Switch Mode

Chapter – 257

မွေးမြူရေးကွင်းအသစ်ကို အံ့ဖွယ်အဆင့်အောက် သားရဲနှစ်ကောင်ကို မိတ်ဆက်ပေးခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၅၇ မွေးမြူရေးကွင်းအသစ်ကို အံ့ဖွယ်အဆင့်အောက် သားရဲနှစ်ကောင်ကို မိတ်ဆက်ပေးခြင်း။

ယဲ့ရှောင်ဘက်တွင်မူ လှုပ်ရှားမှု များများစားစား မရှိပေ။
သူသည် ချင်းနျိုနှင့် ဖုန်းလုံတို့ ရောက်လာချိန်၌ သူတို့နှစ်ကောင်ကို အာရုံခံမိပြီး ဖြစ်သည်။
သူ၏ လက်ရှိခွန်အားက ဘုရင်နယ်ပယ်တွင် ရှိသည်။ သူက အတွေးတစ်ချက်ဖြင့် ကျန်းဟိုင်တစ်မြို့လုံးကို အလွယ်တကူ ဖြန့်ကြန့်နိုင်၏။ အတိတ်တုန်းက သူသည် ခဏအတွင်း ကျန်းဟိုင်တစ်မြို့လုံးကိုလည်း ဖြန့်ကျက်နိုင်ခဲ့သည်။ သို့သော် ထိုစဥ်က မြို့က မချဲ့ထွင်ရသေးပေ။ လက်ရှိ ကျန်းဟိုင်မြို့သည် ယခင်ကထက် ၅ဆ ပိုကြီးမားလာ၏။ ထို့အပြင် လူများစွာလည်း ဝင်ရောက်လာသည်။
ဝမ်ဟိုင်မြို့၊ ကျန်းတုံမြို့ကဲ့သို့ အနီးအနားမြို့များ၏ နေထိုင်သူများကလည်း ရွှေ့ပြောင်းလာကြသည်။
သူက အတွေးတစ်ချက်ဖြင့် ကျန်းဟိုင်တစ်မြို့လုံးကို လွှမ်းခြုံနိုင်၏။ ယင်းက အတွေးတစ်ချက်ဖြင့် ယခင် ကျန်းဟိုင်တစ်ခုလုံးကို ဖြန့်ကျက်နိုင်ပုံနှင့် မတူပေ။
ထိုအကြောင်းအရင်းကြောင့် ဒါရိုက်တာ ကျန်းချန် တိုက်ခိုက်လိုက်တာကို သူ သိတာပဲ ဖြစ်သည်။ သူက ကြည့်နေသည်။ သူက စောင့်ကြည့်နေသည့်ပမာ ကျန်းဟိုင်တစ်မြို့လုံးတွင် ဖြစ်ပျက်သမျှ အရာအားလုံးက သူ၏ မျက်လုံးရှေ့ကနေ မလွတ်မြောက်နိုင်ပေ။
သူ အလိုရှိလျှင် ကျန်းဟိုင်တစ်မြို့လုံးရှိ လူများ မည်သည့်အချိန်တွင် မည်သည်ကို ပြုလုပ်နေသည်ဆိုတာကို သူသိနိုင်သည်ဟု ပြောတာက ချဲ့ကားပြောခြင်း မဟုတ်ပေ။ ထို့ကြောင့် သူ မတိုက်ခိုက်ခဲ့ပေ။
နောက်ပိုင်းတွင် ကျန်းချန်က သမန်လျှံကန်ကာ တိုက်ခိုက်ပြီး ခွန်အားအကုန် မသုံးခဲ့သော်ငြား ဖုန်းလုံသည် ထွက်ပြေးရန်အတွင် သွေးပေါက်ကွဲခြင်းကို သုံး၏။ ချင်းနျိုက ထွက်ပြေးရန် ဖုန်းလုံကို သစ္စာဖောက်ခဲ့သည်။ သို့သော် ယဲ့ရှောင်က သူတို့ကို မတားခဲ့ပေ။
ဖုန်းလုံက သူ၏ မွေးမြူရေးကွင်းထဲသို့ ဝင်ရောက်ပြီးဖြစ်ကြောင်း သူ အာရုံခံမိသည်။ သူက မွေးမြူရေးခြံထဲ ဝင်ရောက်သွားသရွေ့ သူ့၌ ထူးကဲသည့် စွမ်းရည်များ ရှိပင်လျှင် ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ပေ။
သူ ပြုလုပ်ထားသည့် ခုခံခြင်း အစီအရင်က တစ်လှမ်းသွားဖြစ်ပြီး နှစ်လှမ်းသွား မဟုတ်ပေ။ မဟုတ်လျှင် ဝိညာဥ်စွမ်းအင်ကို အပြည့်အဝ သီးခြားထားပေလိမ့်မည်။
အစီအရင်က လည်ပတ်ရန်အတွက် ဝိညာဥ်စွမ်းအင်များ ဆက်တိုက် စုပ်ယူရန် လိုအပ်သည်။
သွေးပေါက်ကွဲခြင်းကျင့်စဥ်၏ အဓိက မဏ္ဍိုင်က သူ၏ ခန္ဓာယ်ကိုယ်ထဲရှိ ဒြပ်စင်များကို တူညီသည့် တည်ရှိမှုအဖြစ် အသွင်ပြောင်းလဲပြီး ဝိညာဥ်စွမ်းအင်အဖြစ် ပုံပြောင်းကာ ထွက်ပြေးတာပဲ ဖြစ်သည်။ ဤနည်းဖြင့် ဖုန်းလုံက မွေးမြူရေးခြံထဲသို့ မတော်တဆ ဝင်လာမိသည်။
ချင်းနျိုအတွက်မူ သူက ပိုတောင် ရိုးရှင်း၏။
ယဲ့ရှောင်သည် ဓါးမော့နတ်ဘုရား လီလျိုဆွေ့က သူ ထွက်ပြေးရာ လမ်းကြောင်း၌ ရှိနေကြောင်း အာရုံခံမိပြီး ဖြစ်သည်။ ဓါးမော့နတ်ဘုရား လီလျိုဆွေ့ ထိုနေရာတွင် စောင့်ကြပ်နေလျှင် ချင်းနျို၏ ခွန်အားက အစစ်အမှန် အံ့ဖွယ်သားရဲနယ်ပယ်သို့ မရောက်သရွေ့ သူ့အဖို့ လီလျိုဆွေ့ကို အနိုင်ယူပြီး ထွက်ပြေးနိုင်ရန် နည်းလမ်းရှိမှာ မဟုတ်ချေ။
ထိုစဥ် ဟွမ်လျိုလီက ရုတ်တရက် တံခါးဖွင့်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်တော့၏။
” သခင် … သခင် ”
” သခင် .. သခင် မြန်မြန်ကြည့်ပါဦး။ ကျွန်မပါ ..ကျွန်မတို့ ဘာပစ္စည်းကောင်း ရလာလဲလို့။ အံ့ဖွယ်အဆင့်သားရဲတစ်ကောင်။ နွားတစ်ကောင်လေ ”
” ဟား ဟား ဟား။ နောင်ကြ စားသောက်ဖို့အတွက် အမဲသားရပြီ။ အမဲသားဟော့ပေါ့ စားလို့ ရပြီ။ စတိတ်တောင် စားလို့ရတယ် ”
ဟွမ်လျိုလီက ယဲ့ရှောင်ဆီသို့ သတိလစ်နေသော ချင်းနျိုကို စိတ်လှုပ်ရှားစွာ သယ်လာ၏။
ယဲ့ရှောင်သည် သူ့ရှေ့ရှိ ကြွက်သားများဖြင့် ပြည့်နေသော နွားသိုးကို ကြည့်ပြီးနောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
အမှန်တကယ်တွင် သူသည် ယခင်က အစိမ်းရောင်နွားသိုးကို ကြုံတွေ့ခဲ့၏။ ယင်းက ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးအောက်တွင် ရှိသော လျှပ်စီးကျွဲစိမ်းပဲ ဖြစ်သည်။ သို့သော် ကျွဲစိမ်းသည် သူ့ရှေ့ရှိ မိုးပြာနွားသိုးလောက် အစွမ်းမထက်ပေ။ ထို့အပြင် ကျွဲစိမ်းက အသားစား၍ မရပေ။
အကြောင်းမှာ ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးအောက်တွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သောကြောင့် အန္တရာယ်များသည့် အရှိန်အငွေ့အသက်တို့ဖြင့် တိုက်စားခံထားရသည်။
ထိုစဥ်က ယဲ့ရှောင်သည် ၄င်းကို ဆေးလုံးတစ်လုံးအဖြစ်သာ သန့်စင်ဖော်စပ်ခဲ့သည်။ ယခုမူ သူက မတူညီသည့် အကောင်တစ်ကောင် ရလိုက်၏။ ထို့အပြင် သူ၏ ခွန်အားက ယခင် ကျွဲစိမ်းထက် ပိုသန်မာသည်။ အတော်လေးကောင်းသည့် ရိတ်သိမ်းမှုပဲ ဖြစ်သည်။
” မင်းလုပ်ခဲ့တာ ကောင်းတယ် ”
” ကျေးဇူးပါ။ ချီးကျူးပေးတာအတွက် ကျေးဇူးပါ သခင် .. မြောင် ”
ဟွမ်လျိုလီက အင်မတန် စိတ်လှုပ်ရှားသွားပြီး သူ၏ အမြီးလေးကို လှုပ်လိုက်မိသည်။
” အရင်ဆုံး သူ့ကို မွေးမြူကွင်း ခေါ်သွားပြီး ပိတ်ထားလိုက်မယ်။ ဒီနေ့ည မင်းကို နားခွင့်ပေးမယ်။ မွေးမြူရေးကွင်းကို သွားစရာ မလိုဘူး ”
” ဟုတ်ကဲ့ သခင် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်ပြီး သူမ၏ ခေါင်းလေးကို ထိလိုက်၏။ ပြီးနောက် မိုးပြာနွားသိုးကို သယ်ပြီးနောက် မြေဝပ်ခြင်းကျင့်စဥ်ကို သုံးကာ မွေးမြူရေးကွင်းထဲသို့ ချက်ချင်း သွားလိုက်၏။
ဟွမ်လျိုလီက စိတ်လှုပ်ရှားလွန်းသောကြောင့် သူမခေါင်းလေးတောင် ပူလာ၏။
” အား .. သခင်က ငါ့ခေါင်းကို ထိလိုက်တယ်။ အား … သိပ်ကို သက်သောင့်သက်သာ ရှိလိုက်တာ ”
ယဲ့ရှောင်က များများစားစား မတွေးခဲ့ပေ။ သူက အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ပုံမှန်လူတစ်ယောက် ချီးကျူးသည့်ပမာ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရုံသာ ဖြစ်သည်။
ယခုအချိန်တွင် သူက မွေးမြူရေးကွင်း၌ ရုတ်တရက် ပေါ်လာ၏။ နောက်တစ်စက္ကန့်တွင် ကြယ်တာရာသားရဲများက ချက်ချင်း လျင်မြန်စွာ စုဝေးလာတော့သည်။
” သခင် ဒီရောက်လာပြီပဲ ”
” သခင် ဒီနေ့ ကောင်းမွန်တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ရဲ့လား ”
” သခင် ရေဆာနေပြီလား။ လတ်လတ်ဆတ်ဆတ် နွားနို့တွေက ညှစ်ထားခါစဆိုတော့ နွေးနေသေးတယ် ”
ကြယ်တာရာသားရဲများ တစ်စုသည် ခွေးများပမာ မျက်နှာချိုသွေးနေတာကို မြင်သောအခါ ဖုန်းလုံက ချက်ချင်း အံ့သြဆွံ့အသွား၏။
ဘာတွေဖြစ်ကုန်တာလဲ။ အဲ့ဒီလူတွေ ဘာလုပ်နေတာလဲ။ သူတို့ရဲ့ ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ဘူးလား။ သူတို့အားလုံးက ကြယ်တာရာသားရဲတွေလေ။ အားလုံးက အံ့ဖွယ်ချီရှန်း ကြယ်တာရာသားရဲတွေ။
ဒီလို အစွမ်းထက်တဲ့ ကြယ်တာရာသားရဲတွေက ခွေးတစ်အုပ်လိုမျိုး လူသားတစ်ယောက်ကို တကယ်ကြီး မျက်နှာချိုသွေးနေတဲ့လား။
သူတို့ရဲ့ ဘိုးဘေးတွေသာ မြင်ရင် အုတ်ဂူထဲကနေ တွယ်တက်လာပြီး ထဆဲလိမ့်မယ်။
ဒါပေမဲ့ ဒီလူက သူ့ကို အနိုင်ယူခဲ့တဲ့သူ မဟုတ်ဘူးလေ။ သူက ဘယ်သူလဲ။
ထိုသံသယများဖြင့် ဖုန်းလုံက အေးစက်စက် ပြောလိုက်တော့သည်။
” ဟေ့ .. မင်းက ဘယ်သူလဲ ”
ယဲ့ရှောင်က သူ့ကို တစ်ချက်သာ ကြည့်ပြီးနောက် ချင်းနျိုကို သူ့ဘေးသို့ ပစ်ချလိုက်သည်။
” သောက်ဂွ ဒီခွေး ”
ချငိးနျိုကို မြင်ပြီးနောက် ဖုန်းလုံသည် ဒေါသထွက်လွန်းသောကြောင့် သွေးအန်လုနီးပါး ဖြစ်သွားသည်။ ထိုအရူးသာ သူ့ကို နောက်ကနေ ရုတ်တရက် ချုံခိုတိုက်ခိုက်ခြင်းကြောင့်သာ မဟုတ်လျှင် သူက ဤအခြေအနေထဲ ကျရောက်သွားမှာ မဟုတ်ပေ။
သူ ထွက်ပြေးနိုင်ခဲ့ကာ ပို့ဆောင်ရေး အစီအရင်ကို ဖွင့်လှစ်ပြီး ကြယ်ဆုံသော ကောင်းကင်ထဲ ပြန်နေလောက်ပြီ ဖြစ်သည်။ သို့သော် ဒေါသက ဒေါသပဲ ဖြစ်၏။ သူ၏ စိတ်က အလွန်ကြည်လင်နေသေးသည်။ အကြီးမားဆုံး ပြဿနာ မဟုတ်။ ယဲ့ရှောင်ပဲ ဖြစ်သည်။
ထိုလူသည် ထွက်ပြေးပြီးသော ချင်းနျိုကို အမှန်တကယ် ဖမ်းနိုင်ခဲ့၏။ သူ၏ ခွန်အားက သာမန် မဟုတ်ပေ။
ယဲ့ရှောင်က ချင်းနျိုကို အရင်ကုသပေးလိုက်သည်။ ယဲ့ရှောင်၏ ကုသခြင်းကျင့်စဥ်က အင်မတန် အစွမ်းထက်တာကို မြင်သောအခါ ဖုန်းလုံ၏ သူငယ်အိမ်များက အနည်းငယ် ကျုံ့သွားမိ၏။
ကြောက်မက်ဖွယ် ကောင်းလိုက်တဲ့ ကျင့်စဥ်ပဲ။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ အံ့ဖွယ်အဆင့်အောက် သားရဲတစ်ကောင်ကို လွယ်လင့်တကူ ချက်ချင်း ကုပေးလိုက်တယ်။ ဒီကျင့်စဥ်မျိုးက သာမန်လူတွေ လုပ်နိုင်တာ မဟုတ်ဘူး။
ချင်းနျိုက ဒယိမ်းဒယိုင် ထရပ်လိုက်ပြီးနောက် အံ့သြဆွံ့အနေသော အမူအယာဖြင့် ပြောလိုက်၏။
” ဒါ ဘယ်နေရာလဲ။ ဘာဖြစ်သွားတာလဲ။ ငါ ဒီကို ဘာကြောင့် ရောက်နေတာလဲ ”
သူက ကြောင်အနေသော အမူအယာဖြင့် သုံးကြိမ်သုံးခါ မေးခဲ့၏။ ဖုန်းလုံက ချက်ချင်းပင် သူ့ကို ထရိုက်တော့သည်။
” ထစမ်း။ မျိုးမစစ်ကောင်။ ငါတို့ ဒီလူ ဖမ်းတာ ခံရပြီး မွေးမြူရေးကွင်းလို့ ခေါ်တဲ့ နေရာမှာ အကျဥ်းချခံလိုက်ရပြီ။ ငါတို့က သူ့ရဲ့ မွေးမြူရေးတိရစ္ဆာန်ဖြစ်သွားပြီ ”
ချင်းနျိုက ကြက်သေ သေနေလေ၏။
” မွေးမြူရေးတိရစ္ဆာန်လား။ မွေးမြူရေးကွင်းလား။ ဖုန်းလုံ .. မင်းလည်း အဖမ်းခံရတာလား။ ပြီးတော့ ဆာမြူရယ်၊ စူဇန်။ မင်းတို့တွေရော ဒီရောက်နေတာလား ”
ခဏအကြာတွင် သူ့အကြည့်က ယဲ့ရှောင်ဆီ ရောက်သွား၏။
” မင်းက ငါတို့ကို ဖမ်းခဲ့တဲ့ သူလား ”
ယဲ့ရှောင်ကို သူ့ကို တစ်ချက်ကြည့်ပြီး ထူးမခြားနား ပြောလိုက်၏။
” မင်းတွေ့တဲ့အတိုင်းပဲ … ငါက ကြယ်တာရာသားရဲ မွေးမြူရေးခြံရဲ့ ပိုင်ရှင်ပဲလေ။ အခုကစပြီး မင်းနဲ့ ဖုန်းလုံက ငါ့ရဲ့ မွေးမြူရေးတိရစ္ဆာန်တွေ ဖြစ်ပြီ။ မင်းတို့တွေက ငါ့ကို သတ်မှတ်ထားတဲ့ အသား၊ ချို၊ ခွာနဲ့၊ နဂါးကြေးခွံတွေ နေ့စဥ်နေ့တိုင်း ပေးရမယ်။ ဒါပေါ့။ မင်းတို့တွေ ပိုပေးလို့လည်း ရတယ်။ မင်းတို့နှစ်ယောက် ပိုမြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ပြီး တတ်နိုင်သမျှ မြန်မြန် အံ့ဖွယ်သားရဲနယ်ပယ်ကို အဆင့်တက်အောင်လို့ ကူညီပေးဖို့ ထောက်ပံ့ပေးမယ် ”
” မင်းတို့နှစ်ယောက် အံ့ဖွယ်သားရဲနယ်ပယ်ကို မြန်မြန် အဆင့်တက်ပြီး ကျင့်ကြံနိုင်အောင်လို့ ကိစ္စတချို့ ထောက်ပံ့ပေးမယ် ”
ချင်းနျိုက လက်သီးကျစ်ကျစ် ဆုပ်လိုက်ပြီး သူ၏ မျက်လုံးထဲ၌ အမျက်ဒေါသ ရန်လိုမှုများ ပြည့်နေလေ၏။
” ဒါ ဘယ်လို ဟာသမျိုးလဲ။ မင်းကိုမင်း ဘယ်သူလို့ ထင်နေလဲ။ ငါ ဘယ်သူဆိုတာ သိလား။ ငါက မင်းရဲ့ မွေးမြူရေးတိရစ္ဆာန် ဘယ်လိုလို့ ဖြစ်နိုင်မှာလဲ။ အရူး မလုပ်နဲ့ ”
ဖုန်း။
နောက်တစ်စက္ကန့်တွင် အတွေးတစ်ချက်ဖြင့် ယဲ့ရှောင်သည် မဟာနိဗ္ဗာနလက်သီးကို သုံးလိုက်သည်။ ထိုးရန်တောင် မလိုအပ်ပဲ လက်သီးအလင်းက ချင်းနျို၏ ရင်ဘက်ရှေ့၌ ပေါ်လာပြီး သူ့ကို လွင့်ထွက်သွားစေကာ နံရံနှင့် ရိုက်မိသွားစေ၏။
ဖူး။
ချင်းနျိုသည် လတ်လတ်ဆတ်ဆတ် သွေးတစ်ပွက် အန်လိုက်၏။ သူ၏ ရင်ဘက်ပေါ်ရှိ အရိုးအားလုံး ကျိုးသွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ အတွင်းကလီစာများကလည်း တုန်ယင်ကုန်၏။ နာကျင်မှုက ပြင်းထန်လွန်းသောကြောင့် သူ၏ ဝိညာဥ်ပါ တုန်ယင်မိသွားသည်။ သို့သော်ငြား သူက ကျယ်လောင်စွာ မဆဲနိုင်သေးခင် နောက်တစ်စက္ကန့်တွင် ယဲ့ရှောင်က သူ၏ ခန္ဓာကိုယ်ကို ကုသပေးရန် ကုသခြင်းကျင့်စဥ်ကို အသုံးပြုပြီး လက်သီးကြောင့် အစိတ်စိတ်အမွှာမွှာ ကြေသွားသော အရိုးများကို ကုသပေး၏။ ပြီးနောက် လက်သီးဖြင့် အရိုးများကျိုးအောင် ထိုးပြန်သည်။ ထိုသံသရာက ထပ်ခါတလဲလဲ ဖြစ်နေ၏။ ၁၀စက္ကန့်အတွင်း ချင်းနျို၏ နံရိုးများက အကြိမ်တစ်ရာကျော် ကျိုးသွားပြီ ဖြစ်သည်။
” မလုပ်။ ငါ့ကို ထပ်ပြီး နာအောင် မလုပ်နဲ့တော့။ အညံ့ခံပါတယ်။ မွေးမြူရေးတိရစ္ဆာန်ဖြစ်ဖို့ ဆန္ဒရှိပါတယ် ”
ဒီတော့မှ ယဲ့ရှောင်က ရပ်တန့်လိုက်၏။ ဖုန်းလုံက တံတွေးမြိုချလိုက်ပြီး သူ၏ နဖူးပေါ်၌ ချွေးစီးများ ပြန်နေပြီ ဖြစ်သည်။ ဒီတော့မှ ယဲ့ရှောင်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သဘောပေါက်သွားတာ ဖြစ်၏။
ထိုကြယ်တာရာသားရဲများ ဆာမြူရယ်နှင့် စူဇန် သူတို့အားလုံးသည် အင်မတန် မောက်မာထောင်လွှားသည့် အကျင့်စရိုက် ရှိသောငြား ဤနေရာ၌ မွေးမြူရေးတိရစ္ဆာန်ဖြစ်ရန် သဘောတူလိုက်တာ အံ့သြစရာ မရှိပေ။ ထိုလူ၏ ရှေ့၌ သူတို့က သေဖို့တောင် မဖြစ်နိုင်ပေ။ သဘောမတူမချင်း အဆုံးမရှိ ညှင်းပမ်းနှိပ်စက်လိမ့်မည်။
ထို့အပြင် သူ၏ နည်းလမ်းများက ရိုးရှင်းပြီး ကြမ်းတမ်းသည်။ လိုအပ်သည်က သဘောတူဖို့သာ တတ်နိုင်သည်။ သဘောမတူတာအပြင် ကျန်သည့် ရွေးချယ်မှု မရှိပေ။ ထိုစဥ် ယဲ့ရှောင်၏ အကြည့်က သူ၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာ၏။ ထိုကြီးမားလာသော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ကို ဖိချလာပြီးနောက် သူ၏ ဝိညာဥ်သည် ဖိနှိပ့်ခံလိုက်ရသည့်ပမာ ခံစားလိုက်ရတော့သည်။ ယဲ့ရှောင်၏ ခွန်အားက အလွန်သန်မာ၏။ အလွန်အမင်း သန်မာလွန်းသည်။ သူတို့ ခုခံနိုင်သည့် အရာမျိုး မဟုတ်ပေ။
ဖုန်းလုံသည် ဆိုးဆေးများပမာ ပြုလုပ်ရဲခြင်း မရှိတော့ပေ။ သူက ချင်းနျို၏ ခြေလှမ်းအတိုင်း လိုက်ပါရမှာကို စိုးရွံ့သောကြောင့် ချက်ချင်း ပြောလိုက်၏။
” ငါ … ငါလည်း ဆန္ဒရှိတယ် ”
ထိုစကားများကို ပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဖိအားက ရတ်တရက် ပျောက်ကွယ်သွားတော့သည်။
ဒီတော့မှ သူက သက်ပြင်းချပြီး နဖူးပေါ်ရှိ ချွေးစီးများကို သုတ်လိုက်တော့သည်။
ကံကောင်းသည်မှာ ယဲ့ရှောင်ကို သူက တိုက်ခိုက်ခွင့် မပေးခဲ့ပေ။ မဟုတ်လျှင် သူသည် သေသည်အထိ ညှင်းပမ်းခံရလောက်သည်။
” မင်းတို့နှစ်ကောင် ဘာမှ ငြင်းစရာ မရှိဘူးဆိုတော့ မနက်ဖြန်ကစပြီး မင်းတို့တွေလည်း ရိက္ခာ အပ်နှံရမယ်။ ငါ တောင်းဆိုထားတဲ့ ပမာဏအပြင် မင်းတို့နှစ်ယောက် ပိုပေးချင်တယ်ဆိုရင် မင်းတို့ကို ပံ့ပိုးပေးမယ်။ မင်းတို့ ပိုမပေးချင်ဘူးဆိုရင် ငါလည်း ဖိအားသိပ်မပေးဘူး။ ဒါပေမဲ့ အခြေခံရိက္ခာကတော့ လွှဲပေးရမှာပဲ ”
” ချိတ်ပိတ်ခံ နဂါးက နေ့စဥ်နေ့တိုင်း နဂါးကြေးခွံ ၁၀ ခုနဲ့ နဂါးအသား ၁၀ပေါင် ပေးရမယ်။ မိုးပြာနွားသိုးက ပေါင်သားကို နေ့တိုင်း ပေးရမယ်။ ငါ အခုတော့ ဒါပဲ မှာခဲ့ဦးမယ်။ မင်းတို့နှစ်ကောင် ကြယ်တာရာသားရဲ မွေးမြူရေးခြံမှာ အချိန်ကောင်း ရှိပါစေလို့ မျှော်လင့်တယ် ”
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်သည် သိုလှောင်လက်စွပ်ထဲတွင် ဟွမ်လျိုလီ ခူးလာသည့် ပန်းပွင့်များကို ထုတ်ပြီး စူဇန်အား ပေးလိုက်၏။ သူက မထွက်သွားခင် သူမကို ပျားရည် စုဆောင်းရန် ပြောလိုက်၏။ သူ ထွက်သွားပြီးနောက် ချင်းနျိုက ကြုံးဝါးတော့သည်။
” ဖ … ငါ့ကို နှောက်နေတာလား။ နေ့စဥ်နေ့တိုင်း ငါ့ရဲ့ ပေါင်သားကို လှီးစေချင်တယ်ပေါ့။ ငါ့ကို သေသည်အထိ နာကျင်စေချင်တာ မဟုတ်ဘူးလား ”
သူ ထိုသို့ ပြောလိုက်သည်နှင့် အေးစက်သော သတ်ဖြတ်လိုစိတ်က သူ၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်။
” သေသင့်တဲ့ ငတုံးနွား။ မင်း ငါ့ရှေ့မှာ စောဒက တက်ရဲသေးတယ်ပေါ့။ မင်းကြောင့်သာ မဟုတ်ရင် ငါက ဒီအခြေအနေထဲ ဘယ်လိုလုပ် အဆုံးသတ်မှာလဲ ”
” ဖုန်းလုံ။ ကောင်းကောင်းမွန်မွန် ပြောကြရအောင်။ ဓါးသုံးတာက ယဥ်ကျေးမှု မရှိဘူး။ ဒီမှာ မင်းနဲ့ငါက ညီအစ်ကိုတွေ။ ငါတို့ ခင်မင်ရင်းနှီးမှုနဲ့ မင်း ငါ့ကို တစ်ခါလောက် ခွင့်မလွှတ်ပေးနိုင်ဘူးလား ”
” ဒါ့အပြင် ငါတို့တွေက တကယ် တိုက်ခိုက်ကြရင် မင်း ငါ့ကို အနိုင်မယူနိုင်လောက်ဘူး ”
ဖုန်းလုံက သူ၏ အရှိန်အဝါကို ဖြည်းဖြည်းချင်း ရုတ်သိမ်းလိုက်၏။ ချင်းနျိုက သက်ပြင်းချလိုက်သည်။
” ဟုတ်တယ်။ ငါတို့ ညီအစ်ကိုတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေဖို့ပဲ အာရုံစိုက်သင့်တယ် ”
သူပြောပြီး နောက်တစ်စက္ကန့်၌ ဖုန်းလုံက သူ၏ နဂါးအမြီးကို ရုတ်တရက် ခုတ်လိုက်တော့သည်။ ချင်းနျိုက ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။
” ဖုန်းလုံ။ မင်း ရူးနေပြီလား ”
ဖုန်းလုံက သူ့လက်ထဲရှိ နဂါးအမြီးကို ဝှေ့ရမ်းလျက် အေးစက်စက် ပြုံးလိုက်သည်။ ” ဒီနဂါးအမြီးထဲမှာ အနည်းဆုံး နဂါးအသား ပေါင်တစ်ဒါဇင်လောက် ရှိမှာပဲ။ ငါ့ရဲ့ အကန့်အသတ်က နဂါးအမြီး ၁၀ ပေါင်လေ။ ပြောကြည့်။ ငါသာ ဒီနဂါးသားတွေကို ယဲ့ရှောင်ဆီ ပေးလိုက်မယ်ဆိုရင် သူက မင်းကို အကြိမ်တစ်ရာလောက် ရိုက်ဖို့ ကူညီပေးမလား ”
” ”
” လောင်လုံ။ မင်းက ဆိုးဆိုးဝါးဝါး သင်ယူခဲ့တာပဲ။ မင်း ငါ့ဆီက အကန်ခံရသင့်တယ် ”

အပိုင်း ၂၅၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset