အခန်း ၆
သတ်ဖြတ်ဗီဇ
များမကြာမီ စုန့်ရန်သည် သူမ၏ ကိုယ်ပိုင်ကိစ္စများကို လုပ်ဆောင်ရန် ထွက်ခွာသွားလေသည်။
ဝမ်ရှန်းသည် စုန့်ရန် ထွက်သွားသည်ကို ကြည့်ကာ တံခါးပိတ်လိုက်သည်။ တစ်ယောက်တည်း ရှိနေစဉ်တွင် ယနေ့ ဖြစ်ပျက်သမျှကို လျင်မြန်စွာ ပြန်လည် တွေးတောလိုက်သည်။
“ငါ မရင်းနှီးတဲ့ ကမ္ဘာကို ရောက်လာပြီး ပိုပြီး ငယ်သွားတယ်။ ငါ့စိတ်ထဲမှာ မီးခိုးရောင် အရိပ်တစ်ခုရှိပြီး ဘောင်မဝင်တဲ့ကျိုးပဲ့ ဝိညာဉ် ငါးကြင်းတစ်ကောင် ပိုင်ဆိုင်ထားတယ်။ ပြီးတော့ အလှပဂေး တစ်ယောက်ရဲ့ စေ့စပ်သူ ဖြစ်လာတယ် ဒါတွေအားလုံး အိပ်မက်လိုပဲ”
စနိုက်ပါသမား တစ်ယောက်သည် မည်သည့် အခြေအနေတွင်မဆို ရနိုင်သမျှ သဲလွန်စများကို ရှာဖွေရသည်။ ဝမ်ရှန်းသည် အချို့ကိစ္စများကို ယခင်ကတည်းက ကြိုတင် ရိပ်မိပြီးသား ဖြစ်သည်။
ပထမအချက်သည် စုန့်ရန်မှာ သူများပေါ်တွင် မှီခိုနေရသော ဝမ်းကွဲတစ်ယောက်နှင့် မတူခြင်းပင်။ ဉီးလေးယုနှင့် သိုက်ဟွမ်၏ စုန့်ရန်အား ဆက်ဆံပုံများသည် သာမန် ဝမ်းကွဲတစ်ယောက်ကို ဆက်ဆံသည့်ပုံနှင့် လားလားမျှ မတူပေ။
စုန့်ရန်သည် အဘယ်ကြောင့် သူ့အား စေ့စပ်ထားသူအဖြစ် မိတ်ဆက်ခဲ့ပါသနည်း။ မူလက ၎င်းသည် သိုက်ဟွမ်၏ လက်မှ လွတ်ရန် အကြောင်းပြချက် ဖြစ်နိုင်သော်လည်း ယခုအချိန်ထိ ဖြေရှင်းခြင်း မပြုသေးပေ။
စုန့်ရန်သည် အများအမြင်ကိုပင် ဂရုမစိုက်ဘဲ လှောင်ပြောင်ခံ၍ လူအများ ရှေ့တွင် သူ့ကို စေ့စပ်ထားသူ အဖြစ် မိတ်ဆက်ခဲ့ခြင်းမှာ သူ့ကို အကာအကွယ် တစ်ခုအဖြစ် အသုံးချလို၍သာ ဖြစ်နိုင်သည်။
သုံးလအတွင်း မိစ္ဆာဖမ်းမည့် အစီအစဉ်ကိုလည်း ဝမ်ရှန်း အလေးအနက် မထားမိပါချေ။ သူ့လို ဘာမှ မသိသေးသော လူတစ်ယောက်သည် အဘယ်မှာ မိစ္ဆာဖမ်းနိုင်ပါမည်နည်း။
ဤအိမ်၊ ဤခြံဝန်းသည် သူမဘဝကို ကယ်ဆယ်ခဲ့ခြင်းအတွင် စုန့်ရန်၏ ပြန်လည် ပေးဆပ်မှုဟု ယူဆနိုင်သည်။
ကမ္ဘာအသစ်တွင် ရောက်ရောက်ချင်း လမ်းပေါ်၌ မအိပ်ရသည့်အတွက် ဝမ်ရှန်း စိတ်ချမ်းသာမိသည်။
ဝမ်ရှန်းသည် သိုက်ဟွမ်တို့၏ တန်ဖိုးကြီး ပစ္စည်းများကို သယ်ဆောင်ကာ စျေးသို့ တိုက်ရိုက် လမ်းလျှောက် လာခဲ့သည်။ မန်ရွယ် ကျင့်ကြံရေး သင်တန်းကျောင်းသို့ သွားစဉ်က လမ်းတွင် ဧရာမ စျေးကြီးတစ်ခုကို တွေ့မြင်ခဲ့လေရာ တစ်ယောက်တည်း အထုပ်ထမ်းလျက် ထွက်လာခဲ့သည်။
လမ်းပေါ်မှ လူများသည် ဝမ်ရှန်းကို လက်ညှိုးထိုးကာ …..
“အရည်အချင်း မပြည့်မီဘူး။ အမှိုက်လိုကောင်။ လူရိုင်းကောင်” စသည်ဖြင့် အမျိုးစုံ ပြောဆိုဝေဖန် နေကြသည်။
သို့သော် ဝမ်ရှန်း ဂရုမစိုက်ပါချေ။ သူလို လူတစ်ယောက်ကို စကားလုံးဖြင့် စော်ကားခြင်းသည် အရာမထင်ချေ။ လူတိုင်းသည် သူတို့ထင်ချင်သည့် အရာကိုသာ ဆွဲတွေးကြပြီး ထိုကိစ္စအတွက် ဖြေရှင်းစရာ နည်းလမ်းမရှိပေ။
ဝမ်ရှန်းသည် အိတ်ကို ပွေ့ကာ ကြီးမားသော ဆိုင်ကြီး တစ်ဆိုင်ထံ လျှောက်သွားသည်။
“ငါ ဒီပစ္စည်းတွေကို ရောင်းချင်တယ် မင်းတို့ “ပေါင်ချင်ယုတန်” ဆိုင်က လက်ခံသလား”
ဝမ်ရှန်းသည် အိတ်အဖုံးကို ဖွင့်ဟကာ လက်နက်မျိုးစုံနှင့် လက်ရာမြောက် အသုံးအဆောင် ပစ္စည်းများကို လှစ်ဟပြလိုက်သည်။
ဆိုင်ရှင်သည် ဝမ်ရှန်းမှာ ကျိုးပဲ့ ဝိညာဉ်ပိုင်ရှင်မှန်း သိထားသော်လည်း အထုပ်ထဲမှ ပစ္စည်းများကြောင့် ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ဝမ်ရှန်းအား လက်ဆွဲ၍ပင် နှုတ်ဆက် လိုက်သေးသည်။ ခဏအကြာတွင် ဝမ်ရှန်းသည် ပေါင်ချင်ယုတန်ဆိုင်မှ အထုပ်တစ်ထုပ် ကိုင်လျက် ဝမ်းသာရွှင်မြူးစွာ ထွက်လာလေသည်။
“အွတ်”
ဆိုင်မှ အထွက်တွင် ဝမ်ရှန်းသည် လူငယ်တစ်ယောက်နှင့် ဝင်တိုက်မိသွား လေသည်။ ဝမ်ရှန်းသည် ပျာပျာသလဲ နောက်ဆုတ် လိုက်စဉ်မှာပင် လူငယ်သည် ရှေ့တက်လာပြီး အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
“ကောင်လေး စုန့်ရန်ကို ငါနဲ့ပြိုင်လုချင်တယ် ဆိုရင်တော့ အိမ်ပြန်ပြီး မင်းလည်ပင်းကို ဆေးကြောထားလိုက်တော့”
ဝမ်ရှန်းသည် တစ်ဖက်လူကို အံ့သြစွာ ကြည့်လိုက်မိသည်။ ထို့နောက် စကား တစ်ခွန်းမှ မဆိုဘဲ နေထိုင်ရာ ခြံဝန်းသို့ အလျင်စလို ပြန်သွားလေသည်။
ပေါင်ချင်ယုတန်ဆိုင်၏ အနောက်ဘက် ခန်းမထဲတွင် သက်လတ်ပိုင်း အရွယ် ဆိုင်ရှင်သည် စားပွဲပေါ်မှ အဖြူရောင်ပိတ်စ မျက်နှာဖုံးနှင့် အမျိုးသမီး တစ်ယောက်ကို လေးစားစွာ တင်ပြနေသည်မှာ –
“သခင်မ၊ ကျွန်တော် ပစ္စည်းတချို့ ရလိုက်တယ်၊ အဲ့ထဲမှာ သိုက်မိသားစု သခင်လေး သိုက်ဟွမ်သုံးတဲ့ ဓားနဲ့ အရမ်းတူတဲ့ ဓားတစ်လက် ပါလာတယ်”
“တူတယ်ဟုတ်လား”
အဖြူရောင် မျက်နှာဖုံးနှင့် အမျိုးသမီးသည် ဆိုင်ရှင်၏ မတင်မကျ အဖြေစကားကို အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ် သွားသည်။
“အတူတူ နီးပါးပါပဲ သခင်မ”
ဆိုင်ရှင်သည် အနှီအမျိုးသမီး၏ အကျင့်စရိုက်ကို ကောင်းစွာ သိထားပုံဖြင့် ထပ်လောင်း ပြောကြားလိုက်သည်။
“သံအစောင့်အကြပ် ၇ ယောက်နဲ့ သိုက်ဟွမ်နားကို ချဉ်းကပ်နိုင်တဲ့ လူက သာမန်တော့ ဟုတ်ပုံမရဘူး၊ အဲ့ကောင်လေးက တစ်ခုခုတော့ တစ်ခုခုပဲ”
“ဓားရိုးပေါ်က ပုတီးစေ့က သိုက်ဟွမ်ရဲ့ ဓားဆိုတာ သက်သေပြနေတယ် ကမ္ဘာပေါ်မှာ ဒီလိုဓားမျိုး နှစ်လက် ရှိနေတာတော့ မဟုတ်ဘူးမလား”
အဖြူရောင် မျက်နှာဖုံးနှင့် အမျိုးသမီးသည် ရုတ်တရက် ရယ်မောလိုက်ပြီး –
“အဲ့ကောင်လေးက အမှိုက်လို့ ပြောကြတယ်လေ၊ သူ ယူလာတဲ့ ပစ္စည်းတွေက တကယ့်အစစ် ဖြစ်နိုင်ပါ့မလား”
ဆိုင်ရှင်သည် ချက်ချင်း မျက်နှာ ပျက်သွားပြီး နဖူးမှ ချွေးဒီးဒီး ကျလာသည်။
အမှိုက်လိုလူသည် သိုက်မိသားစု၏ သခင်လေး သိုက်ဟွမ်၏ ဓားကို အမှန်တကယ်ပင် ရရှိနိုင်ပါမည်လော။
သေချာပေါက် မဖြစ်နိုင်ပါချေ။ တစ်ခုတည်းသော ဖြေရှင်းချက်မှာ ဤပစ္စည်းများသည် အတုသာ ဖြစ်ရမည်ပင်။
“စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်”
အေးစက်စက် အသံ ပေါ်ထွက်လာသည်။
“သိုက်မိသားစုနဲ့ စုန့်မိသားစုကြားမှာ တစ်ခုခုတော့ ဖြစ်နေပြီ ထင်တယ်၊ ဒီဓားကနေ အကြောင်းရင်းကို သိချင်သိနိုင်တယ်”
“ဟုတ်ကဲ့ပါ”
ဆိုင်ရှင်သည် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး လျင်မြန်စွာ စီစဉ်နေသည်။ အခန်းထဲတွင် အဖြူရောင် မျက်နှာဖုံးတပ် အမျိုးသမီးနှင့် အစေခံတစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။
ဝမ်ရှန်းသည် သူ့ခြံဝန်းထဲသို့ ပြန်ရောက် လာချိန်တွင် မျှော်လင့်ထားသည့် အတိုင်းပင် တံခါးကြားတွင် ညှပ်ထားခဲ့သော ဆံခြည်မျှင်မှာ မရှိတော့ပေ။ တစ်ယောက်ယောက်က သူ့ခြံထဲသို့ ခိုးဝင် သွားခဲ့လေသည်။
ဝမ်ရှန်းသည် ဘာမှ မဖြစ်သည့်အလား ခပ်ယဲ့ယဲ့ပြုံးကာ ဝင်လာခဲ့သည်။ အခန်းထဲတွင် အဝတ်အစားများနှင့် ဉီးထုပ်သာ ကျန်ခဲ့လေရာ သူစိမ်း ဝင်လျှင်တောင် ဘာမှ တွေ့မည် မဟုတ်ပေ။
ယခင်က ပိုင်ယွမ် ဆေးပြားဟူသည် ကမ္ဘာပေါ်က အားဆေး တစ်မျိုးနှင့် အသွင်တူပြီး စျေးနှုန်းမှာလည်း အကန့်အသတ် ရှိလိမ့်မည်ဟု ထင်ထားခဲ့သည်။ ဤကမ္ဘာတွင်မူ ဆေးပြားများမှာ စျေးကြီး လွန်းလှသည်။ ပိုင်ယွမ်ဆေးပြား တစ်လုံးကို ရွှေဒင်္ဂါးဆယ်ပြား ကုန်ကျပြီး သာမန်လူများ တစ်နှစ်လုံး မစားမသောက်ဘဲ စုလျှင်တောင် တတ်နိုင်မည် မဟုတ်ပေ။
သိုက်ဟွမ်၏ ဓားသည် အလွန် ကောင်းမွန်လှပြီး မှော်အဆင့်ကို မသိသော်လည်း သာမန် လက်နက်များထက် သာလွန်ကြောင်းတော့ ဝမ်ရှန်း သိပါသည်။ ဓားဖြင့် ပိုင်ယွမ်ဆေးပြား ငါးပြား လဲလှယ်နိုင်ခဲ့ပြီး ဓားရိုးမှ ကျောက်စိမ်း ပုလဲစေ့များမှ ပိုင်ယွမ်ဆေးပြား ငါးပြား ထပ်မံ ရရှိခဲ့သည်။ ပိုင်ယွမ်ဆယ်ပြား ၁၀ ခုသည် ဝမ်ရှန်းအတွက် လုံလောက်သော ပမာဏပင်။
ဝမ်ရှန်းသည် သက်တောင့်သက်သာ အဖြစ်ဆုံးသော အနေအထားတွင် ထိုင်လိုက်ပြီး တံခါးနှင့် တည့်တည့်တွင် မထိုင်ပေ။ လက်သည် ပစ္စတိုသေနတ်ကို အချိန်မရွေး ဆွဲထုတ်နိုင်သော အနေအထားတွင် ရှိပြီး အချိန်မရွေး တိုက်ခိုက်နိုင်သည်။ ၎င်းမှာ ဝမ်ရှန်း၏ အလေ့အကျင့်ဖြစ်ပြီး မရင်းနှီးသော နေရာများတွင် ပို၍ သတိထားရမည် ဖြစ်သည်။
ထို့နောက် ပိုင်ယွမ်ဆေးပြားကို ကိုင်ကာ မျိုချလိုက်သည်။ စိတ်များ ပြေလျော့သွားပြီး ငြိမ်သက်သော အခြေအနေသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ပထမတစ်ကြိမ် ဖြတ်သန်း ပြီးနောက် အခက်အခဲ သိပ်မရှိတော့ပေ။
များပြား၍ တုနှိုင်းမဲ့သော စွမ်းအင်များသည် ဝမ်ရှန်း၏ ဝမ်းဗိုက်ထဲမှ ထွက်ပေါ်လာကာ ယွမ်ဝိညာဉ် နယ်မြေထဲသို့ အရူးအမူး တိုးဝင် သွားလေသည်။ ဝိညာဉ်စွမ်းအင် အမျှင်တန်းများသည် မပြည့်စုံသော မျဉ်းကြောင်းများဖြင့် ပုံဖော်ထားသော ငါးကြင်းငယ်ဆီ ပြေးလွှား စီးဝင်သွားသည်ကို ပြတ်သားစွာ ခံစားနေရသည်။
ဤဝိညာဉ် စွမ်းအင်များသည် ဝမ်ရှန်း ပထမဆုံးအကြိမ် ကျင့်ကြံခြင်းထက် ပို၍ ကြီးမား များပြားသည်။ ငါးကြင်းငယ်၏ ခန္ဓာကိုယ်ပေါ်တွင် မြောက်မြားစွာသော မျဉ်းကြောင်းများ ပေါ်ထွက် လာသည်ကို ကြည့်ရုံဖြင့် ပိုင်ယွမ်ဆေးပြား အလုပ်ဖြစ်ကြောင်း ထင်ရှားပေသည်။
လူအများသည် ကျိုးပဲ့ ဝိညာဉ်ကို သိပ်ဂရုမစိုက် ကြသည်မှာ အံ့သြစရာ မဟုတ်ပေ။ သို့သော် ဤပြဿနာသည် ဖြေရှင်း၍ မရသော ကိစ္စ မဟုတ်ပါချေ။ ငါးကြင်း၏ ခန္ဓာကိုယ်မှ မျဉ်းကြောင်းများကို ကြည့်ကာ ဝမ်ရှန်းသည် ကျိုးပဲ့ ဝိညာဉ်ဟူသည် တစ်ခဏမျှသာ ဖြစ်ကြောင်း သဘောပေါက် သွားသည်။ တကယ့် ပြဿနာမှာ ကြယ်မရှိခြင်း၊ အဆင့်မြှင့်၍ မရခြင်းပင်။
ထိုစဉ် ဝမ်ရှန်း၏ အသိစိတ်သည် မီးခိုးရောင် အရိပ်ပေါ်တွင် အာရုံရောက် သွားပြန်သည်။ ထိုသဏ္ဌာန်သည် လှုပ်ရှားခြင်း ကင်းမဲ့စွာ အပြင်လောကတွင် ဝမ်ရှန်း ထိုင်နေသည့်အလား တင်ပျဉ်ခွေ ထိုင်နေလေသည်။
ဝမ်ရှန်းသည် သူသင်ကြားဖူးခဲ့သော စစ်လက်ဝှေ့ပွဲ အကြောင်း တွေးလိုက်သည်နှင့် တစ်ပြိုင်နက် မီးခိုးရောင် အရိပ်မှ ချက်ချင်း တုံ့ပြန်လာသည်။ အရိပ်သည် ချက်ချင်း ထရပ်လိုက်ပြီး ဝမ်ရှန်း၏ စိတ်ထဲမှ မှတ်သား ထားသည့်အတိုင်း တိုက်ခိုက်ပြလေသည်။
သို့သော် မီးခိုးရောင် အရိပ်၏ တိုက်ခိုက်မှုသည် ပြင်းထန်သော်လည်း နေရာများစွာ ပြောင်းလဲနေသည်။ လှုပ်ရှားမှုတိုင်းသည် ပို၍ ကြမ်းကြုတ်လာကာ ခန္ဓာကိုယ် အနေအထားကိုလည်း များစွာ ပြောင်းလဲထားသည်။ သာမန် စစ်သားများသာ ဤတိုက်ကွက်များကို မြင်ပါက စိတ်ပျက်စွာ ခေါင်းယမ်းကြမည်သာ။
သို့ရာတွင် ဝမ်ရှန်းမှာမူ ဤတိုက်ကွက်များကို ကောင်းစွာ နားလည်နေသည်။ မီးခိုးရောင် အရိပ်သည် ရန်သူကို ဖမ်းချုပ်ကာ နာကျင်စေသည့် လက်ဝှေ့ပုံစံအား ရက်စက်ကြမ်းကြုတ်ကာ တစ်ချက်တည်းဖြင့် အသေသတ်ပစ်နိုင်မည့် ပုံစံအဖြစ်သို့ ပြောင်းလဲ လိုက်ခြင်းသာ ဖြစ်သည်။
မီးခိုးရောင် အရိပ်သည် တစ်ကြိမ် တိုက်ခိုက်လိုက်တိုင်း ဝမ်ရှန်း၏ စိတ်ထဲ၌ ထိုတိုက်ကွက်သည် ရှင်းလင်း ပြတ်သားစွာ ပေါ်ထွက်လာသည်။
ဝမ်ရှန်းသည် အရိပ်နှင့်အတူ လက်ဝှေ့သိုင်းကို ပြန်လည် လေ့ကျင့်ရန် ပြင်လိုက်စဉ်မှာပင် ဆေးစွမ်းအင် ပြိုကွဲသွားကာ မီးခိုးရောင်အရိပ် ပျောက်ကွယ် သွားလေသည်။ ပိုင်ယွမ်ဆေးပြား၏ အာနိသင် ကုန်ဆုံး သွားလေပြီ။
မျဉ်းကြောင်းများဖြင့် ပုံဖော်ထားသော ငါးကြင်းငယ်၏ ပျောက်ဆုံး နေသည့် အစိတ်အပိုင်း များမှာ အနည်းငယ် ပေါ်ထွက်လာပြီ ဖြစ်သော်လည်း ဆယ်ပုံတစ်ပုံပင် မရှိသေးချေ။ ၎င်းမှာ ပိုင်ယွမ်ဆေးပြားသည် အစွမ်းထက်သော်လည်း စိတ်ဝိညာဉ်ကို ပြုပြင်ရန် ဆေးပြားများစွာ လိုအပ်နေသေးကြောင်း သက်သေ ပြနေသည်။
ဝမ်ရှန်းသည် များစွာ မတွေးတော့ဘဲ ပိုင်ယွမ် ဆေးပြားကို ထပ်မံ မျိုချကာ ဆက်လက် ကျင့်ကြံလိုက်သည်။
ဝမ်ရှန်းသည် လက်ဝှေ့သိုင်းကို သာမက ဓားသိုင်းနှင့် သံလက်နက်များ အသုံးပြုပုံတို့ကို မီးခိုးရောင် အရိပ်နှင့် လေ့ကျင့်ခဲ့ပြီးနောက် ပစ္စတို၊ ရိုင်ဖယ်နှင့် စနိုက်ပါ ရိုင်ဖယ်များ အသုံးပြုပုံကိုလည်း စမ်းသပ် ကြည့်လိုက်သည်။ သို့သော် ဤနည်းလမ်းများကိုမူ မီးခိုးရောင် အရိပ်သည် တုံ့ပြန်ခြင်း မရှိပေ။ မီးအခြေခံသော ၎င်းလက်နက်များသည် ဤကမ္ဘာတွင် မရှိသဖြင့် မီးခိုးရောင် အရိပ်သည် တုံ့ပြန်မှု မရှိခြင်းပင်။
သို့သော် စနိုက်ပါ ရိုင်ဖယ်မှာ ခြွင်းချက်ဖြစ်သည်။ ထူးခြားသည်မှာ မီးခိုးရောင် အရိပ်သည် စနိုက်ပါ ရိုင်ဖယ်ကို အသုံးပြုပြစဉ် ၎င်းမှာ ရိုင်ဖယ်တစ်ခုကို ကိုင်ထားသည်နှင့် မတူဘဲ သံအေးလက်နက်ရှည် တစ်ခုကို အသုံးပြုနေပုံနှင့် ပိုတူနေလေသည်။
ဆိုရလျှင် မီးခိုးရောင် အရိပ်သည် သံအေးလက်နက် အားလုံးနှင့် လက်နက်မဲ့ တိုက်ခိုက်မှုများ အားလုံးကို အကောင်းဆုံး အနေအထား ရောက်အောင် ပြုပြင် ပေးနိုင်လေသည်။ ထို့ပြင် သတ်ဖြတ်ဗီဇ ပြင်းထန်လှပြီး တိုက်ကွက် အားလုံးကို ရန်သူအား သတ်ဖြတ်ရန်သာ ဉီးတည်ထားသည်။
ထို့ကြောင့် ဝမ်ရှန်းသည် ရန်သူ၏ လှုပ်ရှားမှုကို မြင်သည်နှင့် အလိုလို ပစ်သတ်လိုက်မိခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ သူ့အတွင်းရှိ ဤ မီးခိုးရောင်အရိပ်၏ သတ်ဖြတ်လိုစိတ် ဗီဇကြောင့် ဖြစ်လေသည်။
***