အခန်း ၁
နယ်မြေသစ်သို့ ပထမဆုံး ရောက်ရှိသွားခြင်း
အထီးကျန် ဝံပုလွေဟူသည် ဝမ်ရှန်း၏ ကုဒ်နာမည်ဖြစ်သည်။ ဝမ်ရှန်းသည် တိုက်ပွဲပေါင်း ရာနှင့်ချီကာ အတွေ့အကြုံ များခဲ့ပြီဖြစ်သော အပြင်းထန်ဆုံး တိုက်ခိုက်ရေးသမား အေစီအီး စနိုက်ပါသမား ဖြစ်သည်။
ဝမ်ရှန်းသည် ညဘက်တွင် ရုတ်တရက် ဆင်းသက် လာခဲ့ပြီးနောက် သူ၏ ဇာစ်မြစ်မှာ အထီးကျန် ဝံပုလွေ အဖြစ်မှ တစ်စုံတစ်ယောက်၏ စေ့စပ်ထားသူ၊ မိသားစု လျှို့ဝှက်ချက် ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ဖူးချေ။ ကျင့်ကြံခြင်း၊ အမွေဆက်ခံခြင်းနှင့် အခြားသော အကြောင်းအရာ များစွာကိုလည်း ဝမ်ရှန်း ကိုယ်တိုင် မသိခဲ့ပေ။
ကိစ္စများကို ပို၍ ဆိုးဝါးစေသည်မှာ သူသယ်ဆောင် လာခဲ့သော လေထီးသည် ရုတ်တရက် ပျောက်ဆုံး သွားခြင်းပင်။ ခန္ဓာကိုယ်သည် အလေးချိန် ကင်းမဲ့သော အခြေအနေသို့ တစ်မုဟုတ်ချင်း ကျရောက်သွားကာ အထိန်းအချုပ်မရှိ ပြုတ်ကျ သွားတော့သည်။ တစ်ခဏမျှသာ တုန်လှုပ် သွားပြီးနောက် ဝမ်ရှန်းသည် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန် စတင်ပြင်ဆင် လိုက်သည်။
ဝမ်ရှန်းသည် ပြင်းပြင်းထန်ထန်နှင့် ကောင်းကောင်းမွန်မွန် လေ့ကျင့်ထားသော တိုက်ခိုက်ရေး သမားတစ်ယောက် ဖြစ်သည်။ အန္တရာယ်မည်မျှ ကြီးမားစေကာမူ ကျိုးကြောင်းဆီလျော်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ဖြစ်နိုင်သည်ဖြစ်စေ မဖြစ်နိုင်သည်ဖြစ်စေ ဝမ်ရှန်းသည် ၎င်းအန္တရာယ်များကို စမ်းသပ်မှုအဖြစ်သာ မှတ်ယူစမြဲပင်။ အေစီအီး စနိုက်ပါ တစ်ယောက်၏ အားကောင်းသော စိတ်ပိုင်းဆိုင်ရာ အရည်အသွေးသည် ဝမ်ရှန်းအား တည်ငြိမ်သွားစေပြီး ပတ်ဝန်းကျင် အခြေအနေကို ပထမဉီးစွာ လေ့လာလိုက်သည်။
သူသည် မြေပြင်အထက် မီတာ ၁၆၀ သို့ ရောက်ရှိနေကာ ဤအကွာအဝေးသည် ကမ္ဘာပေါ်မှ သေကြောင်း ကြံစည်ရန် ကျော်ကြားသော gold gate တံတား၏ ရေမျက်နှာပြင်ထက် နှစ်ဆ ကျော်မြင့်လေသည်။ ကံကောင်းသည်မှာ သူ့အောက်တွင် ရေကန်ကြီး တစ်ကန် ရှိနေကာ ခန္ဓာကိုယ်ကို အနည်းငယ် ထိန်းညှိလိုက်ရုံဖြင့် ရေကန်ထဲသို့ ကျဆင်းသွားနိုင်သည်။
ဝမ်ရှန်း၏ မျက်လုံးထောင့်စွန်း၌ အလင်းစတစ်ခု ဖြတ်သန်းသွားကာ စက်ပစ္စည်းသိုလှောင် အိတ်သည် မလှမ်းမကမ်းမှ ဖြတ်ပြေး ပြုတ်ကျသွားသည်။ သိုလှောင်အိတ်ထံ၌ လေထီးလည်း မပါဘဲ ဝေးကွာလွန်းသော တောင်တန်းဒေသ ဘက်သို့ ပြင်းထန်စွာ ပြုတ်ကျ သွားတော့သည်။ ဝမ်ရှန်းသည် ဉီးတည်ချက်ကိုသာ အလျင်စလို မှတ်သားလိုက်ပြီး ယင်းစက်ပစ္စည်း သိုလှောင်အိတ်ကို ရယူရန် စိတ်မကူးနိုင်သေးပေ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်မှာ ပို၍ အရေးကြီးသည် မဟုတ်ပါလော။
ခန္ဓာကိုယ် အနေအထားကို ထိန်းညှိ လိုက်ပြီးနောက် လေတိုက်နှုန်းကို တိုးမြှင့်ရန် ခြေထောက်များကို ဖြန့်ကား၍ ခန္ဓာကိုယ်ကို ဖွင့်လိုက်သည်။ ထို့နောက် အောက်ဘက်မှ ရေကန်ကြီးထဲသို့ ပြုတ်ကျလာတော့သည်။
ရေကန်ကြီး၏ နံဘေးတွင်မူ လူတစ်စု ထိပ်တိုက် ရင်ဆိုင်နေကြသည်။ အတိအကျ ဆိုရသော် အင်အားစု နှစ်ခု၏ အရေးပါသော သူများ ထိပ်တိုက် တွေ့နေကြခြင်းပင်။ ထိုထက် ပို၍ တိကျစွာ ဆိုရလျှင် ထိပ်တိုက် ရင်ဆိုင်နေခြင်း မဟုတ်ဘဲတစ်ဖက် အုပ်စုက အသာစီးဖြင့် အခြေအနေကို ထိန်းချုပ်ထားပြီး တစ်ဖက်အုပ်စုက အကျဉ်းသားများ အလား ထိန်းချုပ်ခံနေရခြင်း ဖြစ်သည်။
“သိုက်ဟွမ်၊ ဒါက ငါတို့ စုန့်မိသားစုရဲ့ တားမြစ်နယ်မြေပဲ၊ အထဲက ဝိညာဉ်တွေကိုလည်း စုန့်မိသားစု ဘိုးဘေးတွေက ခွန်အားစိုက်ထုတ်ပြီး ပျိုးထောင်ခဲ့တာ။ နင်က ကမ္ဘာကြီးကို မုန်တိုင်း ထန်သွားစေချင်နေတာလား”
အားနည်းသော အုပ်စုအား အမျိုးသမီး တစ်ယောက်မှ ဉီးဆောင်ထားပြီး သူမသည် တစ်ဖက်အုပ်စု၏ ငယ်ရွယ်သော ခေါင်းဆောင် လူငယ်ကို အော်ဟစ် ကြိမ်းမောင်းလျက် ရှိသည်။
“စုန့်ရန် ငါက မင်းကိုတောင် ဖမ်းရဲသေးတာ၊ မင်းတို့ မိသားစုရဲ့ တားမြစ်နယ်မြေကို ချိုးဖောက်တာက ဘာများ ထူးခြားနေလို့လဲကွာ”
သစ်လွင်တောက်ပသော အဝတ်အစားများကို ဝတ်ဆင်ထားကာ တစ်ချက် ကြည့်ရုံဖြင့် မရိုးရှင်းကြောင်း သိသာလှသော သိုက်ဟွမ်မှာမူ စုန့်ရန်၏ ပြစ်တင်ရှုတ်ချမှုကို ဂရုမစိုက်ပေ။ ထိုအစား ရှေ့သို့ တစ်လှမ်း တိုးကာ စုန့်ရန်၏ မျက်နှာကို စိတ်ဝင်တစား ကြည့်လိုက်ပြီး ခပ်ပြုံးပြုံး ဆိုသည်။
“မင်းက ငါသဘောကျတဲ့ မိန်းကလေးပဲ၊ မင်းက ငါ့အပိုင် ဖြစ်လာရင် မင်းမိသားစုက ပစ္စည်းတွေကလည်း ငါ့အပိုင် ဖြစ်လာမှာပဲ၊ အချစ်ကလေး ပြောစမ်းပါဉီးကွယ်၊ ဒီ ရာနဲ့ချီတဲ့ ဝိညာဉ်တွေထဲမှာ ဘယ်တစ်ခုက မင်း ဂရုတစိုက် ပျိုးထောင်ထားတဲ့ ဝိညာဉ်လဲလို့”
သိုက်ဟွမ် စိတ်မရှည်တော့ပေ။ သူသည် စုန့်မိသားစု၏ သစ္စာဖောက် တစ်ယောက်ထံမှ ထိပ်တန်း လျှို့ဝှက်သတင်းကို ရရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။
စုန့်ရန်သည် သူ၏ မိန်းမသာ ဖြစ်လာရမည်။ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ စုန့်ရန်သည် သိုက်ဟွမ်၏ မိန်းမသာ ဖြစ်လာရမည်ပင်။ အဓိက အချက်မှာ စုန့်မိသားစုတွင် လွန်ခဲ့သော မျိုးဆက်ပေါင်း များစွာ ကတည်းက ပြုစုပျိုးထောင်ထားသော လျှို့ဝှက်ဝိညာဉ် တစ်ခုရှိနေပြီး ၎င်းဝိညာဉ်ကို သူရှာမတွေ့ခြင်း ဖြစ်သည်။ ဤရေကန်ထဲ၌ ဝိညာဉ် တစ်ရာထက် မပိုသော်လည်း တစ်ချက်ကြည့်ရုံဖြင့် အားလုံးသည် မထင်ရှားသော အမှိုက်ဝိညာဉ်များသာ ဖြစ်ပြီး လျှို့ဝှက်ဝိညာဉ်၏ အရိပ်အယောင်ကို မတွေ့ရသေးချေ။
စုန့်မိသားစု၏ ဖုံးကွယ်ခြင်း အတတ်ပညာသည် အလွန် ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ ဆယ်မီတာ ပတ်ပတ်လည် ကျယ်ဝန်းသော ဤရေကန်ထဲမှ ဝိညာဉ်အားလုံးကို စုစည်းရန် လက်အောက် ငယ်သားများကို အမိန့်ပေးခဲ့သေးသည်။ သို့သော် တစ်ရာခန့်ရှိသော အမှိုက်ဝိညာဉ်များထဲ၌ သူလိုချင်သော စုန့်မိသားစု၏ လျှို့ဝှက်ဝိညာဉ်ကို မတွေ့ရပေ။
“ငါ့မှာ စေ့စပ်ထားတဲ့သူ ရှိတယ်၊ နင်ငါ့ကို ထိရဲရင် ထိကြည့်လေ။ ငါ့ ချစ်သူနဲ့ သူ့မိသားစုက ငြိမ်ခံနေမှာ မဟုတ်ဘူး”
စုန့်ရန်သည် သိုက်ဟွမ်ကို အနိုင်မယူနိုင်ကြောင်း သိသော်လည်း အလျှော့မပေးလိုပေ။
“ငါက စုန့်မိသားစုကို ဒီတိုင်း လွှတ်ထားတယ်များ ထင်နေတာလား၊ ပြီးတော့ အပြင်လူတွေ မသိတဲ့ မင်းတို့ မိသားစုရဲ့ တားမြစ်နယ်မြေကို ငါက ကံကောင်းပြီး သိသွားတယ်များ ထင်နေတာလား။ စုန့်မိသားစုမှာ အကြီးအကဲ ၇ ယောက်ရှိရင် ၂ ယောက်က ငါနဲ့ လက်ဝါးချင်း ရိုက်ထားတဲ့ သူတွေပဲဆိုတာ သိထား။ အချစ်ကလေး စုန့်ရန် မင်းက ငယ်ပါသေးတယ်ကွာ”
ဒေါသထွက်နေပြီ ဖြစ်သော သိုက်ဟွမ်သည် လျှို့ဝှက်ချက်များကို ပေါ်ပေါ်တင်တင်ပင် ထုတ်ပြော လာတော့သည်။
“မင်းမှာ စေ့စပ်ထားသူ ရှိတယ်ဆိုရင် ငါ့ကို လာတွေ့ခိုင်းလိုက်လေ၊ ဟမ့် မင်းရဲ့ စေ့စပ်ထားသူက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာမှာတော့ မဟုတ်ဘူးမလား”
သိုက်ဟွမ်၏ စကားဆုံးသည်နှင့် လေထုထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“သတိထားကြ”
ထို့နောက် လူတစ်ယောက်သည် ကောင်းကင်ထက်မှ အမှန်တကယ် ဆင်းသက်လာပြီး ဝိညာဉ်များ အားလုံး စုစည်းထားသော ရေကန်ငယ်ထဲသို့ ပြုတ်ကျ သွားလေသည်။
လူတိုင်း ကြက်သေ သေနေကြသည်။
စုန့်ရန်သည် ပထမဆုံး သတိဝင်လာပြီး လှပစွာ ပြုံးလိုက်ကာ –
“ကြည့်လိုက်၊ ငါ့ချစ်သူက ကောင်းကင်ပေါ်က ဆင်းလာပြီ”
ဝမ်ရှန်းမှာမူ အောက်တွင် ဖြစ်ပျက်နေသော ကိစ္စ အခြင်းအရာများကို မသိပါချေ။ သူသည် ရေရှိမည့် နေရာကို ရွေးချယ် ဆင်းသက်လာခြင်းသာ ဖြစ်သည်။ သို့သော် ကံမကောင်းစွာပင် ရေထဲသို့ ပြုတ်ကျ သွားသည်နှင့် ပြင်းထန်သော ရိုက်ခတ်မှုကြောင့် တစ်ကိုယ်လုံး တုန်ခါသွားပြီး သွေးများ ပွက်ပွက်ဆူ လာသည့်နှယ် ခံစားလိုက်ရသည်။
မီတာ ၁၆၀ ခန့်မှ ပြုတ်ကျလာသော အရှိန်ကြောင့် ဝမ်ရှန်း၏ ခန္ဓာကိုယ်သည် ရေကန်ထဲမှ ငါးကြင်းနီလေး တစ်ကောင်ကို ထိမှန်သွားသည်။ ထိုအခိုက်အတန့်မှာပင် ၎င်းငါးကြင်းနီလေးသည် မီးခိုးရောင် တိမ်တိုက်များအဖြစ် ပြောင်းလဲသွားပြီး ဝမ်ရှန်း၏ ခန္ဓာကိုယ်ထဲ တိုးဝင် သွားလေသည်။
ကံကောင်းသည်မှာ သူ၏ ခန္ဓာကိုယ်သည် ကြံ့ခိုင် သန်မာသဖြင့် သတိလစ် မသွားဘဲ ပတ်ဝန်းကျင် အခြေအနေကို ရေထဲမှ ကောင်းစွာ မြင်တွေ့နေရသည်။ ဤ ရေဧရိယာထဲတွင် အရောင်စုံ ငါးများ မြောက်မြားစွာ ကူးခတ်နေကြပြီး အားလုံးသည် ဝမ်ရှန်း ထိမှန်သွားသော ငါးကြင်းနီထက် ပို၍ ကြီးမားကြသည်။ တစ်နည်းတစ်ဖုံ ဆိုရလျှင် သူ့ခန္ဓာကိုယ်ထဲ ဝင်သွားသည့် အကောင်မှာ အသေးဆုံးပင်။
ရေကန်ထဲသို့ ကျသွားချိန်တွင် နှုတ်ခမ်းနှင့် နှာခေါင်းသည် ရေမျက်နှာပြင်နှင့် ပြင်းစွာ ရိုက်မိသွားသဖြင့် နှာခေါင်းမှ သွေးများ ဒလဟာ စီးကျလာပြီး ရေမျက်နှာပြင်အား ရဲရဲနီသွားစေသည်။
သွေးစိမ်းများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဖြည်းညင်းစွာ ကူးခတ်နေသော ငါးကြင်း အုပ်စုသည် အရသာရှိသော အစားအစာကို တွေ့သွားသည့်အလား သွေးစများ ရှိရာသို့ အရူးအမူး ကူးခတ်လာကြသည်။
ဝမ်ရှန်းသည် ရုတ်တရက် ထိတ်လန့်သွားပြီး ကမ်းခြေဘက်သို့ လျင်မြန်စွာ ကူးခတ် သွားလိုက်သည်။ ကမ်းပေါ်သို့ ရောက်သွားချိန်တွင် လူတစ်စုသည် ရေမျက်နှာပြင်ကို စိုက်ကြည့် နေကြသည်ကိုသာ တွေ့လိုက်ရပြီး သူ့ကို ကယ်ဆယ်ရန် မည်သူမှ စိတ်ကူးရှိပုံ မရချေ။
ကံကောင်းစွာပင် လူတိုင်းအတွက် အကောင်းဆုံး မိန်းကလေးဟု ထင်ရသော အမျိုးသမီး တစ်ယောက်သည် ဝမ်ရှန်းထံ အလျင်စလို လျှောက်လှမ်းလာပြီး သွယ်လျသော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လက်ကမ်း ပေးလာသည်။ ဝမ်ရှန်းသည် ရှက်ရွံ့မနေတော့ဘဲ အနှီအမျိုးသမီး၏ လက်ကို ဆွဲကာ ကမ်းခြေပေါ်သို့ ခန္ဓာကိုယ်ကို မနည်းဆွဲတင် လိုက်ရသည်။ ထို့နောက် ခြောက်သွေ့သော တစ်နေရာသို့ ရွှေ့ကာ ထိုင်ချလိုက်သည်။
သူ ပထမဆုံး ပြုလုပ်ရမည့် အရာမှာ ပတ်ဝန်းကျင် ကို အလေးအနက် လေ့လာရန် ဖြစ်သည်။
စနိုက်ပါသမား တစ်ယောက် အနေဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းခြင်းသည် ပထမ ဉီးစားပေးပင်။ မျက်စိရှေ့မှ လူများသည် အလွန် ထူးဆန်းနေသည်။ သူတို့သည် ရှေးဟောင်း အဝတ်အစားများကို ဝတ်ဆင်ထားရုံ သာမက ဆံပင်ရှည်များလည်း ရှိကြသည်။ လက်နက်များကိုလည်း ကိုယ်စီကိုယ်ငှ ကိုင်ဆောင် ထားကြကာ တစ်ချက်ကြည့်ရုံဖြင့် လူသတ်သမားနှင့် တူနေလေသည်။
အခြေအနေမှာမူ တစ်ဖက်မှ အားကောင်းပြီး တစ်ဖက်မှ ထိန်းချုပ် ခံနေရသည်။ ရုတ်တရက် ဝမ်ရှန်း၏ မျက်လုံးများသည် ရေကန်ဆီ အကြည့်ရောက်သွားပြီး အံ့အားသင့် သွားမိတော့သည်။ သူ၏ နှာခေါင်းမှ လျှံထွက်လာသော သွေးများကို ဝါးမျိုထားသည့် ငါးကြင်းအုပ်စုသည် ယခုအခါ တစ်ကောင်နှင့် တစ်ကောင် အငမ်းမရ ဝါးမျိုနေကြသည်။
ဝမ်ရှန်းသည် ဉီးနှောက်တစ်ခုလုံး အလုပ်မလုပ်တော့သလို ခံစားလိုက်ရသည်။
“ဒါက ငါးကြင်းတွေ မဟုတ်ဘူးလား။ ဘာလို့ ဒီလို ဖြစ်နေတာလဲ။ ဘာလို့ ဇာတ်တူသားချင်း ပြန်စားနေတာလဲ”
သိုက်ဟွမ်နှင့် နောက်လိုက်များသည် ဤမြင်ကွင်းကို ပါးစပ် အဟောင်းသားဖြင့် ကြည့်နေကြသည်။ ၎င်း ဝိညာဉ်များ တစ်ခုနှင့် တစ်ခု ဝါးမျိုနေသည်ကို ကြည့်ကာ အရာအားလုံးကို နားလည် သွားလေပြီ။ စုန့်မိသားစု၏ ဘိုးဘေးများသည် ရည်ရွယ်ချက် ကောင်းများ ရှိခဲ့ပေသည်။ ရေကန်ထဲမှ အမှိုက်ဝိညာဉ်တိုင်းသည် စစ်မှန်သော လျှို့ဝှက်ဝိညာဉ်၏ အစိတ်အပိုင်း များဖြစ်ကြကာ တစ်ကောင်နှင့် တစ်ကောင် ဝါးမျိုရန် သွေးဖြင့် လှုံ့ဆော်ပေးရန် လိုအပ်သည်။ ထိုအခါ အဆုံးတွင် ခွန်အား အကြီးဆုံးသော ဝိညာဉ်သာ ကျန်ရှိပေလိမ့်မည်။
“ဟားဟား ဝိညာဉ်က တခြားဝိညာဉ်ကို ဝါးမျိုတယ် ဘယ်လောက်တောင် ကောင်းတဲ့ အကြံဉာဏ်လဲ”
သိုက်ဟွမ်သည် ထခုန်မတတ် ဝမ်းသာနေကာ သူ့မျက်လုံးထဲတွင် တစ်ကောင်နှင့် တစ်ကောင် ကြမ်းကြုတ်စွာ ဝါးမျိုနေသော ဝိညာဉ်များသာ ရှိသည်။ ကောင်းကင်ထက်မှ ပြုတ်ကျလာသူ စုန့်ရန်၏ စေ့စပ်ထားသူကို ဂရုမစိုက် အားသေးချေ။
စုန့်ရန်သည်လည်း အံ့အားသင့် နေလေသည်။ ဤ တားမြစ်နယ်မြေနှင့် အထဲမှ ယွမ်ဝိညာဉ်များသည် ထောင်ချောက် တစ်ခုသာ ဖြစ်ကြောင်း စုန့်မိသားစု၏ သခင်မလေး တစ်ယောက် အနေဖြင့် ကောင်းစွာ သိထားသည်။ သို့သော် မျက်စိရှေ့တွင် ဘာတွေများ ဖြစ်ပျက် နေပါသနည်း။ ယွမ်ဝိညာဉ်များ တစ်ခုနှင့် တစ်ခု အငမ်းမရ ဝါးမျိုနေသည်မှာ အဘယ်ကြောင့်နည်း။
သို့သော် စုန့်ရန်သည် ဝိညာဉ်များ၏ ထူးဆန်းသော အပြုအမူထက် ကောင်းကင်ထက်မှ ပြုတ်ကျလာသော ချစ်သူကို ပို၍ စိတ်ဝင်စားနေသည်။ ဤရေကန် ပတ်ဝန်းကျင်သည် အနည်းဆုံး အချင်း ဆယ်မီတာခန့် ကျယ်ဝန်းကာ အနီးအနားတွင် သစ်ပင်တစ်ပင်သော်မျှ မရှိပေ။
ဤလူသည် မည်သည့် နေရာမှာ မည်သို့ ရောက်ရှိ လာပါသနည်း။
ဝမ်ရှန်သည် မလှုပ်ရှားဘဲ ထုံကျင်နေသော ခြေထောက်များကို ဖြေလျှော့နေသည်။ သူသည် ပတ်ဝန်းကျင်နှင့် ပတ်ပတ်လည်မှ လူများကို လေ့လာလိုက်ပြီး ငါးကြင်းနီများထံ အကြည့် ရောက်သွားပြန်သည်။
အချင်းချင်း ကိုက်စား ဝါးမျိုနေကြစဉ်တွင် ငါးကြင်းများသည် ငါးကြင်းနှင့် မတူဘဲ ငါးခန္ဓာနှင့် ရက်စက် ကြမ်းကြုတ်တတ်သော မကောင်းဆိုးဝါး များ အသွင် ပြောင်းလဲသွားသည်။ မကောင်းဆိုးဝါး အားလုံးသည် ရူးသွပ်နေကြပြီး တစ်ကောင်နှင့် တစ်ကောင် စားသောက်ပြီးနောက် မရပ်မနား တိုက်ခိုက် နေကြဆဲပင်။ တစ်ခဏမျှ ကြာသော် ရေနက်ငါး တစ်ကောင်နှင့် အသွင်တူသော ခန္ဓာကိုယ် တစ်ခုလုံး ဆူးတောင်ပံများ ဖုံးအုပ်နေသည့် အကြီးမားဆုံး မကောင်းဆိုးဝါး တစ်ကောင်သာ ကျန်ရှိခဲ့သည်။
အပေါင်းအဖော်များ အားလုံးကို စားသောက်ပြီးနောက် ထိုမကောင်းဆိုးဝါး၏ အော်ရာများမှာ ထူးကဲလာသည်။ ဤသည်မှာ သိုက်ဟွမ်အား ပို၍ ပျော်ရွှင်လာစေသည်။ ရေစက်ဝိုင်းထဲတွင် ပျော်ရွှင်စွာ ကူးခတ်နေသော အနှီ မကောင်းဆိုးဝါးသည် သူလိုချင်နေသော လျှို့ဝှက် ဝိညာဉ်ပင် ဖြစ်လေသည်။
ဝမ်ရှန်းသည် ပတ်ဝန်းကျင် အခြေအနေနှင့် ပြောနေကြသော စကားများကို နားထောင်ကာ ဤနေရာသည် မိမိ၏ ကမ္ဘာမြေနှင့် မတူကြောင်း ရိပ်စားမိ လိုက်သည်။ သို့သော် စကားတစ်ခွန်းပင် မဆိုဘဲ တိတ်တဆိတ် ထိုင်ကာ စောင့်ကြည့် နေလိုက်သည်။
သိုက်ဟွမ်၏ ဘေးမှ လူတစ်ယောက်သည် ထူးဆန်းသော သစ်သား သေတ္တာတစ်လုံးကို အသုံးပြုကာ ရေကန်ထဲရှိ မကောင်းဆိုးဝါးအား ဖမ်းဆီးရန် အစီအရင်ဖြင့် ထိန်းချုပ် လိုက်လေသည်။ ဤဖြစ်စဉ်မှာ အလွန် လျင်မြန်လှပြီး မကောင်းဆိုးဝါးသည် အနီရောင် မီးခိုးများအသွင် ပြောင်းကာ သစ်သား သေတ္တာထဲသို့ ရောက်ရှိသွား၏။ ထို့နောက် သစ်သား သေတ္တာ၏ မျက်နှာပြင်တွင် မကောင်းဆိုးဝါး သဏ္ဌာန် အမှတ်အသားတစ်ခု ပေါ်ထွက်လာပြီး ပတ်ပတ်လည်၌လည်း အနက်ရောင် ဘောင်များ ထွက်ပေါ်လာသည်။
“အနက်ရောင်လား၊ ဒါက ကြယ်ကိုးပွင့်ယွမ် ဝိညာဉ်ပဲ”
သိုက်ဟွမ်သည် သစ်သား သေတ္တာကို အကြာကြီး ပွတ်သပ်နေပြီးနောက် ၎င်းကို အထူးသေတ္တာ တစ်လုံးထဲသို့ ပြောင်းထည့်လိုက်သည်။
“သံအစောင့် ၇ ယောက်၊ ဒါကို သိုက်အိမ်ကို ချက်ချင်း သွားပို့”
သေတ္တာ ကိုင်ထားသော လူသည် အစောင့် ၇ ယောက်နှင့်အတူ ရုတ်ခြည်း ထွက်ခွာ သွားလေသည်။ ဝမ်ရှန်းသည် လူများ လျှပ်တစ်ပြက် ပျောက်ကွယ်သွားသော မြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့် သွားမိသည်။
“သူတို့က ဘာလို့ ဒီလောက် မြန်နေရတာလဲ”
လျှို့ဝှက် ဝိညာဉ်ကို ပိုင်ဆိုင် လိုက်ပြီးနောက် သိုက်ဟွမ်၏ စိတ်အခြေအနေမှာ ပြန်လည် ကောင်းမွန်လာသည်။ စုန့်ရန်အား ပြုံး၍ ကြည့်လိုက်ကာ –
“စုန့်ရန်က လွဲပြီး ကျန်တဲ့လူတွေ အကုန်သတ်ပစ်လိုက်”
အမိန့်သံ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ရှန်း၏ လက်သည် ပေါင်ပေါ်မှ သေနတ်ကို ချက်ချင်း လှမ်းဆွဲလိုက်ပြီး အမိန့်ပေးနေသော သိုက်ဟွမ်ကို ပစ်ချလိုက်လေသည်။
“ဒိုင်း”
အသံနှင့်အတူ သိုက်ဟွမ်၏ မျက်ခုံးနှစ်ခုကြားတွင် သွေးပေါက်ကြီးတစ်ခု ချက်ချင်း ထွက်ပေါ်လာကာ လဲကျသေဆုံး သွားတော့သည်။
“မင်းကိုယ်မင်း ဘာထင်နေလဲ”
ဝမ်ရှန်းသည် လဲကျသွားသော သိုက်ဟွမ်ကို ကြည့်ကာ ခေါင်းခါလိုက်မိသည်။
“ဟူး ဘယ်လိုကောင်နဲ့ လာတွေ့နေလဲမသိဘူး”
***