အခန်း ၁၂၅။ တစ်ဂိုဏ်းက လွတ်မြောက်ပြီး တစ်ဂိုဏ်းက အမြစ်ပြတ် ရှင်းလင်းခံရခြင်း
“ဂိုဏ်းသားတို့… ရွှမ်ထျန်ဂိုဏ်းကို ဝိုင်းလိုက်ကြစမ်း။ တစ်ယောက်မှ မလွတ်စေနဲ့”
ဒေါသတကြီး အော်ဟစ်သံသည် အရပ်မျက်နှာတိုင်းသို့ ပြန့်နှံ့သွားခဲ့သည်။
“ဝရော”
ချက်ချင်းပင် တာရီနတ်ဆိုးဂိုဏ်းသားများသည် အမိန့်ရသည့်အခါ ရွှမ်ထျန်းဂိုဏ်းအားဝန်းရံလိုက်ကြသည်။
အေးစက်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ဒီရေအလား လှိမ့်တက်လာခဲ့သည်။
“ဂိုဏ်းချုပ်…လီရွှယ်ရှန်က တာရီနတ်ဆိုးဂိုဏ်းသားတွေကို ဦးဆောင်ပြီး ရွှမ်ထျန်းဂိုဏ်းကို ဝန်ရံထားပါတယ်…” တပည့်တစ်ယောက်သည် ထိတ်လန့်တကြားပြောလိုက်သည်။
ထိုသို့ကြားရသည့်အခါ မို့ချန်ခုန်နှင့် တကြားသူများသည် အံ့ဩသွားကြသည်။
“ဝှစ်”
“ဝှစ်”
“ဝှစ်”
…
ချက်ချင်းပင် လူတိုင်းသည် အဓိကခန်းမ၌ စုစည်းလိုက်ကြသည်။
သူတို့သည် တာရီနတ်ဆိုးဂိုဏ်းဝိုင်းရံထားသည့် ဂိတ်တံခါးကို ကြည့်လိုက်ကြည်။ သူတို့အားလုံးသည် အစွမ်းထက်သော အော်ရာကို ထုတ်လွှတ်ထားသည်။ ခွန်အားအားဖြင့် ပြောရသော် သူတို့အားလုံးသည် ရွှမ်ထျန်ဂိုဏ်းထက် သာနေပေသည်။
ခေါင်းဆောင်သည် တာရီနတ်ဆိုးဂိုဏ်း၏ ဘိုးဘေး၊ လီရွှယ်ရှန်ဖြစ်သည်။
“လီရွှယ်ရှန်…ငါ့ရဲ့ ရွှမ်ထျန်းဂိုဏ်းကို တိုက်ခိုက်ဖို့ မင်းကို ဘယ်သူသတ္တိပေးလိုက်တာလဲ” မို့ချန်ခုန်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏ ခန့်ညားသော မျက်နှာသည် ယခုအချိန်၌ မဲမှောင်နေခဲ့သည်။
တချိန်တည်းတွင် သူ၏ နှလုံးသားထဲမှ သန်မာသော ထိတ်လန့်ကြောက်ရွံ့မှုနှင့် မလွယ်ကူမှုတို့ကို ခံစားလိုက်ရသည်။
ယခုပြသထားသည့် တာရီနတ်ဆိုးဂိုဏ်း၏ ခွန်အားအရ ရွှမ်ထျန်းဂိုဏ်းသည် သူတို့၏ ပြိုင်ဘက်မဟုတ်ချေ။
“မို့ချန်ခုန်…အညံ့ခံစမ်း… အခု ရွှမ်ထျန်းဂိုဏ်းရဲ့ ခွန်အားနဲ့ ဆိုရင် တာရီနတ်ဆိုးဂိုဏ်းရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ ငါ့စကားကိုနားထောင်ပြီး ရုန်းကန်နေတာကို ရပ်လိုက်ပါ။ ဒီလိုမှမဟုတ်ရင် ရလဒ်က ပိုပြီး ဆိုးဝါးသွားလိမ့်မယ်ေ”
လီရွှယ်ရှန်သည် စိတ်ဝိညာဉ်လှေပေါ်၌ မထူးခြားစွာရပ်နေခဲ့သည်။
*ဟတ်…အရှုံးပေးရမှာလား*
မိုချန်ခုန်သည် နှာခေါင်းရှုံ့လိုက်သည်။
“ဘယ်သူနိုင်မလဲမသိသေးပါဘူး။ တကယ်လို့ မင်း အရမ်းကြမ်းနေရင် ငါ့ရဲ့ ရွှမ်ထျန်းဂိုဏ်းကို ဖျက်စီးလိုက်လေ”
သူသည် ပြန်ဖြေလိုက်သည်။
ဆန်းကြယ်ကောင်းကင်နယ်ပယ်ကျွမ်းကျင်သူနှင့် ရင်ဆိုင်နေရသည့်တိုင်အောင် သူသည် လုံးဝနောက်မဆုတ်ချေ။
ထိုသို့မြင်သောအခါ လီရွှယ်ရှန်၏ မျက်နှာသည် အေးစက်သွားခဲ့သည်။
“ဟင်…ခေါင်းမာတဲ့ကောင်… မင်းက သေချင်မှတော့ မင်းဆန္ဒကို ဖြည့်စည်းပေးမယ်”
“ဘုန်း”
ထိုသို့ပြောပြီးနောက် လီရွှယ်ရှန်သည် လက်ဝါးတစ်ချက်ရိုက်ချလိုက်ကာ မို့ချန်ခုန်အား ဖိနှိပ်လိုက်သည်။ ဆန်းကြယ်ကောင်းကင်နယ်ပယ်ခွန်အားကို အပြည့်အဝ ထုတ်ဖော်ထားပေသည်။
“အဖေ… ဂရုစိုက်ပါ” မို့ယွင်ရှောင်သည် အော်ပြောလိုက်သည်။
ယခုအချိန်တွင် မို့ချန်ခုန်သည် ဒဏ္ဍာရီလာနယ်ပယ် အလယ်အလတ်အဆင့်သာရှိသေးသည်။ လီရွှယ်ရှန်ကဲ့သို့ ဆန်ကြယ်ကောင်းကင်နယ်ပယ်ကျွမ်းကျင်သူအား ရင်ဆိုင်ရခြင်းသည် ကျောက်တုံးကို ကြက်ဥဖြင့် ကိုင်ပေါက်နေခြင်းနှင့် တူပေသည်။
မို့ယွင်ရှောင်သည် ထိုတိုက်ခိုက်မှုကို တားဆီးရန်ပြင်လိုက်စဉ်…
“ဒုန်း”
ထိုအချိန်တွင် ကျောက်စိမ်းကဲ့သို့ ပျော့ပျောင်းသော လက်တစ်ချောင်းသည် ထွက်ပေါ်လာခဲ့ပြီး တိုက်ခိုက်မှုကို ပေါ့ပါးစွာဖယ်ရှားလိုက်သည်။ လီရွှယ်ရှန်၏ တိုက်ခိုက်မှုသည် ချက်ချင်းပင် ဖျက်စီးခံလိုက်ရသည်။
“ညီအကို ချန်ဖုန်လား”
ထိုကြီးမားသော လက်ပိုင်ရှင်ကို ကြည့်လိုက်သည့်အခါ မို့ယွင်ရှောင်သည် အံ့ဩသွားခဲ့သည်။
ဘာလဲဟ…။
တချိန်တည်းတွင် လီရွှယ်ရှန်သည် လီချန်ဖုန်အား အံ့အားသင့်စွာ ကြည့်လိုက်သည်။
“သူလည်း ဆန်းကြယ်ကောင်းကင်နယ်ပယ်ပဲလား”
သူသည် အံ့ဩသွားခဲ့သည်။ သူအသုံးပြုလိုက်သည့် လက်ဝါးတွင် သူ၏ ခွန်အား အားလုံးနီးပါးထည့်ထားခဲ့သော်လည်း လီချန်ဖုန်သည် အလွယ်တကူဖျက်စီးလိုက်သည်။ ထိုသို့သောခွန်အားမျိုးသည် သေချာပေါက် ဆန်းကြယ်ကောင်းကင်နယ်ပယ် နောက်ဆုံးအဆင့် ခွန်အားဖြစ်သည်။
“ရွှမ်ထျန်းဂိုဏ်းက သူ့ကို ဘယ်လို ရှာတွေ့ထားတာလဲ”
လီရွှယ်ရှန်၏ သူငယ်အိမ်များသည် ကျုံ့သွားခဲ့ရသည်။ သူ၏ မျက်လုံးများသည် လီချန်ဖုန်အား စိုက်ကြည့်နေခဲ့သည်။
တဖက်လူ၏ တည်ငြိမ်နေမှုသည် သူ့အားအပြင်းအထန် ခြိမ်းခြောက်မှုကို ဖြစ်စေသည်။
“မင်းက ဘယ်သူလဲ”
လီရွှယ်ရှန်သည် လီချန်ဖုန်၏ နောက်ခံကို မသိပဲ မဆင်မခြင်မပြုမှုဝံ့ချေ။
သူ၏ မေးမြန်းမှုကို ကြားသည့်အခါ လီချန်ဖုန်သည် ဖျော့တော့စွာပြုံးလိုက်သည်။
“ကျုပ်က ရွှမ်ထျန်ဂိုဏ်းရဲ့ ဧည့်သည်တစ်ယောက်ပဲ”
ဧည့်သည်လား။
လီရွှယ်ရှန်သည် လုံးဝမယုံကြည်ပေ။
“ခင်ဗျားက အပြစ်သားမြို့တော်အရှင်ရဲ့ အမိန့်ကြောင့် ဒီကိုလာခဲ့တာဖြစ်မယ်။ ဒီနေ့ ကျုပ်က ရွှမ်ထျန်းဂိုဏ်းရဲ့ ဧည့်သည်တစ်ယောက်ဖြစ်တဲ့အတွက် ဒီအတိုင်းဖျက်စီးခံရမှာကို ကြည့်မနေနိုင်ဘူး။ ကိုပါကို မျက်နှာသာအချို့ပေးနိုင်မလား” လီချန်ဖုန်သည် တည်ငြိမ်စွာပြောလိုက်သည်။
“ဘုန်း”
ထိုသို့ပြောပြီးနောက် ထိတ်လန့်ဖွယ်ကောင်းသော အော်ရာကို ထုတ်လွှတ်လိုက်ပြီး တောင်တန်းများကိုပင် တုန်ခါသွားစေသည်။
“မူလကောင်းကင်နယ်ပယ်လား”
လီရွှယ်ရှန်သည် ဖြူဖျော့သည့်အထိ ထိတ်လန့်သွားခဲ့သည်။ သူသည် လီချန်ဖုန်ကို ထိတ်လန့်စွာကြည့်လိုက်သည်။
…
“ဒီ မူလကောင်းကင်နယ်ပယ်ကျွမ်းကျင်သူကို ရွှမ်ထျန်းဂိုဏ်းက ဘယ်နေရာက ရှာတွေ့ခဲ့တာလဲ”
သူသည် လက်သီးဆုပ်မိလိုက်သည်။
မူလကောင်းကင်နယ်ပယ်ကျွမ်းကျင်သူ၏ စောင့်ကြပ်မှုဖြင့် ဆိုလျှင် သူသည် ရွမ်ထျန်းဂိုဏ်းအား ဖျက်စီး၍ မရနိုင်တော့ချေ။
ဤအချိန်တွင် သူသည် နောက်ဆုတ်ချင်နေပေပြီ…။
“မင်းက ရွှမ်ထျန်းဂိုဏ်းအတွက် ရပ်တည်ပေးမယ်ဆိုတော့ ဒီနေ့ကိစ္စမေ့လိုက်တော့။ သွားကြစို့”
ထိုသို့ပြောပြီး လီရွှယ်ရှန်သည် တာရီနတ်ဆိုးဂိုဏ်းသားများကို ဦးဆောင်ကာ ရွှမ်ထျန်းဂိုဏ်းမှအလျင်အမြန်ထွက်ခွာလာခဲ့ကြသည်။
တခဏအတွင်းမှာပင် သူတို့သည် ပျောက်ကွယ်သွားခဲ့သည်။
ထိုသို့မြင်သောအခါ မို့ချန်ခုန်သည် စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီး လီချန်ဖုန်အား ကျေးဇူးတင်စွာကြည့်လိုက်သည်။
“ညီအကိုချန်ဖုန်…ဘာလို့ တာရီနတ်ဆိုးဂိုဏ်းကို အမြစ်ပြတ် မရှင်းထုတ်လိုက်တာလဲ။ ဒီနေ့အလွတ်ပေးလိုက်ရင် အနာဂတ်မှာ မဟာကပ်ဘေးကြီးတစ်ခုဖြစ်လာလိမ့်မယ်” မို့ယွင်ရှောင်သည် သက်ပြင်းချကာပြောလိုက်သည်။
ထိုသို့ အခွင့်အရေးကောင်းတစ်ခုသည် ဆုံးရှုံးသွားခဲ့ရသည်။ သူသည် အလွန် ဆန္ဒပြင်းပြနေခဲ့သည်။
အရိုးသားဆုံးပြောရလျှင် သူတစ်ယောက်တည်းမဟုတ်ချေ။ မို့ချန်ခုန်နှင့် ရွှမ်ထျန်းဂိုဏ်းတစ်ခုလုံးထိုသို့တွေးတောနေကြသည်။ သူတို့သည် အနာဂတ်တွင် ပြဿနာမဖြစ်လာစေရန် သူတို့အား ချက်ချင်းသတ်ဖြတ်လိုပေသည်။
…
သူတို့အား ယနေ့တွင် အလွတ်ပေးလိုက်သည့်အတွက် အနာဂတ်တွင် သေချာပေါက်ပြန်လာပေလိမ့်မည်။
ထိုအချိန်တွင် ရွှမ်ထျန်းဂိုဏ်းသည် အဆုံးသတ်သွားပေလိမ့်မည်။
ထိုသို့တွေးပြီး လူတိုင်း၏ နှလုံးသားထဲ၌ စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
လီချန်ဖုန်သည် သူတို့၏ အခြေအနေကို မြင်သောအခါ သက်ပြင်းချလိုက်သည်။
“ဟေရွှေ ရှေ့ဟောင်းမြို့တော်စည်းမျဉ်းတွေအရ ကျုပ်က ကျို့ကျိုနယ်မြေရဲ့ ကိစ္စတွေကို ကြားဝင်ဖြေရှင်းခွင့်မရှိဘူ။ တကယ်လို့ ပါဝင်ပတ်သတ်မိတဲ့ မည်သူ့ကိုမဆို ဟေရွှေ ရှေ့ဟောင်းမြို့တော်ကနေ ထုတ်ပယ်လိမ့်မယ်။ ဒါ့ကြောင့် ကျုပ်မကူညီနိုင်ဘူး။ ကျုပ်နဲ့ ညီအကိုမို့ရဲ့ မိတ်ဆွေဆက်ဆံရေးကြောင့် ခင်ဗျားတို့အတွက် သူတို့ကို တကြိမ်လောက်ပဲ တားဆီးပေးနိုင်တာ။ ဒီနေ့ကစပြီး ရွှမ်ထျန်းဂိုဏ်းက ကိုယ့်အားကိုယ်ကိုးရမယ်။ ညီအစ်ကိုမို့…ဒီမှာပဲ လမ်းခွဲကြရအောင်”
လီချန်ဖုန်သည် မလွယ်ကူစွာ ပြောလိုက်သည်။
“ဝှစ်”
ထိုသို့ပြောပြီး သူသည် မို့ယွင်ရှောင်တို့၏ ထိတ်လန့်မှု၊ မလွယ်ကူမှုတို့ကို လျစ်လျူရှုလိုက်သည်။ သူသည် စိတ်ဝိညာဉ်လှေအား မောင်းနှင်ကာ ရွှမ်ထျန်းဂိုဏ်းမှ ထွက်ခွာသွားခဲ့သည်။
“ဒါက…”
လီချန်ဖုန်၏ ထွက်ခွာသွားသည့် ပုံစံကို ကြည့်လျက် သူတို့သည် အလွန်စိုးရိမ်သွားခဲ့ကြသည်။
“ဂိုဏ်းချုပ်…တာရီနတ်ဆိုးဂိုဏ်းက သေချာပေါက် ပြန်လာလိမ့်မယ်။ အခု သူတို့ရဲ့ ဆုတ်ခွာမှုကို အခွင့် ကောင်းယူပြီး ကျွန်တော်တို့ ယာယီပုန်းအောင်းဖို့ နေရာတစ်ခုခုရှာကြမလား” ထိုအချိန်တွင် အကြီးအကဲတစ်ယောက်သည် အကြံပြုပြောဆိုလိုက်သည်။
ထိုသို့ ကြားသည့်အခါ မို့ချန်ခုန်သည် အတွေးနက်သွားခဲ့သည်။
“ဘိုးဘေး…ဘယ်လိုထင်လဲ”
“ဟူး…ဒါက အကြံကောင်းပဲ။ ငါတို့ရဲ့ ခွန်းအားနဲ့ဆိုရင် တာရီနတ်ဆိုးဂိုဏ်းရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ သူတို့ပြန်လာရင် ငါတို့ လုံးဝ ပျက်သုဉ်းသွားရလိမ့်မယ်။ ဂိုဏ်းကို ယာယီ ဖျက်သိမ်းကြစို့။ ငါတို့ အသက်ရှင်နေသ၍ မျှော်လင့်ချက် ရှိတယ်…” အစိမ်းရောင်ဝတ်ဘိုးဘေးသည် သက်ပြင်းချကာ ပြောလိုက်သည်။
ထိုသို့ကြားသည့်အခါ မို့ချန်ခုန်သည် နက်ရှိုင်းစွာသက်ပြင်းချလျက် ခေါင်းညိတ်လိုက်သည်။
“အမိန့်ချက်ချင်းထုတ်ပြန်လိုက်… တာရီနတ်ဆိုးဂိုဏ်းကြောင့် မလိုအပ်ဘဲ မသေဆုံးဖို့ အချိန်တစ်ခုအထိ ပုန်းရှောင်းနေကြမယ်။ သင့်တော်တဲ့ အချိန်တစ်ခု ရောက်လာခဲ့ရင် ရွှမ်ထျန်းဂိုဏ်းကို ပြန်လည်ထူထောင်မယ်”
“ကောင်းပါပြီ”
တပည့်များသည် အမိန့်အား လက်ခံလိုက်သည်။
ချက်ချင်းပင် ထိုအမိန့်သည် တဆင့်ချင်း ပြန့်နှံ့သွားခဲ့သည်…။
ထိုသတင်းကို ကြားသည့်အခါ ရွှမ်ထျန်းဂိုဏ်းတစ်ခုလုံး အံ့ဩတုန်လှုပ်သွားကြသည်။ သူတို့သည် ထွက်ခွာရန် အထုတ်အပိုးပြင်လိုက်သည်။
ထို့နောက် သူတို့၏ အသက်ရှင်မှုအတွက် ထွက်ပြေးလိုက်ကြသည်။
တစ်နာရီပင် မကြာသည့်အချိန်၌ ဂိုဏ်းအတွင်း ဘယ်သူမှ မကျန်တော့ချေ။
…
“ဘိုးဘေး… ရွှမ်ထျန်းဂိုဏ်းက သူတို့ရဲ့ အသက်ရှင်သန်ဖို့အတွက် ဂိုဏ်းကို ဖျက်သိမ်းကား ထွက်ပြေးသွားကြပါတယ်”
မိုင်တစ်သောင်းအကွာ၌ တပည့်တစ်ယောက်သည် လီရွှယ်ရှန်အား သတင်းပေးလိုက်သည်။
ဘယ်လို…သူတို့က ဂိုဏ်းကို ဖျက်သိမ်းလိုက်တာလာား။
ထိုသု့ကြားသည့်အခါ လီရွှယ်ရှန်သည် အံ့ဩသွားခဲ့သည်။
“ဘာဖြစ်တာလဲ။ ရွှမ်ထျန်းဂိုဏ်းကို မူလကောင်းကင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က စောင့်ကြပ်နေတာမဟုတ်လား။ ဘာလို့ ဂိုဏ်းကို ဖျက်သိမိးပြီး ထွက်ပြေးသွားကြတာလဲ”
“ဘိုးဘေး…အဲဒီကျွမ်းကျင်သူက ကျွန်တော်တို့ ထွက်ခွာပြီးနောက် သူလည်း ထွက်ခွာသွားခဲ့ပါတယ်…”
ဘယ်လို…သူထွက်သွားတယ်လား။
လီရွှယ်ရှန်သည် အလွန်ဒေါသထွက်သွားခဲ့သည်။
“ပြန်သွားကြမယ်”
အော်ဟစ်သံနှင့်အတူ သူတို့သည် ရွှမ်ထျန်းဂိုဏ်းဆီသို့ ပြန်လည်ဦးတည်လိုက်ကြသည်။
သို့သော်လည်း ရွှမ်ထျန်းဂိုဏ်းသို့ ရောက်သောအခါ လူတိုင်းသည် ထွက်ခွာသွားပေပြီ။
တချိန်တည်းတွင် သူတို့၏ အရင်းအမြစ်အားလုံးသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
“သောက်ကျိုးနည်း… ငါတော့ လှည့်စားခံလိုက်ရပြီ”
သူသည် အလွန်ဒေါသထွကိသွားခဲ့သည်။
အကယ်၍ ဤသို့ ဖြစ်မည်မှန်းသာ သိလျှင် သူသည် အပြင်၌ တိတ်တဆိတ်စောင့်ဆိုင်းနေပေမည်။
ယခုအချိန်တွင်ရွှမ်ထျန်းဂိုဏ်းသည် လွတ်မြောက်သွားခဲ့သည်။ သူသည် လင်းဝူတကို မည်သို့ရှင်းပြရမည်နည်း။
သူသည် ပို၍တွေးတောလေလေ ပို၍ ထိတ်လန့်လာလေလေပင်။
“ဘိုးဘေး… ရွှမ်ထျန်းဂိုဏ်းက ထွက်ခွာသွားခဲ့ပြီ။ ထျန်းရှင်းဓားဂိုဏ်းကို သူတို့ မတုန့်ပြန်နိုင်မိ ကျွန်တော်တို့ ဝင်ရောက်တိုက်ခိုက်သင့်ပါတယ်။ တကယ်လို့ ထျန်းရှင်းဓားဂိုဏ်းသာ လွတ်သွားခဲ့ရင် ကျုပ်တို့ အဆုံးသတ် မကောင်းလောက်တော့ပါဘူး” အကြီးအကဲတစ်ယောက်သည် နက်ရှိုင်းသော လေသံဖြင့် ပြောလိုက်သည်။
ထိုသို့ ကြားသည့်အခါ လီရွှယ်ရှန်သည် သတိပြန်လည်လာခဲ့သည်။
“အမှန်ပဲ…လူတိုင်း ထျန်းရှင်းဓားဂိုဏ်းကို ဦးတည်မယ်။ သူတို့ကို အလွတ်ပေးလို့မရဘူး” လီရွှယ်ရှန်သည် အော်ဟစ်လိုက်သည်။
ထိုသို့ပြောပြီး သူသည် ထျန်းရှင်းဓားဂိုဏ်းဆီသို့ ဦးတည်လိုက်သည်။
ကံကောင်းစွာဖြင့် ထျန်းရှင်းဓားဂိုဏ်းသည် မည်သည့်သတင်းမှ မရရှိထားချေ။
အဆုံးတွင် သူတို့သည် ခုခံသူများအားရှင်းလင်းပြီး ထျန်းရှင်းဓားဂိုဏ်းအား သိမ်းယူနိုင်ခဲ့သည်။
ထို့နောက် လီရွှယ်ရှန်သည် ရတနာများအားသိမ်းဆည်းကာ တာရီနတ်ဆိုးဂိုဏ်းဆီသို့ ပြန်လာခဲ့ကြသည်။