အခန်း ၉
ဝူရုံမြို့
စက်ပစ္စည်း သိုလှောင်အိတ်တွင် အလိုအလျောက် ဖျက်ဆီးခြင်း အစီအစဉ် အတွက် ရွေးချယ်စရာ နှစ်ခုရှိသည်။ တစ်ခုသည် နှိုက်နှိုက်ချွတ်ချွတ် အကုန်လုံးကို အဆိပ်ဖြင့် ဖျက်ဆီး ပစ်ခြင်းဖြစ်ပြီး အသက်ဝင် လာသည်နှင့် တစ်ပြိုင်နက် အဆိပ်ရည်များ ထုတ်လွှတ်ကာ သိုလှောင်အိတ် တစ်ခုလုံး အစအနပင် မကျန်အောင် ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။
နောက်တစ်မျိုးမှာ ဖောက်ခွဲ၍ ဖျက်ဆီးခြင်း ဖြစ်သည်။ ဖောက်ခွဲ ဖျက်ဆီးခြင်းတွင်လည်း ရွေးချယ်စရာများ ရှိနေသည်။ တစ်မျိုးသည် အချိန်ကို သတ်မှတ်၍ ဖောက်ခွဲခြင်းဖြစ်ကာ နောက်တစ်မျိုးမှာ တုန်ခါမှုဖြင့် ဖောက်ခွဲခြင်းဖြစ်သည်။
စဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သိုလှောင်အိတ်သည် ပတ်ပတ်လည်မှ တုန်ခါမှုများကို အာရုံခံနိုင်မည်ဖြစ်သည်။ ၎င်းသည် ဆယ်မီတာ ပတ်လည်တွင် ရှိသော လူ့ခန္ဓာကိုယ် လှုပ်ရှားမှု၏ တုန်ခါမှုကိုပင် ခံစားနိုင်ပြီး အဆုံးတွင် ပေါက်ကွဲ ထွက်သွားသည်။
တတိယ တစ်မျိုးသည် အရိုးရှင်းဆုံးဖြစ်ကာ အဝေးမှ ထိန်းချုပ်၍ ဖောက်ခွဲခြင်း ဖြစ်သည်။ ဝမ်ရှန်းသည် တတိယတစ်မျိုးကို ရွေးချယ်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် စက်ပစ္စည်း သိုလှောင်အိတ် တည်ရှိသော နေရာ၌ လူရိပ်များစွာ ပေါ်ထွက်လာသည်။ အလျင်မြန်ဆုံးသော နောက်ယောင်ခံသူသည် ဝမ်ရှန်းနောက်သို့ သူတစ်ဉီးတည်း လိုက်လာနိုင်သည်ဟု ထင်ထားသော်လည်း မမျှော်လင့်စွာပင် သူ့နောက်မှ လူပေါင်းများစွာ ရှိနေသေးသည်။
စက်ပစ္စည်း သိုလှောင်အိတ်သည် အလွန် ထူးခြား၍ ထင်ရှားနေလေရာ လူတိုင်း၏ အာရုံသည် သိုလှောင်အိတ်ပေါ်သို့ ချက်ချင်း ရောက်ရှိ သွားလေသည်။
ထိုစဉ် သိုလှောင်အိတ်ပေါ်မှ မီးနီသည် မှိတ်တုတ်မှိတ်တုတ်ဖြင့် နီရဲလာကာ ပတ်ပတ်လည်မှ လူများ၏ မျက်လုံးများကို အရောင်ဟပ် သွားစေသည်။
“ဒါက ဘယ်လို ကျောက်နီမျိုးလဲ ဒါကိုသာ ယူသွားလိုက်လို့ကတော့ ပွပေါက်တိုးတာပဲ”
လူတိုင်းသည် တူညီစွာ တွေးတောနေကြပြီး အနီရောင် အလင်းတန်းကို အလွန် စိတ်ဝင်စား နေကြသည်။
“ဒီသေတ္တာအကြီးကြီးကို အလှဆင်ထားတဲ့ ကျောက်ကတောင် ဒီလောက် အရည်အသွေး ကောင်းတာ အထဲက ရတနာတွေက ဘယ်လောက်တောင် တန်ဖိုးကြီး လိုက်မလဲ”
“စုန့်ရန်က အဲ့ကောင်ကို စေ့စပ်ထားသူအဖြစ် ကြေညာတာ မအံ့သြတော့ပါဘူး၊ စုန့်ရန်လို ဝမ်းကွဲ မပြောနဲ့ စုန့်မိသားစုရဲ့ တကယ့် အကြီးဆုံး သခင်မလေးတောင် ဒီလို ရတနာနဲ့ဆို လက်ထပ်ဖို့ ငြင်းပယ်မှာ မဟုတ်ဘူး”
လူတိုင်းသည် အတွေးကိုယ်စီဖြင့် ရှိနေကြကာ ဝမ်ရှန်းကို ဂရုမစိုက်ကြတော့ပေ။ ထိုအစား မျက်စိရှေ့မှ ရတနာ သေတ္တာကိုသာ အရယူရန် ဆုံးဖြတ်ထားကြပြီး အနီးဆုံးရှိ လူတစ်ယောက်သည် သေတ္တာအနား ချဉ်းကပ်သွားပြီး ဓားဖြင့် ခုတ်ပိုင်း ချလိုက်သည်။
သို့သော် ဓားသည် အပေါ်သို့ တန်ပြန် ခုန်တက်သွားပြီး သေတ္တာကြီးမှာမူ ခြစ်ရာတစ်ခုပင် မပေါ်လာချေ။
လူတစ်စုသည် ဤမြင်ကွင်းကြောင့် ရူးချင်ချင် ဖြစ်သွားရသည်။
“ဓားနဲ့တောင် ခုတ်လို့ မရဘူးဆိုတော့ ဒါက ဘယ်လို ရတနာမျိုးလဲ”
လူတစ်စုသည် ပတ်ပတ်လည်၌ ဝန်းရံ လိုက်ကြပြီး သေတ္တာကို ဝိုင်းဝန်းဖျက်ဆီးကာ အထဲမှ ရတနာများကို ခွဲဝေယူရန် ဆုံးဖြတ်တိုင်ပင် နေကြသည်။
မီတာ အနည်းငယ်ခန့် လမ်းလျှောက်ပြီးနောက် ဝမ်ရှန်းသည် နောက်သို့ တစ်ဖန် ပြန်လှည့်ကာ လျှောက်သွားလိုက်ပြီး မှန်ပြောင်းကို ထုတ်၍ သိုလှောင်အိတ်ရှိရာသို့ ကြည့်လိုက်သည်။ နက်မှောင်နေသော တောထဲတွင် အနီရောင် ရောင်ခြည်များ တဖျတ်ဖျတ် လက်နေသော စက်ပစ္စည်း သိုလှောင်အိတ်သည် တစ်နည်းတစ်ဖုံ တုန်လှုပ် ချောက်ချားဖွယ် ကောင်းလာသည်။
စက်ပစ္စည်း သိုလှောင်အိတ်၏ နံဘေး၌လည်း လူသားသဏ္ဌာန်ပုံရိပ် ဆယ်ခုကျော် တွေ့လိုက်ရသည်။ ဝမ်ရှန်းသည် မှန်ပြောင်းကို ချထားလိုက်ပြီး တိုက်ခိုက်ရေး ထိန်းချုပ် ကွန်ပျူတာငယ်၏ မျက်နှာပြင်မှ ဖောက်ခွဲခလုတ်ကို နှိပ်ချလိုက်သည်။
“ဘုန်း ”
ကမ္ဘာမြေတစ်ခုလုံး တသိမ့်သိမ့် ခါယမ်းသွားကာ တောင်တန်းများ ကြားတွင် မြောက်မြားစွာသော ပဲ့တင်သံများ ပေါ်ထွက်လာသည်။ ပဲ့တင်သံ များသည် တဖြည်းဖြည်း အားနည်း သွားပြီး အဆုံး၌ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
ဧရာမ သစ်ပင်ကြီး နောက်တွင် ပုန်းကွယ်နေသော်လည်း ပေါက်ကွဲသံသည် ဝမ်ရှန်း၏ နားများကို အူထွက်သွားစေသည်။ ဝမ်ရှန်းသာ ကြိုတင်ပြင်ဆင်မှုများ အချိန်မီ မလုပ်ခဲ့ပါက ပေါက်ကွဲသံကြောင့် အချိန်အတော်ကြာအောင် နားမကြား ဖြစ်သွားနိုင်လေသည်။
ဝမ်ရှန်းသည် Glock 17 ပစ္စတိုကို ကိုင်ကာ သစ်ပင်နောက်မှ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ ဆယ်စုနှစ် တစ်ခုကျော် ကြာအောင် လေ့ကျင့်ထားသော ကျွမ်းကျင်သူများ မှအပ အခြားသူများ အားလုံး ပေါက်ကွဲအားကို ခုခံ နိုင်ကြမည် မဟုတ်ပေ။
ပေါက်ကွဲအားသည် ကြီးမား ပြင်းထန်သော်လည်း ဝမ်ရှန်း၏ လုပ်ရပ်သည် အနည်းငယ် ညှာတာမှု ရှိသည်ဟု ဆိုရပေသည်။ ဤမျှ ပြင်းထန်သော ပေါက်ကွဲမှုအောက်တွင် လူနှစ်ယောက် အသက်ရှင် နေသေးသည်။
သို့သော်လည်း တစ်ယောက်မှာ အသက်ရှင်ရုံသာ ရှိပြီး ခန္ဓာကိုယ်တစ်ဝက် မရှိတော့ပေ။ အကွာအဝေးသည် နီးကပ်လွန်းလှသည့်အပြင် ပေါက်ကွဲမှုကို မမျှော်လင့်ထားသဖြင့် သက်ရောက်မှု ကြီးမားစွာ ရှိနေဆဲပင်။
ဆိုရလျှင် အသက်ရှင်နေသော လူနှစ်ယောက်သည် ဝမ်ရှန်းကို အန္တရာယ် မပြုနိုင်တော့ပေ။ ထိုလူနှစ်ယောက်မှာ သေလုမြောပါး ညည်းတွား နေသော်လည်း ဝမ်ရှန်း လျစ်လျူရှု ထားလိုက်ကာ အလောင်းများထံ အလျင်စလို လျှောက်သွားလိုက်သည်။
ဝမ်ရှန်း ထည့်သွင်းခဲ့သည့် ကျောက်တုံးများ၏ အရွယ်အစား မှန်ကန်မှုကြောင့် ပေါက်ကွဲအားသည် ပြင်းထန် သိပ်သည်းပြီး ဝမ်ရှန်းအား စိတ်ကျေနပ်စေခဲ့လေသည်။
ပေါက်ကွဲမှုကြောင့် လူများစွာ၏ လက်နက်များသည် အမှိုက်များ ဖြစ်သွားကာ အသုံးမဝင်တော့ပေ။ အလောင်းများထံ၌ မပျက်စီးသော အရာဟူ၍ အနည်းငယ် သာရှိပြီး ထူးဆန်းသည်မှာ အလောင်း ၇ လောင်းထဲမှ ငါးလောင်းတွင် အနက်ရောင် သတ္တုပြားများ ရှိနေခြင်းပင်။
သတ္တုပြားသည် သိပ်မကြီးလှဘဲ ဝမ်ရှန်း၏ ရင်ဘတ်မှ စစ်အမှတ်အသား သတ္တုပြားနှင့် အရွယ်အစား အတူတူ လောက်ဖြစ်သည်။ သို့သော် ၎င်းတို့၏ သတ္တုပြားမှာ ပို၍ ထူထဲပြီး လက်မဝက်ခန့် ထူလေရာ အသွင်အပြင်သည် ကျောက်စိမ်းပြားနှင့် ပိုတူလေသည်။ အရှေ့ဘက်တွင် အလွန် ရှုပ်ထွေးသော ပုံစံများရှိကာ အလယ်တွင် ပုံပျက်နေသည့် စာလုံးနှစ်လုံး ရှိသည်။ ဝမ်ရှန်းသည် အကြိမ်ပေါင်းများစွာ ကြိုးစား၍ ကြည့်သော်လည်း စာလုံးသည် အလွန် ပျက်ယွင်းနေသဖြင့် အဓိပ္ပာယ် မဖော်နိုင်ပေ။ အနောက်ဘက်တွင် လည်း ရေးထွင်းထားသည့် စာလုံးများ ရှိနေပြီး ဝမ်ရှန်းသည် တစ်ခုသော သတ္တုပြားထက်မှ ထင်းရီ ဟူသည့် စကားလုံးကို တွေ့ရှိလိုက်ရသည်။ အခြား သတ္တုပြားများမှာ အလွန် ပျက်စီးနေသဖြင့် ဖတ်၍ မရချေ။
အနက်ရောင် သတ္တုပြားငါးခုကို ကိုင်ထားရင်းဖြင့် ဝမ်ရှန်းသည် ဒဏ်ရာ အပြင်းထန်ဆုံးသော လူထံ လျှောက်သွားသည်။ အခြားတစ်ယောက်မှာ ခြေသလုံးနှင့် လက်မောင်းသာ ကျိုးသွားသော်လည်း ဤတစ်ယောက်မှာ ခန္ဓာကိုယ် တစ်ပိုင်းလုံး ပြတ်ထွက်သွားခြင်းဖြစ်သည်။ အချိန်မီ မမေးပါက သေဆုံးသွားနိုင်လေသည်။
“ပြောပါဉီး မင်းက ဘယ်သူလဲ”
ဝမ်ရှန်းသည် အသက်မျှဉ်းမျှဉ်း ရှူနေသည့် လူရှေ့တွင် ထိုင်ကာ ဖြည်းညင်းစွာ မေးလိုက်သည်။
“မင်းလည်း ငါ့ကို အရင်တုန်းက မသိဘူးလို့ ငါထင်တယ်၊ ငါလည်း မင်းကို မသိဘူး ငါတို့ကြားမှာ နာကြည်းစရာလည်း မရှိဘူး၊ မင်းက ငါ့နောက်ကို လိုက်ဖို့ အမိန့်ပေးခံရတာမလား မင်းမပြောချင်ဘူးဆိုလည်း ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက သေရတော့မှာ မင်းသေသွားရင် မင်းအလုပ်ရှင်က မင်းရဲ့ သစ္စာရှိမှုအတွက် အကျိုးအမြတ် အကြီးကြီး ပေးသင့်တယ်”
ဝန်ခံခြင်းသည် သိပွံနည်းလမ်း တစ်ခုဖြစ်ကာ စိတ်ပညာနှင့်လည်း ဆက်နွှယ်နေသေးသည်။ ယုံကြည်ချက်နှင့် ဇွဲလုံ့လ ရှိသူများအတွက် နာကျင်မှုသည် အသုံးမဝင်သော်လည်း စိတ်ပိုင်းဆိုင်ရာ ညှဉ်းဆဲမှုကို သည်းမခံနိုင်ကြပေ။
ဝမ်ရှန်း၏ စကားလုံးများသည် တစ်ဖက်လူ၏ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကို ထိုးနှက်လိုက်သည့် အလားပင်။ သူသည် ငွေအတွက် အလုပ်လုပ်ခြင်းဖြစ်ကာ သူ့အသက်ကို ကယ်ဆယ်ရန် အလုပ်ရှင်တွင် တာဝန်မရှိပေ။ သူသေသွားလျှင်ပင် အကျိုးအမြတ် တစ်စုံတစ်ရာ ရမည်မဟုတ်လေရာ အဘယ်ကြောင့် သစ္စာမဖောက်ဘဲ နေရမည်နည်း။
နံဘေးမှ လူသည် နွမ်းလျသော အပြုံးဖြင့် ဝမ်ရှန်း၏ လက်ထဲမှ သတ္တုပြားငါးခုနှင့် သဏ္ဌာန်တူသည့် သတ္တုပြား တစ်ခုကို ရင်ဘတ်ကြားမှ ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။
“ဝူရုံမြို့က လူတွေ ဒီနေရာမှာ အကုန်မြှုပ်နှံ ခံလိုက်ရလိမ့်မယ်လို့ မထင်ထားဘူး”
ထိုလူ၏ စကားကြောင့် ဝမ်ရှန်းသည် သတ္တုပြား၏ အရှေ့ဘက်မှ ယိုယွင်းနေသည့် စကားလုံး နှစ်ခုကို အမှတ်ရသွားသည်။ ၎င်းမှာ ဝူရုံဟု ရေးထားခြင်းဖြစ်ကာ ဤသတ္တုပြားကို ပိုင်ဆိုင်သော လူတိုင်းသည် ဝူရုံမြို့မှ ဖြစ်ပုံရလေသည်။ သတ္တုပြား၏ အနောက်ဘက်မှ စာလုံးများသည် ၎င်းတို့၏ နာမည် ဖြစ်ပုံပေါ်သည်။
ဝမ်ရှန်းသည် ဝူရုံမြို့အကြောင်း မသိသော်လည်း ကြေးစားလူသတ်သမားများ စုစည်းထားသည့် အဖွဲ့တစ်ဖွဲ့၏ အခြေစိုက်ရာ နေရာဖြစ်နိုင်လေသည်။
“ငါ.. ငငါ့ကို သိုက်ဟွမ်သေဆုံးတဲ့ အကြောင်းရင်းကို စုံစမ်းဖို့ စုန့်မိသားစုရဲ့ တတိယ အကြီးအကဲက ငှားရမ်းထားတာ …. သူ .. သူက ပြောတယ် … မင်း သတ်လိုက်တာတဲ့။ ဒါ… ..ဒါကြောင့် မင်းနောက်ကို လိုက်လာတာပဲ”
ဝမ်ရှန်း ခေါင်းညိတ် လိုက်သည်။ သူသည် ယခင်ကတည်းက ကြိုတင် ခန့်မှန်းထားပြီးသားပင်။ ယခု သေဆုံးသွားသည့် ဝူရုံမြို့မှ ကြေးစား လူသတ်သမားများထဲတွင် စုန့်မိသားစုနှင့် သိုက်မိသားစုမှ ငှားရမ်း ထားသူများ သာမက စုန့်ထျန်းဇီနှင့် ပေါင်ချင်ယုတန် ဆိုင်မှ ငှားရမ်းထားသူများပင် ပါနိုင်သေးသည်။
အသက်ရှင် ကျန်ခဲ့သည့် နှစ်ယောက်မှာ စုန့်မိသားစုမှ ငှားရမ်းထားခြင်း ဖြစ်ပုံရကာ ဝမ်ရှန်းအား မြို့ပြင်တွင် သင်ခန်းစာပေး၍ သတ်ဖြတ်ရန် စီစဉ်ထားကြပြီး သူတို့ကိုယ်တိုင် ဤသို့ ရက်စက်စွာ အသတ်ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“စုန့်မိသားစုရဲ့ တတိယအကြီးအကဲ၊ အင်း. . ငါမှတ်မိပြီ”
ဝမ်ရှန်းသည် ခေါင်းညိတ်ကာ ထိုလူ၏ လည်ပင်းကို ဓားမြှောင်ဖြင့် ထိုးစိုက်လိုက်သည်။
ထို့နောက် မတ်တပ်ရပ်ကာ သစ်ပင်တွင် မှီ၍ ညည်းတွားနေသော လူထံ လျှောက်သွားလိုက်သည်။
ဝမ်ရှန်းသည် ထိုလူနှင့် ငါးမီတာ အနီးသို့ ရောက်သွားစဉ်မှာပင် ပြောင်းလဲမှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
***