အခန်း၁၁
ကောင်းမွန်သော ညှိနှိုင်းခြင်း
ဝမ်ရှန်း၏ ယခင် အတွေ့အကြုံများအရ ဆေးပြား၂၀ သည် ကျိုးပဲ့ဝိညာဉ်ကို အလုံးစုံ ကုသရန် လုံလောက်သည်။
သို့သော် ဝမ်ရှန်းအတွက် ထိပ်တန်း ဉီးစားပေးသည် ကျိုးပဲ့ဝိညာဉ်ကို ပြင်ဆင်ရန် တစ်ခုတည်း မဟုတ်ပေ။ ဤအဆင့်မှာ လှေကားထစ် တစ်ခုအဖြစ်သာ မှတ်ယူနိုင်ပြီး စစ်မှန်သော ရည်ရွယ်ချက်မှာ ယွမ်ဝိညာဉ်နှင့် ဤကမ္ဘာမြေမှ အကြောင်းအရာ အားလုံးကို ရှာဖွေကာ ခွန်အားများကို တတ်နိုင်သမျှ မြန်မြန် တိုးမြှင့်ရန်ဖြစ်သည်။
ထိုလုပ်ငန်းစဉ်အတွက် အလိုအပ်ဆုံးသော အရာမှာ ကျိုးပဲ့ဝိညာဉ်ကို ပထမဉီးစွာ ပြုပြင်ရမည်ဖြစ်သည်။ ကျိုးပဲ့ဝိညာဉ်ကိုသာ ပြုပြင်ပြီးပါက သူ၏ ခန္ဓာကိုယ် အင်အားသည် ကြီးမားစွာ တိုးတက်လာမည် ဖြစ်ကြောင်း ယခင်ဆေးပြားများက သက်သေပြပြီးပြီ မဟုတ်ပါလော။
ဝမ်ရှန်းသည် သူယာယီ ပိုင်ဆိုင်ထားသည့် ခြံဝန်းငယ်ထဲသို့ ရောက်သည်နှင့် ကျောပိုးအိတ်နှင့် သေနတ်အိတ်ကို ဘေးချကာ ပိုင်ယွမ်ဆေးပြားကို အရင်ဆုံး မျိုချလိုက်သည်။
ဝမ်ရှန်းသည် ၂ ရက်တိတိ အပြင်မထွက်ဘဲ ဆေးသောက်လိုက်၊ ကျင့်ကြံလိုက်ဖြင့် နေနေပြီး ရသမျှ အချိန်တိုင်းကို အကျိုးရှိစွာ အသုံးချနေသည်။ ဝူရုံမြို့မှ လူသတ်သမား၇ ယောက်အပြင် အနာဂတ်တွင် အနှေးနှင့်အမြန် ပြဿနာများ ပေါ်ထွက် လာနိုင်လေရာ မိမိကိုယ်ကိုယ် ပြင်ဆင်ထားနိုင်မှ တော်ကာကျမည်ဟု ဝမ်ရှန်း ယုံကြည်ထားသည်။
လေးရက် ကြာပြီးနောက် ဝမ်ရှန်းသည် ပိုင်ယွမ်ဆေးပြား၂၀ လုံး မျိုချပြီးသွားလေပြီ။ မျှော်လင့်ထားသည့် အတိုင်းပင် ခွန်အားနှင့် ခန္ဓာကိုယ်၏ ခံနိုင်ရည်အားတို့သည် ထပ်မံ တိုးပွားလာသည်။
သို့သော် အမြန်နှုန်းမှာ အကန့်အသတ်သို့ ရောက်ရှိသွားပြီး ပြောင်းလဲမှု မရှိတော့ပေ။ ယခု လက်တစ်ဖက်တည်းဖြင့် အကြိမ် ၁၀၀၀ ကျော် ဒိုက်ထိုးနိုင်လာပြီး ကျောပေါ်တွင် ၂၀ ကီလို လေးသည့် ကျောပိုးအိတ်နှင့် သေနတ်အိတ်ကို တင်ကာ အကြိမ်ရေ ၁၀၀၀ ခန့် ဒိုက်ထိုးနိုင်သည်။ ဤစံချိန်သည် ကမ္ဘာမြေပေါ်တွင် ရှိစဉ်က အိပ်မက်ပင် မမက်ဖူးသော်လည်း ယခု အမှန်တကယ် ဖြစ်လာလေပြီ။
ယွမ်ဝိညာဉ် ငါးကြင်းနီသည် ၉၀% ခန့် ပြုပြင်ပြီးသွားပြီဖြစ်ရာ ကျန်ရှိနေသော ပိုင်ယွမ်ဆေးပြား ၈ ခုဖြင့် ရာနှုန်းပြည့် ပြုပြင်နိုင်ပြီ ဖြစ်သည်။
ဝမ်ရှန်းသည် တောအုပ်ထဲမှ အသက်ရှင်လျက် ပြန်ထွက်လာကာ နောက်မှ လိုက်ပါသွားသူအချို့ ပြန်မထွက် လာနိုင်သဖြင့် လူပေါင်းများစွာကို ထိတ်လန့် ချောက်ချားစေခဲ့သည်။
ဤအကြောင်းကြောင့် ဝမ်ရှန်း အိမ်တွင်းအောင်းနေသည့် အတောအတွင်း မည်သူမျှ လာရောက် မနှောင့်ယှက်ရဲကြချေ။ ဝမ်ရှန်းသည် လက်ရှိ သူ့ခွန်အားမှာ ဤကမ္ဘာ၌ မည်သည့် အဆင့်တွင် ရှိကြောင်းမသိပေ။ သို့သော် သေချာသည်မှာ ယွမ်ဝိညာဉ်ကို ပြုပြင်နေဆဲသာ ဖြစ်သဖြင့် အဆင့်မြင့်လိမ့်မည် မဟုတ်ပါချေ။
ထို့နောက် ဝမ်ရှန်းသည် ကျန်ရှိနေသော ပိုင်ယွမ် ဆေးပြား ၈ ပြားကို ဆက်တိုက် မျိုချလိုက်သည်။ လေးခုမြောက် ဆေးပြားကို မျိုချပြီးသည်နှင့် တစ်ပြိုင်နက် ဝမ်ရှန်း၏ ယွမ်ဝိညာဉ် ငါးကြင်းနီသည် အလုံးစုံ ပြုပြင်ပြီး သွားလေပြီ။ အတိအကျဆိုရလျှင် ဆေးပြား ၃ ပြားခွဲ မျိုချပြီးနောက် အလုံးစုံ ပြုပြင်ပြီးသွားခြင်း ဖြစ်သည်။
ကျန်ရှိနေသော ပိုင်ယွမ်ဆေးစွမ်းအင် တစ်ဝက်အား ငါးကြင်းနီမှ ဆက်လက် စုပ်ယူလိုက်ပြီး နေထိုင်ရာ ပတ်ဝန်းကျင်ကို ပုံဖော်နေလေသည်။
“ဒါက စုန့်ရန်ပြောတဲ့ ဝိညာဉ်နယ်မြေ ဆိုတာလား”
ဝမ်ရှန်းသည် မူလက မီးခိုးရောင် အရိပ်သည် သူ့ကို လမ်းညွှန် ပေးလိမ့်မည်ဟု ထင်ထားသော်လည်း ထိုအရိပ်သည် တုပ်တုပ်မျှ မလှုပ်ပေ။ ၎င်းမှာ ဝမ်ရှန်း ကြွက်သား လေ့ကျင့်ခန်းများ လုပ်ချိန်တွင် တူညီစွာ လှုပ်ရှား၍ အကောင်းဆုံး အနေအထားသို့ ပြောင်းလဲ ပေးရုံမှအပ ဝိညာဉ်နယ်မြေ တည်ဆောက်ခြင်းအတွက် အကူအညီ မပေးခဲ့ပေ။
ငါးကြင်းနီကို အဆင့်မြှင့်တင်ပြီးနောက် နဂါးဂိတ်ကို ခုန်ကျော်နိုင်ရမည် ဟူသော ရည်မှန်းချက်ဖြင့် ဝမ်ရှန်းသည် ယွမ်ဝိညာဉ် နယ်မြေကို ရေကန်တစ်ခုအဖြစ် မတည်ဆောက်ဘဲ ရှည်လျားသော အဝါရောင် မြစ်တစ်စင်း ဖြစ်စေသည်။
အခြေအနေများ မှန်ကန်တည်ငြိမ် သွားပါက အဝါရောင်မြစ်၏ အထက်ပိုင်းတွင် ငါးကြင်းနီနှင့် လိုက်လျော ညီထွေဖြစ်မည့် နဂါးဂိတ်ကို တည်ဆောက်ရန် စိတ်ကူး ထားလိုက်သည်။
ယခု ကျိုးပဲ့ ဝိညာဉ်ကို ပြုပြင်ပြီးသွားပြီဖြစ်ရာ ကိစ္စများမှာ ရှုပ်ထွေးခြင်း မရှိတော့ပေ။ ပိုင်ယွမ်ဆေးပြား၏ ဆေးစွမ်းအင်များကို စုပ်ယူကာ ယွမ်ဝိညာဉ် နယ်မြေ တည်ဆောက်ရန်သာ လိုတော့သည်။
နောက်ဆုံးသော ပိုင်ယွမ်ဆေးပြားကို မျိုချပြီးနောက် မြစ်ဝါ၏ ပုံပန်းသဏ္ဌာန် အကြမ်းဖျင်း ပေါ်ထွက်လာလေပြီ။ ဤအမြန်နှုန်းသည် ဝိညာဉ်စွမ်းအင်ကို သူ့အလိုလို စုပ်ယူရန် ယွမ်ဝိညာဉ်ကို အားကိုးခြင်းထက် အဆပေါင်း တစ်ရာခန့် ပိုမြန်လေသည်။ သို့သော် ဆေးအစွမ်းဖြင့် အခြေခံအုတ်မြစ်ကို တည်ဆောက်ခြင်းသည် ကောင်းမွန်သော အရာတစ်ခု မဟုတ်ကြောင်း ဝမ်ရှန်း နားလည်ပေသည်။
ဒါပေသိ သူ မည်သို့ ဆက်လုပ်ရမည်ကို မသိပေ။ စုန့်ရန်ကိုလည်း ရှာ၍ မတွေ့သဖြင့် စိတ်ပျက်နေစဉ်မှာပင် စိတ်ထဲ၌ လူတစ်ယောက် ပေါ်ထွက်လာသည်။
“ဒီတစ်ယောက်ကတော့ ငါ့ကို လမ်းညွှန် ပေးနိုင်မယ် ထင်တယ်”
ထိုလူမှာ အခြားသူ မဟုတ်ပါချေ။ လူအများ ရှေ့တွင် ဝမ်ရှန်းကို လက်ညှိုး ငေါက်ငေါက်ထိုးကာ မောင်းထုတ်ခဲ့ပါသော မန်ရွယ်ကျောင်းမှ ဆရာမဖြစ်သူပင်။ ထို့ကြောင့် ချက်ချင်းပင် ဆရာမရှိရာသို့ ထွက်လာခဲ့လိုက်သည်။
“ထွက်သွား”
ဝမ်ရှန်းသည် သူ့အား ဉာဏ်အလင်း ဖွင့်ပေးပါရန် တောင်းဆို လိုက်သည်နှင့် တစ်ပြိုင်နက် ဆရာမဖြစ်သူသည် တံခါးကို လက်ညှိုးညွှန်ကာ ကျယ်လောင်စွာ အော်ဟစ် လာတော့သည်။
“သင်ကြားပေးဖို့ ဘယ်လို စျေးနှုန်းပေးရမလဲ။ ကျွန်တော်တို့ ညှိလို့ရပါတယ်”
ဝမ်ရှန်းသည် တည်ငြိမ်စွာပင် မေးလိုက်ကာ ဒေါသအရိပ်အယောင် တစိုးတစိမျှပင်မရှိပေ။
“ငါက အမှိုက်တွေကို မသင်ဘူး”
ဝမ်ရှန်း မည်မျှ ညှိနှိုင်းစေကာမူ ဆရာမသည် အရေးမလုပ်ပါချေ။
“အမှိုက်လိုကောင်ကို ဘယ်သူမှ သင်မပေးဘူး ထွက်သွားတော့”
“ဆရာမက ဒီလောက် ငြင်းနေမှတော့ ကျွန်တော် မေးခွန်း ပြောင်းမေးပါ့မယ်”
ဝမ်ရှန်းသည် သိုဝှက်စွာ ပြုံးလိုက်ပြီး လက်ထဲမှ ပစ္စည်းအချို့ ထွက်ပေါ်လာသည်။ ၎င်းပစ္စည်းများမှာလည်း ဝူရုံမြို့မှ လူသတ်သမား ၇ ယောက်၏ သတ္တုပြားများပင်။
မူလက ဒေါသတကြီး ဖြစ်နေသော ဆရာမသည် ဝမ်ရှန်း၏ လက်ထဲမှ ပစ္စည်းများကို မြင်သောအခါ ချက်ချင်း မျက်နှာအရောင် ပြောင်းသွားသည်။ သူသည် ဝူရုံမြို့မှ လူသတ်သမားများကို မြင်တွေ့ဖူးခြင်း မရှိသော်လည်း ဝူရုံမြို့၏ သတ်ဖြတ်အမှတ်တံဆိပ်များကို မသိဘဲ မနေပါချေ။ ဝမ်ရှန်း၏ လက်ထဲမှ များစွာသော သတ္တုပြားများကို မြင်တွေ့လိုက်ရချိန်တွင် နှလုံးသား တစ်ခုလုံး တုန်ယင် လာတော့သည်။
“လမ်းပေါ်ကနေ သတ္တုပြားလေးတွေ တွေ့လို့ ကောက်လာတာ ဆရာမ စိတ်ဝင်စားသလား”
ဝမ်ရှန်းသည် ပေါင်ချင်ယုတန်ဆိုင်တွင် လုပ်ခဲ့သည့်အတိုင်း သတ္တုပြားများကို စားပွဲထက်တွင် ဖြန့်၍ တင်လိုက်သည်။
“မေးခွန်းကတော့ ခင်ဗျားကို သတ်ဖို့ ဘယ်သတ္တုပြား သုံးသင့်လဲ ဆိုတာပဲ”
ဆရာမ ဖြစ်သူသည် ယခုအခါ သတ္တုပြားများကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်လေပြီ။ ရှေ့မျက်နှာစာမှ ဝူရုံဟူသော စကားလုံးသည် အမှန်တကယ်ပင် ဝူရုံမှ လူသတ်အမှတ်တံဆိပ် ဖြစ်ကြောင်း ပြဆိုနေသည်။ ဝူရုံမြိုမှ လူသတ်အမှတ်တံဆိပ် ကတ်ပြားကို မည်သူမျှ အတုမလုပ်ရဲသဖြင့် အတု သေချာပေါက် မဖြစ်နိုင်ချေ။
အထူးသဖြင့် ရှေ့ဆုံးမှ ငွေရောင် သတ္တုပြားသည် အဆင့် ၃ လူသတ်သမား ပိုင်ဆိုင်သော အရာပင်။ ဝူရုံမြို့မှ လူသတ်သမားများသည် ဤသတ္တုပြားများကို ကိုယ်နှင့်မကွာ ဆောင်ထားရသည်ဖြစ်ရာ လမ်းပေါ်မှ ကောက်ယူလာသည် ဆိုသော ဝမ်ရှန်း၏ စကားသည် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ချေ။
ဤသတ္တုပြားများသည် ဝမ်ရှန်း ကိုယ်တိုင် သတ်ဖြတ်၍ ရလာသည်ဖြစ်စေ တခြား လူတစ်ယောက်ထံမှ လုယူလာသည်ဖြစ်စေ အရေးမပါလှ။ သို့သော်လည်း တကယ့် ပြဿနာမှာ အဆင့်၃ ငွေရောင် သတ္တုပြားကို သုံး၍ မိမိစိတ်တိုင်းကျ လူသတ်သမား တစ်ယောက် ငှားနိုင်ခြင်းပင် ဖြစ်သည်။
ဤသို့ တွေးမိလိုက်သောအခါ ဆရာမဖြစ်သူ၏ မျက်နှာ အမူအရာနှင့် လေသံတို့မှာ ချက်ချင်း ပြောင်းလဲလာကာ –
“သားက ဘာသိချင်တာလဲ။ ဆရာမသိသမျှ အကုန်ရှင်းပြပါ့မယ်”
“အစောကြီး ကတည်းက ဒီလို ကောင်းကောင်းမွန်မွန် ညှိနှိုင်းသင့်တာ ဘာလို့များ လူတစ်ဖက်သားကို စကားလုံးတွေနဲ့ နာကျင်အောင် လုပ်နေရတာလဲ”
ဝမ်ရှန်းသည် အဓိပ္ပာယ်ပါပါဖြင့် ပြုံးလိုက်သည်။ ဆရာမဖြစ်သူ၏ မျက်လုံးထဲ၌ ဤအပြုံးသည် နတ်ဆိုးတစ်ကောင်ထက်ပင် ပို၍ ကြောက်ရွံ့ဖွယ် ကောင်းနေလေသည်။
“ဟုတ်တာပေါ့ ဟုတ်တာပေါ့ သားပြောတာ အမှန်ပါပဲ”
ဆရာမဖြစ်သူသည် အလွန်အမင်း ယဉ်ကျေးစွာ လောကွတ်ချော်နေပြီး ကတိပေးသည့် အတိုင်း ဝမ်ရှန်း သိချင်သမျှ အကြောင်းအရာများကို တစ်လုံးမကျန် ရှင်းပြလိုက်လေသည်။
ကံကောင်းစွာပင် သူမသည် မန်ရွယ်ကျောင်းတွင် ကလေးများကို နှစ်ပေါင်းများစွာ သင်ကြားလာသဖြင့် စကားလုံးများသည် ရိုးရှင်း၍ နားလည်ရ လွယ်ကူသည်။ စုန်ရန်၏ ရှင်းပြချက်ထက် ပို၍ ကောင်းမွန်ပြီး တစ်ခဏအတွင်းမှာပင် နားလည်သွားသည်။
အဆုံးတွင် ဝမ်ရှန်းသည် ယွမ်ဝိညာဉ်နှင့် ပတ်သက်သော အသိပညာများကို စနစ်တကျ နားလည် သင်ယူနိုင်ခဲ့သည်။ သူသည် ယွမ်ဝိညာဉ် ငါးကြင်းနီကို ပြုပြင်ကာ ယွမ်ဝိညာဉ် နယ်မြေကို မျဉ်းကြောင်းများဖြင့် အကြမ်းဖျင်း တည်ဆောက်ပြီးပြီ ဖြစ်သော်လည်း ယွမ်ဝိညာဉ် အဆင့်မြှင့်ရန် များစွာ ဝေးကွာနေသေးသည်။
မျဉ်းကြောင်းများ တည်ဆောက်ပြီးနောက် ဝိညာဉ်စွမ်းအင်များကို ပို၍စုပ်ယူကာ နယ်နိမိတ် မျဉ်းကြောင်းများ၏ ခိုင်မာမှုကို အဆင့်မြှင့်ရမည် ဖြစ်သည်။ ပြီးလျှင် ယွမ်ဝိညာဉ်နှင့် ယွမ်ဝိညာဉ် နယ်မြေသည် အရောင်မျိုးစုံ ပေါ်လာကာ သက်ရှိအတိုင်း ဖြစ်လာပေမည်။
ဤအဆင့်ပြီးနောက် ယွမ်ဝိညာဉ်နယ်မြေ တည်ဆောက်မှု အပြီးသတ် သွားပေမည်။ နောက်တစ်ဆင့်မှာမူ ယွမ်ဝိညာဉ် တိုးတက်ရေး ဖြစ်သည်။
ဆိုရလျှင် သက်ရှိနှင့် တူသော နဂါးဂိတ်ကို ဖန်တီး တည်ဆောက် ပြီးမှသာ ယွမ်ဝိညာဉ်ကို အဆင့်မြှင့်ရမည် ဖြစ်လေသည်။ ဝိညာဉ်စွမ်းအင်များကို ပိုမိုစုပ်ယူကာ ယွမ်ဝိညာဉ်ကို ကြီးထွားစေပြီး တစ်ချိန်တည်းမှာပင် ယွမ်ဝိညာဉ်၏ အပ်စိုက်မှတ်များကို ဖွံ့ဖြိုးလာစေရမည်။ အပ်စိုက်မှတ်များ တစ်ခုပြီးတစ်ခု ဖွံ့ဖြိုးလာမှ ဝိညာဉ်စွမ်းအင် စုပ်ယူခြင်းသည် ပို၍ မြန်ဆန်လာကာ အဆင့်မြှင့်နိုင်မည် ဖြစ်သည်။
အဆင့်မြှင့်ပြီးပါက ကိုယ်ပိုင်ခွန်အားများ တိုးပွားလာပြီး ခန္ဓာကိုယ် အင်အားသာမက ဝိညာဉ်စွမ်းအင် အသုံးပြုနိုင်စွမ်း၊ တိုက်ခိုက်ရေး၊ ခုခံရေး အစွမ်းများပါ ယခင်ကထက် အဆပေါင်းများစွာ တိုးတက်လာမည် ဖြစ်လေသည်။
***