အခန်း ၅
အသိဉာဏ်ကို ချိုးနှိမ်သော သူယုတ်
ကြမ်းကြုတ်သော တိုက်ပွဲများနှင့် ကြုံတွေ့နေရစဉ်မှာပင် စနိုက်ပါသမားများသည် ချက်ချင်း တည်ငြိမ်ရန် လိုအပ်သည်။ သို့မဟုတ်ပါက တိုက်ခိုက်ရေး သမားများကို ကိုင်တွယ် ဖြေရှင်းနိုင်မည် မဟုတ်ပေ။ တူညီစွာပင် ငြိမ်သက်နေသော အနေအထားသည် စနိုက်ပါသမား၏ လက်ကို ပို၍ တည်ငြိမ်စေကာ ဉီးခေါင်းကို ပို၍ကြည်လင်စေသည်။
ဝမ်ရှန်းသည် အေစီအီး စနိုက်ပါ ဖြစ်လာရခြင်း အကြောင်းရင်းမှာလည်း ဤအချက်ပေါ်တွင် မူတည်လေသည်။ သူ၏ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ အရည်အချင်းများက လျင်မြန်စွာ တည်ငြိမ်နိုင်စွမ်း ရှိပြီး တစ်ပြိုင်နက်တည်းမှာပင် စိတ်လက် ပေါ့ပါးအောင် ပြုလုပ်ပေးနိုင်သည်။
ထို့ကြောင့် ငြိမ်သက်ခြင်းဖြင့် စိတ်ဝိညာဉ်နှင့် ဆက်သွယ်သော ကိစ္စသည် ဝမ်ရှန်းအတွက် များစွာ ခက်ခဲသော ကိစ္စတော့ မဟုတ်ပါချေ။
အထူးသဖြင့် သူသည် ကမ္ဘာမြေပေါ်တွင် ရှိစဉ်က ဗုဒ္ဓဘာသာနှင့် တာအိုဝါဒီများ၏ အသက်ရှူ နည်းလမ်းများကို လေ့လာသင်ကြား ခဲ့သေးသည်။
ငြိမ်သက်ခြင်းနှင့် ဗလာနယ်သာ ရှိသော အခြေအနေတွင် အာရုံခြောက်ပါးသည် ငြိမ်သက်၍ ထိရှလွယ်နေကာ ယွမ်ဝိညာဉ်၏ တည်ရှိမှုကို အလိုအလျောက် အာရုံခံနိုင်လေသည်။ ဖြစ်တည်မှုကို ခံစားသိရှိပြီးနောက် စိတ်ဝိညာဉ်နှင့် ဆက်သွယ်ရန် ဤမျှ မခက်ခဲတော့ပေ။
ဝမ်ရှန်း၏ စိတ်ကမ္ဘာထဲတွင် ငါးကြင်းသေးလေး တစ်ကောင် ပေါ်လာသည်။ သို့သော် ဤငါးကြင်းသည် ရေကန်ထဲမှ ငါးကြင်းနှင့် မတူပေ။ ပထမအချက်မှာ အရောင် မရှိခြင်းပင်။ ထို့ပြင် အစစ်အမှန် မဟုတ်ဘဲ မျဉ်းကြောင်းများဖြင့် ပုံဖော်ထားသော ကောက်ကြောင်း တစ်ခုသာ ဖြစ်သည်။ နောက်ဆုံး မတူညီသော အချက်မှာ အလယ်တွင် ကျိုးပဲ့ ပျောက်ဆုံးနေသော အပိုင်းတစ်ခု ရှိနေသည်။
ဤမြင်ကွင်းသည် မယုံကြည်နိုင်ဖွယ် ကောင်းလှသော်လည်း ဝမ်ရှန်းသည် သူ့ကိုယ်ပိုင် ဝိညာဉ်၏ ပုံရိပ်ကို အမှန်တကယ် ခံစားနေရသည်။ သို့သော် ဝမ်ရှန်း၏ အသိစိတ်သည် ငါးကြင်း၏ နံဘေးမှ ရုတ်တရက် ဖျတ်ခနဲ လက်သွားသော မီးခိုးရောင် အရိပ်တစ်ခုကို မြင်တွေ့သွားပြန်သည်။
မီးခိုးရောင် အရိပ်သည် လူသားတစ်ယောက်နှင့် သဏ္ဌာန်တူပြီး တိတ်ဆိတ် ငြိမ်သက်စွာ ထိုင်နေသည်။ ဤပုံစံသည် သရဲတစ်ကောင်နှင့် အလွန်တူနေလေရာ ဝမ်ရှန်းပင် ထိတ်လန့် သွားမိသည်။
အချိန်အတော်ကြာ လေ့ကျင့်ထားခဲ့သည့် ထူထဲသော အာရုံကြောများက ဝမ်ရှန်းကို လျင်မြန်စွာ ငြိမ်သက်စေသည်။ သူသည် ဤထက်ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းသော မြင်ကွင်းများကိုလည်း မြင်ဖူးခဲ့ပြီးသားပင်။ ခေါင်းထက်တွင် ကျည်ဆန်များ တဝှီဝှီ ပျံသန်းနေခြင်းကိုလည်း ကျင့်သားရနေလေပြီ။ တစ်ကြိမ်တွင် ရန်သူ၏ ကျည်မှာ သူ့ဉီးခေါင်းထက်မှ အမာရွတ်ကိုပင် ရှပ်ထိသွားခဲ့လေသည်။ ထိုအချိန်မျိုးမှာပင် သူ့နှလုံးခုန်နှုန်းသည် တစ်မိနစ်တွင် ၇၅ ကြိမ်ထက် မပိုခဲ့ပေ။
မီးခိုးရောင် အရိပ်သည် မလှုပ်ရှားဘဲ လူသေအလား ငြိမ်သက်နေဆဲပင်။ ရုတ်တရက် ဝမ်ရှန်းသည် ထိုမီးခိုးရောင် အရိပ်၏ ထိုင်နေသော ပုံစံမှာ မိမိနှင့် တစ်ထပ်တည်း တူညီနေကြောင်း သတိထားမိ သွားသည်။ နှလုံးသားထဲမှ တစ်ချက် လှုပ်ရှား လိုက်သည်နှင့် သူ့အသိစိတ်သည် မီးခိုးရောင်အရိပ်ထံ ချက်ချင်း ရောက်ရှိ သွားလေသည်။
ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာပြီးနောက် ဝမ်ရှန်းသည် ဤအရိပ်မှာ စိတ်ဝိညာဉ်၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ကြောင်း နားလည်လိုက်သည်။ လူသားပုံစံ ရှိသော်လည်း မျက်နှာသွင်ပြင် မပါဘဲ ဉီးခေါင်းမှာလည်း အလွတ်ကြီးပင်။ သို့သော် ထူးဆန်းစွာပင် ထိုမီးခိုးရောင် အရိပ်၏ ဉီးခေါင်းထဲ၌ ငါးသဏ္ဌာန် အရာတစ်ခု လွင့်မျောနေသည်။
ထိုမျှမက ငါးသဏ္ဌာန်အရာသည် အသက်ရှင်နေသည့် အလား လှုပ်ရှားနေပြီး ပတ်ပတ်လည်မှ စွမ်းအင်များသည် ငါးငယ်၏ လှုပ်ရှားမှုကို လိုက်၍ ခန္ဓာကိုယ်ထဲသို့ စည်းချက်ကျကျ စိမ့်ဝင်နေသေးသည်။
ဒါ ဒါက ဝိညာဉ်စွမ်းအင်တွေကို ဘယ်လို စုပ်ယူရမလဲဆိုတာ သင်ပေးနေတာလား။
ဝမ်ရှန်း၏ မသိစိတ်မှ အလိုအလျောက် တွေးတောမိလိုက်သည်။
ဒီ ရုတ်တရက် ပေါ်လာတဲ့ မီခိုးရောင်အရိပ်က ငါ့ရဲ့ စိတ်ဝိညာဉ်လား။
ထိုသို့ တွေးနေစဉ်မှာပင် မီးခိုးရောင် အရိပ်သည် ရုတ်တရက် လှုပ်ရှားသွားပြီး ကြမ်းကြုတ်သော တိုက်ကွက်များကို ချောမွေ့စွာ ပြသသွားလေသည်။ ဤလှုပ်ရှားမှုများသည် စုန့်ရန်ကို သူထောက်ပြခဲ့သော တိုက်ကွက်များအတိုင်း ပေါင်းစပ်ထားခြင်းပင်။ ဝမ်ရှန်းသည် တစ်စုံတစ်ခုကို သဘောပေါက် သွားသည့်အလား ဉီးလေးယု၏ တိုက်ကွက်များကို စတင် တွေးတောလိုက်သည်။ မီးခိုးရောင်အရိပ်၏ လှုပ်ရှားမှုမှာ ချက်ချင်း ပြောင်းလဲသွားလျက် ဉီးလေးယု၏ ပုံစံအတိုင်း တိုက်ခိုက် ပြလေသည်။ လည်မျိုကို လက်သီးဖြင့် ထိုးချလိုက်သည့် အကွက်ပင် ပါသေးသည်။
သို့သော် ကွာခြားနေသော အချက်မှာ ခွန်အားခြင်း မတူညီခြင်းပင်။ ဉီးလေးယုသည် ရန်သူ၏ လည်မျိုကို ထိုးလိုက်စဉ်က ခွန်အားများစွာ သုံးထားကြောင်း သိသာလှသော်လည်း ဤ မီးခိုးရောင် အရိပ်မှာမူ ခွန်အား အနည်းငယ်သာ သုံးထားသည်။ သို့သော်လည်း ရန်သူကို အသေသတ်ရန် လုံလောက်လေသည်။
ဝမ်ရှန်းသည် ဝိညာဉ်စွမ်းအင်များ စုပ်ယူရန် တွေးလိုက်သည်နှင့် တစ်ပြိုင်နက် မီးခိုးရောင် အရိပ်သည် ချက်ချင်း ထိုင်ချလိုက်ပြီး ငါးငယ်သကဲ့သို့ ပတ်ပတ်လည်မှ မီးခိုးရောင် စွမ်းအင်များကို စုပ်ယူလေသည်။
ဝမ်ရှန်းသည် သူ၏ စွမ်းရည် အသစ်မှာ မီးခိုးရောင် စွမ်းအင်များနှင့် အလုံးစုံ ဆက်နွှယ်နေကြောင်း သိရှိသွားပြီ ဖြစ်သည်။ ချက်ချင်းပင် မီးခိုးရောင်အရိပ်၏ လုပ်ဆောင်ချက်ကို အတုခိုးကာ တစ်ချက်ပြီးတစ်ချက် လှုပ်ရှားနေသော ငါးငယ်ကို စောင့်ကြည့်နေလိုက်သည်။
မျဉ်းကြောင်းများဖြင့် ပုံဖော်ထားသော ငါးငယ်၏ လှုပ်ရှားမှုမှာ အလွန် ရိုးရှင်းလှသည်။ ဝမ်ရှန်းသည် ငါးငယ်၏ ပုံမှန် ရွေ့လျားချက်များကို သိရှိရန် ခွန်အားများစွာ မစိုက်ထုတ်လိုက်ရပေ။ ထိုအခိုက်အတန့်တွင် ရောင်ဝါများသည် ဝမ်ရှန်း၏ ခန္ဓာကိုယ်ထံ တိုးဝင်လာကြပြီး ခန္ဓာကိုယ်ထဲ၌ စုရုံးသွားကြသည်။
စုန့်ရန်သည် မျက်စိရှေ့မှ လူရိုင်းကို ကြည့်ကာ ပြောစရာစကား ပျောက်ရှနေသည်။
“ဆယ်မိနစ်တည်းနဲ့ စိတ်ဝိညာဉ်ကို ဆက်သွယ်နိုင်တယ် သူ့ရဲ့ စိတ်ဝိညာဉ်ကသာ အဆင့်မြင့်လာရင် အနာဂတ်က ဘယ်လောက်တောင် တောက်ပနေလိမ့်မလဲ”
စုန့်ရန်သည် ဝမ်ရှန်းကို သနားမိခဲ့ခြင်းအတွက် ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။
ထိုစဉ် ဝမ်ရှန်းသည် ကျင့်ကြံခြင်းကို ရပ်တန့်ကာ မျက်လုံးများ ဖွင့်လိုက်သည်။
“အစောကြီး နိုးလာတာပဲ”
ဝမ်ရှန်း၏ မျက်လုံးများ ရုတ်တရက် ပွင့်လာချိန်တွင် ရှေ့တည့်တည့်မှ စိုက်ကြည့်နေသော စုန့်ရန်သည် လိပ်ပြာလွင့်မတတ် ထိတ်လန့် သွားလေသည်။
သာမန်လူများသည် ၎င်းတို့၏ စိတ်ဝိညာဉ်နှင့် ဆက်သွယ်ပြီးနောက် ဉာဏ်အလင်းပွင့်ရန် စိတ်ဝိညာဉ် နယ်မြေတွင် တစ်နာရီ နှစ်နာရီခန့် နေထိုင်ရသည်။ ဝမ်ရှန်းမှာ နာရီဝက်ပင် မကြာချေ။ စုန့်ရန်သည် မြန်ဆန်လွန်းသော အဖြစ်အပျက် များကြောင့် ဉီးနှောက် တစ်ခုလုံးပင် ထုံကျင် လာရတော့သည်။
ဒါက ဒါက အရမ်း မြန်လွန်း မနေဘူးလား။
တစ်ဖက်တွင်မူ ဝမ်ရှန်းသည် နံဘေးမှ စုန့်ရန်၏ အတွေးများကို မရိပ်စားမိဘဲ တည်ငြိမ်စွာ ဆိုလာသည်။
“ငါ ငါးငယ်လေး တစ်ကောင်ကို တွေ့ခဲ့တယ်။ ငါးကလွဲပြီး တခြားကျန်တာ မတွေ့လို့ ငါနိုးလာတာပဲ”
ဝမ်ရှန်းသည် မီးခိုးရောင်အရိပ် အကြောင်း စုန့်ရန်အပါအဝင် မည်သူမျှ မသိစေလိုပေ။
“ကောင်းပြီ” စုန့်ရန်သည် စိတ်ထဲမှ တုန်လှုပ် ချောက်ချားမှုများကို မျက်နှာတွင် မပေါ်စေရန် ထိန်းချုပ်လိုက်ပြီး –
“နင် အရမ်းမြန်တာပဲ”
“မြန်တယ် ဟုတ်လား သာမန်လူတွေက ဘယ်လောက် ကြာလို့လဲ”
“အင်း ငါ့ရဲ့ စိတ်ဝိညာဉ်နဲ့ စိတ်ဝိညာဉ်နဲ့ မဆက်သွယ်ခင် မန်ရွယ်ကျောင်းမှာ သုံးလ သင်ကြားခဲ့တယ်၊ ပြီးတော့ ပထမဆုံးအကြိမ် အောင်မြင်စွာ ဆက်သွယ်ဖို့အတွက် နာရီဝက်ကြာတယ်၊ သာမန်လူတွေဆို ဘယ်လောက်ကြာမလဲ စဉ်းစားကြည့်ပေါ့”
“ကြည့်ရတာ ငါ့စွမ်းဆောင်ရည်က သိပ်မဆိုးဘူးပဲ”
ဝမ်ရှန်း စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။
တစ်ဖက်တွင်မူ စုန့်ရန်သည် အတွေးပေါင်းစုံဖြင့် တုန်လှုပ် ချောက်ချားနေကာ စကား မဆိုနိုင်ချေ။
နာရီဝက်ဖြင့် စိတ်ဝိညာဉ်ကို ဆက်သွယ်နိုင်ခဲ့သည် ဆိုသော သူမ၏ ဂုဏ်ယူဖွယ် စံချိန်ကို ဝမ်ရှန်းက လောလောလတ်လတ် ရိုက်ချိုးသွားသည် မဟုတ်ပါလော။
တစ်ခဏမျှ ကြာသော် –
“ကောင်းပြီ အခု နင် ယွမ်ဝိညာဉ်အကြောင်း သိသွားပြီဆိုတော့ ကြီးထွားမှု ပတ်ဝန်းကျင်နဲ့ ယွမ်ဝိညာဉ်ကို အဆင့်မြင့်ဖို့ လုပ်ရမယ်၊ ဒါပြီးရင် နင့် ယွမ်ဝိညာဉ်က လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သွားပြီး ဉာဏ်အလင်း ပွင့်ပြီလို့ ဆိုနိုင်တယ်”
“ဒါပေမဲ့ နင့်မှာ အဆင့်မြင့်ဖို့ အခြေအနေ မရှိသေးဘူး”
“အဆင့်မြင့်ရမယ်” ဝမ်ရှန်း မျက်ခုံးတစ်ဖက်ကို ပင့်ကာ မေးသည်။
“ဟုတ်တယ် အဆင့်မြှင့်တယ်ဆိုတာ လင်းယုန်ငှက် တစ်ကောင်ကို သိမ်းငှက်အဖြစ် အဆင့်မြင့်လိုက်တာမျိုးပဲ၊ အဆင့်မြှင့်မှ နင့် စိတ်ဝိညာဉ်က ပိုပြီး သန်မာလာမှာ”
“ဒါပေမဲ့ ငါးကြင်းတစ်ကောင်က ဘယ်လိုလုပ်ပြီး ပုံစံပြောင်းလို့ရမှာလဲ ”
စုန့်ရန်သည် ခေါင်းကို စိတ်ပျက်စွာ ခါယမ်းလိုက်ပြီး “တစ်ခုရှိတာက နင့် ငါးကြင်းလေးကို ငါးကြင်းကြီး ဖြစ်ဖို့ပဲ မျှော်လင့်လို့ရမယ်၊ သနားစရာပဲ”
“ငါ့အတွက် မစိုးရိမ်ပါနဲ့”
ဝမ်ရှန်းသည် စုန့်ရန်မှာ မိမိအတွက် အတော် စိတ်မကောင်း ဖြစ်နေကြောင်း ရိပ်စားမိသဖြင့် ခန့်ညားစွာ ပြုံး၍ နှစ်သိမ့်ပေးလိုက်သည်။
သို့သော် ဝမ်ရှန်း စိတ်ဓာတ် မကျပါချေ။ ငါးတစ်ကောင်သည် နဂါးဂိတ်ကိုပင် ကျော်ဖြတ်နိုင်သော ဒဏ္ဍာရီမျိုးလည်း ရှိသေးသည်ပင်။ ထို့ပြင် အိပ်မက်ထဲမှ မိန်းကလေးသည် သူမ၏ စာငှက်ဝိညာဉ်ကို ဝမ်ရှန်း၏ လမ်းညွှန်မှုဖြင့် ဇာမနီငှက် တစ်ကောင်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ဝမ်ရှန်း၏ ငါးကြင်းဝိညာဉ်ကို အမှိုက်ဟု ယူဆ၍မရပေ။
“သုံးလအတွင်း မိစ္ဆာ တစ်ကောင်သတ်မယ်”
စုန့်ရန်သည် ယွမ်ဝိညာဉ်အကြောင်း မပြောတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ သူမ စိတ်ထဲတွင်ကြာလေ ယုံကြည်မှုနည်းလေ ဖြစ်လာသောကြောင့်ပင်။
“နင် ငါ့ကို ကူညီပေးရမယ်”
“ကိစ္စမရှိပါဘူး” ဝမ်ရှန်း ခေါင်းညိတ်ပြသည်။
“စကားမစပ် ငါမင်းကို မေးစရာရှိတယ် ကျိုးပဲ့ ဝိညာဉ်ကို ကုသဖို့ ဘယ်လိုဆေးမျိုး သုံးရမှာလဲ”
စုန့်ရန် ထွက်သွားရန် ပြင်စဉ် ဝမ်ရှန်း ရုတ်တရက် မေးမြန်းလိုက်သည်။
“ပိုင်ယွမ်ဆေးပြားပဲ လောလောဆယ် ငါအဆင်မပြေသေးဘူး။ မိစ္ဆာ သတ်ပြီးရင် နင့်ကို ပိုင်ယွမ်ဆေးပြား ပုလင်းကြီးတစ်လုံး ဝယ်ပေးမယ်လေ”
“ကျေးဇူးတင်ပါတယ် ” ဝမ်ရှန်းသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်ပြီး အလောင်းများထံမှ ကောက်ယူခဲ့သော ပစ္စည်းထုပ်ကြီးကို မလိုက်ကာ –
“ဒီပစ္စည်းတွေနဲ့ဆို ပိုင်ယွမ်ဆေးပြား ဝယ်ဖို့ လုံလောက်မယ်ထင်တယ်”
***