Switch Mode

Chapter – 3

ကမ္ဘာ့ အရယ်ရဆုံး ဟာသ

အခန်း ၃
ကမ္ဘာ့အရယ်ရဆုံးဟာသ

စုန့်ရန်နှင့် ဉီးလေးယုသည် အသီးသီး လမ်းခွဲရန် ပြင်လိုက်ကြစဉ် ဝမ်ရှန်းသည် သိုက်ဟွမ်၏ အလောင်းနားသို့ ချဉ်းကပ်သွားပြီး သိုက်ဟွမ်ထံမှ အသုံးပြုနိုင်မည့် အရာမှန်သမျှကို ရှာဖွေနေလေသည်။
“……”
ဤမြင်ကွင်းကြောင့် စုန့်ရန်နှင့် ဉီးလေးယုမှာ ပြောစရာ စကားပင် မကျန်တော့ချေ။ ဉီးလေးယုသည် အကြီးအကဲများကို တင်ပြရန် အလျင်လို နေသည်ဖြစ်ရာ ကူကယ်ရာမဲ့စွာပင် စုန့်ရန်ကို တစ်ချက် ကြည့်လိုက်ပြီး ထွက်ခွာ သွားလေသည်။ စုန့်ရန်သည် ဝမ်ရှန်းမှာ သိုက်ဟွမ်၏ အလောင်းမှ ပစ္စည်းများကို သာမက အခြား အစောင့်များ၏ ပစ္စည်းများပါ မချန် ထုတ်ယူနေသည်ကို တုန်လှုပ်စွာ ရပ်ကြည့်နေမိသည်။
“အခု ဘာတွေဖြစ်သွားတာလဲ၊ အမြန်ဆုံးနဲ့ အတိုဆုံးနည်းနဲ့ ရှင်းပြ”  
အသုံးလိုမည်ဟု ထင်ရသော ပစ္စည်းမှန်သမျှ စုဆောင်းပြီးနောက် ဝမ်ရှန်းသည် စုန့်ရန်ကို တစ်ချက်ကြည့်ကာ မေးမြန်းလိုက်သည်။ ထူးဆန်းသော ကမ္ဘာကို ရောက်လာမှတော့ ဤကမ္ဘာ အကြောင်းနှင့် အဖြစ်အပျက်များကို သိထားရမည် မဟုတ်ပါလော။
“နင်သတ်လိုက်တာက သိုက်မိသားစုရဲ့ သခင်လေး သူတို့ ငါ့ကို အနိုင်ကျင့်နေတုန်း နင်ရောက်လာပြီး သူ့ကို သတ်လိုက်တာပဲ” 
သေဆုံးသူထံမှ ပစ္စည်းများကို ကောက်ယူခြင်းသည် စုန့်ရန်အတွက် ထူးဆန်းနေသဖြင့် အနည်းငယ် ထိတ်လန့် နေလေရာ ဖြစ်ပျက်သမျှကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
“သိုက်မိသားစုက မင်းတို့ စုန့်မိသားစုထက် ပိုကြီးတာလား” 
ဝမ်ရှန်းသည် ဤအချက်ကို ကောင်းစွာ ခန့်မှန်းထားပြီး ဖြစ်သော်လည်း သံသယ မကင်းစွာ မေးမြန်းလိုက်သည်။
“အရင်တုန်းကတော့ ငါတို့ မိသားစု နှစ်ခုက အဆင့်အတူတူလောက်ပဲ၊ ဒါပေမဲ့ စုန့်မိသားစုမှာ ကိစ္စတချို့ ဖြစ်သွားခဲ့တယ် ဒါကြောင့်….” 
စုန့်ရန်သည် ဆက်မပြောတော့ဘဲ ပြဿနာ အရင်းအမြစ်ကို တစ်ကြောင်းတည်းဖြင့် ရှင်းပြလိုက်သည်။
“ဟို ငါးကြင်းတွေ တစ်ကောင်နဲ့ တစ်ကောင် ဝါးမျိုတဲ့ ကိစ္စကရော၊ ယွမ်ဝိညာဉ်ဆိုတာက ဘာပြောတာလဲ” 
ဝမ်ရှန်းသည် သိုက်ဟွမ်၏ အပေါ်ဝတ်ရုံကို ချွတ်ကာ သိမ်းဆည်းထားသော ပစ္စည်းများကို အထုပ်ကြီးတစ်ခု ဖြစ်အောင် ထုပ်ပိုးလိုက်သည်။
ဤဝတ်ရုံသည် တလက်လက် တောက်ပနေကာ တစ်ချက်ကြည့်ရုံဖြင့် အဖိုးတန်ကြောင်း သိသာလှသည်ပင်။ ငွေလိုပါက ဤဝတ်ရုံကို ရောင်းချ အသုံးပြုနိုင်သေးသည်။
ဝမ်ရှန်းသည် အိပ်မက်ထဲမှ မိန်းကလေးထံမှ ဝိညာဉ် သဘောတရားများကို ကြားဖူးခဲ့သည်။ ဤနေရာသို့ ရောက်မလာခင်အထိ အရာအားလုံးသည် အိပ်မက် တစ်ခုသာ ဖြစ်သည်ဟု မှတ်ယူ ထားခဲ့သော်လည်း ယခုမူ အိပ်မက် မဟုတ်ကြောင်း သိလိုက်ရလေပြီ။
“ယွမ်ဝိညာဉ် ဆိုတာက ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်တဲ့ အရာတွေကို ခေါ်တာ၊ အမြင့်ဆုံး အနက်ရောင်အဆင့်က ကြယ်ကိုးပွင့် ယွမ်ဝိညာဉ်ပဲ၊ နင့်ထိမှန်သွားတဲ့ တစ်ခုက အဆင့်မရှိဘူး၊ ကျင့်ကြံရေး လမ်းကြောင်းပေါ်မှာတောင် မရှိဘူး”
စုန့်ရန်သည် ဝမ်ရှန်းကို တစ်ချက်လှမ်းကြည့်ကာ –
” နင် ရေထဲပြုတ်ကျသွားတုန်းက ငါးကြင်းလေး တစ်ကောင် ခန္ဓာကိုယ်ထဲ ဝင်သွားတယ်မလား”
“အဆင့်မရှိတဲ့ ယွမ်ဝိညာဉ်တဲ့လား”
ဝမ်ရှန်း ရုတ်တရက် ရယ်ချင်လာသည်။ ယွမ်ဝိညာဉ် သဘောတရားသည် သူ့အတွက် အသစ်အဆန်းတော့ မဟုတ်ပါချေ။ အိပ်မက်ထဲမှ မိန်းကလေးထံမှ ဤအကြောင်းကို ကြားဖူးထားသည်။ ယွမ်ဝိညာဉ် ဟူသည် အရည်အချင်းနှင့် အနာဂတ် အလားအလာကိုသာ ကိုယ်စားပြုပြီး စစ်မှန်သော  ခွန်အားကိုတော့ ကိုယ်စားမပြုပေ။ ကမ္ဘာမြေတွင် ဉာဏ်ရည် မြင့်မားသော လူမြောက်မြားစွာ ရှိသော်လည်း လူတိုင်း အမှတ်ကောင်းကောင်း မရကြချေ။ ဉာဏ်ရည်နိမ့်သော ကျောင်းသားတိုင်းမှာလည်း မညံ့ဖျင်းကြပေ။ ဤသဘောတရားနှင့် အတူတူပင်။
“မင်း ဘာလို့ စောစောက မပြောတာလဲ”
 ဝမ်ရှန်းသည် ပစ္စည်းများကို ထုပ်ပိုးကာ ထရပ်လိုက်သည်။
“မင်းသာ စောစောက ပြောရင် အဲ့လူတွေ ကြယ်ကိုးပွင့် ယွမ်ဝိညာဉ်ကို ယူသွားတာ တားလိုက်လို့ ရတယ်”
စုန့်ရန်သည် ဝမ်ရှန်း၏ မျက်နှာထက်မှ ထူးဆန်းသော မှန်ကာများကို ကြည့်ကာ မျက်နှာအစစ်ကို မြင်တွေ့ခွင့်ရရန် ကြိုးစားသော်လည်း အရာမထင်ပါချေ။ ထိုအစား ဒေါသများ အလိပ်လိုက် ထွက်လာကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“အဲ့ ဝိညာဉ်ဖမ်းသူနဲ့ သံအစောင့် ၇ ယောက် ရှိနေတာ၊ ငါသာ လှုပ်ရှား လိုက်ရင် ဆယ်ခါပြန် သေသွားနိုင်တယ်”
“အာ ဟုတ်တာပဲ” 
ဝမ်ရှန်း အလုံးစုံ နားလည် သွားလေပြီ။ စုန့်ရန်နှင့် ဉီးလေးယုသည် အစောပိုင်းက ငြိမ်နေကြခြင်းမှာ ဝိညာဉ်ဖမ်းသူနှင့် သံအစောင့် ၇ ယောက် ရှိနေသောကြောင့်ပင်။
“ငါ့နာမည်က စုန့်ရန်”

 စုန့်ရန်သည် အထုပ်အပိုးများကို ကျောထက်တွင် သယ်ဆောင်ထားသော ဝမ်ရှန်းကို ကြည့်ကာ စတင် မိတ်ဆက်လိုက်သည်။
“နင့်နာမည်ကရော”
“ဝမ်ရှန်း”  
ဝမ်ရှန်းသည် ဤကမ္ဘာကို ယခုမှ ရောက်လာခြင်းဖြစ်ရာ ဖုံးကွယ်ထားစရာ အကြောင်းလည်း မရှိသဖြင့် နာမည်အရင်းကိုသာ ပြောပြလိုက်သည်။ ထို့နောက် မျက်နှာထက်မှ မှန်ကာများကို ချွတ်လိုက်လေသည်။
စုန့်ရန်သည် ဝမ်ရှန်း၏ မျက်နှာအစစ်ကို မြင်ရပြီဟု ထင်လိုက်သော်လည်း မျက်နှာထက်မှ ဆီကြေးများနှင့် ရောင်စုံမျဉ်းကြောင်းများကို ကြည့်ကာ စိတ်ဓာတ် ကျသွားရသည်။ ကူကယ်ရာမဲ့စွာပင် ခေါင်းကိုသာ ခါယမ်းလိုက်ပြီး အရှေ့မှ ဉီးဆောင် ထွက်ခွာသွားတော့သည်။
လမ်းတစ်လျှောက်တွင် ဝမ်ရှန်းသည် စုန့်ရန်၏ ပြောကြားချက်အရ အချက်အလက် အချို့ကို သိရှိခဲ့ရသည်။ ဤနေရာသည် ထျန်းဟဲမှ စုန့်မိသားစု၏ ဝေးလံသော ဌာနအခွဲတစ်ခု ဖြစ်သည်။ စုန့်ရန်မှာမူ စုန့်မိသားစုအရင်း မဟုတ်ဘဲ ဤနေရာသို့ ပြောင်းရွေ့လာသော ဝမ်းကွဲတစ်ယောက် ဖြစ်သည်။
ဤနေရာသည် စုန့်မိသားစု၏ အခွဲတစ်ခုမျှသာ ဖြစ်သော်လည်း ဌာနခွဲကို တည်ထားသော မြို့သည် လူဉီးရေ တစ်သိန်းခန့် ရှိလေရာ စုန့်မိသားစု မည်မျှ အင်အားကြီးသည်ကို သိနိုင်လေသည်။
များမကြာမီ ဝမ်ရှန်းသည် အလောင်းများထံမှ ပစ္စည်းများ စုဆောင်းလာခြင်းသည် မည်မျှ ကောင်းမွန်ကြောင်း စုန့်ရန်ကို သက်သေပြရန် အခွင့်အရေး ပေါ်လာသည်။

***

“ရန်သခင်မလေး ဒါက မသင့်တော်ပါဘူး”
အိမ်တော်ထိန်း တစ်ယောက်၏ လေသံအပြည့်ဖြင့် အဘိုးအိုသည် မျက်နှာကို မော့ကာ စုန့်ရန်နှင့် ဝမ်ရှန်းကို စူးစိုက်ကြည့်နေသည်။
“ကျွန်တော်တို့ စုန့်မိသားစုက အပြင်လူတွေ မခေါ်တာတော့ မဟုတ်ပေမယ့် သူက လူရိုင်းတစ်ယောက်ပဲ နာမည်တောင် ရှိရဲ့လား မသိဘူး”
ဝမ်ရှန်း၏ အသွင်သဏ္ဌာန်သည် တစ်ချက် ကြည့်ရုံဖြင့် လူတိုင်းကို ခေါင်းခဲ သွားစေနိုင်သည်။ မျက်နှာထက်တွင် ဆေးနီဆေးဝါများ ဆီကြေးများ ပြည့်နှက်နေကာ ခန္ဓာကိုယ်တွင်လည်း ထူးဆန်းသော အဝတ်အစားများ ဝတ်ထားသေးသည်ပင်။
လူရိုင်းမှအပ အခြား မဖြစ်နိုင်ချေ။
“သူက ကျွန်မနဲ့  စေ့စပ်ထားတဲ့သူပဲ” 
စုန့်ရန်၏ စကားကြောင့် အိမ်တော်ထိန်း၏ မျက်လုံးများ ကျွတ်ထွက်လုနီးနီး ပြူးကျယ် လာသည်။ စုန့်ရန်ကို တစ်လှည့် ဝမ်ရှန်းကို တစ်လှည့် ကြည့်ကာ မျက်နှာထက်တွင် အရောင်အမျိုးမျိုး ဖြတ်ပြေးနေသည်။ သို့သော် စုန့်ရန်၏ စကားကို မယုံကြည်ဘဲ ခေါင်းကိုသာ ခါယမ်းလိုက်လေသည်။
ထိုအချိန် –
“အိမ်တော်ထိန်းကြီးက တကယ် အလုပ်ကြိုးစားတာပဲ၊ ဒါက ကျွန်တော်တို့ ဇာတိမြို့က အထူး ထွက်ကုန်ပါ၊ ဆရာကြီး ဒါလေး လက်ခံပေးပါဗျ”
ဝမ်ရှန်းသည် သွားဖြူဖြူများကို ပေါ်လွင်အောင် ပြုံးပြလိုက်ပြီး အလောင်းများထံမှ ကောက်ယူလာခဲ့သည့် ဓားများစွာ အနက်မှ အတန်အသင့် ကောင်းမွန် သစ်လွင်သော ဓားတစ်လက်ကို အိမ်တော်ထိန်း လက်ထဲသို့ ထည့်ပေးလိုက်သည်။
ဓားသည် သေချာပေါက် ဓားကောင်း တစ်လက်ဖြစ်လေရာ သာမန်လူများ အိပ်မက်ပင် မမက်နိုင်သော ဓားမျိုးဖြစ်သည်။
အိမ်တော်ထိန်း၏ မျက်နှာထက်မှ ထိတ်လန့် တုန်လှုပ်နေသော အမူအရာများ ချက်ချင်း ပျောက်ကွယ်သွားကာ  ကျေနပ်စွာ ပြုံးလိုက်သည်။
“ရန်သခင်မလေးရဲ့ စေ့စပ်ထားသူ ဆိုတော့လည်း ဝင်ပါ ဝင်ပါ ”
အိမ်တော်ထိန်းသည် အခန်းသုံးခန်းပါသော စုန့်မိသားစု၏ အိမ်တစ်လုံးထံ၌ ဝမ်ရှန်းအား နေထိုင်စေသည်။
ဤစံနှုန်းသည် စုန့်ရန်နှင့် အတူတူ ဖြစ်လေရာ အိမ်တော်ထိန်းသည် ဝမ်ရှန်းအား မည်မျှ ရက်ရောထားကြောင်း သိသာလှသည်။
“နင်က တော်တော် ဉာဏ်ကောင်းတာပဲ” 
စုန့်ရန်သည် ဝမ်ရှန်းကို အံ့သြစွာ စိုက်ကြည့်နေသည်။ စေ့စပ်ထားသူ ဟူသော စကားသည် အသုံးမဝင်သော်လည်း အဖိုးတန် ဓားတစ်လက်သည် အရာအားလုံးကို ဖြေရှင်းနိုင်ခဲ့လေသည်။ အိမ်တော်ထိန်းနှင့် စုန့်ရန်သည် ဝမ်ရှန်းအား နေထိုင်ရမည့် ခြံဝန်းထဲသို့ ခေါ်ဆောင်သွားပြီး ပစ္စည်းများကို နေရာချ ပေးပြီးနောက် ဝမ်ရှန်းသည် မျက်နှာထက်မှ အညစ်အကြေးများ အားလုံးကို ဆေးကြောပစ်လိုက်ပြီး အဝတ်အစားများ လဲလှယ် ဝတ်ဆင်လိုက်သည်။
အိမ်တော်ထိန်းသည် ဝမ်ရှန်းကို ကျေနပ်အားရစွာ ကြည့်လိုက်ပြီး –
“အတော်ချောတဲ့ လူငယ်လေးပဲ၊ ကံမကောင်းတာက ဆံပင်က သိပ်တိုနေတယ်” 
“လူငယ်လေးတဲ့လား” ဝမ်ရှန်း ကြောင်သွားသည်။
သူသည် အသက် ၁၈ တွင် စစ်တပ်ထဲသို့ ဝင်ခဲ့ပြီး အထူးအင်အားစုကို ၂၁ အရွယ်တွင် ပါဝင်ခဲ့သည်။ အသက် ၂၄ တွင် သင်တန်း ပြီးဆုံးသွားပြီး နိုင်ငံအတွက် ၁၀ နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့သည်ဖြစ်ရာ သူ့အသက်သည် ဉီးလေးအရွယ် သုံးဆယ်ကျော်ထဲသို့ ရောက်နေပြီ ဖြစ်သည်။
သို့သော် ဝမ်ရှန်းသည် နံဘေးမှ ကြေးမုံထဲသို့ ကြည့်လိုက်ချိန်တွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ သူ့မျက်နှာသည် အသက် ၁၈ နှစ် အရွယ် ပြန်ရောက် သွားခြင်းပင်။
“ဒါက ဘယ်လို ဖြစ်တာလဲ သူမဆီက နောက်ထပ် လက်ဆောင်လား”
မည်သည့် အခြေအနေမျိုးမဆို တည်ငြိမ်စွာ ရင်ဆိုင်တတ်သော ဝမ်ရှန်းသည် စိတ်ကို လျင်မြန်စွာ ထိန်းချုပ် လက်ခံလိုက်သည်။
ငယ်သွားတော့ရော ဘာဖြစ်သလဲ။ ပိုတောင် ကောင်းသေးတယ် ဟားဟား။
ထို့နောက် ဝမ်ရှန်းသည် ဝိညာဉ်အကြောင်းနှင့် ကျင့်ကြံရေးများကို ပို၍ သိရှိသလိုသဖြင့် စုန့်ရန်အား မေးမြန်းပါသော်လည်း စုန့်ရန်သည် ရှင်းပြရန် အလွန် ပျင်းသဖြင့် သူ့အား ဆယ်နှစ်အောက် ကလေးများကို ကျင့်ကြံရေးအကြောင်း သင်ကြားပေးသော မန်ရွယ် လေ့ကျင့်ရေးကျောင်း တစ်ခုသို့ ခေါ်ဆောင် သွားလေသည်။
ကျင့်ကြံရေးကျောင်းကို ဝင်ရန်မှာ ပထမဉီးစွာ ဝိညာဉ်ကြယ်ကို စမ်းသပ်ရမည် ဖြစ်သည်။
နှစ်ဖက်စလုံးတွင် လက်ကိုင်ပါသော မှန်တစ်ခု ရှေ့တွင် ရပ်လိုက်ရုံဖြင့် ဝမ်ရှန်း၏ ဝိညာဉ်အမျိုးအစားနှင့် ကြယ်အဆင့်ကို ပေါ်လွင်စေသည်။ စုန့်ရန် ခန့်မှန်းထားသည့် အတိုင်းပင် အနှီ ငါးကြင်းနီသည် ကြယ်မရှိ၊ အဆင့်မြှင့်၍ မရသည့်အပြင် ကျိုးပဲ့ဝိညာဉ် တစ်ခုပါ ဖြစ်နေသေးသည်။
“ထွက်သွားတော့”
ဝတ်စုံပြည့် ဝတ်ဆင်ထားသော ဆရာမတစ်ဉီးသည် ကျင့်ကြံရေးကျောင်း၏ အဝင်ပေါက်သို့ လက်ညှိုးထိုးကာ ချက်ချင်း မောင်းထုတ် လာတော့သည်။

“အဆင့်တောင် မြှင့်လို့မရတဲ့ ကျိုးပဲ့ဝိညာဉ်က ဘယ်လို ကျင့်ကြံမှာလဲ” 
ဆရာမဖြစ်သူ၏ ကျယ်လောင်သော အော်ဟစ် ကြိမ်းမောင်းသံသည် သင်တန်းကျောင်းမှ ကျင့်ကြံသူများစွာကို လှုပ်နိုး လိုက်သည့်နှယ်ပင်။ အချို့သည် ပြတင်းပေါက်တွင် ခေါင်းတင်ကာ ချောင်း ကြည့်လာကြပြီး အချို့မှာ အပြေးအလွှား လာကြည့်ကြလေသည်။ အရွယ်ရောက်ပြီး သူများ ရှိသော်လည်း ကလေးများကို သင်ကြားပေးသော ကျောင်းဖြစ်လေရာ  ကလေးများမှာ ဟိုတစ်စု ဒီတစ်စုဖြင့် ဝမ်ရှန်းအား တိုးဝှေ့ ကြည့်ရှုနေကြသည်။
ကျိုးပဲ့ဝိညာဉ် တစ်ခုသည် ဉာဏ်အလင်းရအောင် ကျင့်ကြံလိုသည်ဟု ဆိုလာပါက လူကြီးဖြစ်စေ ကလေးဖြစ်စေ ဝါးလုံးကွဲ ရယ်မောကြမည်သာ ဖြစ်သည်။ ယွမ်ဝိညာဉ်အကြောင်း နားမလည်သော သူများသည်ပင်  ကြယ် မရှိဟု ဆိုခြင်းမှာ  အနိမ့်ဆုံးအဆင့်၏ အောက်တွင် ရှိကြောင်း ကောင်းစွာ သိထားကြသည်။ ထိုလူများသည် အမှိုက်ကြားမှ အမှိုက်များ ဖြစ်ကြပြီး  ဤထက်ပို၍ ဆိုးဝါးစရာ မရှိတော့ချေ။
ကလေး လူကြီးမကျန် တသောသော ရယ်မော နေကြသော်လည်း ဝမ်ရှန်းသည် မျက်နှာသေဖြင့် ရပ်နေကာ ပတ်ပတ်လည်ကို လေ့လာစူးစမ်း နေသည်။
အထူးလေ့ကျင့်ထားသော တပ်သားဖြစ်သည့် သူ့အနေဖြင့် လူအများ၏ လှောင်ပြောင် ရယ်မောခြင်းသည် သူ့အား ပန်းနှင့် ပေါက်သည့် အလားပင်။
စုန့်ရန်သည်  ဝမ်ရှန်းကို ခေါ်ဆောင်ကာ ကျင့်ကြံရေးကျောင်းမှ ရှက်ရွံ့စွာ ထွက်ခွာလာခဲ့သည်။
နာရီဝက်ပင် မကြာလိုက်ချေ။ ဤသတင်းများမှာ တစ်မြို့လုံးကို ပျံ့နှံ့သွားတော့သည်။
စုန့်မိသားစု၏ သခင်မလေး စုန့်ရန်နှင့် စေ့စပ်ထားသူမှာ လူရိုင်းတစ်ယောက် ဖြစ်ကြောင်း၊ အနှီလူရိုင်းသည် ကြယ်တစ်လုံးပင် မရှိသော  ကျိုးပဲ့ဝိညာဉ်ကို ပိုင်ဆိုင်ထားပြီး ဉာဏ်အလင်း ရရှိရန် ကျင့်ကြံရေး သင်တန်းကျောင်းကိုပင် သွားရောက်ခဲ့သေးကြောင်း။
သတင်းများသည် တောမီးပမာ ပျံ့နှံ့သွားပြီး လူအများ ရယ်မောစရာ  ဟာသတစ်ခု ဖြစ်လာလေသည်။
“ကြယ်မရှိ အဆင့်မြှင့်လို့ မရတဲ့ ကျိုးပဲ့ဝိညာဉ်က သခင်မလေးရန်ရဲ့ စေ့စပ်ထားသူတဲ့လား”
“ဘယ်လိုဖြစ်နိုင်မှာလဲ အဲ့လို လူရိုင်းကလေ”
ပုံမှန်နေ့များတွင် စုန့်ရန်ကို ချစ်ခင်နှစ်သက်ကြသော စုန့်မိသားစုဝင် အများအပြားသည်  ဤသတင်းကြောင့်  ဒေါသတကြီး ပေါက်ကွဲနေကြပြီး  အနှီလူရိုင်းအား တစ်သက် မမေ့နိုင်မည့် သင်ခန်းစာမျိုး ပေးရန်  အခွင့်အရေးကို စောင့်မျှော် နေကြလေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset