စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၅၄ ဗရမ်းဗတာ တိုက်ပွဲ။ ဒီမြို့က သိပ်ကြောက်ဖို့ ကောင်းလွန်းတယ်။
ချင်းနျိုနှင့် ဖုန်းလုံက မြေပြင်ပေါ် ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။ ကြယ်တာရာသားရဲနှစ်ကောင်က ကျန်းဟိုင်မြို့၏ သိုင်းစာကြည့်တိုက်ကို ကြည့်လိုက်ကြသည်။
တခြားသော အကြောင်းအရင်းကြောင့် မဟုတ်ပေ။ ကျန်းဟိုင်မြို့၏ သိုင်းစာကြည့်တိုက်က အစွမ်းထက်သည့် ဝိညာဥ်စွမ်းအား ဝဲလျက် ရှိနေသောကြောင့် ဖြစ်သည်။
ကျန်းဟိုင်တစ်မြို့လုံး၌ အသန်မာဆုံးနေရာ ဖြစ်လောက်သည်။ ထို့ကြောင့် မေးစရာရှိလျှင် သူတို့က ဤနေရာ၌ အဖြေ သေချာပေါက် ရနိုင်၏။
ဖုန်းလုံက ဆင်းသက်ပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။ မကြာမီ၌ သူသည် စာကြည့်တိုက်ရှေ့၌ အရိပ်တစ်ခုကို တွေ့သွား၏။
လျိုချန်စွင်း။
” ရှန်းထျန်း အဌမ အဆင့်လား။ ကြည့်ရတာ သူက လူသားမျိုးနွယ်ထဲမှာ အတော်လေး ကောင်းတဲ့သူ ဖြစ်လောက်တယ်။ သူ့ဆီကနေ တစ်ခုခု သတင်းရလောက်မှာပဲ။ သူ့ကို ရှာရအောင် ”
နှစ်ယောက်သားက စိတ်ပြင်ဆင်ပြီးနောက် လျိုချန်စွင်းဘေးသို့ သွားလိုက်၏။
ဖုန်းလုံက ချက်ချင်း လှုပ်ရှားလိုက်သည်။ အကန့်အသတ်မဲ့ ဝိညာဥ်စွမ်းအင်က ဧရာမလက်ကြီးအသွင် ပြောင်းလဲသွားပြီး လျိုချန်စွင်း၏ ပခုံးကို ဆုပ်ကိုင်လိုက်၏။
မူလက ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုကို ကြည့်နေသော လျိုချန်စွင်းသည် မျက်ဝန်းများ မှေးကျဥ်းကာ အေးစက်စက် နှုတ်ခေါင်းရှုပ်လိုက်၏။
” မင်းက ဘယ်သူလဲ။ ရာရာစစ ငါ့ကို ချုံခိုတိုက်ခိုက်ရဲတယ်လား။ မင်း သေချင်နေတာပဲ ”
လျိုချန်စွင်းက သူ့ဓါးကို လွှဲရမ်းလိုက်ပြီး ပိုင်းဖြတ်လိုက်၏။ အားကောင်းသည့် ဓါးက ဖုန်းလုံ၏ လက်ပေါ် ကျရောက်သွားကာ ပေါက်ကွဲသံတစ်သံ ပေါ်လာစေ၏။
လှိုင်းများက လူများစွာကို နှိုးလာစေသည်။
စာကြည့်တိုက်ထဲရှိ သတိပေးသံ မြည်လာသည်။ စာကြည့်တိုက်မှူးများ အားလုံးက အနောက်တံခါးဆီသို့ နောက်ဆုတ်သွားကြ၏။
လျိုချန်စွင်း၏ အကြည့်က အေးစက်သွားသည်။ တစ်ဖက်သူက သူ့ကို ချုံခိုတိုက်ခိုက်ချင်၏။ သို့သော် အဆုံးတွင် သူ့ဓါးဖြင့်သာ ပိုင်းဖြတ်လိုက်သည်။ ထိုတိုက်ကွက်တစ်ကွက်သည် တစ်ဖက်သူကို ဒဏ်ရာရသွားစေရနိ လုံလောက်နေပြီ ဖြစ်၏။ မှန်ပေသည်။ တစ်ဖက်သူက သူ့ကို အရူးလုပ်ပြီးနောက် ပြဿနာ လာရှာနေတာဟု သူ ထင်နေတာ ဖြစ်သည်။ အသက်ရှင်ရတာ ငြီးငွေ့နေတာပဲ ဖြစ်ရမည်။
သို့သော်ငြား ဖုန်မှုန့်များ လွင့်စင်ကျသွားပြီး တစ်ဖက်သူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန် လျိုချန်စွင်း၏ မျက်လုံးက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားလေ၏။
” ဘာ ဘာ ဘာတွေဖြစ်ကုန်တာလဲ ”
သူ့မျက်လုံး သူ မယုံပေ။ သူက လှည့်ကြည့်လိုက်ပြီး ဓါးကို လွှဲခုတ်လိုက်၏။ ယုတ္တိရှိရှိ ပြောရလျှင် တစ်ဖက်သူသည် မည်သည့်နည်းနှင့်မဆို သူ့ကြောင့် ဒဏ်ရာရသွားလောက်၏။ သို့သော်ငြား တစ်ဖက်သူက အပြည့်အဝ ထိခိုက်မှု မရှိပေ။
သူ့ကို နှောက်နေတာလား။ ဖုန်းလုံက သူ့လက်ကို ကြည့်ပြီး နှာခေါင်းရှုပ်လိုက်လေ၏။
” ခင်ဗျားရဲ့ လက်ခွန်အားက အတော်လေး သန်မာပါရဲ့။ ဒါပေမဲ့ ဖြစ်ချင်တော့ မင်းရဲ့ ကျင့်ကြံမှုက အားနည်းလွန်းတယ်။ ဒီလို လှည့်ကွက်လေးနဲ့ ငါ့ရဲ့ ခုခံမှုကိုတောင် မင်း ချိုးဖောက်နိုင်မှာ မဟုတ်ဘူး ”
ဖုန်း။
လျိုချန်စွင်းသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြက်သိမ်းမွေးညင်း အကုန် ထသွားတာကို ခံစားမိလိုက်၏။
အစောတုန်းက သူ့တိုက်ကွက်သည် ခွန်အားအပြည့် မသုံးထားသော်ငြား အနည်းဆုံးတော့ သူ့ခွန်အား၏ ၆၀ရာခိုင်နှုန်း ရှိသည်။ သို့သော် ယင်းက တစ်ဖက်သူ၏ ခုခံမှုကိုတောင် မဖြိုခွဲခဲ့ပေ။
သူ ခွန်အားအပြည့်ကို သုံးခဲ့လျှင်တောင် တစ်ဖက်သူကို အနည်းငယ်သာ ထိခိုက်စေလိမ့်မည်။ ခြိမ်းခြောက်မှု တစ်ရပ်ဟုတောင် မသတ်မှတ်နိုင်ပေ။
သေစမ်း။
ဒီလို အစွမ်းထက်တဲ့လူက ဘယ်နေရာက ထွက်လာတလဲ။ ဒါတောင် တစ်ပြိုင်နက်တည်း နှစ်ယောက်တောင်လား။
ထိုစဥ် ဒါရိုက်တာ ကျန်းချန်သည် စာကြည့်တိုက်ထဲက ထွက်လာပြီး ယင်းကို မြင်သောအခါ သူက မျက်ခုံး ပင့်မိသွား၏။
” အစွမ်းထက်တဲ့ သူနှစ်ယောက်က ဒီနေ့ည သေးငယ်တဲ့ ကျန်းဟိုင်မြို့လေးကို ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး။ အံ့သြမိတာပဲ ”
ဖုန်းလုံနှင့် ချင်းနျိုက ကျန်းချန်ကို မျက်နှာဘေးဖြင့် ကြည့်လိုက်၏။ လျိုချန်စွင်းက ချက်ချင်း ပြောလိုက်တော့သည်။
” ဒါရိုက်တာကျန်း မြန်မြန် နောက်ဆုတ်။ ဒီနှစ်ယောက်က အင်မတန် အစွမ်းထက်တယ်။ ခင်ဗျားတစ်ယောက်တည်းနဲ့ သူတို့ကို မဖြေရှင်းနိုင်ဘူး။ ကျုပ်တောင် ခဏပဲ ထိန်းထားနိုင်မှာ။ စီရင်စု ၉ ခု မဟာမိတ်ကို သွားအကြောင်းကြားလိုက်။ သူတို့ခွန်အားက အနည်းဆုံးတော့ ရှန်းထျန်းနယ်ပယ် နဝမအဆင့်မှာ ရှိတယ် ”
ဖုန်းလုံက အေးစက်စက် ပြုံးလိုက်၏။
” ဒီနေ့ သူ လွတ်မြောက်နိုင်မယ် ထင်နေလား။ ဒီည ဒီနေရာမှာရှိတဲ့ လူသားအားလုံး သေရမယ် ”
ချင်းနျိုက အေးစက်စက် ပြောလိုက်သည်။
” ဖုန်းလုံ ဆော့ကစားနေတာ ရပ်လိုက်တော့။ ပိုအရေးကြီးတာက ဆာမြူရယ်နဲ့ တခြားသူတွေကို မြန်မြန် ရှာဖို့ပဲ ”
” သိပြီ ”
ဖုန်းလုံက မပျော်မရွှင် တုံ့ပြန်လိုက်ပြီးနောက် တန်းတိုက်ခိုက်လိုက်တော့သည်။
သူသည် ယခင်ကဲ့သို့ ကျန်းချန်ကို ဆုပ်ကိုင်ရန် လက်တောင် ဆန့်ထုတ်ခဲ့သည်။ ထိုအစား သူ၏ခွန်အား အစစ်အမှန် တစ်စိတ်တစ်ပိုင်းကို ပြသလိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တို့ စီးထွက်လာသည်။ လျိုချန်စွင်းက ရုတ်တရက် တုန်ယင်သွားလေ၏။ သူ၏ ဝိညာဥ်က ရေခဲချောက်ထဲ ကျသွားသည့်ပမာ ခံစားလိုက်ရသည်။
အားကောင်းလိုက်တာ။ အစွမ်းထက်လိုက်တဲ့ ကျင့်ကြံမှုပဲ။
သူ ခန့်မှန်းတာ မှားယွင်းသွား၏။ ထိုလူက ရှန်းထျန်းနယ်ပယ် နဝမအဆင့်တွင် ရှိတာ မဟုတ်ပေ။ သူက အံ့ဖွယ်အဆင့်အောက် သားရဲအခြေအနေသို့ ရောက်နေပြီး ဖြစ်သည။ သူ ကံဆိုးမိုးမှောင်ကျလေပြီ။ ယခုအချိန်၌ သူ သေချာပေါက် သေတော့မည်။ နောက်တစ်စက္ကန့်တွင် ဖုန်းလုံက သူ၏ လက်ကို ဝှေ့ရမ်းလိုက်၏။ လက်သည်းရာ သုံးရာက ချွန်ထက်သော လေဓါးသွား သုံးစင်းအဖြစ် ပြောင်းပြီ လျိုချန်စွင်းဆီသို့ ဦးတည်သွားလေ၏။
ထိုခွန်အားက သန်မာလွန်းသည်။ ကျန်လူသည် လျိုချန်စွင်း၏ ခန္ဓာကိုယ်ကို သူ၏ အရှိန်အဝါကို အားကိုးပြီး ဖိနှိပ့်ထားတာ ဖြစ်သည်။ သူ လှုပ်တောင် မလှုပ်နိုင်ခဲ့ပေ။ တိုက်ခိုက်မှု အရှိန်က မြန်ဆန်လွန်းရာ သူ၏ ခေါင်းမွေးများကို ထောင်ထသွားစေ၏။
လျိုချန်စွင်းက ၄င်းကို အပြည့်အဝ မပိတ်နိုင်ခဲ့ပေ။ သူသည် ကျန်သူ၏ တိုက်ကွက်က သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာတာကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေရုံ ရှိသည်။
ပြီးသွားချေပြီ။ ယခုအခေါက်၌ သူ အမှန်တကယ် သေပြီဖြစ်သည်။
သိုင်းပညာရှင်များကြားထဲ၌ လူတစ်ယောက်က ပိုသန်မာလေ တိုက်ကွက်ကြောင့် ဖြစ်ပေါ်စေသည့် အဖျက်စွမ်းအားက ပိုကြီးမားလေ ဖြစ်သည်။
သူသည် ယခင်က ရှန်းထျန်း နဝမအဆင့် အံ့ဖွယ်ချီရှန်းတစ်ယောက်ကို တွေ့ကြုံခဲ့ဖူးသည်ဟုဆိုလျှင် တိုက်ကွက်တစ်ကွက်၏ စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို အလွန်ဆုံးမှ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေပြီး သေခြင်းတရား အစွန်းသို့ ရောက်စေရုံသာ ဖြစ်သည်။
ယခုအချိန်တွင်မူ ထိုတိုက်ကွက်က သူ့ကို ချက်ချင်း သေသွားစေပြီး သွေးမြူများအဖြစ် ပေါက်ကွဲသွားစေမှာ သေချာ၏။
ထိုအချိန်ရောက်လျှင် စီနီယာ ဓါးမော့ဓါးဝိဇ္ဇာတောင် သူ့ကို ကယ်တင်နိုင်တော့မှာ မဟုတ်ပေ။ ကျန်းဟိုင်မြို့တွင် သူ နေထိုင်ရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာကို မြင်တွေ့ရန်သာ ဖြစ်သည်။ အဆုံးတွင်မူ သူက စီနီယာ ဓါးမော့ဓါးဝိဇ္ဇာကို မတွေ့ရရုံသာမက အသတ်ခံရတော့မည်။ သူက စိတ်ပျက်အားငယ်မှုကို ခံစားနေရ၏။
သူ၏ မျက်လုံးထဲရှိ အလင်းရောင်ခြည်က ကြီးသည်ထက် ပိုကြီးလာ၏။ သူ့ခန္ဓာကိုယ်က ထိုစွမ်းအားကြောင့် တစ်စစီ ဖြစ်တော့မည်ဟုတောင် ခံစားနေရသည်။
သို့သော် ထိုစဥ် မတော်တဆမှုတစ်ခု ရုတ်တရက် ဖြစ်ပွားသွား၏။ ရွှေရောင်အလင်းရောင်ခြည်က လျိုချန်စွင်းနား ရုတ်တရက် ရစ်ပတ်လိုက်သည်။
ဖုန်း။
နောက်တစ်စက္ကန့်တွင် ပေါက်ကွဲမှုက ရုတ်တရက် ပေါ်ထွက်လာပြီး မှိုပွင့်တိမ်တိုက်ကြီးက ကောင်းကင်ထဲ မြောက်တက်သွား၏။
ဖုန်းလုံက မျက်ခုံးအနည်းငယ် ပင့်လိုက်လေ၏။ သူက တစ်စုံတစ်ခု မူမမှန်တာကို ဝေဝါးဝါး ခံစားလိုက်မိသည်။
ဖုန်မှုန့်များ လွင့်ပြယ်သွားချိန်၌ လျိုချန်စွင်းသည် ထိုနေရာ၌ အကောင်းပကတိ ရပ်နေလေ၏။ ဖုန်းလုံက အံ့သြသွားမိသည်။ ချင်းနျိုကလည်း အံ့သြသွား၏။ သူ၏ မျက်လုံးထဲ၌ ထူးဆန်းသည့် အကြည့် ရှိနေလေသည်။
” ဟား ဟား ဟား။ ဒါက ပြောရရင် လူသားမျိုးနွယ်ရဲ့ နယ်မြေပဲလေ။ စာကြည့်တိုက် ဒါရိုက်တာ လျိုချန်စွင်းက အခု ငါ့ရဲ့ လက်အောက်ဝန်ထမ်းပဲ။ မင်း သူ့ကို သတ်မယ်ဆိုရင် စီရင်စု ၉ ခုထဲမှာ ငါ ဘယ်လို ရှင်သန်ရတော့မလဲ ”
လျိုချန်စွင်းက လှည့်ကြည့်လိုက်၏။ သူက စာကြည့်တိုက်၏ ဒါရိုက်တာအိုကြီးကို ကြည့်နေလိုက်သည်။ သူက အံ့သြဆွံ့အသွားတော့သည်။
ဘာတွေဖြစ်နေတာလဲ။
သူ့ရဲ့ ကျင့်ကြံဆင့်က ရှန်းထျန်းနယ်ပယ် ဆဌမအဆင့် အထွတ်အထိပ်မှာပဲ ရှိသင့်တာမလား။ အံ့ဖွယ်အဆင့်အောက်သားရဲရဲ့ တိုက်ခိုက်မှုကို သူက ဘယ်လိုလို့ ခံနိုင်ရည်ရှိတာလဲ။ သူ အိမ်မက်မက်နေတာလား။
ဒါရိုက်တာက ရှန်းထျန်းနယ်ပယ် ဆဌမအဆင့်မှာရှိတဲ့ သိုင်းပညာရှင် မဟုတ်ဘူးလား။ သူက ပါရမီရှင်တစ်ယောက်ပဲလား။ ဘုရင်နယ်ပယ်အောက်က လူသားတစ်ယောက်လား။
သူ့ကို အားနည်းလွန်းသည်ဟု လျိုချန်စွင်း တွေးခဲ့တာ ဖြစ်သည်။ အလေးတောင် မထားခဲ့ပေ။ ကျန်းဟိုင်မြို့တွင် ဓါးမော့နတ်ဘုရား လီလျိုဆွေ့နှင့် ဓါးမော့ဓါးဝိဇ္ဇာတို့မှလွှဲလျှင် သူက အင်အားအကြီးဆုံး လူဟု ထင်ခဲ့၏။ သူက ယခုအချိန်ထိ သဘောမပေါက်သေးပေ။ သူကသာလျှင် လူပြက်ဖြစ်နေပုံ ပေါ်သည်။
ဖုန်းလုံနှင့် ချင်းနျိုက လေးနက်တည်ကြည်သော အကြည့်များဖြင့် ကျန်းချန်ကို တစ်ချက်ကြည့်လိုက်သည်။ တစ်ချိန်တည်းတွင် သူတို့က တိုက်ခိုက်လိုစိတ် ပေါ်လာ၏။
” စိတ်ဝင်စားစရာပဲ။ ငါ ဒီကို အကြောင်းမဲ့ လာခဲ့တာ မဟုတ်ဘူးနဲ့ တူပါရဲ့ ”
” မင်းရဲ့ ခွန်အားနဲ့ဆို မင်းက ဆာမြူရယ်ကို အနိုင်ယူနိုင်လောက်မှာ။ သူ့ကို ဖမ်းလိုက်တာ မင်းပဲဖြစ်မယ်။ ဒီလိုဆိုမှတော့ မင်းကို ဖမ်းပြီး ဆာမြူရယ်ကို လွှဲပေးဖို့ ပြောရတော့မှာပဲ ”
ဖုန်းလုံ၏ အကြည့်တို့က ရက်စက်ကြမ်းကြုတ်သွားလေ၏။
” ချင်းနျို ဒီလူကို ငါ အရင်ရှာတွေ့တာ။ သူ့ကို မတိုက်ခိုက်နဲ့။ သူ့ကို ငါ့လက်နဲ့ အပိုင်းပိုင်း စုတ်ဖြဲပစ်မယ် ”
ချင်းနျိုက ရယ်မောလိုက်၏။
” ဒါ အလုပ်မဖြစ်ဘူး။ ငါ မတိုက်ခိုက်ရတာ အတော်ကြာပြီ။ ငါ့လက်တွေ ယားနေတာ ကြာရောပေါ့။ ဒီနေ့ သူ့ကို သတ်ရမယ်။ အရှင်ကျားနတ်ဘုရား လာရင်တောင် ဒီလိုပဲ ပြောမှာပဲ ”
ဖုန်းလုံ၏ မျက်နှာက အေးစက်သွားလေ၏။
” မင်းက ငါနဲ့ တိုက်ခိုက်ချင်တာလား ”
” တိုက်ခိုက်မယ်ဆိုလည်း စိတ်မရှိဘူးနော် ”
အံ့ဖွယ်အဆင့်အောက် သားရဲနှစ်ကောင်ကြားရှိ အခြေအနေက တင်းမာလာတော့သည်။ တင်းမာမှုက ရန်လိုမှုများ ပြည့်နေ၏။ ထိုစဥ် ကျန်းချန်က ထပ်ပြောလိုက်သည်။
” မင်းတို့တွေ ဒီလောက် ဒုက္ခခံနေစရာ မလိုပါဘူး။ နှစ်ယောက်အတူ တိုက်ခိုက်လို့ရတယ် ”
ချင်းနျိုနှင့် ဖုန်းလုံ နှစ်ယောက်လုံးသည် သူ၏ စကားများကြောင့် အံ့သြထိတ်လန့်သွားလေ၏။ တစ်ချိန်တည်းတွင် လျိုချန်စွင်းက အမြန်ပြောလိုက်တော့သည်။
” ဒါရိုက်တာ ရူးနေလား။ သူတို့တွေက အံ့ဖွယ်အဆင့်အောက် သားရဲတွေလေ။ သူတို့ကို တစ်ယောက်ချင်း တိုက်ခိုက်တာက အလွန် အန္တရာယ်များနေပြီးသားပေါ့။ နှစ်ယောက်တစ်ယောက် တိုက်ခိုက်တာဖို့ဆို ပြောမနေနဲ့တော့ ”
ကျန်းချန်က ဆက်ပြုံးနေလေ၏။ သူက တည်ငြိမ်ပုံ ပေါ်နေသည်။
” တစ်ယောက်ချင်း တိုက်ခိုက်တာက အချိန်ဖြုန်းရာ ရောက်တာပဲ။ အတူ တိုက်ခိုက်ကြတာပေါ့။ ဒုက္ခသက်သာတယ် ”
လျိုချန်စွင်းက ထိတ်လန့်သွား၏။ ကျန်းချန်း၏ တည်ငြိမ်နေသော မျက်နှာထားကို ကြည့်ပြီး သူ နှလုံးခုန်နှုန်း မြန်လာတော့သည်။
ဒါရိုက်တာက ဘာကြောင့်များ ဒီလောက် ယုံကြည်ချက် ရှိနေရတာလဲ။
ဖြစ်နိုင်တာက သူက ဘုရင်နယ်ပယ်အောက်မှာ မဟုတ်တာများလား။ သူက အစစ်အမှန် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်များလား။
ဒါ့အပြင် သူက အမျိုးသားသိုင်းပညာရှင်တစ်ယောက်လေ။ ဘုရားရေ .. သူ့အထောက်အထားက အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်တည်းက တစ်ယောက်များလား။ မိုးနတ်မင်းကြီးရေ … ရူးလောက်စရာပဲ။
သူ့ဘဝတွင် စီရင်စု ၉ ခုထဲမှ ပုဂ္ဂိုလ်နှစ်ဦးထဲမှ တစ်ဦးကို အမှန်တကယ် တွေ့ကြုံခွင့်ရခဲ့၏။ ယင်းက ဂုဏ်တက်စရာပဲ ဖြစ်သည်။
ငါတေည့ ပွပေါက်တိုးပြီပဲ။
သူသည် ဓါးမော့ဓါးဝိဇ္ဇာကို မတွေ့ရပင်လျှင် ယခုအခေါက် ကျန်းဟိုင်မြို့တွင် နေရခြင်းက ဆုံးရှုံးမှု မဖြစ်ခဲ့ပေ။
လျိုချန်စွင်း၏ မျက်လုံးများက နီရဲသွားလေ၏။ သူက မျက်ရည်များ အနည်းငယ် ဆို့လာတော့သည်။
ဖုန်းလုံနှင့် ချင်းနျိုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ သူတို့က ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတော့၏။
ကျန်းချန်က ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေနိုင်မလား။ မဟုတ်ဘူးလေ။ ဒီနေရာက မြို့လေးတစ်မြို့ပဲကိုး။ ဒီလို လူတစ်ယောက် ဘယ်လိုလုပ် ရှိမှာလဲ။
သူတို့၌ အချက်အလက် ရှိသည်။ မြေပြင်ပေါ်ရှိ လူသားမျိုးနွယ်စု၏ စီရင်စု၉ခုထဲ၌ ဘုရင်နယ်ပယ် သိုင်းပညာရှင်( ၅ )ဦးသာလျှင် ရှိပြီး နှစ်ယောက်က အမျိုးသား ဖြစ်သည်။ မည်ကဲ့သို့ ထိုမျှ တိုက်ဆိုင်နိုင်မည်နည်း။ သူတို့က တစ်ယောက်ကိုတစ်ယောက် ပက်ပင်းတိုးရသေးသည်။
” ဟန့် မင်း ဟန်ဆောင်နေတာပဲ။ အတူ တိုက်ခိုက်ကြတာပေါ့ ”
ချင်းနျိုက ဖုန်းလုံကို ခေါ်ပြီးနောက် နှစ်ယောက်သား တိုက်ခိုက်ကြတော့၏။
အံ့ဖွယ်အဆင့်အောက် သားရဲနှစ်ကောင်၏ အဟုန်က ပေါက်ကွဲသွားတော့သည်။ စာကြည့်တိုက်တစ်ခုလုံးသည် ကြီးမားသည့် ဖိအားအောက် ချက်ချင်း ကျရောက်သွားပြီး သူတို့နှစ်ယောက်၏ အသန်မာဆုံးသော အဟုန်က ကျန်းချန်ဆီသို့ စုဝေးလာသည်။
သူတို့နှစ်ယောက်သည် ကျန်းချန်ကို လျှပ်ပြက်သည့်အရှိန်ဖြင့် မြန်မြန်ဖြေရှင်းရန် ကြိုးစားနေကြ၏။
ကံဆိုးသည်မှာ နှစ်ယောက်သားက ကျန်းချန်ရှေ့သို့ ရောက်သည့်အချိန်တွင် ပိုတောင် သန်မာပြီး ပိုကြမ်းတမ်းသည့် စွမ်းအင်က ကျန်းချန်၏ ခန္ဓာကိုယ်ထဲကနေ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။
စွမ်းအင်ပေါက်ကွဲပြီး မကြာမီ၌ ကောင်းကင်နှင့် မြေကြီး၏ အရောင်က ပြောင်းလဲသွားပြီး တိမ်စိုင်တိမ်မည်းများက တလှိမ့်လှိမ့် တက်လာကာ လေပြင်းတို့ တိုက်ခတ်လာလေ၏။ စွမ်းအင်က အစွမ်းထက်လွန်းလေရာ ကျန်းဟိုင်တစ်မြို့လုံးကို တောင် သက်ရောက်သွားစေသည်။
မရေမတွက်နိုင်သည့် စစ်သည်တော်များက အသက်ရှူရတာ တောင့်တင်းလာပြီး သူတို့က အသက်တောင် မရှူနိုင် ဖြစ်လာ၏။ ဖုန်းလုံ၏ သူငယ်အိမ်တို့က ကျုံ့သွားပြီး လျိုချန်စွင်းသည် ငိုမိတော့မတတ် ထအော်မိတော့မတတ် စိတ်လှုပ်ရှားနေလေသည်။
ဘုရင်နယ်ပယ်။
ဒါက ဘုရင်နယ်ပယ်ပဲ။ သူက အစစ်အမှန် ဒဏ္ဍာရီလာနယ်ပယ် သိုင်းပညာရှင်ကို တကယ်ကြီး တွေ့လိုက်ရပြီမဟုတ်လား။
အပိုင်း ၂၅၄ ပြီး၏။