််လိုက်ပါတယ်။ အလင်းရောင် သိပ်မရှိပေမဲ့ ကျိုးမင်ရွေ့ဟာ သွေးစသွေးနတွေနဲ့ ဒဏ်ရာကို မြင်နိုင်တုန်းပါပဲ။
“ဒါ…”
ကျိုးမင်ရွေ့ဟာ အသက်အရှည်ကြီးရှူပြီး စိတ်ငြိမ်အောင် ကြိုးစားလိုက်ပါတယ်။
အဲဒီနောက် ကျိုးမင်ရွေ့ဟာ ဘယ်ဘက်ရင်အုံကို ညာလက်နဲ့ ဖိကြည့်လိုက်တဲ့အခါ အလွန်အားကောင်းတဲ့ အသက်ဓာတ်တွေ ထုတ်လွှတ်ပြီး တရစပ်ခုန်နေတဲ့ သူ့နှလုံသားကို ခံစားမိလိုက်ပါတယ်။
အဲဒီနောက် ကျိုးမင်ရွေ့ဟာ သူရဲ့ အရေပြားကို စမ်းကြည့်လိုက်တဲ့အခါ မသိမသာ အေးစက်မှုအောက်မှာ နွေးထွေးမှုတွေ စီးဆင်းနေတာကို ခံစားမိလိုက်ပါတယ်။
အဲဒီနောက် ကျိုးမင်ရွေ့ဟာ ဒူးထောက်ပြီး သူ့ဒူးတွေ ကောင်းသေးလားဆိုတာကို စစ်ဆေးပါတယ်။ ပြီးတဲ့အခါမှာတော့ ကျိုးမင်ရွေ့ဟာ မတ်တတ်ရပ်ပြီး ငြိမ်ကျသွားပါတယ်။
“ဘာတွေဖြစ်နေတာလဲ” ကျိုးမင်ရွေ့ဟာ မျက်မှောင်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်ပါတယ်။ ကျိုးမင်ရွေ့ဟာ သူ့ခေါင်းက ဒဏ်ရာကို သေသေချာချာ စစ်ဆေးကြည့်ဖို့ စဉ်းစားလိုက်ပါတယ်။
ကျိုးမင်ရွေ့ဟာ ရှေ့ကို ခြေနှစ်လှမ်း တိုးလိုက်ပေမဲ့ ရုတ်တရက် ရပ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြက်သွေးရောင်လရဲ့ အလင်းရောင်က နည်းနည်းမှောင်တဲ့အတွက် သူ့ဒဏ်ရာကို သေသေချာချာ စစ်ဆေးကြည့်ဖို့ မလုံလောက်လို့ပါပဲ။
ကျိုးမင်ရွေ့ဟာ ဘေးလှည့်ပြီး စားပွဲပေါ်က သတ္တူဘောင်ခတ် မီးအိမ်နဲ့ နံရံပေါ်က အဖြူရောင်မှိုင်းမှိုင်း ပိုက်တွေကိုကြည့်ကာ မှတ်ဉာဏ်အပိုင်းအစ တစ်ခုကို သတိရသွားပါတယ်။
ဒီမီးအိမ်က ဒီခေတ်ရဲ့ လူသုံးအများဆုံး ဓာတ်ငွေ့မီးအိမ်ပါ။ ဒီမီးအိမ်ရဲ့ မီးတောက်က တည်ငြိမ်ပြီး အလင်းအားကလည်း တော်တော်ကောင်းပါတယ်။
ကလိုင်းမိုရက်တီ မိသားစု အခြေအနေနဲ့ ရေနံဆီမီးအိမ်တောင် အိပ်မက်ထဲမှာပဲ သုံးရတာမလို့ ဓာတ်ငွေ့မီးအိမ်ဆို ပိုဆိုးတာပေါ့။ သူတို့ရဲ့ အခြေအနေနဲ့ ဖယောင်းတိုင်ကိုသုံးတာက အသင့်တော်ဆုံးပါ။
ဒါပေမဲ့ လွန်ခဲ့တဲ့လေးနှစ်က ကလိုင်းမိုရက်တီ ခွိုင်းတက္ကသိုလ်ဝင်ခွင့်ရတော့ သူ့အစ်ကို ဘန်ဆင်က သူတို့မိသားစု အနာဂတ်ဟာ ဒီကိစ္စပေါ် မူတည်နေတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကြောင့် ကလိုင်း စာလေ့လာလို့ အဆင်ပြေအောင် အကြွေးတင်ရင် တင်ပလေ့စေဆိုပြီး လုပ်ပေးခဲ့တာပါ။
ဘန်ဆင်က စာတတ်ပေတတ်ပါ။ လုပ်ငန်းခွင်ထဲ ရောက်နေတာလည်း နှစ်နည်းနည်း ကြာပြီဆိုတော့ အကျိုးဆက်ကို မတွေးဘဲ ထင်ရာလုပ်တတ်တဲ့လူ မဟုတ်ပါဘူး။ သူ့မှာ အကြံကောင်း တချို့ရှိနေခဲ့ပါတယ်။
ဘန်ဆင်ဟာ တိုက်ခန်းပိုင်ရှင်ကို ဓာတ်ငွေ့လိုင်းတွေ သွယ်တန်းတာက တိုက်ခန်းရဲ့ အဆင့်အတန်းကို မြင့်သွားစေပြီး နောက်ကျရင် တိုက်ခန်းငှားခ ပိုရနိုင်တယ်လို့ ကျိုးကြောင်းပြ ပြောဆိုခဲ့ပါတယ်။ တိုက်ခန်းပိုင်ရှင်လည်း ဘန်ဆင်စကားကို လက်ခံပြီး ဓာတ်ငွေ့သွယ်တန်းဖို့ အခြေခံ ကုန်ကျစရိတ်ကို ထုတ်ပေးခဲ့ပါတယ်။
အဲဒီနောက် ဘန်ဆင်ဟာ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီက အဆက်အသွယ်နဲ့ ဓာတ်ငွေ့မီးအိမ်အသစ်တစ်လုံးကို အရင်းဈေးလောက်နဲ့ ဝယ်ယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘန်ဆင်ဟာ စုထားတဲ့ပိုက်ဆံတွေကိုပဲ သုံးလိုက်ရပြီး ပိုက်ဆံချေးဖို့ မလိုခဲ့ပါဘူး။
ဒီမှတ်ဉာဏ် အပိုင်းအစ လျှပ်တစ်ပြက် ပေါ်လာပြီးနောက် ကျိုးမင်ရွေ့ဟာ စားပွဲဆီ လျှောက်သွားကာ ဓာတ်ငွေ့လိုင်း ပိုက်ခေါင်းကို လှည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဓာတ်ငွေ့မီးအိမ်ရဲ့ ခလုတ်ကိုလည်း ရစ်လိုက်ပါတယ်။
တဗျစ်ဗျစ် အသံနဲ့အတူ ပွတ်တိုက်မှုကနေ မီးစလေးတစ်စ ထွက်လာပါတယ်။ ဒါပေမဲ့ ကျိုးမင်ရွေ့ ထင်ထားသလို အလင်းရောင်ကတော့ ပေါ်မလာပါဘူး။
ကျိုးမင်ရွေဟာ ခလုတ်ကို လေးငါးကြိမ်လောက် ရစ်ကြည့်ပါတယ်။ ဒါပေမဲ့ ဓာတ်ငွေ့မီးအိမ်က တဗျစ်ဗျစ်ပဲ မြည်ပြီး ဆက်မှောင်မိုက်နေပါတယ်။
“ဟင်း…” ကျိုးမင်ရွေ့ဟာ လက်ပြန်ရုပ်ပြီး ဘယ်နားထင်ကို ဖိကာ မှတ်ဉာဏ် အပိုင်းအစတွေကနေ မီးအိမ် မီးမလင်းရတဲ့ အကြောင်းရင်းကို လှန်လှောရှာဖွေပါတယ်။
လေးငါးစက္ကန့် အကြာမှာတော့ ကျိုးမင်ရွေ့ဟာ ဘေးတစ်ဖက် လှည့်ပြီး တံခါးဆီ လျှောက်သွားပါတယ်။ ကျိုးမင်ရွေ့ဟာ နံရံပေါ်မှာကပ်ပြီး တင်ဆင်ထားတဲ့ စက်တစ်ခုဆီ ရောက်သွားပါတယ်။ ဒီစက်ဟာ အဖြူရောင်မှိုင်းမှိုင်း ပိုက်လုံးတွေနဲ့ သွယ်တန်းထားပါတယ်။
ဒါက ဓာတ်ငွေ့မီတာပါ။
တစ်စွန်းတစ်စ ပေါ်နေတဲ့ ဂီယာတွေ ဘောတွေကို ကြည့်ပြီးနောက် ကျိုးမင်ရွေ့ဟာ သူ့ဘောင်းဘီ အိတ်ကပ်ထဲကနေ အကြွေစေ့တစ်စေ့ကို ထုတ်ယူလိုက်ပါတယ်။
ဒီအကြွေစေ့က နက်မှောင်ဝါရင့်ပြီး ကြေးရောင် လဲ့နေပါတယ်။ အကြွေစေ့ရဲ့ ရှေ့ဘက်မှာ သရဖူဆောင်းထားတဲ့ လူတစ်ယောက်ရဲ့ပုံကို ထွင်းထားပြီး နောက်ဘက်မှာတော့ စပါးနှံပေါ်မှာ တစ်လို့ ထွင်းထားပါတယ်။
ကျိုးမင်ရွေ့ဟာ ဒီအကြွေစေ့က လိုအင်နိုင်ငံရဲ့ အခြေခံအကျဆုံး ငွေကြေးမှန်း သိလိုက်ပါတယ်။ ဒီအကြွေစေ့ကို တစ်ပဲနိလို့ ခေါ်ပါတယ်။ တစ်ပဲနိရဲ့ တန်ဖိုးက သူ့ဘဝဟောင်းမှာဆိုရင် သုံးလေးယွမ်လောက်နဲ့ ညီမျှပါတယ်။
ဒီလိုမျိုး ငါးပဲနိ၊ ပဲနိဝက်နဲ့ ပဲနိအစိတ်လိုမျိုး တခြား အကြွေစေ့တွေလည်း ရှိပါတယ်။ ဒီလို အကြွေ သုံးမျိုးလောက် ရှိနေပေမဲ့ သူတို့တန်ဖိုးက သိပ်မနိမ့်ပါဘူး။ အဲဒါကြောင့် လူနေမှုဘဝမှာ တစ်ပဲနိကုန်ဖို့ တော်တော်များများ လျှောက်ဝယ်ရပါတယ်။
ကျိုးမင်ရွေ့ဟာ ဂျော့ချ်ဘုရင်သုံး ဘုရင်ဖြစ်လာပြီးမှ ရိုက်နှိပ်တဲ့ အကြွေစေ့ကို ဟိုဘက်ဒီဘက် လှည့်ပြီးနောက် ဓာတ်ငွေ့မီတာနဲ့ ဒေါင်လိုက် ပါးစပ်ပါးပါးလေးထဲ ထည့်လိုက်ပါတယ်။
“ကလစ်… ကလောက်…”
ဓာတ်ငွေ့မီတာအောက်ကို ပဲနိကျသွားတဲ့အခါ ဂီယာတွေ ချက်ချင်း လည်ပတ်သွားပြီး တိုတောင်းပေမဲ့ စည်းချက်ကျတဲ့ စက်သံတစ်သံ ထွက်ပေါ်လာပါတယ်။
ကျိုးမင်ရွေ့ဟာ ဓာတ်ငွေ့မီတာကို လေးငါးစက္ကန့်လောက် စိုက်ကြည့်ပြီးနောက် သစ်သားစားပွဲဆီ ပြန်သွားကာ ဓာတ်ငွေ့မီးအိမ်ရဲ့ ခလုတ်ကို ရစ်လိုက်ပါတယ်။
တဗျစ်ဗျစ် မြည်ပြီးနောက် ရှူးခနဲအသံ ထွက်ပေါ်လာပြီး မီးတောက်လေးတစ်စ တောက်လောင်လာကာ လျင်မြန်စွာ ကြီးထွားသွားပါတယ်။ တောက်ပတဲ့ အလင်းရောင်ဟာ မီးအိမ်အတွင်းဘက်က နံရံတွေကို ပထမဆုံး နေရာယူပြီး အဲဒီနောက် ကြည်လင်ပြတ်သားတဲ့ မှန်နံရံကို ထိုးဖောက်ကာ ကျိုးမင်ရွေ့ရဲ့ အိပ်ခန်းဆီ နွေးထွေးတဲ့ မီးရောင် ဆောင်ယူလာပါတယ်။
အမှောင်ထုဟာ လျင်မြန်စွာ မှေးမှိန်သွားပြီး ကြက်သွေးရောင်ကလည်း ပြတင်းပေါက် အပြင်ဘက်ကို ဆုတ်ခွာသွားပါတယ်။ ကျိုးမင်ရွေ့ဟာ နေသာထိုင်သာ ရှိသွားပြီး ပဟေဠိကို အဖြေရှာဖို့အတွက် ကိုယ်လုံးပေါ်မှန်ရှေ့ဆီ ခပ်သုတ်သုတ် ရောက်သွားပါတယ်။
ဒီတစ်ကြိမ်မှာတော့ ကျိုးမင်ရွေ့ဟာ သူ့နားထင်ကို သေချာ အသေးစိတ် စစ်ဆေးပါတယ်။
ကျိုးမင်ရွေ့ဟာ လေးငါးကြိမ် စစ်ဆေးပြီးနောက် သူ့ဒဏ်ရာက သွေးစွန်းနေတာလွဲရင် ဘာအရည်မှ ထပ်မထွက်တော့တာကို တွေ့လိုက်ရပါတယ်။ သွေးထွက်တာ အလိုလိုရပ်ပြီး အကောင်းဆုံးနည်းနဲ့ ပတ်တီးစီးခံလိုက်ရသလိုပါပဲ။
သာမန်မျက်စိနဲ့ မြင်နိုင်လောက်အောင် အသွေးအသားတွေ ပြန်ဖြစ်ထွန်းလာတာကို ကြည့်ပြီး ဒီဒဏ်ရာက မိနစ် သုံးဆယ်ကနေ လေးဆယ် အများဆုံး နှစ်နာရီကနေ သုံးနာရီအတွင်း သာမန် အနာရွတ်ပဲ ကျန်တဲ့အထိ ကျက်သွားနိုင်ပါတယ်။
‘ဒီလိုပြန်ကောင်းတာက ဘဝကူးပြောင်းလာလို့လား’ ကျိုးမင်ရွေ့ဟာ နှုတ်ခမ်းတွန့်ပြီး တိတ်တဆိတ် ရေရွတ်လိုက်ပါတယ်။
အဲဒီနောက် ကျိုးမင်ရွေ့ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ အသက်ရှင်နေသေးတယ် မဟုတ်ပါလား။
ကျိုးမင်ရွေ့ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီးနောက် အံဆွဲကို ဆွဲဖွင့်ကာ ဆပ်ပြာသေးသေးလေး တစ်တုံးကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် ကျိုးမင်ရွေ့ဟာ ဗီရိုဘေးမှာ လှန်းထားတဲ့ မျက်နှာသုတ် ပဝါဟောင်းတစ်ထည်ကို ယူလိုက်ပါတယ်။
ပြီးတဲ့အခါမှာတော့ တံခါးဖွင့်ပြီး ဒုတိယထပ်က အိမ်ငှားတွေ မျှသုံးရတဲ့ ဘုံရေချိုးခန်းဆီ လျှောက်သွားပါတယ်။
‘ဟုတ်တယ်… ငါ့ခေါင်းက သွေးစသွေးနတွေကို ရှင်းပစ်ရမယ်၊ မဟုတ်ရင် ငါက ပြစ်မှု ကျူးလွန်ခဲ့တဲ့ လူဆိုးပုံ ပေါ်နေလိမ့်မယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး လန့်တာက ကိစ္စမရှိဘူး၊ ဒါပေမဲ့ ငါ့ညီမကို လန့်အောင်လုပ်မိလို့ မဖြစ်ဘူး၊ မလီဆာက မနက်အစောကြီး ထလာလို့ ငါ့ကို ဒီပုံစံအတိုင်း မြင်သွားရင် ပြဿနာတက်ကုန်မယ်’
အပြင်ဘက်က လူသွားလမ်းဟာ မှောင်မည်းနေပါတယ်။ လူသွားလမ်းဆုံးက ပြတင်းပေါက်ကနေ ဝင်လာတဲ့ ကြက်သွေးရောင် လရောင်ကြောင့် အရိပ်ဆိုတာက ထင်ရုံပဲ ရှိပါတယ်။ ဒီအရိပ်တွေဟာ အမှောင်ထဲကနေ သားကောင်ကို ချောင်းနေတဲ့ မွန်းစတားတွေလိုပါပဲ။
ကျိုးမင်ရွေ့ဟာ ကြောက်ကြောက်နဲ့ပဲ ခြေလှမ်းကို ခပ်ဖော့ဖော့လျှောက်ပြီး ဘုံရေချိုးခန်းဆီ သွားပါတယ်။
ဘုံရေချိုးခန်းထဲ ဝင်လိုက်တဲ့အခါ လရောင်ပိုရတဲ့အတွက် အရာအားလုံးကို ပိုပြီးတော့ သဲသဲကွဲကွဲ မြင်လိုက်ရပါတယ်။ ကျိုးမင်ရွေ့ဟာ ရေဇလုံတစ်ခုရှေ့မှာ ရပ်ပြီး ရေပိုက်ခေါင်းကို လှည့်ဖွင့်လိုက်ပါတယ်။
ရေပိုက်ခေါင်းကနေ ထွက်ကျလာတဲ့ ရေသံတွေကြောင့် ကျိုးမင်ရွေ့ဟာ တိုက်ခန်းပိုင်ရှင် မစ္စတာ ဖရန်ကီကို ရုတ်တရက် တွေးမိသွားပါတယ်။
အိမ်ငှားခထဲမှာ ရေဖိုးလည်း ပါတာကြောင့် အရပ်ပုပု ပိန်ပိန်ပါးပါးနဲ့ ခေါင်းမှာ ဦးထုပ်တစ်လုံး ဆောင်းကာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတတ်တဲ့ မစ္စတာ ဖရန်ကီဟာ ရေချိုးခန်းကို အမြဲတမ်း စစ်ဆေးရေးဝင်ကာ ရေသံကို နားထောင်လေ့ရှိပါတယ်။
ရေသံကျယ်ကျယ် ကြားရပြီဆိုတာနဲ့ မစ္စတာ ဖရန်ကီဟာ လူကြီးလူကောင်း အမူအရာတွေ အကုန်လုံးကို လျစ်လျူရှုပြီး လက်ထဲက တောင်ဝှေးနဲ့ ရေချိုးခန်းတံခါးကို ရိုက်ကာ အခုလိုမျိုး အသံကျယ်ကျယ် အော်ပြောလေ့ ရှိပါတယ်။
“သူခိုးစုတ်”
“ရေဖြုန်းတီးတာက အရှက်မရှိတဲ့ လုပ်ရပ်ပဲ”
“ငါ မင်းကို မှတ်ထားမယ်”
“ဒီလိုမျိုးလုပ်တာ ငါ နောက်တစ်ခါ ထပ်တွေ့ရင် မင်းရဲ့ အထုပ်စုတ်တွေကို သယ်ပြီး ငါ့အိမ်ပေါ်ကနေ ခေါင်းနဲ့ ဆင်းသွားရမယ်”
“င့ါစကားကို မှတ်ထား၊ ငါ့တိုက်ခန်းတွေက ထင်းဂန်မြို့မှာ အတန်ဆုံး တိုက်ခန်းတွေပဲ၊ ငါ့ထက် ကြင်နာတဲ့ တိုက်ခန်းပိုင်ရှင်ကိုလည်း မင်းတို့တွေ ဘယ်မှာမှ ရှာတွေ့မှာ မဟုတ်ဘူး”
ကျိုးမင်ရွေ့ဟာ ဒီအတွေးတွေကို ခေါင်းထဲက ရှင်းထုတ်လိုက်ပြီး ရေစိုနေတဲ့ ပဝါနဲ့ မျက်နှာပေါ်က သွေးစသွေးနတွေကို ထပ်ခါထပ်ခါ သုတ်ပစ်လိုက်ပါတယ်။
ကျိုးမင်ရွေ့ဟာ ရေချိုးခန်းထဲက မှန်နဲ့ သူ့ကိုယ်သူ စစ်ဆေးကြည့်ပြီး မထင်မရှားအနာနဲ့ ဖျော့တော့တဲ့ မျက်နှာပဲ ကျန်တော့တယ်ဆိုတာကို တွေ့လိုက်ရမှ စိတ်သက်သာရာ ရသွားပါတယ်။
အဲဒီနောက် ကျိုးမင်ရွေ့ဟာ ရှပ်အင်္ကျီကို ချွတ်ပြီး ဆပ်ပြာတုံးနဲ့ ပွတ်တိုက်ကာ သွေးစသွေးနတွေကို ဆေးကြောပါတယ်။
ဒီအချိန်မှာ ကျိုးမင်ရွေ့ဟာ မျက်မှောင်ကြုတ်သွားပြီး ပြဿနာတစ်ခုကို တွေးမိလိုက်ပါတယ်။ အဲဒီပြဿနာကတော့ ဒဏ်ရာက ကြီးလွန်းပြီး သွေးထွက်များတဲ့အတွက် သူ့ခန္ဓာကိုယ်ကလွဲရင် သူ့အခန်းထဲမှာလည်း ခြေစလက်စတွေ ကျန်ခဲ့မှာကိုပါ။
ကျိုးမင်ရွေ့ဟာ သူ့ရှပ်အင်္ကျီကို ဆေးကြောပြီးနောက် သူ့အခန်းထဲကို ရေစိုပဝါတစ်ထည်နဲ့ ခပ်သွက်သွက် ပြန်သွားပါတယ်။ ကျိုးမင်ရွေ့ဟာ ပထမဆုံး စားပွဲပေါ်က သွေးလက်ဝါးရာကို သုတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဓာတ်ငွေ့မီးအိမ်ရဲ့ အလင်းရောင်အောက်မှာ ဘယ်နေရာတွေ ကျန်နေခဲ့လဲဆိုတာ လိုက်ရှာပါတယ်။
ကျိုးမင်ရွေ့ဟာ ချက်ချင်းဆိုသလိုပဲ စားပွဲအောက်က ကြမ်းပြင်မှာ သွေးတချို့ ပေကျံနေတာကို ရှာတွေ့သွားပါတယ်။ ဒ့ါအပြင် နံရံရဲ့ ဘယ်ဘက်မှာလည်း အဝါရောင် ကျည်ဆံတစ်ဆံကို တွေ့လိုက်ရပါတယ်။
‘နားထင်ကို ခြောက်လုံးပြူးနဲ့ ပစ်တာလား’ ကျိုးမင်ရွေ့ဟာ ရှာတွေ့တဲ့ သဲလွန်စတွေကို စုစည်းကြည့်ပြီး ကလိုင်းမိုရက်တီ ဘယ်လို သေသွားလဲဆိုတာ အကြမ်းဖျဉ်း နားလည်သွားပါတယ်။
ကျိုးမင်ရွေ့ဟာ သူ့ခန်းမှန်ချက်ကို သက်သေပြဖို့ အလျင်မလိုပါဘူး။ အဲဒီအစား သွေးစသွေးနတွေကို လိုက်သုတ်ပြီး ဘာမှမကျန်အောင် ရှင်းလင်းပါတယ်။ ပြီးတဲ့အခါမှာတော့ ကျည်ဆံကို ကောက်ယူပြီး စားပွဲဘေး ပြန်သွားပါတယ်။
ကျိုးမင်ရွေ့ဟာ ခြောက်လုံးပြူးရဲ့ ဆလင်ဒါကို ဖွင့်ကြည့်ပြီး အထဲက ကျည်ဆံတွေကို သွန်ချလိုက်တဲ့အခါ ကြေးရောင်စိုနေတဲ့ ကျည်ဆံငါးတောင့်နဲ့ အခွံတစ်ခွံ ထွက်လာတာကို တွေ့လိုက်ရပါတယ်။
‘တကယ်ပါပဲလား…’
ကျိုးမင်ရွေ့ဟာ သူ့ရှေ့က ကျည်ခွံကို ကြည့်ပြီး ခေါင်းတညိတ်ညိတ် ဖြစ်သွားကာ ကျည်ဆံတွေကို ဆလင်ဒါထဲ တစ်တောင့်ချင်း ပြန်ထည့်လိုက်ပါတယ်။
အဲဒီနောက် ကျိုးမင်ရွေ့ဟာ ဘယ်ဘက်ကို နည်းနည်း ရွှေ့ကြည့်လိုက်တဲ့အခါ မှတ်စုစာအုပ်ပေါ်က စာလုံးတွေဆီ ရောက်သွားပါတယ်။
“လူတိုင်းသေလိမ့်မယ်၊ ငါလည်း သေလိမ့်မယ်”
ကျိုးမင်ရွေ့ဟာ ဒါတွေကိုကြည့်ပြီး ခေါင်းထဲမှာ မေးခွန်းတွေ ပိုပေါ်လာပါတယ်။
‘ဒီခြောက်လုံးပြူးက ဘယ်ကနေ ရောက်လာတာလဲ’
‘ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား… သတ်သေတဲ့ပုံ လုပ်ထားတာလား’
‘သာမန်နောက်ခံပဲ ရှိတဲ့ သမိုင်းဘွဲ့ရတစ်ယောက်က ဘယ်လို ပြဿနာမျိုးထဲ ရောက်သွားလို့လဲ’
‘ဒီလိုသတ်သေတဲ့နည်းလမ်းက ဘာဖြစ်လို့ သွေးနည်းနည်းပဲ ကျန်နေခဲ့တာလဲ၊ ငါက အချိန်ကိုက် ကုသနိုင်စွမ်းနဲ့ ဘဝကူးပြောင်းလာတာလား’
တစ်ခဏ စဉ်းစားပြီးနောက် ကျိုးမင်ရွေ့ဟာ တခြားရှပ်အင်္ကျီတစ်ထည် ကောက်ဝတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကုလားထိုင်ပေါ်မှာ ထိုင်ပြီး ဒီထက် အရေးကြီးတဲ့ ကိစ္စတွေကို စစဉ်းစားပါတယ်။
ကလိုင်းရဲ့ အတွေ့အကြုံတွေက သူ ဂရုစိုက်သင့်တဲ့ အရာတွေ မဟုတ်ပါဘူး။ သူ တကယ် အဖြေရှာရမဲ့ ပြဿနာက သူ ဘာဖြစ်လို့ ဘဝကူပြောင်းလာတာလဲဆိုတဲ့ အကြောင်းအရင်းနဲ့ သူ ပြန်သွားနိုင်လားဆိုတဲ့ အချက်ပါ။
သူ့မိဘတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေ၊ အင်တာနက်နဲ့ အရသာရှိတဲ့ အစားအစားမျိုးစုံ… ဒါတွေ အကုန်လုံးက ကျိုးမင်ရွေ့ကို ချက်ချင်း ပြန်သွားချင်စိတ် ဖြစ်ပေါ်စေပါတယ်။
“ကလစ်… ကလစ်… ကလစ်…”
ကျိုးမင်ရွေ့ရဲ့ ညာလက်ဟာ ခြောက်လုံးပြူးရဲ့ ဆလင်ဒါကို ထုတ်လိုက် ထည့်လိုက်နဲ့ အလိုလို ဆော့နေမိပါတယ်။
‘ဟုတ်တယ်၊ ဒီအချိန်နဲ့ ပြီးခဲ့တဲ့အချိန်က ငါ့အတွက် သိပ်ကွာတာလည်း မဟုတ်ဘူး၊ နည်းနည်း ကံမကောင်းရုံပဲ ရှိတဲ့ဟာကို၊ ဘာဖြစ်လို့ ဘာအကြောင်းအရင်းမှ မရှိဘဲ ငါ ဘဝကူးပြောင်းလာရတာလဲ’
‘ကံဆိုးတာပဲ… ကံကောင်းအောင် အစီအရင်လုပ်တာ ကံမကောင်းဘဲ ကံဆိုးသွားတယ်’
ဟုတ်ပါတယ်။ ကျိုးမင်ရွေ့ဟာ ဒီနေ့ ညစာ မစားခင် ကံကောင်းစေတဲ့ အစီအရင်ကို စမ်းကြည့်ခဲ့ပါတယ်။
ကျိုးမင်ရွေ့ရဲ့ ခေါင်းထဲမှာ အတွေးတစ်ချက် လင်းလင်သွားပြီး ဝေဝါးနေတဲ့ တိမ်တိုက်တွေအောက်က မှတ်ဉာဏ်တွေကို ပေါ်လာစေပါတယ်။
အရည်အချင်း ပြည့်မီတဲ့ နိုင်ငံရေး ကီးဘုတ်သမား၊ သမိုင်းကီးဘုတ်သမား၊ စီးပွားရေး ကီးဘုတ်သမား၊ ဇီဝဗေဒ ကီးဘုတ်သမား၊ လူတွေအကြောင်း လေ့လာတဲ့ ကီးဘုတ်သမားအနေနဲ့ ကျိုးမင်ရွေ့ဟာ သူ့ကိုယ်သူ အရာအားလုံး သိတယ်လို့ ခံယူထားပါတယ်။ ဒါပေမဲ့ သူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းကတော့ သူ့ကို အကုန်လုံး နည်းနည်းပဲသိတဲ့လူလို့ မကြာခဏ လှောင်ပြောင်ပါတယ်။
ဒီထဲမှာ ကျိုးမင်ရွေ့ စိတ်ဝင်စားတဲ့ အရာတစ်ခုက တရုတ်ရှေးဟောင်း ဂမ္ဘီရပညာရပ်ပါ။
ကျိုးမင်ရွေ့ဟာ လွန်ခဲ့တဲ့နှစ်က မွေးရပ်မြေကို အလည်သွားတုန်း စာအုပ်ဟောင်းဆိုင် တစ်ဆိုင်မှာ ချင်နဲ့ဟန်မင်းဆက်က လျှို့ဝှက်ဆန်းကြယ် ဂမ္ဘီရပညာရပ် ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရှာတွေ့ခဲ့ပါတယ်။
ကျိုးမင်ရွေ့ဟာ ဒီစာအုပ်က စိတ်ဝင်စားဖို့ကောင်းပြီး အင်တာနက်ပေါ် ဟိတ်ဟန်ထုတ်တဲ့နေရာမှာ ကူညီနိုင်လိမ့်မယ်လို့ ခံစားမိတာကြောင့် ဝယ်ယူခဲ့ပါတယ်။ ဒါပေမဲ့ သူ့စိတ်ဝင်စားမှုက ကြာကြာ မခံလိုက်ပါဘူး။
စာလုံးတွေကို ဒေါင်လိုက်ရေးနည်းနဲ့ ရေးထားတာက ကျိုးမင်ရွေ့ကို စာဖတ်ရတာ တော်တော်လေး အဆင်မပြေ ဖြစ်စေပါတယ်။ အဲဒါကြောင့် ကျိုးမင်ရွေ့ လုပ်ခဲ့တာက ဟိုလှန်ဒီလှန်လုပ်ပြီး ချောင်ထိုးထားလိုက်တာပါ။
ဒီလိုနဲ့ နေလာလိုက်တာ လွန်ခဲ့တဲ့လက ကျိုးမင်ရွေ့ ဖုန်းပျောက်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဖောက်သည်တွေကလည်း သူ့ကို လိမ်ပြီး ထွက်ပြေးသွားပါတယ်။ အလုပ်မှာလည်း အမှားတွေ လုပ်မိပါတယ်။
ဒီတော့မှပဲ ကျိုးမင်ရွေ့ဟာ လျှို့ဝှက်ဆန်းကြယ် ဂမ္ဘီရပညာရပ် စာအုပ်ထဲက ကံကောင်းစေတဲ့ အစီအရင်တစ်ခုကို ရုတ်တရက် သတိရသွားပါတယ်။ ဒီအစီအရင်ရဲ့ လိုအပ်ချက်က ရိုးရှင်းပြီး စီရင်တဲ့လူကလည်း ဘာအခြေခံမှရှိဖို့ မလိုပါဘူး။
လိုအပ်တာဆိုလို့ သူနေတဲ့နေရာက အဓိကအစားအစား လေးပွဲပြင်ပြီး သူ့အခန်းရဲ့ ထောင့်လေးထောင့်မှာ ထားရမှာပါ။ ဒီအစားအစာ လေးပွဲကို စားပွဲခုံ ဗီရိုစတဲ့ ပရိဘောဂတွေပေါ်မှာလည်း ထားလို့ရပါတယ်။
ပြီးရင် အခန်းအလယ်မှာရပ်ပြီး နာရီလက်တံ ပြောင်းပြန်အတိုင်း စတုရန်းပုံဖြစ်အောင် ခြေလှမ်းလေးလှမ်း လှမ်းရပါ့မယ်။
ပထမခြေလှမ်း လှမ်းတဲ့အခါ “မိုးမြေ အင်မော်တယ်အရှင်မှ ကောင်းချီးပေးတော်မူပါ” လို့ စိတ်ရင်းနဲ့ ရွတ်ဆိုရပါမယ်။ ဒုတိယခြေလှမ်း လှမ်းတဲ့အခါမျာတော့ “မိုးမြေ ကောင်းကင်အရှင်မှ ကောင်းချီးပေးတော်မူပါ” လို့ တိတ်တဆိတ် ရွတ်ရပါမယ်။
တတိယ ခြေလှမ်းမှာ “မိုးမြေ နတ်တို့၏အရှင်သခင်မှ ကောင်းချီပေးတော်မူပါ” စတုတ္ထခြေလှမ်းမှာ “မိုးမြေတို့နှင့် ညီမျှသော နတ်ဒေဝါတာမှ ကောင်းချီပေးတော်မူပါ” လို့ ရွတ်ရပါတယ်။
အဲဒီခြေလှမ်းလေးလှမ်း လှမ်းပြီးရင် မူလနေရာမှာ မျက်လုံးမှိတ်ပြီး ငါးမိနစ် နေရပါမယ်။ ပြီးရင်တော့ အစီအရင်ပြီးသွားပြီလို့ ယူဆလို့ရပါတယ်။
ဒါက ဘာပိုက်ဆံမှ မကုန်တဲ့အတွက် ကျိုးမင်ရွေ့ဟာ ဂမ္ဘီရစာအုပ်ကို ပြန်ရှာပြီး အဲဒီထဲကအတိုင်း ညစာမစားခင် စမ်းလုပ်ကြည့်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဘာမှ မဖြစ်ပါဘူး။
အဲဒီတုန်းက ဘာမှဖြစ်ဘဲ ညလယ်ခေါင်ရောက်မှ တကယ်ကြီး ဘဝကူးပြောင်းသွားလိမ့်မယ်လို့ ဘယ်သူက ခန့်မှန်းမိမှာလဲ။
ဘဝကူးပြောင်းမှု။
‘ဒါက ကံကောင်းစေတဲ့ အစီအရင်ကြောင့် ဖြစ်နိုင်တယ်လို့ ပြောလို့ရတာပဲ… ဟုတ်တယ်၊ ငါ မနက်ဖြန် ဒီနေရာမှာ ထပ်စမ်းကြည့်ရမယ်၊ အဲဒီအစီအရင်ကြောင့် ငါ ဘဝကူးပြောင်းလာတာဆိုရင် ငါ ပြန်သွားဖို့ အခွင့်အရေး ရှိလောက်တယ်’
ကျိုးမင်ရွေ့ဟာ ခြောက်လုံးပြူး ဆလင်ဒါကို ဆော့နေတာရပ်ပြီး ရုတ်တရက် မတ်တတ်လိုက်ပါတယ်။
ဘာပဲဖြစ်ဖြစ် စမ်းကြည့်တာက မမှားပါဘူး။ ကံကောင်းရင် ၂၁ ရာစုကို ပြန်ရောက်သွားနိုင်ပါတယ်။