အခန်း ၂
ထူးဆန်းသော စွမ်းရည်များ
သေနတ်မောင်းကို ဆွဲချခြင်းမှ တိကျသော ပစ်ခတ်မှုအထိ ဝမ်ရှန်း၏ စံချိန်မှာ ၀.၅ စက္ကန့်ဖြစ်သည်။ သို့သော် ယခု ပစ်ခတ်မှုသည် ယခင်စံချိန်ကို ချိုးကာ ပုံမှန်ထက် ပို၍ မြန်ဆန်သွားသည်။ ပစ်ချက်၏ အမြန်နှုန်းမှာ ၀.၄ စက္ကန့်ရှိသည်ဟု ဝမ်ရှန်း ခံစားမိလိုက်သည်။
ဝမ်ရှန်းသည် လူသတ်သမား တစ်ယောက် မဟုတ်ပေ။ စနိုက်ပါသမား တစ်ယောက် အနေဖြင့် တာဝန်ထမ်းဆောင်စဉ်တွင် တစ်ခါတစ်ရံ လူအုပ်ထဲသို့ ရောနှောရန် လိုအပ်ပြီး တစ်ခါတစ်ရံတွင် ဖုံးကွယ်ထားရန် လိုအပ်သည်။ အမှားအနည်းငယ်၊ နှောင့်နှေးမှု အနည်းငယ်ကပင် အခြေအနေများကို ပြောင်းပြန် ဖြစ်သွားစေတတ်လေရာ သိုက်ဟွမ်၏ အမိန့်ကို ကြားသည်နှင့် သူ၏လက်က အလိုလို လှုပ်ရှားပြီးသား ဖြစ်သွားခြင်းပင်။
အစောင့်များမှာမူ သိုက်ဟွမ် အမိန့် ပေးပြီးပြီးချင်း လျင်မြန်စွာ စတင်တိုက်ခိုက် လာကြသည်။
စုန့်ရန်ဘက်တွင်မူ စုန့်ရန်မှ အပ အသက်ငါးဆယ်ခန့် အဘိုးအိုတစ်ယောက်သာ ရှိလေသည်။
သို့သော် အနှီ အဘိုးအို၏ လှုပ်ရှားမှုများမှာ မယုံကြည်နိုင်ဖွယ် မြန်ဆန် လွန်းလှသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော သံကြိုးများကို ဖယ်ရှား ပစ်လိုက်သည်။ ထို့နောက် နံဘေးမှ စောင့်ကြပ်နေသော အစောင့်၏ ဓားရှည်ကို လက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး ရန်သူ၏ လည်မျိုကို လက်သီးဖြင့် ထိုးချလိုက်သည်။
အဘိုးအိုနှင့် ထပ်တူ လှုပ်ရှားလာသူမှာ နူးညံ့သည်ဟု ထင်ရသော စုန့်ရန်ဖြစ်သည်။ သူမသည် ယုန်ပေါက်လေး တစ်ကောင်အလား သွက်လက်စွာ လှုပ်ရှားနေပြီး တိုက်ကွက်များမှာ ရက်စက် ကြမ်းကြုတ်လှသည်။ အစောင့်တစ်ယောက်သည် ဓားရှည်ဖြင့် စုန့်ရှန်ကို အလျင်အမြန် ထိုးစိုက် လိုက်သော်လည်း သူမ၏ လှုပ်ရှားမှုက ပို၍ မြန်ဆန်နေခဲ့ကာ ခန္ဓာကိုယ်ကို တစ်ပတ်လှည့် ရှောင်တိမ်းလိုက်ပြီး ထိုသူ၏ လည်မျိုအား လက်ဝါးစောင်းဖြင့် ခုတ်ချလိုက်သည်။
ဝမ်ရှန်းသည် သိုက်ဟွမ်ကို သတ်ဖြတ်လိုက်ခြင်း၊ အဘိုးအိုသည် နံဘေးမှ အစောင့်ကို သတ်လိုက်ခြင်း နှင့်အတူ စုန့်ရန်၏ သွက်လက်လှသည့် လှုပ်ရှားချက် စသည့်အရာများ အားလုံးမှာ သိုက်ဟွမ် အမိန့်ပေးပြီး စက္ကန့်ပိုင်း အတွင်း၌ပင် တစ်ပြိုင်နက်တည်းလိုလို ဖြစ်ပျက်သွားကြခြင်း ဖြစ်သည်။
သို့သော် သေနတ်သံ ထွက်ပေါ်လာချိန်တွင် စုန့်ရန် အပါအဝင် လူတိုင်းသည် သိုက်ဟွမ်၏ နဖူးမှ သွေးပေါက်ရာကို ကြည့်ကာ ရုတ်တရက် ကြက်သေသေ ကုန်ကြသည်။ လူတိုင်းသည် လဲကျ သေဆုံးသွားသော သိုက်ဟွမ်ကို တစ်လှည့်၊ တည်ငြိမ်စွာ ရပ်နေသော ဝမ်ရှန်းကို တစ်လှည့် စိုက်ကြည့်နေကြပြီး ဤမြင်ကွင်းမှာ အိပ်မက်တစ်ခုအလား ခံစားလိုက်ကြရသည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
သိုက်ဟွမ်ဟူသည် ဟေးရှီမှ သိုက်မိသားစု၏ သခင်လေးဖြစ်ကာ သိုက်မိသားစု၏ အနာဂတ် သခင်ကြီးအဖြစ် လျာထားခြင်း ခံရသူဖြစ်သည်။ သူသည် စုန့်မိသားစု၏ သခင်မလေး စုန့်ရန်ကိုပင် ပြန်ပေးဆွဲရဲသူပင် ဖြစ်သည်။ စုန့်မိသားစုမှ အကြီးအကဲများသည် ဖြစ်ပျက်သမျှကို သိသော်လည်း မသိဟန်ဆောင်ကာ စုန့်ရန်အား စုန့်မိသားစု၏ တားမြစ်နယ်မြေထဲသို့ လိမ်လည် စေလွှတ်ခဲ့သည်။
သိုက်ဟွမ်က သာလျှင် လူအများကို အမြဲတစေ သတ်ဖြတ်ခဲ့သည်။ သို့သော် မည်သူတစ်ဉီး တစ်ယောက်ကမျှ သူ့ကို ပြန်လည် မသတ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သိုက်ဟွမ်ကို သတ်ရန် ကြိုးစားသူတိုင်းသည် သိုက်ဟွမ်၏ အနီးသို့ မချဉ်းကပ် ရသေးခင်မှာပင် သိုက်မိသားစု သခင်များက သတ်ဖြတ်ပြီးသား ဖြစ်သည်။ သို့သော် ယခုတွင် သိုက်မိသားစု၏ အဖိုးတန် သခင်လေး သိုက်ဟွမ်သည် အမျိုးအမည်မသိ အရိုင်းဆန်ဆန် အသွင်ရှိသော လူ၏ လက်ချက်ဖြင့် အလွယ်တကူ သေဆုံးသွားလေပြီ။
ဝမ်ရှန်း၏ လက်ရှိ အသွင်အပြင်သည် သိုက်မိသားစုနှင့် စုန့်မိသားစု၏ မျက်လုံးထဲတွင် ရက်စက် ကြမ်းကြုတ်သော လူတစ်ယောက်ပုံ ပေါက်နေသည်။ သူတို့၏ စိတ်ထဲတွင် ဝမ်ရှန်း ကိုယ်ပေါ်ရှိ အဝတ်အစားများမှာ အလွန် ထူးဆန်းနေပြီး လူရိုင်းများမှ လွဲ၍ ဤကဲ့သို့ ဝတ်ဆင်ခြင်းကို မည်သူမှ နှစ်သက်မည် မဟုတ်ဟု တွေးသည်။
ထို့ပြင် မျက်နှာပေါ်တွင် မျက်မှန်နှင့် သဏ္ဌာန်တူသော မျက်နှာဖုံးကြီးတစ်ခု တပ်ထားကာ ဉီးခေါင်းထက်၌ မာကျောသော ဉီးထုပ်တစ်လုံး ဆောင်းထားသေးသည်။ သူ၏ မျက်နှာထက်မှ ဆီကြေးများမှာလည်း တက်တူးနှင့် အသွင်တူကာ တစ်ကိုယ်လုံးကို ခြုံငုံ သုံးသပ်ပါက လူရိုင်းမှ အပ အခြား မဖြစ်နိုင်ဟု အားလုံးက သတ်မှတ်လိုက်သည်။
သိုက်ဟွမ်၏ သေဆုံးမှုသည် စုန့်ရန်နှင့် အဘိုးအိုကို ကြက်သေသေ သွားစေရုံသာမက သိုက်မိသားစု၏ အစောင့်များကိုပါ ရူးသွပ်လုနီးနီး ဖြစ်သွားစေသည်။ သူတို့သည် သိုက်ဟွမ်ကို ကာကွယ်ရမည့် သူများဖြစ်သော်လည်း သိုက်ဟွမ်မှာ သေဆုံးသွားပြီး သူတို့အားလုံး အကောင်းပကတိ ကျန်ရစ်ခဲ့သည်။ အကျိုးဆက်များကို စဉ်းစားမိသောအခါ သူတို့ ကိုယ်၌ ကြက်သီး တဖြန်းဖြန်းထကာ ခြေထောက်များ ပျော့ခွေလာကြသည်။
အစောင့်များသည် စကားတစ်ခွန်းမှ မဆိုဘဲ ဝမ်ရှန်းထံ ပြေးဝင်သွားကြသည်။ ဝမ်ရှန်း သာမက စုန့်မိသားစု၏ အဘိုးအိုနှင့် စုန့်ရန်ကိုလည်း အလွတ်မပေးကြပါချေ။ စုန့်ရန်သည် သိုက်ဟွမ်၏ နှစ်သက်ခြင်းကို ခံရသူဖြစ်သော်လည်း ယခု သိုက်ဟွမ် သေဆုံးသွားပြီဖြစ်ရာ စုန့်ရန်ကို အဘယ်ကြောင့် အရှင်ထားရမည်နည်း။
အစောင့်များသည် မြန်ဆန်သော်လည်း ဝမ်ရှန်းလောက် မမြန်ဆန်သည်မှာ သနားစရာပင်။
“ဒိုင်း ဒိုင်း ဒိုင်း”
လက်ထဲမှ သေနတ်၏ ပြင်းထန်သော မီးနှုန်းနှင့် တိကျမှုကို အသုံးချကာ ဆက်တိုက် ပစ်ချလိုက်သည်။ အဘိုးအိုနှင့် မိန်းမပျိုကို ဝန်းရံထားသော အစောင့်များမှ အပ အခြားသူများ အားလုံးကို ဝမ်ရှန်း ပစ်သတ်လိုက်သည်။
သိုက်မိသားစု၏ အစောင့် ၁၃ ယောက်တွင် ဝမ်ရှန်းကို တိုက်ခိုက် လာသည်မှာ ၆ ယောက်အတိ ဖြစ်သည်။ ၎င်းတို့ထဲမှ ငါးယောက်သည် ဝမ်ရှန်း၏ ပစ်ချက်ဖြင့် သေဆုံး သွားကြသော်လည်း ကျန်တစ်ယောက်၏ ရွေ့လျားနှုန်းမှာ ကြောက်ခမန်း လိလိပင်။ ထိုအစောင့်သည် ဝမ်ရှန်း၏ သေနတ်ပစ်ချက်ကို ရှောင်တိမ်း နိုင်ခဲ့လေသည်။ ကံကောင်းစွာပင် ကျည်ဆန်သည် နှလုံးသားကို မဖောက်သွားသော်လည်း ရင်အုပ်ကို ထိမှန်သွားသဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားသည်။ ဝမ်ရှန်းသည် ထိုတစ်ယောက်၏ ဉီးခေါင်းတည့်တည့်ကို ချိန်ပစ်ကာ အပြီးသတ် ဇာတ်သိမ်း ပေးလိုက်သည်။ ထို့နောက် အမျိုးသမီးနှင့် အဘိုးအိုကို ဝိုင်းထားသော အစောင့်များကို တစ်ချက် ကြည့်လိုက်ရာ အံ့သြသွားလေသည်။
မူလက ရန်သူလေးယောက်ဖြင့် ရင်ဆိုင်နေရသော အဘိုးအိုသည် ယခုအခါ နှစ်ယောက်ကို သတ်ပစ် လိုက်လေပြီ။ တစ်ယောက်မှာ ဝမ်ရှန်း၏ မျက်စိရှေ့မှာပင် လက်ဖြတ် ခံလိုက်ရကာ အဘိုးအို၏ လက်ထဲမှ ဓားဉီးသည် ကျန်တစ်ယောက်၏ ရင်အုပ် တည့်တည့် ပြေးဝင်သွားသည်။
ဤမြင်ကွင်းကို ကြည့်ကာ ဝမ်ရှန်း၏ စိတ်ထဲတွင် မယုံကြည်ဖွယ် အတွေးတစ်ခု ပေါ်ပေါက်လာသည်။
“ဒီ ဓားကို ဘေးဘက် နည်းနည်း ကပ်လိုက်ရင် ထိရောက်မှုက ပိုပြီး အားပြင်းသွားမှာ”
ထိုအခိုက်အတန့်တွင် အဘိုးအို၏ ဓားသွားအား ရန်သူသည် အသာတကြည် ခုန်ရှောင် သွားလေသည်။ အဘိုးအိုသာ ဝမ်ရှန်း တွေးသည့်အတိုင်း ဓားသွားကို ဘေးသို့ အနည်းငယ် စောင်းလိုက်လျှင် ရန်သူသည် ရှောင်တိမ်း၍ မရနိုင်တော့ချေ။
ဝမ်ရှန်း၏ မျက်လုံးများသည် မလှမ်းမကမ်းသို့ ရွေ့လျားသွားကာ စုန့်ရန်ထံ ကျရောက် သွားသည်။ ဝမ်ရှန်း၏ စိတ်ထဲတွင် စုန့်ရန်၏ ဓား ခွန်အားနှင့် အနေအထားများ၏ ရလဒ်ကို ချက်ချင်း ဆုံးဖြတ်နိုင်သွားသည်။ ထိုမျှမက ခန္ဓာကိုယ်၏ မည်သည့် အစိတ်အပိုင်းမှ ခွန်အား ထွက်ပေါ်နေသည်ကိုပါ ခန့်မှန်းနိုင်သည်။
ဝမ်ရှန်းသည် စုန့်ရန်၏ လှုပ်ရှားမှုများကို သာမက ပြိုင်ဘက် ရန်သူများ၏ လှုပ်ရှားမှုများကိုပါ တစ်ချက်ကြည့်ရုံဖြင့် မြင်နေရလေသည်။ ဤသို့ဖြင့် သူသည် တိုက်ပွဲ ရလဒ်ကို ကြည့်နေရင်း၌ပင် ကြိုတင်တွက်ဆ ခန့်မှန်းလိုက်သည်။ မကြာမီ သူ ခန့်မှန်းထားသည်နှင့် တစ်သဝေမသိမ်း တူညီသော တိုက်ပွဲ အဆုံးသတ်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။
ဤထူးဆန်းသော ကြိုတင်တွေးဆနိုင်မှု စွမ်းအားသည် သူ၏ မူလစွမ်းရည်များ မဟုတ်ကြောင်း ဝမ်ရှန်း တပ်အပ် ပြောနိုင်သည်။ ဤစွမ်းရည်သည် ထူးဆန်းသော ကမ္ဘာကို ရောက်ရှိလာပြီးမှ အသစ် ရရှိလာသော ထူးဆန်း စွမ်းအင်များ ဖြစ်သည်။
“ဒါက မင်း ငါ့ကို ပေးတဲ့ လက်ဆောင်လား”
ဝမ်ရှန်းသည် အကျွမ်းတဝင် မြင်မက်ဖူးသော အိပ်မက်ထဲမှ လှပသည့် မျက်ဝန်းများ၏ ပိုင်ရှင်ကို တစ်ဖန် တွေးမိသွားသည်။
“ငါ မင်းနေတဲ့ ကမ္ဘာကို ရောက်လာပြီ။ ဒါပေမဲ့ မင်းက ဘယ်မှာလဲ ဘာလို့ ငါ့ကို သတ်ခိုင်းရတာလဲ”
ဝမ်ရှန်း အတွေးနစ်နေစဉ် စုန့်ရန်သည် အဘိုးအိုဘက်သို့ လှည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဉီးလေး ယု၊ သူတို့ယွမ် ဝိညာဉ်ကို ယူသွားကြပြီ”
“ရန်အာ၊မင်း ချစ်သူကို နှုတ်ဆက် လိုက်ဉီးလေ”
အဘိုးအိုသည် သွေးနံ့နှင့် ယမ်းမှုန့် ရနံ့များ ကြားမှ ဝမ်ရှန်းကို ကြည့်ကာ စုန့်ရန်အား တီးတိုးပြောလိုက်သည်။
“ယွမ်ဝိညာဉ်ကိစ္စက ဉီးလေးကိုယ်တိုင် အကြီးအကဲတွေကို သတင်းပို့လိုက်မယ်”
ပစ္စတို သေနတ်ကို ပေါင်ပေါ်မှ အိတ်ထဲ ပြန်ထည့်နေသော ဝမ်ရှန်းသည် အဘိုးအို၏ စကားကြောင့် လဲကျလုနီးနီး ဖြစ်သွားသည်။
“ဒီလူကြီးက ဘာတွေ ပြောနေတာလဲ”
သိုက်မိသားစုမှ အစောင့် သုံးယောက်ကို မျက်နှာတစ်ချက် မပျက်ဘဲ သတ်ပစ်လိုက်သော စုန့်ရန်သည် ဉီးလေးဖြစ်သူ၏ စကားကြောင့် မျက်နှာတစ်ခုလုံး ရဲတွတ်သွားသည်။
ငါက လူရိုင်းတစ်ယောက်ကို ချစ်သူတော်တားတယ်တဲ့လား။ ဒါက အလိမ်အညာ ပဲဆိုတာ ဉီးလေးက မရိပ်မိဘူးလား။
စုန့်ရန်သည် ဒေါသထွက်ကာ ရှက်ရွံ့နေသော်လည်း ရေလိုက်ငါးလိုက် နေရန် ဆုံးဖြတ်လိုက်သည်။ အနှီ လူရိုင်းသည် ကောင်းကင်ထက်မှ ဆင်းသက်လာကာ သိုက်ဟွမ်ကို အလွယ်တကူ သတ်ပစ်လိုက်သည် မဟုတ်ပါလော။ သေချာပေါက် ထိုက်တန်သော ပစ်မှတ်တစ်ခုပင်။
စုန့်ရန်သည် ဉီးလေးယုကို တစ်ချက် စိုက်ကြည့်လိုက်သည်။ ဉီးလေးယု၏ မျက်လုံးများတွင် အရိပ်တချို့ ဖြတ်ပြေးသွားကာ စုန့်ရန်ကို လေးပင်စွာ ခေါင်းညိတ် ပြလေသည်။
ထို့နောက်တွင်မူ စုန့်ရန်သည် ဝမ်ရှန်းထံ မဆိုင်းမတွ လျှောက်လှမ်းလာသည်။
“သွားကြစို့”
ဝမ်ရှန်းသည် စစ်ဖိနပ်ထဲမှ ရေများကို သွန်ကာ ပြန်ဝတ်နေသည်။ ဖိနပ်ကြိုးကို တည်တည်ငြိမ်ငြိမ်ဖြင့် ချည်နေကာ လူသတ်ထားသည်မှာ သူမဟုတ်သည့် အလား ငြိမ်သက် နေလေသည်။
“မင်းသာ ဒုတိယမြောက် ရန်သူကို သတ်တုန်းက ဓားကို ညာဘက်နည်းနည်း တိုးပြီး အရှိန်နည်းနည်း လျှော့လိုက်မယ်ဆို တစ်ချက်တည်းနဲ့ အသေသတ်နိုင်တယ်”
ဝမ်ရှန်းသည် လက်နှစ်ဖက်ကို ခါယမ်းကာ ဖြည်းညင်းစွာ ထရပ်လိုက်သည်။ အဝတ်များနှင့် အတွင်းခံများ စိုစွတ်နေသဖြင့် နေရသည်မှာ မသက်မသာ ဖြစ်နေလေသည်။ မတ်တပ်ရပ်၍ နံဘေးမှ စုန့်ရန်ကို ကြည့်ကာ သူမ လစ်ဟာသွားသော ဓားအင်အားကို ထောက်ပြလိုက်သည်။
စုန့်ရန်သည် ချက်ချင်း မှင်သက်သွားကာ နှလုံးသားထဲတွင် တုန်လှုပ်လာသည်။ သူမ ယခုနက အသုံးပြုခဲ့သော တိုက်ကွက်သည် စုန့်မိသားစု၏ လျှို့ဝှက် ဓားသိုင်းတစ်ခု ဖြစ်ကာ သူမသည် အလျင်လိုနေသဖြင့် အမှားများ ဖြစ်ပေါ် သွားခဲ့သည်။ သို့သော် ဝမ်ရှန်းသည် သူမ၏ ဟာကွက်များကို ချက်ချင်း ထောက်ပြ လာလေသည်။
“သူက ဘယ်လိုဖြစ်ပြီး စုန့်မိသားစုရဲ့ လျှို့ဝှက်ဓားသိုင်းကို သိသွားတာလဲ”
ထွက်ခွာရန် ပြင်နေသော အဘိုးအိုမှာလည်း ဝမ်ရှန်း၏ စကားကြောင့် ကြက်သေသေ သွားပြန်သည်။ သူသည် စုန့်ရန်အား ပြုစုစောင့်ရှောက်ရင်း ကြီးပြင်းလာသူဖြစ်ရာ ဝမ်ရှန်း၏ စကား မှန်ကန်ကြောင်း အသေအချာ ပြောနိုင်လေသည်။
သို့ရာတွင် အနှီ လူရိုင်းသည် စုန့်မိသားစု၏ လျှို့ဝှက်ချက်ကို မည်သို့ သိရှိသွားပါသနည်း။
ဝမ်ရှန်းသည်လည်း သူသည် တမူထူးခြားသော ကမ္ဘာသို့ ရောက်ရှိလာကြောင်း သိရှိထားသည်။ အဘိုးအိုအတွက် လူတစ်ယောက်ကို ခေါင်းဖြတ်ခြင်းသည် သာမန်ကိစ္စသာ ဖြစ်ပုံရပေသည်။ သို့သော် ဝမ်ရှန်းမှာမူ ရန်သူ၏ လည်မျိုကို လက်သီးဖြင့် ထိုးချလိုက်ပြီး ကျောရိုးများပါ စုတ်ပြဲ ထွက်သွားစေသော အဘိုးအို၏ တိုက်ခိုက်ပုံကို မျက်လုံးထဲမှ ထုတ်၍ မရချေ။
တစ်ဖက်တွင်မူ စုန့်ရန်နှင့် ဉီးလေးယုသည်လည်း ဝမ်ရှန်း၏ နောက်ခံ ဇာစ်မြစ်အား ပို၍ စိတ်ဝင်စား လာကြသည်။
ကောင်းကင်ထက်မှ ပြုတ်ကျလာသော ဤလူရိုင်းသည် လျှို့ဝှက် မိသားစုတစ်ခု၏ သခင်လေးများ ဖြစ်နေမည်လောဟု တွေးမိလိုက်သော်လည်း ဝမ်ရှန်းသည် ကျင့်ကြံသူ တစ်ယောက်နှင့် မတူသဖြင့် ခန့်မှန်းရန် ခက်ခဲနေသည်။
ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ဆန်းကြယ်လက်နက်များ ကိုင်ဆောင်ထားသော လူရိုင်းသည် စုန့်မိသားစု၏ လျှို့ဝှက်ဓားသိုင်း အကွက်များနှင့် ဟာကွက်များကိုပါ သိရှိနေလေရာ ဤအခြင်းအရာများသည် ဝမ်ရှန်းအား ဆန်းကြယ်သော လူသားတစ်ယောက်အဖြစ် ပြောင်းလဲ သွားစေသည်။
***