အခန်း ၇
ငါ့လည်ပင်းကို ငါဆေးကြောပြီးပြီ
မီးခိုးရောင် အရိပ်၏ စွမ်းဆောင်ရည်များကို စစ်ဆေးပြီးနောက် ဝမ်ရှန်းသည် ပိုင်ယွမ်ဆေးပြားများ သောက်သုံးခြင်း၏ အကျိုးသက်ရောက်မှုကို ဆက်လက် စစ်ဆေး ကြည့်လိုက်သည်။ တစ်ဆက်တည်းဖြင့် ပိုင်ယွမ်ဆေးပြား သုံးပြားလုံး မျိုချလိုက်ပြီး ပြင်းထန်လှသော အော်ရာများသည် ဝမ်ရှန်းအား အချိန် တစ်ခဏကြာအောင် မသက်မသာ ဖြစ်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ တစ်နေ့လျှင် အမြင့်ဆုံး သောက်သုံးနိုင်သော ဆေးပမာဏကို ရောက်သွား သောကြောင့်ပင်။
မည်သို့ပင် ဖြစ်စေ ပိုင်ယွမ်ဆေးပြား ဟူသည် ဆေးတစ်မျိုး ဖြစ်သည်။ လိုအပ်သည်ထက် ပို၍ သောက်သုံးပါက ကောင်းသော အရာသည် မကောင်းသော အရာအဖြစ် ပြောင်းလဲ သွားနိုင်ကြောင်း ဝမ်ရှန်း နားလည်ထားပြီးသား ဖြစ်သည်။
ပိုင်ယွမ်ဆေးပြား သုံးပြားသည် ဝမ်ရှန်း၏ ဝိညာဉ် ချို့ယွင်းချက် ငါးပုံ တစ်ပုံကို ပြုပြင်ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် တစ်ကိုယ်လုံးကို စွမ်းအင်များ ပြည့်ဝနေသလို ခံစားရစေသည်။ ကြွက်သားများသည် ခွန်အား အပြည့်ဖြစ်နေကာ နေထိုင်ရသည်မှာ မသက်မသာ ဖြစ်လာလေသည်။
မတတ်သာသည့် အဆုံးတွင် ဝမ်ရှန်း ဒိုက်ထိုး လေတော့သည်။ ယခင်စံချိန်ချိုးကာ အကြိမ် ၂၀၀ ကျော်သွားသော်လည်း ပင်ပန်းသည်ဟု မခံစားရပေ။ ကမ္ဘာမြေတွင် လေ့ကျင့်စဉ်က အကြိမ် ၂၀၀ ဟူသည် ဝမ်ရှန်းအတွက် သေလုမြောပါးပင်။
ဝမ်ရှန်းသည် အကြိမ်လေးရာ အထိ လုပ်လိုက်သော်လည်း အကန့်အသတ်သို့ မရောက်သေးပေ။ ဝမ်ရှန်းသည် ကြိမ်နှုန်းကို မှတ်သားကာ အကြိမ် ငါးရာအထိ လုပ်လိုက်သော်လည်း လက်များ ရင်အုပ်များ ပူလောင်လာသည် မှအပ မောပန်းသည်ဟု မခံစားရသေးချေ။
ဝမ်ရှန်းသည် ထိုင်ထလုပ်ခြင်း၊ အိပ်ထမတင် လုပ်ခြင်းများကို မရပ်မနား ဆက်တိုက် ပြုလုပ်လိုက်ပြီး လေ့ကျင့်ခန်း အားလုံးသည် ယခင်စံချိန်ကို အပြတ်အသတ် ချိုးသွားကြသည်သာ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် တစ်ရက်အတွင်း နှစ်ဆ တိုးလာခြင်း ဖြစ်လေသည်။ အမြန်နှုန်းကိုမူ မစစ်ဆေး ရသေးသော်လည်း သေနတ်ကို ဆွဲထုတ် ကြည့်လိုက်သည့် အခိုက်အတန့်တွင် ပြောင်းလဲမှုကို ခံစားလိုက်ရသည်။ ဤသည်မှာ ပိုင်ယွမ်ဆေးပြားနှင့် ခန္ဓာကိုယ်တွင်းမှ ဝိညာဉ် စွမ်းအင်များကြောင့် ဖြစ်လေသည်။
အပြင်ဘက်တွင် မှောင်မည်း တိတ်ဆိတ်နေကာ ကမ္ဘာမြေတစ်ခုလုံး ငြိမ်သက်နေသည်။ ဝမ်ရှန်းသည် လေ့ကျင့်ခန်း လုပ်နေသည်ကို ရပ်ကာ ခဏမျှ အနားယူ အကြောဆန့် လိုက်ပြီးနောက် အခန်း၏ အလုံခြုံဆုံးသော နေရာတွင် ထိုင်ချလိုက်သည်။
လက်တစ်ဖက်က သေနတ်လက်ကိုင်ကို ထိထားကာ အချိန်မရွေး လှုပ်ရှားနိုင်သည့် အနေအထားတွင် ရှိနေအောင် ခန္ဓာကိုယ်ကို ထိန်းညှိပြီးမှ မျက်လုံးများကို ပိတ်ကာ အနားယူသည်။
အနားယူသည်ဟု ဆိုသော်လည်း ဝမ်ရှန်း၏ အသိစိတ်မှာ နိုးကြားနေဆဲပင်။ ထူးဆန်းသော ဤကမ္ဘာတွင် ဝမ်ရှန်းသည် ဝက်သေ တစ်ကောင်အလား အဘယ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရဲပါမည်နည်း။ ယနေ့ ကျင့်ကြံခြင်း နည်းလမ်းကို သင်ယူခဲ့ပြီးဖြစ်ရာ ဝမ်ရှန်းသည် စိတ်ကို ယွမ်ဝိညာဉ် နယ်မြေထဲတွင် လုံးလုံးလျားလျား နှစ်မြှုပ်ထားလိုက်သည်။
ငါးကြင်းငယ်သည် မီးခိုးရောင် အရိပ်ထံမှ ဝမ်ရှန်း သင်ယူခဲ့သော လှုပ်ရှားမှုများ အတိုင်း ပတ်ပတ်လည်မှ ဝိညာဉ်စွမ်းအင်များကို ဖြည်းညင်းစွာ စုပ်ယူနေကာ ဤသို့ အဆက်မပြတ် စုပ်ယူခြင်း ဖြစ်စဉ်သည် ကျင့်ကြံခြင်း ဖြစ်ရမည်ဟု ဝမ်ရှန်း ယုံကြည်လိုက်သည်။
ညလယ် ၂ နာရီခန့်တွင် ဝမ်ရှန်းသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး တံခါးအပြင်ဘက်သို့ တိတ်တဆိတ် ခုန်ထွက်လိုက်သည်။ ထို့နောက် အသံမထွက်ဘဲ တိုးတိတ်စွာဖြင့် ပျောက်ကွယ် သွားလေသည်။
ဝမ်ရှန်းသည် မနက်စောစော လင်းခါနီး အချိန်တွင် သူ၏ ခြံဝန်းလေးဆီ ပြန်လာခဲ့သည်။ အထဲဝင်ရန် ပြင်လိုက်စဉ်မှာပင် အသံသေးသေး တစ်ခုကို ကြားလိုက်ရသည်။
ခြံဝန်းငယ်၏ အပြင်ဘက်တွင် လူသုံးယောက်သည် လမ်းတစ်ဖက်မှ ခိုးကြောင်ခိုးဝှက် ထွက်လာကာ လက်ဖျံ အထူခန့်ရှိသော သစ်သားချောင်းများ ကိုယ်စီ ကိုင်ထားကြသည်။ ထို့နောက် ဝမ်ရှန်း နေထိုင်ရာ ဝန်းတံခါးရှေ့ ရောက်လာသည်။
“ဟမ့် လူရိုင်းတစ်ယောက်က သခင်မလေးရန်ရဲ့ စေ့စပ်ထားသူတဲ့လား ၊ အဲ့ အမှိုက်ကောင်ကလေ”
“တိတ်တိတ်နေ အဲ့ကောင်ကို သူ့နေရာသူ ပြန်သွားအောင် သင်ခန်းစာ ပေးရမယ်”
“ဘယ်သူမှ သတိမထားမိတုန်း လုပ်ကြံမယ်၊ တုတ်တွေပဲ သုံးနော် မသတ်မိစေနဲ့”
သုံးယောက်လုံးသည် တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောကာ ရှေ့ဆက် တိုးသွားကြသည်။ ထိုစဉ် နောက်ဆုံးမှ တစ်ယောက်သည် လည်ပင်းက အနည်းငယ် ယားယံလာသဖြင့် ကုတ်ရန် လက်ဆန့် လိုက်စဉ်မှာပင် နှာခေါင်းနှင့် ပါးစပ်ကို ဖုံးအုပ် ခံလိုက်ရကာ အသံပင် မထွက်နိုင်ဘဲ မေ့မြောသွားလေသည်။
ရှေ့မှ နှစ်ယောက်မှာ ဤအဖြစ်အပျက်ကို သတိမပြုမိဘဲ ရှေ့ဆက် လျှောက်သွားကြသည်။
ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် အနှီ လုပ်ကြံသူ နှစ်ယောက်သည် ခြေဖဝါးများကို ရုတ်တရက် လေထဲသို့ မြှောက်လိုက်ပြီး လေထဲတွင် လမ်းလျှောက်သည့်အလား ပေါ့ပါးစွာ လှုပ်ရှား လိုက်ကြသည်။ များမကြာမီ ခြံဝန်း အတွင်းပိုင်းထဲသို့ ရောက်ရှိသွားကြကာ အဝတ်အစားများ ပွတ်တိုက်သံမှအပ အခြားအသံ မထွက်လာပေ။
“သတိထား ရှေ့က ဟိုကောင် နေတဲ့ နေရာပဲ”
ရှေ့ဆုံးမှ အဖော်သည် နောက်မှ လူကို လှည့်မကြည့်ဘဲ သတိပေး လိုက်သည်။ ပြီးလျှင် အသံဗလံများ တိတ်ဆိတ်နေသော ဝန်းငယ်ကို ကြည့်ကာ သက်ပြင်း ချလိုက်သည်။
ထိုအခိုက်အတန့်တွင် ရှေ့ဆုံးမှ လူငယ်သည် လည်ပင်း တစ်ခုလုံး ရုတ်တရက် အေးစက် လာသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံး တောင့်ခဲ သွားလေသည်။ လည်ပင်းထက်မှ အေးစက်မှုသည် လေအေးကြောင့် မဟုတ်ပါဘဲ စူးရှသော ဓားသွား ဖြစ်နေခြင်းပင်။ တိုက်ခိုက်ရေး အတွေ့အကြုံ ရှိထားသော လူငယ်သည် ဤခံစားချက်နှင့် ရင်းနှီးပြီးသား ဖြစ်ကာ တစ်စုံတစ်ယောက်က သူ့လည်ပင်းထက်တွင် ဓားတင် ခံထားရခြင်းမှာ ယခု ပထမဆုံးအကြိမ် ဖြစ်သည်။
“မင်းဘာလုပ်ချင်တာလဲ”
မရင်းနှီးသော အသံတိုးတိုးတစ်ခု ထွက်ပေါ်လာကာ လည်ပင်းထက်မှ ဓားသွားကို မတင်လိုက်လေရာ လူငယ်သည် ခေါင်းကို ချက်ချင်း မော့လိုက်ရလေသည်။
“သခင်မလေး ရန်နဲ့ စေ့စပ်ထားတဲ့သူက လူရိုင်းတစ်ယောက် ဖြစ်နေတယ်၊ အဲ့ကောင်ကို သင်ခန်းစာ ပေးချင်လို့ပဲ”
ဤအကြောင်းမှာ မေးနေစရာပင် မလိုချေ။ စုန့်ရန်ကို တိတ်တခိုး ကျိတ်ကြိုက်နေကြသော လူငယ်လေးများသည် လူရိုင်းတစ်ယောက်က စေ့စပ်ထားသူ ရုတ်တရက် ဖြစ်သွားရခြင်းအတွက် ကျိတ်မနိုင်ခဲမရ ဖြစ်နေကြသည်မှာ ပုံမှန်ပင်။
ဝမ်ရှန်းသည်လည်း ဤကိစ္စများကို ကြိုတင် ခန့်မှန်းထားခဲ့သည်။ စုန့်ရန်၏ စေ့စပ်ထားသူအဖြစ် နာမည်ခံ ထားရခြင်းသည် အနာဂတ်တွင် ဒုက္ခများစွာ ဖြစ်ပေါ်စေနိုင်လေသည်။ မျှော်လင့်ထားသည့်အတိုင်း မနက်မလင်းခင် ကတည်းက လုပ်ကြံသူများ ရောက်နေလေပြီ။
ဤလူငယ် သုံးယောက်မှာ သူ့ကို သင်ခန်းစာ ပေးချင်ရုံသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် အသက်ကိုပင် ရန်ရှာမည့်သူမျး ပေါ်ထွက် လာနိုင်လေသည်။
“မင်းကံကောင်းသွားတယ် မှတ်”
ဝမ်ရှန်းသည် လူတစ်ယောက်၏ လည်ပင်းကို တစ်ချက်တည်း အသေသတ်ရန် မည်သို့ ပိုင်းဖြတ်သည်ကို မသိသဖြင့် လက်သီးဖြင့် ထိုးကာ သတိလစ် သွားစေသည်။
လူငယ်သုံးယောက်၏ ခွန်အားမှာ ဝမ်ရှန်းနှင့် အတူတူပင် ဖြစ်သည်။ သို့သော် ဝမ်ရှန်းမှာ ပိုင်ယွမ်ဆေးပြားများ သောက်သုံး ထားသည့်အပြင် တိုက်ပွဲ အတွေ့အကြုံ မြင့်မားလှသဖြင့် လူငယ်သည် မခုခံနိုင်ဘဲ ခံသွားရခြင်း ဖြစ်သည်။
လူငယ်သုံးယောက်သည် မထင်ရှားသော လမ်းထောင့်လေး တစ်ခု၌ ပစ်ချခံထားရကာ နိုးလာချိန်တွင် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စကားမဆိုနိုင်ကြပေ။ သင်ခန်းစာ ပေးရန် သွားခဲ့ကြသော်လည်း အမည်မသိ ကျွမ်းကျင်သူ တစ်ယောက်နှင့် တွေ့ကာ လမ်းပေါ်၌ ပစ်ချခံထားရသည်ပင်။
အမည်မသိ ကျွမ်းကျင်သူမှာ ဝမ်ရှန်းဖြစ်ကြောင်း မေးနေစရာပင် မလိုချေ။ သို့သော် လူငယ် သုံးယောက်သည် ဤရှက်ရွံ့ဖွယ် ကိစ္စကို ပြန်မပြောလိုကြသဖြင့် ရေငုံနှုတ်ပိတ် နေကြရန် သဘောတူလိုက်ကြကာ အသီးသီး လမ်းခွဲ လိုက်ကြသည်။
အရုဏ်ဉီး အချိန်တွင် ဖြစ်ပျက်သွားသော အရာများကို ဝမ်ရှန်းနှင့် လူငယ်သုံးယောက် မှအပ မည်သူမျှ မသိကြပေ။
နံနက်စောစော၌ မြို့၏ အိမ်ကြီးအိမ်ကောင်း တစ်ခုတွင် လူငယ်လေး တစ်ယောက် အိပ်ရာမှ နိုးလာလေသည်။ ထိုလူငယ်သည် ပေါင်ချင်ယုတန် ဆိုင်ပေါက်ဝ၌ ဝမ်ရှန်းကို ဝင်တိုက် သွားခဲ့သော ဒေသခံ စုန့်မိသားစု ခေါင်းဆောင် စုန့်ထျန်းဇီ ဖြစ်သည်။
စုန့်ထျန်းဇီသည် ဤမြို့သို့ စုန့်ရန် ရောက်ရှိ လာပြီးနောက် အလွန်အမင်း သဘောကျသွားကာ လက်ထပ်ချင်ခဲ့သည်။ သို့သော် စုန့်ရန်သည် အနားကပ်လာသည့် ယောက်ျား မှန်သမျှ ရိုက်ထုတ်တတ်ပြီး စုန့်ထျန်းဇီကိုလည်း အလွယ်တကူ ချဉ်းကပ်ခွင့် မပေးခဲ့ပေ။
ထို့ပြင် မကြာသေးမီက စုန့်ရန်သည် အပြင်တစ်ခေါက် ထွက်သွားကာ လူရိုင်းတစ်ယောက်ကို ခေါ်လာခဲ့ပြီး စေ့စပ်ထားသူဟု ဆိုလာလေသည်။
စုန့်ထျန်းဇီသည် ဤသတင်း ကြားပြီးနောက် အဆုတ်ကွဲမတတ် ဒေါသ ထွက်ခဲ့ရသည်။
အထူးသဖြင့် ဝမ်ရှန်းသည် ကျိုးပဲ့ဝိညာဉ်နှင့် ပေါင်းစပ်ထားကြောင်း သိလိုက်ရချိန်တွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင် လာတော့သည်။
ထို့ကြောင့်လည်း ဝမ်ရှန်းအား ဆိုင်ပေါက်ဝတွင် ဝင်တိုက်ကာ လည်ပင်းကို ဆေးကြောထားရန် သတိပေးခဲ့သည်။ ဝမ်ရှန်းသာ နောက်မဆုတ်ပါက အသေသတ်ရန်အထိ တွေးထားလေသည်။ စုန့်ထျန်းဇီသည် မျက်လုံးများကို ဖွင့်လိုက်သည်နှင့် လည်ပင်းမှ ယားယံမှုကို ခံစားလိုက်ရသည်။ အစက သူသည် နံဘေးမှ အမျိုးသမီး၏ ဆံပင်ဟု ထင်မိသဖြင့် လက်ဖြင့် သပ်ချလိုက်သော်လည်း အဆင်မပြေချေ။ စုန့်ထျန်းဇီသည် ချက်ချင်း ထထိုင်ကာ လည်ပင်းနားမှ ပစ္စည်းများကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
၎င်းမှာ စာရွက်တစ်ရွက် ဖြစ်လေရာ စုန့်ထျန်းဇီသည် လေလွင့်၍ ရောက်လာခြင်း ဖြစ်မည်ဟု တွေးလိုက်ပြီး အလေးအနက် မထားမိဘဲ လွှင့်ပစ်လိုက်သည်။
စုန့်ထျန်းဇီ၏ လှုပ်ရှားမှုကြောင့် နံဘေးမှ အမျိုးသမီးသည် ရုတ်တရက် နိုးလာပြီး အဝတ်အစားများ ပြန်လည် ဝတ်ဆင်နေလေသည်။
ထိုအခါမှ စုန့်ထျန်းဇီသည် အမှန်တကယ် နိုးလာကာ သူလွှင့်ပစ်လိုက်သော စာရွက်ထဲတွင် စာလုံးအချို့ ရှိနေကြောင်း သတိထားမိ လိုက်တော့သည်။ ပြန်ကောက်ယူပြီး ကြည့်လိုက်ချိန်တွင် ရုတ်တရက် မျက်လုံးများ ပြူးကျယ် လာလေသည်။
“ငါ့လည်ပင်းကို ဆေးကြောပြီးပြီ ဘယ်လိုလဲ”
စာရွက်ပါ အကြောင်းအရာသည် ရိုးရှင်းသော်လည်း စုန့်ထျန်းဇီမှာ သေးထွက်ကျလုနီးနီး ဖြစ်လာသည်။
ဤစာသားအရ ဝမ်ရှန်းသည် သူ့အိမ်သို့ ရောက်လာခဲ့သည်။
စာရွက် နေရာတွင် ဓားတစ်ချောင်းသာ ဆိုပါက စုန့်ထျန်းဇီသည် ယနေ့ လောကကြီးကို မြင်တွေ့ခွင့်ရှိမည် မဟုတ်တော့ပေ။
ဤသို့ တွေးမိသောအခါ စုန့်ထျန်းဇီသည် ခြေထောက်များ ပျော့ခွေလာကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
ဒါက ဘယ်လို စွမ်းရည် မျိုးလဲ။
ငါက ဘာလို့ မသိလိုက်တာလဲ။
နံဘေးမှ အမျိုးသမီးသည် ရုတ်တရက် သွေးပျက်နေသော စုန့်ထျန်းဇီကို ကူညီတွဲခေါ်ကာ အိပ်ရာထက်တွင် ထိုင်စေသည်။ စုန့်ထျန်းဇီသည် နဖူးမှ ချွေးဒီးဒီး ကျနေကာ မျက်ဆံများ ချာချာလည် နေသည်။
စုန့်ထျန်းဇီ၏ အပြုအမူကြောင့် အမျိုးသမီးမှာ ထိတ်လန့်အံ့သြ နေလေသည်။ သူမ၏ သခင် ကြောက်ရွံ့နေသည့် ပုံစံကို ယခင်က တစ်ကြိမ်မျှ မမြင်ဖူးခဲ့ပေ။
***