အခန်း ၁၃၈။ ငရဲလောကခေါင်းတလားဈေးဆိုင်
“ချင်းချန်…ဒီကိစ္စကို အစ်ကိုသဘောတူသင့်လား။ ဘယ်လိုထင်လဲ”
တခဏလောက်တိတ်ဆိတ်သွားပြီးနောက် လီဟေးရွှေသည် လီချင်းချန်အား မေးလိုက်သည်။
ထိုသို့ကြားသည့်အခါ သူမသည် တခဏလောက်တွေးတောလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“အစ်ကို…ကြိုးစားကြည့်သင့်တယ်လို့ထင်တယ်”
“ဘာလို့လဲ”
“ဘာပဲပြောပြော ဟေရွှေမြစ်ထဲမှာ အလောင်းဆယ်ယူနေတာက အစ်ကိုအတွက် ရေရှည်မကောင်းဘူး။ အခု အလောင်းဖုံးအဝတ်စလည်း မရှိတော့တဲ့အတွက် အန္တရာယ်ကလည်း ခန့်မှန်းလို့မရဘူး။ ပြီးတော့ ဒီမှာပဲ ဆက်နေနေရင် အစ်ကိုတစ်ဘဝလုံးဒီမှာ ပိတ်မိနေလိမ့်မယ်။ ဘာလို့ ကျယ်ပြောတဲ့ကမ္ဘာကြီးကို မကြည့်ရမှာလဲ။ အစ်ကိုက သာမန်ထက်ထူးကဲတဲ့ ဘဝကို ရနိုင်တယ်”
“နောက်ဆုံးအနေနဲ့ ပြောရရင် တမန်တော်ဒေါင်းဖန်က အရမ်းအစွမ်းထက်တယ်။ သူ့ရဲ့ ခွန်အားက ညီမတို့ မှန်းဆလို့ မရနိုင်ဘူး။ တဖက်လူက သူ့မိတ်ဆွေဆိုတော့ သာမန်လူမဟုတ်လောက်ဘူး။ ဒီအချက်ကို အထွဋ်အထိပ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ကြည့်ရင်သိနိုင်တယ်။ တမန်တော်ဒေါင်းဖန်က ဖိတ်ခေါ်ခဲ့မှတော့ တစ်ချက်လောက်သွားကြည့်သင့်တယ်။ သူ့က လိမ်ပြောတယ်လို့တော့ မထင်ဘူး…” လီချင်းချန်သည် ဂရုတစိုက်ခွဲခြမ်းစိတ်ဖြာလိုက်သည်။
ထိုသို့ကြားသည့်အခါ လီဟေးရွှေသည် ပြုံလိုက်ပြီး ဘာမှ မပြောတော့ချေ။
“အင်…အစ်ကို စဉ်းစားလိုက်မယ်”
“အို…ဟုတ်သားပဲ…အစ်ကို ဒါက လီချန်ထျန်းအလောင်းလား။ အစ်… အစ်ကိုက သူ့ကို သတ်ဖို့ တမန်တော် ဒေါင်းဖန်ကို ခိုင်းလိုက်တာလား”
ရုတ်တရက် သူမသည် မြေပြင်မှ အလောင်းကို ကြည့်လျက်ပြောလိုက်သည်။
“အမှန်ပဲ။ အစ်ကို သတ်ခိုင်းလိုက်တာ”
“အစ်ကို…အစ်ကိုက…”
“ဟမ်း… ဒါကအဖေနဲ့ အမေအတွက် လက်စားချေတာပဲ။ လီရွှယ်တနဲ့ သူ့သားတွေကို သွေးနဲ့ ပေးဆပ်ရမယ်လို့ အစ်ကို ကျိန်ဆိုထားတယ်။ လီရွှယ်တက အစ်ကိုတို့ မိဘတွေကို သတ်ခဲ့တယ်။ ဒါက လက်စားချေတာပဲ။ အခု ဘယ်မှမသွားနဲ့ဦး။ အိမ်မှာပဲ ခနလောက်နေပါ။ အစ်ကိုကို တစ်ယောက်တည်းလွှတ်ထားပေးနော်”
ထိုသို့ပြောပြီးနောက် သူသည် လီချင်ချန်း၏တုန့်ပြန်မှုကို စောင့်မနေတော့ဘဲ အလောင်းကို စကြဝဠာသိုလှောင်အိတ်၌ သိမ်းဆည်းလိုက်သည်။
ထို့နောက် သူသည် ခြံဝင်းထဲမှ ထွက်ခွာသွားခဲ့သည်။
…
မကြာမီသူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်လျက် ခေါင်းတလားဆိုင်တစ်ခုရှေ့သို့ ရောက်လာခဲ့သည်။
ငရဲလောကခေါင်းတလားဈေးဆိုင်…။
“ဘာများလိုအပ်ပါသလဲ” အစိမ်းရောင်ဝတ်အစေခံတစ်ယောက်သည် ရှေ့ထွက်ကာမေးလိုက်သည်။
“ခေါင်းတလားတစ်ခုပေးပါ”
လီဟေးရွှေသည် အဆင့်နိမ့်စိမ်ဝိညာဉ်ကျောက်တုံးကို ကောင်တာဆီသို့ ချပေးလိုက်သည်။
“ဘယ်လို ပစ္စည်းနဲ့ လုပ်ထားတာလိုချင်ပါသလဲ။ ခေါင်းတလားတွေက သစ်သားခေါင်းတလား၊ နည်းနည်းပိုကောင်းတဲ့ ကြေးခေါင်းတလား၊ ပိုကောင်းတဲ့ နန်မူသစ်သားခေါင်းတလားနဲ့ အကောင်းဆုံးကျောက်စိမ်းခေါင်းတလားတွေရှိတယ် …”
“သာမန် သစ်သားခေါင်းတလားပဲ ပေးပါ”
“ကောင်းပြီ”
“ဘန်း”
အစိမ်းရောင်ဝတ် အစေခံသည် စိတ်ဝိညာဉ်ကျောက်တုံးကို သိမ်းဆည်းကာ ဆိုင်အတွင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ မကြာမီသူသည် သစ်သားခေါင်းတလားတစ်ခုကို ထပ်ကာထွက်လာခဲ့သည်။
“ခင်ဗျားက ခေါင်းတလားပဲဝယ်ချင်တာလား။ ကျွန်တော်တို့က အသုဘအခမ်းအနားအတွက် လိုအပ်တဲ့ အရာမျိုးစုံကို အငှားလိုက်ပေးပါတယ်။ ခင်ဗျားကျေနပ်စေရမယ်လို့ အာမခံတယ်” အစေခံသည် သေချာရှင်းပြလိုက်သည်။
လီဟေးရွှေသည် ဂရုတစိုက်နားထောင်လိုက်၏။
အသုဘအခမ်းအနားကျင့်ပရန် အမှန်တကယ်ပြင်ဆင်နေသည့်ပုံပင်…။
“လူကြီးမင်း…ကျွန်တော်တို့ရဲ့ အသုဘအခမ်းအနားဝန်ဆောင်မှုက ဟေရွှေ ရှေးဟောင်းမြို့တော်မှာ ဒုတိယဆိုရင် ဘယ်သူမှ ပထမလို့ပြောဝံ့မှာမဟုတ်ဘူး။ အကုန်လုံးအဆင်ပြေစေရမယ်။ ကိစ္စတစ်ခုလုံးကို ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းနိုင်တယ်၊ ခင်ဗျားလုံးဝကျေနပ်စေရမယ်။ ဈေးကတော့ နည်းနည်းမြင့်မှာပေါ့” အစေခံသည် သေချာပြောပြလိုက်သည်။
ထိုသို့ကြားသည့်အခါ လီဟေးရွှေသည် ပြုံးလိုက်သည်။
“ခင်ဗျားရဲ့ ငရဲလောက ခေါင်းတလားဈေးဆိုင်က တကယ်ပဲကောင်းတာလား”
“သေချာဝာာပေါ့…ခင်ဗျား ဘယ်လိုဝန်ဆောင်မှုမျိုးလိုချင်လဲ။ ကျွန်တော့်ကိုပြောပါ။ ခင်ဗျားလုံးဝ စိတ်ကျေနပ်စေရမယ်။ တကယ်လို့ ခင်ဗျား စိတ်ကျေနပ်မှုမရှိရင် လျော်ကြေးပြန်ပေးမယ်” အစေခံသည် ရင်ဘတ်ကို ပုတ်လျက်ပြောလိုက်သည်။
သူသည် အလေးအနက်ထားပြောနေသည်ကို မြင်သောအခါ လီဟေးရွှေသည် စိတ်ဝင်စားလာခဲ့သည်။
“ကျုပ်က အသုဘအခမ်းအနားတစ်ခုလုပ်ချင်ပေမယ့် လုပ်မဲ့သူရဲ့ အခြေအနေက နည်းနည်းထူးခြားတယ်။ ငရဲလောကခေါင်းတလားဆိုင်က ဒီကိစ္စကို တာဝန်မယူဝံ့လောက်ဘူး…”
ဘယ်လို…တာဝန်မယူဝံ့တာလား။
“လူကြီးမင်းက ကြီးကြီးကျယ်ကျယ်ပြောနေတာပဲ”
မည်းမှောင်သောလှောင်ရယ်သံတစ်ခုသည် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
“ဘုန်း”
လီဟေးရွှေက ထိုသို့ပြောလိုက်စဉ် သူ့ထက်ဆယ်ပေခန့်နီးပါးပိုရှည်သော လူတစ်ယောက်သည် သူ့နောက်၌ ပေါ်လာခဲ့သည်။
သူ့ပုခုံးပေါ်တွင် ကြေးခေါင်းတလားတစ်ခုရှိနေသည်။
“ခင်ဗျားကဘယ်သူလဲ”
“သူဌေး…ပြန်လာပြီလား”
သူက ပဟေဠိဖြစ်နေစဉ် အစေခံသည် လေးစားစွာ ပြောလိုက်သည်။
ငရဲလောက ခေါင်းတလားဆိုင်ရဲ့ ပိုင်ရှင်လား။
လီဟေးရွှေသည် အံ့အားသင့်သွားခဲ့သည်။
သူ့ရှေ့မှလူသည် ဤဆိုင်၏ ပိုင်ရှင်နှင့် လုံးဝမတူချေ။ ထိုအစား သူသည် အဆင်အခြင်မဲ့သည့် လူမိုက်တစ်ယောက်နှင့် တူပေသည်။
သူ့ရှေ့တွင် ရပ်နေလျက်ပင် လီဟေးရွှေသည် ထိတ်လန့်ဖွယ်ကောင်းသော ခံစားချက်ကို ရနေခဲ့သည်။ သူ၏ စိတ်ဝိညာဉ်သည်ပင်တုန်ရင်နေသလိုခံစားလိုက်ရသည်။
“လူကြီးမင်း…ဒါက ဒီဈေးဆိုင်ရဲ့ ပိုင်ရှင်၊ ချင်တာဖူ ပါ။ သူ့ကို ရှင်လင်းသူလို့ခေါ်နိုင်ပါတယ်။ အသုဘကိစ္စနဲ့ ပတ်သတ်လာရင် ငရဲလောကခေါင်းတလားဆိုင်က အရမ်းကျွမ်းကျင်မှုရှိတယ်။ တကယ်လို့ ခင်ဗျားလိုချင်တာရှိရင် သူဌေးကို တိုက်ရိုက်ပြောနိုင်တယ်” အစေခံသည် ရယ်မောကာပြောလိုက်သည်။
ထိုသို့ပြောပြီး သူသည် လီဟေးရွှေ၏ အကြည့်အောက်တွင်ပင် သူသည် ချင်တာဖူထံမှ ကြေးခေါင်းတလားကိုယူဆောင်ကာ ဆိုင်အတွင်းသို့ဝင်ရောက်သွားခဲ့သည်။
ဖြစ်စဉ်တစ်ခုလုံးသည် ချောမွေ့နေခဲ့သည်။
လီဟေးရွှေ၏ အတွေ့အကြုံအရ ထိုကြေးခေါင်းတလားသည် အလွန်လေးလံကြောင်း ပြောနိုင်ပေသည်။
…
သူသည် ပင် မသယ်ဆောင်နိုင်လောက်ချေ။
ငရဲလောကခေါင်းတလားဆိုင်မှ အစေခံသည် အလွယ်တကူ လုပ်ဆောင်သွားပေသည်။ ဤသို့ခွန်အားက မည့်ကဲ့သို့သော ခွန်အားမျိုးနည်း။
ငရဲလောက ခေါင်းတလားဈေးဆိုင်သည် သူထင်းထားသလောက် မရိုးရှင်းချေ။
“ဟားဟား…ခင်ဗျားအခုတော့ ဒီဆိုင်ရဲ့ စွမ်းအားကို သိပြီထင်တယ်၊ ဟုတ်တယ်မလား”
လီဟေးရွှေ၏ အမူအရာသည် သူ့အားအလွန်ကျေနပ်စေသည့်ပုံပင်။
“ခင်ဗျားအခုဏက ပြောတော့ ကျုပ်တို့မကိုင်တွယ်နိုင်လောက်ဘူးဆိုပဲ။ ပြောပါ…ဘယ်လိုဝန်ဆောင်မှုမျိုးလိုအပ်လဲ။ ခင်ဗျားတတ်နိုင်ရင် ကျုပ်က ရှမင်းဆက်အင်ပါယာရဲ့ အသုဘအခမ်းအနားကိုတောင်လုပ်ပေးနိုင်တယ်” ချင်တာဖူသည် လက်ပိုက်ကာပြောလိုက်သည်။
လီဟေးရွှေသည် အလွန်အံ့အားသင့်သွားခဲ့သည်။
“ဒါဆိုရင် ကျုပ်ပွင့်ပွင့်လင်းလင်းပြောမယ်။ လီမိသားစုရဲ့ အကြီးဆုံးသခင်လေး လီချန်ထျန်းက အိမ်ပြန်လမ်းမှာ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့တယ်။ ကျုပ်က သူ့မိတ်ဆွေဖြစ်တဲ့အတွက် သူ့ကို ငြိမ်ငြိမ်ချမ်းချမ်းအနားယူနိုင်အောင် ကူညီပေးချင်တယ်။ ဒီကိစ္စကို လက်ခံနိုင်မလား သိချင်မိပါရဲ့”
အမ်…လီချန်ထျန်းသေပြီလား။
ထိုသို့ကြားသည့်အခါ သူ့မျက်လုံးထဲ၌ အံ့အားသင့်သည့် အရိပ်အယောင်များဖြတ်ပြေးသွားသည်။
…
သူသည် လီဟေးရွှေကို ထူးဆန်းစွာကြည့်လိုက်သည်။
“ဒီကမ္ဘာမှာ ဘယ်အသုဘအခမ်းအနားကို မဆို ကျုပ်ရဲ့ ငရဲလောကခေါင်းတလားဈေးဆိုင်က တာဝန်ယူဆောင်ရွက်ပေးနိုင်တယ်”
“သေချာလား”
“သေချာတာပေါ့…ခင်ဗျားက ကျုပ်ဆိုင်ရဲ့ လုပ်နိုင်စွမ်းကို မေးခွန်းထုတ်နေတာလား။ ဘယ်လို ဝန်ဆောင်မှုမျိုးလိုအပ်လဲဆိုတာကိုပဲပြောပါ။ ဘယ်ကိစ္စမျိုးမဆို ပြီးပြည့်စုံအောင် ကူညီပေးမယ်” ချင်တာဖူသည် သူ့ရင်ဘတ်ကို ပုတ်လျက်ပြောလိုက်သည်။
သူ၏ အမူအရာအရ လီမိသားစုကိုပင် စိတ်ထဲမထားသည့်ပုံပင်။
ထိုသို့ သူ၏ ယုံကြည့်ချက် အပြည့်ရှိနေသည်ကို မြင်သည့်အခါ လီဟေးရွှေသည် ကစားလိုသည့် ဟန်ဖြင့် ပြုံးလိုက်သည်။
“ကောင်းပြီ…လီချန်ထျန်းအလောင်းကို လီမိသားစု ဘိုးဘေးမွေးနေ့ပွဲအခမ်းအနားကို သယ်သွားပေးလို့ရမလား။ ဘယ်လိုလဲ…ဒီကိစ္စကို လက်ခံနိုင်မလား”
သောက်ကျိုးနည်း…ဒီကောင်က အဆင်အခြင်မဲ့လွန်းတာပဲ။
ချင်တာဖူ၏မျက်လုံးများ၌ ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
“သေချာတာပေါ့…ကျုပ်လက်ခံနိုင်တယ်။ အလယ်အလတ်အဆင့် စိတ်ဝိညာဥ်ကျောက်တုံး ၁သန်းပေးရင် ကျုပ်လုပ်ပေးမယ်”
“အာမခံချက်ရှိလား”
“ဒါပေါ့… တခုခုမှားသွားတာရှိရင် ကျုပ်ဆိုင်ကို လာပြီး ပြန်ပြောနိုင်တယ်”
“ကောင်းပြီ”
လီဟေးရွှေသည် ပွင့်လင်းသော သူတစ်ဦးဖြစ်သည်။
သူသည် ချင်ချင်းပင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁သန်းကို ထုတ်ယူကာ ချင်တာဖူအားပေးလိုက်သည်။
ထို့နောက် သူသည် လီချန်ထျန်းအလောင်းကို သစ်သားခေါင်းတလားထဲ၌ ထည့်လိုက်သည်။
“ခင်ဗျားက လီမိသားစုခြံဝင်းအပြင်မှာနေပြီး ကျုပ်ရဲ့ အချက်ပြမှုကို စောင့်နေပေးပါ”
“ကောင်းတယ်…ခင်ဗျားက ပွင့်လင်းတာပဲ။ ဒီကိစ္စကို လှလှပပကိုင်တွယ်ပေးမယ်။ ပြဿနာတစ်ခုခုရှိရင် ကျုပ်ဆီသာလာခဲ့”
“ဒါဆိုလည်း သူဌေးချင်ရဲ့ ကျွမ်းကျင်မှုကို မျှော်လင့်နေပါမယ်…”
ထိုသို့ပြောပြီး လီဟေးရွှေသည် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။
…
သူထွက်ခွာသွားပြီးနောက် ချင်တာဖူသည် လီချန်ထျန်းအလောင်းကို ထည့်ထားသည့်ခေါင်းတလားအား ထမ်းယူလိုက်ပြီး ဆိုင်အတွင်းသို့ဝင်ရောက်သွားခဲ့သည်။
မကြာမီ သူသည် အဝါရောင်စာရွက်တစ်ခုကို ထုတ်ယူကာ စာလုံးများရေးသားလိုက်သည်။
“ညီအကိုတို့…အလုပ်လုပ်ရမဲ့ အချိန်ရောက်ပြီ။ ဟေရွှေ ရှေးဟောင်းမြို့တော်၊ လီမိသားစု”
“ခရတ်”
အစိမ်းရောင်အလင်းများတောက်ပသွားခဲ့ပြီး အဝါရောင်စာရွက်သည် လောင်ကျွမ်းသွားခဲ့သည်။
“ဝှစ်”
“ဝှစ်”
“ဝှစ်”
…
မကြာမိ ရက်စက်ပြီး စွမ်းအားကြီးပုံပေါ်သောလူများသည် ငရဲလောကခေါင်းတလားဈေးဆိုင်ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
သူတို့၏ မျက်လုံးများ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။