Switch Mode

Chapter – 4

ငါ ကြိုးစားကြည့်မယ်

အခန်း ၄
ငါကြိုးစားကြည့်မယ်

ဝမ်ရှန်း၏ အခန်းလွတ်ထဲတွင် စုန့်ရန်နှင့် ဝမ်ရှန်းသည် ကြမ်းပြင်ပေါ်တွင် ထိုင်နေကြသည်။ ဝမ်ရှန်း၏ အသုံးမကျမှုကို ရယ်မောမည့် သူလည်း မရှိသဖြင့် လွတ်လပ်စွာ ပြောဆိုနိုင်သည်။
“ငါ နင့်ကို တောင်းပန်ပါတယ်၊ ငါရှင်းပြလိုက်ရင် အဆင်ပြေသွားမှာကို တမင်သက်သက် ပုံကြီးချဲ့ ခေါ်သွားမိတယ်”
စုန့်ရန်သည် ဝမ်ရှန်းကို ရုတ်တရက် တောင်းပန်စကား ဆိုလိုက်ပြီး –
” ငါ နင့်ကို အကျဉ်းချုပ်ပြီး ရှင်းပြမယ်” 
“ကောင်းပြီ အဆင်ပြေတယ်”  
“ယွမ်ဝိညာဉ်ဆိုတာက မကောင်းဆိုးဝါးဝိညာဉ် သေဆုံးပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ အထူးပုံစံ တစ်မျိုးပဲ၊ သူ့ကို မူလ မကောင်းဆိုးဝါးရဲ့ အမျိုးအစားအလိုက် အဆင့်မြှင့်တင်နိုင်တယ်၊ တစ်ကြိမ် အဆင့်မြင့်သွားရင် ကြယ်တစ်ပွင့် ရမယ်၊ ကိုးကြိမ်ဆိုရင် ကြယ်ကိုးပွင့်လို့ ခေါ်တယ် ပြီးတော့ နင့်လို အဆင့်မမြှင့်နိုင်တဲ့ သူတွေကျ ကျိုးပဲ့ဝိညာဉ်လို့ပဲ အလွယ်တကူ ခေါ်ကြတယ်”
“ခုနက ဆရာမက ငါ့ကို အမှိုက်လို့ ခေါ်တာ မထူးဆန်းတော့ပါဘူး၊ ငါ့ ယွမ်ဝိညာဉ်က အဆင့်မြင့်လို့ မရတဲ့အပြင် ဝိညာဉ်ကလည်း ကျိုးပဲ့နေတယ် ကံဆိုးချက်ကတော့ လက်လန်ချင်စရာပဲ” 
ဝမ်ရှန်းသည် မိမိကံကြမ္မာကို အံ့အားသင့်ဟန်ဖြင့် ရယ်မောနေလေသည်။
“ယွမ်ဝိညာဉ်တွေက ပတ်ဝန်းကျင်မှာ ရှိတဲ့ ဝိညာဉ်စွမ်းအင်တွေကို အလိုလို စုပ်ယူနိုင်တယ်၊ သင့်လျော်တဲ့ နည်းလမ်းတွေကိုသာ အသုံးပြုနိုင်ရင် ဝိညာဉ်စွမ်းအင် စုပ်ယူမှုက ပိုပြီး အရှိန်မြှင့် လာလိမ့်မယ်”
စုန့်ရန်သည် ကိုယ့်ကိုယ်ကိုယ် ပြက်လုံးထုတ်နေသော ဝမ်ရှန်းကို လျစ်လျူရှုထားကာ ဆက်ပြောသည်။
“ယွမ်ဝိညာဉ်ကို တစ်ဆင့် မြှင့်လိုက်တိုင်း  ဝိညာဉ်စွမ်းအင် စုပ်ယူမှုကလည်း ပိုပြီး များလာတယ် ယွမ် ဝိညာဉ် အဆင့်မြင့်လေလေ အနာဂတ် အလားအလာက ကောင်းလေပဲ” 
“ငါနားလည်ပြီ” 
“ဒါပေမဲ့ ယွမ်ဝိညာဉ် ဆိုတာက အရည်အချင်းနဲ့ အလားအလာကိုပဲ ကိုယ်စားပြုတယ်၊ စစ်မှန်တဲ့ တိုက်ခိုက်ရေး အင်အားကိုတော့ ကိုယ်စားမပြုဘူး” 
“ယွမ်ဝိညာဉ် အမျိုးအစားကို လိုက်ပြီး စွမ်းဆောင် နိုင်စွမ်းတွေကလည်း မတူကြဘူး၊ ဒါပေမဲ့ အကုန်လုံးက စစ်မှန်တဲ့ ဝိညာဉ်စွမ်းအင်ပေါ်မှာ အခြေခံထားတာပဲ၊ ဝိညာဉ်အဆင့်အတန်းကို သူဘယ်နှကြိမ် အဆင့်မြင့်ပြီးပြီးလဲ ဆိုတာနဲ့ ဆုံးဖြတ်တယ်၊ တစ်ကြိမ် အဆင့်မြှင့်ထားရင် ပထမအဆင့်၊ နှစ်ကြိမ် ဆိုရင် ဒုတိယအဆင့် အဲ့လို ခွဲခြားတယ်” 
“ငါနားလည်ပြီ ဒါဆို မင်း နဲ့ ဉီးလေးယုကရော ဘယ်အဆင့်လဲ” 
ဝမ်ရှန်း ဖြတ်မေးလိုက်သည်။
“ငါက ဒုတိယအဆင့် အထွတ်အထိပ်လို့ ယူဆလို့ရတယ်၊ ဉီးလေး ယုကတော့ တတိယအဆင့်ရဲ့ အလယ်အလတ်အဆင့်မှာ ရောက်နေပြီ”
ရန်သူ၏ လည်မျိုကို လက်သီး တစ်ချက်တည်းဖြင့် အသေသတ်လိုက်သော ဉီးလေးယုသည် တတိယအဆင့်သာ ရှိသေးကြောင်း ကြားလိုက်ရပြီးနောက် ဝမ်ရှန်းသည် နှလုံးသား တစ်ခုလုံး တုန်ခါသွားမိသည်။
” ကျိုးပဲ့ဝိညာဉ်ကရော အမြဲတမ်း တည်မြဲနေမှာလား” 
ဝမ်ရှန်းသည်  ကျိုးပဲ့ဝိညာဉ်၏ သဘောတရားကို နားမလည်သေးသဖြင့် ထပ်မေးလိုက်ပြန်သည်။
“ကျိုးပဲ့ဝိညာဉ်က တကယ်တော့ ပြဿနာ မဟုတ်ပါဘူး တကယ့်ပြဿနာက အဆင့်မြှင့်လို့ မရတာပဲ”
“ပိုင်ယွမ်နဲ့ ကူယွမ်တို့လို ဆေးပြားတွေက ကျိုးပဲ့ဝိညာဉ်အတွက် ယွမ်အနှစ်သာရတွေ စုစည်းပေးနိုင်တာမို့ ကျိုးပဲ့ ဝိညာဉ်ကို သာမန် ယွမ်ဝိညာဉ်အဖြစ် ပြောင်းလဲနိုင်တယ်၊ နင့်ရဲ့ ယွမ်ဝိညာဉ်က အားအနည်းဆုံး ဖြစ်နေရင်တောင် ဆေးပြားတွေရဲ့ အစွမ်းနဲ့ ကုလို့ရသေးတယ်၊ အဆင့်မြှင့်လို့ မရတာက ခက်တယ်”

အဆင့်မြှင့်၍ မရပါက ဘာဖြစ် သွားနိုင်ပါသလဲဟု ဝမ်ရှန်း မမေးရသေးခင်မှာပင် စုန့်ရန် ဆက်ပြောလာသည်။
“နင် ခုနကပဲ ကြုံခဲ့ရတယ်မလား၊ နင်က လူတိုင်းရဲ့ မျက်လုံးထဲမှာ  အမှိုက်တစ်စပဲ၊ ဂုဏ်သိက္ခာမရှိ အနာဂတ်မရှိ လူတိုင်းက နင့်ကို သနားသလိုလို လှောင်ချင်သလိုလို ကြည့်ကြလိမ့်မယ်၊ အချို့ဆိုင်တွေဆိုရင် သူတို့ရဲ့ ဆိုင်ကြမ်းပြင် ညစ်ပတ်မှာစိုးလို့ အထဲကို ဝင်ခွင့်ပေးမှာ မဟုတ်ဘူး၊ ကလေးတွေကလည်း နင့်ကို အမှိုက်လို့ ခေါ်ကြလိမ့်မယ်”
“နောက်ပြီး နင် ပုန်းနေလဲ အလကားပဲ၊ အဆင့်မြင့် စျေးဆိုင်တိုင်းက နင့်ရဲ့ ဝိညာဉ်၊ အဆင့်ကို စစ်ဆေးကြလိမ့်မယ်၊ ဘာလို့လဲ ဆိုတော့ နင့်ရဲ့ ဝိညာဉ်နဲ့ အဆင့်ပေါ်မူတည်ပြီး သူတို့ဆီကနေ ဘယ်လို ပစ္စည်းတွေ ဝယ်ယူသင့်လဲဆိုတာ ဆုံးဖြတ်ကြမှာ” 
စုန့်ရန်သည် ဝမ်ရှန်း ကြုံတွေ့ရမည့် အခက်အခဲများကို တစ်ခါတည်း ပြောချသွားပြီးမှ အားနာဟန်ဖြင့် အလန့်တကြား လှမ်းကြည့်လိုက်သည်။ သို့သော်  ဝမ်ရှန်းသည် အလွန် တည်ငြိမ်နေကာ လူသားတစ်ဉီးတွင် ရှိရမည့် တုံ့ပြန်မှုများကို မတွေ့ရပေ။
“ငါ သိုက်ဟွမ်ကို သတ်ခဲ့တာ သိသွားကြရင်ရော”
စုန့်ရန်သည် မျက်နှာတစ်ချက် မပျက်သော ဝမ်ရှန်းကို ကြည့်ကာ အံ့သြနေစဉ်မှာပင် အနှီလူရိုင်းသည် ရေခဲအလား အေးစက် တည်ငြိမ်စွာ မေးမြန်းလာပြန်သည်။
“ဘာမှ မထူးသွားဘူး နင်သတ်ခဲ့တယ်ဆိုတာ သက်သေမှ မရှိတာ၊ ငါနဲ့ ဉီးလေးယုက လွဲပြီး ဘယ်သူက ယုံမှာလဲ” စုန့်ရမ် ခေါင်းကိုသာ ခါယမ်းလိုက်သည်။
“မင်းရော ဘယ်လိုထင်လဲ ငါက တကယ် အမှိုက်ပဲလား” 
ဝမ်ရှန်းသည် အများအမြင်ကို ဂရုမစိုက်တတ်သော်လည်း စုန့်ရန်၏ အတွေးများကို သိချင်စိတ်ဖြင့် မေးမြန်းလိုက်မိသည်။
“နင် သိုက်ဟွမ်ကို သတ်လိုက်တာကိုသာ ငါမမြင်ခဲ့ဘူးဆိုရင် အဲ့လိုပဲ တွေးမှာပဲ၊ ဒါပေမဲ့ ငါတစ်ယောက်တည်းနဲ့ အမြင်က ဘာလုပ်လို့ရမှာလဲ တခြားသူတွေ နင့်ကို ဘယ်လိုမြင်ကြလဲဆိုတာ အရေးကြီးတယ်”
ဝမ်ရှန်းအား ရှင်းပြနေစဉ် မှာပင် စုန့်ရန်သည် သိုက်ဟွမ်နှင့် အစောင့်များကို သတ်ဖြတ်ခဲ့သော ဝမ်ရှန်း၏ အရောင်တောက်တောက် လက်နက်ကို ပြန်လည် မြင်ယောင် လာသည်။ လျှို့ဝှက်နည်း ပညာများနှင့် ခန့်ညားသော ထိုလူရိုင်းသည်  သူမ၏ ဓားသိုင်းများကိုပင် အမှား ထောက်ပြခဲ့သေးသည်။ သေချာပေါက် အမှိုက်မဖြစ်နိုင်ပါချေ။
“လူတွေက ငါ့ဖြစ်တည်မှုကို လျစ်လျူရှုတာ ငါ့ကို ဂရုမစိုက်တာ ဒါတွေက ကောင်းတဲ့ အရာတွေပဲလေ”
ကျွမ်းကျင် စနိုက်ပါ သမားတစ်ယောက် အနေဖြင့် လူတိုင်း၏ အာရုံစိုက်မှုကို ခံရခြင်းသည် ကောင်းသော အရာမဟုတ်ပေ။ ဝမ်ရှန်းအတွက် လျစ်လျူရှု ခံရလေလေ တာဝန်ကို အလွယ်တကူ ပြီးမြောက်လေလေပင်။
“လူတွေရဲ့ အာရုံစိုက်မှုကို ခံရတဲ့ စနိုက်ပါသမား တစ်ယောက်က သေဖို့ အခွင့်အလမ်း အများဆုံးပဲ” 
ဝမ်ရှန်း စိတ်ထဲမှ တိတ်တဆိတ် ပြောလိုက်ခြင်းပင်။ သို့သော် စုန့်ရန်မှာမူ ဝမ်ရှန်း၏ စကားကြောင့် ဒေါသထောင်းခနဲ ထွက်သွားပြီး –
“နင်က ဘယ်လိုလုပ်ပြီး ကောင်းတယ်လို့ ပြောနိုင်တာလဲ စိတ်ရော မှန်သေးရဲ့လား” 
တစ်ဖက်တွင်မူ ဝမ်ရှန်းသည် စုန့်ရန် အဘယ်ကြောင့် ဒေါသထွက် သွားရကြောင်း နားမလည်ဘဲ နားဝေတိမ်တောင် ဖြစ်နေလေသည်။
စုန့်ရန်သည်လည်း အဘယ်ကြောင့် ဒေါသထွက်နေရမှန်း သူမကိုယ်ကို နားမလည်တော့ပေ။ စတွေ့စဉ် ကတည်းကပင် ထိုလူရိုင်းအား စေ့စပ်ထားသူအဖြစ် မိတ်ဆက် ပေးခဲ့မိ၍လော။ သူမကိုယ်တိုင်ကပင် တစ်စုံတစ်ခု မှားယွင်းနေသလော စုန့်ရန် မသိပေ။
ကံကောင်းစွာပင်  သူမ အခက်အခဲ ဖြစ်နေစဉ် ရုတ်တရက် ရောက်ရှိလာပြီး ကယ်တင် ပေးခဲ့သည်ကို စဉ်းစားမိသောအခါ စုန့်ရန်၏ စိတ်များ ပြန်လည် ငြိမ်သက် သွားလေသည်။
“တောင်းပန်ပါတယ် ငါ နည်းနည်း စိတ်လှုပ်ရှားသွားတယ်” 
ဝမ်ရှန်းသည် စကားမဆိုဘဲ စုန့်ရန်၏ စိတ်များ ငြိမ်သက်သွားရန် တိတ်တဆိတ် ထိုင်နေသည်။ ပြီးမှ –
“ယွမ်ဝိညာဉ်ကို အစားထိုးလို့ ရလား” 
“ယေဘုယျ ပြောရရင် ဝိညာဉ်က ပေါင်းစပ်ပြီးတာနဲ့ ဖယ်ရှားလို့ မရတော့ဘူး”
“ဒါပေမဲ့ ….” စုန့်ရန်သည် ဆက်မပြောဘဲ တစ်စုံတစ်ခုကို စဉ်းစားနေသည်။
“ဒါပေမဲ့ ဘာဖြစ်လဲ”
“လုံးဝ ဖယ်ရှားလို့ မရတာတော့ မဟုတ်ဘူး ခန္ဓာကိုယ်ထဲက ဝိညာဉ်ကို ဖျောက်ဖျက် နိုင်တဲ့ နည်းလမ်း တစ်ခုတော့ ရှိတယ် ”

ဝမ်ရှန်းသည် စုန့်ရန်၏ စကားကို နားထောင်ရင်းဖြင့် သူမ၏ အလှအပတွင် နစ်မြောသွားမိသည်။ ထိုအခိုက်အတန့်တွင် ဝမ်ရှန်း၏ အကြည့်များသည်  သာမန်ထက်ပိုကာ မက်မောစွာ ကြည့်နေခြင်းပင်။
အနှီမိန်းကလေးသည် ပုံမှန်အဝတ်အစားဖြင့်ပင် အတော်လေး လှပသည်ဟု ဆိုရပေမည်။ မျက်မှောင်ကုတ်လိုက်ပုံ၊ ပြုံးလိုက်ပုံတို့သည် နတ်ဘုရားမလေး တစ်ပါးအလား ကျက်သရေရှိကာ ဆွဲဆောင်နိုင်စွမ်းလည်း အပြည့်ရှိ၏။ သိုက်ဟွမ် သူမကို အတင်းအကျပ် လိုချင်နေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။
စုန့်ရန်သည် ဝမ်ရှန်း၏ မူမမှန်သော အကြည့်များကြောင့် မှင်သက် သွားလေသည်။
“ဒီလူရိုင်းက အလှအပကိုတော့ ခံစားတတ်သေးတာပဲ” 
“စျေးအရမ်းကြီးလား”
ဝမ်ရှန်းသည် စုန့်ရန်၏ အလှတွင် နစ်မြောနေရာမှ သတိပြန်ကပ်လာပြီး ရုတ်တရက် မေးမြန်းလိုက်သည်။
“ဟုတ်တယ် အရမ်း စျေးကြီးတယ် အဓိက အင်အားစုငါးခုနဲ့ အင်ပါယာတရားရုံး အတူပူးပေါင်းရင်တောင် လိုအပ်တဲ့ ပစ္စည်း တစ်ခု နှစ်ခု လောက်ပဲ လုပ်နိုင်လိမ့်မယ်၊ နင် အဲ့လောက်ထိ ငွေကြေး တတ်နိုင်လား” 
စုန့်ရန်၏ နည်းလမ်းကို နားထောင်ပြီးနောက် ဝမ်ရှန်းသည် ကူကယ်ရာမဲ့စွာဖြင့် လက်ကိုသာ ဝှေ့ယမ်းလိုက်ပြီး –
“ထားလိုက်တော့ ယွမ်ဝိညာဉ်ကို ဘယ်လို ကျင့်ကြံရမလဲ ဆိုတာပဲ ပြောပြ” 

“ဒါက ……”

မျက်စိရှေ့မှ ချောမောခန့်ညားသော လူရိုင်းသည် လျှို့ဝှက်မိသားစု တစ်ခု၏ ချမ်းသာသော သခင်လေးများ ဖြစ်နေမလား ဟူသည့် စုန့်ရန်၏ မျှော်လင့်ချက်မှာ ဝမ်ရှန်း၏ စကားအောက်တွင် ရေစုန်မျော သွားရလေသည်။

“နားထောင်၊ ကျင့်ကြံတယ် ဆိုတာ လွယ်လွယ်လေးပဲ၊ ပျံ့လွင့်နေတဲ့ အတွေးတွေကို စုစည်းပြီး နင့်ရဲ့ စိတ်ဝိညာဉ်နဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်ရမှာ”

စုန့်ရန် ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။ သူမသည် ဝမ်ရှန်းကို သဘောမကျသော်ငြား စောင့်ရှောက် ပေးရမည်ပင်။

ယွမ်ဝိညာဉ် အဆင့်မြင့်လေလေ ဆက်သွယ်ရသည်မှာ ပို၍ လွယ်ကူလေဖြစ်ကြောင်း စုန့်ရန် မပြောလိုက်ပေ။ သူမသည် ယွမ်ဝိညာဉ်နှင့် ပထမဆုံး ဆက်သွယ်စဉ်က ဆယ်ရက်ခန့် ကြာခဲ့ပြီး ၎င်းမှာ ဉာဏ်ကြီးရှင် များတွင်သာ ဖြစ်ပေါ်တတ်သည်။

အဆင့်မြင့်၍ မရသည့်အပြင် ကျိုးပဲ့ဝိညာဉ်ကိုပါ ပိုင်ဆိုင်ထားသော ထိုလူသည် နှစ်နှစ်အတွင်း ဆက်သွယ်နိုင်လျှင်ပင် အံ့သြဖွယ် ဖြစ်နေပေမည်။

“ဆက်သွယ်ပြီးတာနဲ့ အသိစိတ်က ယွမ်ဝိညာဉ် နယ်မြေထဲကို ဝင်သွားလိမ့်မယ်၊ ပြီးရင် ဝိညာဉ်နယ်မြေမှာ သက်ရှိ ပတ်ဝန်းကျင်နဲ့ ယွမ်ဝိညာဉ်ပုံစံကို တည်ဆောက်လိမ့်မယ်၊ ယွမ်ဝိညာဉ် အဆင့်တက်ဖို့ လိုအပ်တဲ့ အခြေအနေတွေကိုလည်း ဖန်တီး ပေးလိမ့်မယ်”

“ဒါတွေ အကုန် ပြီးသွားရင်တော့ ဉာဏ်အလင်း ပွင့်ပြီလို့ ဆိုနိုင်တယ်၊ ဆက်ပြီး ကျင့်ကြံဖို့ သင့်လျော်တဲ့ နည်းလမ်း တစ်ခုကို ရွေးချယ် နိုင်တယ်”

“ကောင်းပြီ ငါကြိုးစားကြည့်မယ် ယွမ်ဝိညာဉ်နဲ့ ဆက်သွယ်နိုင်မလား ကြည့်ရအောင်” 

ဝမ်ရှန်း မျက်လုံးများကို မှိတ်လိုက်သည်။

ဝမ်ရှန်းသည်  အသက်ပြင်းပြင်း ရှူနေပြီး မကြာခင်မှာပင် အပြင်လူများ မဝင်ရောက်နိုင်သော ငြိမ်သက်သည့် အနေအထား တစ်ခုကို လျင်မြန်စွာ ရောက်ရှိလာသည်။ ဤသည်မှာ စနိုက်ပါ လေ့ကျင့်ရေး သင်တန်းတွင် လူနာလေ့ကျင့်ခန်း လုပ်စဉ်က သင်ကြားခဲ့သော အရာဖြစ်သည်။ အသက်ရှူ လမ်းကြောင်းကို ပုံမှန်ဖြစ်စေကာ တည်ငြိမ်အေးချမ်းသော အခြေအနေတစ်ခုကို ပိုင်ဆိုင်စေသဖြင့် ကာယကြံ့ခိုင်မှုကို အလျင်အမြန် ရရှိစေနိုင်သည်။ သင်တန်းကျောင်းမှ သင်ကြားပေးသော နည်းလမ်းသည် စုန့်ရန်၏ နည်းလမ်း နှင့်အတူတူပင် ဖြစ်သည်။

စုန့်ရန်သည် မူလက အလေးအနက် မရှိသော်လည်း ဆယ်မိနစ်ခန့် ကြာပြီးနောက် ဝိညာဉ်စွမ်းအင်များ ဝမ်ရှန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြသည်ကို ရုတ်တရက်  ခံစားမိလိုက်လေသည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ ဆယ်မိနစ်ပဲ ရှိသေးတာ၊ ပြီးတော့ သူ့ယွမ်ဝိညာဉ်က အနိမ့်ဆုံးရဲ့ အောက်က ကျိုးပဲ့ဝိညာဉ်ပဲ ဒါ ဘယ်လိုဖြစ်တာလဲ” 

စုန့်ရန်၏ မျက်လုံးများသည် ထိတ်လန့် ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်ထွက်လာကာ  မကောင်းဆိုးဝါး တစ်ကောင်ကို မြင်တွေ့ရသည့်အလား ပြူးကျယ် လာတော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset