Switch Mode

Chapter – 258

တော်ဝင်ကျင့်စဥ် ပေါင်းစည်းခြင်း။ နတ်ဘုရားသတ် ကျင့်စဥ်။ ကောင်းကင်ကို ဖွင့်လှစ်ခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၅၈ တော်ဝင်ကျင့်စဥ် ပေါင်းစည်းခြင်း။ နတ်ဘုရားသတ် ကျင့်စဥ်။ ကောင်းကင်ကို ဖွင့်လှစ်ခြင်း။

အိမ်တွင် ထိုင်နေပြီး အံ့ဖွယ်အဆင့်အောက် သားရဲနှစ်ကောင်ကို ရလိုက်လေရာ ယဲ့ရှောင်အတွက် အင်မတန် အမြတ်ထွက်သွားတာပဲ ဖြစ်သည်။ နောင်ကြ သူ နေ့စဥ်နေ့တိုင်း ရရှိသော သွေးအဆီအနစ်နှင့် ဝိညာဥ်စွမ်းအင်သည် အတော်တိုးလိမ့်မည်။ နောက်တစ်လှမ်းက ကျန်သည့် ကြယ်တာရာသားရဲများကို သူတို့၏ ကျင့်ကြံဆင့် မြင့်တက်လာအောင် ကူညီပေးရန် မိုးနှင့်မြေရတနာများကို ရရန် နည်းလမ်းများ တွေးရန် ဖြစ်သည်။ ယင်းက သူ လိုအပ်သည့် သွေးအဆီအနစ်များကို ရနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
ယဲ့ရှောင်၏ စိတ်က တွေးနေလေ၏။ ပြီးနောက် သူက ချက်ချင်းပင် ကောင်းကင်အာရုံ စူးစိုက်ခြင်းကျင့်စဥ်ကို အသုံးပြုလိုက်သည်။ သူ၏ ပုံရိပ်က ရှိနေသည့်နေရာကနေ ချက်ချင်း ပျောက်ကွယ်သွားပြီးနောက် တစ်ဖန် ပေါ်လာ၏။ သူက အနောက်တောင်ပင်လယ်ကမ်းခြေ တောအုပ်ထဲ ရောက်နေပြီ ဖြစ်သည်။
ယခု သူ၏ ကျင့်ကြံဆင့်က ဘုရင်နယ်ပယ်သို့ မြင့်တက်သွားပြီဖြစ်ကာ သူ၏ အရှိန်ကလည်း အင်မတန် မြန်ဆန်နေပြီး ဖြစ်၏။
ကျန်းဟိုင်မြို့မှ အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ်သို့ သွားရန် အသက်ရှူစာ အနည်းငယ်မျှသာ ကြာသည်။ ထို့ကြောင့် သူသည် ခဏအတွင်း၌ တောအုပ်ကို ရောက်လာပြီး ညတွင်းချင်း ပြန်နိုင်၏။
အနောက်တောင် ပယ်လင်ကမ်းခြေ တောအုပ်ထဲ ရောက်လာပြီးနောက် ယဲ့ရှောင်သည် ပင်လယ်ကမ်းခြေတောအုပ် အတွင်းသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်၏။
ယခင်က ယဲ့ရှောင်သည် အတွင်းသို့ မသွားခဲ့ပေ။ သူက ထိုဧရိယာနားတစ်ဝိုက်သာ သွားခဲ့ပြီး အသင်္ချေခရမ်းနှင့် သစ်ရွက်နီများကို ရှာခဲ့၏။
ထိုစဥ်က အတွင်းသို့ ဝင်လာပြီးနောက် ယဲ့ရှောင်၏ သိမြင်နားလည်မှုသည် တစ်စုံတစ်ခု မူမမှန်တာကို ရုတ်တရက် ရှာတွေ့ခဲ့၏။
ဒါက။
သူသည် တောအုပ်ထဲ၌ အာရုံခံမိလိုက်ရာ အင်မတန် ထူးခြားသည့် တည်ရှိမှုတစ်ခု ရှိနေတာကို သတိပြုမိလိုက်သည်။ ယင်းက အသက်ရှူနေသည့်ပမာ မြေကြီးအောက်၌ ခပ်ဖျော့ဖျော့ မသေချာ မရေရာ ပေါ်ထွက်နေလေ၏။
သံသယအရိပ်အယောင်ဖြင့် ယဲ့ရှောင်က မြေပြင်ပေါ် ဆင်းသက်ကာ မြေဝပ်ခြင်းကျင့်စဥ်ကို အသုံးပြုလိုက်၏။ ခဏအတွင်း သူက မြေအောက် ၁၀မိုင်အနက်သို့ ရောက်သွားသည်။
ဝေါင်း။
ရှေးယခင်ကာလက နဂါးဟိန်းသံသည် သူ၏ စိတ်ထဲ ဖြည်းဖြည်းချင်း ဝင်ရောက်လာလေ၏။
ကြီးမားသည့် တောအုပ်အောက်၌ နဂါးကြီးတစ်ကောင် ပုန်းနေလိမ့်မည်ဟု မည်သူမှ တွေးမိမှာ မဟုတ်ပေ။ မဟုတ်ပေ။ ယင်းက နဂါးတစ်ကောင်မဟုတ်။
၄င်းတွင် ကိုယ်ထည်ရှိပြီး အသက်ဓာတ်နှင့် ဝိညာဥ်စွမ်းအင်များ ပြည့်နေသော်ငြား ၄င်း၏ ခန္ဓာကိုယ်ပေါ်၌ သွေးနံ့ မရှိပေ။ တစ်နည်းအားဖြင့် သန့်စင်သော စွမ်းအင်ခန္ဓာသာ ဖြစ်သည်။
ဒါက နဂါးသွေးကြောပဲ။
ယဲ့ရှောင်သည် ချက်ချင်းဆိုသလိုပင် ထိုသူ၏ ဇစ်မြစ်ကို နားလည်သွား၏။
စီရင်စု၉ခု၏ မြေ၌ တောင်တန်းများနှင့် မြစ်များအတွင်းရှိ ဝိညာဥ်စွမ်းအင်ကြောင့် အချို့သော တည်ရှိမှုများ မွေးဖွားလာကြောင်း ကောလဟာလ ရှိပြီးသား ဖြစ်သည်။
သူတို့သည် ပတ်ဝန်းကျင် ဝိညာဥ်စွမ်းအားများကို ဖိနှိပ့်နိုင်ကာ တစ်ချိန်တည်းတွင် သူတို့သည် မြေကို အားဖြည့်ပေးရန်အတွက် ဝိညာဥ်စွမ်းအင်ကို ဆက်တိုက် စုပ်ယူပြီး ထိုမြေကို ဝိညာဥ်စွမ်းအား ပေါကြွယ်ဝအောင် ကူညီပေး၏။ ဆိုရိုးစကားရှိသည့်အတိုင်း ထူးချွန်ထက်မြတ်သူများ၏ မြေသည် နဂါးသွေးကြောက ကောင်းချီးပေး ခံရထားသောကြောင့် ဖြစ်သည်။
သူ့ရှေ့ရှိ ကြီးမားသော နဂါးသွေးကြောသည် တောင်တန်းများနှင့် မြစ်တွင်းရှိ မိုးနှင့်မြေ၏ အဆီအနစ်ကနေ သွန်းလုပ်ထားသော ဒဏ္ဍာရီလာ နဂါးသွေးကြောပဲ ဖြစ်သည်။ ယင်းက သဘာဝ၏ ပဥ္စလက်အဆန်ဆုံး အရာပဲ ဖြစ်သည်။
ယဲ့ရှောင်သည် ယခင်က မေးခွန်းတစ်ခုအကြောင်း သိချင်နေတာ အံ့သြစရာ မရှိပေ။ အနောက်တောင် ပင်လယ်ကမ်းခြေတောအုပ်၌ သဘာဝရတနာများ အဘယ်ကြောင့် ပေါကြွယ်ဝရသနည်း။ ၄င်းအောက်၌ ကြီးမားသည့် နဂါးသွေးကြော ရှိနေသောကြောင့် ဖြစ်သည်။ နဂါးသွေးကြောသာလျှင် ဤအဆင့်သို့ ရောက်နိုင်ပုံ ပေါ်၏။ ၄င်းသည် ဧရိယာတစ်ခုကို အားဖြည့်ပေးရန် ဝိညာဥ်စွမ်းအင်ပမာဏများစွာ စုပ်ယူနိုင်၏။
ပိုတောင် ချဲ့ကားသည့် နည်းတစ်နည်းအားဖြင့် အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ်ထဲရှိ မြေဆီလွှာထဲတွင် ပါဝင်သော အဟာရသည် ကျန်သည့်နေရာများထက် အဆပေါင်းများစွာ ပိုများသည်။
အချိန်ကာလကြာမြင့်စွာ အန္တရာယ်များသော စွမ်းအင်များဖြင့် တိုက်စားခံထားရသော ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးကဲ့သို့ပင်။ မြေဆီလွှာက သိပ်သည်းသော အန္တရာယ်များသည့်စွမ်းအားများဖြင့် ပြည့်နေသည်။
၄င်းသည် ဝိညာဥ်စွမ်းအင်ဖြင့် အချိန်အတော်ကြာ အားဖြည့်ပေးခြင်း ခံထားရပြီး ပြုန်းတီးမြေဟု ဖော်ပြ၍ မရတော့ပေ။ ယခုအချိန်၌ နဂါးသွေးကြောအပြင် ယဲ့ရှောင်သည် သူ၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံဆင့်က ဖြည်းဖြည်းချင်း မြင့်တက်နေတာကို ခံစားမိ၏။ သို့သော် သူသည် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်​ပြီးသောကြောင့် သူ၏ ကျင့်ကြံမှုများကို များစွာ မြှင့်တင်ရန် လိုအပ်သည်။ ထို့ကြောင့် အရှိန်က အလွန်မသိသာပဲ လိပ်ကလေးတစ်ကောင် တွားသွားသွားနေသည်နှင့် တူ၏။ သို့သော် လက်တွေ့တွင်မူ ယင်းက မြန်ဆန်နေပြီးသား ဖြစ်သည်။
ကျန်းဟိုင်မြို့တွင် သူ၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံမှုက လိပ်တစ်ကောင်တွားသွားသည်ဟူ၍တောင် သတ်မှတ်၍ မရကြောင်း သိထားရပေမည်။ ဤနေရာရှိ ဝိညာဥ်စွမ်းအင်က ကြွယ်ဝလွန်းသည်။
ဝေါင်း။
နဂါးသွေးကြောက နောက်ထပ် ဟိန်းဟောက်လိုက်၏။ သို့သော် ယခုအခေါက်တွင်မူ နာကျင်မှုများ၊ ကူကယ်ရာမဲ့မှုများ ပြည့်နေသည်။
ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်လိုက်ပြီး ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးလျက် နဂါးသွေးကြောကို ပြီးပြည့်စုံစွာ ဆန်းစစ်လိုက်၏။ နောက်တစ်စက္ကန့်၌ ဘာတွေဖြစ်နေမှန်း သဘောပေါက်သွားသည်။ တစ်ချိန်တည်းတွင် သူ ထိတ်လန့်သွား၏။
ထိုနဂါးသွေးကြောသည် သဘာဝအတိုင်း ဖွဲ့တည်ထားတာ မဟုတ်ပေ။ ၄င်း၏ ခန္ဓာက ဝိညာဥ်တစ်ခု ဖြစ်သည်။ ဤနေရာ၌ တစ်စုံတစ်ယောက်က သူ့ကို အစွမ်းထက်သည့် ကျင့်စဥ်ဖြင့် အဓမ္မ ဖိနှိပ့်ထားတာပဲ ဖြစ်သည်။
ထို့အပြင် လျှို့ဝှက်သိုင်းတချို့၏ အကူအညီဖြင့် ၄င်းကို ဝိညာဥ်စွမ်းအင်များ ဆက်တိုက် စုပ်ယူခိုင်း၏ အချိန်ကြာလာသည်နှင့်အမျှ နဂါးသွေးကြော ဖြစ်လာတော့သည်။
ယဲ့ရှောင်က လေးစားမိသွား၏။
ယင်းကို မည်သည့် မယုံနိုင်စရာကောင်းသော သိုင်းပညာရှင် ပြုလုပ်ခဲ့မှန်း မသိသော်ငြား အနည်းငယ် များလွန်းပေ၏။
နဂါးတစ်ကောင်၏ ဝိညာဥ်ကို အတင်းအဓမ္မ အကျဥ်းချပြီးနောက် ၄င်းကို နဂါးသွေးကြောအဖြစ် သန့်စင်ခဲ့၏။ တစ်ဖက်သူ၏ နည်းစနစ်သည် တော်ဝင်နည်းစနစ်ထက် သာလွန်နေတာ ဖြစ်နိုင်ပြီး မဟာစွမ်းအင်အဆင့် ရောက်နေပြီ ဖြစ်လောက်သည်။
အနည်းဆုံးတော့ ယခုအချိန်တွင် ယဲ့ရှောင်က သူသည် ထိုအဆင့်သို့ ရောက်ရန် ဝေးကွာလွန်းနေသည်ဟု ယုံကြည်သည်။ ထိုအကြောင်းကို တွေးမိပြီးနောက် ထိုလူသည် စီရင်စု၉ခု၏ သမိုင်းကြောင်းထဲရှိ ပါရမီရှင်တစ်ဦး ဖြစ်လောက်ပေ၏။ ထို့အပြင် သူ၏ ကျင့်ကြံဆင့်သည် ဒဏ္ဍာရီလာ ဧကရာဇ်နယ်ပယ် သို့မဟုတ် ထိုထက် ပိုမြင့်သည့် နေရာသို့ ရောက်ပြီ ဖြစ်ရမည်။
ထင်သည့်အတိုင်းပင် သူ့ထက် ပိုတော်သည့်တစ်စုံတစ်ယောက်က အမြဲတမ်း ရှိနေ၏။ ပိုဘေးကင်းစေရန်အတွက် အနည်းငယ် နှိမ့်နှိမ့်ချချ နေရမည်။ ထိုစဥ် နဂါးဝိညာဥ်က နောက်ထပ် အော်မြည်ပြန်၏။ မကျေမချမ်းဖြစ်မှု၊ ကူကယ်ရာမဲ့မှုများပြည့်နေပြီး အထီးကျန်မှု တစ်စွန်းတစ်စလည်း ပါနေလေ၏။ နားလည်နိုင်ပေသည်။
ဤနေရာ၌ အကျဥ်းချခံထားရတာ နှစ်ပေါင်းမည်မျှ ကြာပြီမှန်း ဘုရားသခင်သာ သိပေလိမ့်မည်။ ယခု နဂါးသွေးကြော ဖွဲ့တည်ပြီး ဖြစ်၏။ ၄င်း၏ ဝိညာဥ်ကို အသုံးပြုရန် မလိုတော့ချေ။ သို့သော် ထိုပါရမီရှင်က ၄င်းကို လွှတ်ပေးရန် ပြန်မလာခဲ့ပေ။
၄င်း၏ ဝိညာဥ်သာ ချန်ခဲ့သော်ငြား နဂါးသွေးကြောက ကောင်းကင်၊ မြေကြီး၊ နေနှင့် လ၏ အဆီအနစ်တို့ စုဝေးရာနေရာ ဖြစ်သောကြောင့် ရှေ့ဆက်သွားလျှင် သေတော့မှာ မဟုတ်ပေ။ မည်သည့် မထင်မှတ်ထားသည့် အရာများ ဖြစ်မလာခဲ့လျှင် ၄င်းက ဤနေရာ၌ ထာဝရဆက်ပြီး နေထိုင်ရလောက်သည်။ မည်မျှ ကြာမည်မှန်း မည်သူမှ သိတော့မှာ မဟုတ်။
ယင်းက သေခြင်းထက် အဆတစ်သောင်း ပိုနာကျင်ရသည်။ တစ်သက်လုံး ထာဝရ အကျဥ်းချခံထားရမည်။ ထိုကဲ့သို့ အထီးကျန်သည့် အသံထွက်​ပေါ်နေတာ အံ့သြစရာ မရှိပေ။ သူက ယဲ့ရှောင်ထံမှ အကူအညီ တောင်းနေပုံ ပေါ်၏။ သို့သော်ငြား ယဲ့ရှောင်ထံမှ လွတ်မြောက်ခွင့်ကိုလည်း တောင်းဆိုနေပုံ ပေါ်သည်။
ယဲ့ရှောင်က အသက်ရှူထုတ်လိုက်ပြီး ထူးမခြားနား ပြောလိုက်၏။
” မင်းက လွတ်မြောက်ချင်တယ်။ ဒါပေမဲ့ မင်းကို ကူညီစရာအကြောင်း မရှိဘူး။ မင်းနဲ့ နဂါးသွေးကြောက တစ်သားတည်း ဖြစ်နေပြီးပြီ။ ဒါကြောင့် မင်းတို့နှစ်ယောက်ကို ခွဲထုတ်ဖို့ မင်းမှာ မဟာအံ့ဖွယ်စွမ်းရည်တစ်ခု ရှိမှရမယ်။ ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆို ငါ အဲ့ဒီအဆင့်ကို မရောက်သေးဘူး။ မင်းတို့နှစ်ယောက်ကို အတင်းအဓမ္မ ခွဲထုတ်မယ်ဆိုရင် မင်းရဲ့ ဝိညာဥ်က ချက်ချင်း ပျောက်ကွယ်သွားနိုင်တယ် ”
နဂါးဝိညာဥ်က ယဲ့ရှောင်၏ စကားများကို နားလည်ပုံပေါ်ပြီး တောင်းဆိုသံသဲ့သဲ့ ပေါ်ထွက်လာ၏။ ယခုအချိန်တွင် ယဲ့ရှောင်က ၄င်း ဆိုလိုတာကို နောက်ဆုံးတွင် နားလည်သွား၏။
သေမည်ဆိုလျှင်ပင် ဤနေရာ၌ ဆက်မနေချင်ပေ။ အကျဥ်းချခံထားရတာ အတော်ကြာနေပြီ ဖြစ်၏။
မရေမတွက်နိုင်သည့် ညပေါင်းများစွာက ၄င်း၏ ဝိညာဥ် ပြိုလဲသည်အထိ ညှင်းပမ်းနေခဲ့သည်။ ပြီးနောက် အချိန်ကြာသည်နှင့်အမျှ ပြန်ကောင်းလာကာ ထပ်မံ ပြိုကွဲသည်အထိ ညှင်းပမ်းခံရပြန်၏။ အထီးကျန်မှုက သူ၏ ဝိညာဥ်ကို နာကျင်စေ၏။
သို့သော် နဂါးသွေးကြောကြောင့် ၄င်းသည် မသေနိုင်ပေ။ နဂါးများသည် ဘုံ၉ခုကို ပျံသန်းသွားချင်သည့် တည်ရှိမှုများဖြစ်ပြီး တောင်တန်းများ၊ မြစ်များ၌ ကူးခတ်ချင်သူ ဖြစ်သည်။ ဤကမ္ဘာကျဥ်းလေးထဲ၌ မည်ကဲ့သို့ အကျဥ်းချခံလိုမည်နည်း။ ထို့အပြင် ယဲ့ရှောင်သည် ထိုမျှ အချိန်ကာလ ကြာညောင်းပြီးမှ ပထမဆုံး တွေ့သည့်သူသာ ဖြစ်၏။ နောက်ဆုံး မျှော်လင့်ချက်လည်း ဖြစ်သည်။ ယဲ့ရှောင် ထွက်သွားလျှင် မည်သူ့ကို အကူအညီ တောင်းရမည်မှန်း မသိတော့ပေ။
ထို့ကြောင့် သူက ကြာကြာ ဆက်မစောင့်ချင်တော့ပေ။ ယခုအချိန်တွင် သူ သေမည်ဆိုလျှင် နဂါးဝိညာဥ်က တစ်စစီ ပြိုကွဲပြီး ဘယ်တော့မှ ပြန်မမွေးဖွားတော့ဟု ဆိုပေလျှင် ဤနေရာ၌ သေချာပေါက် မနေလိုပေ။
ယဲ့ရှောင်က သက်ပြင်း အနည်းငယ် ချလိုက်၏။ သူသည် နောင်တ အနည်းငယ် သွားသလို ခံစားရသော်ငြား သူသာဆိုလျှင် တူညီသည့် ရွေးချယ်မှု ပြုလုပ်လောက်သည် မဟုတ်ပါလော။
သူ ယခင်ဘဝတုန်းက ဆေးရုံကုတင်ပေါ်တွင် လှဲနေရပြီး မလှုပ်နိုင်သည့်အချိန်ကို မှတ်မိသွား၏။ ရေတစ်ငုံသောက်ပြီး ဆီးသွားဖို့ကတောင် တန်ဖိုးကြီးသည့် မျှော်လင့်ချက် ဖြစ်ခဲ့သည်။
သူ၏ ဝိညာဥ်အတွင်းရှိ နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုတို့က နာမကျန်းဖြစ်နေသည့် ခန္ဓာကိုယ်ထဲ ပိတ်မိနေပြီး ကူကယ်ရာမဲ့မှု၊ ညှင်းပမ်းမှုတို့သည် ခံစားနေခဲ့ရကာ သာမန်လူများက ၄င်းကို နားလည်နိုင်မှာ မဟုတ်ပေ။ ခဏအကြာတွင် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးလျက် နဂါး၏ ဝိညာဥ်ကို ချုပ်နှောင်ထားသော စိတ်စွမ်းအင်များကို ချက်ချင်း ဖြိုခွဲလိုက်တော့သည်။
နဂါး၏ ဝိညာဥ်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ ပြီးနောက် နောက်တစ်စက္ကန့်တွင် ၄င်းက မြေပြင်ကို ထိုးဖောက်လျက် ကောင်းကင်ဆီသို့ ပျံတက်သွားကာ ကောင်းကင်ထဲ၌ လွတ်လပ်စွာ ပျံသန်းခြင်းကို နှစ်ခြိုက်ခံစားနေလေ၏။
သို့သော် နဂါးသွေးကြော၏ အကာအကွယ် မရှိပဲ ၄င်းက မီးရှူးမီးပန်းများပမာ ချက်ချင်းပင် တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။ ယင်းက လှပသော်ငြား ချက်ချင်း ပျောက်ကွယ်သွားသည်။ နောက်၌ ဘာမှ ကျန်ရစ်တော့မှာ မဟုတ်ပေ။
သာမန်လူများက ထိုမြင်ကွင်းကို မြင်တွေ့မှာ မဟုတ်ပေ။ သူတို့က နားကြိမ်းလောက်ဖွယ် နဂါးဟိန်းသံကိုသာ ကြားရပြီး ယင်းက သားရဲတစ်ကောင်၏ ဟိန်းသံဟုသာ သူတို့ တွေးမိလောက်သည်။
ယဲ့ရှောင်သည် ကိစ္စများစွာ ခံစားမိလိုက်၏။ သူ ထွက်သွားတော့မည့် အချိန်တွင် ခဏအကြာတွင် နဂါးသွေးကြောအတွင်း ရွှေရောင်အရှိန်အဝါတစ်ခုက အမှန်တကယ် ဖွဲ့တည်လာ၏။ ယင်းက အလွန်သေးငယ်ပြီး ဆံချည်တစ်မျှင်စာမျှသာ ရှိသည်။
သို့သော် ၄င်းက ဖြာထွက်နေသည့် စွမ်းအားက ယဲ့ရှောင်၏ အမူအယာများကို အတော်လေး လေးနက်တည်ကြည်သွားစေသည်။ ပြီးနောက် ထိုအရှိန်အဝါက ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲ ချက်ချင်း ဝင်သွားတော့၏။
ချက်ချင်းပင် ယဲ့ရှောင်သည် သူ၏ ကျင့်ကြံဆင့်က အဆင့်သေးလေးတစ်ဆင့် တိုးသွားကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိသည်။
ထိုအခိုက်အတန့်၌ သူ၏ ကျင့်ကြံမှုသည် ဆယ်ပုံတစ်ပုံ တိုးလာတာပဲ ဖြစ်၏။ ပိုတောင် မထင်မှတ်ထားသည်က မူလက အပြည့်အဝ ဖွဲ့တည်ရန် ရက်အနည်းငယ် လိုအပ်နေသေးသော မဟာဓါးသိုင်း ကျင့်စဥ်သုံးမျိုးသည် ထိုစဥ် တစ်ရာရာခိုင်နှုန်း ပြီးစီးမှု ရောက်ရှိသွားတာပဲ ဖြစ်သည်။ သိပ်အစွမ်းထက်တာပဲ။ ဒါက နဂါးသွေးကြောတစ်ခုလုံးရဲ့ အဆီအနစ်ပဲ ဖြစ်မယ်။
အဲ့ဒီနဂါးဝိညာဥ်က ငါ သူ့ကို လွတ်လပ်အောင် ကူညီပေးလိုက်တာကြောင့် ငါ့ကို ကျေးဇူးတင်နေတာ။ ဒါကြောင့် နဂါးသွေးကြောတစ်ခုလုံးရဲ့ အဆီအနစ်တွေကို အများကြီး ပေးလိုက်လို့ ငါ့ရဲ့ ကျင့်စဥ်တိုးလာတာ။
တစ်ချိန်တည်းမှာပဲ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ထဲမှာ ပေါင်းစည်းထားတဲ့ ပထမဆုံး ကျင့်စ်ကိုလည်း အရှိန်မြှင့်ပေးလိုက်တယ်။
ယဲ့ရှောင်၏ နှုတ်ခမ်းထောင့် ကွေးသွားတော့သည်။ သူသည် အနောက်တောင်ပင်လယ် ကမ်းခြေတောအုပ်သို့ ယခုအခေါက် ခရီးစဥ်ကနေ အမြတ်ထွက်ခဲ့ပုံ ပေါ်သည်။ သူ၏ အသိစိတ်ကို ရွှေရောင်စာအုပ်ထဲ ထည့်လိုက်၏။
ရွှေရောင်စာအုပ်ထဲ၌ တော်ဝင်အဆင့် ဓါးသိုင်းသုံးမျိုးသည် ကျင့်စဥ်အသစ်အဖြစ် ပေါင်းစည်းနေပြီ ဖြစ်သည်။
ကျင့်စဥ် မှတ်သားထားသော စာရွက်ပေါ်၌ ရှုပ်ထွေးသည့် ကျင့်စဥ်များ ရှိမနေပေ။ ရိုးရှင်းသော စကားလုံးနှစ်ခု နှစ်လုံးသာ ရှိသည်။
ကောင်းကင်ကို ခွဲထုတ် ဖွင့်လှစ်ခြင်း။
ဆိုလိုတာက ဓါးတစ်လက်တည်းနဲ့ ကောင်းကင်ကို ခွင်းနိုင်တယ်လား။
ယဲ့ရှောင်သည် ရွှေရောင်စာအုပ်၏ ညာဘက်အောက်ခြေထောင့်၌ စကားလုံးလေး နှစ်လုံးကို တွေ့လိုက်ရ၏။
နတ်ဘုရားသတ်ဖြတ်ခြင်းလား။ ဒီကျင့်စဥ်ရဲ့ အဆင့်များ ဖြစ်နေမလား။
နတ်ဘုရားသတ် ကျင့်စဥ်။
ဒါက တော်ဝင်ကျင့်စဥ် အဆင့်မှာတုန်းက ရွှေရောင်စာအုပ်က ကျင့်စဥ်ရဲ့ အဆင့်ကို မပြခဲ့ဘူး။ ဒါပေမဲ့ အခု ကျင့်စဥ်ရဲ့ အဆင့်ကို ပြနေပြီ။
ဆိုလိုတာက တော်ဝင်ကျင့်စဥ်က ရွှေရောင်စာအုပ်အတွက် တကယ်တော့ အဆင့်တူ မဟုတ်တာများလား။
ယဲ့ရှောင်က အနည်းငယ် ထိတ်လန့်သွားလေ၏။
သူသည် ရွှေရောင်စာအုပ်၏ စွမ်းအားကို နောက်ထပ် သဘောပေါက်သွားပြန်၏။
တော်ဝင်ကျင့်စဥ်သည် အင်မတန် အစွမ်းထက်နေပြီးသား ဖြစ်၏။ ယင်းက မြေပြင်ပေါ်ရှိ လူသားမျိုးနွယ်စု၏ အစွမ်းထက်ဆုံး ကျင့်စဥ်ဟု သတ်မှတ်၍ ရသည်။ လူများစွာသည် သူတို့ တစ်ဘဝလုံး၌ ကောင်းမွန်သော ချီရှန်းအဆင့် ကျင့်စဥ်တစ်ခုကို သင်ယူခွင့်တောင် မရလောက်ပေ။ တော်ဝင်ကျင့်စဥ်ဟူသည့် အံ့ဖွယ်ဂိုဏ်းနှင့်အထက် ကျင့်ကြံသူများသာလျှင် ထိတွေ့ခွင့်ရရှိတာ ဖြစ်သည်။
ထိုသို့တိုင် တော်ဝင်ကျင့်စဥ်ကတောင် ရွှေရောင်စာအုပ်၏ အဆင့်ဖြင့် ဆုံးဖြတ်ပေးခြင်း မခံရပေ။
ယခုအချိန်ကြမှ တော်ဝင်ကျင့်စဥ် ပေါင်းစပ်ပြီးနောက် နတ်ဘုရားသတ်ကျင့်စဥ်၏ အဆင့်က ပေါ်လာတော့သည်။ ဆိုလိုသည်က ရွှေရောင်စာအုပ်အတွက် အကန့်အသတ်သည် လက်ရှိ ပြသထားသည်ထက် ပိုများလောက်သည်။

အပိုင်း ၂၅၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset