အခန်း ၁၀
စီးပွားရေးသမား
တစ်ဉီးတည်းသော အသက်ရှင် ကျန်ရစ်သူသည် ဝမ်ရှန်း အနီးသို့ ရောက်ရှိ လာစဉ်မှာပင် ရုတ်တရက် မြေပြင်ပေါ်မှ ထရပ်လိုက်ကာ တစ်ဟုန်ထိုး ပြေးဝင်လာလေသည်။ အမြန်နှုန်းကို ကြည့်ရုံဖြင့် ကျွမ်းကျင်လူသတ်သမား တစ်ယောက်ဖြစ်ကြောင်း သိသာလှသည်။
ဝမ်ရှန်းသည် ကမ္ဘာမြေတွင် ရှိစဉ်ကပင် ဤသို့ ကြောက်မက်ဖွယ် ကောင်းသည့် လူများကို မတွေ့ခဲ့ဖူးချေ။ ဒဏ်ရာအပြင်းအထန် ရထားလျက်နှင့် တိုက်ခိုက်ရန် ခွန်အားကျန်နေသေးသည်။
ကံမကောင်းသည်မှာ ရန်သူသည် စနိုက်ပါသမား တစ်ယောက်၏ သတိနှင့် လျင်မြန်မှုမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း မသိခြင်းပင်။
ရန်သူ မတ်တပ် ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ရှန်းသည် တစ်ဖက်လူ၏ ဒဏ်ရာမှာ သွေးမထွက်တော့ကြောင်း ချက်ချင်း မြင်တွေ့သွားသည်။ ထိုဒဏ်ရာသည် ပတ်တီးလည်း မစည်းထားဘဲ နက်စောက်သော ဒဏ်ရာမှ သွေးထွက် ရပ်သွားခြင်းသည် အံ့သြဖွယ် အတိဖြစ်နေလေသည်။
ဝမ်ရှန်း၏ လက်သည် သေနတ်မောင်းကို ချက်ချင်း ဆွဲချလိုက်သည်။
“ဒိုင်း”
သေနတ်သံတစ်ချက် ပဲ့တင်ထပ် သွားသည်။
ကျည်ဆန်သည် ရန်သူ၏ ရင်အုပ်ကို တိုက်ရိုက် ဖောက်ဝင် သွားသည်။ ဤမျှ နီးကပ်သော အနေအထားတွင် ဝမ်ရှန်း၏ ရုတ်တရက် တုံ့ပြန်မှုသည် အမှားတစ်စုံတစ်ရာ မရှိခဲ့ပေ။
ရန်သူသည် ပေါက်ကွဲမှုကို ခုခံကာကွယ် နိုင်ခဲ့သော်လည်း ကျည်ဆန်ကိုမူ မရှောင်တိမ်းနိုင်ခဲ့ပေ။
ရန်သူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ဗိုင်းခနဲ လဲကျသွားကာ ကမ်းတွင် တင်နေသော ငါးတစ်ကောင်အလား ပါးစပ်ဟကာ အသက်ကို အနိုင်နိုင် ရှူနေရသည်။ အသက်ရှူသံမှာ ပြင်းထန်လွန်း လှသော်လည်း တဖြည်းဖြည်း အသက်စွမ်းအင် ကုန်ဆုံးလာနေသည်။
“ငါ ….က ဝူရုံမြို့တော်က အဆင့် … ၃ သတ်ဖြတ်သူ တစ်ယောက် …”
ရန်သူသည် ဇီဝိန် ချုပ်ငြိမ်းတော့မည်ကို သိဟန်ဖြင့် တီးတိုးပြောလာသည်။
“ပေါင်…. ချင်…. ယု….တန်”
ပေါင်ချင်ယုတန် ဟူသော နာမည်ကို ရုန်းကန် ပြောဆိုပြီးနောက် အဆင့် ၃ သတ်ဖြတ်သူ၏ ခန္ဓာကိုယ်သည် တစ်ချက်သာ လှုပ်ရှားသွားပြီး အသက်ပျောက် သွားလေသည်။
ဝမ်ရှန်းသည် တစ်ခဏမျှ ကြာအောင် စောင့်ကြည့်နေပြီး တစ်ဖက်လူမှာ အမှန်တကယ် သေဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးမှ ရှေ့တိုးလာသည်။ ထို့နောက် လည်ပင်း သွေးကြောမကြီးကို ထိ၍ သေဆုံးသွားကြောင်း သေချာသွားမှ သေနတ်ကို ဘေးချကာ ရှာဖွေလိုက်သည်။
အဆင့် ၃ လူသတ်သမားထံမှ ငွေရောင် သတ္တုပြားတစ်ခု တွေ့ရှိရသည်။ ၎င်းမှာ အခြား အနက်ရောင် သတ္တုပြားများနှင့် အတူတူပင် ဖြစ်သည်။ အရောင် မတူရခြင်းမှာ အဆင့်အလိုက် ခွဲခြားထားခြင်း ဖြစ်ပုံရပြီး အဆင့် ၃ လူသတ်သမားသည် ဤအုပ်စုထဲတွင် ခွန်အားအကြီးဆုံး ဖြစ်ဟန်တူသည်။
ဝမ်ရှန်းသည် အနီးကပ် စစ်ဆေးပြီးနောက် အဆင့် ၃ လူသတ်သမားသည် အဘယ်ကြောင့် ပေါက်ကွဲမှုကို ခုခံနိုင်ခဲ့ကြောင်း နားလည်လိုက်သည်။ ဤလူ၏ မရဏအာရုံသည် အလွန် ကောင်းမွန်ကာ တိုက်ပွဲ အတွေ့အကြုံ များအရ မူမမှန်မူကို ကြိုတင် ရိပ်စားမိသဖြင့် သစ်ပင်ကြီးတစ်ပင် နောက်တွင် အချိန်မီ ပုန်းအောင်းနေခြင်း ဖြစ်သည်။ သို့သော် သစ်ပင်သည် တစ်ကိုယ်လုံးကို ကာကွယ် မပေးနိုင်ခဲ့သဖြင့် ဒဏ်ရာ အပြင်းအထန် ရသွားခြင်းပင်။
ဤအဖြစ်အပျက်ကြောင့် ဝမ်ရှန်း ကြီးမားစွာ ထိတ်လန့် သွားမိသည်။ ဤကမ္ဘာမှ လူများသည် ခြေထောက်များ၊ လက်များ ပြတ်ထွက်သွားလျှင်ပင် တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲဖြစ်လေသည်။
အဆင့် ၃ လူသတ်သမား၏ ခွန်အားကြောင့် ဝမ်ရှန်းသည် တတ်နိုင်သမျှ မြန်မြန် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ခွန်အားကိုသာ လျင်မြန်စွာ မတိုးမြှင့်နိုင်ပါက အနှေးနှင့်အမြန် သေဆုံးသွားနိုင်သည်။ သူတွင် ရှိနေသေးသည့် လက်နက်များကို အားကိုးကာ တစ်ခဏကြာအောင် အသက်ရှင် နိုင်သော်လည်း ဤလက်နက်များ ကျည်ကုန်သွားလျှင် မည်သို့ အသက်ရှင် နိုင်ပါမည်နည်း။
ယခု အချိန်တွင် အရေးကြီးဆုံး အရာမှာ ကျိုးပဲ့ဝိညာဉ်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြုပြင်ရန်ပင်။ သို့သော် ပိုင်ယွမ်ဆေးပြား ဝယ်ရန် သူ့တွင် ငွေအလုံအလောက် မရှိပေ။
ရုတ်တရက် လက်ထဲမှ ငွေရောင် သတ္တုပြားကို ကြည့်ကာ ဝမ်ရှန်း၏ မျက်လုံးများ အရောင်လက် သွားသည်။
“ဒီ သတ္တုပြားနဲ့ ပေါင်ချင်ယုတန်ကနေ ပိုင်ယွမ်ဆေးပြား အချို့ ရနိုင်လောက်တယ်”
ဝမ်ရှန်းတစ်ယောက် သေနတ်အိတ်တစ်လုံး၊ ကျောပိုးအိတ် တစ်လုံးနှင့်အတူ မြို့ထဲသို့ ပြန်ရောက် လာသည်ကို ကြည့်ကာ လူပေါင်းများစွာသည် အံ့အားသင့် ထိတ်လန့်လျက် ရှိကြသည်။
“ဒါက ဘယ်လို ဖြစ်ရတာလဲ သူ့ကို သတ်ဖို့ လူတွေအများကြီး လိုက်သွားကြတယ် မဟုတ်ဘူးလား”
ဝမ်ရှန်းသည် တီးတိုး ဝေဖန်နေကြသည့် ပတ်ပတ်လည်မှ လူအုပ်ကြီးကို ကျော်ဖြတ်ကာ ပေါင်ချင်ယုတန် ဆိုင်ထဲသို့ တည့်မတ်စွာ ဝင်ရောက် သွားလေသည်။
ထို့နောက် ဆိုင်ထဲသို့ ဝင်လျှင်ဝင်ချင်း အလုပ်သမား တစ်ယောက်ကို ခေါ်လိုက်ပြီး –
“မင်းတို့ဆရာ ဆိုင်ရှင်ကို ပြောလိုက် ငါတွေ့ချင်တယ်လို့”
အလုပ်သမားသည် မငြင်းဆန်ရဲဘဲ ဆိုင်အနောက်ခြမ်းသို့ ဝင်ရောက်သွားသည်။ တစ်ခဏမျှ ကြာသော် ဝမ်ရှန်းထံမှ ပစ္စည်းများ ဝယ်ယူခဲ့သော ဆိုင်ရှင်သည် ဝမ်ရှန်း ရှေ့သို့ ရောက်ရှိလာပြီး ဧည့်ခန်းထဲသို့ ကြွပါရန် လေးစားစွာ ဖိတ်ကြားလာတော့သည်။
ဝမ်ရှန်းသည် လက်ဖက်ရည်ကြမ်းကို ဇိမ်ခံ၍ သောက်နေစဉ် ဆိုင်ရှင်သည် ဝမ်ရှန်းဘေးမှ ကျောပိုးအိတ်နှင့် သေနတ်အိတ်ကို စိတ်ဝင်တစား ကြည့်ရှုနေလေသည်။
“ပေါင်ချင်ယုတန်က ဘာလုပ်ဖို့ ကြံနေတာလဲ”
ဝမ်ရှန်းသည် လက်ဖက်ရည် ခွက်ကို ဘေးချကာ တည်ငြိမ်စွာ မေးလိုက်သည်။
“ဧည့်သည်က ဘာများ ဆိုလိုချင်တာလဲ”
ဆိုင်ရှင်သည် နားမလည်ဟန်ဖြင့် ပြုံးကာမေးသည်။
ဝမ်ရှန်းသည် ပြန်မဖြေဘဲ ထိုအစား ကျောပိုးအိတ်ထဲမှ သတ္တုပြား ၇ ခုကို ထုတ်ယူကာ ဆိုင်ရှင်၏ အရှေ့တွင် စီတန်း၍ ချထားလိုက်သည်။ ငွေရောင် သတ္တုပြားမှာ ရှေ့ဆုံးက ဖြစ်သည်။
ငွေရောင် သတ္တုပြားကို မြင်တွေ့လိုက်ချိန်တွင် ဆိုင်ရှင်သည် မျက်နှာပျက်သွားပြီး မျက်လုံးများ ပြူးကျယ်လာသည်။
“ဒီ သတ္တုပြားတွေက ပေါင်ချင်ယုတန်ဆိုင်နဲ့ ဘာမှ မပတ်သက်ဘူးလို့တော့ မပြောနဲ့နော် ”
ဝမ်ရှန်းသည် ငွေရောင် သတ္တုပြားကို လက်ဖြင့် ထောက်ကာ ” ပေါင်ချင်ယုတန်ဆိုင်နဲ့ ဘာမှ မပတ်သက်တဲ့ လူတစ်ယောက် နောက်ကို လိုက်ဖို့ အဆင့် ၃ လူသတ်သမားကို ငှားရမ်းတယ် ဒါက ဘာသဘောလဲ”
ဝမ်ရှန်းသည် ပေါ့ပါးစွာ ပြောနေသော်လည်း ဤအပြုအမူကပင် ဆိုင်ရှင်အား ကြီးမားစွာ ထိတ်လန့် လာစေသည်။
ဝူရုံမြို့၏ သတ်ဖြတ် အမှတ်တံဆိပ် သတ္တုပြားသည် ပိုင်ရှင်နှင့်သာ အတူရှိရမည်ဖြစ်သည်။ ယခု ဝမ်ရှန်း၏ လက်ထဲသို့ သတ္တုပြား ၇ ခုရောက်ရှိနေခြင်းသည် လူသတ်သမား ၇ ယောက်လုံးအား ဝမ်ရှန်း သတ်ပစ်လိုက်ပြီဆိုသော အဓိပ္ပာယ်ပင်ဖြစ်သည်။
ဆိုင်ရှင်သည် အလွန်အမင်း ကြောက်ရွံ့ သွားပြီး “ဒါက ဒီလို ရှိပါတယ်။ အရင်တစ်ခေါက်တုန်းက ဧည့်သည် လာရောင်းသွားတဲ့ ပစ္စည်းအချို့ဟာ သိုက်မိသားစုနဲ့ ဆက်စပ်နေပါတယ်”
ဉာဏ်ပြေးသော ဆိုင်ရှင်သည် အလျင်အမြန် ရှင်းပြလိုက်ပြီး “ကျွန်တော်တို့က စီးပွားရေး သမားတွေပါ တခြား ပြဿနာတွေ တက်လာမှာ ကြောက်တာမို့ ဘာဖြစ်ခဲ့တာလဲဆိုတာ ဝူရုံမြို့က ကျွမ်းကျင်သူ အချို့ကို ငှားရမ်း စုံစမ်းခိုင်းရုံပါပဲ။ ဧည့်သည်ပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး”
“စုံစမ်းဖို့အတွက် အဆင့် ၃ လူသတ်သမားကို ငှားတယ်ပေါ့” ဝမ်ရှန်း မဲ့ပြုံးပြုံးလိုက်သည်။
“ဝူရုံမြို့က လူတိုင်းက လူသတ်သမားတွေ ချည်းပါပဲ၊ ဒါပေမဲ့ သူတို့က အခြား အလုပ်တွေကိုလည်း လက်ခံတယ် စုံစမ်းတာတို့၊ ရိုက်နှက်ပြီး သင်ခန်းစာ ပေးတာတို့ပေါ့၊ ကျွန်တော်တို့မှာ ဧည့်သည်ကို သတ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး”
ဝမ်ရှန်း နားလည် သွားလေပြီ။ ဝူရုံမြို့မှ လူများသည် လူသတ်သမားများ ဖြစ်ကြသော်လည်း လူသတ်ခြင်းအပြင် စုံစမ်းစစ်ဆေးခြင်းနှင့် ကိုယ်ရံတော် လုပ်ပေးခြင်း စသည်တို့ကိုလည်း လုပ်ကိုင်ကြသည်။
“စိတ်ဝင်စားဖို့ ကောင်းတဲ့ မြို့ပဲ”
သို့သော် ယခု အချိန်သည် ဝူရုံမြို့အကြောင်း စုံစမ်းနေရမည့် အချိန်မဟုတ်ပေ။ ဝမ်ရှန်းသည် သစ်သား စားပွဲခုံကို လက်ဖြင့် တောက်ကာ စဉ်းစားခန်း ဝင်နေသည်။
ဆိုင်ရှင်သည် ဝမ်ရှန်းကို ကြည့်ကာ နဖူးမှ ချွေးဒီးဒီး ကျလာသည်။ အမှိုက်လိုလူသည် ဝူရုံမြို့မှ လူသတ်သမား ၇ ယောက်ကို တစ်ပြိုင်နက်တည်း သတ်ဖြတ်ခဲ့သည်။ သူ့လို စီးပွားရေး သမားတစ်ယောက်က ဤသို့သော ကျွမ်းကျင်သူ တစ်ယောက်ကို အဘယ်မှာ ဆန့်ကျင်ရဲပါမည်နည်း။
“ပိုင်ယွမ်ဆေးပြား ၂၀ ပေးရင် ကျေအေးပေးမယ်”
ဝမ်ရှန်းထံမှ ရုတ်တရက် အသံထွက်လာသည်။
“ခင်ဗျာ ” ဆိုင်ရှင်သည် နားမလည်ဟန်ဖြင့် ထပ်မေးသည်။
“ပိုင်ယွမ်ဆေးပြား ၂၀ ပေးရင် မင်းလုပ်ခဲ့တာကို ခွင့်လွှတ်ပေးမယ် ဒါပေမဲ့ နောက်တစ်ကြိမ်ဆိုတာ မလိုချင်ဘူး”
“ဧည့်သည့်ရဲ့ ဆန္ဒအတိုင်း ဖြစ်စေရပါမယ်”
ပိုင်ယွမ်ဆေးပြား ၂၀သည် ပေါင်ချင်ယုတန်လို ဆိုင်မျိုးအတွက် ပါမွှားလေးသာ ဖြစ်လေရာ ဆိုင်ရှင်သည် ထခုန်မတတ် ဝမ်းသာသွားပြီး ချက်ချင်း သဘောတူလိုက်သည်။
ထို့နောက် ဆိုင်ရှင်သည် ပိုင်ယွမ် ဆေးပုလင်း ၂ လုံးကို ဝမ်ရှန်း၏ လက်ထဲသို့ ထည့်လိုက်သည်။
“ဒီ သတ္တုပြားတွေကို ဧည့်သည် ပြန်ယူသွားပါ။ ဝူရုံမြို့က လူတွေကို နောက်ပိုင်းကျ အသုံးပြုချင်တဲ့အခါ ဒီ လူသတ် သတ္တုပြားတွေနဲ့ လဲလှယ်လို့ ရပါတယ်”
ဆိုင်ရှင်မှ သတိပေးလာသည်။
“ဒီ သတ္တုပြားတွေက လဲလှယ်လို့ ရတယ်ဟုတ်လား၊ ဝူရုံမြို့က တကယ် ထူးဆန်းတာပဲ”
ဝမ်ရှန်းသည် ကိစ္စများကို ကောင်းစွာ နားမလည်သေးသဖြင့် စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်ကာ ဆိုင်ထဲမှ ပြန်ထွက်သွားတော့သည်။
ဝမ်ရှန်း ပြန်သွားပြီးနောက် ဆိုင်ရှင်သည် ဆိုင်အနောက်ခြမ်းသို့ ချက်ချင်း ရောက်ရှိလာပြီး အဖြူရောင် မျက်နှာဖုံးနှင့် အမျိုးသမီးအား အဖြစ်အပျက် များကို အစီရင်ခံလိုက်သည်။
“အဆင့် ၃ လူသတ်သမား အပါအဝင် ဝူရုံမြို့က လူသတ်သမား ၇ ယောက်လုံး သေပြီဟုတ်လား”
အမျိုးသမီး သည် အံ့သြသွားဟန်ဖြင့် ” ကြည့်ရတာ သိုက်ဟွမ်က တကယ် သေသွားပြီ ထင်တယ်၊ မဟုတ်ရင် သိုက်မိသားစုရဲ့ ပစ္စည်းတွေက အဲ့လူရိုင်းလက်ထဲ ရောက်သွားစရာ အကြောင်းမရှိဘူး”
“ဒီသတင်းကို လွှင့်လိုက်ရမလား သခင်မ”
“ဘာလို့ လွှင့်ရမှာလဲ ငါတို့နဲ့မှ မဆိုင်တာ၊ ငါတို့က စီးပွားရေးပဲ လုပ်တာ မှားတာမှန်တာ ဂရုမစိုက်ဘူး ”
“ဒီတစ်ခေါက် စုံစမ်းဖို့ လူလွှတ်လိုက်တာ မှားသွားတယ်။ ငါတို့က စီးပွားရေး သမားတွေပဲ သူတို့ ပြဿနာတွေကို ဝင်မရှုပ်သင့်ဘူး”
“ထပ်ပြောမယ်နော် ငါတို့က စီးပွားရေးပဲလုပ်တာ ရွှေဒင်္ဂါးကလွဲပြီး တခြားဘာကိစ္စမှ စိတ်မဝင်စားနဲ့ ”
အဖြူရောင် မျက်နှာဖုံးနှင့် အမျိုးသမီးသည် ဆိုင်ရှင်ကို ထပ်မံ သတိပေးလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်မ”
ဆိုင်ရှင်သည် ခေါင်းငုံ့၍ နာခံစွာ ပြောကြားလိုက်ပေသည်။
***