အခန်း၁၂၆။ အရူးတာအိုပညာရှင်၏ ဖိတ်ခေါ်မှု
တာရီနတ်ဆိုးဂိုဏ်း၊ ကောင်းကင်နတ်ဆိုးနန်းတော်…
ဤအချိန်တွင် လင်းဝူတသည် နန်းတော်၏ အဓိကနေရာ၌ ခြေချိတ်ထိုင်နေခဲ့သည်။ သူ၏ အမူအရာသည် တည်ငြိမ်သောရေစဲကဲ့သို့ပင် မည်သို့မှ ပြောင်းလဲမှုမရှိချေ။
ရုတ်တရက် အေးစက်သော သတိပေးချက်နှစ်ခုမြည်လာခဲ့သည်။
[ဒင်]
[ဂုဏ်ယူပါတယ်…ပိုင်ရှင်… သင်သည် ထျန်းရှင်းဓားဂိုဏ်းကို သိမ်းပိုက်နိုင်ခဲ့ပါသည်။ ကံစွမ်းအားအမှတ် +၄၀၀၀၀၀၀]
[ဂုဏ်ယူပါတယ်…သင်သည် ကျို့ကျိုနယ်မြေရှိ အင်အားစုကြီးသုံးခုကို ထိန်းချုပ်နိုင်ခဲ့ပြီး အပေါ်ယံအခြေအနေ၌ ထိပ်ဆုံးဖြစ်လာခဲ့ပါသည်။ ကံစွမ်းအားအမှတ် +၅၀၀၀၀၀၀]
…
[အမည် : လင်းဝူတ]
[ထင်ရှားသည့် လက္ခဏာ : အပြစ်သားမြို့တော်၏ အရှင်သခင်]
[ကျင့်ကြံခြင် : မဟာယာနယ်ပယ် နောက်ဆုံးအဆင့်]
[ကံစွမ်းအားအမှတ် : ၁၀၅၈၄၀၀၀]
ဟမြ…ဘာလဲဟ။
ရုတ်တရက်သတိပေးမှုသည် လင်းဝူတအားနိုးထသွားစေသည်။
လင်းဝူတသည် ထိုသတိပေးမှုကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလို့ ရွှမ်ထျန်းဂိုဏ်းမပါတာလဲ”
သူသည် ပဟေဠိဖြစ်သွားခဲ့သည်။
ယေဘုယကျကျပြောရလျှင် လီရွှယ်ရှန်နှင့် တခြားသူများ၏ ခွန်အားသည် ထျန်းရှင်းဓားဂိုဏ်းကို ထိန်းချုပ်နိုင်ခဲ့သလို ရွှမ်ထျန်းဂိုဏ်းကိုလည်း ထိန်းချုပ်နိုင်သင့်ပေသည်။
သို့သော်လည်း ထျန်းရှင်းဓားဂိုဏ်းအကြောင်းသာပါဝင်ပြီး ရွှမ်ထျန်းဂိုဏ်းနှင့် ပတ်သတ်ပြီး မပါဝင်ချေ။
မတော်တဆတစ်ခုခု ဖြစ်သွားတာလား။
အတွေးတစ်ခုသည် လင်းဝူတ၏ နှလုံးသားထဲ၌ ပေါ်လာခဲ့သည်။
“သခင်…လီရွှယ်ရှန်ပြန်ရောက်ပါပြီ”
ထိုအချိန်တွင် လီကန်ထျန်းသည် ဝင်ရောက်လာခဲ့ပြီး ရိုသေစွာ သတိပေးလိုက်သည်။
“သူ့ကို ဝင်ခွင့် ပေးလိုက်ပါ”
“ကောင်းပါပြီ”
အလွန်လျင်မြန်စွာဖြင့် လီကန်ထျန်းသည် ထိတ်လန့်နေသော လီရွှယ်ရှန်အား ကောင်းကင်နတ်ဆိုးခန်းမထဲသို့ခေါ်ဆောင်လာခဲ့သည်။
“နှုတ်ဆက်ပါတယ်…မြို့တော်အရှင်”
သူ၏ အိုမင်းသော ခန္ဓာကိုယ်သည် တုန်ရင်စွာဖြင့် အရိုအသေပေးလိုက်သည်။
“ဘာလို့ ထျန်းရှင်းဓားဂိုဏ်းတစ်ခုတည်းပဲ ဖျက်စီးခဲ့တာလဲ။ ရွှမ်ထျန်းဂိုဏ်းက ဘာဖြစ်လို့လဲ” လင်းဝူတသည် ပြတ်သားစွာမေးလိုက်သည်။
ဘယ်လို…မြို့တော်အရှင်က သိနေတာလား။
လီရွှယ်ရှန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းမော့လိုက်သည်။
“မြို့တော်အရှင်…ဒီတစ်ကြိမ်မှာ ရွှမ်ထျန်းဂိုဏ်း… ရွှမ်ထျန်းဂိုဏ်းမှာ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ အရှင့်ရဲ့ အစီအစဉ်အတိုင်း ရွှမ်ထျန်းဂိုဏ်းကို ဖျက်စီးဖို့သွားခဲ့ပေမယ့် မူလကောင်းကင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက် စောင့်ကြပ်နေတဲ့အတွက် လက်ဗလာနဲ့ ပြန်ခဲ့ရပါတယ်။ ကျူပ်တို့ ထပ်မံသတင်းရလိုက်တဲ့အချိန်မှာ ရွှမ်ထျန်းဂိုဏ်းက ဂိုဏ်းကို ဖျက်သိမ်းပြီး အရင်းအမြစ်တွေကို သိမ်းဆည်းကာ ထွက်ပြေးသွားခဲ့ကြပါပြီ” သူသည် တုန်ရင်စွာဖြင့် ပြန်ဖြေလိုက်သည်။
ထိုသို့ပြောပြီးနောက် လင်းဝူတ၏ အပြစ်ပေးမှုကို စောင့်ဆိုင်းနေသကဲ့သို့ သူသည် မြေပြင်တွင် တုန်ရင်စွာ ခေါင်းငုံနေခဲ့သည်။
ရွှမ်ထျန်းဂိုဏ်းမှာ မူလကောင်းကင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ရှိတာလား။ အားလုံးထွက်ပြေးသွားကြတာလား။
ထိုသို့ကြားသည့်အခါ လင်းဝူတ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။
“မူလကောင်းကင်နယ်ပယ်ဆိုတာ သေချာလား”
“ဟုတ်ကဲ့… သေချာပါတယ်”
“သူက ဘယ်သူလဲ၊ ဘယ်ကလာတာလဲဆိုတာ ခင်ဗျားသိလား”
“ဒါက… ကျုပ်သေချာမသိပါဘူး”
လီရွှယ်ရှန်သည် တုန်ရင်စွာခေါင်းခါလိုက်သည်။ သူသည် လီချန်ဖုန်နှင့် တွေ့ဆုံခဲ့သည့်အကြောင်းကို အသေးစိတ် ပြန်ပြောပြလိုက်သည်။
ထိုသို့ကြားသည့်အခါ လင်းဝူတသည် ပို၍ မျက်မှောင်ကြုတ်သွားခဲ့သည်။
“မြို့တော်အရှင်…အဲဒီ မူလကောင်းကင်နယ်ပယ်ကျွမ်းကျင်သူက လီရွှယ်ရှန်ကို ခက်ခဲအောင်မလုပ်ချင်တဲ့ပုံပဲ။ သူက ရွှမ်ထျန်းဂိုဏ်းရဲ့ ဧည့်သည်တစ်ယောက်ဖြစ်နိုင်တယ်။ ရွှမ်ထျန်းဂိုဏ်းနဲ့ ဘာမှ မပတ်သတ်လောက်ဘူး” ထိုအချိန်တွင် ယင်စစ်မင်သည် တွေးတောကာပြောလိုက်သည်။
ထိုသို့ကြားသည့်အခါ လင်းဝူတသည် သဘောတူစွာခေါင်းညိတ်လိုက်သည်။
“အင်… တကယ်လို့ မူလကောင်းကင်နယ်ပယ်ကျွမ်းကျင်သူသာ ခင်ဗျားကို သတ်ချင်ရင် ခင်ဗျားဒီကို အသက်ရှင်လျက် ပြန်မလာနိုင်ဘူး။ ခင်ဗျားတို့အားလုံးကို အဲဒီ နေရာမှာတင် တစ်ချက်တည်းနဲ့ သတ်ဖြတ်လောက်တယ်”
သူ၏ အမူအရာသည် အနည်းငယ် မှုန်ကုပ်နေခဲ့သည်။
ရွှမ်ထျန်းဂိုဏ်းအား အလွတ်ပေးလိုက်ခြင်းသည် သူ၏ ကံစွမ်းအားအမှတ် ၁၀သန်းကျော်လောက် အလဟသတ်ဖြစ်သွားစေသည်။
ဤဆုံးရှုံးမှုသည် နည်းနည်း များလွန်းပေသည်။
“မြို့တော်အရှင်… သူတို့ကိုရှာဖို့ ကျို့ကျိုနယ်မြေတစ်ခုလုံး လူတွေစေလွှတ်ထားလိုက်ရမလား။ ရွှမ်ထျန်းဂိုဏ်းမှာ ဂိုဏ်းသားများစွာရှိတယ်။ သူတို့က တစ်ချိန်တည်းမှာ ထွက်ပြေးသွားတဲ့အတွက် သဲလွန်စတွေကျန်ခဲ့မှာပဲ”
“မလိုဘူး။ ဒီကိစ္စအတွက် ကျုပ်မှာ အစီအစဉ်ရှိတယ်။ လီရွှယ်ရှန်…ခင်ဗျားရဲ့ နောက်ထပ်တာဝန်က အင်အားစုကြီး သုံးခုရဲ့ အရင်းအမြစ်တွေနဲ့ လူတွေကို စုဆောင်းဖို့ဖြစ်တယ်။ သူတို့ကို အပြစ်သားမြို့တော်ရဲ့ ထိန်းချုပ်မှုအောက်ကို အမြန်ဆုံးရောက်စေချင်တယ်။ သူတို့ ငြင်းပယ်ရင် အကုန်လုံးသတ်ပလိုက်။ တကယ်လို့ ဒီကိစ္စကိုလည်း ကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့ရင် ခင်ဗျားကို ထပ်ထားစရာမလိုတော့ဘူး”
သူ၏ အေးစက်ပြီး ခံစားချက်မဲ့သောအသံသည် ထွက်ပေါ်လာခဲ့သည်။
“မစိုးရိမ်ပါနဲ့…မြို့တော်အရှင်… လုံးဝစိတ်မပျက်စေရပါဘူး၊ တာဝန်ကို အကောင်းဆုံးပြီးဆုံးစေရပါမယ်လို့ အာမခံပါတယ်” လီရွှယ်ရှန်သည် ခိုင်မာစွာပြောလိုက်သည်။
“ကောင်းပြီ… ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရတာပေါ့”
လင်းဝူတသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
လီရွှယ်ရှန်သည် ထျန်းရှင်းဓားဂိုဏ်း၏ အရင်းအမြစ်များကို ပေးအပ်ပြီးနောက် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ကောင်းကင်နတ်ဆိုးခန်းမမှ ထွက်ခွာသွားခဲ့သည်။
…
…
သူထွက်ခွာသွားပြီးနောက် လင်းဝူတသည် ကျန်သည့်သူများကိုလည်း ထွက်သွားခိုင်းလိုက်သည်။
ထို့နောက် သူသည် နတ်ဘုရားဆင့်ခေါ်ခြင်းစာရွက်ကို ထုတ်ယူလိုက်သည်။
[ရွှမ်ထျန်းဂိုဏ်းရဲ့ မူလကောင်းကင်နယ်ပယ်ကျွမ်းကျင်သူက ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား]
“ဝှစ်”
တောက်ပသော အလင်းရောင်သည် ထွက်ပေါ်လာခဲ့သည်။
တခဏကြာပြီးနောက် နတ်ဘုရားဆင့်ခေါ်ခြင်းစာရွက်တွင် စာလုံးများပေါ်လာခဲ့သည်။
[ဟေရွှေ ရှေ့ဟောင်းမြို့တော်၊ ကိုးယောက်မြောက်သခင်လေး၊ လီချန်ဖုန်]
ဟမ်…ဟေရွှေ ရှေ့ဟောင်းမြို့တော်လား။
ထိုအမည်ကို မြင်သောအခါ လင်းဝူတ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။
သူသည် ကျို့ကျိုနယ်မြေ၌ မရေမတွက်နိုင်သော လျှို့ဝှက်အဖွဲ့အစည်းများရှိနေသည်ကို သိပေသည်။ ဟေရွှေ ရှေ့ဟောင်းမြို့တော်သည် ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ အခြေခံသည် နှစ်၅၀၀၀သက်တမ်းရှိပေသည်။
သူတို့၏ အခြေခံနှင့် ခွန်အားသည် ပြောစရာမလိုအောင်အလွန်သန်မာလွန်းပေသည်။
…
“ကိုးယောက်မြောက်သခင်လေး လီချန်ဖုန်… အခွင့်အရေးရှိရင် ခင်ဗျားနဲ့ ဆုံချင်သေးတယ်။ ခင်ဗျားက ကျုပ်ကို ကံစွမ်းအားအမှတ် ၁၀သန်းနီးပါးဆုံးရှုံးအောင်လုပ်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတစ်ခုခုတော့ ပေးဆပ်ရမယ်”
လင်းဝူတ၏ မျက်လုံးများသည် အေးစက်သွားခဲ့သည်။
လီချန်ဖုန်သည် သူ၏ အကြံအစည်များအားပျက်စီးစေခဲ့သည်။ အကယ်၍ တဖက်လူသည် သူ့အား ကျေနပ်အောင် မရှင်းပြနိုင်လျှင် သတ်ဖြတ်ရပေမည်။
ထိုသို့တွေးပြီး သူသည် သက်ရှိများအားလုံး၏ စာအုပ်ကို ထုတ်ယူလိုက်ကာ သူ့အကူအညီလိုအက်သူများရှိနေသလားဟု ကြည့်လိုက်သည်။
ကံဆိုးစွာပင် ဘာမှ မရှိချေ။
သူသည် စိတ်ပျက်နေစဉ် ရုတ်တရက် စနစ်၏ သိုလှောင်ခန်းသည် အချက်ပြလာခဲ့သည်။
“ဝှစ်”
အတွေးတစ်ခုဖြင့် ထူးဆန်းသော ဖိတ်စာတစ်စောင်သည် သူ့လက်ထဲ၌ ပေါ်လာခဲ့သည်။
အရူးတာအိုပညာရှင်ရဲ့ ဖိတ်ခေါ်စာလား။
လင်းဝူတ၏ မျက်လုံးများသည် မြင့်တက်သွားခဲ့သည်။
အရူးတာအိုပညာရှင်သည် သူ့အတွက် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အလောင်းများစုဆောင်းပေးရန် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုကို ခေါ်သွားမည်ဟု ကတိပေးဖူးသည်ကို သူသတိရသွားသည်။ ထိုကိစ္စသည် ဤနေ့တွင် ဖြစ်လာသည်လား။
ထိုသို့တွေးပြီး သူသည် ဖိတ်ခေါ်စာကို ချက်ချင်းဖွင့် ဖတ်လိုက်သည်။
“ဝှစ်”
တောက်ပသော အလင်းတန်းများသည် ထွက်ပေါ်လာခဲ့ပြီး စကားလုံးများအဖြစ်ပြောင်းလဲသွားခဲ့သည်။
[ညီလေးရမ်… ငါ ဟေရွှေ ရှေ့ဟောင်းမြို့တော်ကို သွားမလို့။ မင်း ငါနဲ့အတူတူ ကိစ္စကြီးတစ်ခုခုကို လုပ်ဖို့ စိတ်ဝင်စားလား။ အဲဒီအချိန်ကျရင် စွမ်းအားကြီး။ပုဂ္ဂိုလ်တွေရဲ့ အလောင်းအမြောက်အများကို ရမယ်လို့ အာမခံတယ်]
[အားအနည်းဆုံးတောင် မူလကောင်းကင်နယ်ပယ်ရှိတယ်]
[လက်ခံမလား/ငြင်းပယ်မလား]
…
ဟေရွှေ ရှေ့ဟောင်းမြို့တော်မှာ ကိစ္စကြီးတစ်ခုခုလုပ်မှာလား။
လင်းဝူတသည် ထိုဖိတ်စာကို ရသည့်အခါ အံ့ဩသွားခဲ့သည်။
“ဘယ်လောက်တောင်တိုက်ဆိုင်လိုက်သလဲ”
ထိုသို့ပြောပြီး သူသည် လက်ခံမည်ဟုသော စကားလုံးကို ရွေးချယ်လိုက်သည်။
[ကောင်းတယ်…ညီလေးရမ်။ ငါတို့ အတူတူ အလုပ်လုပ်ကြတာပေါ့]
[ငါ့ကို ဟေရွှေ ရှေ့ဟောင်းမြို့တော်မှာ စောင့်နေပါ။ ဒီမှာ ပြင်ဆင်စရာနည်းနည်းရှိသေးတယ်။ အားလုံးအဆင်အသင့်ဖြစ်ရင် မင်းကို ဆက်သွယ်လိုက်မယ်]
[ပြေရရင် ဒီကိစ္စက နည်းနည်းအန္တရာယ်များတယ်။ မင်းလည်း ပြင်ဆင်ထားသင့်တယ်။ အနည်းဆုံး ကောင်းကင်စက်ဝန်းနယ်ပယ် ကျင့်ကြံသူရဲ့ ခြိမ်းခြောက်မှုကို ရှောင်လွဲနိုင်ရမယ်]
ဟမ်…သူက ဘာတွေစီစဉ်နေတာလဲ။
လင်းဝူတသည် ပို၍ အံ့ဩသွားခဲ့သည်။
အရူးတာအိုပညာရှင်၏ လေးနက်သော သတိပေးချက်အရ ဤကိစ္စသည် သေးငယ်သော ကိစ္စတစ်ခုမဟုတ်နိုင်ပေ။
“ဟေရွှေ ရှေ့ဟောင်းမြို့တော်ရဲ့ ဘိုးဘေးဂူသင်္ချိုင်းကို ဖောက်ထွင်းမယ်လို့တော့ မပြောနဲ့” သူသည် ရယ်မောကာ ခေါင်းခါလိုက်သည်။
သူသည် ယုတ်တိမရှိသော အတွေးများကို ဖယ်ထုတ်လိုက်ကာ ပုံမှန်အခြေအနေသို့ ပြန်ရောက်စေခဲ့သည်။
အရူးတာအိုပညာရှင်သည် ရူးသွပ်သော်လည်း ထိုသို့လုပ်နိုင်သော ခွန်အားမရှိချေ။
သို့သော်လည်း အရူးတာအိုပညာရှင်၏ အကြံပြုချက်အတိုင်းပြင်ဆင်မှုအချို့ပြုလုပ်ရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။
ထို့နောက် သူသည် ထျန်းရှင်းဓားဂိုဏ်းမှ ရရှိလာသည့် အရင်းအမြစ်များအား ကံစွမ်းအားအမှတ်နှင့် လဲလှယ်လိုက်သည်။
[ဂုဏ်ယူပါတယ်…သင်သည် ထျန်းရှင်းဓားဂိုဏ်း၏ အရင်းအမြစ်များကို ပေးလှူခဲ့သည့်အတွက် ကံစွမ်းအားအမှတ် ၅၀၀၀၀၀၀ရရှိပါသည်]
[အမည် : လင်းဝူတ]
[ကံစွမ်းအားအမှတ် : ၁၅၅၈၄၀၀၀]
…
“စနစ်…လီကန်ထျန်းကို ကောင်းကင်စက်ဝန်းနယ်ပယ်အထိ မြှင့်တင်ဖို့ ကံစွမ်းအားအမှတ် ဘယ်လောက်လိုမလဲ”
[၄သန်း]
“အင်…အဆင့်မြှင့်မယ်”
၄သန်းဟူသော ပမာဏသည် ယခုလင်းဝူတ၏ ကြွယ်ဝမှုအတွက် ဘာမှ မဟုတ်ချေ။
သူ၏ ကျင့်ကြံခြင်းသည် အဆင့်တက်ရန်နှေးသည့်အတွက် လီကန်ထျန်းကိုသာ အဆင့်မြှင့်တင်ရပေမည်။
လုပ်စရာရှိသာသည်များကို လုပ်ပြီးနောက် လင်းဝူတသည် တွေးတောလိုက်သည်။ အပြစ်သားမြို့တော်၏ ခွန်အားကို တောင့်တင်းခိုင်မာစေရန် သူသည် နောက်ထပ် သေမင်းတမန်၁၁ယောက်အား ကံစွမ်းအားအမှတ်၇.၇သန်းအသုံးပြုကာ မဟာယာနနယ်ပယ်အထိ မြှင့်တင်ပေးလိုက်သည်။
ထို့နောက် လင်းဝူတသည် ကျန်နေသေးသော ကံစွမ်းအားအမှတ်များကို ကြည့်လိုက်သည်။ ထို့နောက် ကံစွမ်းအားအမှတ် ၄သန်းအသုံးပြုပြီး သူသည် နောက်ထပ် မူလတာအိုပုံစံတစ်ခုအားဖွင့်လိုက်သည်။ သူ့ နတ်အာရုံသည် မိုင်၁၀၀၀၀အထိ ကျယ်ပြန့်လာခဲ့သည်။
“နောက်ထပ်အနေနဲ့… အင်းအားစုကြီးသုံးခုရဲ့ အင်အားကို စုစည်းပြီးရင် ဟေရွှေ ရှေ့ဟောင်းမြို့တော်ကို စိတ်ပူစရာမလိုပဲ သွားလို့ရပြီ”
သူသည် အစီအစဉ်များ ချမှတ်ပြီးနောက် ဆက်လက် ကျင့်ကြံလိုက်သည်။