အခန်း ၈
စက်ပစ္စည်း သိုလှောင်အိတ်
ထိုကဲ့သို့ပင် စုန့်ထျန်းဇီ၏ အဖေမှာလည်း စုန့်ထျန်းဇီကဲ့သို့ ကြောက်ရွံ့ နေလေသည်။ သူ၏ အိပ်ခန်း စားပွဲခုံပေါ်တွင်လည်း …..
“ကိုယ့်သားကိုယ် သေချာသွန်သင် ထိန်းသိမ်းထားပါ။ နောက်တစ်ခါဆို စာနဲ့ မပြောဘူး” ဟု ရေးသားထားသော စာတစ်စောင် ရောက်ရှိ နေသောကြောင့်ပင်။
ခွန်အားများ အဆပေါင်းများစွာ တိုးမြှင့်သွားသော အေစီအီး စနိုက်ပါသမား ဝမ်ရှန်း အတွက်မူ သာမန်ခြံဝန်းများကို တိတ်တဆိတ် ဝင်ထွက်နိုင်ရန် လွယ်ကူလွန်းလှသည်။
၎င်းတို့၏ ဉီးခေါင်းများ အချိန်မရွေး ပြတ်သွားနိုင်သည်ကို စဉ်းစားမိသောအခါ စုန့်ထျန်းဇီတို့ သားအဖ နှစ်ယောက်လုံးသည် နေစရာမရှိအောင် ထိတ်လန့် တုန်လှုပ် သွားကြသည်။ ဤနှစ်များအတွင်း မည်သူကမျှ သူတို့ကို မကြောက်ရွံ့စေခဲ့ပေ။
ဤနေရာသည် စုန့်မိသားစု၏ ဝေးလံခေါင်းပါးသော နေရာမှ ဌာနခွဲတစ်ခု ဖြစ်သော်လည်း သူတို့မိသားစုသည် ဤသေးငယ်သော နေရာ၌ပင် ထင်ရှားသော အုပ်စိုးသူများ ဖြစ်ကြသည်။
ကျွန်နှင့် အစောင့်များစွာ ရှိကြသော်လည်း စုန့်ထျန်းဇီ၏ လည်ပင်းဘေးတွင် ပေါ်လာသည့် စာကိုပင် မဆိုထားနှင့် လူဝင်သွားသည့် အရိပ်အယောင်ကိုပင် မည်သူမှ မတွေ့လိုက်ကြပေ။
စုန့်ထျန်းဇီနှင့် ဖခင်ဖြစ်သူ၏ ကြောက်ရွံ့မှုမှာ မကြာမီ ဒေါသအဖြစ် ကူးပြောင်း သွားလေတော့သည်။ အစောင့်များသည် သွေးအန်မတတ် ကြိမ်းမောင်းခံကြရပြီး အိမ်အတွင်းထဲတွင် စောင့်ကြပ်ရသည့် ကျွန်များကို ကျာပွတ်ဖြင့် ရိုက်နှက် ချည်နှောင်ကာ ခြံကျယ်ကြီးထဲတွင် နေပူလှန်း ထားလေသည်။
မနက်လင်းသည်နှင့် လူအများစုမှာ စုန့်ထျန်းဇီက ဝမ်ရှန်းကို သင်ခန်းစာ ပေးပြီးလောက်ပြီဟု ယူဆထားကြပြီး စိတ်ဝင်တစား လာကြည့်ကြလေသည်။
စုန့်ထျန်းဇီသည် ပေါင်ချင်ယုတန် ဆိုင်ရှေ့တွင် ဝမ်ရှန်းကို ခြိမ်းခြောက်ခဲ့သည့် သတင်းကြောင့် လူအများသည် ဝမ်ရှန်းကို လှောင်ပြောင် ရယ်မောရန် မနက်စောစော အအေးခံ၍ စုန့်အိမ်တော်ရှေ့၌ ရောက်ရှိလာကြခြင်း ဖြစ်သည်။
သို့သော် စုန့်ထျန်းဇီသည် ယမန်နေ့ညက လေ့ကျင့်ရင်း ဒဏ်ရာ ရသွားခဲ့သဖြင့် အိမ်တွင် နားနေသည်ဟု သတင်းလွှင့် လိုက်လေရာ လူအများအား စိတ်ပျက်လက်ပျက် ဖြစ်သွားစေတော့သည်။
လူအများစုသည် စိတ်လှုပ်ရှားစရာ အဖြစ်အပျက်ကို မကြည့်ကြရသဖြင့် စိတ်ညစ်ညူး နေကြသော်လည်း မည်သူကမှ ဝမ်ရှန်းကို ကိုယ်တိုင်ကိုယ်ကျ ပြဿနာ မရှာရဲကြပေ။ ဝမ်ရှန်းသည် စုန့်ရန်၏ စေ့စပ်ထားသူ ဖြစ်သဖြင့် ဝမ်ရှန်းကို အရှက်ခွဲလိုက်ပါက စုန့်သခင်မလေး၏ နှလုံးသားထဲတွင် မုန်းတီးမှုများ ဖြစ်ပေါ် လာနိုင်သည် မဟုတ်ပါလော။ သူတို့သည် စုန့်ရန်၏ အမုန်းကို လက်မခံလိုကြ။
ဝမ်ရှန်း၏ ခြိမ်းခြောက်မှုကို ခံလိုက်ရသော စုန့်ထျန်းဇီမှာမူ ဤအကြောင်းအရာတို့ကို ရှက်ရွံ့လွန်းသဖြင့် မည်သူ့ကိုမှ ပြန်မပြောခဲ့ပေ။
ဝမ်ရှန်းသည် ဤသည်ကို မသိ၊ သူလုပ်ခဲ့သည်မှာ လူတစ်စုက သူ့အား အလွယ်တကူ မစော်ကားရဲစေရန်သာ ဖြစ်သည်။
ဝမ်ရှန်းသည် ၂ ရက်လုံးလုံး အပြင်မထွက်ဘဲ အချိန်ကျသည်နှင့် တစ်ပြိုင်နက် ပိုင်ယွမ်ဆေးပြားကို မျိုချလိုက်သည်။ ဆေးအာနိသင် ပြယ်သွားလျှင် စက်ပစ္စည်း မပါဘဲ ကြွက်သား လေ့ကျင့်ခန်းများ လုပ်သည်။ ပိုင်ယွမ်ဆေးပြား တစ်လုံးသောက်ပြီး လေ့ကျင့်ခန်း လုပ်သော အချိန်မှာ လေးနာရီ ငါးနာရီခန့် ကြာသဖြင့် ပိုင်ယွမ်ဆေးပြား တစ်နေ့ သုံးလုံးသောက်လျှင် တစ်နေ့လုံး အချိန်ကုန် သွားသည်။
သုံးရက်တိုင်တိုင် အခန်းအောင်း လေ့ကျင့်ပြီးနောက် ဝမ်ရှန်းသည် ပိုင်ကွမ်ဆယ်ပြား ဆယ်ပြားစလုံး သောက်သုံး ပြီးသွားလေပြီ။ ငါးကြင်းနီ၏ ကျိုးပဲ့နေသော အပိုင်းသည် တစ်ဝက်ခန့် ပြုပြင်ပြီးပြီ ဖြစ်သော်လည်း ခန္ဓာကိုယ် အင်အားမှာ ပထမနေ့ထက် နှစ်ဆသာ တိုးလာသည်။
ငါးရက်မြောက်နေ့တွင် ဝမ်ရှန်းသည် သူ၏ စစ်ဝတ်စုံကို ဝတ်ဆင်ကာ လက်ထဲတွင် ဉီးထုပ်ကို ကိုင်လျက် ခြံထဲမှ ထွက်လာတော့သည်။ လမ်းတစ်လျှောက်တွင် ရိက္ခာခြောက်တချို့ ဝယ်ယူကာ မြို့ပြင် တည့်တည့်သို့ လမ်းလျှောက် လာခဲ့သည်။
တောင်တန်းနှင့် သစ်တောများကြားတွင် တိုက်ပွဲဝင် စစ်ဝတ်စုံကို ဝတ်ဆင်ခြင်းသည် သက်သောင့်သက်သာ ဖြစ်သည့်အပြင် အားသာချက် အချို့လည်းရှိသည်။
ဝမ်ရှန်းအား စောင့်ကြည့်နေသော လူတစ်စုသည် သူအပြင် ထွက်လာသည်နှင့် နောက်မှ တိတ်တဆိတ် လိုက်ပါသွားကြသည်။
ထို လူတစ်စုသည် တောအုပ်ထဲ ရောက်သည်နှင့် အလန့်တကြား ဖြစ်ကုန်ကြသည်။ ဝမ်ရှန်း ဝတ်ဆင်ထားသည့် တိုက်ပွဲဝင် ဝတ်စုံ ယူနီဖောင်းသည် တောထဲတွင် ပုတ်သင်ညို တစ်ကောင်အလား ဖြစ်လာကာ အရောင်မျိုးစုံ တောအုပ်ထဲတွင် သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ ပျောက်ကွယ် သွားစေသည်။ အနောက်မှ လူများသည် ဝမ်ရှန်းနှင့် မီတာတစ်ရာ အဝေးတွင် ရှိသော်လည်း တောထဲ ရောက်သွားသည်နှင့် ဝမ်ရှန်းကို မတွေ့ကြရတော့ပေ။
ရှက်ရွံ့ဖွယ် ကောင်းလှသည်။
ပထမအဆင့်နှင့် ဒုတိယအဆင့်တွင် ရှိနေသော ယွမ်ဝိညာဉ်ပိုင်ရှင် လူငယ်များသည် အဆင့်မြှင့်၍ မရသော ကျိုးပဲ့ဝိညာဉ်ပိုင်ရှင် လူရိုင်းတစ်ယောက်ကို ခြေရာပျောက် သွားခြင်းမှာ ရှက်ရွံ့ဖွယ် အတိဖြစ်သည်။ လူငယ်များသည် ဟိုတစ်စု ဒီတစ်စု ပေါ်ထွက်လာကာ ရှက်လွန်းသဖြင့် တစ်ယောက်ကို တစ်ယောက် မကြည့်ရဲကြပေ။
တစ်ဝက်သည် ဆက်မလိုက်ဘဲ ပြန်လှည့်ရန် ရွေးချယ် လိုက်ကြပြီး ကျန်တစ်ဝက်မှာ ဝမ်ရှန်း ကျန်ခဲ့သော ခြေရာများအတိုင်း နောက်မှ လိုက်ပါသွားကြသည်။
မိုင်အနည်းငယ်ခန့် လမ်းလျှောက်ပြီးနောက် လူအုပ်မှာ အပိုင်းပိုင်း ကွဲထွက်သွားတော့သည်။ လူတိုင်းသည် မိမိတွေ့ရှိသော ခြေရာကသာ မှန်သည်ဟု ယူဆကြသဖြင့် များမကြာမီ မိမိထင်မြင်ချက်အတိုင်း တစ်ယောက်ပြီး တစ်ယောက် ခွဲထွက်သွားကြလေသည်။
ဝမ်ရှန်းသည် နောက်မှ လူများကို ခြေရာဖျောက်ကာ အာရုံလွှဲ ထောင်ချောက် အချို့ တပ်ဆင်ပြီးနောက် စမ်းချောင်းငယ် တစ်ခု၏ လမ်းကြောင်းအတိုင်း လျှောဆင်းလာခဲ့သည်။ တောင်ကုန်းနှစ်ခုကို လျင်မြန်စွာ ဖြတ်ကျော် လာပြီး မီတာ ၂၀၀ ခန့် အကွာတွင် နောက်ယောင်ခံသူ မည်သူမျှ မရှိတော့ပေ။
ဤကမ္ဘာသို့ သူကျလာစဉ် နေရာကွဲကာ ကျသွားသော စက်ပစ္စည်း သိုလှောင်အိတ်ထံမှ တည်နေရာပြ ကိရိယာသည် ကီလိုမီတာများစွာ ဝေးသောနေရာတွင် ရှိနေကြောင်း ပြနေသည်။
တောင်အနည်းငယ် တက်ပြီးလျှင် မိစ္ဆာနယ်မြေထဲသို့ ရောက်ရှိမည်ဖြစ်သည်။ သူ၏ စက်ပစ္စည်း သိုလှောင်အိတ်မှာ ထိုနယ်မြေထဲတွင် ကျရောက် နေလေသည်။ ၎င်းနယ်မြေထဲသို့ မိစ္ဆာ သတ်သူများနှင့် အတွေ့အကြုံ များသော သခင်များအပ အခြား သူများ မဝင်ရဲကြပေ။
ကမ္ဘာမြေပေါ်မှ မထွက်ခွာမီ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းခဲ့သော အင်းဆက်သတ် ဆေးသည် ထိရောက်နေဆဲပင်။ ဤဆေးသည် အကျိုးသက်ရောက်မှုမှာ လဝက်အထိ ကြာမြင့်ပြီး အင်းဆက်များ မနှစ်သက်သော အနံ့တစ်မျိုးကို ထုတ်လွတ် ပေးနိုင်သည်။ ဝမ်ရှန်းသည် တောင်ထိပ်ပေါ်တွင် ရပ်ကာ မှန်ပြောင်းဖြင့် ကြည့်ရှုပြီးနောက် တောထဲသို့ ဆင်းလာခဲ့သည်။
ဝမ်ရှန်းသည် မိစ္ဆာ နယ်မြေထဲသို့ ဝင်ရောက် သွားချိန်တွင် သူရပ်နေခဲ့သော နေရာ၌ အသွင်သဏ္ဌာန် တစ်ခု ပေါ်ထွက်လာသည်။ ၎င်းသည် စစ်မှန်သော နောက်ယောင်ခံသူ တစ်ယောက်ဖြစ်ကာ ဝမ်ရှန်း၏ အာရုံလွှဲ ထောင်ချောက်များက သူ့ကို အရူးမလုပ်နိုင်ခဲ့ပေ။
လိုက်လာသူသည် ရှေ့ဆက် တိုးသွားသည့် ဝမ်ရှန်းကို ကြည့်ကာ တွေဝေနေဟန် ပေါ်သည်။ ဆယ်မိုင်ခန့် လမ်းလျှောက် လာပြီးနောက် သူ့ခန္ဓာကိုယ်သည် အင်းဆက်များ၏ ကိုက်ခဲမှုကြောင့် ဒဏ်ရာ ဗရပွ ဖြစ်နေလေပြီ။
ဝမ်ရှန်းသည် မိစ္ဆာ နယ်မြေထဲထိ ဝင်သွားလိမ့်မည်ဟု မထင်ထားခဲ့သော နောက်ယောင်ခံသူသည် စိတ်ဒုက္ခ ကြီးမားစွာပင် ဝမ်ရှန်း၏ ရည်ရွယ်ချက်ကို အဖြေရှာရန် နောက်မှ ဆက်လက် လိုက်ပါသွားလေသည်။
ဝမ်ရှန်းမှာ တစ်စုံတစ်ယောက် သူ့နောက်သို့ လိုက်နေကြောင်း ရိပ်မိပုံ မပေါ်ပေ။ မိုင်ပေါင်းများစွာ ရှည်လျားသော တောင်တက်လမ်းသည် ကမ္ဘာမြေတွင် တစ်ရက်ကျော်ခန့် အချိန်ယူ ကျော်ဖြတ်ရမည် ဖြစ်သော်လည်း ယခု ဝမ်ရှန်း၏ အမြန်နှုန်းမှာ တိုးတက်လာလေရာ နေ့ဝက်ခန့်သာ အချိန်ယူလိုက်ရသည်။
ကံကောင်းစွာပင် လမ်းတစ်လျှောက်တွင် မိစ္ဆာ သားရဲများနှင့် မတွေ့ခဲ့ရပေ။ ကမ္ဘာမြေတွင် သင်ယူခဲ့သော တောရိုင်းတိရစ္ဆာန် အသိပညာများကို အသုံးချကာ မိစ္ဆာသားရဲများ ကျင်လည် ကျက်စားတတ်သည့် နေရာများကို ရှောင်တိမ်းခဲ့သောကြောင့် ဖြစ်လေသည်။
စစ်ပစ္စည်း သိုလှောင်အိတ်ရှိ တည်နေရာပြ ကိရိယာ၏ အချက်ပြသည့် နေရာသို့ ရောက်ရှိလာသည်။
စစ်စိမ်းရောင် အစဖြင့် ဖုံးအုပ် ထားသော စက်ပစ္စည်း သိုလှောင်အိတ်ကြီးသည် တောအုပ်ထဲတွင် ငြိမ်သက်စွာ လဲကျနေသည်။ ကောင်းကင်ထက်မှ အရှိန်ပြင်းပြင်းဖြင့် ထိုးစိုက် ကျလာမှုကြောင့် တစ်ဝက်ခန့်သည် မြေပြင်ထဲတွင် နစ်ဝင်နေသော်လည်း ပစ္စည်းများမှာ အစိုင်အခဲများ ဖြစ်ကြပြီး ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲ နိုင်ကြသဖြင့် ထိခိုက်မှုမရှိဘဲ ကြိုးမဲ့ အချက်ပြမှုများမှာ ပုံမှန် ဖြစ်နေဆဲပင်။
စက်ပစ္စည်း သိုလှောင်အိတ်သည် တည်ဆောက်စဉ် ကတည်းက အထဲမှ ပစ္စည်းများကို ကာကွယ်ရန် စနစ်တကျ တည်ဆောက် ထားခြင်းဖြစ်သည်။ ရေစိုခံသည်။ ရှော့ခ်တိုက်ခံသည်။ ကောင်းကင်ထက်မှ ပြုတ်ကျရုံလောက်ဖြင့် ပြဿနာ မတက်နိုင်ပေ။
ဝမ်ရှန်းသည် သိုလှောင်အိတ်ကို မြေပြင်ထဲမှ ဆွဲထုတ်ကာ အိတ်၏ မှန်ပြင်ပေါ်တွင် စကားဝှက် အရှည်ကြီးကို ရိုက်ထည့် လိုက်သည်။ စက်ခန်းအတွင်းမှ အသံမြည် လာပြီးနောက် စကားဝှက်များကို ထပ်မံ ရိုက်ထည့်ကာ အလိုအလျောက် သော့ပွင့်လာစေသည်။
ဝမ်ရှန်းသည် သိုလှောင်အိတ်၏ အဖုံးကို မတင်လိုက်ပြီး အထဲမှ ပစ္စည်းများကို စစ်ဆေး ကြည့်လိုက်သည်။
ရှေ့ဆုံးမှ သေးသွယ်၍ ရှည်လျားသော အိတ်သည် CheyTac M-200 ရိုင်ဖယ် သေနတ် ထည့်ထားခြင်း ဖြစ်သည်။ ၎င်းအိတ်သည် အတွင်းနှင့် အပြင်တွင် အကာအကွယ် ၂ ထပ်ပါသဖြင့် ဝမ်ရှန်းသည် စနိုက်ပါ ရိုင်ဖယ်ကို ချက်ချင်း မစစ်ဆေးသေးဘဲ အခြားအရာများကို ခွဲထုတ်လိုက်သည်။
ရှေးဉီးသူနာပြု သေတ္တာ၊ အရေးပေါ် အခြေအနေ အတွက် ထိုးဆေးသုံးလုံး၊ မီးခိုးဗုံး နှစ်လုံး၊ ဖောက်ခွဲဗုံးနှစ်လုံး၊ ဖြန့်ကြက် ခြေရာဖျောက် မိုင်း လေးလုံး၊ တိုက်ရိုက် ဖောက်ခွဲမိုင်း ၂လုံး၊ အဝေးထိန်း စနစ်ဖြင့် ပေါက်ကွဲစေတတ်သော ဗုံးနှစ်လုံး၊ တစ်ပတ်စာ တပ်မတော်ရိက္ခာ၊ ရေသန့်ဆေးပြား နှစ်ဆယ့်လေးပြား၊ ကျောပိုးအိတ် တစ်လုံးသာ ရှိပြီး ပစ္စည်းများစွာ မပါလာပေ။
ထို့နောက် ဝမ်ရှန်းသည် ပစ္စည်းများကို ကျောပိုးအိတ်ထဲသို့ ခွဲထည့်လိုက်ပြီး စနိုက်ပါ ရိုင်ဖယ်ကို စတင် စစ်ဆေးလိုက်သည်။
သေနတ်သည် အမြင့်ပေ ၁၀၀ ကျော်မှ ပြုတ်ကျလာလျှင်ပင် ပျက်စီး မသွားစေရန် အတွင်းအပြင် တိုက်မိမှု ဆန့်ကျင်ရေး စနစ် အလွှာ ၂ ခုကို ထည့်သွင်းထားသည်။ ကျည်သုံးကပ်မှာလည်း သယ်ဆောင်လာခဲ့သည့်အတိုင်း အတိအကျ ရှိနေဆဲပင်။
ယခုတစ်ကြိမ် ဆောင်ရွက်ရမည့် မစ်ရှင်သည် အလွန် ထူးခြားသောကြောင့် ပြင်ဆင်လာခဲ့သော ကျည်ဆန်များမှာ သာမန် စနိုက်ပါ ကျည်များ မဟုတ်ပေ။ ၎င်းတို့ အားလုံးမှာ သံချပ်ထိုး ကျည်ဆန်များ ဖြစ်ကြပြီး ကျည်တစ်ကတ်လျှင် ကျည်ခုနစ်တောင့်၊ စုစုပေါင်း ကျည်ဆန် နှစ်ဆယ့်တစ်တောင့်မှာ မပျက်မစီး ရှိနေလေသည်။
ဝမ်ရှန်းသည် ပစ္စည်းများကို ကျောပိုးအိတ်ထဲသို့ အမြန် ထုပ်ပိုးလိုက်ပြီး လမ်းတစ်လျှောက်တွင် ကောက်ယူခဲ့သော ကျောက်တုံးများကို စက်ခန်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် သိုလှောင်အိတ်ကို ပြန်လည် ဖုံးအုပ်ကာ အလိုအလျောက် ဖျက်ဆီးခြင်း အစီအစဉ်ကို စတင် လိုက်လေသည်။
အားလုံး လုပ်ပြီးသောအခါ ဝမ်ရှန်းသည် ကျောပိုးအိတ်ကို ကျောပေါ်တွင် တင်လိုက်သည်။ ထို့နောက် မီတာပေါင်းများစွာ အထိ အလျင်အမြန် ပြေးလွှားသွားပြီး တိတ်တဆိတ် ချုံခိုကာ စောင့်ဆိုင်း နေလိုက်သည်။
***