အခန်း၁၂
ကြီးပွားချမ်းသာခြင်း
များမကြာမီ ဝမ်ရှန်းသည် မန်ရွယ်ကျောင်းမှ ပြုံးရွှင်စွာ ပြန်ထွက်သွား လေသည်။
လူအများ နားမလည်ကြသည်မှာ ယခင်က လက်ညှိုး ငေါက်ငေါက်ထိုးကာ နှင်ထုတ်ခဲ့သော ဆရာမသည် ဝမ်ရှန်းအား မန်ရွယ်ကျောင်း ပေါက်ဝအထိ ပြုံးရယ်လျက် လိုက်ပို့ခဲ့ခြင်းပင်တည်း။
ဝမ်ရှန်း ပြန်သွားသည်နှင့် တစ်ပြိုင်နက် အချို့စပ်စုသော လူများသည် ဆရာမထံ ချဉ်းကပ်ကာ အကြောင်းရင်းကို မေးမြန်းကြသော်လည်း အမှန်ကို မပြောရဲသော ဆရာမသည် ဝမ်ရှန်း၏ သင်ကြားလိုစိတ် ပြင်းပြမှုကြောင့် ဉာဏ်အလင်းပွင့်ရန် ကူညီပေးလိုက်ခြင်း ဖြစ်သည်ဟု ဖြေကြားလိုက်လေသည်။
ဤစကားကို မည်သူမျှ ယုံကြည်ကြမည် မဟုတ်သော်လည်း ဂရုမစိုက်အားချေ။ ဝမ်ရှန်း၏ လက်ထဲတွင် ဝူရုံလူသတ်သမား အမှတ်တံဆိပ် ၇ ခုတောင် ရှိနေလေရာ စကားဖွာသော ဆရာမ တစ်ယောက်ကို သတ်ပစ်လိုက်လျှင် မခက်ပါလော။
ဝမ်ရှန်းမှာမူ ရှေ့ဆက် လျှောက်ရမည့် လမ်းကြောင်းကို ရှာတွေ့သွားလေပြီ။ ဝိညာဉ်စွမ်းအင် များကို စုပ်ယူရန် ယွမ်ဝိညာဉ်ကိုသာ အားကိုးသင့်သည်။
ဆေးအာနိသင် အပေါ်တွင် လုံးလုံးလျားလျား မှီခိုခြင်းသည် အဖြေမဟုတ်ပေ။
နေရာတိုင်းတွင် ချမ်းသာကြွယ်ဝသော မိသားစုကြီးများစွာ ရှိကြသော်လည်း ၎င်းမိသားစုကြီးများသည် သူတို့၏ သားသမီးများ ကျင့်ကြံရာတွင် ဆေးပြားများကို အသုံးမပြုခိုင်းကြချေ။
ဝမ်ရှန်း၏ ယွမ်ဝိညာဉ်သည် မပြည့်စုံသဖြင့် ပိုင်ယွမ်ဆေးပြားဖြင့် ကုသခြင်းသည် ပြဿနာ မဟုတ်သော်လည်း ပြင်ဆင် ကုသပြီးပါက ဆေးပြားများကို ထပ်မသုံးသင့်တော့။
ကျင့်ကြံခြင်း နည်းလမ်းသည် အခြေခံအုတ်မြစ် ခိုင်မာမှုအတွက် အလိုအပ်ဆုံးသော အရာပင်။ မိသားစုကြီးများသည် ၎င်းတို့၏ သားသမီး မြေးမြစ်များအတွက် နည်းလမ်းကောင်းများ ရှိကြသော်လည်း ဝမ်ရှန်းသည် စုန့်မိသားစုမှ မဟုတ်သဖြင့် စုန့်မိသားစု၏ အကျိုးအမြတ်များကို ခံစားခွင့်မရှိချေ။
ဆရာမဖြစ်သူ၏ ညွှန်ကြားချက်အရ မိသားစုကြီးများအပြင် အချို့သော စီးပွားရေး လုပ်ငန်းကြီးများတွင်လည်း သက်ဆိုင်ရာ ကျင့်ကြံရေး နည်းလမ်းများ ရောင်းချကြသည်ဟု ဆိုလေသည်။
သို့သော် အလွန်အမင်း စျေးကြီးလှပြီး သာမန်လူများ လက်လှမ်းမီသော အရာမဟုတ်ပေ။
ပေါင်ချင်ယုတန်သည် ဤမြို့ငယ်တွင် အကြီးမားဆုံးသော စီးပွားရေး လုပ်ငန်းဖြစ်ကာ ကျင့်ကြံရေး နည်းလမ်းများ ရောင်းချသည်။
၎င်းနည်းလမ်းများသည် ရိုးရှင်းသော အခြေခံ အုတ်မြစ် တည်ဆောက်ခြင်း နည်းလမ်းများသာ ဖြစ်ပြီး အဆင့်မြင့် နည်းလမ်းများ မရှိနိုင်ဟု ဆရာမဖြစ်သူက ပြောကြားခဲ့သည်။ အဆင့်မြင့် ကျင့်ကြံရေး နည်းလမ်းများသည် မိသားစုကြီး အချို့နှင့် ဂိုဏ်းများတွင်သာ တွေ့ရပြီး မြို့၏ ရှားပါး ရတနာဟု ဆိုနိုင်သည်။
သို့ရာတွင် ဝမ်ရှန်း လိုချင်သည်မှာလည်း အခြေခံ အုတ်မြစ် တည်ဆောက်ခြင်း နည်းလမ်းသာ ဖြစ်သည်။
ပေါင်ချင်ယုတန်တွင် ရောင်းချသဖြင့် အဆင်ပြေသော်လည်း ပြဿနာမှာ သူ၌ ငွေမရှိခြင်းပင်။
လွန်ခဲ့သော ရက်အနည်းငယ်က ဝူရုံမြို့မှ လူသတ်သမားများ၏ သတ္တုပြားများဖြင့် ခြိမ်းခြောက်ကာ ပိုင်ယွမ် ဆေးပြား ၂၀ ရယူခဲ့သည်။ သို့သော် ထိုစဉ်က ဆိုင်ရှင်ကို ကိစ္စဒီမှာပြီးပြီ ဟုဆိုခဲ့မိသဖြင့် ဆိုင်ရှင်သည် ထိုကိစ္စနှင့် ပတ်သက်၍ တာဝန်ယူမည် မဟုတ်တော့ပေ။
“ကျင့်ကြံရေး နည်းလမ်းကို ဘယ်က ငွေနဲ့ ဝယ်ရမလဲ ”
သူ၏ လက်နက်များမှာ ငွေနှင့် လဲ၍မရချေ။ ဤအရာများဖြင့် အချိန်တစ်ခဏ ကြာအောင် အသက်မွေးရဉီးမည် ဖြစ်သည်။
“နေဉီး အခုက ရှေးဟောင်းခေတ်ပဲ ရှိသေးတာဆိုတော့ ဒီခေတ်မှာ မတီထွင်နိုင်သေးတဲ့ ပစ္စည်းတွေလုပ်ပြီး ငွေရှာလို့ ရတာပဲ”
အသက်ရှင် နေထိုင်ရန် လိုအပ်သည့် ပစ္စည်းများတွင် ဆန်၊ ဆီ၊ ဆား၊ ငံပြာရည်၊ အချဉ်ရည်၊ ရှာလကာရည်၊ လက်ဖက်ရည်၊ သကြား စသည်တို့ ထိပ်ဆုံးမှ ပါဝင်ကြသည်။
ထိုစဉ် ဝမ်ရှန်း သတိထား လိုက်မိသည်မှာ ပေါင်ချင်ယုတန် ဆိုင်တွင် ရောင်းချသော သကြားများသည် အညိုရောင်များသာဖြစ်ကာ အညစ်အကြေးများစွာ ပါနေခြင်းပင်။
ရက်စက် ကြမ်းကြုတ်သော ဒေသများတွင် ကွင်းဆင်း လေ့ကျင့်ရသော စနိုက်ပါသမား တစ်ယောက် အနေဖြင့် ဒေသထွက်ကုန်များကို ဆီလျော်စွာ ဖြေရှင်းနိုင်ရန် လိုအပ်လေသည်။ ထို့ကြောင့် ဝမ်ရှန်းသည် ထိုအချိန်က နည်းလမ်းပေါင်း များစွာကို သင်ယူခဲ့ရသဖြင့် သကြားဖြူ ပြုလုပ်ရခြင်းမှာ အခက်အခဲ မရှိသလောက် လွယ်ကူကြောင်း သိလေသည်။
နှစ်ရက်ခန့် ကြာပြီးနောက် ဝမ်ရှန်းသည် လက်သီးဆုပ် အရွယ်ခန့် အဖြူရောင် အဝတ်ထုပ် တစ်ထုပ်ကို ကိုင်ကာ ပေါင်ချင်ယုတန်သို့ ပြုံးရယ်လျက် လျှောက်သွားလေသည်။
“ကောင်လေး ဆိုင်ရှင်ကို ခေါ်လိုက် စီးပွားရေး ကိစ္စပြောမလို့”
လမ်းကျွမ်းနေပြီ ဖြစ်သော ဝမ်ရှန်းသည် တံခါးကို ကြမ်းတမ်းစွာ တွန်းဖွင့်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အလုပ်သမား လူငယ်သည် စကားတစ်ခွန်းပင် မဆိုတော့ဘဲ ဝမ်ရှန်းအား ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။ မွေးပျံ့သော လက်ဖက်ရည်ဖြင့် တည်ခင်းပြီးမှ ဆိုင်ရှင်ကို ခေါ်ရန် ထွက်သွားသည်။ ခဏမျှကြာသော် ဝဖိုင့်သော ခန္ဓာကိုယ်နှင့် ဆိုင်ရှင်သည် ဝမ်ရှန်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ကာ ပြုံးရယ်လျက် နှုတ်ဆက်လာသည်။
“ပစ္စည်းတစ်ခု ရောင်းချင်တယ် ဆိုင်ရှင်က စျေးဆုံးဖြတ် ပေးပါဉီး”
ဝမ်ရှန်းသည် နံဘေးမှ အဝတ်ဖြူထုပ်လေးကို ဆိုင်ရှင်ဘက်သို့ တွန်းကာ ပြောလိုက်သည်။
ဆိုင်ရှင်သည် ယခင်တစ်ကြိမ်ကလောက် စိတ်လှုပ်ရှားခြင်း မရှိတော့ဘဲ အဝတ်ထုပ်ကို ဖွင့်လိုက်သည်။ အထဲမှ ဖြူဖြူဖွေးဖွေး အရာများကို မြင်သောအခါ မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး –
“ဒါက ဘာလဲ”
“မြည်းကြည့်လေ”
ဝမ်ရှန်း ပြုံးပြကာ ထပ်ပြောလိုက်သည်။
သကြားဖြူကိုတောင် မမြင်ဖူးရှာဘူးပဲ။
သနားဖို့ကောင်းလိုက်တာ။
ဆိုင်ရှင်သည် လက်ညှိုးတုတ်တုတ်ကို ဆန့်ထုတ်ကာ သကြားဖြူ အနည်းငယ်ကို ကော်ယူလိုက်သည်။ ပါးစပ်ထဲသို့ ထည့်လိုက်သည့် အခိုက်အတန့်တွင် သန့်စင်၍ ချိုမြသော အရသာသည် ပါးစပ်တစ်ခုလုံး ပျံ့နှံ့ သွားကာ နှလုံးသားထဲထိပါ ချိုမြိန်လာသလို ခံစားလိုက်ရလေသည်။
ဤအရသာသည် သူ့ဘဝတွင် မြည်စမ်းဖူးသည့် အချိုများထဲတွင် အချိုဆုံး အကောင်းဆုံးပင်။
ထိုအခိုက်အတန့်တွင် ဆိုင်ရှင်သည် ဤသကြားကိုသာ ဆိုင်တွင် တင်လိုက်ပါက တော်ဝင်မိသားစုနှင့် ချမ်းသာကြွယ်ဝသော မိသားစုများ အလုအယက် ဝယ်ယူကြမည့်ပုံကို မြင်ယောင် မိလိုက်သည်။
“စျေးသတ်မှတ်ရအောင်”
ဝမ်ရှန်း တိုက်ရိုက် ပြောချလိုက်သည်။
“အညိုရောင် သကြားတစ်ပေါင်ကို ကြေးနီ ဒင်္ဂါးပြား ၂၀ ရောင်းတယ် မင်းရဲ့ အဖြူ….” ဆိုင်ရှင်သည် သကြားအဖြူရောင်ကို မည်သို့ ခေါ်ရမည်မသိဘဲ ထစ်အနေသည်။
“သကြားဖြူလို့ ခေါ်တယ်”
ဝမ်ရှန်း ထောက်ပေးလိုက်သည်။
“သကြားဖြူ၊ နာမည်ကောင်းသားပဲ တစ်ပေါင်ကို ငွေဒင်္ဂါးတစ်ပြား ဆိုရင်ရော ဘယ်လိုလဲ”
“ခင်ဗျားဘာသာ တစ်ပေါင်ကို ဘယ်လောက်ပဲ ရောင်းရောင်း ကိစ္စ မရှိပါဘူး၊ ကျုပ်က ဒီသကြားဖြူကို ရောင်းချင်တာ မဟုတ်ဘူး၊ ဘယ်လိုလုပ်လဲဆိုတဲ့ နည်းလမ်းကို ရောင်းမှာ”
“ဒါက ”
ဆိုင်ရှင် အကျပ်ရိုက် သွားသည်။ သကြားဖြူ ပြုလုပ်ခြင်း နည်းလမ်းကို ရောင်းချခြင်းသည် ကြီးမားသော စီးပွားရေး ကိစ္စမဟုတ်ပါလော။
“ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး၊ အထက်ကို မေးရဉီးမယ်”
ဆိုင်ရှင်သည် တစ်ဘဝလုံး စီးပွားရေး လုပ်လာခဲ့သော်လည်း ဤမျှ ကြီးမားသည့် ရောင်းဝယ်မှုကို မကိုင်တွယ်ဖူးခဲ့ချေ။ ထိုအခိုက်အတန့်တွင် ပေါင်ချင်ယုတန်၏ လျှို့ဝှက်ချက်များ ပေါ်ထွက်သွားမည်ကိုပင် မစဉ်းစားနိုင်တော့ဘဲ သကြား အနည်းငယ်ကိုယူကာ အဖြူရောင် မျက်နှာဖုံးနှင့် အမျိုးသမီးကို သွားရောက် မေးမြန်းလေတော့သည်။
တစ်ခဏမျှကြာသော် ဆိုင်ရှင်သည် အဖြူရောင် မျက်နှာဖုံးနှင့် အမျိုးသမီး တစ်ယောက် နှင့်အတူ ဧည့်ခန်းထဲသို့ ပြန်လည် ရောက်ရှိလာသည်။
ဤအမျိုးသမီးသည် ပေါင်ချင်ယုတန်၏ ပိုင်ရှင်အစစ် ဖြစ်ပုံရလေသည်။
ဝမ်ရှန်း နားမလည်သည်မှာ ပေါင်ချင်ယုတန် ကဲ့သို့သော စီးပွားရေး လုပ်ငန်းကြီးကို လုပ်ကိုင်နေသည့် ဤအမျိုးသမီးသည် အဘယ်ကြောင့် ဝေးလံခေါင်ပါးသော မြို့ငယ်လေး၌ လာနေပါသနည်း။
သို့သော်လည်း ဤကိစ္စသည် သူနှင့် မသက်ဆိုင်သဖြင့် ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။
“သကြားဖြူကို ဘယ်လိုလုပ်ရလဲ ဆိုတဲ့ နည်းလမ်းကို ရောင်းမယ်ဆို”
အမျိုးသမီးသည် ဝမ်ရှန်းနှင့် ဆန့်ကျင်ဘက်တွင် ထိုင်ကာ ရုတ်တရက် မေးမြန်းလာသည်။
ဝမ်ရှန်းသည် ခေါင်းတစ်ချက် ညိတ်လိုက်ပြီး –
“ပိုင်ရှင်က စိတ်ဝင်စားတယ်ဆိုရင် စျေးသတ်မှတ်ချင်ပါတယ်”
“ကျုပ်က စျေးကွက် အခြေအနေတွေ ဘာတွေ မသိဘူး၊ ပိုင်ရှင်ကပဲ စျေးသတ်မှတ်လိုက်ပါ၊ ကျုပ်လက်ခံနိုင်ရင် သဘောတူညီချက် လုပ်ကြတာပေါ့”
တစ်သက်လုံး စီးပွားရေး လုပ်လာခဲ့သော အမျိုးသမီးသည် စျေးကွက် အကြောင်းပင် နားမလည်သော ဝမ်ရှန်းက ကမ်းလှမ်းချက်ကို ဉီးဆောင်၍ ပြောချသွားသဖြင့် အနည်းငယ် မခံချင်ဖြစ်သွားသော်လည်း ဒေါသကို မျိုချကာ ပြုံးလိုက်ပြီး –
“ကျွန်မအနေနဲ့ တစ်ခုမေးချင်တာက ဧည့်သည်ဟာ ဒီသကြားဖြူပြုလုပ်တဲ့ နည်းလမ်းကို ပေါင်ချင်ယုတန် ဆိုင်တစ်ဆိုင်တည်းကိုပဲ ရောင်းချတယ်ဆိုတာ ဘယ်လို အာမခံနိုင်သလဲ ဆိုတာပဲ”
“ရိုင်းပျတယ်လို့တော့ မထင်ပါနဲ့ ဧည့်သည်က အဆင့်မတက်နိုင်တဲ့ ကျိုးပဲ့ဝိညာဉ်ကို ပိုင်ဆိုင်ထားတယ်လို့ ကြားပါတယ်၊ ဒါကြောင့် ဝိညာဉ်တော် ကျိန်ဆိုခြင်း လုပ်တာက ဧည့်သည်အတွက် ဘာမှ မထူးခြားသွားဘူးလေ၊ အဲ့တော့ ဒီနည်းလမ်းကို တခြား အင်အားစုတွေကို မရောင်းထားဘူးဆိုတာ ဘယ်လို သက်သေပြမလဲ”
ဝိညာဉ်တော် ကျိန်ဆိုခြင်းသည် ဤကမ္ဘာ၏ ကန့်သတ်ချက် တစ်ခုဖြစ်သည်။ ဝိညာဉ်တော် ကျိန်ဆိုခြင်းကို ပြုလုပ်ပြီးနောက် သစ္စာဖောက်ပါက ထိုလူသည် တစ်ဘဝလုံး ယွမ်ဝိညာဉ် အဆင့်မတက်တော့ပေ။
၎င်းသည် စိတ်ကို ထိန်းချုပ်လိုက်ခြင်း ဖြစ်ကာ ဤကမ္ဘာတွင် ကျွမ်းကျင်သူများစွာ အသုံးပြုကြသည်။
ဝမ်ရှန်းသည်လည်း ဝိညာဉ်သခင် တစ်ယောက် ဖြစ်သော်လည်း သူ၏ ယွမ်ဝိညာဉ်သည် နဂိုကပင် အဆင့်မတက်နိုင်သဖြင့် ဝိညာဉ်တော် ကျိန်ဆိုခြင်းသည် အချည်းနှီးသာ ဖြစ်လေသည်။
ဝမ်ရှန်းသည် ဆရာမဖြစ်သူ၏ ပြောကြားချက်အရ ဝိညာဉ်တော် ကျိန်ဆိုခြင်းကို သိရှိထားပြီး ဖြစ်လေရာ အဖြူရောင် မျက်နှာဖုံး အမျိုးသမီး ဆိုလိုချင်သည့် အကြောင်းအရာကို ကောင်းစွာ နားလည်လိုက်သည်။
“ကျုပ်ပြောတာ ယုံပါ၊ ဘယ်သူ့ကိုမှ မရောင်းထားဘူး “ဝမ်ရှန်း ပြုံးလိုက်သည်။
“ကျုပ်မှာ ဒီလို နည်းလမ်းမျိုး တစ်သောင်းကျော်ရှိတယ်၊ ကျောက်စိမ်းဖြူလိုမျိုး ဖြူဖွေးတဲ့ ဆား လိုချင်လား ကျုပ်မှာ နည်းလမ်းရှိတယ်၊ မင်းသာ ငွေပေးရင် ဘယ်လို လုပ်ရလဲဆိုတဲ့ နည်းလမ်းတွေ ချက်ချင်း ရစေရမယ်၊ ဒီလို သကြားဖြူ ပြုလုပ်တဲ့ နည်းလမ်းလေး တစ်ခုအတွက် ကျုပ်က နာမည်အပျက် ခံပါ့မလား စဉ်းစားကြည့်ပါဉီး”
ဝမ်ရှန်း၏ စကားများကြောင့် အဖြူရောင် မျက်နှာဖုံးနှင့် အမျိုးသမီးသည် ရုတ်တရက် စကားမဆိုနိုင်ဘဲ ဖြစ်သွားပြီး ဆိုင်ရှင်မှာမူ မတ်တပ်ရပ်ရင်း ကြက်သေ သေနေလေသည်။
***